ညိုထွန်းလူ – အပြန်ခက်ခက်

November 17, 2014

ညိုထွန်းလူ – အပြန်ခက်ခက်
(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၄

ဖေ့(စ်)ဘွတ်ခ် ဆိုသည့် လူမှုကွန်ရက်မှာ ရွာကထိန်ပွဲ အကြောင်း တွေ့လိုက်ရ၍ ကြည်နူး ပျော်ရွှင်သွားရင်း ချက်ချင်း ဆိုသလို Like လုပ်လိုက်မိသည်။  သတင်း ဆက်သွယ်ရေး နည်းပညာ မြန်ဆန်ဖွံ့ဖြိုးလာပြီး ဖေ့(စ်)ဘွတ်ခ် ပေါ်လာတာ တော်တော် ဟန်ကျသည်။  ရပ်ဝေးမှာ ရှိကြသည့် မိတ်ဆွေများ နှင့် သည် ကွန်ရပ်မှာ ဆုံသည်။  မိတ်ဆွေသစ်တွေလည်း တိုးပွားသည်။  သူတို့ တတွေနှင့် အတူ ကွန်ရက်ထဲမှာ ဆုံတွေ့ကြရင်း ပျှော်ရွှင်မှုတွေ အလွမ်းတွေ မျှဝေ ခံစားကြ၊ သဘောထား အမြင်တွေ၊ ယုံကြည်မှုတွေ ဆွေးနွေးကြ၊ စိတ်ရွှင်လန်း ချမ်းမြေ့စရာပင်။

ကျွန်တော် ဖေ့(စ်)ဘွတ်ခ် နှင့် ရင်းနှီးနေတာ တစ်နှစ် နီးပါး ရှိနေပြီ ဖြစ်သော်လည်း သင်ပုန်းကြီး အဆင့်မှာပင် ‘တစ်’ နေသည်။  Like လုပ်တတ်ရုံ၊ Comment ပေးတတ်ရုံ၊ သည်လောက်ပါပဲ။  ကိုယ့် စာမူတွေကို ရပ်ဝေးရှိ မဂ္ဂဇင်းတွေမှာ ပို့ဖို့၊ သူတို့ ပို့သည့် စာတွေကို ဖိုင် ဖွင့်ပြီး ဖတ်ဖို့ …  သည်လိုမျိုး ကြုံလာလျှင် ကျွန်တော် ချွေးပျံသွားပြီ။  ဘာမှ မလုပ်တတ်။  မျောက် အုန်းသီး ရသလို ဖြစ်နေသည့် ကျွန်တော်။  သည်တော့ ကိုယ့်ဆီ ရောက်လာသည့် စာတွေ၊ ဓာတ်ပုံတွေ၊ ကိုယ် က ပို့ချင်တာတွေ ကို ကိုယ့်တပည့်တွေ ရောက်တုန်း ရောက်ခိုက် ဟဲ့ ဒါလေး ထုတ်ပေးစမ်းပါဦး၊ ဒီဟာလေးတော့ ပို့ပေးပါဦး စသဖြင့် အကူအညီ တောင်းရတော့သည်။

တကယ်တော့ သတင်း ဆက်သွယ်ရေး နည်းပညာတည်း ဟူသော အဋ္ဌာရသ ဆယ့်ရှစ်ရပ်ထက် များပြားလှသော သည်ပညာကို တတ်ထားသင့်သည်။  သို့ရာတွင် ကျွန်တော့်မှာ အသိပညာကို လေ့လာ စုဆောင်း လိုသည့် ချင်ခြင်း တပ်မက်မှု များပြားနေသော်လည်း အတတ်ပညာ သင်ကြားလိုမှု မှာတော့ သင်ကြားလိုချင်စိတ် လောဘနည်းပါး နေပါသည်။  မှတ်ဉာဏ်ကလည်း ငယ်စဉ်ကလောက် မထက်မြက်တော့။

ပြီးတော့ ကျွန်တော် က ငယ်ကတည်းက ဘာဖြစ်ချင်၊ ညာ ဖြစ်ချင် ဆိုသည့် ကြီးမားသည့် ရည်ရွယ်ချက်တွေ ရှိတာမဟုတ်။  ကိုယ့်ဘဝ၊ ကိုယ့် လောက၊ ကိုယ့် ဝန်းကျင်ထဲမှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေခွင့်ရလျှင်ဖြင့် ကျေနပ်လှပြီ။  အသက်အရွယ်ကြီးလာတော့ သည်ခံစားမှုတွေက မပြောင်းလဲသည့် အပြင် ပို၍ ခိုင်မာ အားကောင်းခဲ့သည်။  ဟော… အခုလည်း ကြည့်၊  ဖေ့(စ်)ဘွတ်ခ် မှာ ရွာကထိန် ဓာတ်ပုံတွေ တွေ့ရတော့ ကြည်နူးရသလို စိတ်အာရုံက ရွာမှာ နေခဲ့သည့် ငယ်ဘဝဆီသို့ ဒုန်းစိုင်း၍ ရောက်သွားသည်။

ရွာ အကြောင်း တွေးမိလျှင် လွမ်းစရာ နှစ်ခု က အလိုလို ရောက်လာသည်။  (၇) ရက်တိုင်တိုင် ကျင်းပသည့် ခြေတော်ရာ ဘုရားပွဲ နှင့် ရွာကထိန်ပွဲ ဖြစ်သည်။  ရွာမှ ရပ်ဝေးသို့ ရောက်နေသူ အားလုံး သည်ပွဲတော် နှစ်ခု ကျင်းပချိန် ရွာကို ပြန်လာဖို့ အားခဲကြသည်။  အရောက် မလာနိုင်လျှင်လည်း ရွာက ဘုရားပွဲ အကြောင်း တဆင့်စကား နားထောင်ရင်း လွမ်းစိတ် ဖြေကြရရှာသည်။

ကျွန်တော် ငယ်စဉ်က ရွာအလွမ်းစိတ်ကို သဘောကို သိပ် နားမလည်လှ။  ငယ်ရွယ်သည့် အချိန်မို့ ကိုယ်နေခဲ့ရသည့် လောက အသိုင်းအဝန်းထဲမှာ ပျော်ရွင်နေ၍ သည် အလွမ်း စိတ်ကို မေ့လျော့နေသည်လား မဆိုနိုင်။  ရွာဘုရားပွဲ ကျင်းပချိန်တွင် အမှတ်တမဲ့ နေခဲ့မိသည်။  ပျော်ရွင်စရာ ပေါများသော မြို့ပြပုံရိပ်တွေကလည်း ရွာ သတိရချင်စိတ်တွေ ကို ဖုံးလွှမ်းလိုက်ဟန် တူသည်။

သည်လိုလည်း မဟုတ်သေးပါ။  ရွာဘုရားပွဲ ကျင်းပချိန် ရွာကို ပြန်ချင်ရှာသည့် မိဘ နှစ်ပါးဆီမှ ရွာအကြောင်းနှင့် အလွမ်းစိတ်တွေက ကျွန်တော့် ရင်ထဲသို့ ရောက်လာခဲ့သည်။  အခုတော့ဖြင့် ဘုရားပွဲ အချိန် ရောက်လျှင် ရွာသို့ ကျွန်တော် ပြန်ချင်နေမိပါပြီ။  ဘုရားပွဲ အကြောင်း တွေးရင်း အလွမ်းတွေ နှလုံးသားမှာ အုံဖွဲ့လာသည်။

သည်လိုဖြင့် မနှစ်က ခြေတော်ရာ မြတ်စွာဘုရားပွဲသို့ နေ့ချင်းပြန် အရောက်သွားခဲ့သည်။  ကျွန်တော်က ချစ်မြတ်နိုးစိတ်ဖြင့် ရွာဟု ခေါ်လိုက်ရသော်လည်း တကယ်တော့ ရွာသည် မြို့နယ် အဆင့် ရာထူး ရရှိထားသည်။  အထက်တန်းကျောင်း၊ ဆေးရုံ၊ မြို့ပိုင်ရုံး၊ ရဲစခန်း စသဖြင့် မြို့နယ်၏ အင်္ဂါရပ်တွေ ပြည့်စုံသည်။  သို့သော် ရွာလမ်းတွေက ဖုန်တထောင်းထောင်း၊ လှည်းဝန်ရိုးသံ တအီအီ၊ ထန်းသားတိုင်ထူ ထန်းလက် တဲ မိုးထားသည့် တဲသာသာ အိမ်ငယ်ကလေးတွေက ရွာ၏ အခင်းအကျင်း နှင့် မြင်ကွင်းကို ဖော်ပြနေလျက်။

ရွာမှ မန္တလေးသို့ သွားလျှင် ခရီးမဝေးသော်လည်း တနေကုန် နီးပါး ကြာသည်။  မုံရွာသို့ ကုန်နှင့် လူ အပြည့်တင်ထားသည့် မော်တော်ကားသည် (၂၇) မိုင် ခရီးကို (၃) နာရီ နီးပါး မောင်းသည်။  မုံရွာရောက်တော့ မန္တလေး ထွက်မည့် ရန်အောင်မန်း၊ ရတနာပုံ ကားတွေကို စောင့်ရသည်။  ထိုစဉ်က မုံရွာ-မန္တလေး မော်တော်ကားခက (၂) ကျပ်ပဲ ပေးရသည်။

မန္တလေး-မုံရွာ ပြေးဆွဲနေသည့် လူစီး ဘတ်(စ်) ကားတွေက သူ့ အတိုင်းအတာနှင့်သူ မြန်ပါသည်။  သို့သော် မြင်းမူမှာ ခတ္တ ရပ်သည်။  ရေပိုးစားကန်မှာ ရေဖြည့် ရပ်နားသည်။  ညောင်ပင်ဝန်းမှာ တမေ့တမော့ နားသည်။  မုံရွာ-ရွှေဘို လမ်းခွဲ အုန်းတော ရောက်ပြန်တော့လည်း တချီ ရပ်နားလိုက်ပြန်သည်။  မန္တလေး ရောက်တော့ (၅) နာရီ လောက်  ရှိပြီ။

ပြောချင်တာက အေးအေးဆေးဆေး ခရီးသွားလာပုံ အကြောင်း ဖြစ်သည်။  သည်ခရီး သည် လမ်းမှာ နှေးရန်ကောဟူ၍ အပြစ်တင်သူ မရှိ။  ခရီးသည်တွေကလည်း ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပင်။  သူတို့မှာ အချိန်နှင့်လု၍ တက်သုတ်ရိုက် ရသည့် လုပ်ငန်း ကိစ္စတွေ မပါ။  သည်လိုဖြင့် ကျွန်တော်တို့သည် ကမ္ဘာမှာ မြန်နှုန်းမြင့်နေသည့် အချိန် အေးအေးဆေးဆေး နှေးနှေးကွေးကွေးဖြင့် နှစ်ကာလ ရှည် တခုကို ဖြတ်သန်းခဲ့ကြသည်။

ယခုတော့ဖြင့် မဟုတ်တော့ပြီ။  အရွေ့မြန်သော ခေတ်ထဲမှာ ကျွန်တော်တို့ ရှိနေကြပြီ။  ရွာနှင့် မန္တလေး ကလည်း ယခင်ကလို မဝေးတော့။  ရွှေဘို-မုံရွာ ဖြတ်လမ်း ဖောက်လုပ်လိုက်၍ ရွှေဘိုလမ်းဖက်မှ သွားလျှင် မန္တလေးသို့ သုံးနာရီလောက်ဖြင့် ရောက်သည်။  တချို့က ရွာနှင့် မန္တလေး ပုံမှန် ဆွဲနေသည့် မော်တားကားကို မစီး၊ ဆိုင်ကယ်ဖြင့် မန္တလေးသို့ သွားသွားလာလာ လုပ်ကြသည်။  ဆက်သွယ်ရေးကလည်း ကောင်းသည်။  တယ်လီဖုန်း တချက် နှိပ်လိုက်ရုံဖြင့် တဖက်မှ ‘ဟလို’ ခေါ်သံကြားရသည်။  ပြီးတော့ တချိန်က ဖုန်ထောင်းထောင်း ရွာလယ်လမ်းကလည်း ကတ္တရာလမ်း ဖြစ်သွားပြီတဲ့။  ဈေးဆိုင်တွေဖြင့် စည်စည်ကားကား ရှိသွားပြီတဲ့။

သည်လို အခြေအနေမျိုးမှာ ရွာကို ပြန်သည်။  အမှန်တော့ ကိုယ့် ရွာကို ပြန်တာ တစိတ်တအိတ် လုပ်ပြီး ဘာများ ရေးကြီးခွင်ကျယ် ဖြစ်စရာ လိုလို့လဲဟု မေးကောင်းမေးနိုင်သည်။  သို့သော်လည်း ကျွန်တော့် အတွက်တော့ ရေးကြီးခွင်ကျယ် ဖြစ်နေပါသည်။  နှစ်သုံးဆယ်ကျော် လေးဆယ်နီးပါး ကင်းကွာနေသည့် ကျွန်တော့်ရွာ။  ကိုယ့်ဆွေ ကိုယ်မျိုးတွေ ရှိကြသည် ဆိုပေမင့် အသက်အရွယ် ကြီးရင့်လာကြ၍ ကိုယ့်ကိုလည်း သူ မမှတ်မိ၊ သူ့ကိုလည်း ကိုယ်မမှတ်မိ။  တချို့ဆိုလျှင် ရှိမှ ရှိကြပါဦးမလား မသိ။  ကလေးတွေကလည်း ကိုယ့်ကို သိကြမှာ မဟုတ်။  ရွာကလည်း တခြား အရပ်ဒေသမှ လာရောက်နေထိုင်ကြပြီး မြို့ပြဆန်သွား၍ သူ့ အခင်းအကျင်း၊ သူ့ မြင်ကွင်း တို့ကို ကျွန်တော် သိစရာ အကြောင်းမမြင်။

သို့ဖြင့် ညီဝမ်းကွဲ တယောက်ကို မြို့အဝင်နားလေးက ကြိုစောင့်ပေးဖို့ မှာထားရသည်။  ကိုယ့် အဖြစ်ကို တွေးရင်း… “ထန်းပင် ထန်းလက် ထန်းရွက်တွေနဲ့ အသွယ်သွယ်ပါ မောင်ရယ်..၊  သြော်.. လမ်းစဉ် လမ်းဆက် လမ်း မျက်စိ တောင်မှ လည်ပါတယ် မောင်ရယ်..၊ အကိုရဲ့ ညိုနွဲ့ ကြိုလှဲ့ပ ဆံကေသွယ်..”  လက်ရေတပြင်တည်း သီချင်းကို သတိရလိုက်မိသည်။

ခေတ်တခေတ်၏ အရွေ့အပြောင်းထဲက ရွာ၏ မြင်ကွင်းသည် ကျွန်တော့်အား အမှန်တကယ်ပဲ လမ်းမျက်စိလည် သွားနိုင်လောက်ပါပေသည်။  အကြိုထောက်၍သာ တော်တော့သည်။  နှစ်သုံးလေးဆယ်လောက်က ကျွန်တော့် ရွာသည် မြို့ဆန်သွားခြင်းနှင့် အတူ ဖွံ့ဖြိုး စည်ကားသွားသည် ဆိုသော်လည်း ရွနေပြည်ထိုင်များကတော့ ဆင်းရဲမြဲ ဆင်းရဲနေလျက်ပင်။  အတတ်ပညာ မရှိ၊ အရင်းအနှီး မရှိ။  ရာသီဥတု အားကိုး၍ ယာထဲ နေကုန်နေခမ်း လုပ်ရင်းဖြင့် အချိန်တွေ ဘဝတွေ ဆုံးရှုံးသွားသော သူတို့ တတွေကို ရုပ် ဝတ္ထု ဖွံ့ဖြိုးတိုးတက်နေသော ခေတ်ကလည်း မျက်ကွယ်ပြုထားသည်။

သည်လိုဖြင့် ဖွားဖက်တော် ပမာ မွေးလာကတည်းက တသားတည်း ကပ်ပါလာသည့် ဆင်းရဲခြင်းသည် သူတို့ တတွေ၏ ဘဝတခုလုံးကို အမှောင် ပိတ်ဖုံးထားသည်။  သည်လိုဖြင့် ဘဝ တလျှောက်လုံး ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ကြရသည်။  သည်လိုဖြင့် သက်တမ်းစေ့အောင် အေးအေးချမ်းချမ်း နေခွင့်မရဘဲ ဘဝ နိဂုံးချုပ် သွားခဲ့ရသည်။

ဆင်းရဲတွင်းထဲက ရုန်းမထွက်နိုင်သည့် သူတို့ ခမျာများ ကျွန်တော့်ကို ဧည့်ဝတ် ကောင်းကောင်း မပြုနိုင်။  မျှော်လင့်ခြင်း အရိပ်အယောင်တွေ ရှင်သန်နေသည့် သူတို့ မျက်လုံးတွေကို မမြင်ချင်ယောင်ဆောင်နေသည့် ကျွန်တော်ကလည်း သူတို့ကို ဘာမျှ အကူအညီ မပေးနိုင်။  ဆွေမို့ မျိုးမို့ ပြန်လည် ဆုံတွေ့ကြချိန် အပြုံး အရယ် များဖြင့် ဝမ်းသာ ရွှင်လန်းခဲ့ကြသော်လည်း မကြာခင် အပူအမောတွေ ကပ်ညိပါလာခဲ့သည်။

ညနေစောင်းတော့ မန္တလေးကို ပြန်သည်။  ရွာကို လွမ်းစိတ်ဖြင့် ပြန်ခဲ့ရသော်လည်း အပြန်တွင် ကိုယ့် ဆွေမျိုး သားချင်းတွေ အတွက် စိတ်မကောင်းဖြစ်ရခြင်းက ဝန်ထုပ်ဝန်ပိုး တခု လို ဖဝါးထပ်ချပ်မကွာ လိုက်ပါလာခဲ့သည်။  ရွာကို ရောက်လာချိန် ဆင်းရဲသော်လည်း ကျွေးကြ မွေးကြသည့် ဆွေမျိုးသားချင်းတွေကို စွမ်းသမျှဖြင့် ကူညီချင်စိတ် စေတနာတွေ ယိုဖိတ်မိသည်။  ခက်တာက စေတနာ ရှိသော်လည်း လက်တွေ့ မဆောင်ရွက်၍ စေတနာ မမြောက်နိုင်တော့။  ဆွေဟဲ့ မျိုးဟဲ့ ဆိုသော်ငြား သူ့ကို ကိုယ် မကူညီနိုင်၊ ကိုယ့်ကို သူ မကူညီနိုင်သည့် ကျွန်တော်တို့၏ ဘဝ ဖြတ်သန်းမှုများ။

ထိုအခါ အဖေ့ကို သတိရသည်။  အဖေသည် ရွာလွမ်းစိတ် အင်မတန် ကြီးမားသည်။  ရွာလွမ်းစိတ်ကို တဖွဲ့တနွဲ့ ပြောတတ်လေ့ရှိသည်။  သို့သော် ရွာကို အဖေ ပြန်ဖို့ စိတ်ကူးဟန် မတူ။  ဆင်းရဲတဲ့ ကိုယ့် ဆွေမျိုးတွေ မြင်ရရင် စိတ်မကောင်းဘူးကွာ၊ သူတို့ကလည်း ငါတို့ကို မြို့နေပြီး ကြီးပွားတဲ့ သူလို့ တွေးပြီး အားကိုးချင်ရှာကြမှာ၊ တို့မှာလည်း ကိုယ့် အခြေအနေနဲ့ ကိုယ် ရုန်းနေရတာကို သူတို့ သိမှာ မဟုတ်ဘူး၊  မပြန်တော့ပါဘူးကွာ ဟု သက်ပြင်းချရင်း ပြောလိုက်သည့် အဖေ့ကို ကျွန်တော် ငေးကြည့်နေမိသည်။  ယခုတော့ နားလည်ခဲ့ရပြီ။  နောက်တချိန် ရွာကို အလွမ်းစိတ်ဖြင့် ပြန်ဖို့ အရေးကို တွေးရမှာကိုပင် မဝံ့မရဲ ဖြစ်သွားပါတော့၏။
××××××

အသက်ကြီးလာတော့ ကိုယ့် အရပ် ကိုယ့် ဒေသကို တွယ်တာ မြတ်နိုးသည့်စိတ်က နက်ရှိုင်းလာခဲ့သည်။  လွန်ခဲ့သည့် လေးငါးနှစ်က သမီးတွေ ခေါ်၍ နိုင်ငံခြားသို့ ကျွန်တော် ရောက်ဖူးသည်။  သူများ တကာတွေ နိုင်ငံခြားသို့ ဂရီးဂရီး သွားနေကြ၍ သမီးတို့ကလည်း ကျွန်တော့်ကို နိုင်ငံခြား အတွေ့အကြုံလေး ရစေချင်ရှာသည်။

၁၉၈၀ ခုနှစ် ကာလများတုန်းကတော့ စာတွေဖတ်ရင်း နိုင်ငံခြား သွားဖို့ စိတ်ကူးယဉ် ခဲ့ဖူးသည်။  အဲသည်အချိန်က လူကလည်း ဖျတ်လတ် သွက်လက်သည့်     အရွယ်၊ စိတ်ဓာတ် စွမ်းရည်ကလည်း တက်ကြွ၍ ဘုံဖျားရောက်နေသည့် အချိန်။  တကယ်တော့ တံခါးပိတ် မူဝါဒဖြင့် တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘယ့်နှာကြောင့် နိုင်ငံခြားသို့ သွားရမည့် အခွင့်အရေး ရနိုင်တော့အံ့နည်း။

ပတ်ဝန်းကျင်နှင့် ကင်းကွာ၍ ဥခွံကျင်း ကျဉ်းကျဉ်းလေးမှာ နေခဲ့ရသည့် ကျွန်တော် တတွေ။  ဘဝမှာ တန်ဖိုး အရှိဆုံး အရွယ်၏ စိတ်အားထက်သန်မှု၊ အမှန်တရားကို မြတ်နိုးမှု၊ အများအကျိုးကို သယ်ပိုး ဆောင်ရွက်လိုမှု စသည့် ပြင်းပျသည့်၊ တက်ကြွနေသည့် စိတ်ဆန္ဒတွေနှင့် လူငယ်တွေ ခမျာ တစ်ပါတီ အာဏာရှင် စနစ်အောက်မှာ အညွန့်ကျိုး သွားခဲ့ရသည်။  ကောင်သော် အမွေကို ခံယူ၍ နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းဖို့၊ နောက်လူကလည်း ရှေ့လူထက် သာအောင် စွမ်းဆောင်နိုင်ကြဖို့ မျိုးဆက်တိုင်းမှာ တာဝန်ရှိသည်။  သည်တာဝန်တွေကို ကျွန်တော်တို့ မထမ်းဆောင်နိုင်ခဲ့။  ရှေ့မှ နောက်သို့ လက်ဆင့် မကမ်းနိုင်ခြင်းသည် မျိုးဆက်ပြတ်သွားခြင်း သဘော ဖြစ်သည်။

တစ်ပါတီ အာဏာရှင် အုပ်စိုးမှု ခေတ်တစ်ခေတ် ပြီးတော့ စစ်အစိုးရခေတ်။  သည်ခေတ် နှစ်ခေတ် ဆိုးဝါးရက်စက်မှုက မျိုးဆက် နှစ်ဆက် ပြတ်သွားပြီး ပညာရှင် ပညာတတ်တွေ ပါးလျား၍ တိုင်းပြည်လည်း ဆင်းရဲခြင်းထဲသို့ ဇောက်ထိုး ဆင်းခဲ့ရသည့် လက်တွေ့ ဖြစ်ရပ်ကို မည်သူမျှ မငြင်းနိုင်။  ဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နှစ်ငါးဆယ် နီးပါး နောက်ကျနေသည့် ကျွန်တော်တို့ ခမျာ သူများ နည်းတူ ဖြစ်ဖို့ ဘယ်ကစ၍ ဘယ်လို လုပ်ကြရမည်နည်း။

ယခုထိလည်း နိုင်ငံနှင့် လူမျိုး ၏ အနာဂတ် ရှေ့အရေးထက် ကိုယ့် အတွက်၊ ကိုယ့် အသိုင်းအဝန်း အတွက် ကောင်းစားဖို့ တွေးတော၍ စီမံ အကွက်ချသူတွေ များပြားနေခြင်းသည်လည်း ရင်မောစရာ ဖြစ်သည်။  ကျွန်တော်သည် နိုင်ငံခြား ခရီးစဉ်ကို မသက်မသာ လိုက်ပါသွားရင်း သက်ပြင်းသာ မှုတ်ထုတ်လိုက်မိတော့သည်။

မသွားချင်သည့် အရွယ် ရောက်မှ နိုင်ငံခြားသို့ ရောက်ဖူးသည့် ကျွန်တော်၊ နှစ်ရက် သုံးရက် လောက် နေပြီး အိမ်ပြန်ချင်လှပြီ။  ဘယ်လိုပဲ နေရ နေရ ကိုယ့် နိုင်ငံထဲမှာ နေရတာက စိတ်လုံခြုံသည်။  အရေးအကြောင်း ဆိုလျှင် ကိုယ့် အနားဝန်းကျင်မှာ ဆွေမျိုးနှင့် မိတ်ဆွေ အသိုင်းအဝန်းတွေ ရှိကြသည်။  နိုင်ငံခြားမှာတော့ သည်လိုမဟုတ်။  လမ်းပေါ်မှာ၊ ဈေးဆိုင်တွေမှာ ကြိတ်ကြိတ်တိုး စည်ကားနေသည့် လူအုပ်ကြီး ရှိသော်လည်း ကိုယ့် အသိ ကိုယ့် မိတ်ဆွေတွေ တယောက်မျှ မရှိ။  တချိန်က ရည်မှန်းချက် ကြီးမားပြီး ထက်မြက် ပြင်းထက်သော စိတ်ဆန္ဒတွေ ပျောက်ဆုံးသွားသည့် ကျွန်တ်ာသည် နိုင်ငံခြားမှာ မျက်စိသူငယ် ဖြစ်ရင်း အလိုလို အားငယ် သွားခဲ့ရသည်။

သည်မှာပင် နိုင်ငံခြားမှာ ဆွေမရှိ၊ မျိုးမရှိ၊ အသိုးအဝန်းမရှိဘဲ နေထိုင်ခဲ့ကြသည့် မိတ်ဆွေတွေ အကြောင်း တွေးမိရင်း စိတ်မကောင်း ဖြစ်ရပြန်သည်။  သူတို့တတွေလည်း အချိန်တန်တော့ အိမ်ပြန်ချင်ရှာကြပါလိမ့်မည်။  လူဆိုတာ အသက်အရွယ်ကြီးရင့်လာလျှင် လာရာလမ်းသို့ ပြန်လည် စောင်းငဲ့ ကြည့်ရစမြဲ။

တလောက နိုင်ငံခြားရောက် ရင်းနှီးသည့်  လူငယ် တစ်ယောက် နှင့် ဖဘ (Facebook) မှာ စာရေး စကားပြော ဖြစ်သည်။  သူလည်း သူ့ အရပ်၊ သူ့ ဇာတိကို လွမ်းရ တမ်းတနေရှာသူ။  ကျွန်တော်က ဖြစ်နိုင်လျှင် ပြန်လာခဲ့ဖို့ ဖိတ်ခေါ်သည်။  သူက “ပြန်လာချင်ပါတယ် ဆရာ၊ ကျွန်တော် ပြန်လာလျှင် နေစရာ မရှိဘူးလေ၊ မြေဈေး၊ အိမ်ဈေးတွေက ဒီလောက် ကြီးနေတော့ ပြန်ပြီး အခြေချဖို့က ခက်တက် ဆရာ..” တဲ့။

ကျွန်တော် စိတ်မကောင်း ဖြစ်သွားသည်။  သည်အရေးကို ကျွန်တော် မတွေးမိ။  တချိန်က နေရာ ကျယ်ကျယ်ဝန်းဝန်းဖြင့် လက်ရေတပြင်တည်း နေခဲ့ရသည့် ကိုယ့် ဘဝ ကိုယ့် ဝန်းကျင်ကို အစွဲ စိတ်ဖြင့် သူ့ကို ပြန်လာဖို့ အမှတ်တမဲ့ ဖိတ်ခေါ်လိုက်မိခြင်း ဖြစ်သည်။

ယခု ရန်ကုန်မှာ လူဦးရေ (၅) သန်းကျော် ရှိသတဲ့။  မန္တလေး သည်လည်း ယခင်နှင့် မတူတော့ပါ၊ လူဦးရေ (၁) သန်းကျော် သွားပြီ။  အိမ်ဝိုင်း ခြံ ကျယ်ကျယ် တွေက ၁၉၉၀ ခုနှစ် နောက်ပိုင်း ရောက်လာသည့် တရုတ်တွေ လက်ထဲမှာ ရောက်သွားသည်။  မြို့သစ်လို အကွက် အကွင်း ကောင်းသည့် နေရာများတွင် အများစုက တရုတ်တွေ ပိုင်ဆိုင်ထားသည်။  မြို့ထဲမှာလည်း တရုတ်တွေ၊ မြို့သစ်မှာလည်း တရုတ်တွေ။  ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာသည်။  အိမ်ငှားခ၊ အိမ်ခြံမြေ တစ်နှစ်ထက် တစ်နှစ် မြင့်လာသည်။  ရန်ကုန်မှကော။  ကိုသာဆိုး ဖြစ်သည်။  ကွန်ဒိုတွေ ဟော တစ်လုံး ဟော တစ်လုံး ဆောက်နေကြသော်လည်း အများစုကတော့ အခန်းကျဉ်းကျဉ်းလေးတွေထဲမှာ စုပြုံနေထိုင်ရင်း ရုန်းကန်နေကြရရှာသည်။

သည်အချိန်မှာ နိုင်ငံခြားက ပြန်လာသူ ခမျာ မည်သည့် အိမ်မှာ ခိုကပ်နေရမည်နည်း။  နိုင်ငံခြားမှာ အနှစ်နှစ် အလလ စုဆောင်းထားသည့် ငွေကလေးလည်း နေစရာ အတွက် မဖြစ်စလောက် အရာ မရောက်။  သည်ကြားထဲ ကိုယ့် ဆွေမျိုးတွေက နိုင်ငံခြားပြန်ကြီးမို့ အထင်ကြီးကာ အားကိုး မျှော်လင့်ကြသော်လည်း ကိုယ့်မှာလည်း အနိုင်နိုင် ဖြစ်ရတာကို သူတို့ မသိ။  ကျွန်တော့် ရွာသို့ ပြန်ရသည့် အဖြစ် မျိုး နှင့် ကြုံတွေ့ နေကြရသည်။

အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြားမှာ သွားရောက် နေထိုင်ကြရရှာသည့် ကျွန်တော်တို့ မိတ်ဆွေတွေ၊ ကျွန်တော်တို့ နိုင်ငံသားတွေ။  သူတို့ တတွေ ပြန်လာချင်သော်လည်း သူတို့ အတွက် ပြန်လည် အခြေချ နေထိုင်စရာ ‘မြေ’  တစ်နေရာမျှ မရှိတော့။  ရန်ကုန်၊ မန္တလေးလို လူဦးရေ ထူထပ် များပြားနေသော၊ ကြီးမားသော စီးပွားရေး လုပ်ငန်း  အများစုကို တရုတ်တွေက လွှမ်းမိုး ချုပ်ကိုင် ထားခြင်း ခံရသော ကိုယ့် ဇာတိမြေ သို့ ပြန်လာရသူများ ခမျာ အလိုလို နေရင်း ‘ဇာတိသား’ ဘဝမှ ‘ပဝတ္တိသား’ အဖြစ်သို့ ရောက်ရှိသွားခဲ့ကြ ရရှာပြီ။  သည်လိုဖြင့် နိုင်ငံခြား ရောက်နေသူများ အားလုံး ဇာတိပျောက်၊ နေရာပျောက် ဖြစ်ကြရင်း တချိန်ချိန်တွင် ရောက်သည့် နိုင်ငံမှာ နိုင်ငံသား အဖြစ် ခံယူ၍ အင်္ဂလိပ်ကြီးတွေ အမေရိကန်ကြီးတွေ ဖြစ်သွားလျှင် ခက်ရချည့်။

ကမ္ဘာကြီးသည် ရွာကြီ တစ်ရွာ ဖြစ်သွားပြီဟု ဆိုပါသည်။  ဟုတ်ပါသည်။  ကမ္ဘာကြီးထဲက ကိုယ့် ရွာကလေးဆီသို့ ပြန်ချင်ကြမည်။  ရုပ်ဝတ္ထုတွေ မပြည့်စုံသော်လည်း ဇာတိမြေ၏ အငွေ့အသက် ရနံ့တွေကို ခံစားခွင့်ရခဲ့လျှင် စိတ်ရွှင်လန်း ချမ်မြေ့ခြင်း သုခကို ရရှိ ခံစားနိုင်ပါလိမ့်မည်။  မရှိအတူ ရှိအတူဖြင့် တစ်ဦးကို တစ်ဦး ကူညီ ဖေးမကြရင်း မေတ္တာ ကွန်ရက် ဖြန့်ကြက်ထားသည့် သည် အသိုင်းအဝန်း သည် ဝန်းကျင်ထဲမှာ ပြန်လည် နေထိုင်ခွင့်ရလျှင်ဖြင့် အသေဖြောင့် နိုင်ကြပါလိမ့်မည်။

တကယ်တော့ ပုထုဇဉ် လူသားတွေ အတွက် ဘဝကို တပ်မက်သော သံယောဇဉ် အနှောင်အဖွဲ့တွေက များလှသည်။  သည်သံယောဇဉ် အနှောင်အဖွဲ့တွေ ထဲမှာ ဇာတိကို ချစ်မြတ်နိုးသော သံယောဇဉ်ကြိုးက ခိုင်မာလွန်းသည်။  မည်သို့ပင် ဖြစ်စေ စည်ကားသည့် ရာသီပွဲတော်ချိန်တွင် ရောက်တိုင်း အဝေးရောက် မိတ်ဆွေတွေကို ပြန်လာဖို့ ကျွန်တော်တို့ မျှော်လင့်နေကြဆဲ။  နိုင်ငံခြား ရောက်နေသူတို့ ခမျာ အကြောင်းအမျိုးမျိုးကြောင့် ပြန်ခွင့်မသာကြသော်လည်း ကိုယ့်ဇာတိ၊ ကိုယ့် မြေ၊ ကိုယ့်ရွာသို့ ပြန်လာဖို့ အမြဲလိုလို စိတ်ကူးယဉ်နေကြဆဲ။  ရွာငယ် ဇနပုဒ် မီးကလေး မှိတ်တုတ်ကို သူတို့ မြင်ယောင်နေကြဆဲ။  သို့သော် ကာလ၊ ဒေသ၊ ပယောဂ တို့နှင့်အတူ ဆင်ခြင်စိတ်ဖြင့် နှိုင်းဆလိုက်သောအခါ ကျွန်တော်တို့ စိတ်ကူးယဉ်ကြတာတွေက မုန်တိုင်းမိသည့် တိမ်တွေလို လွင့်ပါး ပျောက်ဆုံး သွားရပါတော့သည်။

သြော်… တွေးရင်းဖြင့် မောရပါဘိသည်။

ညိုထွန်းလူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ညိုထွန်းလူ – အပြန်ခက်ခက်

  1. maung maung latt on November 17, 2014 at 10:56 am

    ကောင်းတယ်ဗျာ…ကိုညိုထွန်းလူ….ကျနော်လဲ အသက်အရွှယ်ရလာတော့  ဇာတိမြို့ လေးကို လွမ်းလွန်းလို့ ..
    အမှတ်တရ မြို့ က အကြောင်းတွေ ရေးရေးနေရတယ်…အခု ကိုညိုထွန်းလူ စာဖတ်မှ ပြီးခဲ့ တဲ့ နှစ်ရက်က ကျနော့် ဇာတိမြို့ အကြောင်းရေးထားတာ မိုးမခကို ပို့ အုံးမှလေ…..လွမ်းတယ်ဗျာ…မခံစားနိုင်တော့ ပါဘူး…..ကျနော်ခံစားချက်နဲ့ တထပ်ထဲမို့  ကျေးဇူးပါဘဲခင်ဗျာ…….၊၊

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်