ဓမ္မဘေရီ အရှင်ဝီရိယ – ဇာတိမာန်

November 5, 2014

ဓမ္မဘေရီ အရှင်ဝီရိယ – ဇာတိမာန်

(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၄

(ဆရာတော်၏ စာမူကို ဗိုလ်ချုပ်ရာပြည့် စာပေကော်မတီ၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ဖော်ပြသည်)

မိမိမွေးဖွားရာအရပ်ဒေသ၊ အမျိုးအနွယ်တို့နဲ့ပတ်သက်လို့ ဒေသစွဲ သန်ကြတယ်၊ ဇာတိမာန် ထားကြတယ်ဆိုတာ မွေးဖွားရာအရပ်ဒေသတိုင်း၊ အမျိုးအနွယ်တိုင်းတော့ ဖြစ်နိုင်ကောင်းတဲ့အရာ ဟုတ်မယ်မထင်ပါဘူး။ ကိုယ့်အရပ်ဒေသ၊ ကိုယ့်အမျိုးအနွယ်က စွဲလမ်းလောက်အောင်၊ မာန်ထား လောက်အောင် ထူးခြားတဲ့ ဂုဏ်ထူးဝိသေသတစ်ခုတော့ အနည်းဆုံးရှိနေမှသာ စွဲလမ်းနိုင်၊ မာန်ထားနိုင် ကြမှာပါ။

မိမိက နတ်မောက်မြို့နယ် အရှေ့လက် ဥယျာဉ်ရွာမှာ မွေးဖွားခဲ့တာဆိုတော့ အတော်လေး သိတတ်တဲ့အရွယ်ကစပြီး “နတ်မောက်သား”ဆိုတဲ့ ဒေသစွဲခေါ်မလား၊ ဇာတိမာန်ခေါ်မလားတော့ မသိဘူး၊ တခြားအရပ်ဒေသရောက်တိုင်း အဲဒီလို စွဲလန်းပြောဆိုမိတာ အကျင့်ပါနေပါတယ်။

“အတော်လေးသိတတ်တဲ့အရွယ်” ဆိုတာကတော့၊ မိမိအသက် (၁၃)နှစ်လောက်ရှိတဲ့အခါမှာ ဒီမိုကရေစီခေတ်ရဲ့ နောက်ဆုံးရွေးကောက်ပွဲကြီးလို့ဆိုနိုင်တဲ့ သန့်ရှင်းဖဆပလနဲ့ တည်မြဲဖဆပလတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲခေတ်ကြီးနဲ့ ကြုံနေပါတယ်။

အဲဒီတုန်းက နတ်မောက်မြို့နယ်မှာ သန့်ရှင်းဖဆပလအမတ်လောင်းအဖြစ် စာရေးဆရာ တက္ကသိုလ်ဆုမြိုင်ဆိုတဲ့ ဦးဆုမြိုင်ကအရွေးခံပြီး နတ်မောက်မြို့သား စာရေးဆရာကြီးတစ်ဦးဖြစ်တဲ့ သခင်ဗသောင်းကလည်း တသီးပုဂ္ဂလအမတ်အဖြစ်နဲ့ အရွေးခံကြပါတယ်။

မိမိတို့ဆရာ ဥယျာဉ်တောင်ကျောင်းဆရာတော်က မြို့မှာစာသင်သားအဖြစ်နဲ့ နေကတည်းက ရန်ကုန်သတင်းစာ အမြဲဖတ်ခဲ့တယ်လို့ဆိုပါတယ်။ ဒါကြောင့် သတင်းအဖတ်ဝါသနာက စွဲနေပြီး  တောရွာမှာကျောင်းထိုင်တော့လည်း နေ့စဉ်ထုတ်သတင်းစာကို ငါးရက်တစ်ပတ် ဈေးနေ့တိုင်း မှန်မှန်မှာယူပြီး ဖတ်ပါတယ်။

ရွေးကောက်ပွဲအကြိုကာလမတိုင်မှီ တစ်နှစ်လောက်အလိုကတည်းက ယှဉ်ပြိုင်မယ့် နိုင်ငံရေး ပါတီကြီးနှစ်ခုဖြစ်တဲ့ သန့်ရှင်းနဲ့ တည်မြဲပါတီတွေက သူ့ပါတီ ကိုယ့်ပါတီ လက်စွဲသတင်းစာတွေကို ကျေးလက်ဒေသတွေအထိ ပို့ကြပါတယ်။ အထူးသဖြင့် သတင်းစာဖတ်ဝါသနာပါတဲ့  မိမိတို့ ဆရာ တော်ဆီကို အထူးဂရုစိုက်ပြီးပို့ကြလို့ ဈေးတစ်ပတ်ဆိုရင် အနည်းဆုံး သတင်းစာငါးမျိုး (စောင်ရေအစိတ်)လောက် ရောက်ပါတယ်။

ရွာဦးကျောင်းဆရာတော်နဲ့အတူ မိမိတို့အဖိုးတော်တဲ့ ဆရာကြီးဦးစံမြင့်ဆိုတာကလဲ သတင်း စာဖတ်ရော နိုင်ငံရေးရော စိတ်ဝင်စားပြီး နှစ်ဦးလုံးက “သခင်နုမှ သခင်နု” ဆိုတဲ့ အစွဲကလဲ သန်ကြလို့ ဆရာ၊ ဒကာ အတော်ကို အစွဲညီ အတွဲညီတဲ့ သန့်ရှင်း ဖစပလပါတီ အမာခံတွေပါပဲ။

ဈေးလွန်တစ်ရက်နေ့မှာဆိုရင် ဈေးတစ်ပတ်စာရောက်လာတဲ့ သတင်းစာတွေကလဲများ၊ ဆရာဒကာနှစ်ဦးကလဲ ပါဝါကိုက်တဲ့မျက်မှန်တစ်လက်ကို တစ်လှည့်စီတပ်ပြီးဖတ်ကြရတာဆိုတော့  အလှည့်ကျ မစောင့်နိုင်ကြတာရော၊ အားစိုက်ပြီးကြည့်ကြရတဲ့အတွက် အားမလိုအားမရဖြစ်တာရော ကြောင့် ထင်ပါရဲ့၊ စာကို ပီပီသွက်သွက် ဖတ်နိုင်တဲ့ မိမိနဲ့ အခြားကျောင်းသားကြီးတစ်ယောက်တို့ကို တစ်လှည့်စီဖတ်ခိုင်းပြီး နားထောင်ကြပါတယ်။

ရန်ကုန်သတင်းစာမှာ ဆရာတော်အသဲစွဲဖြစ်တဲ့ “ဦးရန်ကုန်” ဆိုတဲ့ ခေါင်းကြီးပိုင်းကို မိမိက ပင်တိုင်ဖတ်ပြရတယ်။ “ဘကြီးရွဲနဲ့ စပ်ဖြီးမောင်” ဆိုတဲ့ အခန်းကိုတော့ တစ်ဦးက ဘကြီးရွဲ၊  တစ်ဦးက စပ်ဖြီးမောင်အဖြစ်နဲ့ သရုပ်ဆောင်သလို တစ်လှည့်စီဖတ်ကြရတာဆိုတော့ တစ်ခြား ကိုရင် ကျောင်းသားတွေကပါ စိတ်ဝင်စားလာကြပြီး စုပေါင်းနားထောင်ကြလို့ ဇာတ်လမ်းပမာ နားဆင်စရာတစ်ခုလို အတော်လေးပွဲစည်ပါတယ်။ မိမိတို့လဲ သတင်းစာဖတ်ဝါသနာ တဖြည်းဖြည်း ပိုကြီးလာကြပါတယ်။

နောက်တော့ နတ်မောက်မြို့ အရှေ့လက်အမတ်လောင်းတွေဖြစ်တဲ့ တက္ကသိုလ်ဆုမြိုင်က သူရေးတဲ့ အောင်မြင်ရေးနည်းဆိုင်ရာစာအုပ်တွေကို ရွာတိုင်း၊ ကျောင်းတိုင်း စည်းရုံးရေးသဘောနဲ့ လိုက်လံ ဖြန့်ဝေတဲ့အခါ စာဖတ်ရော နိုင်ငံရေးရော အထူးစိတ်ဝင်စားကြတယ်လို့  သတင်းထွက်တဲ့ မိမိတို့ကျောင်းကိုတော့    စာပေဗိမာန်မဂ္ဂဇင်းအဟောင်းများနဲ့ တခြားစာအုပ်တွေပါ ပို့ပေးပါတယ်။  တသီးပုဂ္ဂလ အမတ်လောင်းဖြစ်တဲ့ ဆရာကြီးသခင်ဗသောင်းကလည်း သူရေးသမျှစာအုပ်တွေ တော်တော်များများပို့ပေးပါတယ်။

သတင်းစာဖတ်ရာကနေ စာဖတ်ဝါသနာရင့်လာကြတဲ့ မိမိတို့တစ်တွေလဲ သတင်းစာပြတ်နေတဲ့ ဈေးကြားရက်တွေမှာ အဲဒီမဂ္ဂဇင်းတွေ၊ စာအုပ်စာတမ်းတွေအထိ ဖတ်တဲ့အလေ့ ရလာကြတယ်။ ဒီကြားမှာ နတ်မောက်သား အမတ်လောင်းများက ကိုယ့်မြို့ဇာတိသားတွေပီပီ ကိုယ့်ဒေသ ကိုယ့်ဇာတိရဲ့ ဇာတိဂုဏ် အမျိုးဂုဏ်ကို ဖေါ်ပြတဲ့လက်ကမ်းစာစောင်တွေလဲ ဖြန့်ဝေကြတာဆိုတော့ မိမိတို့တတွေလဲ ဇာတိဂုဏ်ကို သိတတ်စပြုလာပြီး ဇာတိမာန်ကလေးတွေလဲမသိမသာဝင်လာကြလို့ “နတ်မောက်သား” ဆိုတဲ့ စကားလုံးကို ဂုဏ်ယူပြောဆိုတတ်တဲ့ အကျင့်ပါလာကြတာပါ။

………………     ……………….

ဒီမိုကရေစီခေတ်အလွန်၊ စစ်အာဏာရှင်ခေတ်အစဖြစ်တဲ့ ၁၉၆၂ ဇွန်လလောက်မှာ မိမိတို့  အမရပူရမြို့ တူမောင်းတိုက်ကို ပညာသင်ဖို့ရောက်ရှိခဲ့ပါတယ်။ စာသင်သားတို့ရဲ့ထုံးစံအတိုင်း ဒေသစုံကရောက်ရှိလာကြတဲ့ မိပေါင်းသားစုံတို့ တွေ့ဆုံကြတဲ့အခါ … အရင်ရောက်နှင့်ကြတဲ့ စာသင်သားဟောင်းများက အသစ်ရောက်လာတဲ့ စာသင်သားသစ်များအပေါ်မှာ မိတ်ဆက်ကြ၊ ရိုင်းပင်းကူညီကြတာမျိုးလဲရှိရဲ့။ စကားအသုံးအနှုန်း အထအနကောက်ပြီး လှောင်ကြပြောင်ကြတာတို့၊ အချင်းချင်းအပျော်သဘောမျိုး ချောက်တွန်းတာတို့၊ နှိပ်ကွပ်တာတို့လဲ ရှိကြတာပေါ့။

မိမိက တောကနေ မြို့ကိုရောက်စဖြစ်ပေမယ့် တောမှာကတည်းက သတင်းစာမျိုးစုံ၊ မဂ္ဂဇင်းနဲ့ စာအုပ်စာပေတို့ကို အထိုက်အလျောက်ဖတ်ရှု့ထားတဲ့ အခံလေးရှိထားတဲ့အတွက် သိမ်သိမ်ငယ်ငယ် ရယ်လို့ မရှိပါဘူး။ မိမိအရင်ရောက်နှင့်တဲ့ ဒေသခံစာသင်သားတွေကလဲ ရှိနှင့်ပြီဆိုတော့ အစစ အရာရာ လူသစ်ဆိုတဲ့ပုံစံမျိုး မပေါက်ဘူး။ ပြောဆို၊ လုပ်ကိုင်၊ သွားလာမှု အားလုံး သွက်သွက် လက်လက် ဝံ့ဝံ့စားစားပါပဲ။

ဒါကို သတိထားမိတဲ့ ကသာက စာသင်သားဦးဇင်းတစ်ပါးက မိမိကို “ကိုရင့်ကို အရင်က မမြင်ဖူးဘူး၊ အခုမှရောက်တဲ့အသစ်မဟုတ်လား၊ ကိုရင်ပြောဆိုလုပ်ကိုင်နေပုံတွေကတော့ ဘာမှကြောက်ရွံ့ တွန့်ဆုတ်ဖြစ်မနေဘူး၊ ကိုရင်ဘယ်အရပ်ကလဲ” လို့မေးပြီး စတင်မိတ်ဆက်ပါတယ်။

“နတ်မောက်ကပါ” ဆိုတော့ “ဘယ်ကနတ်မောက်လဲ” တဲ့။

ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့အရပ် နတ်မောက်လေ၊ ဦးဇင်းမသိဘူးလား” ဆိုတော့မှ

“အေးကွ၊ မင်းတို့နတ်မောက်ကလဲ ဗိုလ်ချုပ်အောင်ဆန်းကိုမွေးလိုက်လို့သာ နာမည်ကြားဖူးလိုက်တာ၊ ဘယ်နားမှာ ရှိမှန်းတောင်မသိဘူး” တဲ့။

ကိုယ့်ဇာတိဒေသကို ခပ်နှိပ်နှိပ်လေးပြောလိုက်တော့ ဇာတိမာန်လို့ပဲ ပြောရမလားတော့ မသိဘူး၊ မခံချင်စိတ်ကလေးက ချက်ချင်းထွက်လာတယ်၊ ဒါနဲ့

“စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို တည်ထောင်ပြီး မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ပုဂ္ဂိုလ်ကြီးရဲ့ မွေးရပ်ဒေသကိုတောင် ရေရေရာရာမသိရင် ကျွန်နံ့မပျောက်သေးလို့ပဲ ဖြစ်မှာပေါ့။ တပည့်တော်က နတ်မောက်မြို့နယ် အရှေ့လက် ဥယျာဉ်ရွာကပါ။ ဗိုလ်ချုပ်အောင်ဆန်းကို မွေးပေးလိုက်လို့ နတ်မောက်မြို့ဆိုတာကို လူတိုင်းသိလာကြသလို တပည့်တော်ကိုမွေးလိုက်တဲ့အတွက် နတ်မောက်မြို့နယ်မှာ ဥယျာဉ်ရွာလို့လဲ ရှိတယ်ဆိုတာ တစ်နေ့တော့ ကမ္ဘာကသိလာပါလိမ့်မယ်” ဆိုပြီး ခပ်ကြွားကြွားလေး ပြန်ပြော လိုက်မိတယ်။

အဲဒီဦးဇင်းက စိတ်မဆိုးပါဘူး၊ ခပ်ပြုံးပြုံးနဲ့ “ကိုရင် ဘယ်ဆိုးလို့လဲ၊ ခုမှ မြို့ကို ရောက်ခါစဆိုပေမယ့် ကိုရင်တောမှာနေကတည်းက စာတွေဘာတွေဖတ်ဖူးပုံရတယ်၊ ကိုရင့်ကို နှိပ်ကွပ်လိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူးကွာ၊ ကိုရင့်ကြည့်ရတာ သွက်သွက်လက်လက်ရှိလို့ အကဲစမ်း ကြည့်တာပါ၊ စိတ်မရှိပါနဲ့” လို့ တောင်းပန်ပါတယ်။

နောက်တော့ စာပေဝါသနာ ပါကြသူချင်းဖြစ်တဲ့အတိုင်း အချိန်အတိုအတွင်းမှာပဲ မိမိတို့ချင်း အတော်ရင်းနှီးသွားကြပါတယ်။ ညနေ စာဝါနားချိန်မှာ စာသင်သားအများစုက တောင်သမန် အင်းစောင်းတို့၊ ဦးပိန်တံတားတို့ဆီ လမ်းလျှောက်သွားကြတာများပေမယ့် မိမိတို့ကတော့ ခရီးအကွာဝေးချင်း မထူးလှတဲ့ ပြန်ကြားရေး စာကြည့်တိုက်ကို နေ့စဉ် ပုံမှန်သွားဖြစ်ပါတယ်။

ရန်ကုန်၊ မန္တလေးထုတ် နေ့စဉ်သတင်းစာများကို ဖတ်ပြီးတဲ့အခါ အသင်းဝင်ဖြစ်တဲ့ မိမိတို့က ဖတ်လိုရာ စာအုပ်များကို ငှားယူခဲ့ကြပါတယ်။ လကုန်၊ လဆန်းပိုင်းဆိုရင်တော့ လစဉ်ထုတ် မဂ္ဂဇင်း တစ်အုပ်စီငှားပြီး တစ်လှည့်စီ လဲဖတ်ကြတာပေါ့။

တစ်ခါတော့ လစဉ်ထုတ်မဂ္ဂဇင်းက  သူများဦးသွားလို့ တစ်အုပ်ပဲကျန်တယ်။

ဦးဇင်းက “ကိုရင် … ဒီလထုတ်က ဒီတစ်အုပ်ပဲကျန်တာဆိုတော့ ဦးဇင်းပဲယူသွားမယ်” တဲ့။

“တပည့်တော်က ဘာဖတ်ရ မလဲ” ဆိုတော့

ဘီရိုနဲ့ထည့်ထားတဲ့စာအုပ်တွေကို လက်ညိုးထိုးပြီး “ ဟို ဘီရိုနှစ်လုံးထဲမှာ စာအုပ်တွေ ပြည့်လို့လေ၊ အဲဒီထဲက ငှားခဲ့ပေါ့”  တဲ့။

“ဟာ … ဘယ်သူမှမဖတ်ချင်တဲ့ ကျမ်းလေးကြီးတွေ၊ ပျင်းစရာကကောင်းပါဘိနဲ့” ဆိုတော့

“ ကိုရင်… ကိုယ်က သူများမဖြစ်နိုင်ဘူးထင်တာတွေကို ဖြစ်ဖို့ ရည်မှန်းတဲ့လူဆိုရင် သူများမဖတ်ချင်တဲ့စာအုပ်တွေကိုလည်း ဖတ်ရတယ်။ ကိုရင်က ဗိုလ်ချုပ် အောင်ဆန်းကို အားကျတယ်ဆို၊ ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝတုန်းက တက္ကသိုလ်စာကြည့်တိုက်မှာ ဘယ်သူမှမဖတ်တဲ့စာအုပ်တွေကို သူက မပျင်းမရိဖတ်တယ်ဆိုတာ ကြားဖူးတယ်မဟုတ်လား။ ရည်ရွယ်ချက်ကြီးကြီးထားရင် စာအုပ်ကြီးကြီးတွေကို ဖတ်ဖို့လည်း မပျင်းရဘူးပေါ့” တဲ့။

“ဟာ … မလုပ်ပါနဲ့၊ အဲဒီနေ့က တပည့်တော်တို့ချင်း ပြောတာကို ကြားတဲ့သူအချို့က မတန်မရာမှန်းပြီး စကားကြီး၊ စကားကျယ်တွေနဲ့ ဘဝင်မြင့်နေတဲ့အကောင်ဆိုပြီး ကဲ့ရဲ့ကြသေးတယ်။ တပည့်တော်တို့ကတော့ စကားနိုင် သဘောမျိုးနဲ့ ပျော်စေပျက်စေပြောလိုက်မိတာပါ” ဆိုတော့၊

“ကိုရင်ရ … တန်ရာတန်ရာကိုသာမှန်းထားတဲ့လူဟာ သူလိုကိုယ်လိုလူပဲဖြစ်မှာပေါ့ကွ။ မှတ်ထား၊ အလုပ်လုပ်ရင်သာ ကိုယ်နိုင်တာကိုယ်လုပ်။ အခွင့်အရေးဆိုရင်လည်း၊ ကိုယ်နဲ့တန်ရာတန်ရာကို သာယူ။ ရည်မှန်းချက်ထားရင်တော့ လက်ရှိ ကိုယ်နဲ့တန်ရာထက် အများကြီးကို ပိုမှန်းထားရမယ်ကွ။ ခုချိန် ကိုယ်နဲ့တန်ရာလောက်သာရည်မှန်းတယ်ဆိုရင်တော့ ဘာမှကြီးကြီးမားမား ရည်မှန်းရကောင်း မှန်း မသိလို့ပဲ။

ဗိုလ်ချုပ်အောင်ဆန်းဟာ သူတစ်ပါးလက်အောက်ခံဘဝကနေ လွတ်လပ်ရေးကို မျှော်မှန်းခဲ့လို့ လွတ်လပ်ရေးခေါင်းဆောင်အဆင့်ရောက်လာတာပေါ့။ ကိုရင်တို့နတ်မောက်သား စာရေးဆရာ သခင် ဗသောင်းတို့ဆိုတာလဲ သူ့ကျွန်ဘဝမှာနေရင်း သခင်ဘဝကိုရည်မှန်းပြီး နာမည်ရှေ့မှာ “သခင်” ဆိုတဲ့ ဂုဏ်ပုဒ်ထည့်ထားတာပဲ။ သူတို့တွေ ဒီလိုရည်မှန်းချက်ကြီးမားကြလို့လည်း ဒီနေ့ တို့နိုင်ငံ သူ့ကျွန် အဖြစ်က လွတ်မြောက်ကြတာပေါ့။

ကဲ … ကိုရင်၊ ဒီ ဘီရိုထဲကစာအုပ်မျိုးတွေ မဖတ်ချင်သေးသမျှတော့ ကိုရင်မွေးတဲ့ ဥယျာဉ်ရွာ ဆိုတာ ကမ္ဘာကသိဖို့မဆိုထားနဲ့၊ နတ်မောက်နယ်တစ်နယ်လုံးကတောင် သိလိုက်မှာမဟုတ်ဘူး” ဆိုပြီး စာကြီး၊ ပေကြီးတွေကြည့်ချင်အောင် စည်းရုံးတိုက်တွန်းပါတော့တယ်။

သူနဲ့ ပြောကြ၊ ဆိုကြ၊ ဆွေးနွေးကြရင်းကပဲ “ဇာတိမာန်ဆိုတာ ကိုယ့်ဇာတိသား တော်သူ၊ တတ်သူတွေရဲ့ နာမည်ကိုအသုံးပြုပြီး အသားလွတ်ဘဝင်မြင့်နေရတာမျိုး မဟုတ်ဘူး။ သူတို့စိတ်ထား၊ သူတို့လုံ့လမျိုး၊ သူတို့ လေ့လာဆည်းပူးမှုမျိုးတွေကို အတုယူအားကျပြီး သူတို့လိုကြိုးစားမှ ဇာတိမာန် အစစ်ဖြစ်မယ်ဆိုတာကို သဘောပေါက်လာပါတယ်။

…………………….    …………………..

မှတ်မိသေးတယ်၊ ခွဲခွါကြမယ့် ၁၃၂၆-ခုနှစ် ဝါဆိုဦးမှာပါ။ ၁၃၂၅-ခုနှစ်က ဖြေဆိုထားတဲ့ ပါဠိပထမပြန်စာမေးပွဲတွေ အောင်စာရင်းထွက်လာတော့ မိမိက ပထမငယ်တန်းမှာ တစ်နိုင်ငံလုံး တတိယဂုဏ်ထူးနဲ့အောင်မြင်ပါတယ်။ အဲဒီတုန်းက ပထမပြန် ငယ်၊ လတ်၊ ကြီး ပထမ၊ ဒုတိယ၊ တတိယ ဂုဏ်ထူးရတဲ့ ရှင်၊ ရဟန်းသုံးပါးစီရယ်၊ သီလရှင်များထဲက ငယ်၊ လတ်၊ ကြီး အမှတ်အများဆုံး သုံးပါးရယ်၊ အားလုံး ဂုဏ်ထူးအောင် ၁၂-ပါး(စကောလားရှစ်ရတယ်လို့ ခေါ်ကြပါတယ်)ကို ရေဒီယို ကလည်းကြေငြာပေးသလို မြန်မာ့သတင်းစာအားလုံးမှာလဲ မျက်နှာဖုံး သတင်းအဖြစ်နဲ့ ထည့်ပေး ကြပါတယ်။

အမရပူရမြို့အနေနဲ့ ပထမဆုံး ပထမပြန်စာဖြေဋ္ဌာနအဖြစ်သတ်မှတ်ပြုလုပ်ခွင့်ရတဲ့နှစ်မှာပဲ တိပိဋကလောင်း လျာဖြစ်တဲ့ ရှင်သုမင်္ဂလာလင်္ကာရက ပထမလတ်တန်းမှာဒုတိယ။ မိမိက ပထမငယ် တန်းမှာ တတိယအဖြစ်နဲ့ ဂုဏ်ထူးအောင်နှစ်ပါးပါတယ်ဆိုပြီး ရေဒီယိုသတင်းကြေငြာပြီးကတည်းက ဆိုင်ရာကျောင်းတိုက်များကို ကျောင်းဒကာများက သတင်း လာရောက်ပို့ကြပါတယ်။

ရိုးရိုးအောင်စာရင်းများကိုတော့ နောက်တစ်ရက်ရောက်မှ စာသင်တိုက်ကြီးတွေကိုပို့ပေးတယ်။ အားလုံး အောင်စာရင်းတွေထုတ်ပြန်တော့ အဲဒီဦးဇင်းက ပထမကြီးတန်းမှာ ကျပါတယ်။ အဲဒီအချိန်မှာ သူက မန္တလေးကိုသွားနေလို့ မရှိပါဘူး။ မိမိကတော့ ကိုယ်အောင်ပေမယ့်  “ ဒီနှစ်နောက်ဆုံးဖြေတာပဲ” ဆိုတဲ့ ကိုယ့်ဆရာသမားလို မိတ်ဆွေကြီး စာမေးပွဲမအောင်တဲ့အတွက် ကိုယ်အောင်တာကို ဝမ်းမသာနိုင်ဘဲ သူ့အတွက် စိတ်မကောင်းဖြစ်နေမိပါတယ်။

ညနေကျတော့ သူက လက်ထဲမှာ သတင်းစာတစ်စောင်ကိုင်ပြီး မိမိနေတဲ့ကျောင်းဆောင်ကို ရောက်လာတယ်။

” ကိုရင်ရာ … ညကတည်းက ရေဒီယိုကနေကြားရလို့ ဝမ်းသာနေတာ။ ခုမနက် ကျတော့ ဒီနေ့ထုတ်သတင်းစာကို အစောကြီးသွားဝယ်လိုက်တယ်။ ဝမ်းသာတယ်ကိုရင်ရာ။ ဒါဟာ ကိုရင့်ရည်မှန်းချက် ပထမဆုံးခြေလှမ်း ခိုင်သွားတာပဲ။ ကိုရင်မှတ်ထား၊ “မတန်မရာ” လို့ သူများတွေပြောကြတဲ့ ကိုယ့်ရည်မှန်းချက်တွေဟာ တကယ်ကြိုးစားသူအတွက်တော့ ကိုယ်နဲ့ တန်ရာတန်ရာတွေဖြစ်တယ် ဆိုတာ တစ်နေ့ပေါ်လာမှာပဲ” ဆိုပြီး ဝမ်းသာအားရပြောနေပါတယ်။

“တပည့်တော်လည်း ညကတည်းက ရေဒီယိုကနေကြားရတုန်းက ကိုယ့်အတွက် ဝမ်းသာမိတာတော့ အမှန်ပါပဲ။ ဒီနေ့ အောင်စာရင်းတွေ အားလုံးရောက်လာလို့သွားကြည့်တော့ ဦးဇင်းနာမည်ပါမလာလို့ စိတ်မကောင်းဘူး” ဆိုတော၊့

“ဟာ … ကိုရင် … တို့အတွက် ဘာမှ စိတ်မကောင်းဖြစ်မနေနဲ့။ ဟိုတစ်ခါ ကိုရင့်ကို ပြောဖူးပါပကော၊ တို့ဒေသက မာန်လည် ဆရာတော်ရဲ့ အရှိန်အဝါလွှမ်းနေတဲ့ဒေသလေ။ ဘယ်ဘုန်းကြီး ဘာစာမေးပွဲအောင်တယ်ဆိုတာကို သိပ်စိတ် မဝင်စားကြဘူး။ “ဘယ်ဘုန်းကြီးက ကဗျာလင်္ကာရေးတတ်တယ်၊ ဘယ်ဘုန်းကြီးစာက ဘယ်မဂ္ဂဇင်း၊ ဘယ်ဂျာနယ်၊ သတင်းစာတွေမှာပါတယ်” ဆိုတာကိုပဲ စိတ်ဝင်စားကြတာပါ။ ဒါတွေ ကိုယ်လဲ နဲနဲပါးပါး တော့ဖြစ်ပါတယ်။ အခြေခံစာသင်တိုက်ဆိုတော့ ငယ်၊ လတ်၊ ကြီး စာဝါလောက် ပို့ချတတ်ရင် ပြီးတာပါပဲ။ ကိုယ်က စာသင်တိုက်မှာ အခြေခံက စပြီးသင်လာတာဆိုတော့ ဒီလောက်တော့ စနစ်တကျ ပို့ချနိုင်ပါတယ်။  တို့အတွက်ဘာမှမပူနဲ့၊  ကိုရင်သာ ကိုယ့်ရည်မှန်းချက် မျက်ခြေမပြတ်စေနဲ့။ ကိုရင် ပထမခြေလှမ်း ခုလို ခိုင်ခိုင်မာမာလေး ရပ်တည်သွားနိုင်တာကိုပဲ ကိုယ်တော့ အတော်လေး ဝမ်းသာ အားရ ဖြစ်မိတယ်” ဆိုပြီး လှိုက်လှိုက်လှဲလှဲကြီး အားပါးတရပြောနေပါတယ်။ ဝမ်းသာရမည့်သူက စိတ်မကောင်းဖြစ်၊ စိတ်မကောင်းဖြစ်ရမည့်သူက ဝမ်းသာနေကြတာကိုက မိတ်ဆွေစစ်တို့ရဲ့ အမှတ်သားလို့ပဲ ဆိုရမယ်ထင်ပါရဲ့။

အဲဒီနှစ်မှာ သူ ထီးချိုင့်ကိုပြောင်းသွားပါတယ်။ မိမိစာချတန်းပြီးတော့ မန္တလေးကနေ သင်္ဘောနဲ့ တစ်ညအိပ်သွားရတဲ့ ထီးချိုင့်က သူ့ကျောင်းတိုက်ကို တစ်ခေါက်သွားဖြစ်ခဲ့သေးတယ်။ တွေ့တွေ့ချင်းမှာ

“ဟေ့ … ကမ္ဘာကျော်၊ နတ်မောက်မြို့နယ်မှာ ဥယျာဉ်ရွာလို့လည်း ရှိတယ်ဆိုတာ လူဘယ်လောက်များများ သိပြီးကြပြီလဲ” ဆိုတဲ့ စကားနဲ့ ကျီစယ်ပြီး ခရီးဦးကြိုပြုပါတယ်။

အဲဒီတုန်းက သူ့အတွက်ဝယ်သွားတဲ့ စာအုပ်တွေထည်းမှာ ငွေလင်းရဲ့ “ပင်းမြို့သူ” ဆိုတဲ့ စာအုပ်ကိုတွေ့လိုက်တော့

“ ဟာ … တကယ့်ရွှေလက်ဆောင်ပဲဟေ့၊ ဖတ်ချင်နေတာ ကြာလှပြီ၊ ဒီဆရာရဲ့ “ဤယမုံ” ဆိုတဲ့စာအုပ်ကိုဖတ်ပြီးကတည်းက သူ့စာတွေသဘောကျနေတာ။ သူကလည်း နတ်မောက်သားစာရေးဆရာဆိုတော့၊ မောင်ရင်ကတော့ ဒေသစွဲ၊ စာစွဲ နှစ်မျိုးလုံးနဲ့ စွဲမှာပေါ့လေ။ ကိုယ်ကတော့ စာစွဲနဲ့ပဲ သူ့ကိုအတော်သဘောကျတယ်” ဆိုပြီး  အတော်လေး ဝမ်းသာနေတာ ကိုလည်း မှတ်မိလိုက်ပါတယ်။ နောက်ပိုင်းတော့ သူနဲ့ စာအဆက်သွယ် ကျဲသွားတယ်။ နောက်ဆုံး ကြားရတာကတော့ အရွယ်ကောင်းတုန်းမှာပဲ လေမိပြီး ပျံလွန်တော်မူသွားတယ်တဲ့။

……………    ……………….

အမေရိကန်ကို ဒုတိယအကြိမ်ရောက်တဲ့အခေါက်ကစပြီး အခု ခုနှစ်ကြိမ်မြောက်ရောက်တဲ့ အထိ အော်ရီဂွန်ပြည်နယ်၊ ပို့တလန်မြို့၊ သီရိမင်္ဂလာကျောင်းဆရာတော် အရှင်သိရိန္ဒက သူရဲ့                    “မေတ္တာဥယျာဉ်” ဝဘ်ဆိုက်မှာ မိမိရဲ့ အတ္ထုပ္ပတ်အကျဉ်းနဲ့အတူ မိမိရဲ့စာတွေကိုလည်း တင်ပေး၊ မိမိတရားသင်တန်းများကိုလဲတိုက်ရိုက်လွှင့်ပေးတဲ့အတွက်၊ ကမ္ဘာအနှံ့ ပြန့်နေတဲ့ မြန်မာတို့ဆီက ကျေနပ်ဝမ်းမြောက်တဲ့ တုံ့ပြန်ချက်ကလေးတွေကို ကြားသိရတော့ မိမိရဲ့အကျိုးကိုအလွန်လိုလားတဲ့ သုဟဒမိတ္တပုဂ္ဂိုလ်ကြီးကို အထူးတလည် သတိရမိလိုက်ပါတယ်။

အခုလဲ ဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးရပ်ဇာတိဖြစ်တဲ့ နတ်မောက်မြို့နယ်က ၂ဝ၁၅ခု၊ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့မှာ မိမိတို့မြို့ဇာတိသားဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နှစ် (၁ဝဝ)ပြည့် မွေးနေ့အထိမ်းအမှတ်ဂုဏ်ပြုပွဲကြီး ကျင်းပပြုလုပ်မှာဖြစ်လို့ ဂုဏ်ပြုအမှတ်တရမဂ္ဂဇင်း ထုတ်မယ် ဆိုတဲ့အခါ နတ်မောက်ဇာတိသားလည်းဖြစ်၊ ဗိုလ်ချုပ်မွေးနေ့ကျင်းပရေး နာယကအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်တဲ့ မိမိအနေနဲ့ စာတပုဒ်ရေးဖို့ တာဝန်ကျရောက်လာပါတယ် … ။

စာရေးဖို့ စဉ်းစားလိုက်တဲ့အချိန်မှာပဲ … ကိုယ်ဖွားရာဇာတိမြို့ကို နိုင်ငံကလေးစားသိမှတ်စေပြီး၊  ကိုယ့်နိုင်ငံကို ကမ္ဘာက လေးစားသိမှတ်လောက်အောင် ဇာတိဂုဏ်ထွန်းပြောင်စေခဲ့တဲ့၊ အစဉ်အလာ ကောင်းများကို စံပြဦးဆောင် အမွေပေးခဲ့သူ၊ အမျိုးသားခေါင်းဆောင်၊ အာဇာနည်ပုဂ္ဂိုလ်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဂုဏ်ကျေးဇူးတို့ကို အောက်မေ့သတိရမိသလို … ။

“ဇာတိမာန်အစစ်ဆိုတာ ဆရာကြီးမင်းသုဝဏ်ရဲ့ ” စု၊ တု၊ ပြု” ဆိုတဲ့ စာပေသြဝါဒအတိုင်း၊ ဇာတိသားကောင်း အာဇာနည်ပုဂ္ဂိုလ်တို့ရဲ့ လုပ်ဆောင်ချက် အစဉ်အလာကောင်းများကို စုဆောင်း ဆည်းပူးလေ့လာ၊ သူတို့ကို တုပပြီး ကြိုးစားအားထုတ်၊ ပြီးရင် ကိုယ့်မူကိုယ့်ဟန်နဲ့ ဒေသဂုဏ်၊ နိုင်ငံဂုဏ်ကို ထွန်းပြောင်စေနိုင်တဲ့ အစဉ်အလာကောင်းအသစ်များနဲ့ မျိုးဆက်သစ်များကို စဉ်ဆက်မပြတ် လက်ဆင့်ကမ်းနိုင်အောင် လုပ်ကြဖို့ပါပဲ” ဆိုတဲ့ ဆရာသမားလို မိတ်ဆွေကြီးရဲ့ ဇာတိမာန် ဒဿန ကိုလည်း ပြေးပြီး သတိရလိုက်မိပါတယ်။

အဲ … “သတိရလိုက်မိတယ်” ဆိုတာထက် ဗိုလ်ချုပ်ကြောင့်ဖြစ်ပေါ်လာတဲ့ မိမိရဲ့ဇာတိမာန်ကို စစ်မှန်တဲ့လမ်းကြောင်းဆီရောက်အောင် အကြံပြုခဲ့ပြီး သူကိုယ်တိုင်လည်း ဗိုလ်ချုပ်ရဲ့ဂုဏ်ကျေးဇူးကို သိမှတ်လေးစားဖေါ်ရတဲ့ မိတ်ဆွေကြီးရဲ့စိတ်ထားဟာ ဗိုလ်ချုပ်ရဲ့ကျေးဇူးမဲ့ကို ပြောဆိုနေကြသူတွေ၊ ဗိုလ်ချုပ်ရဲ့ဂုဏ်ကျေးဇူးကို ချေဖျက်ဖို့ နည်းမျိုးစုံနဲ့ လုပ်ဆောင်နေကြသူတွေနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ “အော် … ငါ့မိတ်ဆွေကို အရတော်လိုက်လေ” လို့တွေးရင်း သူ့ကို ပိုပြီးကျေးဇူးတင်လိုက်မိတယ် ဆိုရင် ပိုမှန်ပါလိမ့်မယ်။

အစဉ်အလာကောင်းများကို ကြိုးစားချမှတ် အမွေပေးခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများနဲ့ သုဟဒ မိတ်ဆွေကြီးတို့ … နှစ်ဝနတ်နား ကြားသိကြပါစေ။

မျိုးဆက်သစ်တို့လည်း ဇာတိမာန်အစစ် ထားနိုင်ကြပါစေ။

( ၂ဝ၁၅ ခု၊ ဖေဖော်ဝါရီ ၁၃- ရက်နေ့တွင် ကျရောက်မည့် ဗိုလ်ချုပ်အောင်ဆန်း အနှစ်(၁ဝဝ)ပြည့် မွေးနေ့ ဂုဏ်ပြုအမှတ်တရ)

……………..    ……………..

(သရုပ်ဖော် ပန်းချီ သန်းဌေးမောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဓမ္မဘေရီ အရှင်ဝီရိယ (တောင်စွန်း), ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်