မင်းတာရာ – ကလေးငယ်များ နှင့် ကျွန်တော်တို့ တိုင်းပြည်

November 7, 2014

 

မင်းတာရာ – ကလေးငယ်များ နှင့် ကျွန်တော်တို့ တိုင်းပြည်

(မိုးမခ) နိုဝင်ဘာ ၇၊ ၂၀၁၄

မြန်မာနိုင်ငံရဲ့ ဇူလိုင်လထဲက နေသာလွန်းသည့် နေ့ တနေ့…။

ခွဲခွာခဲ့သည်မှာ အနှစ် နှစ်ဆယ်ကျော်နေပြီ ဖြစ်သော အမိမြေမွေးရပ်ဆီသို့ အလွမ်းပြေ သဘော ပြန်ရောက်ခဲ့သည်။

တိုးတက် ပြောင်းလဲနေသော ခြားနားချက်များကို ကိုယ်တိုင် ကိုယ်ပိုင် မျက်လုံး၊ နှလုံးသား၊ ခန္ဓာ နှင့် ထိတွေ ဆက်ဆံလေ့လာရန် ဟူသော မျော်လင့် ဆုံးဖြတ်ချက်များဖြင့်.ကျွန်တော်အလုပ် လုပ်ကိုင်ရာ Nishikawa Cooper LLC “Topeka” ကုမ္ပဏီ ထံတွင် ခွင့်ရက်ရှည် လျှောက်ယူပြီး ပြန်သွားခဲ့ခြင်း ဖြစ်သည်။

ပြောင်းလဲခြင်း မပြောင်းလဲခြင်းကိုမူ ကျွန်တော် ပြန်ပြောရန် နှုတ်ရေး မသွက်နိုင်ပါချေ။  သေချာသည်မှာ ရန်ကုန်မြို့ သည် မြို့တော် ရန်ကုန် ဖြစ်ခဲ့သည် ကိုမူ နားလည် မှတ်သားထားမိဖူးသည်။

ကျွန်တော့် သူငယ်ချင်း အငှားယာဉ်မောင်း ကားဆရာ နှင့်အတူ ရန်ကုန်မြို့တော် ၏ ကောင်းနိုးရာရာ နေရာများကို လည်ပတ်ခဲ့သည်။  များစွာသော လမ်းများ၊ ဈေးများ၊ စာသင်ကျောင်းများ၊ ဘုရား၊ ပုထိုး စေတီတော်များကို ချစ်သူငယ်ချင်း၏ ကျေးဇူးတော်ကြောင့် ရောက်ရောက် ပေါက်ပေါက် ရောက်ခဲ့လိုက်ရပါ၏။

လမ်းများမှာမူ ချိုင့်ခွက်များနှင့် ရင်းနီး ကျွမ်းဝင်နေသည်မှာ ကြာပြီထင့်၊ မျက်နာပြင်ထက်ပေါ်တွင် ပွရှုပ်နေသော အမှိုက်သရိုက် များစွာ၊ ကွမ်းတံထွေးများစွာ တို့ သည် လွန်စွာ ပျာ်ပါး နေရာ ယူထားကြလေသည်။  ရှုပ်ပွ ရောယှက်နေသော လမ်းဘေးဈေးသည်များနှင့် ပျံကျ ဈေးသည် ဟုဆိုနိုင်သော ခဏ ရောင်းပြီး ဟိုရွှေ့ ဒီရွှေ့ ဈေးသည် တချို့ သည် အများ သွားလာရန် ပြုလုပ်ထားဟန်ရှိသော သင့်ရာရာဖြင့် အပေါက်အကြားများကို ဖုံးအုပ်ထားသည့် လူသွား စင်္ကြန် လမ်း (Sidewalk) ပေါ်တွင်ပင်လျှင် လမ်းသွား ခရီးသည်များအား နဂါး တကောင်ဆီ က ခဏတာ ငှားရမ်း ယူသုံးထားသော မျက်လုံးနီများဖြင့် ရန်ထောင်နေကြသည်။

ကွေ့ကွေ့ကောက်ကောက် အချိင့်အဝှမ်းများတွင် ပါတီပွဲကျင်းပနေကြသော ကြွက်ကြီး ကြွက်ငယ်များ ပျော်ပါးနေကြသည်။  လွင့်စင် ပျံဝဲ ကျရောက် လာမည့် အရိုးအရင်း အသားစများအား မျှော်လင့် စောင့်စားနေကြသော ခွေးအမွေး အတောင်မစုံတော့သည့် ခွေး ကအစ စုံညီလှတဲ့ ပိုင်ရှင်မဲ့ ခွေးလေ ခွေးလွင့်များစွာတို့ သည်လည်း ဈေးဝယ်လိုသူများ၏ မြင်ကွင်း ခြေရင်းတွင် ရှုပ်ယှက်ခတ် စည်ကားလို့ နေသည်။

စာသင်ကျောင်းများတွင်မူ အများ ပြည်သူ သွားလာသော လမ်းများပေါ်၌ “ကား” အလှ အကောင်းပြိုင်ပွဲများ၊ ထမင်းချိုင့် အလှ အကြီး ပြိုင်ပွဲများ၊ အမျိုးကြီးကြောင်း ပြိုင်ပွဲများ၊ ဂုဏ်ဟု သတ်မှတ်ထားသော အကြောင်း အရာများစွာတို့ ကို လေထဲတွင် လွန်ဆွဲ ပြိုင်ပွဲ ကျင်းပနေကြသည်မို့ ကျွန်တော် စီးနင်းလိုက်ပါလာသော အငှား ကားလေးသည်ပင် တစ်နာရီနီးပါးခန့် ရပ်တန့် သကဲ့သို့ တရွေ့ရွေ့.ရွေ့လျား မောင်းနှင်ခဲ့ရသည်။  တွေ့ ရသည်မှာ အင်ဒီယားနား ပြည်နယ် ဖို့ဒ်ဝိန်းမြို့ မှာကဲ့သို့ ဝါဝါရှည်ရှည် Stop Sign အမှတ်အသား လက်တံပါသော ကျောင်းသူ ကျောင်သား ကြိုသည့် ကျောင်းကြိုကား မတွေ့ရခြင်းတခု။

ထူးဆန်းသော မြင်ကွင်းသည် ဘုရားများပေါ်တွင် ရှိနေ၏။

၎င်းမှာ ကျွန်တော်တို့ မြန်မာများ တိုကွဲဟိုက် များကို ဝတ်ဆင် မြန်မာ့ဘုရား မြန်မာ ဖူးမြော် ကြည်ညို နေကြခိုက် နိုင်ငံခြားသားများမှာ လုံခြုံသော ၄င်းတို့ ၏ အဝတ်အစားများ သို့တည်းမဟုတ် ကျန်ုပ်တို့၏ တိုင်းရင်းသားရိုးရာ ဝတ်စုံများကို လှပစွာ တမြတ်တနိုး ဝတ်ဆင်၍ မြန်မာ့ဘုရား ရုပ်ပွားတော် စေတီတော်များကို ဖူးမြော်ကြလေ၏။

ထားပါတော့၊ ပြောရပါမူ စာကြောင်းများ ရှည်ရသည်အံ့….။

ပြောချင်သော အကြောင်းအရာ သည်ကား ကျွန်တော် အင်းလေး အရပ်ဒေသသို့ သုတရလို၍နှင့် ဘုရားဖူးရန် ရောက်ခဲ့စဉ်က ဖြစ်ရပ်တခုပင် ဖြစ်သည်။

မြတ်စွာသော ဖောင်တော်ဦး ဘုရားကို ဖူးမြော် ကြည်ညို ရွှေသင်္ကန်း ကပ်လှူပြီးနောက် ပဲ့ချိတ် မောင်းဆရာရဲ့ လမ်းညွှန်မှုဖြင့် တခုသော ဘုရားရင်ပြင်သို့ ရောက်ပြီး ဈေးသည် ဈေးတန်း စုံညီသည် မို့ ခြောက်သွေ့ လာသော အာခေါင်ကို ပြေစွတ်ဖို့ အတွက် ကျွန်တော်က ဆိုင်တဆိုင်တွင် အုန်းသီးနု ဝယ်သောက်ရန် စိတ်ကြိုက်ရာ ရွေးယူ ပြောဆိုနေစဉ် ဖြစ်သည်။  ကျွန်တော် ၏ ဘောင်းဘီ (သျှမ်း ဘောင်းဘီ) အစအား ဆွဲခါ လှုပ်ရမ်း၍ “ဦးဦး မုန့်ဖိုးပေးပါ၊ မုန့် ဖိုးပေးပါ” ဟု တောင်းရမ်း နေကြသော ကလေးငယ် လေးငါးယောက်သည် ဘေးနား ဝိုင်းလည် နေကြ၏။

၎င်း ကလေးငယ် လေးများအား ကြည့်ရင်း ရင်တွင်းမှာ ဝမ်းနည်းရသည်၊ ဒေါသထွက် ရှက်လည်းရှက်မိသည်။  ရန်ကုန်ရှိစဉ်က သူငယ်ချင်း တယောက် ပြောခဲ့သည့် စကား နားထဲ ပြန်လည် ကြားယောင် လာမိတော့သည်။

မြန်မာ့ ပညာရေး စနစ် နှင့် မြန်မာပညာကို ထိုင်းနိုင်ငံလိုက အစ ဘယ်နေရာမှာမှ သုံးစားမရဖြစ်နေပုံ အကြောင်း၊ နိုင်ငံ ၏ စီးပွားရေး ချွတ်ခြုံကျမှု ဒဏ်မှာ မြန်မာ ကျောမွဲများ အလူးအလဲ ခံနေရပုံများ၊ နောက်ဆက်တွဲ မြန်မာ့ ကလေးများ (အနာဂတ် အရှင်သခင် နိုင်ငံရဲ့ ပဲ့ကိုင်ရှင် လောင်းလျာလေးများ) ၏  ကျန်းမာရေး၊ ပညာရေးမျာပါ နွမ်းပါး ချွတ်ခြုံကျခံနေကြရပုံများ ကြား သိခဲ့ရသည်။

နွမ်းပါးတဲ့ စီးပွားရေး ကမပြေလည် နိမ့်နည်း ကြသော်လည်း တချို့သော အိမ်ထောင်သည် များမှာမူ ကလေး မွေးထုတ်မှုမှာ မပျက်ကွက်ခဲ့ကြဟုလည်း သိရသည်။  ကလေးများမှာ ကျောင်းနေဖို့ဝေး ပညာရေးဆိုသည် အမှိုက်ပုံထဲ ကောင်းနိုးရာရာလေးများ ရှာဖွေရသော ပစ္စည်းလောက် တန်ဖိုးမထားတတ်ကြတော့ ဟုလည်း သူငယ်ချင်း က ရှင်းပြသည်။

ယနေ့ ပြည်တွင်း ကလေးတချို့ရဲ့ တန်ဖိုးသည် စားသောက်ဆိုင်၊ အရက်ဆိုင်တွေဆီ အလုပ် လုပ်သည့် ကလေး၏  ဝင်ငွေက မြန်မာငွေ တစ်ထောင်၊ နှစ်ထောင်။  ဈေးရောင်း ငွေရှာနိုင်သည့် ကလေးများ၏ ဝင်ငွေက သုံးထောင်အောက်။  အုတ်သယ် ပန်းရန် အလုပ်က နှစ်ထောင် နှစ်ထောင့်ငါးရာ။

ကလေးများသည် မိဘ၏ စီးပွားရေး ချူချာ မှုကြောင့် စာသင်ကျောင်းဝေးကုန်ကြရသည်။  ကလေးငယ်လေးများ သူတို့ အရွယ်နှင့် သူတို့  ကျပန်း အလုပ်တွေထဲ နစ်ဝင်နေကြရသည်ပေါ့။

“မုန့်ဖိုးပေးပါ၊ မုန့်ပေးခဲ့ပါ ဦးဦး” ဟု ထပ်မံ လှုပ်ရမ်း လိုက်သည့် ကလေး၏ အပြုအမူကြောင့် ရန်ကုန် ပြန်ရောက်နေသည့် ကျွန်တော်၏ အာရုံခံစိတ်များ သတိပြန်လည်လာတော့သည်။  ကလေးငယ်များ တောင်းပေသည့် ကျွန်တော် မပေးခဲ့ပါဘူး။ ကျွန်တော် ၏ စိတ်ထဲတွင်တော့ ကလေးများအတွက် မေးခွန်းလေးတခု ရှိနေပါသည်။

တိုင်းပြည်ကို အနာဂတ်ဆီ သယ်ဆောင်ပြီး မွမ်းမံ ပြင်ဆင် ခိုင်ခန့် အောင် ပုံသွင်း တည်ဆောက် ထိန်းသိမ်းကြမည့် အနာဂတ် ကြယ်ပွင့်လေးများဟာ ကလေးငယ်တွေ။  ဤကလေးငယ်လေးများ ခမျာ ပညာရေး ဗလာနှင့် တိုင်းပြည်ရဲ့ အနာဂတ် လူမျိုးစုတို့၏ ရှေ့ရေး မည်သို့ ရှေ့ဆက်မည်နည်း။

မျက်မှောက် အခြေနေမျိုးမှာတောင် သိပြီးကြသည့်အတိုင်း ကမ္ဘာအနှံ့ ပြန့် ကြဲသွားကြသည့် ရွှေမြန်မာအများစုမှာ အခြေခံအလုပ်သမားဘဝ၊ အိမ်ကျွန်ဘဝများနှင့်သာ အနိမ်ခံဘဝများကို ပိုင်ဆိုင်လျက် အသက်ရှင်သန် လှုပ်ရှားနေကြရသည်လေ။

ကျွန်တော်တို့ တိုင်းပြည်နှင့် များစွာ မဝေးလှသော ထိုင်းနိုင်ငံမှ ကလေးငယ်များမှာမူ ခရီးဆောင် ကွန်ပျူတာ Latop နှင့် ကမ္ဘာပတ်နေချိန် မြန်မာကလေး အများစုမှာမူ ကွန်ပျူတာ အငှားဆိုင်များတွင် အလှည့်ကြ တန်းစီ တိုးဝှေ့နေကြရသည်။ အငှားဆိုင် ဆိုသော်ငြားလည်း တော်ရုံ ကျပန်း အလုပ်သမား ကလေးငယ်များ မပါဝင်နိုင်ချေ။

မိသားစု စားဝတ်နေရေး မပြေလည် တနေ့တာ ဝင်ငွေ နည်းပါးမှုကြောင့် မသေရုံ ထမင်းဟင်းကို လွေး နေရရှာသော ပညာမဲ့ လူတန်းစား ကလေးငယ်နှင့် လူငယ် လူကြီးက ကျွန်တော်တို့ နိုင်ငံလူဦးရေ၏ သန်းပေါင်းများစွာတွင် ပါဝင်နေပေသည်။

ထို သန်းပေါင်းများစွာသော လူတန်းစားများ၏ အနာဂတ် ခရီး သာယာ လှပဖို့ အဘယ်သို့သော အဖွဲ့အစည်းများ က ကူညီသည် ဖြစ်စေ ထို အနာဂတ်မဲ့ ခရီးသည်များကို အကုန် လွတ်ကင်း သာယာလာစေရန် မစွမ်းဆောင်နိုင်ပါချေ။  ထိုကလေးငယ်များ၏ ဘဝ လိုအပ်ချက်များကို အစိုး နှင့် တိုင်းပြည်ခေါင်းဆောင်များ မှ လွဲ၍ အဘယ်သော သူမှ မြှင့်တင် တည့်မတ်မပေးနိုင်ပါချေ။

အတိတ် နေ့စွဲများလည်း ပျောက်ရှ၊ အနာဂတ်ကိုလည်းမျှော်မကြည့်ရဲကြ၊ ပစ္စုပ္ပန်တည့်တည့်

တနေ့တာ အသက် ရှင်ခွင့်အတွက် ရုန်းကန် လူပ်ရှားနေကြရလျက် ဘဝပျောက်နေရှာသော နိုင်ငံ၏ ရတနာလေးများ တဖြည်းဖြည်း ကြွေလွင့် ပျောက်ရှနေပုံများကို အနှေး ရုပ်ရှင်ပြကွက် ထဲမှာသကဲ့သို့ ရင်နင့်စွာ မြင်တွေ့နေရသည်မို့ ဖြေမဆည်နိုင်သော ရင်မော နွမ်းလျလွန်းစွာဖြင့် ခွန်အားများကုန်ဆုံး

ခံစားနေရသည်။  နွေရာသီ၏ အပူရင့်ရင့်တွေက ရင်မှာ စူးအစ်အစ် ကူးစက်ခံစားလျက်…။

အုန်းသီးနု ဝယ်ယူ စားသောက်ရာ ကျွန်းလေးဆီမှ ပြန်ခါနီးတွင် ကျွန်တော် တွေ့ခဲ့သော ကလေးငယ်လေးအား ရှာဖွေ၍ မေးမြန်းကြည့်ခဲ့သည်။  ကလေးငယ် ပြောပြသောစကားမှာ. “မေမေက သားမုန့်ဖိုး တနေကုန် လိုက်တောင်းတာ နှစ်ထောင်မရရင် ဆူတယ်၊ အမေ့ ယောက်ျားက သားကိုရိုက်တယ်” ဟု ဆိုသည်။

ထိုကလေးငယ်မျိုး အများအပြား ကျွန်တော်တိုနိုင်ငံ၏ နေရာအနံ့အပြားတွင် မည်မျှ များပြား စီးဝင်နေမည်နည်း။  ထို့ထက် ဆိုးသည်မှာ အိမ်ခြေယာခြေမဲ့ ကလေးငယ်များကို ပဒေသရာဇ်အရှင်ကဲ့သို့ ခိုင်းစား ခေါင်းပုံဖြတ်သူတွေကလည်း ဒုနှင့်ဒေးနှင့်။  ကလေးငယ် တစ်ယောက်ကို မွေးကင်းစမှသည် လေးငါးနှစ်ရွယ်ကလေး ငယ်များ အထိ တောင်းရမ်းစားသောက်ရန် ငှားရမ်းနေသော မိဘများကလည်း တစ်ပုံတစ်ပင်။  ထိုမိဘများသည် မည်ကဲ့သို့ သော အဖေ၊ အမေများ ဟု မူ မမေးမြန်းမိခဲ့ပါ။

တိုင်းပြည် ကလည်း ဘက်စုံ ချို့ယွင်းနေ မှုများကို မျက်ကွယ်ပြု၍ လူတစ်စု ကောင်းစားရေး အလေးသာနေချိန်မှာ တိုင်းပြည် အညွန့် အဖူးလေးများ ကတော့ တစ်ဝမ်းတစ်ခါးအတွက် ရုန်းကန်ရင်း ဘဝ စာမျက်နှာသစ်ဖွင့်ရန် ဝေးလေစွ၊ စာမျက်နှာဟောင်းတစ်ရွက် စုတ်ပြဲ မသွားဖိုအရေး ကြိုးစား ပညာနှင့် ငွေကြေး အလေးထိုး ကြချိန်ဝယ် လက်တွေ့ ဝမ်းဖြည့်နိုင်သော ငွေတစ်စ အတွက် အနာဂတ်တွေ မှုန်ဝါးနေရင်း… …။

အနာဂတ် တိုင်းပြည် ရဲ့ ပဲ့ကိုင်ရှင် လောင်းလျာလေးများ စာတတ် ပညာတတ် အသိဗဟုသုတ ကြွယ်ဝ မြင့်မြတ်သူများဖြစ်စေရန် ရည်ရွယ် စာသင်ကျောင်းများဆီ ဆွဲထည့် ပံ့ပိုး ထောက်ပံ့ရေး ဆွေးနွးကြမလား၊ သွေးအေးကြမလား၊ အားပေးကြမလား၊ ဘေးနားထားကြမလား။

လား… လား.. လားပေါင်းများစွာဖြင့်… … …။

မင်းတာရာ
photo – Aung Htet

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်