အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၆)

October 31, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၆)

(မိုးမခ) အောက်တိုဘာ ၃၁၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၂၈)

အအေးဓာတ်က ပိုလာသည်နှင့် ဘူတာအတွင်းရှိ ဘေးဘက်လေးတန် မှန်ဖြင့် ကာထားသော နားနေခန်းသို့ သွားပြီး အိတ်ကိုဖွင့်ကာ ဆွယ်တာကို ထုတ်ဝတ်လိုက်သည်။ အထူးသဖြင့် ဆောင်းတွင်း နှင်းများ ဖွေးဖွေးလှုပ်အောင် ကျလာချိန်ရောက်လျှင် နားနေဖို့ ပြုလုပ်ထားသောအခန်းလေးဖြစ်သည်။

ခဏကြာသောအခါ အမျိုးသမီးကြီးတစ်ဦး ဝင်လာသည်။ စောင်လိုလို ဘာလိုလို နီညိုရောင်အဝတ်ကြီးကို ဟိုလိပ်ဒီလိပ်၊ ဟိုထိုးထည့်ဒီထိုးထည့်ကာ ဝတ်ထားသော ဖတ်ရှင်အသစ်အဆန်းကို မမြင်ဖူး၍လောမသိ၊ ပြုံးစိစိဖြင့် ကြည့်နေသည်။ ပြန်ပြုံးပြလိုက်သည်။ အချို့က စာရေးသူလိုဘုန်းကြီးများ ဝတ်စားထားပုံကို သူများနှင့်မတူအောင် ဖက်ရှင်ထွင်ဝတ်သည်ဟု ထင်ပုံရသည်။

စာရေးသူ ဂျာမနီသို့ ထွက်ခွါလာခါနီးတွင် သူငယ်ချင်း ဦးကိတ္တိသာရနှင့် ခေမာသီဝံကျောင်းတိုက်တွင် ဆုံဖြစ်သည်။ ခေမာသီဝံဆရာတော်နှင့် တွေ့ဖြစ်တော့ ဆရာတော်က “ဥရောပသွားမှာဆိုတော့ သမဏသညာတော့ မပျောက်စေနဲ့”ဟု မှာသည်။ ထိုစကားက ခေါင်းထဲမှ မထွက်။ သို့ဖြစ်၍ စာရေးသူ ဘယ်ပဲသွားသွား၊ လမ်းလျှောက်ထွက်တာကစပြီး ဟိုဘက်အဆောင်ဒီဘက်အဆောင် ကူးတာအဆုံး များသောအားဖြင့် သင်္ကန်းရုံပြီးသာ သွားဖြစ်သည်။

တစ်ခါတစ်ရံ သင်္ကန်းကြီးရုံပြီး လူကြားထဲသွားရတာ ပြူးတိပြူးကြောင် အကြည့်များကြောင့် အနည်းငယ်တော့ အနေခက်ဖူးသည်။ မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအသွင်ကိုတော့ တတ်နိုင်သမျှ ထိန်းသိမ်းထားဖြစ်သည်။

(၂၉)

ဘူတာထဲတွင် ခရီးသည်က တစ်ဦးနှစ်ဦးမျှသာ ရှိသည်။ ဒေသခံများသည် အချိန်အတိအကျ သိသဖြင့် ရထားထွက်ခါနီးမှသာ ရောက်လာလေ့ရှိသည်။ အပျင်းလည်းပြေ ဗဟုသုတလည်း ရအောင် အမျိုးသမီးကြီးနှင့်စကားပြောဦးမှပဲဟု တွေးကာ “ဟဲလို”ဟု နှုတ်ဆက်လိုက်သည်။ ဖြစ်ချင်တော့ သူက အင်္ဂလိပ်စကား သိပ်မတတ်။ သို့ပေမဲ့ ကိုယ့်ခရီးစဉ်ကို ပြောပြဖြစ်သည်။ ယခုလာမည့်ရထားဖြင့် အောလ်ဘော့ကို သွားမည့်အကြောင်း လက်မှတ်ပြပြီး ပြောဖြစ်သည်။

ထိုအခါကျမှ အမျိုးသမီးကြီးက သူ၏ စမတ်ဖုန်းလေးကို ထုတ်ပြီး အင်တာနက်မှတစ်ဆင့် ရထားခရီးစဉ်များကို ကြည့်နေသည်။ ရထားခရီးစဉ်များနှင့်ထွက်မည့်အချိန်၊ ဆိုက်မည့်အချိန်များကို ဘူတာအလိုက်၊ မိနစ်ချင်းအလိုက် အသေးစိတ် အင်တာနက်တွင် တိတိကျကျ သိနိုင်လေသည်။ နိပ်ပေစွ။ ပြီးမှ အမျိုးသမီးကြီးက ပထမရထားမှာ အောလ်ဘော့သို့ တိုက်ရိုက်မရောက်ကြောင်း၊ ၁၅ မိနစ်လောက် ပိုစောင့်ပြီး ဒုတိယရထားကို စီးသင့်ကြောင်း အကြံပြုသည်။ သို့ဖြင့် စာဖတ်ရင်း ရထားစောင့်နေလိုက်သည်။

မှတ်မှတ်ရရ ဖတ်နေဖြစ်သည့်စာအုပ်က ဆရာမဂျူး၏ “ဆုံနေရက်နဲ့ လွမ်းလေခြင်း”။ အရင်က သရုပ်မှန်ကဗျာ၊ သရုပ်မှန်ဝတ္ထုများကို သဘောလည်း မကျ၊ ဗဟုသုတအနေဖြင့်သိရအောင် ဖတ်ကြည့်တော့လည်း အရသာမတွေ့၊ ဆရာမနှင့်လူချင်းသိချိန်ကျမှ ဖတ်ချင်စိတ်ပေါက်လာသဖြင့် ဖတ်ကြည့်ခြင်း ဖြစ်သည်။ ဖတ်ကြည့်သည့်အခါ ဆရာမ၏ စာအရေးအသားများက စိတ်ဝင်စားစရာကောင်းသည်။ နုသည်၊ ညက်သည်၊ ဝါကျများက ပြေပြစ်သည်။ သို့ရာတွင် ဖြစ်စဉ်များကို အတင်းမဖြစ်ဖြစ်အောင် ကြိုးစားတတ်သည့် မြန်မာဝတ္ထုများ၏ဟန်ကတော့ ပြောင်းလဲသွားသည်ဟု မထင်။

ကိုယ်စီးမည့်ရထား မရောက်သေးသော်လည်း ရထားတွေကတော့ တစ်စီးပြီးတစ်စီး ဖြတ်သန်းသွားလာနေကြသည်။ ဒိန်းမတ်ရထားများက ဂျာမနီက ရထားများကဲ့သို့ အတွဲတွေတော့ သိပ်မများလှ။ သို့ရာတွင် ပိုမိုသစ်လွင်သည်၊ သန့်ရှင်းသည်ဟု ထင်သည်။ ဘူတာအတွင်းမှာနေမှ သတိထားမိသည်။ လျှပ်စစ်ရထားများဖြစ်သဖြင့် ရထားသံလမ်းပေါ်မှ လျှပ်စစ်သံကြိုးများက တဖျစ်ဖျစ် မြည်နေသည်။ ဓာတ်ဆီမလိုဘဲ နိုင်ငံအနှံ့၊ ဥရောပအနှံ့ လျှပ်စစ်သံကြိုးများဖြင့် ပြေးဆွဲနေသောရထားများကိုကြည့်ပြီး သဘောတွေကျနေမိသည်။

(၃ဝ)

LCD တွင် ဖော်ပြထားသည့်အချိန် ရောက်သည်နှင့် အချိန်တိကျစွာ ရထားရောက်လာသည်။ ရထားပေါ်တက်ပြီး ခုံအလွတ်တစ်ခုရှာကာ ထိုင်လိုက်သည်။ အသက်အရွယ်အတော်အိုးမင်းနေသည့် အသက် ၈ဝ ခန့် အဘိုးအဘွားစုံတွဲရှေ့တွင် ထိုင်လိုက်သည်။ ဒိန်းမတ်ရထားများရှိ ထိုင်ခုံများက ဂျာမနီရထားများထက် ပိုပြီး သက်တောင့်သက်သာရှိသည်။ ရထားပေါ်တွင် ဘယ်မြို့ကို ဘယ်နှနာရီနှင့် ဘယ်နှမိနစ်တွင် ရောက်မည် … စသဖြင့် ဆိုက်ရောက်မည့်ဘူတာနှင့် ရောက်မည့်အချိန်ကို ရေးထားသော စာတန်းလေးများက ပြေးနေသည်။

ထိုစာတန်းလေးများကို ကြည့်ပြီး အောလ်ဘော့မြို့ ဘူတာတွင် လာကြိုမည်ဆိုသော ဒကာကိုစိုးစိုးမောင်ထံ လှမ်းဖုန်းဆက်သည်။ ဘာမှ မပူဖို့၊ ဘူတာမှာ အသင့်လာကြိုမည်ဖြစ်ကြောင်း ပြောသည်။ အိပ်ရေးပျက်ထားသဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ “ဖောက်”ခနဲအသံနှင့်အတူ ဗူးနှင့် ထိုင်ခုံရှေ့က စားပွဲထိသံကြားလိုက်မှ မျက်လုံးဖွင့်ကြည့်ဖြစ်သည်။ အဘိုးကြီးနှင့်အဘွားကြီး ဘီယာဗူးဖွင့်သောက်နေခြင်းပေတည်း။

(၃၁)

နေ့လယ် ၂ နာရီခန့်တွင် အောလ်ဘော့မြို့သို့ ရောက်သည်။ ကိုစိုးစိုးမောင်၊ သမီးငယ်နှင့် ကိုဇော်တို့ လာကြိုသည်ကို တွေ့ရသည်။ ဘူတာရောက်ရောက်ချင်း အပေါ့သွားချင်သဖြင့် အိမ်သာရှာသည်။ အိမ်သာက ဒိန်းမတ်ငွေ (ခရိုနာ)ထည့်မှ ပွင့်မည့်အိမ်သာဖြစ်သဖြင့် အကြွေလဲပြီးမှသာ တက်ခဲ့ရသည်။ ပြီးဒကာကိုစိုးမောင်၏ကားလေးဆီ သွားခဲ့သည်။ သူ့ကား ရှေ့ခန်းထိုင်ခုံကို စောင်တစ်ထည်ပါ ခင်းထားသည်။ ဘာသာမတူသော်လည်း ယဉ်ကျေးပျူငှါစွာ ကြိုဆိုခဲ့သော အစ္စလာမ်ဘာသာဝင် ဒကာကိုစိုးမောင်တို့အား ကျေးဇူးတင်ရသည်။

ကားပါ့ကင်းမှ ကားကလေးက ငြိမ့်ခနဲ ထွက်သွားသည်။ စိတ်ထဲမှ “ကြည့်စမ်းကွာ … အကဲခတ်စမ်းကွာ … ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံကြီး”ဟု ပြောနေမိသည်။

“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”

“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”

“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”

“ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံ”။

ပဲ့တင်ထပ်နေသည်။ အားကျပါဘိကွယ်။ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံတဲ့။ ဂုဏ်ရှိလိုက်ပါဘိ၊ တို့လည်း တို့နိုင်ငံကို ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံလို့ ကြွေးကြော်ချင်လိုက်တာ။

ခေါင်းထဲမှာ အတွေးပေါင်းစုံက တရစပ် ဝင်လာနေသည်။ စာတွေထဲမှာ မြန်မာဆိုတာ ဘာ၊ မြန်မာလူမျိုးဆိုတာ ဘယ်လို စသဖြင့် ဂုဏ်တင်ရေးနေ ရေးနေ၊ ပါးစပ်ကနေ ဘယ်လို အမျိုးမြတ်တာတွေ ဘာတွေ ညာတွေ အော်နေအော်နေ … တကယ်ဆုံးဖြတ်တာက လုပ်ရပ်တွေကိုပါ။ လုပ်ရပ်များ၊ ထိုလုပ်ရပ်များမှ ဖြစ်ပေါ်လာသော အကျိုးတရားများက အကောင်းဘက်မှာ ရှိမနေလျှင် ကြွေးကြော်သံဟူသည် ရှက်စရာတစ်မျိုးသာ ဖြစ်နေပါလိမ့်မည်။

ရာဇဝတ်မှုများ၊ အဓမ္မမှုများ၊ အနိုင်ကျင့်မှုများ၊ အဂတိလိုက်စားမှုများ လျော့နည်းသထက် လျော့နည်းလာမည်၊ တရားဥပဒေစိုးမိုးမှုများ အားကောင်းသထက် အားကောင်းလာမည်၊ ရာဇဝတ်မှုများ နည်းပါးပြီး တိကျခိုင်မာသော တရားဥပဒေအောက်မှာ ရှိနေပြီဆိုလျှင် ကြွေးကြော်နေစရာပင် လိုမည်မဟုတ်၊ အလိုအလျောက် မြန်မာကို ချီးကျူးလာပေလိမ့်မည်။ လက်တွေ့ဘဝများ မငြိမ်းချမ်းဘဲ မည်မျှပင် ကြွေးကြော်နေပါစေ … မည်သူမျှ အထင်ကြီးလေးစားလိမ့်မည် မဟုတ်ပါ။ ကြွေးကြော်နေခြင်းများကို လျှော့ပြီး လက်တွေ့လုပ်ပြကြဖို့ လိုအပ်ပါသည်။

(၃၂)

ဒိန်းမတ်နိုင်ငံသည် လူဦးရေအားဖြင့် ၅ သန်းကျော်မျှသာ ရှိသည်။ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းတွင် Global Peace Index ၏ စစ်တမ်းအရ နံပါတ် ၁ စာရင်းဝင်သည်။ ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများ၊ စစ်ပွဲများ စသည်များ နည်းပါးမှု၊ များပြားမှုအပေါ်အခြေခံ၍ စစ်တမ်းကောက်ယူထားခြင်း ဖြစ်သည်။ စကန်ဒီနေဗီးယားတိုင်းပြည်များအနက် ဒိန်းမတ်က နံပါတ် ၁ စာရင်းဝင်သလို နော်ဝေက နံပါတ် ၂ နှင့် ဆွီဒင်က နံပါတ် ၅ စာရင်းဝင်သည်။ ကမ္ဘာ့အငြိမ်းချမ်းဆုံးနိုင်ငံများ ထိပ်ဆုံး ၁ဝ နိုင်ငံတွင် အာရှမှ စင်္ကာပူ (နံပါတ် ၃) နှင့် ဂျပန် (နံပါတ် ၁ဝ) သာ ပါဝင်သည်။ အစဉ်အားဖြင့် ဒိန်းမတ်၊ နော်ဝေ၊ စင်္ကာပူ၊ စလိုဗေနီးယား၊ ဆွီဒင်၊ အိုက်စလန်၊ ဘယ်ဂျီယံ၊ ချက်နှင့်ဂျပန်နိုင်ငံတို့ ဖြစ်သည်။

“တို့မြန်မာ ဒီလို အငြိမ်းချမ်းဆုံးနိုင်ငံများစာရင်းထဲ ဘယ်တော့များ ဝင်ရောက်နိုင်ပါ့မလဲ”။ မေးခွန်းလေးကို ကိုယ့်ကိုယ်ကို မေးပြီး ဝမ်းနည်းမိပါသည်။ အမေရိကလို ရုပ်ဝတ္ထုများ အလျှံပယ် ကြွယ်ဝဖို့ ဆုမတောင်းပါ။ တရားဥပဒေစိုးမိုးပြီး အေးအတူ ပူအမျှ ဝါဒဖြူစင်တဲ့မြေဖြစ်ဖို့သာ ဆုတောင်းပါသည်။ တရားဥပဒေမစိုးမိုးဘဲ၊ ရာဇဝတ်မှုများ လျှော့နည်းမလာဘဲ၊ အကြမ်းဖက်မှုများ မပပျောက်ဘဲ “ဗုဒ္ဓဘာသာထွန်းကားတဲ့ တို့တိုင်းပြည်”လို့ မကြွေးကြော်ရဲပါ။ နေရင်းထိုင်ရင်း ငြိမ်းချမ်းမှုကိုသာ အားပေးသော ဗုဒ္ဓဝါဒပါ နာမည်ပျက်နေမှာ စိုးပါသည်။

“ဗုဒ္ဓဘာသာဝင်များပီပီ ငါတို့တွေ တိုင်းပြည်ကို ငြိမ်းချမ်းစေရအောင်၊ ဗုဒ္ဓဘာသာဖြစ်လို့ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေကြသူများပီပီ ငါတို့တွေ ဗုဒ္ဓဘာသာဂုဏ်တက်အောင် လုပ်ကြရအောင်လေ” … ရင်ထဲမှာ တိုးတိုးလေး တိုက်တွန်းနေမိသည်။ ရင်ထဲမှာ ပဲ့တင်ထပ်လောက်အောင် အော်နေပေမယ့် အသံတော့ ထွက်မလာခဲ့ပါ။

ဆက်လက်ဖော်ပြပါမည် …

အရှင်ကုသလသာမိ (အတည်မဲ့)

www.facebook.com/ashinkusalasami


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်