ဖိုးထက် – မတည့်လို့ အကုန်မသတ်ပစ်နဲ့

November 2, 2014

ဖိုးထက် – မတည့်လို့ အကုန်မသတ်ပစ်နဲ့
(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၄

စာအုပ်အဟောင်း အရောင်းပြပွဲတခုမှ ဆရာကြီးတင်မိုး၏ “ထီးကလေးနဲ့ မနီ” ကလေးကဗျာစာအုပ်လေး တအုပ် ကျွန်တော် ၀ယ်လို့ ရခဲ့သည်။ စာအုပ်လေးက ပါးပါးလေး။ ဒုတိယအကြိမ်ထုတ် ဖြစ်သည်။ ၁၉၈၉ ဒီဇင်ဘာလထုတ်။ မျက်နှာဖုံးပန်းချီနှင့် အတွင်း သရုပ်ဖော်ပုံလေးတွေက ဆရာကြီးပေါ်ဦးသက်က ရေးဆွဲပေးထားခြင်း ဖြစ်သည်။ တကယ့်ချစ်ခင်မြတ်နိုးဖွယ်ရာ စာအုပ်အဟောင်းလေး တအုပ်။

“၀ါဆို ၀ါခေါင် ရေတွေကြီးလို့၊ သပြေကြီးမှည့်ကောက်စို့ကွယ်” အစချီသည့် ဆရာကြီးမင်းသုဝဏ် ကလေးကဗျာလေးကို အညာသား ကျွန်တော်တို့က မိုးခေါင်ရေရှားအရပ်မှ စာသင်ခန်းထဲမှာ အားရပါးရအော်ဟစ်ပြီး ကဗျာရွတ်ခဲ့ကြသည်။ သပြေသီး ညိုညို မည်းမည်း မှည့်မှည့်ကြီး မျက်လုံးထဲမှာ မြင်ယောင်ပြီး လှေစီး ကမြင်းကြရသလို ခံစားခဲ့ရသည်။ အခုလည်း ဆရာကြီး တင်မိုးကဗျာစာအုပ်ကို ပြန်ဖတ် ရင်း “သဘောကောင်းတဲ့ ကိုဝလုံး” ကဗျာလေးကို သူငယ်တန်းနှစ်မှာ မြန်မာစာဆရာမက သင်ပေးဖူးတာကို သတိရလာသည်။ တကယ့် အော်ကြီး ဟစ်ကျယ်။ တဦးနှင့်တဦး အသံအင်အား၊ အသံပါဝါ ပြိုင်ရင်း လက်တွေကလည်း ၀လုံးတွေ ၀ိုင်းသလို။ မျက်နှာတွေကလည်း ကဗျာထဲက ကိုဝလုံးလို ပြုံးချိုချို နေခဲ့ကြသည်။ ကဗျာလေးကို ခံစားကြည့်ပါအုံး။

သဘောကောင်းတဲ့ ကိုဝလုံး
=====
လာပါအုံး လာပါအုံး
အဆွေ ကိုဝလုံး
ကိုဝလုံးလေ ကတုံးတို
မျက်နှာ ပြုံးချိုချို
ပြုံးချိုချိုမို့ လာပါအုံး
အဆွေ ကိုဝလုံး။

ဟိုသင်ပုန်းက သူ့ကိုခေါ်
သည်သင်ပုန်းက သူ့ကိုခေါ်
ကလေးတိုင်းရဲ့ အဖော်
ခေါ်လေသမျှ ပျော်သဗျ
သဘောကောင်းတဲ့ ‘၀’
ကိုဝလုံးလေး သူ့ဖေဖေ
ကိုဝလုံးလေး သူမေမေ
သိကြရဲ့လားဟေ
မသိလေက မှတ်ထားကြ
ဖေဖေဖိုးရွှေလ
မေမေ မိုးပြာလှ။

ဒီကဗျာလေးကို စာသင်ခန်းထဲ ဆရာမက သင်ပေးရင်း မင်းတို့ဝလုံးကြီးတွေမလှရင် ပြုံးနေသလား၊ မဲ့နေသလား။ မင်းတို့ ကိုဝလုံးကို ပြုံးစေချင်သလား၊ မဲ့စေချင်သလားဟု မေးရင် ကျွန်တော်တို့က ကိုဝလုံးလေး အမြဲ ပြုံးချိုချို ဖြစ်နေအောင် ကြိုးစားကြသည်။ လသာညအချိန် အိမ်ရှေ့ကွပ်ပစ်မှာ အမေကြီးကို ဒီကဗျာရွတ်ပြရင်း “မေကြီး ဖေဖေ ဖိုးရွှေလက သေးသေးလေး မေမေ မိုးပြာလှက အကြီးကြီးဘဲနော်” လို့ ကျွန်တော် အထွန့်တက်တော့ “အေးလေ မင်းအမေက မင်းအဖေထက် သာတယ်” ဟု သူ့သမီးကို ချစ်သလောက် သူ့သမက်ကို အမြင် ကပ်ဟန်တူသည့် မေကြီးအဖြေကို အခုထိ ကျွန်တော်မှတ်မိသည်။

စိတ်ကြည်နူးချမ်းမြေ့စရာ ကလေးကဗျာလေးတွေကိုဖတ်ရင်း စိတ်ညစ်ညူးဖွယ်အကြောင်းချင်းရာတခုကို ကျွန်တော်သတိရလာသည်။ ဆရာကြီးတင်မိုးတို့၏ ကဗျာတွေကို ဖြုတ်၊ ထုတ်၊ သတ်လုပ်ခဲ့ကြသည့်ကိစ္စ။ မိမိတို့နဲ့ ဆန့်ကျင်ဘက်ရောက်သွားလျှင် (၀ါ) မိမိတို့နှင့် မတည့်လျှင် (၀ါ) မိမိတို့နှင့် သဘောထားခြင်း မတိုက်ဆိုင်လျှင် ထိုသူ၏ အကြောင်းခြင်းရာမှန်သမျှကို သတ်ပြစ်ခဲ့ကြသည်။ အလွန်တရာမှ မလျော်ကန် မသင့်တော်သည့် အဆိုပါ ယဉ်ကျေးမှုကြီးက ကျွန်တော်တို့ဆီမှာ သက်ဦးဆံပိုင်ဘုရင်စနစ်က ဆင်းသက်လာဟန်တူသည်။ ဘုရင် သဘောတော် မကျလျှင် ကာယကံ ရှင်ကိုသာမကဘဲ သူ၏ ဆွေမျိုး မိဘ၊ ဆွေခုနှစ်ဆက်၊ မျိုး ခုနှစ်ဆက် သတ်ဖို့ ကြိုးစားခဲ့ကြသည်ဘဲ။ ကြက်တူရွေးကတော်တော် မယ်ပေါ်ကကဲကဲဆိုသလို ဘုရင်၊ အာဏာပိုင်၏ ကပ်မြှောင်များက ကာယကံရှင်အပေါ်မှာ ကျူးလွန်ခဲ့ကြဟန် တူသည်။ အသံမကြားချင်။ သူ့အကြောင်း ငါ့အရှေ့ လာမပြောနဲ့။ သူ့ရဲ့ ငယ်ကျိုးငယ်နာကိုသာ နားထောင်လိုသည်။ စတဲ့ အလွန်အောက် တန်းကျသော ယဉ်ကျေးမှုကြီးလို့ ကျွန်တော် ဆိုချင်သည်။

စစ်အစိုးရခေတ်မှာ ဆရာကြီး တင်မိုးတို့လို ပညာရှင်တွေ ဘယ်နှစ်ယောက်တောင် ကာရိုက်တာ လုပ်ကြံခံခဲ့ကြသလဲ ဆိုတာ ရည်တွက်ဖို့ပင် မလွယ်ကူနိုင်။ အုပ်ချုပ်သူအစိုးရတခုတည်းသာ အဲဒီလို ကိုယ်နဲ့ မတည့်တာနဲ့ အရာရာဆန့်ကျင်ခဲ့ကြသလား။ ကျွန်တော်တို့ သာမန် မြန်မာပြည်သူတွေကြားထဲမှာလည်း ရှိနေတတ်တာ ကျွန်တော် သတိထားမိသည်။ ကိုယ်နှင့် မတည့်တာနှင့်၊ ကြည့်မရဖြစ်တာနှင့် တပြိုင် နက် သူနဲ့ပတ်သက်တာ မကြားလို။ မမြင်လို။ မသိလို။ မျက်နှာချင်းဆိုင်တွေ့လို့သော်မှ အပြုံးတချက် မပြုံးနိုင်။ မခေါ်နိုင် မပြောနိုင် ဖြစ်ရခြင်းကို ငါတို့က ပွင့်ပွင့်လင်းလင်းဘဲ။ ဒဲ့ဘဲလို့ ဂုဏ်ယူကြမလား။ အပြုံးတချက်နှင့် ဘယ်လိုလဲ နေကောင်းလားဆိုသည့် စကားလေးတွေ ကိုတောင်မှ စိတ်အရှင်းခံနဲ့ မပြောနိုင်ကြတာ ကျွန်တော်ကြုံဖူးသည်။

ဥရောပမှာ၊ အနောက်နိုင်ငံယဉ်ကျေးမှုမှာ ဘယ်လိုရှိတယ်ဆိုတာ ဘာပညာရှင်မှ မဟုတ်သည့်ကျွန်တော်က မှတ်ချက် ရဲရဲကြီး မချလို။ သို့သော် အနောက်တိုင်း ရုပ်ရှင်၊ ဗွီဒီယိုကားတွေကို အကြည့်များသူပီပီ သတိထားမိသော အရာတခုရှိသည်။ လင်နဲ့မယား စိတ်သဘော ထားခြင်း မတိုက်ဆိုင်လို့ ကွဲကြ၊ ကွာကြ၊ ခွာကြ၊ ပြဲကြ ဖြစ်ကြပြီး နောက်အိမ်ထောင် အသီးသီးပြုကြအပြီးမှာပင် တယောက်နဲ့ တယောက် မခေါ် မပြောနိုင် မဖြစ်။ မိမိတို့က မွေးဖွားခဲ့သော ကလေးတွေကိုလည်း မင်းအဖေက၊ မင်းအမေက၊ သူတို့ဆွေမျိုးတွေက ဘယ်လို၊ ဘယ်ညာလုပ်နေတာ ကျွန်တော် မတွေ့ဘူး။ အချင်းချင်းတွေ့ရင်သော်မှ “Hi..How are you?” လောက်တော့ လုပ်ကြသည်။  ရုပ်ရှင်လေး တကားနှစ်ကားကြည့်ပြီး အဟုတ်ကြီး ထင်နေတယ်လို့ ထင်ချင်လဲ ထင်ပါ။  ၀ါဒဖြန့်နေတာ ကြည့်ပြီး တကယ်ကြီးမှတ်နေတယ်လို့ မြင်ချင် လည်း မြင်ပါ။ သို့သော် မြန်မာဇာတ်လမ်းတွေထဲမှာ လင်နဲ့ မယားရန်ဖြစ်လို့ ကွဲကွာကြပြီဆိုလျှင် တယောက်နဲ့ တယောက် ရန်သူကြီးလုံးလုံး ဖြစ်သွားကြသလိုမျိုး ဒါရိုက်တာတွေက ရိုက်ကူးပြနေကြတာ မြင်နေရသည်။ စာရေးဆရာကြီးများက ရေးပြကြသည်။ အပြင်လောကမှာ တကယ်ရှိနေသည့် မြန်မာတို့၏ သဘာဝတခု ဖြစ်ဟန်တူသည်။ ကောင်းသည့် အလေ့အကျင့်လို့ ကျွန်တော် မထင်။

ကျွန်တော်တို့ဆီမှာက လင်နဲ့ မယားကွာရှင်းကြလျှင် တသက်တာ ဘယ်လိုမှ တွေ့လို့မဖြစ်တော့။ မျက်နှာချင်းဆိုင်လို့ မဖြစ်တော့။ အလုပ် ကိစ္စ၊ သားရေး ၊ သမီးရေး ကိစ္စရှိလို့ ဖုန်းဆက်ကြလျှင်တောင်မှ အတော် အရှက်နည်းတဲ့သူလို့ ထင်မြင်တတ်ကြသေးသည်။ ပြီးတော့ လူမှုဆက်ဆံရေးမှာ။ ကိုယ်နဲ့ စိတ်သဘောမတိုက်ဆိုင်တာနှင့် သက်ဆိုင်ရာလူကို လမ်းတွေ့ရင်တောင်မှ တချက် ပြုံးမပြနိုင်ကြ။ မိမိ အပေါ်မှာ တိုက်ရိုက်ကျကျ မဟုတ်တာ၊ မကောင်းတာ လုပ်ထားခဲ့တာ မဟုတ်လျှင်သော်မှ ဒီလူ မကောင်းဘူးဆိုသည့် ကြားဘူးနားဝစကားနှင့် “အဆင်ပြေတယ်မို့လား” စကားလေးကိုတောင် မပြောနိုင်ကြ။ တ၀ိုင်းတည်း အတူထိုင်ပြီး စားကြသောက်ကြတာလဲ မဟုတ်။ စီးပွားရေး အတူလုပ်ကြမှာလဲမဟုတ်။ ဒီတခေါက်တွေ့လို့ နောင် မသေခင် တွေ့ချင်မှတွေ့ကြရမည့်ကိစ္စမှာ အလာပ၊ ဿလာပ စကားတခွန်း၊ နှစ်ခွန်း သော်မှ မပြောနိုင်ကြသည့် မြန်မာလူမျိုးတွေ အစိုးရအဖွဲ့အစည်း အာဏာလက်ကိုင်ရှိလာသောအခါ အလွန်အကျည်းတန်သည့်ကိစ္စတွေ ဖြစ်လာသည်။

ကဗျာတွေ၊ စာတွေ၊ သီချင်းတွေက အပြစ်ကင်းပါသည်။ အထူးသဖြင့် ကလေးကဗျာ။ ကလေးစာပေများ။ ဒါကိုသော်မှ တင်မိုး (ကန်တော့ပါ ဆရာ) မကြိုက်တာနှင့် တင်မိုးစာတွေ ဘာတခုမှ မမြင်ချင်။ ကောင်းတာ မကောင်းတာ။ တန်ဖိုး ရှိတာ ၊ မရှိတာ မလိုချင်။ မသိချင်ဘူး။ သူနဲ့ ပါတ်သက်တာ ဘာမှ မပါစေနှင့်ဆိုသည့် စိတ်အပြင်အဆင်တွေ။ မာမာအေး (ကန်တော့ပါ အမေ) မတည့်တာနှင့် သူ့သီချင်းတွေ အကုန် ဖြုတ်ချဆိုသည့် စိတ်အဆင်အပြင်တွေ။ အလွန်ရုပ်ဆိုးပါသည်။ မဖြစ်သင့် မဖြစ်ထိုက်သောကိစ္စများ။

ဆရာကြီး တင်မိုး၏ “ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လျှင်” ကဗျာလေးကို ကြည့်ပါအုံး။

ဗိုလ်ချုပ်အောင်ဆန်းကို ချစ်လျှင်
======
ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ပါလျှင်
သူ့လို ကိုယ်ကျိုးစွန့်ဖို့ပင်
ငွေကို မခင်၊ ဂုဏ်မမက်
အာဏာအဆိပ် ထိပ်မတက်။
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူ့လို ရဲသွေး မွေးဖို့ပင်
ရန်သူဆိုလျှင် မကြောက်တမ်း
မြန်မာ့သတ္တိ စမ်းချင်စမ်း။
ဗိုလ်ချုပ်အောင်ဆန်း ချစ်ပါလျှင်
သူ့လို တာဝန်သိဖို့ပင်
မိခင်တိုင်းပြည် လွတ်မြောက်ကြောင်း
ထမ်းဆောင်ခဲ့တဲ့ သူရဲကောင်း။

အထက်ပါ ကဗျာလေးကို စာသင်ခန်းထဲမှာ ကလေးလေးတွေကို ဆရာ၊ ဆရာမ များက သေသေချာချာ ရှင်းလင်း သင်ကြားပေးနိုင်လျှင် နောက်ဆက်တွဲ အကျိုးဆက်တွေ ဘယ်လောက်တောင် ရှိနိုင်သလဲဆိုတာ အရှင်းကြီးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မသိသော်လည်း အရေးမကြီးပါ။ ဗိုလ်ချုပ် ဇာတိ မသိသော်လည်း ဘာမှ မဖြစ်ပါ။ ဗိုလ်ချုပ် အတ္ထုပ္ပတိ စာအုပ်တွေ ရှာ မဖတ်သော်လည်း ဒီကဗျာလေးကို ရင်ထဲ နှလုံးသားထဲ စွဲနေအောင် သင်ပေးလိုက်လျှင် ကိစ္စပြီးသလောက် ဖြစ်ပေသည်။

သို့သော် ခိုးချင်တိုင်းခိုး၊ ၀ှက်ချင်တိုင်း ၀ှက် ၊ အာဏာ အဆိပ် တက်ချင်တိုင်း တက်နေသည့် အစိုးရအုပ်ချုပ်သူတွေက ဒီလိုကဗျာမျိုးကို စာသင်ခန်းထဲမှာ၊ စာမျက်နှာတွေပေါ်မှာ မမြင်ချင်ဘူးဆိုသည့် စိတ်ထားမျိုး ရှိနိုင်ပါသည်။ သဘာဝ အလွန်ကျသည့် လူ့ စိတ်သဘာဝ ဖြစ်သည်။ စာသင်ခန်းတွေထဲမှာ ဗိုလ်ချုပ်အောင်ဆန်းကို သတ်ပြစ်ထားနိုင်သည်။ အကြိမ်ကြိမ် လုပ်ကြံနိုင်သည်။ ဒီလို ကဗျာမျိုးလေးကို အာဏာရှင်တွေ မမြင်ချင်၊ မကြားချင်တာ အပြစ်ပြောလို့မရဘူးဟု ကျွန်တော် ထင်သည်။ သဘာဝကိုး။ မဖြစ်သင့်ပေမယ့် လုပ်ကြသော်လည်း ထူးဆန်းသည့် ကိစ္စ မဟုတ်။ “ကမ်းသာယာသို့” ကဗျာမျိုးလေးတွေကျတော့ စာမျက်နှာတွေပေါ်မှ ဖျောက်ပြစ်ကြတာ သင့်တော်၏။ မသင့်တော်၏ စဉ်းစားကြဖို့ ကောင်းပြီ။

ဆရာကြီး တင်မိုး၏ “ကမ်းသာယာသို့” ကဗျာလေးကို ဖတ်ကြည့်ပါအုံး။

ကမ်းသာယာသို့
=====
သပြေကသီး ရေကကြီးချိန်မို့
လှေစီးလို့ လှိုင်းကျော်
ဝိုင်းအော်ကြ ရည်းလေးလေး။
ဗျိုင်းဖြူကိုမြင်
ကိုင်းကျူပင် သာတဲ့ ကမ်းဆီသို့
မှန်းလှော်ကြ ဟေး….
မောင်ရို့ မောင်ရို့
လေလေ့ လေလေ့။

စာသင်ခန်းတွေထဲမှာ ဆရာကြီးရဲ့ အထက်ပါ ကဗျာလေးကိုရွတ်ပြီး “ မောင်ရို့ မောင်ရို့၊ လေလေ့၊ လေလေ့” ဟု ချွေးလေးတွေထွက်အောင် အာပြဲကြီးတွေနှင့် ကဗျာရွတ်ကြမည့် ကလေးလေးတွေထဲမှာ မြစ်မင်း ဧရာဝတီကို ရောင်းစားမည့် သူတွေ ပါလာလိမ့်မည်လို့ ကျွန်တော် မထင်မြင်ပါ။ တောင်ကြီးတွေကို လက်ညှိုးထိုး ရောင်းစားကြမည့် လူတွေ မဖြစ်လာနိုင်ပါ။ မိမိနှင့် သဘောထား မတိုက်ဆိုင်တာနှင့် မမြင်လို၊ မကြားလို၊ မသိလို စကားတခွန်း နှစ်ခွန်းသော်မှ လောက၀တ် မရှိနိုင်ရလောက်အောင် မာန်မာန၊ အာဃာတကြီးမားသည့် လူတွေ ဖြစ်လာလိမ့်မည် မဟုတ်ဟု ကျွန်တော်က ဆရာကြီး တင်မိုးနှင့် အတူတူ အာမခံလိုပါသည်။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရသဆောင်းပါးစုံ

One Response to ဖိုးထက် – မတည့်လို့ အကုန်မသတ်ပစ်နဲ့

  1. Catwoman on November 2, 2014 at 8:18 pm

    Yes Burmese should be civil and respectful after the divorce for the sake of kids. Kids need both mom and dad.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)