မောင်အောင်မွန် – သူသေသွားမှ လေးစားလိုက်ရသော ဆရာဦးအောင်သင်း

November 2, 2014

 

မောင်အောင်မွန် – သူသေသွားမှ လေးစားလိုက်ရသော ဆရာဦးအောင်သင်း

(သူ့ဖေ့စ်ဘွတ်) နိုဝင်ဘာ ၂၊ ၂၀၁၄

(၁)

၁၉၂၇ ခုနှစ်တွင်မွေးဖွားသူမို့ ကျနော်လူ့ပြည်ရောက်လာချိန် ဗမာတွေ လူလိုသူလိုနေရသည့် အင်္ဂလိပ် ကိုလိုနီခေတ်မှာ ဦးအောင်သင်း ဆယ်နှစ်လောက်ဇိမ်ကျကျနေခဲ့ပြီးပြီ။ ပြည်တွင်းစစ်မှာ သူဝင်တိုက်ခိုက်နေစဉ် ကျနော်ကစစ်ပြေး ဒုက္ခသည်ပါ။ ထောင်ဆိုတာ ခပ်လှမ်းလှမ်းကနေသာ ကျနော်မြင်ဖူးချိန် သူထောင်ကိုဖောက် ထွက်ပြေးလွတ်မြောက်ခဲ့ပြီးပြီ။

၁၉၇၀ ပြည့်နှစ်တွင် ကျနော်တို့ဆုံဖြစ်ပုံကို ကျနော်၏ “ ရူးတယ်လို့ဆိုချင်ဆို” ၀တ္ထု အမှာစာအဖြစ် ဆရာအောင်သင်းက

“ ကျွန်တော်နှင့် စာရေးဆရာမောင်အောင်မွန်သည် ကျွမ်းနှီးကြသူများ မဟုတကြပါ။ နှစ်ကြိမ်သုံးကြိမ်မျှသာ တွေ့ဆုံစကားပြောဘူးပါသည်။ နိုင်ငံတကာစာအုပ်နှစ် စာပေဟောပြောပွဲကျင်းပစဉ်က ဂျူဘလီဟောတွင်သူ့ကို ‘စစ်ပြီးခေတ်မြန်မာဝတ္ထုတိုများ’ စာတန်းရှင်အဖြစ် ပထမဆုံးတွေ့ခဲ့ဘူးပါသည်။

ကျွန်တော်က ‘စာဖတ်သူခံစားရသော စာပေ့သြဇာ’ ဟူသောခေါင်းစဉ်ဖြင့် စာဖတ်သူအမြင်ကို ဖတ်ကြားတင်ပြ ခဲ့ပါသည်—“ လို့အစချီကာ ၁-၄-၇၃ နေ့စွဲဖြင့်ရေးပေးခဲ့၏။

စာပေဝေဖန်ရေးဆရာကြီး အဖြစ်သမိုင်းဝင်သွားသူက ၀တ္ထုတိုကို အထူးစိတ်စားရာ ကျနော်က ၀တ္ထုတိုရေးသမား၊ စာဖတ်ခြင်းကိုအလွန်အမင်း ခုံမင်သောကျနော့်အဖို့ သူ၏ရှုမြင်တင်ပြပုံမှာ အဖိုးတန်လှ၍ ၄၄ နှစ်တာခင်မင်ရင်းနှီးသွားကြရေး လမ်းခင်းပေးလိုက်သည်။

(၂)

သူ့အားလေးစားစရာ များစွာအနက် ဘယ်တခုကိုမှ ခွင့်မပြု။ ယုတ်စွအဆုံး ဆရာလို့မသုံးရ။ ဦးအောင်သင်းလို့လည်းမခေါ်ရ။ နှစ်ယောက်သား လွတ်လပ်ပွင့်လင်းစွာ စကားပြောချင်သောကြောင့်ဟု အကြောင်းပြ၏။ သည်လိုနှင့် ကျနော်တို့စကားပြောဖြစ်ကြရာ၊ စာပေ၊ရုပ်ရှင်၊ ဂီတ၊ပညာရေး၊နိုင်ငံရေး၊ လူမှုရေးစသဖြင့် အမြင်ကပ်စရာလူတွေအများသား၊ ကြည့်မရသည့် ဖြစ်ရပ်တွေကလည်း ဒုနှင့်ဒေးလေ။ ဘယ်လောက်အရသာရှိသလဲဆို အာဏာရှင် ဟစ်တလာအား ပါးရိုက်ရသလို၊ မိုဆိုလိုနီမျက်နှာကို တံတွေးနှင့် ထွေးရသလို ရင်တွင်းနာကျည်းချက်များ တ၀ါးဝါးတဟာဟားရယ်က ထုတ်ပစ်လိုက်ကြသည်။

အရာရာမှာ အမြင်ချင်းသဘောထားချင်း တူကြသလားလို့ စာဖတ်သူကမေးချင်ပေလိမ့်မည်။ တူတာက နည်းနည်းလေး၊ ယုံကြည်ချက်ကို တပြားသားမှ အလျှော့မပေးနိုင်၊ မဟုတ်မခံစိတ်ပြင်းထန်ကြ၏။ သူကလည်း မအ ကျနော်ကလည်းမထုံသမို့ အကြောင်းအရာကို ပါးနပ်စွာရွေးတတ်လာ၏။ အကျိုးရှိရာရှိကြောင်း စကားဝိုင်း အပျက်မခံနိုင်ကြဘူးလေ။တားမထားသည့်စည်းကို အလိုလိုသိနေကြ၍လည်း မိသားစုချင်းပါ ရင်းနှီးသွား၏။

သူ့သမီး မော်မော်သင်းမင်္ဂလာဆောင်တွင် ထိပ်ဆုံးစားပွဲ၌ ဆရာမင်းသုဝဏ်၊ ဗြိတိသျှသံအမတ်ကြီး စသူတို့နှင့်တန်းတူ ကျနော်တို့ဇနီးမောင်နှံထိုင်ရသည်အထိ။

(၃)

စာပေဝေဖန်ရေးဆရာအောင်သင်း အောင်မြင်ရသည့် အကြောင်းများစွာအနက် သူ့မှာအုပ်စုမရှိခြင်း၊ နိုင်ငံရေးဝါဒပေါ်အခြေမခံခြင်း၊ ဒေသစွဲကင်းခြင်းတို့ကြောင့်လို့ ကျနော်ယူဆ၏။ ကလောင်ကိုင်သူသည် ကိုယ့်ကိုယ်ကိုပိုင်ရမည်လို့ ကျနော်တို့နှစ်ယောက်အမြင်ချင်းတူ၏။သည်လိုနှင့် သူအင်မတန်ကြိုက်သော “မေ့ခက်ခက် မုန်းခက်ခက်” (၁၉၇၆ ခု၊ အောက်တိုဘလ ရှုမ၀ ၀တ္ထုရှည်) မှ မေမျိုးသန့် ဒိုင်ယာရီ ထဲက …

 ‘ ဒီနေ့စနေနေ့။ ဘုရာကိုးဆူရှိလို့ ခရိုင်ဝန်အိမ်မှာ မိုးအလင်းနေကြသည်။ မြို့မျက်နှာဖုံးတွေနှင့်စည်ကားသည်။ မေမေကြည့်အခန်းထဲမှာသာ အနေများခဲ့သည်။ မေမေကြည်ကထွက်သွားလိုက်၊ မောင်မောင်ကြည်က ၀င်လာလိုက်နှင့်။ တခြားဘယ်သူမှတော့မလာ။ သူတော်တော်ကဲသည်’ အပိုဒ် အပေါ်ပြောခဲ့ကြပုံ ဖတ်ကြည့်ပါ။

“ သူတို့နှစ်ယောက် ဘယ်အထိကဲကြလဲ၊ ဒါဇာတ်လမ်းမှာ အင်မတန်အရေးကြီးတယ်”

“ မသိဘူးလေ၊ တွေးကြည့်ပေါ့”

“ သိရမှာပေါ့၊ ခင်ဗျားရေးတဲ့ ဇာတ်လမ်း၊ ခင်ဗျားဖန်တည်းတဲ့ဇာတ်ကောင်တွေပဲဟာ”

“ ကျနော်ဖန်တည်းတဲ့ ဇာတ်ကောင်တွေ ကျနော်ခင်းတဲ့ဇာတ်လမ်းမှာ လှုပ်ရှားကြတာမှန်ပါတယ်။ စာရေးဆရာဟာ ရုပ်သေးဆရာလို နေရာတိုင်းမှာ ကြိုးဆွဲလို့မှမရတာ။ သူတို့ရုပ်သေးမဟုတ်တော့ သူတို့ဘာ သူတို့လှုပ်ရှားကြတာ”

သူအတန်ကြာစဉ်းစားနေပြီး ခေါင်းတချက်ညိတ်လိုက်ချိန် ကျနော်ခပ်မြန်မြန်ဆက်ပြောလိုက်၏။

“ ဒီလိုတွေးကြည့်ကြရအောင်လား၊ အောင်မြိုင်သင်းဟာ ခင်ဗျားမွေးတဲ့သား၊ သူဘယ်အချိန်မှာ စီးကရက်ခိုးသောက်နေမယ်ဆိုတာ ခင်ဗျားသိနိုင်ပါ့မလား”

“ ဟုတ်ပြီ၊ အောင်မြိုင်သင်းနဲ့စီးကရက် အောင်သင်းမသိနိုင်ဘူး၊ ဇာတ်လမ်းနဲ့စာဖတ်သူတို့ကိစ္စမို့ မောင်အောင်မွန် မသိနိုင်တော့ဘူး”

သည်လိုနှင့်ပင် ရုရှစာရေးဆရာကြီး ချက်ကော့၏ စာဖတ်သူတို့အတွက် နေရာချန်ထားရမည်ဟူသော အယူအဆအပေါ် နောက်ရက်များဆက်လက်ဆွေးနွေးဖြစ်သည်။ စာရေးဆရာသည် စာဖတ်သူများအထက်မှာ အမြဲမရှိဆိုသည်ကိုလည်း စာရေးတိုင်းသတိထားဖို့ ဖြစ်လာ၏။ စင်မြင့်ပေါ်က ဟောပြောတိုင်းလူငယ်လေးများ ပင်ဖြစ်စေ လေးစားဖို့ သတိရမိပုံလည်း ကျနော့အား ပြောပြဖူး၏။

“မေ့ခက်ခက် မုန်းခက်ခက်” (၁၉၇၆ ခု၊ အောက်တိုဘလ ရှုမ၀ ၀တ္ထုရှည်) ကို မပါပဲ ရေးရသည်မှာ ခက်ခဲပင်ပန်းလှပါဘိ။ စိတ်ဝင်စားသည့် စာဖတ်သူများ ရှာဖွေဖတ်ရှု ဆွေးနွေးကြပါက ဆရာအောင်သင်း ၀မ်းသာမည်မှာမုချ။ ဤဆောင်းပါးကိုပင်လျှင် လေးငါးရက်လောက် ရိုက်နေရသည့် မောင်အောင်မွန် ရိုက်ပါက

ဆရာအောင်သင်းနောက်လိုက်သွားတောင် ဆုံးမည်မထင်။

(၄)

၄၄ နှစ်ကျော် ပွင့်လင်းစွာပြောလာခဲ့ကြတာတွေထဲက ရေးစရာများမကုန်နိုင်ပါ။ ခပ်မြန်မြန် အတိုချုံးကြပါစို့။ သူ၏ကိုယ်ရေးကိုယ်တာများကို ရေးဖို့အကြောင်းမရှိ။ ကျနော့အလုပ်လည်းမဟုတ်။ နှစ်ကိုယ်ကြား ပြောခဲ့တာလေးတွေထဲ မနေသာ၍ ရေးရသော်–၊

အထောက်တော်လှအောင်၏ အသုဘတွင် သူက “ အေး သွားနှင့်ဦးတော့” သံဝေဂသံလေးနှင့် ခပ်တိုးတိုးပြောသည်။ ဖြတ်ပြောပါရစေ၊ အောင်သင်းအပြောကောင်းမှာပေါ့ ဘုရားကိုးဆူစရာ၊ ကွက်စိပ်ဆရာ၊ ပြဇာတ်မင်းသား၊ဦးနု၊ ဗိုလ်ချုပ်အောင်ဆန်း၊ ကုန်ကုန်ပြောရရင် ပဲပြုတ်သည်တို့ရဲ့ အသံနေအသံထားကို လေ့လာထားတာကိုးလို့ ပြောပြဖူးသည်။

အသုဘကအပြန် ကျနော်က “ အေး သွားနှင့်ဦးတော့ဆိုတော့ ကိုအောင်သင်း ဘယ်တော့လာက် လိုက်မှာလဲ”

“ ကိုအောင်မွန်ရေ၊ ဒီလိုကိစ္စက ချက်ချင်းထလုပ်လို့ ရတာမဟုတ်ဘူးဗျ၊အေးအေးဆေးဆေး အချိန်ယူရမယ်လေ”

ဟုတ်ပါသည်၊ အထောက်တော်လှအောင်နေက် လိုက်မလိုက်တော့မသိ ၂၂ နှစ် (၁၉၉၂-၂၀၁၄)တော့ အချိန်ယူသွားသည်။ ကျနော့ဘ၀၏ အနိမ့်ဆုံးအချိန်များအနက် မြန်မာ့အသံကထွက်၊ ဇရပ်ဟောင်း(၇)ပေ အခန်းလေးထဲ မိသားစုနေနေရစဉ်မှာလည်း ကိုအောင်သင်းက အ၀င်အထွက်မပျက်၊ ခင်မင်လျက်ပင်။ သည်တော့ အမေရိကန်ကနေ မကြာခဏ သူ့ဆီတယ်လီဖုန်းဆက်စကားပြောဖြစ်တာပေါ့။

လူချင်းနောက်ဆုံးတွေ့ရတာက ၂၀၁၃ ခု၊ဇန်န၀ါရီလမှာပါ။ ချောင်းပေါက်လောက်အောင် ရောက်ခဲ့တဲ့ ဓမ္မိက၀တီလမ်း သူ့နေအိမ်သို့ မော်မော်သင်းကခေါ်သွားသည်။ သူအိပ်ရာပေါ် သတိရတချက်မရတချက်နှင့်။ အဖေလို့မော်မော်သင်းက ခေါ်လိုက်တော့ မျက်လုံးဖွင့်ကြည့်ကာ ကိုအောင်မွန်လားလို့ ဆိုကာပြန်မှိတ်သွား၏။ အင်း သူနှင့်စကားမပြောရပဲ အသုဘပို့ရလေမလားဟု မော်မော်သင်းအား အမပြောရက်၍ စကားလုံးများရင်ထဲ ပြန်သွင်းလိုက်ရသည်။

သို့သော်လည်း သူမသေပါ။ သေတွင်းကနေ အကြိမ်ကြိမ်ထွက်ခဲ့သူ၊ လောကကြီးကို ဟားတိုက်ခဲ့သူ ခုမှသေမင်းထံ အညံ့ခံလိုက်တာဟာ မြန်မာပြည်က ကမောက်ကမတွေကို ဆက်သည်းမခံနိုင်တော့လို့ များလားဟု အောင်သင်းအတွေးနှင့် မောင်အောင်မွန်ရေးလိုက်ပါရစေ။

(၅)

ဖဘ ကိုဝိုင်းကူလုပ်ပေးချိန် သူကွယ်လွန်သွား၏။ လက်နှိပ်စက် (ကွန်ပျူတာမဟုတ်)ရိုက်ထားသည့် ၃ မျက်နှာနီးပါး (၄-၁၂-၂၀၀၃)နှင့် အောင်သင်း(စာရေးဆရာ) writing pad မှာ သူ့လက်ရေးနှင့်စာတို(၂၇-၄-၁၀) တို့သာ သူပအမွေအနှစ်အဖြစ် လက်ဝယ်ရှိသော်လည်း ကျနော်ကဘာမှမလုပ်တတ်။

ဖဘကျေးဇူးကြောင့် ရေးကြတာတွေဖတ်ရ၊ ဓာတ်ပုံတွေ link တွေကြည့်ရ ကြားရသည်မှာ သူနှင့်အတူ လိုက်ပါသွားသလို ရေဝေးသုသာန်အထိ။ သူ့အားချစ်ခင် လေးစာကြည်ညိုသူများ အားရအားကျစရာပါ။ ပန်းခြင်းလေးတွေ ကြည့်ရင်း ကြံတောသင်္ချိုင်းမှာ ပန်းခွေတွေဗျာ နှမျောစရာလို့ပြောသံကြားယောင်လာ၏။ သတင်းသမား Ko Jay တင်သော link မှာတော့ ကိုအောင်သင်းအစစ် ပြောနေတာမြင်လိုက်ကြားလိုက်ရ၍ သူပြောဖူးတာ ဝေငှလိုက်ပါရစေ။

“ ကိုအောင်မွန်ရေ၊ ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောကတကြိမ်သာ လုပ်ကြံတာဗျ၊ နောက်လူတွေက ဆက်ပြီး လုပ်ကြံလို့ကောင်းတုန်း၊ ဟောကြည့် အသုဘမှာတောင် အမြတ်ထုတ်ပုံ တတ်နိုင်ကြတယ်နော် “

အောင်သင်းပရိသပ်ဆို စာဖတ်သူတို့ ဆက်စပ်တွေးကြည့်ပါ။

(၆)

သူ့အတွက် ဘာလုပ်ကြမလဲ။

၈၈ နှစ်နီးပါးသူလုပ်ဆောင်သွားများအနက် အကြိုးစားဆုံး အကျေနပ်ဆုံးကား လူငယ်များအား သားသမီးရင်းကဲ့သို့ ဆိုဆုံမခွင့်ရခြင်းလို့ဆို၏။ သည်တော့ငွေတွေစုကာ အောင်သင်းဖောင်ဒေးရှင်း လုပ်တာထက် သူပြောခဲ့ဟောခဲ့ ရေးခဲ့သားခဲ့တာတွေ နောင်လာနောင်သားများ အထိကျန်မှာကိုလိုလားမည်။ လူတယောက်ချင်း (individual) ရဲ့အစွမ်းအစကို ယုံကြည်အားထား၍လည်း ကမ္ဘာပေါ်ဘယ်နေရာမှာမဆို နေတတ်ဝင်ဆန့်အောင် သူကြိုးစားပုံဆွေးနွေးပြောပြဖူးသည်။

သူတကာနည်းတူ မိမိအလေးထားသည်ကို ပေါ့ပေါ့တန်တန်သဘောထားပါက သူလည်းစိတ်ဆိုးမှာ အသေအချာပါ။ သေသောသူကို ကြရင်မေ့ချင်မေ့ အောင်သင်းမှာတာကိုတော့ မမေ့ကြပါနှင့်သူ၏ ၀မ်းမနာ သားသမီးများအား မှာကြပါရစေ။

မော်စီတုံး၏ ယဉ်ကျးမှုတော်လှန်ရေး အကြောင်းပြောကြရင်း ကျုပ်တို့တိုင်းပြည်မှာလည်း ဒီကောင်တွေ ဖျက်လိုက်တာ ကကြီးခခွေးစာအုပ်တောင် ကျန်ပါတော့မလားမသိဘူးလို့ ပြောသွားသူ၏ စာများ စုစည်းခြင်း မှတ်တမ်းတင်ခြင်းကိုသာလျှင် သူကျေနပ်ပေလိမ့်မည်။

ကျနော့အဖို့မူ သူပိတ်ပင်ထားသည့်အမိန့်လည်း ပျက်ပြယ်သွားပြီဟု ယူဆကာ သူသေသွားတော့မှ လေးစားခွင့်ရလိုက်သည့် ဆရာဦးအောင်သင်းအတွက် အမှတ်တရဆောင်းပါးရေးလိုက်ရကြောင်းပါ။

မောင်အောင်မွန် (၂၀၁၄ ခု၊အောက်တိုဘလ ၃၀ ရက်နေ့)

မှတ်ချက်။ ။အောင်မြိုင်သင်း ဖဘ ထဲ ဓာတ်ပုံက ကျနော့အတွက် ရိုက်ပေးထားသလားလို့ထင်ရအောင်

ကောင်းလွန်းလို့ ကျေးဇူးတင်စွာဖြင့် သုံးလိုက်ပါတယ်။ပိုင်ရှင်များ share ခွင့်ပြုပါခင်ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

One Response to မောင်အောင်မွန် – သူသေသွားမှ လေးစားလိုက်ရသော ဆရာဦးအောင်သင်း

  1. ko zaw on November 2, 2014 at 12:04 pm

    Thanks Saya “Mg Aung Mon) for sharing Saya Aung Thin’s goodness.
    Yes, Ba-Pe (face book) is popular burmese. Everything he know.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်