စံလှကြီး – လူတပိုင်း ဘီလူးတပိုင်းတို့ရဲ့ ရာဇဝင်နှင့် သွေးမစွန်းသော ရာဇပလ္လင် (၂)
November 18, 2014
– လူတပိုင်း ဘီလူးတပိုင်းတို့ရဲ့ ရာဇဝင်နှင့် သွေးမစွန်းသော ရာဇပလ္လင် (၂)
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄
နှင်းဆီစစ်ပွဲ ကာလအတွင်းမှ တတိယမြောက် ရစ်ချက်ဘုရင်သည် သူထီးနန်းရရေးအတွက် လူပေါင်းများစွာကို ကွပ်မျက်ခဲ့ရုံမက သူ့အရင် နန်းတက်ရမည့် နောင်တော်ရင်း ဖြစ်သူကို သစ္စာဖောက်မှုဖြင့် လုပ်ကြံစွပ်စွဲခဲ့ပြီး ဝိုင်အရက်ပုံးကြီးထဲတွင် နှစ်သတ်ခဲ့သည်။ နောင်တော်ဘုရင် နတ်ရွာစံပြီးနောက်  ၁၂ နှစ်သားမျှသာ ရှိသေးသော တူတော် ဘုရင်လေးနှင့် မင်းသားလေးများကို အကျဉ်းထောင်ထဲတွင် ဖမ်းထားခဲ့သည်။ ထို့နောက် မင်းသားလေးများ အိပ်ပျော်နေစဉ် လည်ပင်းညှစ်သတ်ပြီး(လူသတ်သမား စေလွှတ်၍) အလောင်းများကို အုတ်ပုံအောက်တွင် မြှုပ်ထားခဲ့ရာ ဒုတိယမြောက် ချားလ်ဘုရင် လက်ထက်ကျမှ အရိုးများကို တွေ့ကြရသည်။ တူတော် ဘုရင်လေး၏ ဆွေမျိုးများနှင့် အခြွေအရံများ အားလုံးကို ကွပ်မျက်ခဲ့သည်။ သူကိုယ်တိုင်လည်း ပြိုင်ဘက် ဟင်နရီတျူဒါ၏ လက်ချက်ဖြင့် တိုက်ပွဲတွင် ကျဆုံးခဲ့ရပြီး သူ့အလောင်းကို ဝတ်လစ်စလစ် ချွတ်ကာ မြင်းပေါ်တင်ပြီး မြို့ကို လှည့်ပတ် ပြသည်ကို ခံခဲ့ရသည်။
သတ္တမမြောက် ဟင်နရီအဖြစ် နန်းတက်ခဲ့သော ဟင်နရီတျူဒါကလည်း ယော့မင်းဆက်မှ ထီးနန်းကို ဆက်ခံပိုင်ခွင့်ရှိသူ အားလုံးကို သုတ်သင်ခဲ့သည်။
(ဤစာရင်းထဲ ပါသော ဘုရင်များအနက် အချို့မှာ အတုယူဖွယ် ဆောင်ရွက်ချက်များ ရှိခဲ့ပါသည်။ သို့သော် လူတွေရဲ့ အာဏာနဲ့ ပတ် သတ်ရင် အသိစိတ်ပျောက်သွားကြပုံကို အဓိကပြောလိုသဖြင့် သူတို့၏ အခြားလုပ်ဆောင်ချက်များကို ချန်လှပ်ခဲ့ပါသည်။ ဘယ်နိုင်ငံ ဘယ် လူမျိုး ဆိုတာထက် လူမှန်သမျှ အာဏာရူး တတ်ကြသည်ဆိုသောအချက်ကို မြင်စေလိုသည်။)
ကိုယ့်အနီးအနား ပတ်ဝန်းကျင်မှလူတွေကို ကြည့်လျှင်လည်း ဒီလိုသဘောတွေကို အများအပြားတွေ့ရသည်။ အိန္ဒိယနိုင်ငံ၏ ရှည်လျားသော သမိုင်းကြောင်းကို မကြည့်ပဲ နောက်ဆုံးဖြစ်သော မဂိုမင်းဆက်ကိုကြည့်လျှင်ပင် ထီးနန်းရရေးအတွက် ဆွေမျိုးအရင်းတွေ အတော မသတ် အောင် တိုက်ကြ ခိုက်ကြ လုပ်ကြံကြသည်ကို တွေ့ရသည်။
ချစ်သူ့ဗိမာန်ဟု ကမ္ဘာကျော်အောင် နာမည်ကြီးသော တက်ဂျမဟာ သင်းင်္ချိုင်းဂူအား တည်ဆောက်ခဲ့သူ မဂိုဘုရင် ရှားဂျဟန်းအား သူ၏ သားတော် အော်ရန်ဇစ် (Aurangzeb) က သေသည်အထိ အကျဉ်းချထားခဲ့ပြီး ခမည်းတော် နန်းလျာထားခဲ့သည့် နောင်တော်ရင်း ဖြစ်သူကို ဖမ်းဆီးကာ ကြောက်ရွံ့ထိတ်လန့်နေရှာသော တူတော် မင်းသားလေး ရှေ့မှောက်တွင်ပင် ရက်စက်စွာ ကွပ်မျက်ခဲ့သည်။ အခြား ညီတော် နောင်တော်များကိုလည်း ထိုသို့ပင် ရှင်းလင်းခဲ့သည်။ မဂိုဘုရင် ရှားဂျဟန်းသည်လည်း သူ့ခမည်းတော်ကို ပုန်ကန်ဖူးသည်ဟု ဆိုသည်။
တရုတ်နိုင်ငံ၏ ရှည်လျားလှသော သမိုင်းကြောင်းတွင်လည်း ဒီလို အဖြစ်မျိုးတွေ ဒုနဲ့ဒေးပင်။ တရုတ်နိုင်ငံ၏ ပထမဆုံး ဘုရင်ဧကရာဇ်ဖြစ်သည့် ချင်ရှီဟွမ်တီသည် ကွန်ဖြူးရှပ်၏ ကျမ်းဂန်များကို မဖတ်ရှုရဟု အမိန့်ထုတ်ခဲ့ပြီး စာပေကျမ်းဂန်များစွာကို မီးတင်ရှို့ခဲ့သည်။ ထို့နောက် စာ ပေပညာရှင်များနှင့် ကွန်ဖြူးရှပ်ကျမ်းများကို စုဆောင်းထားသူများကို အရှင်လတ်လတ် မြေမြှုပ်ကွပ်မျက်ခဲ့ရာ လူများစွာ သေဆုံးခဲ့ရသည်။ ကမ္ဘာ့သမိုင်း၏ ပထမဆုံးနှင့် အပြင်းထန်ဆုံးသော ဆင်ဆာဥပဒေကြီးဟုပင် နာမည်ကျော်ခဲ့သည်။
တရုတ်နိုင်ငံ၏ နောက်ဆုံးမင်းဆက်ဖြစ်သော ချင်မင်းဆက်တွင်ပင် ရုံကျန်းဧကရာဇ် (Yongzheng Emperor) သည် နန်းတက်စတွင် သူ၏ ညီတော် နောင်တော် ၆၀ ကျော်အနက် သူ့ထီးနန်းအတွက် အန္တရာယ်ရှိသည်ဟုထင်ရသူအားလုံးကို ကွပ်မျက်ခဲ့ရသည်။
ထိုင်းနိုင်ငံကို ကြည့်လျှင်လည်း ဒီအတိုင်းပဲ ဆိုတာ တွေ့ရလိမ့်မည်။ ရင်ခွင်ပိုက် အုပ်ချုပ်ရသူ မယ်တော်ရင်းက သားတော် ဘုရင်ကလေးကို ပြန်ပြီး လုပ်ကြံတာကိုလည်း ထိတ်လန့်ဖွယ် တွေ့ရသည်။ တခါတရံ အသည်းနှလုံးထဲမှ မလုပ်ရက်ပဲနှင့် အာဏာ၏ဆွဲအားကို မလွန် ဆန်နိုင်လို့ လုပ်ရတာတွေ ရှိသည်။ အာဏာကြောင့် မလုပ်သင့်မှန်း သိပေမယ့် လုပ်ခဲ့တဲ့ဖြစ်ရပ်တွေ ရှိသည်။
လက်ရှိစိုးစံနေသည့် မင်းဆက်ကို စတင်တည်ထောင်သည့် ပထမမြောက် ရာမဘုရင်လည်း သူနှင့် ညီနောင်ရင်းတမျှ ချစ်ခင်သော ထိုင်း ဘုရင်နှင့် ဆွေတော်မျိုးတော်များ နောက်လိုက်နောက်ပါများအားလုံးကို ကွပ်မျက်ပြီး နန်းတက်ခဲ့ရသည်။ ထိုဇာတ်လမ်းလေးဆိုလျှင် လူ တွေ၏ အာဏာမက်သောသဘာဝကို ပေါ်လွင်စေသည်သာမက မြန်မာတွေနဲ့တောင်ပတ်သက်နေသဖြင့် နောက်ခံသမိုင်းလေးကို ပြည့် ပြည့်စုံစုံ ဖော်ပြပါမည်။
ထိုအချိန်က မြန်မာဘုရင်၏တပ်များက ထိုင်းနိုင်ငံ (ထိုစဉ်က ထိုအမည်မတွင်သေး) ကို ဝင်ရောက်တိုက်ခိုက်နေချိန် ဖြစ်သည်။ မြန်မာ တပ်တွေ ဦးတည်ချီတက်နေတာက တည်ထောင်ကာစ ဗန်ကောက်မြို့ဖြစ်ပြီး အယုဒ္ဓယမှာ ထိုအချိန်တွင် မရှိတော့ပေ။ မြန်မာဘုရင်၏ ရည်ရွယ်ချက်က ပဏ္ဏာဆက်နိုင်ငံအဖြစ် သိမ်းသွင်းရန်နှင့် တည်ထောင်ကာစအချိန်မှာပင် နောက်နောင် မလှန်ဝံ့အောင် ဦးချိုးထားရန် ဆိုသော ရည်ရွယ်ချက်များ ဖြစ်မည်ဟု ယူဆပါသည်။
မြန်မာတပ်များကိုဦးဆောင်ချီတက်လာသူက မဟာသီဟသူရ ဦးသာ ဖြစ်သည်။ ဦးအောင်ဇေယျ၏ မြင်းရည်တက်သူရဲကောင်းဖြစ်ပြီး နာမည်ကျော် စစ်သူကြီးဖြစ်သည်။ သို့သော် မဟာသီဟသူရမှာ မင်းဆက် သုံးဆက်လုံး အမှုထမ်းဆောင်ခဲ့သဖြင့် ထိုအချိန်တွင် အသက် အရွယ် ကြီးရင့်လှပြီ ဖြစ်သည်။ ထိုင်းရာဇဝင်များတွင်ပင် အသက်အရွယ် ကြီးရင့်လှပြီဖြစ်သော မဟာသီဟသူရဟု ဖော်ပြထားသည်ကို တွေ့ရသည်။ မဟာသီဟသူရ ဦးဆောင်လာသော မြန်မာတပ်များကို ထိုင်းစစ်သူကြီး ချက်ကရီက ခုခံတိုက်ခိုက်ပါသည်။ ချက်ကရီက အသက် ၃၉ နှစ်သာ ရှိသေးသည်။ မြန်မာရာဇဝင်တွင် မဟာသီဟသူရ၏ စစ်ရေး အစီအမံများကို လက်အောက်ဗိုလ်များ လိုက်နာမှု အားနည်းသဖြင့် မအောင်မြင်ခဲ့ကြောင်း ရေးထားသည်ကို တွေ့ရသည်။
မြန်မာတပ်များမှာ  ပိဿလောက်မြို့သို့ (ယခု ပစ္စနုလောက်ဟု ထင်ပါသည်) ရောက်ရှိနေသည့်အချိန်တွင် မြန်မာဘုရင် နတ်ရွာစံလေသည်။ နောက်တက်လာသော ဘုရင်သစ်က မြန်မာတပ်များကို တပ်ခေါက်ပြီး ပြန်လာရမည်ဟု အမိန့်ပေးသည်။ ထိုအချိန်တွင် စစ်သူကြီး မဟာ သီဟသူရက ထိုင်းစစ်သူကြီး ချက်ကရီကိုတွေ့လိုသဖြင့် နှစ်ဘက်တပ်များ မျက်နှာချင်းဆိုင်ပြီး စစ်သူကြီးနှစ်ဦးက မြင်းကိုယ်စီဖြင့် အပစ် အခတ်ရပ်စဲပြီး တွေ့ကြသည်။
နှစ်ဘက် အပြန်အလှန် လက်ဆောင်များလဲလှယ်ကြပြီးနောက် မဟာသီဟသူရက ချက်ကရီ၏အရည်အချင်းများကို ချီးကျူးပြီး မြန်မာတို့ ထိုင်းကို အနိုင်ယူသောနေ့ရက်များ ကုန်ဆုံးခဲ့ပြီ ဖြစ်ကြောင်းနှင့် ချက်ကရီ၏ ထူးခြားသော စွမ်းရည်များကြောင့် တနေ့တွင် ဘုရင်ဖြစ်လာ လိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်ဟု ဆိုသည်။ ထိုင်းရာဇဝင်တွင် မဟာသီဟသူရက ထိုစကားကို ဘုရင်နှင့် ချက်ကရီကြား ပြဿနာ ဖြစ်စေရန် ပြောခြင်း ဖြစ်ကြောင်းနှင့် ထို့အချိန်မှစပြီး ထိုစကားတခွန်းကြောင့်ပင် ချက်ကရီ၏ ရင်ထဲသို့ အလွန်ကြီးမားသော ရည်မှန်းချက်ကြီး ရောက်သွားခဲ့သည်ဟု ဆိုသည်။
နောက်ငါးနှစ်လောက် အကြာတွင် ပုန်ကန်မှုဖြစ်ပြီး ထိုင်းဘုရင် နန်းကျသည်။ ထိုအချိန်တွင် ချက်ကရီမှာ ကမ္ဘောဒီးယားကို ဝင်တိုက် လျက် ရှိသည်။ သတင်းကြားကြားချင်း ဗန်ကောက်သို့ တပ်နှင့် အမြန်ပြန်လာသည်။ ပုန်ကန်သူက ချက်ကရီကို ထီးနန်းအပ်သည်။ အမှန်မှာ ထိုင်း ဘုရင် ဖရာကျောက်သက်ဆင် (P’raya Taksin) နှင့် ချက်ကရီမှာ စစ်အတူတိုက်ခဲ့ကြပြီး ညီနောင်ရင်းတမျှ ချစ်ကြသည်ဟု ဆိုသည်။ ထိုင်း ဘုရင်က ချက်ကရီကို ပေးထားသည့်ဘွဲ့ကလည်း ဘုရင်ဘွဲ့ပါပဲ။ သူ အမြန်ပြန်လာတာလည်း တကယ်တော့ ဘုရင်ကိုကယ်ဖို့ဖြစ်ဟန်တူ သည်။ သို့သော် လက်ထဲအာဏာရောက်လာတော့ သူလည်းမနေနိုင်တော့။ ဘုရင်ကို လူသတ်သမားများလက်သို့ ထည့်လိုက်ရတော့ သည်။
ဘုရင်ကို ခေါ်သွားကြချိန်တွင် သူက နန်းတော်ပေါ်မှ လှမ်းကြည့်ကာ မျက်ရည်များ ကျနေခဲ့သည်ဟု ဆိုသည်။ ဘုရင်က သူ့အချစ်ဆုံး စစ်သူကြီးကို နောက်ဆုံးအကြိမ်အဖြစ် တွေ့လိုကြောင်း ခွင့်တောင်းသည့်အခါ ချက်ကရီမှာ စကားပင် မပြောနိုင်သဖြင့် မျက်ရည်လည်ရွဲနှင့် လက်သာ ခါပြရသည်ဟု ဆိုသည်။ သူလည်း ပထမ ရာမမင်း အဖြစ် နန်းတက်လေသည်။ (မဟာသီဟသူရက ချက်ကရီ မင်းဖြစ်လိမ့်မည်ဟု ပြောခဲ့သည်ဆိုသောစကားမှာ မြန်မာရာဇဝင်တွင် မဖတ်ခဲ့ဖူးပါ။ ဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ်ဖြစ်သဖြင့် ထိုင်းရာဇဝင်တွင် ရေး ထားသည်ကို မြန်မာရာဇဝင်နှင့် ပြန်တိုက်ကြည့်ကာ ဖော်ပြခြင်း ဖြစ်ပါသည်။)
အာဏာနဲ့ပတ်သက်ရင် လူတွေ ဘယ်လောက်ရူးကြသလဲဆိုတာ ဒီလောက်ဆို သိသာလောက်ပြီ ဖြစ်သည်။ တကယ်ကို လူမျိုးမရွေး ဘာ သာမရွေး အသက်အရွယ်မရွေး အားလုံးနီးပါးရူးကြတာ ဖြစ်သည်။ လူအတန်းအစား မခွဲခြားပဲ ဖျက်ဆီးတတ်ကြသလေဆိုတဲ့အတိုင်း ဖြစ် သည်။ အလိုကြောင့် လေးလွန်းလို့ အလိုလေးလို့တရတဲ့လူတွေပဲ မဟုတ်လား။ အာဏာကြောင့် စိတ်မဖောက်ပြန်ပဲ ထိန်းနိုင်သူ ချွင်းချက် အနည်းစုတော့ ရှိပါသည်။ ရှားတော့ အလွန်ရှားသည်။ အားလုံးနီးပါးလောက်တော့ လူစိတ်ပျောက်ပြီး လူတပိုင်း ဘီလူးတပိုင်းတွေ ဖြစ် ကုန်ကြသည်။ ရာဇပလ္လင်တွေမှာ သွေးတွေ စွန်းနေခဲ့သည်။
ဒါတောင် ယခုစာရင်းထဲမှ ဘုရင် ဘုရင်မများမှာ မဟာတပ်ခေါ်ရမည့် The Great ဘွဲ့ရသူ အများစုနှင့် ကိုယ့်ပတ်ဝန်းကျင် နိုင်ငံတွေက နာမည်ကြီးသူများသာ ရွေးထုတ်ထားခြင်း ဖြစ်သည်။ အခြား နာမည် မကြီးသူများလည်း ဒီလို အဖြစ်တွေ ရှိမှာ သေချာသည်။ သားအမိ သားအဖ ညီအကို မောင်နှမ တူဝရီး လင်မယား သေအတူ ရှင်မကွာ ရဲဘော်ရဲဘက် စသည်ဖြင့် အရင်းချာဆုံး လူများ လူ့အသည်းနှလုံးတွင် အချစ်ဆုံး ဆိုသူများ အပေါ်တောင် လုပ်ရက်သေးလျှင် ကျန်တစိမ်းလူ ဆိုလျှင်တော့ ဆိုစရာ မရှိတော့ပေ။
ဟိုခေတ်တုန်းက ဘုရင်တွေ ဘုရင်မတွေကတော့ အာဏာနဲ့ ပတ်သက်ရင် ဒီလို ရက်ရက်စက်စက် လုပ်တတ်တယ် ဆိုတော့ အခုခေတ် အာဏာရှင်တွေရော ဆိုလျှင် အားလုံး သိပြီးသည့်အတိုင်း ထူးမခြားနားပါပဲ။
မြောက်ကိုရီးယားမှာ လောလောဆယ် ဖြစ်ထားသည့် ဇာတ်လမ်းရှိသည်။ အီရတ် အာဏာရှင်ဟောင်း သွားလေသူ ဆက်ဒမ်ဟူစိန်လည်း သူ့သားမက်ကို သတ်ဖြတ်ခဲ့သည်။ အပြစ်မှာ သူ့မကောင်းကြောင်း ပြောမိလို့ ဖြစ်သည်။ စတာလင်က သူ့ခေတ်တွင် သတ်မိန့်ပေးပြီး သတ်ခဲ့သည်မှာ လူသန်းသုံးဆယ်ကျော်သည်ဟု ဆိုသည်။ မော်စီတုန်းလည်း သူ့ရဲဘော်ရဲဘက်ဟောင်းများ အပါအဝင် လူသန်းနှစ်ဆယ် ကျော် သတ်ခဲ့သည်ဟု ဆိုသည်။ စတာလင်တို့ သတ်လိုက်သည်မှာ သူ့ခေတ်က မြန်မာပြည် လူဦးရေထက်တောင် ကျော်နေသည်။
သက်ဦးဆံပိုင် ဘုရင်စနစ်နှင့် အာဏာရှင်စနစ် ကွာသည်မှာ ဘုရင်စနစ်က ဥပဒေတောင်မရှိပဲ ဘုရင်၏ နှုတ်မိန့်ဖြင့် ပြီးနိုင်သည်။ အာဏာ ရှင်စနစ်ကျတော့ လူကြားကောင်းအောင် အခြေခံ ဥပဒေတွေ ဘာတွေနဲ့ ကြည့်ပျော်ရှုပျော် ဖြစ်အောင် မျက်နှာဖုံး စွပ်ပေးရသည်။ ဥပဒေ ရှိပေမယ့် သိပ်မထူးပါ။ အကြွင်းမဲ့ အာဏာကို သုံးနိုင်ပြီး ဥပဒေက ဟန်ပြသာ ဖြစ်သည်။ သက်ဦးဆံပိုင် ဘုရင်စနစ်က ကမ္ဘာပေါ်တွင် မရှိတော့ပြီ ဖြစ်ရာ ကိုယ်တယောက်တည်း ထူးချွန်ပြီး သံလျက်ကြီးကိုင်ကာ မင်းမြှောက်တန်ဆာတွေ ဝတ်ပြီး အပျိုတော်တွေ လာစေ ဆိုပြီး လုပ်ရတာ မလွယ်တော့သဖြင့် ဥပဒေ မျက်နှာဖုံး စွပ်ပေးခြင်းပါပဲ။ ဒါတောင် တချို့အာဏာရှင်များဆိုလျှင် အိမ်မှာ မင်းခမ်းမင်းနားအတိုင်း ပြောဆိုသည်ဟု သတင်းကြားရသည်။ သမီးတော်လေးတို့ မယ်တော်ကြီးတို့ အခေါ်အဝေါ်တွေနဲ့ ပြောကြ ဆိုကြသည်ဟု ဆိုသည်။
ဒီမိုကရေစီ မိခင်နိုင်ငံဟုဆိုနိုင်သော အင်္ဂလန်တွင်လည်း ဒီမိုကရေစီ မကျင့်သုံးမီ သက်ဦးဆံပိုင် ဘုရင်စနစ် လက်ထက်တွင် နန်းလုပွဲတွေ လုပ်ကြံသတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့သည်။ သို့သော် ပထမမြောက် ချားလ်ဘုရင် လက်ထက်(၁၆၀၀-၁၆၄၉) တွင် ဘုရင်က ထုံးစံအတိုင်း သက်ဦးဆံပိုင် စနစ်ဖြင့် အာဏာကို အကြွင်းမဲ့ သုံးလိုသည်။ ပါလီမန်က ဘုရင်၏ အကြွင်းမဲ့ အာဏာကို ကန့်သတ်လိုသည်။ နောက်ဆုံးတွင် ပါလီမန် တပ်များနှင့် ဘုရင့် သြဇာခံတပ်များ စစ်ဖြစ်ကြရာ ဘုရင့်ဘက်မှ မင်းဆွေစိုးမျိုးနှင့် သူဌေးသူကြွယ်များ ပါဝင်ပြီး ပါလီမန်ဘက်မှ ပြည်သူလူထုက ပါဝင်ခဲ့သည်။ အစပိုင်းတွင် ဘုရင် အရေးသာသော်လည်း ပါလီမန်ဘက်မှ အော်လီဗာ ကရွမ်းဝဲလ်ကဲ့သို့သော စစ်သား ကောင်းများ ပါဝင်ခြင်းကြောင့် ဘုရင်အရေးနိမ့်လေသည်။ ပါလီမန်ဘက်က ကရွမ်းဝဲလ်သာ မပါခဲ့လျှင် ပါလီမန် အင်အားစု အနိုင်ရရန် မလွယ်ဟု ဆိုသည်။
ပထမမြောက် ချားလ်ဘုရင်လည်း သေဒဏ်ပေးခံရသည်။ အင်္ဂလန်ထီးနန်းတွင် နောက်ဆုံးအကြိမ် အဖြစ် သွေးစွန်းခြင်း ဖြစ်သည်။ ကရွမ်းဝဲလ် ဦးဆောင်ပြီး ပါလီမန်စနစ်ဖြင့် အုပ်ချုပ်ရေး စသည်။ အခက်အခဲများစွာ တွေ့ရသည်။ ဘာကြောင့်လဲ ဆိုတော့ ပါလီမန် ဒီမိုကရေစီ စနစ်က ရှေ့က သွားဖူးသူ မရှိသေးပဲ ကိုယ့်လမ်းကိုယ်ထွင် ရသောကြောင့် ဖြစ်ပါသည်။ ကရွမ်းဝဲလ်သည် မလွှဲမရှောင်သာ အာဏာကို သုံးရလျှင်လည်း အင်္ဂလန်နိုင်ငံ၏ အကျိုးအတွက်သာ သုံးခဲ့သည်။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို ကြိုးစား သုံးစွဲခဲ့ပြီး အင်္ဂလန်နိုင်ငံ၏ အကျိုးကိုသာ ကြည့်ခဲ့သည်။ ထို့ကြောင့် ကရွမ်းဝဲလ် ကွယ်လွန်ချိန်တွင် အင်္ဂလန်မှာ အင်အားကြီး နိုင်ငံ ဖြစ်စေရန် လမ်းကြောင်းပေါ် ရောက်နေခဲ့သည်။
ပါလီမန်က ကရွမ်းဝဲလ်ကို ဘုရင်အဖြစ် မင်းမြှောက်သော်လည်း သူက ငြင်းဆိုခဲ့သည်။ ဒီအချက်တွင်တော့ အမှန်တကယ် ချီးကျူးဖို့ ကောင်းသည့် အာဂလူပဲဟု ထင်ပါသည်။ လူတိုင်းနီးပါး တပ်မက်သည့် စည်းစိမ်ကို ရတာတောင်မှ ငြင်းဆိုရဲသည်။ သူပြောခဲ့တာက “ဧကရာဇ်မင်း ဟူသော ဘွဲ့ဖြင့် ဤအစိုးရကို ကျွန်ုပ် ဦးဆောင်ခြင်း မပြုနိုင်။ ဤသည်မှာ ကြီးမား ခက်ခဲလှသော တာဝန်ကြီးအတွက် ကျွန်ုပ်၏ အဖြေ ဖြစ်သည်” ဟူ၏။ သူပြောခဲ့သည့် မူရင်းစကားမှာ “I cannot undertake this Government with that title of king; and that is my answer to this great and weighty business” ဖြစ်သည်။
ကရွမ်းဝဲလ်၏ ဆောင်ရွက်ချက်များမှာ သူ့ခေတ် သူ့အခါ အခြေအနေအရ အကောင်းဆုံး မဟုတ်နိုင်စေကာမူ အင်္ဂလန်နိုင်ငံ ယခု အခြေအနေသို့ ရောက်စေခဲ့ရာတွင် သူသာ အခရာ ဖြစ်သည် ဆိုသည့် အချက်ကိုကား မငြင်းနိုင်ပေ။
စာရေးသူ တွေးမိသလောက် သူသာ မင်းစည်းစိမ်ကို လက်ခံခဲ့လျှင် အင်္ဂလန်သမိုင်း သာမက ကမ္ဘာ့သမိုင်းပါ တမျိုးတဖုံ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ထိုအချိန်က ဥရောပတွင် သက်ဦးဆံပိုင် ဘုရင်စနစ် အားကောင်းဆဲ ဖြစ်ပြီး ထိုကြားထဲကမှ အင်္ဂလိပ် ပါလီမန် ဒီမိုကရေစီက ဖောက်ထွက်လာခြင်း ဖြစ်သည်။ အဲဒီကမှ ပြင်သစ်တော်လှန်ရေးနဲ့ အမေရိကတွင် ဒီမိုကရေစီ စနစ် ဖြစ်ထွန်းမှုကို အကျိုးပြုခဲ့ပြီး ကမ္ဘာအရပ်ရပ်သို့ ပြန့်သွားခဲ့သည်။
ကရွမ်းဝဲလ် ကွယ်လွန်ပြီးနောက် ပထမ ချားလ်ဘုရင်၏ သားတော် ဒုတိယ ချားလ်ဘုရင် နန်းတက်ခဲ့ချိန်တွင် ကရွမ်းဝဲလ်၏ ရုပ်ကြွင်းကို ပြန်ဖော်ကာ တံစက်မြိတ်မှာ ချိတ်ဆွဲပြီး လက်စားချေတဲ့ လုပ်ရပ်ကပဲ သက်ဦးဆံပိုင် ဘုရင်စနစ်က အရေးနိမ့်တာကို ဝန်ခံသလို ဖြစ်သွားပါတော့သည်။ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ပြန်ဖော်ထုတ်ဖို့ လုပ်တဲ့ အခါမှာတော့ မလွယ်တော့ပါ။ ကရွမ်းဝဲလ် အုတ်မြစ် ချသွားခဲ့တဲ့ ပါလီမန်က အခြေခိုင်နေပါပြီ။ ၁၆၆၈ မှာတော့ ကရွမ်းဝဲလ် ဖြစ်စေချင်ခဲ့သလို ဥပဒေနဲ့ အုပ်ချုပ်ရတဲ့ စည်းမျဉ်းခံ ဘုရင်စနစ် ဖြစ်လာပါတယ်။ အဲဒီနောက်ပိုင်း အင်္ဂလန် ထီးနန်းမှာ နန်းလုပွဲအတွက် သွေးမစွန်းတော့သလို အင်အားကြီးနိုင်ငံ တဖြည်းဖြည်း ဖြစ်လာပါတယ်။ အကြောင်းတရားကြောင့် အကျိုး ဖြစ်လာတာပါပဲ။ ၁၆၆၈ ဆိုတာ အတော်စောပြီး ကျနော်တို့ နိုင်ငံမှာဆို ဘုရင့်နောင် နတ်ရွာစံပြီးလို့ သူတည်ထောင်ခဲ့တဲ့ အင်ပါယာကြီး ပြိုကွဲသွားခဲ့ပြီးချိန် ဖြစ်ပါတယ်။ ခေတ်အားဖြင့် မြန်မာနိုင်ငံမှာ ညောင်ရမ်းခေတ်ပါ။
သက်ဦးဆံပိုင် ဘုရင်စနစ် အာဏာရှင်စနစ်များတွင် သွေးစွန်းမှုများ ရက်စက်ကြမ်းကြုတ်မှုများ ဖြစ်ပွားလေ့ ရှိပြီး ဒီမိုကရေစီ စနစ်တွင် ထိုဖြစ်ရပ်များ မဖြစ်ပေါ်စေသော ကွာခြားချက် များစွာ ရှိပါသည်။
ပထမအချက်မှာ အာဏာရှင်စနစ်က အကြွင်းမဲ့အာဏာ ဖြစ်သည်။ ဒီမိုကရေစီက အာဏာကို အကန့်အသတ် ဥပဒေ စည်းကမ်းဖြင့်သာ သုံးစွဲရသည်။ ထို့ကြောင့် လူတွေ၏ တပ်မက်မှု လောဘကို အတိုင်းအတာ တခုအထိ လျော့ကျသွားစေသည်။ ရွှေအိမ်နန်းနှင့် ကြဌန်းလည်းခံ မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ မင်းချမ်းသာကား ကြောက်စရာ အတိပြီးလေသည်။ အကြွင်းမဲ့ အာဏာသည် လူကို အကြွင်းမဲ့ ပျက်စီးစေလေသည်။
ဒုတိယအချက်မှာ အာဏာရှင်စနစ်က ပြည်သူ၏ ရွေးကောက်တင်မြှောက်မှု မဟုတ်ပေ။ ထို့ကြောင့် ဦးသူ စားစတမ်း စနစ်ဖြင့် တယောက်နှင့်တယောက် လက်ဦးမှုယူကာ သတ်ရ ဖြတ်ရသည်။ ထိုအခြေအနေ ဖြစ်အောင်လည်း စနစ်က တွန်းပို့နေသည်။ ကိုယ်က မဦးလျှင် သူက ဦးလိမ့်မည် ဆိုသော အနေအထား။ လူတွေလည်း ဆုပ်လည်းစူး စားလည်းရူး ဖြစ်ကာ မလွှဲမရှောင်သာ ရက်စက်ရတော့သည်။ အသောကမင်းကြီး ဖြစ်တာက အဲဒီလို အဖြစ်မျိုး။ သူက မဦးလျှင် နောင်တော်များက သူ့ကို ရှင်းပစ်မည် ဖြစ်သည်။ တပ်ကြီးချီကာ ဝိုင်းထားပြီးပြီ။ ဘုရင်စနစ်တို့ အာဏာရှင်စနစ်တို့မှာက ထိုနည်းလမ်းဖြင့် အာဏာ ရပြီးလျှင်လည်း တထိတ်ထိတ် တလန့်လန့် နေရသည်။ ကိုယ်တိုင်က ဒီနည်းလမ်း သုံးခဲ့သဖြင့် အခြားသူများက ကိုယ့်ကို အလားတူ ပြန်မလုပ်နိုင်အောင် အာဏာရပြီးလျှင်လည်း ဆက်ပြီး ရက်စက်ရတော့သည်။ ဒါကြောင့် အရုပ်ဆိုးလွန်းသော ဖြစ်ရပ်များ ပေါ်လာသည်။
ဒေါ်အောင်ဆန်းစုကြည် အနေနှင့် အကြမ်းဖက် နည်းလမ်းမျာကို မကြိုက် မကျင့်သုံးချင် နောင်လာနောင်သားများကို အမွေဆိုး မပေးခဲ့ချင် ဆိုသည်မှာ ဒီမိုကရေစီ ယဉ်ကျေးမှုနှင့် ကျင့်စဉ် သဘောပဲ ဖြစ်ပါသည်။
ဒီမိုကရေစီ စနစ်ကျတော့ ပြည်သူက ရွေးကောက် တင်မြှောက်သဖြင့် အာဏာရရေးအတွက် သွေးထွက်သံယို ဖြစ်စရာမလို။ ကွန်ဆားဗေးတစ် ဖြစ်စေ လစ်ဘရယ်ဝါဒီ ဖြစ်စေ အများပြည်သူ၏ ဆုံးဖြတ်ချက်ကို ကျေနပ်လက်ခံရသည်။ တရားမျှတသော ယှဉ်ပြိုင်ပွဲ ဖြစ်ရန်တော့ လိုအပ်သည်။ ကွန်ဆာဒီမို ဖြစ်စေ လစ်ဘရယ်ဒီမို ဖြစ်စေ ကိုယ့်ဘက်က မဲရရေးအတွက် တိုင်းပြည်အကျိုး လုပ်ပြရသည် ဖြစ်ရာ တိုင်းပြည်အတွက်လည်း အကျိုးရှိပေသည်။
ဒီသဘောတရားက နိုင်ငံရေးသမားသာမဟုတ် စာပေပညာရှင် စာရေးဆရာ ဂီတအနုပညာသမား စီးပွားရေးသမား စသည်ဖြင့် အများနှင့် ပတ်သက်ရသော လူတွေအတွက် အမြဲတမ်း မှန်သော သဘောတရား ဖြစ်သည်။ ကိုယ့်ကို အများစုက မကြိုက်နှစ်သက်ပဲ ကိုယ်နဲ့ ပတ်သက်သူ ကိုယ့်ကျေးဇူးခံ ကျေးဇူးစား ရှိသူများကသာ ထောက်ခံနေသည် ဆိုလျှင် ပြန်စဉ်းစားပေတော့။ ကိုယ်မှားနေပြီ။ အများစု၏ သဘောထားများသည် မှန်လေ့ရှိသည်။ ကိုယ့်အနီးအနားက လူတွေက ကိုယ့်ကို ညာနေတာ ဖြစ်နိုင်သည်။ ကိုယ့်အမှားကိုယ် မပြင်နိုင်လျှင်တော့ သမိုင်းအမှိုက်ပုံးထဲ အလိုအလျောက် ရောက်သွားနိုင်သည်။ ဘယ်သူမှ ကိုယ့်ကို လာဖျက်ဆီးမှာ မဟုတ်ပဲနဲ့ ကိုယ့်အလိုလို မြောင်းထဲ ရောက်သွားမှာ ဖြစ်သည်။
ယခင် စစ်အစိုးရ လက်ထက်က အချို့ စာပေပညာရှင်များ အနုပညာသမားများသည် အများပြည်သူဘက်မှ မရပ်တည်ပဲ စစ်အစိုးရကို တရားလွန် မျက်နှာလုပ်ခဲ့သည်များ ရှိခဲ့ရာ ထိုနောက်ပိုင်းတွင် လူအများက သူတို၏ စာပေများကို အားမပေးခြင်း သူတို့ အနုပညာလုပ်ငန်းများကို အားမပေးခြင်းဖြင့် တုန့်ပြန်ခဲ့သဖြင့် လူမသေသော်လည်း စာပေအနုပညာ ဘဝများ သေသွားသည်ကို မြင်ရဖူးပါသည်။ သူတို့ ပညာများကိုသာ ကျနော့်မှာ နှမြောမိပါတော့သည်။ လူထုက အသံတိတ်ပေးသော အပြစ်ဒဏ်ပေတည်း။
ဒါဆို လူအများစု မှားနေတာတွေ ရှိနေရင်ရော မပြင်ပေးရဘူးလား ဆိုလျှင်တော့ ပြင်ပေးနိုင်ပါသည် ကိုယ်ပြုလုပ်သော အပြုအမူ ရေးသားသော စာပေ ပြောသော စကားများမှ ကိုယ့်စိတ်ဓာတ်ကို ဖော်ပြနေသည် ဖြစ်ရာ စေတနာ မှန်သလား မမှန်သလားဆိုတာ အများစုက ကောင်းစွာ ဆုံးဖြတ်နိုင်ပါသည်။
သက်ဦးဆံပိုင် ဘုရင်စနစ်တို့ အာဏာရှင်စနစ်တို့၏ အားနည်းချက်က ယှဉ်ပြိုင်ပွဲမှာ ရှုံးခြင်းသည် အရာရာ ဆုံးခြင်း ဖြစ်သည်။ အရာရာ ပြီးဆုံးသွားပြီ။ သူ့အတွက် နောက်တကြိမ်ဆိုတာ မရှိတော့။ သူသာမက သူ့မျိုးဆက်များ အတွက်လည်း ပြီးဆုံးသွားပြီ။ ဒီတော့ လူတိုင်း အရှုံးမခံနိုင်။ ရှုံးမှာ ကြောက်သဖြင့် မရှုံးအောင် လုပ်ကြရာက အရုပ်ဆိုးလွန်းသော ဖြစ်ရပ်များ ဖြစ်လာခြင်း ဖြစ်သည်။
ဒီမိုကရေစီ စနစ်မှာက ရှုံးခြင်းသည် အရာရာ ဆုံးခြင်းမဟုတ်။ ရှုံးတာနဲ့ အရာရာ ဆုံးသွားတာ မဟုတ်။ ဒီအချက်က အလွန်အရေးကြီးသည်။ အရှုံးသမားသည် ဒီမိုကရေစီ စနစ်တွင် နောက်တကြိမ် ပြန်လာနိုင်သည်။ အခွင့်အရေး ရှိသေးသည်။ အများပြည်သူ ထောက်ခံအောင်တော့ လုပ်ပြဖို့လိုသည်။ အမှန်တော့ ဒီမိုကရေစီ စနစ်မှာ ဘယ်သူမှ အမြဲတမ်း နိုင်ပြီး အာဏာ တသက်လုံး ရနေတယ် ဆိုတာ မရှိ။ မရှိအောင်ကို တမင် လုပ်ထားရတာ ဖြစ်သည်။ အာဏာကို အမြဲတမ်း ကိုင်ထားနိုင်လျှင် အာဏာရှင် စိတ်ဓာတ် ဝင်သွားနိုင်သည့် အတွက်ကြောင့် ဖြစ်သည်။
အထင်ရှားဆုံး ဥပမာက ဆာဝင်စတန်ချာချီ ဖြစ်သည်။ အင်္ဂလန်၏ ရဲရဲတောက် ကွန်ဆာဗေးတစ် ခေါင်းဆောင်တဦး ဖြစ်သည်။ ချာချီမှာ လစ်ဘရယ်ပါတီသို့ ဝင်ရောက်ဖူးသော်လည်း မူလ အစကပင် ကွန်ဆားဗေးတစ် ပါတီဝင် တဦး ဖြစ်ပြီး သူ့လုပ်ရပ်များ အရလည်း ကွန်ဆာဗေးတစ် ဖြစ်သည်။ ဝန်ကြီးချုပ် အဖြစ် အရွေးခံရတော့လည်း ကွန်ဆာဗေးတစ် ပါတီမှပင် ဖြစ်သည်။ သူ၏ ဇာတိသွေး ဇာတိမာန် ဗြိတိသျှ အင်ပါယာ စိတ်ဓာတ်မှာ ရဲရဲတောက် ဖြစ်သည်။
ပထမ ကမ္ဘာစစ် ဖြစ်တော့ ချာချီက ရေတပ်ဝန်ကြီး ဖြစ်သည်။ ဗြိတိသျှ အင်ပါယာ ဆိုသည်မှာလည်း ရေတပ်အင်အားကို အလွန် အားထားရသော နိုင်ငံ ဖြစ်သည်။ အရေးအကြီးဆုံး နေရာမှာ ဝန်ကြီး လုပ်ရသူ ချာချီအတွက် အရာရာ ကံမြင့်နေချိန်ဟု ဆိုနိုင်သည်။ ရှေ့အခွင့်အလမ်း များစွာ ရှိသည်။ သို့သော် ၁၉၁၅ တွင် တူရကီပိုင် ဒါးဒနယ် ရေလက်ကြားကို ဗြိတိသျှတပ်များ တက်ရောက် တိုက်ခိုက်ခဲ့ရာ မရှုမလှ ရှုံးပြီး တပ်လန်ခဲ့သည်။ ထိုအတွက် ချာချီမှာ တာဝန်ရှိသည်ဟု ဝိုင်းဝန်း အပြစ်တင်ခြင်းကို ခံရပြီး နောက်ပိုင်းတွင် ရေတပ်ဝန်ကြီး တာဝန်မှပင် နှုတ်ထွက်ပေးခဲ့ရသည်။
သို့သော် ချာချီက စိတ်မပျက်ပဲ သူလုပ်စရာ ရှိတာတွေ ဆက်လုပ်ခဲ့သည်။ ဗြိတိသျှ တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ဆက်ယှဉ်ပြိုင် အရွေးခံသည်။ ဒီမိုကရေစီ စနစ် အရပင် သူ့အချိန် ပြန်ရောက်လာသည်။ ဒုတိယ ကမ္ဘာစစ် မတိုင်မီတွင် ချာချီက ဟစ်တလာ အင်အား တိုးချဲ့နေပြီ။ လေတပ်ကြီး တည်ဆောက်နေပြီ။ ဗြိတိသျှ တပ်မတော်ကို အင်အားတိုးချဲ့သင့်သည်။ တနေ့တွင် ဟစ်တလာ၏ လင်းယုန်ဌက် တံဆိပ် လေတပ်ကြီးသည် အင်္ဂလန်ကို ဗုံးမိုးရွာလိမ့်မည်ဟု ဟောပြောခဲ့သည်။ သူ့ကို အရင်မှတ်တမ်းကြောင့် ဘယ်သူမှ မယုံ။ စစ်လိုလားသူ သွေးဆာနေသူ အဖြစ် သတ်မှတ်ခဲ့သည်။
သို့သော် ဒုတိယ ကမ္ဘာစစ်ကြီး တကယ် ဖြစ်သော အခါတွင်တော့ ချာချီကိုပဲ အားလုံးက ဝန်ကြီးချုပ် တာဝန်ယူခိုင်းရတော့သည်။ တကယ်ကို လိုအပ်လို့ တာဝန်ယူခိုင်းတာပါပဲ။ တကယ် တိုက်ရတော့မည် အချိန်တွင် လူထုကလည်း တကယ် လိုအပ်သူကို ရွေးတာ ဖြစ်သည်။ ချာချီကလည်း နာဇီဂျာမနီကို အရှုံးမပေးပဲ ကြံ့ကြံ့ခံ တိုက်မည်ဟု လူထုကို အားပေးသည်။ တကယ်လည်း တိုက်ကြီး ၆ တိုက်နှင့် သမုဒ္ဒရာ ၇စင်းတို့တွင် သဲသဲမဲမဲ တိုက်ပွဲဝင်ခဲ့သည်။ နောက်တော့ ဂျာမနီက ရုရှားကို ဝင်တိုက်ပြီး သူ့မဟာမိတ် ဂျပန်က အမေရိကန် ပြည်ထောင်စုပိုင် ပုလဲဆိပ်ကမ်းကို ဗုံးကြဲပြီး စစ်ထဲ ဝင်လိုက်ရာ ဗြိတိန်မှာ အခြား အင်အားကြီး နိုင်ငံ ၂ ခုဖြစ်သော အမေရိကန် ပြည်ထောင်စုနှင့် ရုရှားတို့ကို မဟာမိတ် အဖြစ် ရရှိကာ ကြီး ၃ ကြီး ဖြစ်သွားပြီး စစ်ကြီးကို အနိုင်ရအောင် တိုက်နိုင်တော့သည်။ မဟာမိတ်တို့၏ စစ်အောင်နိုင်ရေးတွင် ချာချီသည် အရေးအပါဆုံး ဆောင်ရွက်ခဲ့သည် ဟုပင် အဆိုရှိသည်။
တကယ်တော့ ချာချီ အနေနှင့် အင်္ဂလန်နိုင်ငံကို ချောက်ထဲ ကျဖို့ လက်နှစ်လုံး အလိုတွင် ကယ်ခဲ့သည်ဟု ပြောနိုင်သည်။ တကယ်လည်း အမှန်ဖြစ်သည်။ သို့သော် အင်္ဂလန်လူထုက ပူပူနွေးနွေး စစ်ပြီးကာစတွင် လုပ်သည့် ရွေးကောက်ပွဲမှာ ချာချီကို လုံးဝမရွေး။ ထို့ကြောင့် လေဘာပါတီမှ အက်တလီ တက်လာသည်။ ချာချီကို မကြိုက်လို့ မဟုတ်။ စစ်အတွင်းက သူတို့ကို ခေါင်းဆောင်ခဲ့သည် ခေါင်းဆောင်သည် စစ်ပြီးကာလ ငြိမ်းချမ်းရေး ကာလနှင့် မသင့်တော်လို့ မရွေးတာ ဖြစ်သည်။
ထိုအချိန်က ဗြိတိသျှ လက်အောက်ခံ အိန္ဒိယတို့ မြန်မာပြည်တို့က လွတ်လပ်ရေး ယူမှာ သေချာသလောက် ဖြစ်သည်။ ချာချီ ရှိနေလျှင်လည်း ဒီနိုင်ငံတွေ လွတ်လပ်ရေးကို လွယ်လွယ်နဲ့ ပေးမှာမဟုတ်။ အဲဒါဆိုလျှင် တိုက်ရ ခိုက်ရမှာ သေချာသလောက် ရှိသည်။ ကမ္ဘာစစ်ကြီးကို အားသွန်ပြီး တိုက်ခဲ့သည့် စစ်သည်များမှာ အားကုန်နေပြီ။ နောက်ထပ် စစ်ပွဲကြီးများ မတိုက်ချင်တော့။ ဒါကြောင့် သူ့ကို ကြိုက်သော်လည်း မလိုအပ်သဖြင့် မရွေးတာ ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် အင်္ဂလန် ရွေးကောက်ပွဲတွင် အက်တလီ အနိုင်ရကြောင်း သိရသည့်အခါ အတော် စိတ်သက်သာသွားသည်ဟု ဖတ်ဖူးသည်။ ဗိုလ်ချုပ်လည်း မစ္စတာချာချီနှင့် ဆိုလျှင် မလွယ် အကြမ်းနည်း သုံးရတော့မည်ဟု သိတာ သေချာသည်။ ဒါကြောင့် အက်တလီနှင့်ပင် အစစ အရာရာ ပြီးပြတ်ရလေအောင် တနှစ်အတွင်း လွတ်လပ်ရေး ရရမည် ဆိုသော ဆုံးဖြတ်ချက်ဖြင့် ကြိုးစားခဲ့တာဟု သိရသည်။ ဒါတောင် အတိုက်အခံ ကွန်ဆာဗေးတစ် အမတ်တွေက ကန့်ကွက်မှာ သေချာသဖြင့် အက်တလီ အစိုးရကပင် သခင်နုတို့ အဖွဲ့ကို ကွန်ဆာဗေးတစ် ခေါင်းဆောင်တွေနဲ့ အရင် ဆွေးနွေးဖို့ အကြံပေးပြီး စီစဉ်ပေးခဲ့သည်။ ကွန်ဆာဗေးတစ် အမတ်တွေနဲ့ အရင်ဆွေးနွေးရပုံကို သခင်နုက တာတေစနေသား စာအုပ်တွင် ရေးသားခဲ့သည်။
အမှန်တော့ ဗိုလ်ချုပ်တွင် အင်အား မရှိလို့ မဟုတ်ပါ။ ထိုအချိန်က မြန်မာလူထုက ဗိုလ်ချုပ်အောင်ဆန်း မီးစိမ်း ပြလိုက်သည်နှင့် တိုက်ရန် ဆုံးဖြတ်ထားကြပြီး တိုက်ဖို့လည်း လက်နက်စုသူက စုနေကြသည်။ တိုက်ခိုက်လိုသည့်ဘက်ကပင် များသေးသည်။ သို့သော် ခေါင်းဆောင်ကောင်း ဆိုတာက ကိုယ့် လက်အောက်ငယ်သားတွေ အတတ်နိုင်ဆုံး သက်သာမည့်နည်းကို ရွေးရတာပဲ ဖြစ်ပါသည်။
ချာချီကလည်း ရွေးကောက်ပွဲတွင် အနိုင်ရရေး အစွမ်းကုန် ကြိုးစားသော်လည်း ပြည်သူက ပေးသည့် ဆုံးဖြတ်ချက်ကို ကျေကျေနပ်နပ် လက်ခံသည်။ အင်္ဂလန်လူထုက ၁၉၅၁ ရွေးကောက်ပွဲတွင် ချာချီကို ဝန်ကြီးချုပ် အဖြစ် တာဝန်ပြန်ပေးလေသည်။ ထိုအချိန်တွင်ကား တိုက်စရာ မလိုတော့ပြီ။ အိန္ဒိယတို့ မြန်မာပြည်တို့က လွတ်လပ်ရေး ယူပြီးကြပြီ။
ဒီအချက်ကို ကြည့်တာနဲ့ ဒီမိုကရေစီ စနစ်တွင် ကွန်ဆာဗေးတစ်ရော လစ်ဘရယ်ရော နေရာရှိတာ သေချာသည်။ အခြေအနေ အချိန်အခါ အလျောက် လူထုက ရွေးချယ်သည်ကို လက်ခံရသည်။
နောက်ဆုံးတချက်က ဒီမိုကရေစီ စနစ်တွင် ဘယ်သူမှ အာဏာကို အကြာကြီး ယူမထား နိုင်သဖြင့် နောက်လူက သိပ်အလှည့်စောင့်စရာ မလို။ ကိုယ့်အလှည့် မကြာခင် ရောက်လာမှာ သေချာသဖြင့် ဘယ်သူမှ သွေးထွက်သံယို အာဏာလုရန် မစဉ်းစား။ ချာချီတို့ ရွေးကောက်ပွဲ တပြန်တလှည့်စီ နိုင်ကြတာကို ကြည့်လျှင် သိနိုင်သည်။
သက်ဦးဆံပိုင် စနစ်တို့ အာဏာရှင် စနစ်တို့မှာက တယောက်က အာဏာရသွားလျှင် ကျန်လူများက စောင့်ပေဦးတော့။ ပထမလူ ကွယ်လွန်သည် အထိ စောင့်ရမှာ ဖြစ်သည်။ အဲဒါကို စိတ်မရှည် နိုင်သဖြင့် နန်းလုကြတာ ဖြစ်ပါသည်။ အကိုနန်းစံ ညီနန်းရံ ဆိုပေမယ့် နောင်တော်ဘုရင်က နန်းသက် သိပ်ရှည်နေသဖြင့် ညီတော်က အရင် နတ်ရွာစံတာတွေလည်း ရှိသည်။ ဒီတော့ လူတိုင်းက မသေချာသဖြင့် မစောင့်နိုင်ကြ။
ဒီအချက်မှာ မှန်းဆပြောခြင်း မဟုတ်ပါ။ မြန်မာလူမျိုးတိုင်း သိသည့် အဇာတသတ်နှင့် ဗိမ္မိသာရမင်းကြီး အကြောင်းတွင် ရှင်ဒေဝဒတ်က အဇာတသတ် မင်းသားလေးအား နန်းလုရန် တိုက်တွန်းတော့ ဒီအချက်ကို ကိုင်ပြီး တိုက်တွန်းခြင်း ဖြစ်ပါသည်။ သူပြောတာက မင်းသား ဖခမည်းတော်က ကျန်းမာသေးသည်။ ဒီအတိုင်းဆိုလျှင် နှစ်ပေါင်းများစွာ ကြာတဲ့အထိ နတ်ရွာစံမှာ မဟုတ်။ သင်မင်းသား ထီးနန်း မရခင် နတ်ရွာစံနိုင်သည်ဟု ပြောပြီး မင်းသားလေးအား ဖြားယောင်း သွေးဆောင်ခြင်း ဖြစ်သည်။ ကျန်ဇာတ်လမ်းကတော့ အားလုံး သိတဲ့အတိုင်းပါပဲ။
ဒီမိုကရေစီ စနစ်တွင် ဒီအဖြစ်မျိုးမရှိ။ ဘယ်သူမှ အကြာကြီး အာဏာ ယူထားလို့ မရ။ ဒါကြောင့် ဒီမိုကရေစီ စနစ်တွင် အကြီးအကဲ ထိုင်ရမည့် ရာဇပလ္လင်တွေ သွေးမစွန်းတာ ဖြစ်ပါသည်။ သွေးမစွန်းသော ရာဇပလ္လင်တွေ ဖြစ်၍ ထိုင်သူကလည်း စိတ်ချလက်ချ ထိုင်နိုင်သည်။
အချုပ်အားဖြင့် ဆိုသော် ဒီမိုကရေစီ စနစ်သည် ကွန်ဆာဗေးတစ်ရော လစ်ဘရယ်ဝါဒီရော နေရာရှိသည့် စနစ်ဖြစ်သည်။ သွေးထွက်သံယို မမြင်လိုသည့် ကွန်ဆာဗေးတစ်များရော လစ်ဘရယ်များရော နှစ်ခြိုက်အပ်သည့် စနစ်ဖြစ်သည့်။ ထိုစနစ်သို့ ရောက်ရန် တနည်း ရာဇပလ္လင် သွေးမစွန်းစေရန် အတွက် အိုလီဗာကရွမ်းဝဲလ် ကဲ့သို့သော ဆုံးဖြတ်ချက် ခိုင်မာသော ခေါင်းဆောင်ကောင်းနှင့် သူ့ကို အားပေး ထောက်ခံ မည့် နောက်လိုက်ကောင်းများသည် အမှန်ပင် လိုအပ်လျှက် ရှိပါကြောင်း။
(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)
ကိုးကား
ဇိနတ္ထပကာသနီကျမ်း(ကျီးသဲလေးထပ် ဆရာတော်)
မဟာဗုဒ္ဓဝင်(မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ)
အလက်ဇန္ဒား မင်းမဟာ(ရဲဘော်ဖေသန်း)
ကျော်စွာ ၁၀၀(ဒေါက်တာသန်းထွန်း)
မြန်မာ့စွယ်စုံကျမ်း
CHINA’S  LAST EMPIRE(WILLIAM T.ROWE)
A HISTORY OF THAILAND(CHRIS BAKER)
LORDS OF LIFE(Prince Chula Chakrabongse of Thailand)
100 Great Kings, Queens and Rulers Of The World(John Canning)
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ
6 Responses to စံလှကြီး – လူတပိုင်း ဘီလူးတပိုင်းတို့ရဲ့ ရာဇဝင်နှင့် သွေးမစွန်းသော ရာဇပလ္လင် (၂)
  1. ခင်​မြ​အေး on November 18, 2014 at 1:28 pm
    Very good.
    Fully researched one.
    ဒီ စာ ကို အ ​ခြေ ခံ ပြီး
    ထပ်​ ပြီး data. အချက်​ အလက်​ ထပ်​ တိုး ထဲ့ ပြီး လူ ပိန်း ​တွေ ပို နား လည်​ ​အောင်​ ထပ်​ ပြီး ပြင်​ ​ရေး ​ပေး နိုင်​ ရင်​ အ လွမ်​ ​ကောင်း မယ်
    အခု ​ရေး တာ လည်း အလွန်​ ​ကောင်း တယ်
    ဒါ ​ပေ မဲ့ လူ ပိန်း ပညာ တတ်​ history. ဖတ်​ သူ အလုံး စုံ သိ ​စေ ချင်​ လို့ ပါ
    စာ ​ရေး သူ က မ စား သာ ဘူး ပင်​ ပန်း တယ်
    စာ ဖတ်​ ထား မှ
    မ ဟုတ်​ က ဟုတ်​ က. ​စောက်​ ရမ်း ​ရေး ​စောက်​ ရမ်း ​ပြော သူ က ​တော့ ဘာ မဆို လွယ်​ တာ ​ပေါ့ ​နော်​..
    This article is. well presented.well composed.
    အချက်​ အလက်​ မှန်​ တယ်​ based on good research. Remember..
    ` to copy from a book is the plagiarism.´
    ` to copy from two books is the research ´
    This is the good- researched writing.
    (စ ကား မ စပ်​ ​နော်​စုပ်​ ပဲ့ ပြတ်​ သတ်​ ​နေ ​သော မြန်​မာ့ ​ဂီ တ ​လော က ..၇၀..၈၀.၉၀..ဟ..၁၀( exception applies..
    TIn Tin Mya,m m aye, sai htee sai, khine hto, tttt, mg ko ko, etc etc among others )… all are. ​စောက်​ သူ ခိုး ​စောက်​ အ ဆင့်​ အ တန်း မရှိ…အခု ထိ လည်း ခိုး ​နေ တုံး
    Sorry for that side-talks about plagiarism .
    Well this is the superb researched article.
    It should be listed as ` Digest for good readers ´..say. 20. Or 30 bestowed articles of MoeMaKha. And distributed. Free or with small amount of money. to. Active Young Prospective Readers of all major towns in states n divistions..say. 700 copies each year.
  2. Khin on November 18, 2014 at 4:56 pm
    ကိုစံလှကြီး ရှင့်
    အချက်အလက်များ အသေအချာ စုဆောင်းပြီး ဘက်စုံ က ဝေဖန် ထောက်ပြ ထားတဲ့ ဆောင်းပါး တစ်ပုဒ် အတွက် ကျေးဇူးတင်ပါတယ်။
    ဒီဆောင်းပါး ကို ကျွန်မ ရဲ့ Facebook စာမျက်နှာပေါ်မှာ မျှချင်လို့ ခွင့်တောင်းပါတယ်။
    အခွင့်ပေးမယ်လို့ မျှော်မှန်းပါတယ်ရှင့်။
    ခင်မင်စွာဖြင့်
  3. Dr. Maung Maung Gyi on November 18, 2014 at 8:32 pm
    ဦးဘသန်းရဲ့ကျောင်းသုံးမြန်မာရာဇဝင်စာအုပ်စာမျက်နှာ ၃၃၅ မှာ ဝန်ကြီးမဟာသီဟသူရက ယိုးဒယားစစ်ဗိုလ် ဖယားချက်က္ကရိကို မင်းဖြစ်လိမ့်မယ်လို့နိမိတ်ဖတ်ထားတဲ့အတိုင်း နောက် ၆ နှစ်အကြာမှာ ဘုရင်ဖြစ်လာကြောင်း ယိုးဒယားရာဇဝင်ကိုကိုးကားပြီးရေးထားပါတယ်။ ကုန်းဘောင်ဆက်မြန်မာရာဇဝင်မှာလည်း ဒီအကြောင်းပါပါတယ်။
    • San Hla Gyi on November 19, 2014 at 7:34 pm
      ဟုတ်ကဲ့ မ khin ရဲ့ facebook စာမျက်နှာပေါ်မှာ မျှချင်တယ် ဆိုလို့ ကျေးဇူးပါ။ စာဖတ်သူ တယောက်က ကိုယ့်စာကို အရေးတယူ ရှိကြောင်း ပြောတာဟာ စာရေးတဲ့ လူတယောက် အတွက် တွန်းအားတခုပါ။ ပထမပိုင်းရော ဒုတိယပိုင်းပါ မခင်ရဲ့ facebook စာမျက်နှာပေါ်မှာ တင်နိုင်ပါတယ် ခင်ဗျာ။ ကျနော်ကိုယ်တိုင်လည်း ကျနော့် ဆောင်းပါးတွေကို ကျနော့် facebook စာမျက်နှာပေါ်မှာ တင်လေ့ ရှိပါတယ်။
      အန်ကယ် ဦးမောင်မောင်ကြီး အနေနဲ့ အခုလို ကျနော် လွတ်နေတာလေးကို ထောက်ပြ အသိပေးတဲ့ အတွက် ကျေးဇူး အထူးတင်ရှိပါတယ်ဗျာ။
  4. San Hla Gyi on November 18, 2014 at 8:54 pm
    အားပေးတဲ့ အတွက် ကျေးဇူးပါ။ တကယ်တော့ ကျနော် မူလ ရေးတုန်းက အချက်အလက် ဒီထက် များများနဲ့ ရေးဖို့ စဉ်းစားပါတယ်။ အင်္ဂလန်က ဟင်နရီ ၈ အကြောင်းလည်း ရေးမလို့ပါ။ ဟင်နရီ ၈ မိဖုရား အသစ် တယောက်တင်တိုင်း အဟောင်းကို အကြောင်းရှာပြီး ကွပ်မျက်တာတွေ ပုပ်ရဟန်းမင်းက သဘောမတူလို့ အင်္ဂလန်ကို သာသနာရေးမှာ ပုပ်ရဟန်းမင်း လက်အောက်က ခွဲထုတ်ပြီး ဂိုဏ်းသစ်ထောင်တာတွေရောပေါ့။ အချက်အလက် သိပ်များသွားရင် ဖတ်တဲ့လူအတွက် လေးလံသွားမှာ စိုးလို့ပါ။ အခုတောင် တပိုင်းနဲ့ မလောက်လို့ နှစ်ပိုင်းခွဲ ရေးရပါတယ်။
    ကျနော့် အမြင်အရ အာဏာရှင်နိုင်ငံတွေဟာ ဒီမိုကရေစီ နိုင်ငံတွေထက် စာရင် ဖွံ့ဖြိုးမှု နောက်ကျတာ များပါတယ်။ အုပ်ချုပ်တဲ့လူက ပညာ သိပ်မတတ်ရင် ပိုဆိုးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေမှာ အာဏာရှင်က အကြွင်းမဲ့ အာဏာ သုံးတော့ ပညာရှင်တွေလည်း ဘယ်အကြံပေးရဲပါ့မလဲ။ အကြံပေးရင် နောက်နေ့ ကိုယ့်ခေါင်း ကိုယ်ပြန်စမ်းကြည့်ရမယ့် အဖြစ်မျိုးနဲ့ ကြုံနိုင်တယ်။ ဒီတော့ အကြံမပေးတော့ဘူး။ ဝေးဝေးပြေးဖို့ လုပ်တယ်။ အဲဒါက တိုင်းပြည်နိုင်ငံ ဆုတ်ယုတ် ဆင်းရဲခြင်းရဲ့ အကြောင်းလို့ မြင်ပါတယ်။
  5. Maung Aung Khine on November 20, 2014 at 6:13 am
    ဒီနည်းနဲ့ “ပညာပေးတာ”၊ “ယဉ်ယဉ်ကျေးကျေးဆုံးမတာ”ကို ပေါ်ထင်ဆဲတာထက်ပိုကြိုက်တယ်။
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
http://moemaka.com/archives/57845
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်