fbpx

အောင်တင်ထွန်း – ဟိုက်ကမ်းပါး – ဒဏ္ဍာရီ နဲ့ မြေပြင်

November 20, 2014

– ဟိုက်ကမ်းပါး – ဒဏ္ဍာရီ နဲ့ မြေပြင်

(မိုးမခ) နိုဝင်ဘာ ၂၀၊ ၂၀၁၄
၁၉၇၁ ခု နိုဝင်ဘာ ၁၇ ရက်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်ခံ ‘ပြည်သူ့တပ်မတော်’ နဲ့ ဗိုလ်ချုပ်နေဝင်း စစ်အစိုးရလက်အောက်ခံ ‘ပြည်သူ့တပ်မတော်’ တို့ဟာ ရှမ်းပြည်မြောက်ပိုင်း ကွမ်းလုံဒေသမှာ ရက် ၄၀ ကြာတယ် ဆိုတဲ့ တိုက်ပွဲစဉ်ကြီးတခု ရင်ဆိုင်တိုက်ခဲ့ကြတာ အခုဆိုရင် ၄၃ နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။

ဒီတိုက်ပွဲကြီးမှာ ဗမာအစိုးရရဲ့ တပ်မတော်အတွက် ဘယ်လိုအောင်ပွဲကြီးဖြစ်ခဲ့တာ၊ ဘယ်လိုအရေးပါခဲ့တာ၊ အဆုံး အဖြတ်တိုက်ပွဲကြီးဖြစ်တာ စသဖြင့် အမွှန်းတင်ဝါဒဖြန့်ချက်တွေ နားမဆံ့အောင် ကြားရပါတယ်။ ဒါကြောင့် ဒီ ဟိုက်ကမ်းပါးတိုက်ပွဲအကြောင်းကို နှစ်ဘက်စလုံးက အချက်အလက်တွေနဲ့ ဆက်သွယ်ရေးကြားဖြတ်သတင်းတွေအရ ပြန်တင်ပြ သုံးသပ်မှာဖြစ်ပါတယ်။

ဗမာစစ်တပ်ရဲ့ တရားဝင်ဖော်ပြချက်အဖြစ် တပ်မတော်သမိုင်း ပဉ္စမတွဲ နဲ့ မြန်မာ့သမိုင်းအကျဉ်းနှင့်တပ်မတော်ကဏ္ဍ တတိယတွဲ တို့မှာ ဗိုလ်ထွန်းရီ ဦးစီးတဲ့ နယ်လှည့်စစ်ဗျူဟာ (၁) နဲ့ ၄ ရင်း ၊ တပ်မ ၇၇ နဲ့ ၅ ရင်း၊ လော်စစ်ဟန်ရဲ့ ကိုးကန့်ကာကွယ်ရေးတပ်တွေဟာ ကိုယ့်ထက်အင်အား ၁၀ ဆသာတဲ့ ဗကပတပ်တွေကို တိုက်ခဲ့ရတယ်။ ဗကပ ဘက်က သံလွင်အရှေ့ခြမ်းမှာ တပ်ရင်း ၃၀၃၅၊ ၄၀၄၅၊ ၄၀၄၆၊ ၄၀၄၇ နဲ့ ၄၀၄၈ အင်အား ၂၈၀၀၊ သံလွင်အနောက် ခြမ်းမှာ တပ်ရင်း ၃၀၃၁ နဲ့ ၃၀၃၇ က အင်အား ၁၂၀၀၊ စုစုပေါင်း အင်အား ၄၀၀၀ လောက်နဲ့ တိုက်ခဲ့တယ်၊ ဒီထဲမှာ တရုတ်နိုင်ငံက ကွပ်ကဲမှုအဖွဲ့ ၃၆၃ ယောက်နဲ့ အမျိုးသမီး ၂၀၀ လဲပါတယ်လို့ ဆိုပါတယ်။

ဗကပ ရည်ရွယ်ချက်က ကွမ်းလုံမြို့ကိုသိမ်းပြီးရင် လွတ်မြောက်ဒေသအဖြစ် ကမ္ဘာကိုကြေညာပြီး ကမ္ဘာ့ကွန်မြူနစ်နိုင်ငံ တွေဆီက တရားဝင်အကူအညီယူနိုင်မယ့် စင်ပြိုင်အစိုးရဖွဲ့ဖို့ဖြစ်တယ်လို့ စွပ်စွဲထားတယ်။

တိုက်ပွဲတလျှောက်လုံးမှာ ဗကပဘက်က အင်အား ၁၂၀၀ လောက် သေကြေဒဏ်ရာရပြီး ဗမာစစ်တပ်ဘက်က ၈၅ ယောက်ကျ၊ ၂၇၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ဆိုတယ်။

ဗမာစစ်တပ်ဘက်က တပ်မ ၇၇ တပ်မမှူး ပေါထွန်းရှိန်က အနီးကပ်ကွပ်ကဲပြီး (နာမယ်မဖော်ပြတဲ့) မဟာဗျူဟာမှူးက လမ်းညွှန်ပေးတယ်လို့ ဆိုတယ်။

ဗမာစစ်တပ်အရာရှိဟောင်းတွေရဲ့ ပြန်လည်ရေးသားချက်တွေမှာတော့ ဗမာစစ်တပ်တွေကို ကွပ်ကဲတာက နပိုလီယံ လို့ နာမယ်ကျော်တဲ့ ရပခစစ်ဗျူဟာမှူး ဗိုလ်ထွန်းရီလို့ ဖော်ပြပြီး ပါဝင်တဲ့တပ်တွေထဲမှာ ခမရ ၁၀၅၊ ၃၊ လော်စစ် ဟန်ရဲ့ကာကွယ်ရေးတပ် အင်အား ၈၀၀ တို့ပါဝင်တယ်လို့ ရေးထားတာ တွေ့ရတယ်။

ဝါဒဖြန့် ဒဏ္ဍာရီဇာတ်လမ်းကို ဘေးဖယ်ပြီး မြေပြင်အခြေအနေကို ကြည့်တဲ့အခါ အခုလိုတွေ့ရပါတယ်။

ဗကပ ဘက်ကတော့ ဒီတိုက်ပွဲကို ကွမ်းလုံတိုက်ပွဲစဉ်လို့ နာမယ်ပေးထားတယ်။ ရက် ၄၀ မဟုတ်ဘဲ ရက် ၃၀ ဘဲတိုက် ခဲ့တာဖြစ်တယ်။ စစ်အစိုးရမှတ်တမ်းမှာ နိုဝင်ဘာ ၁၉ ရက်မှာ တိုက်ပွဲစတယ်လို့ ဆိုပေမဲ့ ဗကပမှတ်တမ်းမှာတော့ ၁၇ ရက်နေ့ကတည်းက စထားတယ်။
ဗကပဘက်မှာ တပ်ရင်း ၈ ရင်းဘဲပါတယ်။ အဲ့ဒီအချိန်က တပ်ရင်းတရင်းမှာ အင်အား ၂၀၀ ကျော်ဘဲရှိတဲ့အတွက် စုစုပေါင်း ၁၆၀၀ လောက်ပါတယ်။ ပင်မတပ်တွေအပြင် ခရိုင်တပ်က တပ်ခွဲ ၂ ခွဲပါတယ်။ တခွဲကို အင်အား ၁၅၀ ရှိတဲ့ အတွက် ခရိုင်တပ်အင်အားက ၃၀၀ လောက်ရှိတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီဟာ အဲ့ဒီအချိန်က ကိုးကန့်နယ်နဲ့ ဝ နယ်မြောက်ဖျားလောက်ဘဲ သိမ်းပြီးသေးတဲ့အတွက် တပ်သားအများစုဟာ ကိုးကန့်တရုတ်တွေဖြစ်ပြီး အနည်းစုက တော့ သံလွင်အနောက်ဖက်က ကချင်၊ ရှမ်း၊ ပလောင်တွေ ဖြစ်တယ်။ ဝ တပ်ကတော့ အသစ်ဖွဲ့ခါစ တပ်ရင်း ၅၀၁ ဘဲ အရံတပ်အဖြစ်ပါလို့ တကယ်တိုက်ရတာက ဗမာစစ်တပ်သမိုင်းမှာပါသလို ၇ ရင်းဘဲဖြစ်တယ်။ စုစုပေါင်းရင်တော့ အင်အား ၂၀၀၀ နီးပါးလောက်ရှိမယ်။ လက်နက်ကြီးအနေနဲ့ ၇၅မမ နောက်ပွင့်၊ ၅၇မမ နောက်ပွင့်၊ ၈၂မမ စိန်ပြောင်း နဲ့ ပွိုင့်ဖိုက်တို့ဘဲ ပါတယ်။

ဗမာစစ်တပ်ဘက်ကပါတာ တပ်မ ၇၇ က ရှမ်း ၁၊ ခလရ ၆၊ ခလရ ၈၊ ခမရ ၁၀၂၊ ခမရ ၁၀၄၊ ခမရ ၁၀၅၊ ခမရ ၁၀၇ နဲ့ ခမရ ၁၀၉ တို့ ဖြစ်ပြီး ရပခ လက်အောက်ခံတိုင်းတပ်ကတော့ ကချင် ၃ ဖြစ်တယ်။ ဒါပေမဲ့ ကချင် ၃၊ ခလရ ၆၊ ခမရ ၁၀၅၊ ခမရ ၁၀၇ တို့ကို ရပခ ရဲ့ စဗဟ ၁ အဖြစ်စုဖွဲ့ပြီး ရှမ်း ၁၊ ခလရ ၈၊ ခမရ ၁၀၂၊ ခမရ ၁၀၄ နဲ့ ခမရ ၁၀၉ တို့ကို တော့ တပ်မ ၇၇ နဗဟအဖြစ်စုဖွဲ့ခဲ့တာဖြစ်တယ်။ တပ်မ ၉၉ က ခလရ ၁၃ လဲ နောက်ပိုင်းမှာ ပါလာသေးတယ်။ အဲ့ဒီ ကာလတုံးက ဗမာစစ်တပ်တွေမှာ တရင်းကို ၅၀၀ ကျော်၊ ၅၀၀ ဝန်းကျင် အင်အားရှိတဲ့အတွက် စုစုပေါင်းအင်အား ၅၀၀၀ နီးပါးရှိတယ်။ လော်စစ်ဟန်ရဲ့ ဘိန်းစားတပ် ၈၀၀ ပေါင်းလိုက်ရင် ၅၅၀၀-၆၀၀၀ နီးပါးထိရှိနိုင်တယ်။ ဒါပေမဲ့ လော်စစ်ဟန်တပ်ကတော့ ရှေ့မှာထားလဲသေ၊ နောက်မှာထားလဲပြေး ဆိုတဲ့ တပ်မျိုးဖြစ်တယ်။ ဗမာတပ်မှာ လက်နက်ကြီးအနေနဲ့ ၁၀၅မမ ဟောင်ဝစ်ဇာ ၄ လက်၊ ၇၆မမ တောင်ပေါ်ပစ် အမြောက် ၂ လက်၊ ၁၂၀မမ စိန်ပြောင်းကြီး ၄ လက်လောက်ပါတယ်။

ကြားဖြတ်စက်သတင်းအရ ဗမာစစ်တပ်ဘက်က ၁၇၄ ယောက်ကျ၊ ၃၇၈ ယောက် ဒဏ်ရာရတယ်။ သုံ့ပန်း ၈၆ ယောက် အဖမ်းခံရတယ်။ အနောက်ဖက်ကမ်းမှာ ၃၄ ယောက်၊ အရှေ့ဖက်ကမ်းမှာ ၅၂ ယောက် လက်နက်ချအဖမ်းခံ တာ ဖြစ်တယ်။

ဗကပဘက်က အဆုံးအရှုံးကတော့ ၅၉ ယောက်ကျပြီး ၂၁၅ ယောက် ဒဏ်ရာရတယ်။ ကျတဲ့အထဲမှာ တပ်ရင်းမှူး တယောက်၊ တပ်ခွဲမှူး ၄ ယောက်ပါတယ်။ ၁၁ ယောက် လက်နက်ချသွားတယ်။ ဟိုက်ကမ်းပါးကို အဓိကထိုးတဲ့ တပ်ရင်း ၃၀၃၅ က အများဆုံးထိတယ်။ ဟိုက်ကမ်းပါးမှာဘဲ သေနတ် ၁၅ လက်ဆုံးတယ်။ အဓိကထိတာက ၁၀၅မမ ဟောင်ဝစ်ဇာအမြောက်နဲ့ပစ်တဲ့ လေကွဲကျည်တွေကြောင့် အထိအခိုက်များသွားတာဖြစ်တယ်။ ဒါပေမဲ့ တပ်တွေဆုတ် သွားတဲ့အခါမှာတော့ ဘာမှ အထိအခိုက် ကစဥ့်ကလျဲမဖြစ်ဘဲ သေသေသပ်သပ်ဆုတ်သွားနိုင်ခဲ့လို့ လိုက်တဲ့အစိုးရ တပ်တွေ မောပြီးကျန်ခဲ့တယ်လို့ နေဝင်းတပ်မှတ်တမ်းတွေမှာ ဗကပတပ်တွေရဲ့ ခွာစစ်ထူးချွန်မှုကို ဝန်ခံထားတယ်။ ကြည့်ရတာ အဲ့လိုဆုတ်သွားတဲ့နောက်ကိုလိုက် လေကိုလက်သီးနဲ့ထိုးနေတဲ့ ရက်တွေပါပေါင်းပြီး ရက် ၄၀ သတ်မှတ် လိုက်ပုံရတယ်။ ဒါကြောင့် ဗကပဘက်ကမှတ်တမ်းမှာ ဒီဇင်ဘာ ၁၈ ရက်မှာ တပ်တွေဆုတ်လို့ စစ်ဆင်ရေးပြီးဆုံး သွားပြီး ဗမာစစ်တပ်မှတ်တမ်းမှာတော့ ဒီဇင်ဘာ ၂၈ ရက်ကျမှ စစ်ဆင်ရေးပြီးတဲ့ရက်အဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်။

တိုက်ပွဲကာလ ရက် ၄၀ သို့မဟုတ် ရက် ၃၀ မှာ ဟိုက်ကမ်းပါးတိုက်ပွဲကလွဲရင် ကျန်တဲ့ သံလွင်အရှေ့ဖက် စခန်းသိမ်း တိုက်ပွဲတွေ၊ သံလွင်အနောက်ဖက် လှုပ်ရှားစစ်တိုက်ပွဲတွေ အားလုံးလိုလိုမှာ အစိုးရတပ်ဘက်က အထိနာတာချည်း ဖြစ်တယ်။ ဒါကို တိုက်ပွဲသိမ်းရ လက်နက်တွေနဲ့ သုံ့ပန်းတွေက သက်သေခံနေပါတယ်။

ဒီတိုက်ပွဲစဉ်တခုလုံးမှာ ဗကပတပ်တွေ သိမ်းပိုက်ရလိုက်တာတွေက-

၇၅မမ နောက်ပွင့် ၃ လက်
၉၀မမ ဘဇူကာ ၄ လက်
၂ လက္မ မော်တာ ၁၀ လက်
အမ်-၇၉ လောင်ချာ ၁၃ လက်
G-3 ၆၉ လက်
G-4 ၂၁ လက်
M-16 ၆၇ လက် (လော်စစ်ဟန် တပ်က ဖြစ်တယ်)
ကာဘိုင် ၇၀ လက်
၃၀၃ ရိုင်ဖယ် ၁၇ လက်
MG-42 စက်လတ် ၅ လက်
ပစ္စတို ၁၃ လက်
အချက်ပြသေနတ် ၁၀ လက်
ဆက်သွယ်ရေးစက်မျိုးစုံ ၁၀ လုံး
အားသွင်းစက် ၆ လုံး
လမ်းလျှောက်စကားပြောစက် ၉ လုံး
လက်ပစ်ဗုံး ၁၀၉ လုံး
မှန်ပြောင်း ၇ စုံ
ကျောပိုးအိတ် ၁၄၆ လုံး
အမြောက်ဆံမျိုးစုံ ၂၂၈ လုံး
ကျည်မျိုးစုံ ၆၂၁၃၅ တောင့်
ဖြစ်ပါတယ်။ စစ်ကားကြီး ၁၆ စီး နဲ့ စစ်ဂျစ်ကား ၂ စီးကို ဖျက်ဆီးပစ်ခဲ့တယ်။ တံတား ၇ စင်းချိုးပစ်ခဲ့တယ်။ ဗမာ စစ်တပ်ကတော့ ဟိုက်ကမ်းပါး လုံးဝကျသွားရင် ကွမ်းလုံတံတားကြီးကို ချိုးပစ်ဖို့ မိုင်းတွေအသင့်ကပ်ထားခဲ့တယ်။

တိုက်ပွဲကို ဦးစီးကွပ်ကဲတဲ့ ဗကပခေါင်းဆောင်တွေကတော့ ဗိုလ်တင်ရီ၊ ဗိုလ်နော်ဆိုင်း၊ ဗိုလ်ဖုံကျားရှင်း၊ ဗိုလ်ဇော်မိုင် တို့ဖြစ်ပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ကွပ်ကဲရေး/အကြံပေး ၁၀-၁၅ ယောက် နဲ့ PLA နယ်စပ်ဒေသလူမျိုးစုတပ်ရင်းတွေက ‘လက်ဝဲကူညီရေး’ တရုတ်နိုင်ငံသား ဂျိန်းဖော၊ လားဟူ၊ ရှမ်း၊ လီဆူး၊ ပလောင်၊ တရုတ်လူမျိုး ဒုခွဲမှူး၊ ဒုစုမှူး၊ တပ်စိတ်မှူးတွေချည်းစုထားတဲ့ အင်အား ၁၀၀ ကျော်တိုက်ခိုက်ရေးတပ်ဖွဲ့လဲ တပ်ရင်းတွေ ထဲမှာ ဖြန့်ခွဲပြီးပါဝင်တယ် (၁၉၇၂ မှာတချို့ ၁၉၇၅ မှာ အားလုံးပြန်သွားကြတယ်)။ ကွန်းလုံပွဲကို အနီးကပ်ကွပ်ကဲတာ က ဗိုလ်နော်ဆိုင်း နဲ့ ဖုံကျားရှင်းဖြစ်ပြီး သံလွင်အနောက်ဘက်ကမ်းမှာတော့ ဗိုလ်ဇော်မိုင် ဦးစီးတယ်။ ပန်လုံဘက်မှာ တော့ ဖုံကျားဖူး နဲ့ ဗိုလ်ကျော်ဒင် ဦးစီးတယ်။

PLA ကွပ်ကဲရေး/အကြံပေးအဖွဲ့ဝင်တွေထဲမှာ ဒုတပ်မမှူး၊ ဒုတပ်မဟာမှူး၊ စစ်ဒေသ ဒုစစ်ဦးစီးမှူး၊ ဒုရင်းမှူးအဆင့်တွေ ပါတယ် (၁၉၇၂ ခု ဒီဇင်ဘာလမှာ ပြန်သွားကြတယ်)။ ဒီအဖွဲ့က လောက်ကိုင်မှာဘဲထိုင်ပြီး ကွပ်ကဲ-အကြံပေးတာ ဖြစ်တယ်။ PLA တပ်သားမဟုတ်ဘဲ ယဉ်ကျေးမှုတော်လှန်ရေးအရှိန်နဲ့ ‘နိုင်ငံတကာဝါဒ’ အရလာလုပ်တဲ့ တရုတ်နိုင်ငံ သားလယ်တောဆင်းကျောင်းသားတွေနဲ့ ဗမာပြည်ကပြန်သွားတဲ့ ပင်လယ်ရပ်ခြားတရုတ် (ဝှါချောင်) တွေကတော့ ဗကပတပ်ရင်းတွေထဲမှာ ဖြန့်ခွဲပြီး ပါဝင်ကြတယ်။ (ဒီတရုတ်ကျောင်းသားတွေဟာ နောက်ပိုင်းမှာ အများစုပြန်သွားပေမဲ့ လီစစ်ရူ (ကွယ်လွန်)၊ လီမင်းရှင် (စိုင်းလင်း)၊ ကျန်းစစ်မင်(ကြည်မြင့်)တို့လို အနည်းစုကတော့ ဆက်လုပ်ကြပြီး အပစ်ရပ်အဖွဲ့တွေမှာ ရာထူးကြီးကြီးတွေရလာတယ်။)

ဗမာစစ်တပ်ဘက်က ဦးစီးကွပ်ကဲမှုကတော့ ဗိုလ်ထွန်းရီဟာ ရပခ ဗျူဟာမှူးအဆင့်ဘဲဖြစ်ပေမဲ့ တိုင်းတပ်ရော တပ်မ ၇၇ တပ်တွေကိုပါ အနီးကပ်ဦးစီးရတယ်။ သူ့အပေါ်မှာတော့ မဗဟ (မဟာဗျူဟာ) မှူး ဗိုလ်စိန်မြနဲ့ ရပခတိုင်းမှူး ဗိုလ် စံကြည်တို့က ကွပ်ကဲတယ်။ (အဲ့တုံးက ရမခတိုင်း မတည်ထောင်သေးပါ။) ကွမ်းလုံတိုက်ပွဲနောက်ပိုင်းမှာတော့ ဗိုလ်ထွန်းရီဟာ ‘နပိုလီယံ’ နာမယ်တွင်သွားခဲ့တယ်။ ဒါပေမဲ့ လက်ရှိ ဗမာစစ်ခေါင်းဆောင်တွေကတော့ ဗိုလ်စိန်မြ နဲ့ ဗိုလ်ထွန်းရီ အခန်းကဏ္ဍကို ဖျောက်ချင်နေတယ်။

ဗကပ ရဲ့ ရည်ရွယ်ချက်က ဗမာစစ်တပ်ပြောသလို လွတ်မြောက်ဒေသကြီးထူထောင်ပြီး စင်ပြိုင်အစိုးရကြေညာဖို့ ဆိုတဲ့ ပေါကြောင်ကြောင်စိတ်ကူး မရှိပါဘူး။ အဲ့လိုကြေညာပြီး ကမ္ဘာ့ကွန်မြူနစ်နိုင်ငံတွေဆီက အကူအညီအထောက်အပံ့ တွေ ရနိုင်ဖို့ဆိုတာ လုံးဝအဓိပ္ပာယ်မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်က ကမ္ဘာ့ကွန်မြူနစ်လောကမှာ တရုတ်ကွန်မြူနစ်နဲ့ ရွတ်ရှားကွန်မြူနစ် အပြင်းအထန်ကွဲနေတဲ့အချိန်ဖြစ်လို့ ဆိုဗီယက်ရွတ်ရှားနဲ့ အရှေ့ဥရောပ ကွန်မြူနစ်နိုင်ငံတွေဟာ တရုတ်ကိုရာနှုန်းပြည့်ထောက်ခံနေတဲ့ ဗကပကို ဘယ်လိုမှကူညီနိုင်စရာ အကြောင်းမရှိပါ ဘူး။ ဒါ့အပြင် အဲ့ဒီတုံးက ဗကပတွေဟာ အကူအညီအထောက်အပံ့တွေကို တရုတ်ဆီက လိုသလောက်ရနေလို့ တခြားက တောင်းစရာမလိုတဲ့အချိန်လဲဖြစ်တယ်။

ဒီတော့ ဗကပ ရဲ့ အဓိကရည်ရွယ်ချက်က ကိုးကန့်ဒေသတခုလုံး စိတ်ချလက်ချ ‘လွတ်မြောက်’ဖို့ ဖြစ်ပြီး နောက် တဆင့်အနေနဲ့ သံလွင်အနောက်ဖက်ကမ်းက ကွတ်ခိုင်၊ သိန္နီနယ်တွေကို ထိုးဖို့၊ ဒီ့နောက်မှာတော့ လားရှိုးဂွင်ကိုထိုးဖို့ ဘဲ ဖြစ်တယ်။ အဲဒီတုံးက လားရှိုးတဝိုက်မှာ ဗကပ ပျောက်ကျားတပ်တွေ လှုပ်ရှားနေပြီဖြစ်တယ်။ လားရှိုးမြို့ထဲ ဝင်ပစ်လို့ မြန်မာ့လက်ရွေးစင် ဘော်လီဘောမယ်တယောက်တောင် သေသွားခဲ့သေးတယ်။ ဒါကြောင့် ကိုးကန့် နယ်တခုလုံးနဲ့ ကွမ်းလုံကိုရရင် လားရှိုးဂွင်မှာလှုပ်ရှားနေတဲ့ တပ်တွေအတွက် ကျောထောက်နောက်ခံ နဲ့ ထောက်ပံ့ ရေး စိတ်ချသွားမှာဖြစ်တယ်။ PLA ကွပ်ကဲရေး/အကြံပေးအဖွဲ့ဝင်တွေထဲမှာတော့ ကွမ်းလုံစစ်ဆင်ရေးကို မတိုက်သင့် ဘူးလို့ မြင်သူတွေလဲရှိတယ်။ ဒါပေမဲ့ ဗကပ ခေါင်းဆောင်ပိုင်းက တိုက်ချင်စိတ်ပြင်းပြနေခဲ့တယ်။

အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ကွမ်းလုံသိမ်းရေး မအောင်မြင်လို့ ကွတ်ခိုင် သိန္နီ လားရှိုးဘက် တိုးချဲ့ရေး ထိခိုက်ခဲ့တယ်။ မိုးကုတ်-မိုးမိတ်ဘက်က ဗကပရဲ့ ရှမ်းပြည်မြောက်ပိုင်းခရိုင် (နောင်မှာ ၂၀၂ စစ်ဒေသလို့ နာမယ်ပြောင်း) ပျောက်ကျား ဒေသနဲ့ ဆက်စပ်ရေး မအောင်မြင်ခဲ့ဘူး။ ကိုးကန့်ဒေသကိုလဲ ရာနှုန်းပြည့်မသိမ်းနိုင်ဘဲ သိမ်းရပြီးသား လေးပုံသုံးပုံ လောက်နဲ့ ကျေနပ်လိုက်ရတယ်။

ဘာအဆုံးအဖြတ်တိုက်ပွဲမှ မဟုတ်၊ ဘာအလှည့်အပြောင်းမှ မဟုတ်ပါဘူး။

သံလွင်အနောက်ဖက်ထိုးရေး အလုပ်မဖြစ်တော့ သံလွင်အရှေ့ဖက်ကိုဘဲ အာရုံစိုက်ထိုးလိုက်တာ ဝ နယ်တခုလုံးကို တနှစ်ကျော်အတွင်း သိမ်းနိုင်ခဲ့ပြီး ကျိုင်းတုံကားလမ်းအထိ ပေါက်သွားခဲ့တယ်။ ဝ နယ်ကနေ SSIA ရှမ်းသူပုန် (နောင် မှာ တပ်မဟာ ၇၆၈) နဲ့ အခါသူပုန်တွေ (နောက်ပိုင်းမှာ ၈၁၅ စစ်ဒေသ၊ ယခု မိုင်းလား အထူး-၄ အဖွဲ့) ဆီ ဆက်စပ်မိ သွားပြီး မဲခေါင်မြစ်ကမ်းအထိ နယ်စပ်တကြောလုံးကို သိမ်းရသွားတယ်။ ဒီနယ်မြေတွေကို အခုထိ UWSA ဝ အဖွဲ့နဲ့ NDAA မိုင်းလား (ရှမ်း-အခါ) အဖွဲ့တို့က ထိန်းထားဆဲဖြစ်ပြီး အပစ်အခတ်ရပ်စဲရေးလုပ်ထားပေမဲ့ ဗမာစစ်တပ်တွေ လက်နက်ကိုင်ပြီး ဝင်လာလို့မရပါဘူး။

ဗကပအတွက် အလှည့်အပြောင်းမဖြစ်တာ ထင်ရှားတဲ့အချက်ကတော့ ၁၉၇၁ ကွမ်းလုံတိုက်ပွဲပြီး ၁၈ နှစ်ကြာမှ ၁၉၈၉ ခုနှစ်မှာ ရန်သူကတိုက်လို့မဟုတ်ဘဲ ကိုယ့်အတွင်းပိုင်း အကြောင်းတရားတွေကြောင့် ပြိုကွဲသွားတာဖြစ်တယ်။

ကွမ်းလုံတိုက်ပွဲပြီး ၃-၄ နှစ်အကြာမှာ ဗကပတွေ ပြုတ်သွား ပြိုသွားရင်တော့ အဲ့ဒီကွမ်းလုံတိုက်ပွဲကို အလှည့်အပြောင်း တိုက်ပွဲလို့ သတ်မှတ်တာ မှန်နိုင်ပေမဲ့ လက်တွေ့မှာတော့ ဗကပဟာ မိုင်းယန်း-ကျိုင်းတုံတိုက်ပွဲစဉ် (၁၉၇၃-၇၄)၊ ၇၅၁၀ စီမံကိန်း (၁၉၇၅)၊ မူဆယ်-နမ့်လင်းတိုက်ပွဲစဉ် (၁၉၇၅)၊ ပန်ကော်-ချူဆွေတိုက်ပွဲစဉ် (၁၉၇၇)၊ နောင်လိုင်-ပါဖန်တိုက်ပွဲစဉ် (၁၉၇၈)၊ မန်ခူ-မန်ခါတိုက်ပွဲစဉ် (၁၉၈၀)၊ မိုင်းယန်းတိုက်ပွဲစဉ် (၁၉၈၀)၊ မိုင်းယောင်းတိုက်ပွဲစဉ် (၁၉၈၀) စတဲ့ တိုက်ပွဲကြီးတွေကို တခုပြီးတခုဖော်ခဲ့တာ တွေ့ရလို့ ဒီ ကွမ်းလုံ ရက် ၄၀ တိုက်ပွဲဆိုတာ တိုက်ပွဲပေါင်း များစွာထဲက သာမန်ရှုံးပွဲတပွဲထက်မပိုတာ ထင်ရှားနေပါတယ်။ ဒီထဲမှာ ၁၉၈၀ မိုင်းယန်းတိုက်ပွဲမှာ အချိန်တို ၂ နာရီ အတွင်း ဗကပစစ်သည် ၅၉ ယောက်ကျပြီး ၂၁၃ ယောက်ဒဏ်ရာရခဲ့လို့ အရှေ့မြောက်ဗကပသမိုင်းမှာ အခံရဆုံး တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ဗကပတပ်မှူးဟောင်းတွေက ပြောကြပါတယ်။ ဒါတောင်မှ အလှည့်အပြောင်းမဖြစ်ခဲ့ပါဘူး။ (အဲ့ဒီတုံးက ၈၈ တပ်မမှူး (ယခု စာဖတ်နေသူကြီး) အတွက်တော့ တခုတည်းသော အမှတ်ယူစရာဖြစ်သွားခဲ့တယ်။) ကွမ်းလုံတိုက်ပွဲနဲ့စာရင် ရွှေကျင်ဝါးတိုက်ပွဲစဉ် (၁၉၈၆) ကို ဗကပ ပြိုကွဲမှုအတွက် အလှည့်အပြောင်းတိုက်ပွဲအဖြစ် သတ်မှတ်လို့ ပိုရနိုင်ပါတယ်။

ကွမ်းလုံတိုက်ပွဲဟာ ဗကပအတွက် အလှည့်အပြောင်းမဟုတ်သလို ဗမာ့တပ်မတော်အတွက်လဲ အလှည့်အပြောင်း မဟုတ်ပါဘူး။ ဘာကြောင့် ဒီလိုပြောနိုင်သလဲ ဆိုရင် အဲ့ဒီတုံးက ပြောင်ပြောင်မြောက်မြောက်တိုက်ခဲ့တဲ့ ဗိုလ်ထွန်းရီ နဲ့ ဗိုလ်စိန်မြတို့ဟာ နောက် ၁၀ နှစ်တောင်မခံဘဲ ဂျောင်ထိုးခံလိုက်ရလို့ ဖြစ်ပါတယ်။ ဘယ်လောက်တောင် အာဃာတ ကြီးသလဲဆိုရင် ၁၉၇၉ မင်းရန်အောင်စစ်ဆင်ရေးမှာ ဗကပနယ်မြေ မော်ဖဒေသကို ရအောင် ပြန်တိုက်ယူနိုင်ခဲ့တဲ့ တပ်မ ၇၇ ဒုတပ်မမှူး ဗိုလ်ညွန့်ဆွေ (မောင်ဆွေသက် နာမယ်နဲ့ စစ်မှတ်တမ်းတွေ ပြန်ရေးနေသူ) ကို ဗိုလ်ထွန်းရီတပည့်ဖြစ်ခဲ့မှုနဲ့ အရပ်ဖက်ပြောင်းပစ်တဲ့အထိ လုပ်ခဲ့တယ်။ ဗမာစစ်တပ်ဟာ ကျေးဇူးတင် ဂုဏ်ပြုထိုက် သူကိုတောင် ကျေးဇူးကန်းခဲ့တဲ့အတွက် အလွန်ဆုံးအားဖြင့် ကွမ်းလုံတိုက်ပွဲဟာ အာဏာရှင်စစ်တပ်ဖြစ် ပေါ်လာတာ ကိုပြတဲ့ အလှည့်အပြောင်းလို့ဘဲ ပြောနိုင်ပါလိမ့်မယ်။

အခု ဟိုက်ကမ်းပါးတိုက်ပွဲ ၄၃ နှစ်ကြာပြီးတဲ့အချိန်မှာ စစ်အရေခြုံအစိုးရက ဒီတိုက်ပွဲကို ရုပ်ရှင်ရိုက်မယ် လုပ်လာတဲ့ ရည်ရွယ်ချက်က သမိုင်းအလွဲအမှားတွေကို တပ်ထဲနဲ့ပြည်သူထဲ ရိုက်သွင်းဖို့ ဖြစ်တဲ့အပြင် ကွန်မြူနစ်ဆန့်ကျင်ရေး ငါးစာနဲ့ အမေရိကန်ကို ဖားဖို့ မြှူဖို့လဲ ဖြစ်ပုံရတယ်။ ဒါ့အပြင် အင်အားကြီးလှတဲ့ UWSA ဝ အဖွဲ့ကိုလဲ ခြိမ်းခြောက်ချင်ပုံ လဲပါတယ်။ သမိုင်းအမှားတွေကို ဖြန့်ပြီး တိုင်းပြည်ရဲ့ကယ်တင်ရှင်ပုံဖမ်းနေတာဟာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ အမျိုး သားပြန်လည်သင့်မြတ်ရေးအပေါ် မရိုးသားတာဘဲ ဖြစ်ပါတယ်။

ကြီးကြီးကျယ်ကျယ်ဝါဒဖြန့်ချက်တွေနဲ့ လက်တွေ့မြေပြင်ကသမိုင်းမှန်တွေကို နှိုင်းယှဉ်ဖောက်ထွင်းသုံးသပ်နိုင်ကြပါစေ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)