ဖိုးစီ (ရုံးတော) – “ဟဲ့…” အမည်မှည့်

November 19, 2014

 

ဖိုးစီ (ရုံးတော) – “ဟဲ့…” အမည်မှည့်

(မိုးမခ) နို ဝင်ဘာ ၁၉၊ ၂၀၁၄

ငယ်ငယ်က ဆရာဘုန်းကြီးထံ သဒ္ဒါ တက်စဉ် ၀ိဘတ်သွယ် ကျက်ရာတွင် ပထမဆုံး သုတ် အနေဖြင့် အာလုပ်စကား အကြောင်းကို ဖွင့်ဆိုရလေသည် ။  “အို၊ တို့အို” ဟူ၍အနက်ပေးသောကြောင့် “အာလပနေသိ ဂသညော” ဟူသော သုတ်ဖြင့် “ဂ” အမည်မှည့်ရမည် ဟု ၀ိဘတ်သွယ်ကို ခွဲခြားကာ အုပ်စုခွဲ မှတ်သားသည်။  “အို၊ ဟယ်၊ အချင်း၊ အမင်း၊ အမောင်… နားထောင် အာလပန” ဟူသော ဆောင်ပုဒ် ကလေးဖြင့် အာလုပ် စကား ခေါ်ထိုက်ပေသော စကားလုံး ကလေးများအား အလွယ်အတို မှတ်သားနိုင်သည်။  သို့နှင့်ပင် “ဘောတိ ခရာဒိယေ – အို…….ချစ်လှစွာသော နှမကလေး” ဟု စာကျက်သယောင်ပြု၍ အသံရှည်လေးဆွဲကာ ဖိုသံပေးရသည်မှာ ကိုရင်ပေါက်စဘ၀က ကြည်နူးစရာ တမျိုးပင်။  ဆရာ ဘုန်းကြီးကလည်း ဘောတိရုပ် တစ်ထောင် ပြည့်အောင်တွက်နိုင်လျှင် ပီယ ပေါက်သတဲ့ ဟု စာကျက်ချင်စိတ်ကို မြှောက်ပင့်ပေးလေသည်။

ကျောင်းက ဆရာ သင်ပေးလိုက်သော ပညာကလေးတွေ ခေါင်းထဲ ပါလာတော့ ကိုယ့် ပတ်ဝန်းကျင်ရှိ အာလုပ် စကားလုံးလေးများကို စူးစမ်း ဖြစ်သည်။  ကျနော်တို့ အဖွားသည် သူ့ခင်ပွန်း ကျနော်တို့ ဘကြီးအား “အမောင်” ဟု အာလုပ် ပြုသည်။  ဘကြီးကတော့ အဖွားကို “မိတ်ကလေး (မိန်းကလေး)” လို့ ခေါ်ပါသတဲ့။  ကျနော့် အဖေက သူ့ အမေ ကျနော်တို့ အဖွားကို “အမ” ဟုခေါ်သည်။ သူ့နှမတွေကိုတော့ နံမယ်ရှေ့မှ ‘မ’ နှင့် ‘အ’ ကို မတြာဝက် အသံဖြင့် ဖြတ်ကာ “မအသိန်း” “မအလှ” တဲ့။  အမေတို့ ညီအမတွေက တမူထူးသည်။  သူတို့ မောင်ဘွားတွေ အားလုံးကို အမည်ရှေမှ “မောင်မောင်” ခံ၍ ခေါ်ကြလေရာ ကြားရသူတိုင်း နှစ်လိုဖွယ်ဖြစ်ရသည်။  “မောင်မောင် ဟန်မောင်” တဲ့။  “မောင်မောင် သင့်မောင်” တဲ့။  ညီမ အချင်းချင်း ကြားမှာတော့ “မလေး ရေ”၊ “အပုလေးရေ” စသဖြင့် အာလုပ်သံ ပြုကြသည်။

ကဲ.. သည်လိုဖြင့် အဖေ နဲ့ အမေကကော အချင်းချင်း ဘယ်လိုခေါ်ကြပါသလဲ။  မှတ်မိသည့် အရွယ်မှစ၍ အဖေ ဆုံးပါးခဲ့သည့် အချိန်တိုင်အောင် အဖေ နဲ့ အမေ (၂) ယောက် ကြားမှာ အာလုပ်စကား အခေါ်အဝေါ် သတ်သတ်မှတ်မှတ် မရှိ၊ မကြားခဲ့ရဖူးပါ။  အလွန့် အလွန် ညွှန်းဆိုစရာ ကိစ္စပေါ်လာလျှင်သော်မှ “နင်တို့ အဖေ ကလေ”၊ “နင်တို့ အမေကော” စသဖြင့် နာမ်စားဖြင့် ညွှန်းသံကိုသာ ကြားခဲ့ရဖူးသည်။  သူတို့ အချင်းချင်း ကြားမှာတော့ဖြင့် ဘာ အာလုပ်စကားသံမျှ မရှိချေ။  နာမ်စား အခေါ်အဝေါ် ကင်းသော မောင်နှံဟူ၍ စာတင်သော် ရနိုင်ကောင်းလောက်ပေ၏။

တက္ကသိုလ်မြေသို့ ခြေချ၍ ချစ်ရသူနှင့် စတင် ဆုံစည်းစဉ်ဝယ် သူနှင့် ကျွန်တော် အရွယ်ချင်းမှာ တစ်လထဲ ကွာဟလျှက်ရှိကြောင်း သူ့အကြောင်း ကိုယ့်အကြောင်း စူးစမ်းရင်း သိရလေ၏။  သို့နှင့် တစ်ယောက်ကို တစ်ယောက် “နင်၊ ငါ” သုံးသော သူငယ်ချင်း ဘ၀မှ ချစ်သူဘ၀သို့ တက်လှမ်းခဲ့သည့်တိုင် ကျွန်တော်တို့ ကြားက အာလုပ် စကားသည် “နင် ငါ” အဖြစ်သာ ဆက်လက်တည်ရှိ၏။  အများတကာ ချစ်သူစုံတွဲများကဲ့သို့ “အသက်ရေ၊ မောင်ရေ” အခေါ်အဝေါ် မရှိပါချေ။  ရှိရန်လည်း မစဉ်းစားခဲ့ဖူးပါ။  နှစ်ရှည်ကျောင်းပိတ်၍ ဝေးနေရသော အခါက အလွမ်း စာစီရာ၌ပင် ကျနော်က ရေးလျှင် “အေးအောင်” ဟု အစချီ၍ သူကရေးလျှင်လည်း “၀င်းနိုင်ဦး” ဟု လေသံ တဖြောင့်တည်း အာလုပ်ပြုလေ့ရှိ၏။  ကျနော်တို့ကြားက အာလုပ်စကားသည် သဒ္ဒါ စပ်၍လည်း မပီ၊ ကဗျာစပ်၍လည်း မကြည် လူရယ်စရာပင် ကောင်းသေးတော့၏။

တစ်နေ့တော့ ကျနော်တို့ ကြားမှာ အာလုပ်စကား တစ်ခုရှိရန်လိုကြောင်း မီးမောင်းထိုးစရာ ကိစ္စတစ်ခုသည် သူငယ်ချင်း တစ်ယောက် အကြောင်းပြု၍ ဖြစ်ပေါ်လာခဲ့သည်။  မုံရွာသား သူငယ်ချင်း မောင်မောင်လှသည် (၁၀) နှစ်၊ (၁၀) မိုး ချစ်ပင်ပျိုး၍ ချစ်မိုးစွေကာ ကြိုးစားခဲ့ရသော ငယ်ကျွမ်းသက်ဝေထံမှ ချစ်ပါတယ် အဖြေကိုရလာပြီး သကာလ အာလုပ်စကား တစ်ခုကို အပြင်းအထန် တောင့်တလျှက်ရှိ၏။ အနှစ်နှစ် အလလက စိတ်ကူးဖဲ ရိုက်လာခဲ့ရသည့် နွယ်ရေ၊ မောင်ရေ လုပ်ချင်သော ရောဂါက အသည်း ကျွမ်းလုမတတ် တောက်လောင် လျှက်ရှိရကား ထွက်ခဲ့ပြီး လေသမျှသော ဆရာ ငြိမ်းကျော်၊ ဆရာ မောင်စိန်ဝင်း၊ ဆရာ လယ်တွင်းသားစောချစ်တို့၏ မေတ္တာဘွဲ့များကို ပြန်လှန်မွှေနှောက်ကာ အာလုပ် ရှာပုံတော် ဖွင့်ခြင်း အမှုကို ပြုလေသည်။  သို့ပါငြားလည်း နှလုံးသား ယာပြင်ကျယ်ဝယ် သိင်္ဂါရ မုတ်သုံမိုးလွန်မှ မေတ္တာ ထွန်ချခဲ့လေသည့် ဆရာမကလေး နွယ်သည် သကောင့်သား မောင်မောင်လှ ၏ အာလုပ်စကား အဆိုကို ဗီတိုအာဏာဖြင့် ပယ်ချလေရာ မျက်စိမျက်နှာပျက်လျှက် ကျနော်တို့ထံ ရောက်လာကာ အာလုပ် စကားအညွှန်း (Reference) တောင်းရန် မဲဆွယ်သမှု ပြုလာလေ၏။

“ဖိုးစီ မင်း အေးအောင်ကို ဘယ်လိုခေါ်သလဲကွာ။”

“ဟား … အေးအောင်ကို အေးအောင်လို့ ခေါ်တာပေါ့ဟ။”

“ဟာ.. အဲလိုပြောတာ မဟုတ်ဘူးလေကွာ၊ ဟိုကွာ နာမ်စား၊ နာမ်စား…”

“ နာမ်စားလည်း မရှိဘူး ဆရာ၊ အေးအောင်ပဲ။”

ဤမျှလောက်နဲ့ လက်လျှော့တတ်လျှင် ဒင်းကို ရီနွယ် ပြန်ကြိုက်လိမ့်မည် မဟုတ်လေရကား၊

“ဒါဖြင့် အေးအောင် ကရော မင့် ဘယ်လိုခေါ်သတုန်း” ဟု တိုက်စစ်  မျက်နှာပြောင်းကာဆိုလေ၏။

“အန်… အေးအောင်က ငါ့ကို အင်း… ဘယ်လိုမှ မခေါ်ဘူးကွ။”

“ဟာ.. အဲဒါတော့ မင်း ညံ့တာပဲကွ။” ဟု ယောက်ျား ဘသားတို့၏ အညှာကိုကိုင်၍ နှိပ်နယ်ဆိုကာ မကျေမနပ်ဖြင့် ဖဲခွာသွားလေ၏။

ကျနော်လည်း ထိုအခါမှ သူ့ ရောဂါကူးစက်ခြင်း ခံရကာ “အင်း… နှစ်ယောက် ကြားမှာ အခေါ်အဝေါ် ကလေးတစ်ခု ကိုယ်စီတော့ရှိရင် ကောင်းလေစွ” ဟု တောင့်တမိသော ချင်ခြင်း တပ်လေသည်။  သို့ဖြင့်  ချစ်သူနှင့် နှစ်ယောက်သား နားလေးဘက်ကြားစကားဆိုရာဝယ်

“အေးအောင်ရာ နင်နဲ့ ငါကြားမှာ အာလုပ်စကားလေးတော့ ရှိသင့်သဟာ၊ အဖေတို့ အမေတို့ဆိုလည်း တစ်ယောက်နဲ့ တစ်ယောက်  နာမ်စားလေးမှ မထားတော့ ခေါ်ရပြောရတာ အတော်ကသိကအောက်ဖြစ်သဟာ။”

“တော်ပါဟယ် နင်နဲ့ငါ ကြား အခေါ်အဝေါ် ရှိပြီးသားပဲ ဟာကို ဘာထပ်ထွင်ဖို့ စဉ်းစားမှာတုန်း။”

“ဟင် ဘယ်မှာရှိလို့တုန်း၊ နင်ငါ့ကို ဘယ်လိုခေါ်တုန်း။”

“ဟဲ့ ငါ တစ်ခုခု လိုချင်တိုင်း နင့်ကို ‘ဟဲ့’ လို့ ခေါ်တယ်လေ တော်ပြီပေါ့။”

“သြော်… …။”

ဤသို့ဖြင့် အာလုပ်စကား ချင်ခြင်းသည် အာမေဍိတ် တစ်ခုဖြင့် အဆုံးသတ်ကာ ဖြေသိမ့်လိုက်ရလေ၏။  ထိုအခါမှစ၍ ငယ်ကျွမ်းချစ်သူ မသဲအူသည် လူထူထူကြား မိဘနားမရှောင် ကျနော့်အား ‘ဟဲ့’ ဟူ၍သာ အာလုပ်သံဖြင့် ခေါ်ခြင်းသမှုကိုပြု၏။  ကျနော်ကလည်း ဤ ‘ဟဲ့’ အသံကလေးကိုသာ နွေဦး၌ တွန်လေသည့် ဥသြငှက် သံကလေးပမာ တိမ်းမူး ကျေနပ်ရသည်သာ။

“ဟဲ့… ဆိုပြီး သွယ်လျလျ လက်ချောင်း ကလေးတွေ ပခုံးပေါ် ဖျတ်ခနဲ ကျလာမလားလို့ ငါ့မှာ အဆက်မပြတ် စိတ်ကူးယဉ်နေခဲ့ရ…” ဟူသော ကဗျာလေး တစ်ပိုဒ် စွဲနစ် ခဲ့မိသည်အထိပင်။

ရက်ကိုလစား၍ လကို နှစ်ချဉ်းကာ ကျနော်တို့ မိသားစု ကမ္ဘာကလေး၌ သား တစ်ယောက်ပင် တိုးလာခဲ့လေပြီ။  သားကလေး ရလာတော့မည်ဟု သေချာကတည်းက ကျနော်တို့မှာ နာမည်ဘယ်လိုပေးမည်၊ ကျောင်း နာမည် အိမ်နာမည် ဘယ်လိုခေါ်ကြမည် စသဖြင့် အနာဂတ် ကမ္ဘာကလေး၏ အနွတ္ထ သညာ အတွက် ခေါင်းချင်းဆိုင်၍ တိုင်ပင်ရသည်မှာလည်း မမောနိုင် အောင်ပင်။  အိမ်သူက သားနံမယ်ကိုအခေါ်ရလည်း လွယ်စေချင်၊ ချစ်စရာလည်း ကောင်းစေချင်သည် ဟု အဆိုတင်လာသဖြင့် “မောင်ဖိုးသန့်” ဟု အိမ်နာမည် ပေးရန် သဘောညီကြပါသည်။

သားတော်မောင် စကားပြောတတ်စ ဖြစ်လာတော့ သူ့အမည်ကို မှတ်မိစေရန် ထပ်ကာ ထပ်ကာ ခေါ်ကြသည်။  လူမမည် သားကလေးက သူ့ အမည်ခေါ်သံကြား၍ ဆတ်ခနဲ ခေါင်းလှည့်ကြည့်လျှင် ကျနော်တို့ နှစ်ယောက်မှာ ရယ်မောပီတိ ဖြာရပါသည်။  သူ့ပါးစပ်မှ “ဖေဖေ၊ မေမေ” ဟု မပီကလာ ပီကလာ ခေါ်သံလေးကြားရလျှင်တော့ ခွန်အားတွေ နှစ်ဆတိုးလာသလို ခံစားရစေသည် ။

တစ်နေ့ ကျနော်စာ တစ်အုပ်ထဲ ဈာန်ဝင်ကာ ပတ်ဝန်းကျင်ကို မေ့လျော့နေစဉ် “ဟဲ့” ဟူသော ခေါ်သံကလေးကို စကြားမိသည်။  ဤ “ဟဲ့” သည်ကား အသံတကာတို့၏ အထက်မှ စီးဆင်းလာသော ပျားရည် မြစ်ကလေးမှ ပွက်သည့် ၀ဲဂယက် သံကလေးဖြစ်သည်။

“ ဟဲ့… … …”  ကျနော် မထူးမိ။  ဤ ‘ဟဲ့’ သံကလေးကို ထပ်ကာထပ်ကာ ကြားလိုမိသည်။  ပီတိ သောမနဿ အဟုန်ဖြင့် ကျနော့်ရင်သည် တုန်ရင်လျှက်ရှိ၏ ။

“ဟဲ့… … …၊ ဟဲ့… … ဖေဖေ လာပါ၊ ဖေဖေ.. ဟဲ့ …” ကျနော့်ကို အဖော်လုပ်၍ ဆော့ချင်သော နှစ်ခါလည်သား မောင်ဖိုးသန့်က သူ့အမေ၏ ဟန်ပန်ကို ပုံတူကူး တုပကာ အသံကုန်ဟစ်နေခြင်းဖြစ်သည်။  ကြည်နူးစိတ်ကို တန့်ရပ်၍ စဉ်းစားမိသော ခဏ၀ယ် ဤအာလုပ်စကားသံ တို့၏ တာသွားလှပုံကို ဆင်ခြင်မိလေသည်။

ကျနော်တို့ မြန်မာ စကားဝယ် ‘ဟဲ့’ ဆိုသောအသံသည် အသံ ‘သာ’ မဟုတ်၊ အသံ ‘မာ’ ဖြစ်သည်။  အာဏာ နှင့် အထက်စီးယူမှု၊ အလွှာခွဲခြား၍ နှိပ်နယ် ပြောဆိုလိုသော သဘောကို ထင်ဟပ်ကာ ထွက်ကျလာသော အာလုပ်သံမျိုး ဖြစ်သည်။  “ဟဲ့ သံပြင်း မင်း မှတ်ရ” ဟူသော စကားပုံပင်ရှိလေသေးသည်မဟုတ်လော။  တစ်ဦးနှင့် တစ်ဦးကြား ခေါ်ဝေါ်ရာတွင် အလွန်ပင် သတိထားဆင်ခြင်သင့်သော အသံမျိုးဖြစ်ပါသည်။  သို့ပါလျက် အချစ်ရဆုံးသူ နှစ်ဦးထံမှ ထွက်ကျလာသည့် ‘ဟဲ့’ ခေါ်သံပေါ်ဝယ် ကျနော် ပျော်ဝင် မိန်းမောရသည်။  အရင်းစစ်တော့ မေတ္တာ ပါတကား။  ကြေးစည်ကို ထုနှက်၍ ထွက်ပေါ်လာသည့် နောင်ဝေေ၀ အသံပမာ မေတ္တာလှိုင်းကို ဖြန်စီး၍ ထွက်ပေါ်လာသော အခေါ်အဝေါ် မှန်သမျှ နာကြားရသူတို့ နှစ်လိုကြသည်ချည်းသာဖြစ်သည်။

“ဒီလူ ငါ့ကို ဒီလိုခေါ်လေသကော” ရယ်လို့ အပြောအဆို အပေါ် အနာကောက် ရန်မီးပွားစရာမရှိရလေအောင် တစ်ဦး နှင့် တစ်ဦးအကြား မေတ္တာရှေ့ထား ရှိခဲ့ပြီး ဖြစ်လျှင် အာလုပ်သံ ဟူသမျှသည် ပညတ်အခေါ်အဝေါ် သက်သက်မျှသာပင် ဖြစ်ချိမ့်မည်။  စိတ်ရင်း စေတနာ အခံဆိုး ရှိခဲ့လျှင်တော့ ငှက်ဆိုး ထိုးသံပမာ မသာယာသည့် လူမှု ပတ်ဝန်းကျင်ကို ဖန်တီးလျှက် ရန်စမီးစ တို့တိုးပွားစေပေလိမ့်မည်။

ထိုည၀ယ် အိပ်မက်တစ်ခုကို ကျနော်မြင်မက်သည်။  အိပ်မက်အတွင်း၌ ကျနော်သည် နှစ် (၃၀) ခန့် အသက်ပြန်ငယ်၍ ကိုရင်ပေါက်စ ဘ၀ဖြင့် ကျောင်းလက်ရန်းကို မှီကာ စာထိုင်ကျက်လျက်ရှိသည်။  “ဟဲ့.. အကောင်၊ ဟေ့ကောင်” ဟူ၍ အနက်ပေးသောကြောင့် အာလပနေသိ ဟဲ့.. သညော ဟူသောသုတ်ဖြင့် “ဟဲ့” အမည်မှည့်၊၊

မိတ်ဆွေကော ကျနော့်အား အာလုပ်သံ ပြင်းပြင်းဖြင့် “ဟဲ့.. ကဖိုးစီ၊ ဟေ့ရောင် ဖိုးစီ” ဟုခေါ်လိုပါသလား။  ခေါ်လိုက်ပါ။  ခေါ်သံပြင်းပြင်း နောက်မှ စိတ်ရင်းကောင်းဖို့ တော့ လိုပါလိမ့်မည်။   ။

ဖိုးစီ (ရုံးတော)

 

(ဆောင်းပါးရှင်သည် စင်္ကာပူ တွင် ခေတ္တ ရောက်ရှိ အသက်မွေးဝမ်းကြောင်း ပြုနေသည့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းဆင်း အင်ဂျင်နီယာ တစ်ဦး ဖြစ်သည်။  အွန်လိုင်း ပုံနှိပ် စာနယ်ဇင်းများတွင် အတွေ့အကြုံ၊ အမြင်နှင့် အထွေထွေ ဆောင်းပါးများ ရေးသားနေသူလည်း ဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)