ဒေါက်တာဓမ္မပိယ (ITBMU) – နိုင်ငံကြီးသားမပီသနိုင်သေးတဲ့ နိုင်ငံကြီးသားများ

October 28, 2014

ဒေါက်တာဓမ္မပိယ (ITBMU)  – နိုင်ငံကြီးသားမပီသနိုင်သေးတဲ့ နိုင်ငံကြီးသားများ

(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၄

လွန်ခဲ့တဲ့ တစ်ပတ်ခန့်က တီဗွီချန်နယ်တစ်ခုဖြစ်တဲ့ MRTV ချန်နယ်မှာ စာတမ်းတိုလေးတစ်ခုကို ဖတ်လိုက်ရတယ်။ ̏နိုင်ငံကြီးသားပီပီ ဘောလုံးပွဲကို လာရောက်အားပေးကြသော ပရိသတ်များသည် ယဉ်ယဉ် ကျေးကျေးဖြင့် လာရောက်အားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်̋ ဆိုတဲ့ စာတမ်းတိုလေးပါ။ ဒီစာတမ်း လေးကတိုပေမဲ့ စဉ်းစားစရာအချက်တွေ များစွာပါဝင်နေတယ်။

̏နိုင်ငံကြီးသားပီပီ̋ ဆိုတဲ့စကားလုံးလေးကို စာရေးသူ စိတ်ဝင်စားမိတယ်။ နိုင်ငံကြီးသားဆိုသူများသည် ယဉ်ကျေးကြသလား။ ယဉ်ကျေးမှုဆိုတာ နိုင်ငံနှင့်ဆိုင်သလား။ သို့မဟုတ် လူမျိုးနှင့်ဆိုင်သလား၊ ဒါမှမဟုတ်ရင် လူနှင့်ဆိုင်သလား၊ မူနှင့်ဆိုင်သလား စဉ်းစားစရာတွေက များမှများ။

မြန်မာနိုင်ငံရဲ့သမိုင်းကို ပြန်လည်သုံးသပ်ကြည့်တဲ့အခါ ယဉ်ကျေးမှုနှင့်ပတ်သက်၍ သမိုင်းခိုင်လုံတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လို့ ကမ္ဘာက အသိအမှတ်ပြု လက်ခံလာခဲ့တဲ့အတွက်ကြောင့် ၀မ်းသာမိတယ်။ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟံလင်း၊ ပုဂံ (အသိအမှတ်ပြုဆဲ) စတဲ့ ရှေ့ဟောင်းမြို့များဟာ သမိုင်းယဉ်ကျေးမှု အမွေနှစ် များနှင့် ပြည့်ဝနေလို့ ယူနက်စကို (UNESCO) (the United Nations Educational, Scientific and Cultural Organization) အဖွဲ့က လွန်ခဲ့တဲ့ သုံးလခန့်က ထိုဒေသများကို ၀ါးလ်ဒ် ဟယ်ရီတေ့ခ်ျ ဆိုက်တ် (World Heritage Site) ကမ္ဘာ့ ရှေးဟောင်းအမွေနှစ်များ တည်ရှိတဲ့နေရာအဖြစ် အသိအမှတ်ပြုခဲ့တယ်။ ဒီလိုအခြေ အနေမျိုးတွေရှိနေတာကြောင့် မြန်မာတို့ရဲ့ သမိုင်းယဉ်ကျေးမှုအမွေနှစ်များသည် သူ့မူ၊ သူ့ဟန်၊ သူ့သဏ္ဍာန်၊ သူ့အရိပ်၊ သူ့ဂုဏ်၊ သူ့အရှိန်များနှင့် တည်ရှိနေတာကြောင့် ဂုဏ်ပြုထိုက်ကြောင်း သမိုင်းက သက်သေထူပြနေ ခြင်းဖြစ်တယ်။

ရှေ့ဟောင်းမြို့များကို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်လို့ ကမ္ဘာက အသိအမှတ် ပြုလာမှုနှင့်ပတ်သက်၍  ယဉ်ကျေးမှုဆိုတာ ဘယ်လိုဟာလဲ၊ သက်မဲ့ရုပ်ဖြစ်ကြွင်းများကိုပင် ယဉ်ကျေးမှုလို့များ ခေါ်လေရော့သလားဟု သံသယစိတ်ဝင်သူများလည်း ရှိကောင်းရှိလာနိုင်ခြင်းပါ။ ဒီလိုအခြေအနေမျိုးတွေ ရှိနေခြင်းကြောင့် ယဉ်ကျေးမှု ဆိုတာဘာလဲ။ ဘယ်လိုပြုမူနေထိုင်မှ ယဉ်ကျေးတယ်လို့ ဆိုနိုင်တာလဲ။ မေးစရာ မေးခွန်းတွေက များလွန်း လှတယ်။

အနောက်တိုင်းသီအိုရီတွေမှာတော့ ယဉ်ကျေးမှုဆိုတဲ့စကားရဲ့ မူလဝေါဟာရကို civilization (စီဗီလိုက် ဇေးရှင်း)လို့ အသုံးပြုထားတာကို တွေ့ရတယ်။ စီဗီလိုက်ဇေးရှင်း (civilization) ကို အဓိပ္ပါယ်ဖွင့်ဆိုရာမှာ  (လူနေမှုဘ၀ တိုးတက်လာခြင်း၊ ယဉ်ကျေးလာခြင်း၊ ယဉ်ကျေးအောင်ဆောင်ရွက်ခြင်း-လို့ အဓိပ္ပါယ်ဖွင့်ဆို ထားတာကိုလည်း တွေ့ရတယ်။

ထိုယဉ်ကျေးမှုဆိုတဲ့စကားကို ပါဠိစကားသုံးနှင့် ဖလယ်၍ သုံးနှုန်းကြတဲ့အခါ ပါဠိစကားမှာ – သဗ္ဘ (ယဉ်ကျေးသိမ်မွေ့သော၊ သို့မဟုတ် သူတော်ကောင်းတို့၏ဥစ္စာ၊ သူတော်ကောင်းတို့၏အမူအရာ) ဆိုတဲ့အသုံး အနှုန်း၊ ၀ိနီတ (ဆုံမအပ်ပြီးသော-သင်ပြအပ်ပြီးသော-ယဉ်ကျေးပြီးသော) ဆိုတဲ့အသုံးအနှုန်း၊ သုသီလ (ကောင်းသော သီလရှိသော) ဆိုတဲ့အသုံးအနှုန်း စသည့် စကားလုံးများနှင့် သုံးနှုန်းထားတာကို တွေ့ရတယ်။

ဤသို့ဆိုလျှင် ယဉ်ကျေးမှုဆိုသောအရာသည် လူသားတို့ရဲ့ ဆန်းကြယ်သော စိတ်နေစိတ်ထား၊ စိတ်ကူးစိတ်သန်းများကြောင့် ဖြစ်ပေါ်လာသော ပန်းချီပန်းပု၊ ရုပ်ထုရုပ်ကြွင်း၊ ဘုရားပုထိုး၊ စေတီ ဂူ ကျောင်း၊  အဆောက်အဦးများကို ယဉ်ကျေးမှုအမွေအနှစ်များဟု မှတ်သားထားကြရမှာဖြစ်တယ်။

ယူနက်စကိုအဖွဲ့က ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်၏ တည်ရာ (World Heritage Site) ဆိုတာ နေရာတစ်ခုဖြစ်တယ်လို့ အဓိပ္ပါယ်ဖွင့်ဆိုထားတယ်။ အဲဒီနေရာဟာ တောတစ်တောဖြစ်ချင်ဖြစ်မယ်။ တောင် တစ်တောင် ဖြစ်ချင်ဖြစ်မယ်။ ရေကန်တစ်ကန် ဖြစ်ချင်ဖြစ်မယ်။ ကျွန်းတစ်ကျွန်း ဖြစ်ချင်ဖြစ်မယ်။ ကန္တာရ တစ်ခု ဖြစ်ချင်ဖြစ်မယ်။ အထိမ်းအမှတ်ကျောက်တိုင်၊ ဂူ၊ ကျောင်းစသော အဆောက်အဦမျိုးလည်း ဖြစ်ချင်ဖြစ်မယ်၊ သို့မဟုတ် မြို့တစ်မြို့လည်း ဖြစ်ချင်ဖြစ်မယ်။ လူသားတို့ရဲ့ စိတ်ကူးစိတ်သန်းကြောင့် ဖြစ်ပေါ်လာသော အံ့ဖွယ်အခြေအနေများကို ယဉ်ကျေးမှုအမွေအနှစ်အနေနှင့် စာရင်းပြုစုထားတာကို တွေ့ရတယ်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်များကို ထိမ်းသိမ်းစောင့်ရှောက်ထားခြင်းဖြင့် ရှေးခေတ်လူသားတို့၏ အံ့မခမ်းစိတ်ဓာတ်၊ ဥပမာ၊ တရုတ်ပြည်က မဟာတံတိုင်းကြီး၊ ရှေးခေတ်လူသားတို့၏ ပေးဆပ်ရဲတဲ့ နှလုံးသား ခံစားချက်၊ ဥပမာ၊ အိန္ဒိယနိုင်ငံက တာ့ဂ်ျမဟာ အုဋ္ဌ်ဂူကြီး၊ ရှေးခေတ်လူသားတို့ရဲ့ ကြည်ညိုလေးစားတဲ့ သဒ္ဓါ စေတနာ၊ ဥပမာ၊ ကမ္ဘောဒီယားနိုင်ငံက အန်ကောဝပ် ဘုရားကျောင်းတော်ကြီး၊ ဒီလိုအံ့ဘွယ် ကမ္ဘာ့ အမွေနှစ်များဟာ  ရှေးခေတ်လူသားတို့ရဲ့ အံ့သြဘနန်းရှိတဲ့ စိတ်ဓာတ်ကို နှောင်းခေတ်လူသားများက အသိ အမှတ်ပြုသည့်အနေအထား၊ ဂုဏ်ပြုသည့်အနေအထားဖြင့် စနစ်တကျ စောင့်ရှောက်ထားခြင်းဖြစ်တယ်။

သို့သော် သက်မဲ့တွေ ဘယ်လောက်ပင် ကြီးကျယ်ခမ်းနားပါစေ၊ ဘယ်လောက်ပင် အံ့သြဘွယ်ရာ တွေနှင့် ပြည့်စုံနေပါစေ ̏တောင်ကြီးဖ၀ါးအောက်̋ ဆိုသလို သက်ရှိလူသားတို့ရဲ့ စိတ်ဓာတ်ခွန်အားများကို မှီပြီး အံ့မခမ်းဖြစ်ရတာမို့ ယဉ်ကျေးမှုစိတ်ဓာတ်ဆိုတာ လူသားတို့ရဲ့နှလုံးသားမှ ပေါက်ဖွားလာတဲ့ အခြေခံအသိ တရား၊ အခြေခံအသိစိတ်ဓာတ်၊ အခြေခံအကျင့်သီလနှင့် ကိုယ်ကျင့်သိက္ခာတို့ကို ကိုယ်စားပြုနေတယ် ဆိုတာကို တွေ့ရှိနိုင်တယ်။ လူသားတို့ရဲ့စိတ်ဓာတ်များ ကောင်းမွန်နေမှသာ၊ ယဉ်ကျေးနေမှသာ၊ မွန်မြတ် နေမှသာ၊ လူသားတို့ရဲ့ ယဉ်ကျေးမှုဆိုတာ ဤကမ္ဘာမှာ ဆက်လက်တည်ရှိနေမှာဖြစ်တယ်။

̏နိုင်ငံကြီးသားပီပီ ယဉ်ကျေးစွာ အားပေးကြပါ̋ လို့ ဘောပွဲမှာ မငြိမ်မသက်ဖြစ်မှာကို စိုးရိမ်နေကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်များဟာ လောက်ဒ်စပီကာမှ မကြာခဏဆိုသလို အော်ပြောနေသံများကို ဘောလုံးပွဲများမှာ တီဗွီမှတဆင့် ကြားနေရတယ်။ UAE နှင့်မြန်မာ ကန်တဲ့ဘောလ်ပွဲမှာ ပရိတ်သတ်တွေက ဘောလ်ပွဲအပြီးမှာ မြန်မာနိုင်လို့ ၀မ်းသာအားရနှင့် ဘောလုံးကွင်းလယ်အထိ ၀င်ရောက်လာခဲ့တဲ့ သာဓကတွေ၊ မြန်မာပြည်မှာ ကျင်းပသွားတဲ့ အရှေ့တောင်အာရှအာကစားပွဲမှာ မြန်မာဘောလုံးအသင်းရှုံးလို့ ခုံတွေရိုက်ချိုး၊ ပို့စတာတွေကို မီးတင်ရှို့ခဲ့တဲ့ လုပ်ရပ်တွေ ရှိခဲ့တာကြောင့် တာဝန်ရှိသူများအတွက် ပူပန်မယ်ဆိုလည်း ပူပန်ချင်စရာဖြစ်တယ်။  သို့သော် ထိုထိုလုပ်ရပ်တွေကို နိုင်ငံကြီးသားတွေကကော မလုပ်ဖူးလား။ သူတို့လည်း လုပ်ခဲ့ဖူးတယ်ဆိုရင် နိုင်ငံကြီးသားဆိုတာ ဘာကိုရည်ညွှန်းပြောဆိုချင်တာလဲ။  စဉ်းစားမိပြန်တယ်။

ယဉ်ကျေးသူဆိုတာ နိုင်ငံနှင့်မသက်ဆိုင်ဘဲ ကိုယ်ပိုင်အသိတရားနှင့်သက်ဆိုင်တယ်လို့ဆိုချင်တယ်။ ဘောလုံးပွဲမှာ မိမိအားပေးတဲ့အသင်းက ရှုံးခဲ့လျှင် ခဲနှင့်ပေါက်ချင်တာ၊ ဖိနပ်နှင့် ပစ်ချင်တာဟာ ဘောလုံးပွဲ ကြည့်သူရဲ့ စိတ်ခံစားမှုများဖြစ်တယ်။ ဒီစိတ်ဖြစ်စဉ်ကို အသိတရားနှင့်ဖြစ်စေ၊ စည်းကမ်းဥပဒေနှင့်ဖြစ်စေ၊ ကိုယ်ကျင့်သိက္ခာနှင့်ဖြစ်စေ ထိန်းသိမ်းကြရမှာဖြစ်တယ်။ ထို့ကြောင့် ဒီနေရာမှာ မိမိကိုယ်ကိုမိမိ ထိန်းသိမ်း စောင့်ရှောက်နိုင်သူကို ယဉ်ကျေးမှုရှိသူ၊ နိုင်ငံကြီးသားပီသသူလို့ ဆိုရမှာဖြစ်တယ်။

ဖြစ်ပေါ်လာတဲ့ စိတ်ဖြစ်စဉ်ကို မထိန်းသိမ်းနိုင်ဘဲ ကျူးကျော်ဝင်ရောက် နှောက်ယှက်လိုတဲ့စိတ်တွေ၊ ဖျက်ဆီးလိုတဲ့စိတ်တွေကြောင့် ထိုင်ခုံတွေကို ရိုက်ချိုးခြင်း၊ ဒေါသစိတ်နှင့် ကွင်းထဲသို့ ခုံများကို ပစ်ပေါက်ခြင်း၊ ကွင်းထဲဆင်းပြီး ဘောလုံးသမားများကို နှောက်ယှက်ခြင်း၊ ဒီလိုရိုင်းပြတဲ့ အပြုအမူများ ရှိနေသူတွေကို နိုင်ငံကြီးသားမပီသသူလို့ ဆိုလိုဟန်ရှိနေခြင်းပါ။ နိုင်ငံကြီးသားပဲဖြစ်ဖြစ်၊ နိုင်ငံလေးသားပဲဖြစ်ဖြစ်၊ ရိုင်းပြတဲ့ အပြုအမူမျိုးကို ပြုနေခဲ့မယ်ဆိုရင် ဒီလူဟာ ယဉ်ကျေးမှု မရှိတဲ့သူလို့ ခေါ်ဆိုရမှာဖြစ်တယ်။ နိုင်ငံကြီးသား ဖြစ်လိုတဲ့ ရွှေမြန်မာများဟာ နိုင်ငံကြီးသားစိတ်ဓာတ်များ ရှိ၊ မရှိ ကိုယ်ပိုင်အသိတရားဖြင့် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်ကြဖို့ပါ။

ယနေ့မြန်မာနိုင်ငံမှာ ယဉ်ကျေးမှုနှင့်ပတ်သက်၍ ပြင်စရာတွေ များစွာရှိနေတယ်။ သုဝဏ္ဏအားကစား ကွင်းသို့ သွားရောက်၍ အားပေးတဲ့အခါမှာ ပေါက်ကွဲဒေါသကြောင့် ရိုင်းပြတဲ့စကားတွေနဲ့ ဆဲရေးတိုင်းထွာခြင်း၊ ရိုင်းပြတဲ့အမူအရာတွေနဲ့ ခုံတွေရိုက်ချိုးခြင်း၊ ကွင်းထဲဆင်းပြီး အားပေးနှောက်ယှက်ခြင်းစတဲ့ ဒီလိုအပြုအမူ မျိုးတွေဟာ ကမ္ဘာ့အမြင်မှာတော့ ရိုင်းပြတယ်လို့မြင်နေခြင်းပါ။ နောက်ပြီး အများပြည်သူများ သွားလာသော နေရာမျိုးတွေ၌ ကွမ်းတံတွေး ထွေးခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းမျိုးတွေဟာ ကမ္ဘာကို ရင်ဘောင်တန်းလိုတဲ့ ရွှေမြန်မာလူမျိုးတို့အတွက် လုပ်သင့်သလား၊ မလုပ်သင့်ဘူးလားဆိုတာကို ဝေခွဲမရနိုင် သေးဘဲ ရှိနေခြင်းဟာ ရွှေမြန်မာတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်းပါ။

ဥပမာ၊ ကွမ်းဝါးထားသော ပါးစပ်ပိုင်ရှင်သည် ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်ကောင်းဖြစ်နေ သော်လည်း ထိုသူရဲ့ ညစ်ပေနေတဲ့ ကွမ်းဝါထားသောပါးစပ်ကြောင့် ထိုသူအပေါ်မှာ လေးစားမှုများ လျှော့နည်း နေတတ်ခြင်းပါ။ ဒါလိုဖြစ်နေခြင်းဟာ  ထိုသူကိုယ်တိုင်က သူရဲ့ ကိုယ်ပိုင် ဒစ်ဂနီတီ (dignity) လို့ ဆိုနိုင်တဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ အချက်ဖြစ်နေခြင်းပါ။ နောက်ပြီး ကွမ်းစားထားခြင်းကြောင့် တည်ကြည် နေတဲ့ သူရဲ့မျက်နှာဟာ ရှိပြီးသား ကြက်သရေများကို ဆုတ်ယုတ်သွားစေတဲ့အချက်များ ပါဝင်နေတာကြောင့် ကမ္ဘာ့အဆင့်အတန်းကို ရင်ဘောင်တန်းလိုတဲ့ မြန်မာလူမျိုးတို့အတွက် လေးလေးနက်နက် စဉ်းစားရမဲ့အချိန် အခါမျိုးသို့ ရောက်ရှိနေခြင်းပါ။

မြန်မာလူမျိုးတို့ရဲ့ အားနည်းချက်ဖြစ်တဲ့ ဓလေ့ထုံးစံ ယဉ်ကျေးမှုများကို ထောက်ပြနိုင်တဲ့ ရုပ်ရှင်တို့လို မီဒီယာများက အားပျော့နေ၍ နိုင်ငံကြီးသားပီသလိုတဲ့ ရွှေမြန်မာတို့အတွက် အပြုခက်၊ အပြင်ခက် ဖြစ်နေ တယ်လို့ ယူဆမိခြင်းပါ။ ပြည်သူ၊ပြည်သားများနှင့် အများဆုံးထိတွေ့နိုင်သော ပြည့်သူ့မီဒိယာများထဲမှာ ရုပ်ရှင်နှင့်ဂီတဟာ ပြည်သူများနှင့်အနီးစပ်ဆုံး ထိတွေ့သော မီဒီယာများဖြစ်တယ်။ သို့သော် ရုပ်ရှင်ဇာတ်ကား အတော်များများဟာ ကလေးငယ်များနှင့် လူငယ်လူရွယ်များအား ယဉ်ကျေးမှု အမွေအနှစ်များကို စနစ်တကျ ဝေငှမပေးနိုင်ကြဘဲ ဒေါသဖြစ်လာရင် ထိုဒေါသစိတ်နှင့် ဟိုကန်ဒီကန်ပြတာတွေ၊ ကိုယ်အမူအရာများ ရိုင်းပြထားတာတွေ၊ ထိုးကြိတ်ပြတာတွေ၊ လူသတ်ပြတာတွေ၊ လူမှုရေးအခက်အခဲရှိလာရင် အရက်သောက်ပြ တာတွေ၊ ဒါမျိုးတွေကိုပဲ မကြာခဏ တွေ့နေရတယ်။ လောဘအစွန်းထွက်လာရင် (စိတ်ဝင်စားမှုများ လွန်လွန်းကျူးကျူးဖြစ်လာရင်) မိန်းမငယ်များအား နှုတ်ဖြင့် မယဉ်ကျေးတဲ့ အပြောအဆိုများကို ပြောဆိုတာ၊ ကိုယ်ဖြင့် ကာယိနြေ္ဒမဲ့အောင်၊ သို့မဟုတ် ကာယိနြေ္ဒကို လွန်ကျုးနှောက်ယှက်တာ၊ ဖျက်ဆီးတာ စတဲ့ အခန်းမျိုးတွေကို ဇောင်းပေးပြီး တင်ပြထားတာတွေကို တွေ့ရတယ်။

မိန်းကလေးများကလည်း ကာယိနြေ္ဒကို မထိန်းသိမ်းလိုကြပဲ ဣနြေ္ဒမဲ့တဲ့ အပြုအမူ၊ အပြောအဆိုတွေကို ပြုမူပြတာ၊ အချိန်မဲ့၊ အခါမဲ့ အခါမျိုးတွေမှာ ညဥ့်ငှက်တွေလို သွားလာ လှုပ်ရှားပြတာ၊ ပြုမှုနေတာမျိုးတွေဟာ မြန်မာ့ယဉ်ကျေးမှုကို ဖေါ်ညွှန်းပြဆိုတဲ့ အနုပညာမျိုးမဟုတ်တော့ပဲ မြန်မာ့ယဉ်ကျေးမှုကို လိုရာဆွဲသုံးထားတဲ့ လူ့အခွင့်ရေးဆိုတဲ့ ခေတ်သစ် ဒဿနသီအိုရီအောက်မှာ အားလုံးနီးနီး ကျရောက်နေတာကို တွေ့ရတယ်။ ဒီလိုပုံနဲ့သာဆိုရင် မြန်မာယဉ်ကျေးမှုသည် မိုးကြီးချုပ်သော်လည်း အချိန်မီ ပြုပြင်နိုင်စရာအကြောင်း မမြင်နိုင်ကြောင်းကို သတိပေးပြောကြားလိုခြင်းပါ။

ဒီလိုအခြေအနေမျိုးတွေ ရှိနေတာကြောင့် ယဉ်ကျေးမှုဆိုတာကို ဗုဒ္ဓဘာသာရှုဒေါင့်ကနေ တင်ပြ ချင်တယ်။ ယဉ်ကျေးမှုရဲ့အစဟာ စိတ်ဓာတ်ဖြစ်တယ်။ စိတ်မယဉ်ကျေးရင် နှုတ်မယဉ်ကျေးနိုင်ဘူး။ ကိုယ်လည်း မယဉ်ကျေးနိုင်ဘူး။ စိတ်လည်းမယဉ်ကျေး၊ နှုတ်လည်းမယဉ်ကျေး၊ ကိုယ်လည်းမယဉ်ကျေးတဲ့ အမူအရာများနှင့် သွားလာနေထိုင်သူကို ယဉ်ကျေးမှုရှိသူလို့ ပြောဖို့ခက်တယ်။

လူငယ်၊ လူရွယ်၊ လူကြီးတွေမှာရှိတဲ့ ကိုယ်ကျင့်သီလနှင့် ကိုယ်ကျင့်သိက္ခာများဟာ ဒီမြေ၊ ဒီရေ၊ ဒီလိုမျိုး၊ ဒီနိုင်ငံနှင့် ဒီဘာသာ၊ ဒီသာသနာကို မြတ်နိုးတတ်တဲ့ စိတ်ဓာတ်များ ပျောက်ဆုံးနေခဲ့မည်ဆိုလျှင် မြန်မာယဉ်ကျေးမှုကို ကိုယ်စားပြုထားတဲ့ ရှေးဟောင်းယဉ်ကျေးမှုများဟာ (ဥပမာ ရှေးဗိဿနိုးမြို့ဟောင်း၊ ပုဂံမြို့ဟောင်းတို့ဟာလည်း) မြန်မာ့ယဉ်ကျေးမှုကို ကိုယ်စားပြုနိုင်တော့မည်မဟုတ်ပါ။ သရေခေတ္တရာမြို့ ဟောင်း၊ ဟံလင်းမြို့ဟောင်းတို့ဟာလည်း မြန့်မာယဉ်ကျေးမှုရဲ့ဂုဏ်ကို ဆက်လက်ဖေါ်ညွှန်းနိုင်တော့မည် မဟုတ်ပါ။

ထို့ကြောင့် နိုင်ငံကြီးသားလည်းပီသအောင်၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးမှုကို ကမ္ဘာ့လူသားများလည်း သိရှိလာအောင် ရွှေနှင့်ကွပ်ထားတဲ့စိန်ဟာ ပိုမိုတင့်တယ်လာသလို မြန်မာ့ယဉ်ကျေးမှုကို ဗုဒ္ဓယဉ်ကျေးမှုများနှင့် ထုံးမွမ်းထားနိုင်ကြမည်ဆိုလျှင် ကမ္ဘာကို ရင်ဘောင်တန်းလိုစိတ်ရှိသော မြန်မာတို့အတွက် မြန်မာ့ယဉ်ကျေးမှု သည် ကမ္ဘာ့အလယ်မှာ တင့်တယ်နေမည်သာဖြစ်တယ်။ ထူးခြားနေမည်သာဖြစ်တယ်။ သဘာဝဖြစ်စဉ်မှာ လူက လူ့ယဉ်ကျေးမှုကို ဖေးမပေးနိုင်သလို၊ လူ့ယဉ်ကျေးမှုအမွေနှစ်များကလည် လူမျိုးရဲ့ဂုဏ်သိက္ခာကို ပြန်လည်၍ မြှင့်တင်ပေးနိုင်ကြောင်းကို ယုံကြည်ထားမိတယ်။ ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဒေါက်တာဓမ္မပီယ

One Response to ဒေါက်တာဓမ္မပိယ (ITBMU) – နိုင်ငံကြီးသားမပီသနိုင်သေးတဲ့ နိုင်ငံကြီးသားများ

  1. Ko Zaw on October 30, 2014 at 10:00 pm

    အလွန်ကောင်းတဲ့စာရိတ္တဆောင်းပါးပါ။ ကျးဇူးတင်ပါတယ်…။ ကောင်းလေစွ…

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)