fbpx

ဒေါက်တာဓမ္မပိယ (ITBMU) – အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်သေးပါ

November 11, 2014

ဒေါက်တာဓမ္မပိယ (ITBMU)  – အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်သေးပါ
(မိုးမခ) နိုဝင်ဘာ ၁၁၊ ၂၀၁၄

အောက်တိုဘာလ (၃၁) နေ့က ထွက်ပေါ်လာတဲ့ သတင်းကြောင့် မြန်မာအရေးကို စိတ်ဝင်စားသူ တို့အကြား ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်။ ထိုသတင်းက “ကြီး ၄ကြီး” သို့မဟုတ် “ကြီး ၉ ကြီး” သို့မဟုတ် “ထိပ်သီး ၁၄ ဦး” နေပြည်တော်မှာ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်း။ ထိုသတင်းကြောင့် ၀မ်းသာသူတွေရှိသလို ၀မ်းမသာနိုင်သူတွေလည်း ရှိနေခဲ့တယ်။ ̏ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာ̋ ဆိုတဲ့ သီအိုရီသုံးခုကို ပြည်သူ တွေ ခွဲခြားနားလည်စွာ လက်မခံနိုင်သရွေ့ တိုင်းရေး၊ ပြည်ရေးအတွက် ၀မ်းနည်းစရာတွေဆိုတာ ဆက်လက် တည်ရှိနေမှာဖြစ်တယ်။

လောကသဘောအရ အရာခပ်သိမ်း လူတိုင်းအမြင်တူဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်တာ။ ဒီတော့ လောက ထဲမှာ နေသူတွေဟာ ပေါ့ဆစ်တစ်ပ် အက်တိကျု (possitvie attitude) အပြုသဘောဆောင်တဲ့ စိတ်နေ စိတ်ထား၊ နက်ဂေတစ်ဗ် အက်တိကျု (negative attitude) ဆန့်ကျင်ဘက်သဘောဆောင်တဲ့ စိတ်နေ စိတ်ထားမျိုးတွေဆိုတာ  အမြင်မတူသူတို့ရဲ့အကြားမှာ အမြဲတမ်း ရှင်သန်နေမှာဖြစ်တယ်။

ဘ၀တစ်ခုမှာ ဖြစ်ချင်တာတွေက အများကြီး။ ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေကို လေ့လာသုံးသပ် သူက အချိုးအစားအရ နည်းပါးပေလိမ့်မယ်။ ဖြစ်ချင်တာတွေက သိပ်များနေပြီး၊ ဖြစ်သင့်တာတွေက သိပ်နည်း နေမည်ဆိုရင်၊ သို့မဟုတ် ဖြစ်သင့်တာတွေရှိနေပါလျှက် ဖြစ်နေတဲ့အခြေအနေတွေက သိပ်ကိုနည်းပါးနေတယ် ဆိုလျှင် တွက်ပေါ်လာတဲ့ ရင်တွင်းစကားတွေဟာ မသက်မသာ ဖြစ်နေတတ်ကြခြင်းပါ။  ဖြစ်သင့်ပါလျှက် ဖြစ်မလာနိုင်ကောင်းလားလို့ အပြစ်တင်မိတတ်တာမျိုးတွေလဲ စာရေးသူရဲ့ဘ၀မှာ ကြုံခဲ့ဖူးပါတယ်။ သူများတွေ လည်း ဒီလိုပဲ ဖြစ်မှာပဲလို့ သုံးသပ်ဆင်ခြင်မိတယ်။

ရှုပ်ထွေးလှတဲ့ နိုင်ငံရေးနယ်ပယ်မှာ ဒီဥပမာလေးကိုစံပြုပြီး ပြောချင်တယ်။ သိပ်ကိုယိုယွင်းနေတဲ့ အဆောက်အဦးကြီးတစ်ခုကို အခွင့်အခါသင့်လို့ ပြန်လည်ပြုပြင်လိုကြတဲ့အခါ အသစ်ဆောက်တာလောက် မလွယ်ဘူးလို့ အမြင်ရှိသူတွေ ရှိနေသလို၊ တန်းဖိုးကြီးတဲ့ ရှေးဟောင်းအဆောက်အဦးကြီးမို့ ဒီအဆောက် အဦးကြီးကို ခေတ်သစ်ယန္တယားတွေကို အသုံးပြုပြီး ပြန်လည်ပြုပြင်လိုတဲ့ စိတ်ရှိသူတွေကလည်း ရှိနေပြန် တယ်။ အကယ်၍သာ အဆောက်အဦဟောင်းကြီးကို ပြန်လည်ပြုပြင်နိုင်အောင် အတူတကွ ကြိုးစားကြမယ် ဆိုလျှင်တော့ ဆေ့ဖတီး ဖတ်စ် (safety first)  ̏ဘေးကင်းလုံခြုံဖို့က ပထမ̋ ဆိုတဲ့သီအိုရီအတိုင်း ဘေးကင်း လုံခြုံအောင် စဉ်းစားကြရမယ်။ တကယ်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်ကြီးဟာ အနှစ်ငါးဆယ်ကျော်ရှိ နေပြီဖြစ်တဲ့ အိမ်အိုကြီးတစ်လုံးနှင့် အလားတူနေတယ် … ။

ကြမ်းကြမ်းတမ်းတမ်း ရိုက်ထုပြီး ပြုပြင်ကြမယ်ဆိုရင်လည်း ဒီအိမ်အိုကြီးက ပြိုကျသွားနိုင်တယ်။ မပြင်ဘဲ ပစ်ထားကြမယ်ဆိုပြန်ရင်လည်း လေဒဏ်မိုးဒဏ်တွေကြောင့် ဒီအိမ်အိုကြီးဟာ ပြိုကျသွားနိုင်တဲ့ အနေ အထားမျိုးမှာ ရှိနေပြန်တယ်။ ဒီလိုအခြေအနေများရှိနေတာကြောင့် ဒီအိမ်အိုကြီးကို ပြုပြင်လိုသူတို့အတွက် သတိကြီးစွာထား၍ ဘယ်အပိုင်းက စပြင်ကြမယ်၊ သို့မဟုတ် ဘယ်လိုနည်းနှင့် စပြင်ကြမယ်ဆိုတာကို စဉ်းစားနိုင်ဖို့ လိုလာတယ်။

ယနေ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ စိန်ခေါ်မှုတွေနှင့် ရှုပ်ထွေးနေဆဲဖြစ်တယ်။ “ကြီး ၄ကြီး” သို့မဟုတ် “ထိပ်သီး ၁၄ ဦး” နေပြည်တော်မှာ တွေ့ဆုံခဲ့တဲ့သတင်းနှင့် ပတ်သက်၍ ပတ်ဘလစ် ဗွိုင့်စ် (Public Voice) ပြည်သူ့အသံတွေ များစွာထွက်ပေါ်လာခဲ့တယ်။ ဒီတွေ့ဆုံမှုဟာ အမေရိကန် သမ္မတကြီး အိုဘားမား နိုင်ဝင်ဘာလမှာ မြန်မာနိုင်ငံကို လာမှာမို့ အဖာအထေးသဘောမျိုးနဲ့ ပြုလုပ်ပြတာလို့ အမြင်ရှိနေသူတွေ လည်းရှိတယ်။  အာဆီယံအစည်းအဝေးကြီး နီးလာလို့ နိုင်ငံရေးထွက်ပေါက်ရှာတဲ့အနေနှင့် ဖေါ်ရှိုး (for show) လုပ်ပြတာ ဖြစ်တယ်လို့ ရေးသူ၊ ပြောသူတွေလည်း ရှိလာတယ်။

နိုင်ငံရေးသီအိုရီဆိုတာ ရှုပ်ထွေးလှတာမို့ ဒီနေရာမှာ အိမ်ဟောင်းပြင်သီအိုရီကို သတိရမိတယ်။ ဒီအိမ် အိုကြီးကို စုပေါင်းပြီး ပြင်ကြမလား၊ သို့မဟုတ် စုပေါင်းပြီး ဖျက်ကြမလားလို့ တွေးမိတယ်။ အကယ်၍ အိမ်အိုကြီးကို စုပေါင်းပြင်လိုသူတို့ရဲ့ မဲဆန္ဒက များနေမယ်ဆိုရင် နောက်တစ်ဆင့်တက်ပြီး စဉ်းစားသင့်တာက ဖြစ်နိုင်ခြေနှင့် ဖြစ်နိုင်တာကို သုံးသပ်ဆင်ခြင်နိုင်ကြဖို့လိုတယ်။ အကယ်၍ ဒီအိမ်အိုကြီးကို မပြင်ပဲနှင့် စုပေါင်းပြီး ဖျက်မယ်ဆိုတဲ့ဖက်က မဲဆန္ဒက များနေမယ်ဆိုရင်လည်း ကျရောက်လာနိုင်တဲ့ အခက်အခဲတွေ၊ သို့မဟုတ် အန္တရာယ်တွေကို ကြိုတင်တွက်ဆပြီးမှ ဖျက်ကြဖို့ လိုအပ်လာတယ်။ နိုင်ငံရေးဆိုတာ ရှုပ်ထွေးတတ်တာမို့ ပြည်သူတွေရဲ့ အသိတရားတွေ မရှုပ်ထွေးဖို့ လိုအပ်တယ်။

စာရေးသူအမြင်ကတော့ ယခုလက်ရှိ နိုင်ငံရေးဖြစ်စဉ်ဟာ အကောင်းကြီးမဟုတ်လှပေမဲ့ အဆိုးကြီး မဟုတ်သေးဘူးလို့ မြင်မိတယ်။ ဘာကြောင့်လဲဆိုရင် ပြည်သူ၊ ပြည်သားတွေဖက်မှာ ပါတီအောင်နိုင်ရေးကို ကြိုးစားနေသူတွေရှိနေသလို၊ လက်ရှိနိုင်ငံကို ဦးဆောင်နေတဲ့ ပါတီဖက်ကလည်း ၂၀၁၅-ခုနှစ် ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုးဖြစ်အောင် ဆောင်ရွက်မယ်လို့ ပြောဆိုထားကြတယ်။ အဖြစ် သင့်ဆုံးအရာကတော့ ပြည်သူ၊ ပြည်သားတွေဟာ ပါတီစွဲမထားပဲ နယ်ပယ်အသီးသီး၊ ဒေသအသီးသီးမှာ တိုင်းပြည်နှင့်လူမျိုးအတွက် အရည်အချင်းရှိပြီး၊ ပေးဆပ်နိုင်စွမ်း၊ စွမ်းဆောင်နိုင်စွမ်းရှိတဲ့ အမတ်လောင်းများကို ရွေးချယ်တင်မြောက်နိုင်ဖို့ လိုအပ်တယ်။ ဒါဟာ တိုင်းပြည်အတွက် အရေးကြီးသလို၊ ပြည်သူ၊ ပြည်သားတွေ အတွက်လည်း အရေးကြီးတဲ့ အချက်တစ်ခုဖြစ်တယ်။

ယခုလက်ရှိကမ္ဘာကို လှမ်းမျှော်၍ ရှုမြင်သုံးသပ်ကြည့်လျှင် တိုင်းပြည်တိုင်းရဲ့ လုံခြုံရေးဟာ မည်၍မည်မျှ အရေးကြီးနေကြောင်း တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း သိနားလည်ထားကြတယ်။ ဒီအစ်ရှုးတွေ ရှိနေတာ ကြောင့် ကိုယ့်တိုင်း၊ ကိုယ့်ပြည်ကိုလည်း ပြန်လည်သုံးသပ်ကြည့်မိတယ်။ တိုင်းပြည်တွင်းမှာ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေမှာ တစ်စတစ်စ ကြီးထွားလာနေတဲ့ လုယက်မှုအန္တရာယ်တွေ၊ တစ်နေ့တစ်ခြား ဆိုးဝါးလာတဲ့ မူးယစ်ဆေးဝါးအန္တရာယ်တွေ၊ မြန်မာနိုင်ငံကို ဂျီဟဒ်လုပ်မယ်လို့ တရားဝင်ကြေညာထား တာကြောင့် မမြင်နိုင်ဘဲ အချိန်မရွေး ကျရောက်လာနိုင်တဲ့ အယ်လ်ကိုက်ဒါ၊ အိုင်အက်စ် (IS) စသည့် အစွန်းရောက်သမားများရဲ့ အန္တရာယ်မျိုးတွေ ဒါတွေကလည်း ရှိနေပြန်တယ်။ ပြည်သူတွေရဲ့ ခံယူချက်ကြောင့် နိုင်ငံရေးလှုပ်ရှားမှုတွေဟာ ထိမ်းမနိုင်၊ သိမ်းမရ အခြေအနေမျိုးတွေ တစ်ဖန် ပြန်ဖြစ်လာခဲ့ရင် နောက်ကြောင်း ပြန်လှည့်နိုင်တဲ့ အန္တရာယ်တွေ၊ ဒီလိုစိန်ခေါ်မှုမျိုးတွေကလည်း  တိုင်းပြည်တွင်းမှာ ရှိနေတယ်။

ဒါတွေ၊ ဒါမျိုးတွေ၊ ဒီလိုအကြောင်းမျိုးတွေ ရှိနေတာကြောင့် တိုင်းပြည်တွင်းမှာရှိနေတဲ့ ပြည်သူ၊ ပြည်သားတွေဟာ အိမ်အိုကြီးကို အတူပူပေါင်း၍ ပြုပြင်လိုကြတယ်ဆိုရင် မိမိပြုလုပ်လိုတဲ့ အရာခပ်သိမ်း အတွက် ဆေ့ဖ်တီး ဖတ်စ် (Safety First) ဆိုတဲ့ သီအိုရီလေးကို အမြဲတမ်း အမှတ်ရနေသင့်တယ်။

သူ့အမြင်၊ ကိုယ့်အမြင်တွေဆိုတာ လူတွေရှိနေသ၍ ကွဲလွဲမှုတွေဟာလည်း ဆက်လက်တည်ရှိနေမှာ ဖြစ်တယ်။ အမြင်ကိုတင်ပြရမှာ ပြောတတ်သူ၊ သို့မဟုတ် ရေးတတ်သူ၊ သို့မဟုတ် လက်ရှိအာဏာရှိနေသူ များဟာ သူ့အမြင်၊ ကိုယ့်အမြင်ကို တင်ပြရာမှာ အများပြည်သူ၊ ပြည်သားတွေထက် ပြောဖို့အခွင့်အလမ်းက အမြဲတမ်း အားသာနေတဲ့သဘောမှာ ရှိနေတယ်။ ဒါကလည်း လောကဓမ္မတာတစ်ခုလို့ ပြောရမှာပဲ။ မပြောရဲလို့ မပြောတာ။ မပြောတတ်လို့ မပြောတာ၊ ပြောတတ်ပါလျှက်နှင့် မပြောချင်တာ၊ ဒီလိုအနေအထားလေးတွေက လည်း ရှိနေတာကြောင့် ပြည်သူ၊ ပြည်သားတွေရဲ့ဘ၀ဟာ ဆိတ်ဆိတ်နေလိုတဲ့ တေမိမင်းသားလေးလို ဖြစ်နေတတ်ကြပြန်တယ်။

ပြောဆိုခွင့်နှင့် ပြောပိုင်ခွင့်ဆိုတာ လူတိုင်းလူတိုင်းမှာ ရှိတယ်လို့ သီအိုရီတွေက ဆိုထားပေမဲ့ ကိုယ်ပြောချင်တာကို ပြောခွင့်မရသူတွေ၊ ကိုယ်ရေးချင်တာကို ရေးခွင့်မရသူတွေ၊ မပြောတတ်၊ မရေးတတ်လို့ ပြောခွင့်၊ ရေးခွင့်မရသူတွေ မြန်မာပြည်မှာ များနေသေးတယ်။ ပြောခွင့်သာသူတွေထဲက အချို့ကလည်း မိမိပြောနိုင်တဲ့ ဘောင်စည်းကို ကျော်ပြီး ပြောနေသူတွေလည်း များစွာရှိနေပြန်တယ်။

လူတစ်ယောက်ရဲ့ ပြောချင်နေတဲ့ဆန္ဒကို ပြောချင်တိုင်းပြောလို့ ရနိုင်တဲ့နေရာ ဒီကမ္ဘာမှာ ရှိမည် မဟုတ်ပါ။ စကားကို ထိန်းထိန်းသိမ်းသိမ်းတော့ ပြောကြရမှာဖြစ်တယ်။ ဒါကို အက်သစ်စ် (Ethics) ပြည်သူနီတိလို့ ပြောနိုင်တယ်။ ယုတ်စွအဆုံး အရာအရာတိုင်းကို လွတ်လပ်ခွင့်ရှိရမယ်လို့ အထင် ရောက်နေကြတဲ့ ပုဂ္ဂိုလ်များ၊ သတင်းသမားများ၊ မီဒီယာသမားများဟာ မီဒီယာအက်သစ်ခ် (media ethics) မီဒီယာကျင့်ဝတ်ကိုတော့ လေးစားလိုက်နာကြရမှာဖြစ်တယ်။ အများပြည်သူတွေဖတ်တဲ့ သတင်းစာတွေ၊ ဂျာနယ်တွေမှာ ရိုင်းပြတဲ့စကားလုံးတွေနှင့် ရေးသားခြင်းမျိုးတွေ၊ တိုက်ခိုက်ခြင်းမျိုးတွေ၊ ဂါရ၀ကင်းမဲ့တဲ့ စကားအသုံးအနှုန်းတွေကို သုံးနှုန်းရေးသားခြင်းမျိုးတွေဟာ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို စော်ကားသလို ဖြစ်နေတတ်တတ်တယ်။ ဒါ့ကြောင့် စာပေရေးသားရာမှာ အရေးအသားဟာ အရေးကြီးသလို၊ စကားအသုံး အနှုံးကို သုံးနှုန်းရာမှာလည်း အရေးကြီးတယ်။

ယဉ်ကျေးပြီးတဲ့ လူမျိုးဟာ ယဉ်ကျေးတဲ့စကားကို ပြောရမှာကို ၀န်မလေးတတ်ကြပါ။ ထို့ကြောင့် ထိုယဉ်ကျေးပြီးတဲ့ လူမျိုးများဟာ စကားပြောရာမှာ သဘာဝအားဖြင့် ချိုသာခြင်း၊ လေးစားထိုက်သူကို လေးစားခြင်း၊ မထေမဲ့မြင် ပြုတာကို ရှက်နိုးခြင်းစတဲ့ ဒီအရည်အသွေးများနှင့် ပြည့်ဝနေတတ်တယ်။ VOA အင်တာဗျူးတစ်ခုမှာ အမေရိကန် သံအမတ်ကြီး ဒဲရစ် မစ်ချဲ (Derek Mitchell) ကို VOA သတင်းဌာနမှ ဒေါ်ခင်စိုးဝင်းက မေးခွန်းတစ်ခုကို မေးရာမှာ ပြန်ဖြေပုံလေးကို သတိပြုမိခြင်းပါ။ ̏သံအမတ်ကြီးရှင့် … သံအမတ်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ အထူးအာဏာကုန် လွဲအပ်ခံရတဲ့ သံအမတ်ကြီးဖြစ်နေတော့  သမ္မတကြီး အိုဘားမား မြန်မာပြည်အလည်မရောက်ခင် မြန်မာနိုင်ငံရဲ့ အရေးနှင့်ပတ်သက်ပြီး ဘယ်လိုအကြံ ဥာဏ်များ ပေးလိုပါသလဲလို့မေးတဲ့အခါ – ̏ ၀ဲလ် … ကျွန်တော်အနေအထားနှင့် သမ္မတကြီးကို အကြံပေးနိုင်တဲ့ အနေအထားမျိုးနဲ့ အကြံပေးပိုင်ခွင့်မရှိပါဘူး။ သမ္မတကြီးက ပြောစရာရှိတာ၊ ဆုံးဖြတ်စရာရှိတာကို သူကိုယ် တိုင် နိုင်ငံရဲ့အခြေအနေကို လေ့လာပြီး သူကိုယ်တိုင်ပဲ ဆုံးဖြတ်မှာပါ̋တဲ့။ (well, I don’t talk about whatever recommend to my president;  my president would make his own decision.) သူ့နိုင်ငံရဲ့ သမ္မတကြီးကို သူရဲ့လေးစားပုံလေးက မြတ်နိုးဖို့ကောင်းတယ်။

ယဉ်ကျေးမှုရှိတယ်လို့ ဆိုရမှာပါ။ သူ့နိုင်ငံ၊ သူ့သမ္မတကို မည်၍မည်မျှ လေးစားမှုရှိကြောင်း သူစကား ဖြင့် ထင်ဟပ်ပေါ်လွင်စေခြင်းပါ။ ယဉ်ကျေးတဲ့လူဆိုတာ သူ့ရာထူး၊ သူ့အဆင့်အတန်း၊ သူ့အသက်အရွယ်ကို လေးစားတတ်ကြခြင်းပါ။ ဆဲရေးတာ၊ ညစ်ညမ်းတဲ့စကားတွေနဲ့ ရေးသားပြောဆိုခြင်းဟာ ကိုယ့်အဆင့် အတန်းကို ကိုယ်တိုင် ဖေါ်ပြနေသလို ဖြစ်နေတတ်တယ်။

မြန်မာ့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးနှင့် စပ်လျဉ်းပြီး အားမလို၊ အားမရဖြစ်နေကြတဲ့ မြန်မာပြည်သူ၊ ပြည်သားမျးအတွက် VOA သတင်းဌာနမှ ဒေါ်ခင်စိုးဝင်း၏ ̏မြန်မာ့နိုင်ငံရေး တိုးတက်မှု၊ ဆုတ်ယုတ်မှု အခြေအနေများကို မေးမြန်းတဲ့အခါ အမေရိကန်သံအမတ်ကြီး ဖြေကြားသွားတာက – ̏(တိုင်းရင်းသားများနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့အတွက်) ဒီလုပ်ငန်းစဉ်ကို စခဲ့တာ အတော်လေးကို ကြာပါပြီ။ ၆၅-နှစ်ကြာ ပြည်တွင်းစစ်ကို ညှိနိုင်းနေရတာဖြစ်လေတော့ လူတိုင်းစိတ်ရှည် သည်းခံကြဖို့တော့လိုပါတယ်။ တုန့်နှေးတဲ့အကြောင်းရင်းက အများစုက ယုံကြည်မှု မရှိကြလိုပါဘဲ။ နိုင်ငံတ၀ှမ်းလုံးက ငြိမ်းချမ်းရေးကို တောင်းတနေကြတယ်။ သက်ဆိုင်သူတွေအားလုံး စာပွဲဝိုင်းမှာ ထိုင်ပြီးတော့ စိုးရိမ်းမကင်းဖြစ်တာတွေ၊ အထိ အခိုက်မခံနိုင်တာတွေကို အပြန်အလှန် နားလည်သဘောပေါက်အောင် ဆွေးနွေးညှိနိုင်း အဖြေရှာကြဖို့ အရေးကြီးပါတယ်။̋

သူဆက်ပြောတာက – ̏နိုင်ငံတ၀ှမ်းလုံးက ငြိမ်းချမ်းရေးကို အလွန်အမင်း တောင်းတနေကြတယ်လို့ ယူဆပါတယ်။ ပြည်သူတွေ ဒုက္ခရောက်နေကြတဲ့အတွက် အစိုးရနှင့် စစ်တပ်ကပါ ငြိမ်းချမ်ေးရးကို လိုလား တယ်လို့ သုံးသပ်မိပါတယ်။ ဒါပေမဲ့ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု မရှိကြတာတွေကိုလည်း တွေနေ့ရပါတယ်။ တကယ်လက်တွေ့မှာတော့ မငြိမ်းချမ်းနိုင်သေးပါဘူး။ ၁၉၉၄-ခုနှစ်က လက်မှတ်ရေးထိုးခဲ့ဖူးတဲ့ အပြစ်အခတ်  ငြိမ်ချမ်းရေးသဘောတူစာချုပ်ကို ဖေါက်ပျက်ခဲ့တဲ့ သာဓကတွေကြောင့်လည်း ယုံကြည်မှုကင်းမဲ့တဲ့ သဘော သက်ရောက်နေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် သက်ဆိုင်သူတွေအားလုံး (နှစ်ဖက်စလုံး) အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှုတည်ဆောက်ကြဖို့ အရေးကြီးပါတယ်̋လို့ အလေးအနက်ထား၍ ပြောကြားသွားတယ်။ သူ့သဘောထားအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားသွားတဲ့ သံအမတ်ကြီးကို ကျေးဇူးတင်မိခြင်းပါ။

ယုံကြည်မှုတည်ဆောက်ဖို့ဆိုတာ တစ်ကြိမ်တစ်ခါ တွေ့ကြရုံနဲ့တော့၊ စားပွဲဝိုင်းမှာ တစ်ကြိမ်တစ်ခါ အတူတကွ ထိုင်ကြရုံနဲ့တော့ တိုင်းပြည်ရဲ့အတွင်းရေးတွေကို သူ့ဖက်ကိုယ်ဖက် ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြ ဦးမည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် … ။ သို့သော် ခေါင်းဆောင်များရဲ့ တွေ့ဆုံမှုသည် ပြည်သူတွေ မျှော်လင့်ထားသလို အကောင်းကြီးမဟုတ်ပေမဲ့ အဆိုးကြီးမဟုတ်သေးပါဟု ထပ်လောင်းပြောကြားလိုခြင်းပါ။ နောက်တစ်ကြိမ် သူတို့တတွေ ထပ်မံတွေ့ဆုံကြတဲ့အခါ ပြည်သူ၊ ပြည်သားတွေ မျှော်လင့်ထားသလို ̏ဖြစ်သင့်တာတွေ၊ ဖြစ်နိုင်တာတွေ၊ ဖြစ်ချင်တာတွေ̋ အားလုံးနီးနီး ဖြစ်နိုင်ကြပါစေလို့ ဆုမွန်များချွေလျှက် ပြည်သူများနှင့်အတူ မျှော်လင့်နေလျှက်ပါ။  ချမ်းသာစွာ အိပ်စက်နိုင်ကြပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ဒေါက်တာဓမ္မပီယ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)