သက်ခိုင် – ဘုန်းကြီးကျောင်းသား၊ လမ်းစဉ်လူငယ်အောင်ဖေနဲ့ ပါတီစုံဒီမိုကရေစီ

November 18, 2014

သက်ခိုင် – ဘုန်းကြီးကျောင်းသား၊ လမ်းစဉ်လူငယ်အောင်ဖေနဲ့ ပါတီစုံဒီမိုကရေစီ
(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၁၄

(၁)
အောင်ဖေ (၁၀)တန်းကာလမှာပဲ အကိုအငယ်ဆုံးတယောက် ထပ်ဆုံးသွားပါလေကော၊ ဆိုတော့ မောင်နှမ ၅ ယောက်နဲ့ အမေနဲ့ ဘဝကိုရုန်းကန်ရတော့တာပဲ။ နဂိုကတည်းက စာကိုသိပ်နားမလည် တော့တဲ့ အောင်ဖေတယောက်လည်း စာမေးပွဲသာနီးလာတယ် စိတ်ကမပျော်တော့ဘူး လေးနေပြီ၊ သိတဲ့အတိုင်း ဆယ်တန်းစာမေးပွဲဆိုတာ အချဉ်မဟုတ်တော့ ဘာရမလဲ ကျပေါ့။ အဲဒီမှာတင် အဖွားအမိန့်နဲ့ အောင်ဖေတို့ မိသားစုအိမ်လေးကိုရောင်းပြီး အဖွားအသစ်ပြင်ဆောက်တဲ့ ကျောက်မြောင်းကအိမ်ကို ကြီးတော်ကြီး မိသားစုကော ပြောင်းရမယ် ဖြစ်လာပါရော။ အောင်ဖေတို့ ခြံနဲ့အိမ်ရောင်းတာ အခုခတ်လူတွေကြားရင် အံ့သြမယ် မြန်မာငွေ ၅သောင်းခွဲနဲ့ ရောင်းခဲ့ရတာ မစောင့်နိုင်တော့ဘူးလေ တရွာမပြောင်း သူကောင်းမဖြစ်ဆိုသလိုပေါ့။ အဲဒီအချိန်က ၁၉၈၇ခုနှစ် ဇွန်လကြီး။

အရင်က အဖွားအိမ်က တထပ်ပျဉ်ထောင်အိမ်ကို ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဆောက်လိုက်တာ တိုက်ခံအိမ်သဘော နှစ်ထပ်ဖြစ်သွားတယ်၊ အောင်ဖေတို့က အပေါ်ထပ်မှာ တခန်းရတာပေါ့၊ ကြီးတော်ကြီး မိသားစုတွေကလည်း အပေါ်ထပ်မှာ တခန်းပေါ့။ အစပထမတော့ ကျောက်မြောင်းမှာ အောင်ဖေ နေလို့မပျော်ဘူး၊ အချိန်ရရင် တောင်ဥက္ကလာကိုပဲ ပြန်ပြန်လာလည်လေ့ရှိတယ်၊ သူငယ်ချင်းတွေ တယောက်ပြီး တယောက်အိမ်မှာ လိုက်အိပ်၊ ညဘက်ဆို ကျောင်းဝင်းထဲက အလံတိုင်ရှေ့မှာ စုထိုင်ဂီတာတီးကြပေါ့၊ အဲဒီကတည်းက “နှင်းသက်သက်ဝေ” တို့ “အစောဆုံးပြန်ခဲ့” တို့ဆိုတာတွေက အောင်ဖေတို့ဆိုနေကြ သီချင်းတွေ၊ ဒါနဲ့ပဲဆယ်တန်းကို ကျောက်မြောင်းက ကျောင်းမှာပဲ ပြောင်းတက်မလိုလို၊ အပြင်ကပဲ ဖြေမလိုလို လုပ်နေရင်းက အချိန်တွေက တဖြည်းဖြည်းကုန်လာပါလေကော၊ သြဂုတ် စက်တင်ဘာ ရောက်လာပြီ ဘာမှ မပြင်ဆင်ရသေးဘူး၊ ဒါနဲ့ မထူးဘူး တနှစ်ထားလိုက်တော့မယ် အလုပ်လေးဘာလေးလုပ် ငွေစုမယ် ဖြစ်လာကော။ အိမ်ကလည်း စာမေးပွဲ ပြန်မဖြေသေးဘဲ အလုပ် လုပ်မယ်ဆိုတော့ အေးလုပ်ကြည့်ပေါ့လေ။ ခက်တာက ဘာလုပ်ရမှန်းလည်း မသိဘူး၊ ဒါနဲ့ အဒေါ်ကို သွားပြောတယ်၊ လက်ဘက်ရည်ဆိုင် ဖွင့်ပါလားပေါ့၊ အဒေါ်ကလည်း သဘောတူတော့ မနီးမဝေးက ဘုန်းကြီးကျောင်း ဒေါင့်မှာ နေရာရပါလေကော၊ အဲဒီမှာ အဒေါ်ကို ဝိုင်းကူပေါ့လေ။

ဆိုင်က ဘုန်းကြီးကျောင်းဘေး ကပ်ရပ်ဆိုတော့ အောင်ဖေတို့လည်း ဘုန်းကြီးတွေနဲ့ သိတော့တာပေါ့၊ ကျောင်းကတော့ ကျဉ်းကျဉ်းလေး ဆိုပေမယ့် ကိုယ်တော်တွေက မရှိဘူးဆို ၂၀ ကျော်လောက်တော့ ရှိတယ်၊ ဘုန်းကြီးတွေကလည်း အောင်ဖေ့ကိုချစ်တော့ အားရင်ဘုန်းကြီးတွေကြား သွားသွားပွားတော့တာပဲ၊ ဘုန်းကြီးတွေကလည်း တချို့မုန့်တွေဘာတွေ အောင်ဖေ့အတွက် ချန်ချန်ထားတတ်တယ်၊ ဘုန်းကြီးကျောင်းသား တပိုင်းလိုပေါ့၊ ဒီအထဲမှာ တချို့ကိုယ်တော်တွေကလည်း ဒကာတွေ ဒကာမတွေ အပူကပ်သလား ဘာလားတော့ မသိပါဘူး၊ ဟိုစပ်စပ် ဒီစပ်စပ် ရှိတတ်တဲ့ အောင်ဖေကို အားကိုးရတာတွေ ရှိလာတယ်၊ ဆိုလိုတာ အဲဒီခေတ်က ချဲတွေဘာတွေ ခေတ်စားလာပြီလေ အဲဒီတော့ ၃လုံးထဲမှာ ဘယ်တလုံးပါမယ် ဘာညာဆိုတာ ဟိုဟာတွက်သလို ဒီဟာတွက်သလိုနဲ့ ခန့်မှန်းပြောတတ်တဲ့ အောင်ဖေ့ဂဏန်းက အမြဲနီးပါးမှန်နေတော့ ဒီတလုံးတော့ ဦးဇင်း အာရုံရတယ် ဘာညာနဲ့ ကြည့်ကျက်ပြီး ဒကာတွေ ဒကာမတွေကို မိန့်ရပုံရှိပါတယ်။ အဲဒီလိုမျိုး အောင်ဖေတို့ ဘုန်းကြီးတွေနဲ့တောင် ဆက်ဆံရေးပြေလည်နေပုံက။

ဒီ၁၉၈၇ခုနှစ် စက်တင်ဘာထဲထင်ပါရဲ့ မဆလအစိုးရက အရင်၂နှစ်လောက်က  ၁၀၀တန်ငွေစက္ကူကို တရားမဝင် ကြေညာခဲ့တာကို အားမရတာနဲ့ နောက်ထပ်အသစ်ထုတ်ထားတဲ့ ၃၅ကျပ်တို့ ၇၅ကျပ်တို့ ၉၀ကျပ် တန်တို့ကို ထပ်ပြီးတရားမဝင်တော့ဘူး လုပ်ပြန်ပါလေကော၊ အဲဒီမှာတင် အောင်ဖေစဉ်းစားတယ်၊ ဟာငါတို့နိုင်ငံက ဘယ်လိုကြီးလဲဟ ဘာလုပ်လုပ် လုပ်လို့မရပါလား သူများကောင်းရောင်း ကောင်းဝယ်နဲ့ စုထားဆောင်းထား တာလေးတွေကို ဒီလိုမျိုး ခဏခဏ လုပ်နေမှတော့ မဟုတ်သေးဘူးပေါ့လေ။

(၂)
၁၉၈၈ နွေဘက်ရောက်လာတော့ မတ်လမှာ အာအိုင်တီကျောင်းသားတွေနဲ့ အရပ်သားတွေ ပြသနာတက်တော့ တိုင်းပြည်က မငြိမ်တော့ဘူး ဟိုရုတ်ရုတ် ဒီရုတ်ရုတ် ဖြစ်လာပြီ၊ နောက်မကြာပါဘူး သိတဲ့အတိုင်း သြဂုတ်၈ရက်နေ့ကြတော့ အောင်ဖေ့ဘဝမှာ တခါမှမတွေ့ဖူးတဲ့ လူအများကြီး လမ်းပေါ်ထွက် ဆန္ဒပြတာကို မြင်ရပါလေကော၊ ၈၈၈၈ အရေးတော်ပုံဆိုတာ ရန်ကုန်မြို့အနှံ့အပြားကလူတွေ မြို့တော်ခန်းမကို ချီတက်ဆန္ဒပြကြတာဆိုတော့ အောင်ဖေတို့ကျောက်မြောင်းကို လူတန်းကြီး မနက်၉နာရီလောက်ကတည်းက ဖြတ်လျှောက်သွားကြတာ ညနေ၃နာရီလောက်အထိ မပြတ်ဘူး  “ဒီမိုကရေစီရရှိရေး-တို့အရေး” “မဆလပါတီ-အလိုမရှိ” “ပါတီစုံစနစ်ပေါ်ထွန်းရေး-တို့အရေး” စတာတွေအော်ပြီး ချီတက်ကြတာကိုး၊ အတော်တော့ ကြက်သီးထစရာကောင်းတယ်၊ အောင်ဖေစဉ်းစားတယ် ဟုတ်ပြီ ငါတို့နိုင်ငံ တခုခုတော့ ပြောင်းလဲတော့မယ်ပေါ့ ဒီလောက်ပဲသိသေးတာ အများကြီးတော့ မသိဘူး။

ဒါပေမယ့် တဖြည်းဖြည်နဲ့ သဘောပေါက်လာတယ် ဘာလို့ဆို ကားလမ်းမဘက်မှာ ကပ်ထားတဲ့ ကျောင်းပေါင်းစုံ ကြေညာချက်တွေမှာ မဆလအစိုးရ မတော်မတရားလုပ်ခဲ့တာတွေကို ပြန်ဖောက်သည်ချတာတွေ၊ ကျောင်းသားတွေ ကားပေါ်မှာ အသက်ရှုကြပ်ပြီး သေကုန်ရတာတွေ၊ စစ်ကြောရေးမှာ ကျောင်းသူတွေကို မတော်မတရား လုပ်ခံရတာတွေ ဒါတွေအပြင် ဒီမိုကရေစီဆိုတာ ဘာလဲ၊ ပါတီစုံစနစ်ဆိုတာဘာလဲ၊ ကျောင်းသား ကျောင်းသူတွေကို အစိုးရက လုပ်ချင်သလို လုပ်ခဲ့တာတွေကို ကောင်းကောင်း သဘောပေါက်လာတယ်၊ အဲဒီလို တိုင်းပြည်မငြိမ်မသက် ဖြစ်လာပြီဆိုတော့ အောင်ဖေတို့တွေလည်း မိမိရပ်ရွာ လုံခြုံရေးအတွက် ဓါးတွေလှံတွေ ကိုင်ပြီး ကင်းစောင့်ဘာစောင့် လုပ်ကြရတော့တာပေါ့။

ဆိုလိုတာက ညဘက်ဆိုရင် လမ်းထဲကလူငယ်လူရွယ်တွေ မိမိအသိစိတ်နဲ့ တုတ်ဓါးတွေကိုင်ပြီး လမ်းထဲက ဓမ္မာရုံမှာ စခန်းချကင်းစောင့်၊ အိမ်တွေက တခုမဟုတ် တခုလုပ်လုပ်ကျွေး မနက်ပိုင်းဆိုရင်တော့ နားပေါ့၊ နားတယ်ဆိုပေမယ့် ခဏတဖြုတ်လောက်ပါပဲ သစ်ပင်တွေခုတ် လမ်းတွေပိတ် ဒါတွေကလည်း အဆင်ပြေသလို လုပ်ရတယ် မဟုတ်ရင် စစ်တပ်က လှမ်းလှမ်းပစ်တာတွေ ခံရမယ်လေ။ ဘာလို့ဆို အောင်ဖေတို့နေတဲ့ ရပ်ကွက် သတိပဌာန်လမ်းထိပ်ကို အဲဒီတုန်းက မြို့နယ်ကောင်စီရုံး (နောက်ပိုင်းတော့ မဝတရုံးပေါ့)မှာ တပ်စွဲထားတဲ့ စစ်တပ်က တခါတခါ လှမ်းလှမ်းပစ်တတ်တယ်၊ တခါဆို အသုဘချဖို့ ခေါင်းတလားကြီး သယ်လာကြတာ သေနတ်နဲ့လှမ်းပစ်လို့ ခေါင်တလားကြီးကို လမ်းမမှာချပြီး လူတွေထွက်ပြေး ကြရသေးတယ်လေ၊ လမ်းပန်းဆက်သွယ်ရေးကတော့ လုံးဝကို ပြတ်တောက်သွားတော့တာပဲ အထူးသဖြင့်တော့ လမ်းမတန်းမှာ ကင်းယူရသူတွေက ပိုသတိထားရတယ်၊ ညဘက်မှာ စစ်ကြောင်းတွေက လှုပ်ရှားသွားလာရင် လူရိပ်တွေ့လို့က တဒိုင်းဒိုင်းနဲ့ ပစ်တတ်တယ်လေ။ ဆန္ဒပြတာကိုတော့ တခါနှစ်ခါပဲ အောင်ဖေတို့သွားဖူးပါတယ်၊ အထူးသဖြင့်တော့ ရပ်ကွက်ထဲကလူတွေနဲ့ပေါ့ အများအားဖြင့်တော့ ကင်းပဲစောင့်တာများတယ်။

ဒီလိုနဲ့ စက်တင်ဘာလလ ၁၈ရက်နေ့ရောက်တော့ စစ်တပ်က အာဏာသိမ်းပါလေရော၊ ညနေ၄နာရီကတည်းက စစ်ချီသီချင်းတွေ တချိန်လုံးလွှင့်ပြီး အမိန့်တွေ တခုပြီးတခု ထုတ်နေတော့တာ၊ ဘွဲ့ရကျောင်းသားများ သမဂ္ဂ ဘာညာမှာ သွားပြီး လုပ်နေတဲ့အောင်ဖေ့အကိုလည်း ပြန်လာတော့တာပဲ ဘာလို့ဆို အားလုံးလူစုခွဲရပြီကိုး၊ အဲဒီညကတည်းက နေရာတိုင်းမှာ တဒိုင်းဒိုင်းနဲ့ ပစ်နေခတ်နေသံတွေ ကြားရတော့ အောင်ဖေတို့ ကင်းအဖွဲ့တွေလည်း အရင်လို လူစုမစောင့်ရဲတော့ဘူး စခန်းချတဲ့ ဓမာရုံမှာပဲ နေရဲကြတော့တယ်။ နောက်ပိုင်းကြတော့ တပ်ကလူတွေ ရောက်လာပြီး ရဝတ ဖွဲ့ရမယ် ဘာညာတွေ ဖြစ်လာပြီး ရပ်ကွက် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ပေါ်လာတဲ့ အချိန်ကြတော့မှ အောင်ဖေတို့လည်း ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတော့တယ်၊ ရဝတလူကြီး လုပ်တဲ့သူတွေကလည်း ကိုယ်နဲ့သိတဲ့သူတွေဆိုတော့ “ညီလေးတို့ အောင်ဖေတို့ မင်းတို့အိမ်မှာပဲ နေကြတော့ကွာ အကိုတို့ပဲ ဆက်လုပ်ကြရမယ် ငါ့ညီတို့ လုပ်စရာရှိတာတွေသာ လုပ်ကြတော့” ဆိုပြီးပြောတာလည်း ပါတာပေါ့လေ။

(၃)
စစ်တပ်အာဏာသိမ်းတယ် ဆိုကတည်းက တချို့တွေလည်း တောခိုသူခို၊ ပါတီတွေထဲ ဝင်သူတွေလည်း ဝင်ကြပေါ့၊ ဒါပေမယ့် အောင်ဖေကတော့ စစချင်းဘယ်ပါတီမှမဝင်ဘူး တခြားမြို့နယ်က နိုင်ငံရေး ဘာညာစိတ်ဝင်စားတဲ့ သူငယ်ချင်းတွေစုပြီး ဘာတဲ့ “တော်လှန်သော မျိုးချစ်ကျောင်းသား လူငယ်တပ်ဦး” ဆိုပြီး အဖွဲ့ဖွဲ့ဖြစ်ပါလေကော၊ ဒါတောင်မှ ၈၈ကုန်လား ၈၉နှစ်ဦးလား မမှတ်မိ၊ အဖွဲ့ခေါင်းဆောင်အဖြစ် မြန်မာစာနဲ့ ကျောင်းတက်နေတဲ့ အမတယောက်က ခေါင်းဆောင်တယ် အောင်ဖေတို့ ဝင်းနိုင်တို့ကတော့ ကော်မတီသဘောပေါ့၊ ဒါပေမယ့် ဒီအဖွဲ့ကလည်း ဘာမှအလုပ်မဖြစ်ပါဘူး လူစုနေတာနဲ့တင် ဘာမှမလုပ်ဖြစ်ဘူး။

အာဇာနည်နေ့ သူများတွေ ချီတက်ကြမယ်ဆိုတော့ ငါတို့လည်းချီတက်မယ် ကိုယ့်အုပ်စုနဲ့ကိုယ်ပေါ့၊ လူကတော့ အများကြီးလာမယ်တော့ တွက်မထားပါဘူး၊ ၂၀ကျော်တော့ ငါတို့တွေ ပါလာနိုင်မယ်ပေါ့ ဒီလိုလှုပ်ရှားမှုလေး ပြလိုက်ရင် ပိုပြီးအားကောင်းလာနိုင်တယ် ဒီလိုပဲ တွေးမိတာ၊ တကယ်လုပ်မယ်ဆိုတော့ ပြဿနာတခုနဲ့ ရင်ဆိုင်ရပါလေကော၊ ဒါကဘာလည်းဆိုတော့ ရေးထားတဲ့ ကြေညာချက်ကို ဘယ်လိုဖယောင်းလှိမ့်မလဲပေါ့၊ ဒါကလည်း တခါမှ လုပ်ဖူးတာမဟုတ်တော့ ပွဲခံနေကော၊ ဒါနဲ့ ဥက္ကလာကတယောက်က သူ့အကိုတွေ မေးကြည့်ပေးမယ် သူတို့လည်း ဘာဘာညာညာတွေဆိုတော့ သူလည်းအတော် စည်းရုံးလိုက်ရပုံရပါတယ် သူ့ကို ဘယ်လိုလုပ် ဘယ်လိုလုပ်ဆိုပြီး မီးချောင်းနဲ့ ဖယောင်းစက္ကူမှာ ပေါက်တဲ့ကညစ်နဲ့စာရေး အဲဒီလိုလုပ်ရကော၊ ဒါကေတာ့ လက်ရေးလှတဲ့ မခိုင်ကိုပဲရွေးရတာပေါ့ သူကမြန်မာစာကျောင်းသူကိုး။

အဲဒါပြီးတော့ ဖယောင်းလှည့်ရမှာ ငါတို့အရွက်၅၀ဆိုရပါပြီကွာ၊ အဖွဲ့နာမည်လူသိသွားရင်ပဲ မဆိုးဘူးပေါ့လေ၊ ခက်တာက ဒါကိုလှည့်ရတဲ့ ဟိုကောင်ကလည်း လူကြီးတွေ အလစ်မှာလုပ်ရမှာဆိုတော့ သူ့အိမ်သွား သူတို့အခန်းထဲမှာ လူကြီးတွေ မလာခင်လှိမ့်ထုတ်ရတော့တာပေါ့၊ ညနေစောင်းမှသွားတာလည်းဖြစ် မကျွမ်းကလည်း မကျွမ်းကျင်ဆိုတော့ အလုပ်က သိပ်မတွင်ဘူး၊ ဒါနဲ့ဒီကောင့်အိမ်ညအိပ် မနက်ဖြန် အာဇာနည်နေ့ကြတော့မှ ချိန်းထားတဲ့ တာမွေဈေးဒေါင့် ရွှေဗဟိုကို အရောက်သွားမယ် စဉ်းစားပြီး ညဘက်လူအလစ်မှာ ထပ်လှိမ့်ရပြန်ကော၊ တော်တော်ကို ကျားခုတ်ကျားခဲ ကြိုးစားလိုက်ရတာ ည၁၂နာရီလောက်မှ ပြီးတော့တယ်၊ လူကြီးတွေကတော့ သူငယ်ချင်းတွေ စကားပြောနေတယ်ပဲထင်မှာပေါ့လေ။

မနက်ကြတော့ အစောကြီးထပြီး ဟေ့ကောင်ငါအရင်အိမ်ပြန်နှင့်မယ်၊ ရေမိုးချိုးပြီးမှာ စာရွက်စာတမ်းတွေ ယူလာပြီး တာမွေဈေးဒေါင့်မှာ ဆုံကြမယ်ပြောပြီး လစ်လာခဲ့ရော၊ ချီတက်မယ့်သူတွေက အများကြီးပဲ၊ ငါတို့ကို ဘယ်သူမှ မှတ်မိမှာ မဟုတ်ပါဘူး စိုရိမ်စရာတော့ လိုမယ်မထင်ဘူးပေါ့လေ၊ ဟိုစဉ်းစား ဒီစဉ်းစားနဲ့ လာလိုက်တာ ရုတ်တရက် သုဝဏ္ဍကနေ တာမွေကုန်းတံတား မတက်ခင်လမ်းဆုံရောက်တော့ အားပါး စစ်ဆေးရေးအဖွဲ့တွေ အများကြီးက လမ်းပိတ်ပြီး ကားတွေကို အကုန်စစ်နေတာကိုး၊ လူလန့်သွားတယ် သွားပြီငါတော့ အဖမ်းခံရပြီပေါ့၊ ဘယ်လိုလုပ်ရင်ကောင်းမလဲ လွယ်အိတ်ထဲက စာရွက်တွေ ယူပြီးလွှင့်ပစ်ရအောင်လည်း ဘတ်စ်ကားပေါ်မှာ ပိုဆိုးသွားမယ်၊ လူကချွေးတွေ ပြန်နေပြီ၊ ကိုယ့်ကားအလှည့်ကတော့ မရောက်သေးဘူးပေါ့၊ နောက်ကြတော့ စိတ်ကိုဒုန်းဒုန်းချလိုက်တယ်၊ ဒီလောက်တောင် ဖြစ်ချင်တာဖြစ်ကွာ ခပ်တည်တည်နဲ့ပဲ နေလိုက်မယ် ဖမ်းလည်း လိုက်သွားယုံပေါ့လေ။

အဲဒီလိုစဉ်းစားနေတုန်း အရပ်ဝတ်နဲ့သူတွေကော ရဲတွေကော ကားပေါ်တက်လာပါလေကော လူကစိတ်ဒုန်ဒုန်း ချထားပြီးပြီဆိုတော့ သိပ်မတုန်လှုပ်တော့ဘူး၊ သူများတွေကို အိတ်တွေဖွင့်ကြည့် ထုတ်ကြည့်ဘာညာတွေ လုပ်နေတော့၊ အောင်ဖေ့စိတ်ထဲတွေးလိုက်တယ် “သေချာပြီကိုယ့်လူ၊ အင်စိန်စကောလားရှစ်တော့ ရပြီ” လို့၊ တဖြည်းဖြည်းနဲ့ စစ်တဲ့သူတွေ အနားကပ်လာတယ်၊ အောင်ဖေ့ကို အရပ်ဝတ်နဲ့ လူတယောက်ကမေးတယ် “ညီလေးဘယ်လဲ” တဲ့၊ ကြည့်ရတာ အရပ်ဝတ်နဲ့ရဲပေါက်စ ထင်ပါတယ်။ “ဟုတ်ကဲ့ ကျနော်ကျောက်မြောင်းအိမ် ပြန်မလို့ခင်ဗျ” ပေါ့လေ၊ ဒါနဲ့ ပုဂ္ဂိုလ်က လွယ်အိတ်ကို လှမ်းကိုင်ပြီး၊ “အကို တချက်စစ်မယ်နော်” ဆိုပြီး လွယ်အိတ်ကို ဖွင့်လိုက်ပါလေကော၊ အဲဒီမှာစာရွက် အရွက်၅၀ကျော်လောက် ညီညီညာညာနဲ့ သရေပင်စည်းပြီး ထပ်ထားတာတွေတော့၊ “ဘာစာတွေလဲကွ” တဲ့၊ အောင်ဖေခေါင်းကြီးသွားတယ်၊ ဒါပေမယ့် ခပ်တည်တည်ပဲ ဖြေလိုက်ပါတယ်၊ “အက်ဆေးတွေ အကိုရ” ဆိုတော့ ဟိုပုဂ္ဂိုလ်လည်း တချက်ဆွဲယူထုတ်ကြည့်ပြီး လက်မနဲ့ ငွေထုတ်ဖြဲကြည့်သလို အောက်ဘက်ကနေ ကြည့်လိုက်တယ်၊ ခက်တာက သူကဘာကို အာရုံစိုက်မိသွားလဲ မသိဘူး၊ အောင်ဖေ့လွယ်အိတ်ထဲ စာရွက်ထုတ်ပြန်ထည့်ပြီး ပြောသွားတာက “မင်းက လက်ရေးလှသားပဲ” တဲ့။ အမှန်တော့ ဖယောင်းလက်ရေးနဲ့ ရေးထားတဲ့စာတွေထဲမှာ “လိုအပ်လာသောအချိန်တွင် တိုင်းနိုင်ငံတခွင်လုံး တချိန်တည်း တပြိုင်တည်း ညီညီညာညာ ပါဝင်လှုပ်ရှားနိုင်ရန်အတွက် တော်လှန်သောမျိုးချစ်ကျောင်းသား လူငယ်တပ်ဦးကို ဖွဲ့စည်းရခြင်းဖြစ်ပေသည်” အဲသလိုတွေ ရေးထားတာ၊ သူကဘယ်အပိုင်းကို ဘယ်လိုဖတ်ပြီး လက်ရေးလှတယ် ပြောသွားလဲ မသိသလို၊ ဖယောင်းလက်ရေးနဲ့ ၀ါဒဖြန့် ကြေညာစာတမ်းတွေကိုလည်း မမြင်ဖူးဘူးထင်ပါရဲ့၊ “လိုအပ်လာသောအချိန်တွင် တိုင်းနိုင်ငံတခွင်လုံး တချိန်တည်း တပြိုင်တည်း ညီညီညာညာ” ဘာညာစတဲ့ စာကိုပဲ ဖတ်မိပြီး၊ လမ်းစဉ်လူငယ်ပေါက်စ ထင်သွားလားမသိ၊ အောင်ဖေ့ကို ထားသွားပါကော။ မျက်စိမျက်နှာပျက်ပျက်နဲ့ အိမ်ရောက်တယ်ဆိုရင်ပဲ ရွှေဂုံတိုင်မှာ ဖမ်းနေပြီ၊ အပြင်မထွက်ကြနဲ့ ဘာညာနဲ့တင် အောင်ဖေတို့အစီအစဉ်လည်း ပျက်ပေါ့။

(၃)
အဲဒီမှာစဉ်းစားရပြီ ဘာဆက်လုပ်မလဲပေါ့ ငါတို့တော့ ဒီအတိုင်း ဆက်ရပ်တည်လို့မရဘူး အဖွဲ့ကြီး တခုခုကိုသွားပေါင်းရင်ပေါင်း မပေါင်းရင် ပါတီကြီးတခုခုဝင်ပေါ့၊ ဒါနဲ့အောင်ဖေက လူ့ဘောင်သစ်ပါတီကို ဝင်ဖို့စဉ်းစားလိုက်တယ် ဘာလို့ဆိုသူက ကျောင်းသားပါတီကိုး အဲဒီအချိန်ကတင်ပဲ ၁၉၈၉ ခု သြဂတ်လောက် ဖြစ်နေပြီ။ ကျောင်းတွေကတော့ ပိတ်ထားဆဲပဲ။

ဒါနဲ့ ပါတီကိုသွားဆက်သွယ်တာ တခါတည်းပဲ စည်းရုံးရေးတာဝန် လက်မှတ်ထုတ်ပေးလိုက်တယ် အဲဒါနဲ့ ဘော်ဒါတွေ ပြန်စုပြီး ဟေ့ကောင်တွေ ငါတို့တော့ ပါတီအနေနဲ့ လုပ်ကြရတော့မယ် ငါ့ကိုတာမွေမှာ လှုပ်ရှားဖို့ ဒီစည်းရုံးရေး လက်မှတ်တော့ ထုတ်ပေးလိုက်တယ် မင်းတို့ငါတို့တွေ ပါတီဝင်တွေ ဖြစ်ကုန်ပြီပေါ့ကွာ ဒါပေမယ့် အဓိက ဆက်သွယ်ရေးကတော့ ငါပဲဗဟိုကို သွားသွားပေးမယ် လိုတဲ့အခါမှ မင်းတို့လည်းလိုက်ကြပေါ့ကွာ ဘာညာနဲ့ တာမွေလူ့ဘောင်သစ်ကို ယာယီကော်မတီသဘော ပြန်ထောင်ဖို့ ဖြစ်သွားကော၊ အဲဒီမှာတင် အရင်က ဦးဆောင်တဲ့လူတွေဖြစ်တဲ့ ဓာတုဗေဒ ဒုတိယနှစ်က အကိုတယောက်နဲ့ မြန်မာစာက အမတို့လည်း ငါတို့တော့ နားတော့မယ် နင်တို့ပဲဆက်လုပ်တော့ ဖြစ်လာပါလေကော။

သူတို့နားတယ်ဆိုတာကလည်း အကြောင်းရှိတယ် အောင်ဖေတို့ လူ့ဘောင်သစ်ကို သွားဆက်သွယ်တဲ့အချိန်မှာ လူ့ဘောင်သစ်က နှစ်ခြမ်းကွဲနေပြီ၊ ချစ်စိန်ဒန်ပေါက် အပေါ်ထပ်ကအဖွဲ့နဲ့ ၃၈လမ်းကအဖွဲ့ဆိုပြီး၊ အောင်ဖေက ဘုမသိဘမသိနဲ့ ကိုသက်ထွန်းတို့ ကိုရဲနိုင်အောင်(ကိုဝ)တို့ ဦးဆောင်တဲ့ ၃၈လမ်းလူ့ဘောင်သစ်ကို သတင်းစာထဲက လိပ်စာကို မှတ်ထားတာဆိုတော့ အဲဒီကိုပဲသွားချိတ်မိခဲ့တာ၊ ဆိုတော့ အရင်ကတာမွေမှာ လုပ်ခဲ့တဲ့ ကိုရဲဇင်တို့လို လူ့ဘောင်သစ်ဟောင်းတွေကို ပြန်ချိတ်တော့ သူတို့ကလည်း လောလောဆယ်တော့ ခင်ဗျားတို့ပဲဆက်လုပ်ပါ၊ ကျနော်တို့တော့ နားနေဦးမယ် ဘာညာတွေဖြစ်တာ့တာပဲ ဒါပေမယ့် ကံကောင်းတယ် ခေါ်ရမလား အောင်ဖေတို့မတိုင်ခင် နောက်ဆုံးဥက္ကဌ တာဝန်ယူခဲ့တဲ့ ကိုကျော်စွာကတော့ အောင်ဖေတို့နဲ့ ဆက်ပြီးလက်တွဲလုပ်တော့ မဆိုးဘူးခေါ်ရမယ်။ အောင်ဖေတို့ ယာယီကော်မတီထဲမှာတော့ ကိုရန်နိုင်ထွန်း (ကိုရီးယား)၊ မမီးမီး (၈၈ပွင့်လင်း)တို့တွေလည်း ပါကြတယ်။

အဲဒီလို အရှိန်ကောင်းကာမှ အိမ်ကလည်းအောင်ဖေကို ကြည့်မရတော့ဘူး နင်အလကားနေ အလုပ်လေး ဘာလေး လုပ်ပါလားပေါ့၊ ဒါနဲ့သိမ်ကြီးဈေးက အထည်ဆိုင်မှာ ဆိုင်အကူသွားလုပ်ရပါလေကော၊ မနက်ဆိုအစောကြီးထ လသာမှာရှိတဲ့ အလုပ်ရှင်အိမ်ကိုသွား အထည်တွေဖြတ်တောက် ပြီးဆိုင်ကိုသွားကြ၊ ညနေဆိုင်ပိတ်ရင်လည်း သူတို့အိမ်ကိုလိုက်သွား ဆက်အလုပ်လုပ် ည၈နာရီလောက်မှ ပြန်လာ အဲဒီလို ဖြစ်လာကော။

ဒါနဲ့ ဒီလိုဆိုရင်တော့ ငါနိုင်ငံရေး လုပ်လို့ရမှာ မဟုတ်တော့ဘူးဆိုပြီး နှစ်ပတ်တခါလောက်တော့ အကြောင်းအမျိုးမျိုးပြပြီး အလုပ်မသွားဘဲ လူ့ဘောင်သစ် ဌာနချုပ်ကို သွားပါလေကော၊ နောက်တော့ ဆိုင်ရှင်ကိုလည်း ထောက်လှမ်းရေးက သွားကြပ်သလားတော့ မသိပါဘူး၊ ဆိုင်ရှင်ကပြောတယ် “ငါတို့ နင်အလုပ်လုပ်တာကို သဘောကျပါတယ်၊ ဒါပေမယ့် နောက်မှပဲ နင့်ကိုခေါ်တော့မယ် အခုတော့ နားပါဦး” ဘာညာနဲ့ အလပ်ဖြုတ်လိုက်ပါရော၊ အောင်ဖေရိပ်မိပါတယ် ထောက်လှမ်းရေးကြပ်လို့ သူတို့ငါ့ကို မခေါ်တော့တာဆိုတာ။

ဒါကို အိမ်မပြောဘဲ မနက်ဆိုထမင်းဗူးယူ မြို့ထဲက လူ့ဘောင်သစ်ရုံးသွား ညနေပြန်လာ အဲဒီလိုလုပ်နေတာ ၄-၅ရက်နေတော့ အိမ်ကလူတွေ ရိပ်မိကုန်ရော၊ နင်ဘယ်သွားနေတာလဲပေါ့၊ ဟုတ်ကဲ့ ကျနော်လူ့ဘောင်သစ်ရုံး သွားနေတာပေါ့လေ၊ ဒါနဲ့ပဲ တရားဝင် နိုင်ငံရေး လုပ်ခွင့်ရသွားတော့တာ။ အဲဒီလို လွပ်လပ်သွားတော့ နေ့တိုင်းသွားတော့တာပဲ။ ဘယ်သူမှတော့ ဘာမှမပြောတော့ဘူး တခုရှိတာက အောင်ဖေ့အကိုကလည်း တာမွေမြို့နယ် အန်အယ်လ်ဒီမှာ မြို့နယ်ဦးစီးအဖွဲ့ဝင် ဖြစ်သလို၊ ရပ်ကွက်အစည်းအဝေးတွေလည်း အိမ်မှာ တခါတလေ လုပ်တတ်တာလည်း ရှိနေပြီကိုး။

တရက်တော့ လူ့ဘောင်သစ်ရန်ကုန်တိုင်းကို ယာယီပြန်ဖွဲ့ကြမယ် ဖြစ်ပါလေကော၊ အဲဒီအချိန်မှာ လူ့ဘောင်သစ်က ၃၁လမ်းထိပ်ဖြစ်မယ်၊ ရထားရုံးချုပ်ရှေ့ကို ဌာနချုပ်က ရွှေ့ထားပြီ၊ အဲဒီကော်မတီကို ကိုကျော်သန်း (ကော့မှူး)က ဥက္ကဌ၊ ကိုဝင်းမောင်(လှိုင်)က ဒုဥက္ကဌ၊ ကိုဇင်အောင် (ရန်ကင်း)က အတွင်းရေးမှူး အနေနဲ့ ဦးဆောင်ကြပြီး၊ ဒီအထဲမှာ အောင်ဖေလည်း ပြန်ကြားရေးဆိုပြီးတော့ ကော်မတီဝင် ဖြစ်လာပါလေကော။

အသစ်ပြန်ဖွဲ့တဲ့ ကော်မတီက ကော်မတီဝင်တွေက ပြန်ပြီးတော့ မြို့နယ်တွေကို ချိတ်ဆက်ရမယ်ဆိုတဲ့ တာဝန်တရပ်ကလည်း ပါလာပြီဆိုတော့၊ တရက်မှာ ကိုဇင်အောင်နဲ့ အောင်ဖေနဲ့ သာကေတမြို့နယ် လူ့ဘောင်သစ်ကို သွားပြီးဆက်သွယ်ရမယ်၊ ပြန်စည်းရုံးရမယ်ပေါ့လေ။ ဒါနဲ့သွားကြပါလေကော သာကေတက ရဲဘော်တွေက သူတို့အနေနဲ့ လောလောဆည် ပါတီဆိုင်းဘုတ်ကိုတော့ ရုံးထဲမှာပဲ ချိတ်ထားဦးမယ် ဖြေရှင်းလို့မရသေးတဲ့ လူ့ဘောင်သစ် အကွဲအပြဲကို ရှင်းလင်းပြီးမှ ဆိုင်းဘုတ်ကို အပြင်ပြန်ထုတ်ချိတ်မယ်လို့ ပြန်ပြောပါလေကော၊ သူတို့အပြင်မှာ ချိတ်ထားတာက ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ် (ဒမဖ) ဆိုင်းဘုတ်လား၊ မျိုးချစ် ဒီမိုကရက်တစ်တပ်ဦး (တဘက်က လူ့ဘောင်သစ်အဖွဲ့) ဆိုင်းဘုတ်လားမသိ မမှတ်မိတော့ဘူး၊ သူတို့ဆီက အဓိကဦးဆောင်ပြီး ဆွေးနွေးတာကတော့ ကိုဇော်ဇော်လှိုင် (အမေရိက)။

ဒါနဲ့ပြန်လာပြီး ဌာနချုပ်ကို ပြန်တင်ပြရတာပေါ့၊ သူတို့အနေနဲ့ လောလောဆယ် ဒီလိုမျိုးပြန်ဆွေးနွေး ထားပါတယ်၊ ကျနော်တို့နဲ့ ပြေပြေလည်လည်ပါပဲ၊ နောက်ထပ် သွားဆွေးနွေးပါဦးမယ် ဘာညာပေါ့လေ၊ အဲဒီမှာတင် ဌာနချုပ်ကလည်း ဘယ်လိုနားလည်သွားလဲ မသိပါဘူး၊ သာကေတ လူ့ဘောင်သစ်က လောလောဆယ် ဗဟိုနဲ့ ချိတ်ဆက်မှု မရှိသေးပါဘူး ဆိုတဲ့သဘောလားမသိ စာထုတ်တာလား စာပို့လိုက်တာလား မသိဘူး၊ အဲဒီမှာ သကေတက ရဲဘော်အချို့ အဖမ်းခံရပါလေကော၊ ဒါတွေက အောင်ဖေနောက်မှ သိရတာ၊ ဘာလို့ဆို မာနယ်ပလောမှာ ကိုရန်နောင်စိုးနဲ့ ပြန်ဆုံကြမှ သူပြောလို့ သိရတာ။ သူပြောတာက ရှင်းရှင်းလေး “အေး မင်းတို့ကံကောင်းတယ်၊ နောက်တခါမင်းတို့လာရင် ငါတို့က ရိုက်လွှတ်တော့မလို့” တဲ့၊ ဘုရားဘုရား ကံကောင်းလို့ အောင်ဖေတို့ နောက်တခေါက် မသွားလိုက်မိတာ။

မသွားဖြစ်တာကလည်း ဒီလိုရှိတယ်၊ အဲဒီအချိန်က ဌာနချုပ် တွဲဘက်အတွင်းရေးမှူးလုပ်နေတဲ့ ကိုသန်းဦးကလားမသိ ဒီစာထုတ်တာဆိုတော့ ပြဿနာတွေတက်ပြီး အဖမ်းခံရတာတွေ သိရတော့ အောင်ဖေတို့လည်း ပွမ်တာပေါ့၊ ဟာခင်ဗျားတို့က ဘာလို့ ဒီလိုလုပ်ရတာလည်း ဟိုမှာအဖမ်းခံကြရပြီဗျ ဘာညာပေါ့လေ၊ ဒါကြောင့် ကျန်တဲ့သူတွေ သွားချင်သွား မသွားချင်နေ ကျုပ်တော့ မသွားနိုင်တော့ဘူးဆိုပြီး အပြတ်ပြောလိုက်လို့၊ စိတ်ထဲလည်း အတော်မကောင်း ဖြစ်သွားတယ်။

တရက်တော့ လူ့ဘောင်သစ်ကထုတ်တဲ့ ကြေညာချက်ကို ကမ်းနားလမ်းမှာရှိတဲ့ ဘီဘီစီရုံးကို သွားပေးဖို့ဖြစ်လာကော၊ အဲဒီတော့ ဗဟိုကော်မတီဖြစ်တဲ့ ကိုဇော်နိုင်ဦးက “ဟေ့ကောင်အောင်ဖေ လိုက်မလားပေါ့”၊ အောင်ဖေလည်း လိုက်မယ်ဆိုပြီး လိုက်သွားတယ်၊ အဲဒီမှာ အန်တီနော်ရီတာ ယဉ်ယဉ်မေနဲ့ တွေ့တာပေါ့ ကျနော်တို့ပါတီကထုတ်တဲ့ ၂/၈၉ ကြေညာချက်ပေါ့လေ၊ အော်အေးကောင်းပါပြီကွယ် ကျေးဇူးတင်ပါတယ်၊ ဘာညာနဲ့ပြောပြီး သူကဘာပြောတယ်မှတ်လဲ၊ “သားတို့ပါတီ ဆိုင်းဘုတ်တွေတော့ အန်တီတို့ ခရီးသွားရင် လမ်းမှာ ခဏခဏ တွေ့ပါတယ်ကွယ်၊ သားတို့က ကလေးပါတီဆိုတော့ ဆိုင်းဘုတ်လေးတွေက ခနော်နီခနော်နဲ့ နဲ့ပေါ့” တဲ့၊ သူရင်းရင်းနှီးနှီးပြောပုံကလည်း ကြည့်၊ အောင်ဖေ့ကိုကြည့်ပြီး ပြောလိုက်တာလားမသိ။ အဲဒီအချိန်က အန်တီယဉ်ယဉ်မေကို စစ်အစိုးရက မဖမ်းခင်တုန်းကပေါ့။

၁၉၈၉ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့၊ အဲဒီနေ့က မရှိမဲ့ရှိမဲ့ လူ့ဘောင်သစ်ကနေ ကိုရဲနိုင်အောင်၊ မနော်ခရစ်ထွန်း(ကရင်ပြည်နယ်)နဲ့ ကိုကျော်မြသိန်း(ပြည်နယ်)တို့ နုတ်ထွက်ကုန်ကြပါလေကော၊ ကျောင်းဖွင့်ရေးလား၊ သုံးပွင့်ဆိုင်လားမသိ အဲဒီကိစ္စတခုမှာ မဲခွဲကြရင်း အဆင်မပြေတာနဲ့ ထွက်ကုန်ကြတာ၊ ဆိုတော့ ဒီဘက် လူ့ဘောင်သစ်ဗဟိုမှာ အရင်(၁၁)ဦးက (၈)ဦးပဲ ကျန်တော့တယ်၊ အဲဒီမှာ ကိုသက်ထွန်းက ဥက္ကဌ၊ ကိုကျော်ဝင်းသိန်း (ဒိုက်ဦး)က ဒုဥက္ကဌ၊ ကိုဖုန်းဆွေ (ပျဉ်းမနား) ကအထွေထွေအတွင်းရေးမှူး၊ ကိုသန်းဦး (ရန်ကင်း)က တွဲဘက်အတွင်းရေးမှူး၊ ကော်မတီဝင်တွေကတော့ ကိုဇေယျ (လက်ရှိပြည်တွင်း လူ့ဘောင်သစ်)၊ ကိုအောင်မိုးဇော် (ယခုပြည်တွင်း)၊ ကိုဇော်နိုင်ဦး (နော်ဝေ)နဲ့ ကိုမျိုးလွင်() တို့နဲ့ ဖွဲ့ဖြစ်တာ၊ လူ့ဘောင်သစ်ရုံးကလည်း အဲဒီ၃၁လမ်းထိပ်မှာ ခဏပါပဲ ဘာလို့လည်းမသိ ရွှေဂုံတိုင်က ဒီငြိမ်းပါတီ ဌာနချုပ်ကို ထပ်ရွှေ့ရတော့တာပဲ၊ အဲဒီအချိန်က ဒီဇင်ဘာလောက်ဖြစ်ပြီ ၁၉၈၉ ပေါ့။

ဗဟန်းရွှေဂုံတိုင်မီးပွိုင့်က ဒီငြိမ်းဗဟိုရုံးမှာ သွားပြီးဌာနချုပ်ဖွင့်တဲ့အချိန်မှာပဲ ဧရာတီတိုင်းဘက်ကို တိုင်းရုံးဖွင့်ပွဲအတွက်လားမသိ၊ ညောင်တုန်းကို ဗဟိုကစည်းရုံးရေးဆင်းတဲ့ အဖွဲ့တွေနဲ့ လိုက်သွားရပါလေကော၊ အဲဒီမှာ အမျိုးတွေထဲက အကိုတချို့ကလည်း လူ့ဘောင်သစ်တွေဆိုတော့ ပျော်စရာတမျိုးပေါ့့လေ၊ ခက်တာက အဲဒီမှာ အမျိုးအိမ်တအိမ် ခဏသွားလည်ဖြစ်ကာမှ ပါတီစုံဒီမိုကရေစီ ဆိုတာကို သဘောပေါက်သွားတယ်၊ ဦးလေးတော်သူတယောက်လည်း ပါတီတခုဆိုင်းဘုတ်နဲ့ သူ့အိမ်မှာ၊ အော် ငါတို့အမျိုးတွေကလည်း တယ်ပါတီစုံတာပဲကိုးလို့ မှတ်ချက်ချမိတော့တယ်၊ အောင်ဖေ့အကိုက တပါတီ ဦးလေးကတပါတီ၊ အောင်ဖေကတပါတီ ဆိုတော့လေ။

ပြန်လာပြီးမကြာပါဘူး၊ ဧရာဝတီတိုင်း ဘိုကလေးမြို့က ရဲဘော်ကျော်မျိုးသန့် စစ်ကြောရေးက နှိပ်စက်တာနဲ့တင် ဆုံးသွားတယ်ဆိုတဲ့သတင်း ကြားရပြန်ကော၊ ဟာဘယ်လိုလဲဟ ဒီကောင်တွေက ဘလိုင်းကြီး ဖမ်းမိထားတဲ့သူတောင် သတ်ပစ်ရလားပေါ့လေ၊ ဒီလိုဒီအချိုးနဲ့ကတော့ ဒီတိုင်းပြည်မဖြစ်ဘူး ငါတို့ ဒီမိုကရေစီ မရရအောင် လုပ်မှရမယ်ဆိုတဲ့ စိတ်သန္ဓေက အဲဒီမှာတည်သွားတော့တာပဲ။

ကိုကျော်မျိုးသန့် ဈာပနကိုတော့ အောင်ဖေလိုက်သွားဖို့ဟာ အဆင်မပြေဖြစ်သွားတော့တယ်၊ တာမွေ(ရန်ကုန်တိုင်း)က မမီးမီးနဲ့ ဗဟိုက ကိုသန်းဦးတို့ ဦးစီပြီး သူ့နောက်ဆုံးခရီးကို သွားပို့ဆောင် လိုက်ကြတော့တယ်၊ မှတ်တမ်းဓါတ်ပုံတွေကို ပြန်မြင်တိုင်း အောင်ဖေစိတ်မကောင်း ဖြစ်နေရတော့တာပါပဲ၊ လူ့ဘောင်သစ်အလံ လွှမ်းရက်နဲ့ကိုး။

သက်ခိုင်
၁၄း၂၉ နာရီ
၁၄.၁၀.၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သက်ခိုင်

One Response to သက်ခိုင် – ဘုန်းကြီးကျောင်းသား၊ လမ်းစဉ်လူငယ်အောင်ဖေနဲ့ ပါတီစုံဒီမိုကရေစီ

  1. kyaw khine bwar on November 19, 2014 at 2:30 am

    မိုးမခ ကဆောင်းပါးတွေကိုနှစ်သက်ပါတယ်

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်