မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ကေအယ်လ် ကလန်းမှ ကပါသို့ (နှစ်)

November 21, 2014

မောင်ရင်ငတေ – နှစ်ဆယ်ကျော်အလွမ်း – ကေအယ်လ် ကလန်းမှ ကပါသို့ (နှစ်)
(မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၄


ကေအယ်လ်မြို့လယ် ဂျလန်ရာဇာဝယ် (၁၉၉၁)                               (Photo Arkar KGyi)

လွန်ခဲ့တဲ့ အနှစ် အစိတ်နီးပါး အချိန်က မလေးတခွင်မှာ မောင်ရင်ငတေ ကျင်လည်ခဲ့စဉ် အတူတကွ ဆိုးတူကောင်းဘက် အတွဲညီခဲ့တဲ့ မောင်ရင်ငတေရဲ့ သူငယ်ချင်းတဦးဖြစ်သူ (Photo Arkar KGyi) ရိုက်ပေးခဲ့သော အဲဒီ မှုန်ဝါးဝါး ဓါတ်ပုံတွေဟာ နေ့ရောညပါမက အိပ်ပျော်နေစဉ် အိပ်မက်တွေမှာပါ တောက်လျှောက်ဆိုသလို ပါဝင်လာခဲ့ပါတယ်၊ အဲလိုပါဝင်လာတဲ့ အကြောင်းကတော့ အဲဒီမှုန်ဝါးဝါး ဓါတ်ပုံတွေကို မောင်ရင်ငတေ့ညီမက ဖေ့စ်ဘုတ်ခ်ကတဆင့် လှမ်းပို့လိုက်တာကနေ စတင်ခဲ့တာပါ၊ ၁၉၉၀ ခုနှစ်များဆီက ပုံတချို့ပါ၊ အဲဒါကြောင့် မောင်ရင်ငတေ ဖြတ်သန်းခဲ့ဖူးတဲ့ မလေးရဲ့မြို့သုံးမြို့ အကြောင်း ကေအယ်လ်မြို့ ကလန်းမြို့ ကပါမြို့တွေ အကြောင်းကို ရေးမိပါတယ်၊ ရေးရင်းရေးရင်း ပေရှည်သွားလို့ “ကေအယ်လ်ကလန်းမှကပါသို့” အပိုင်း (နှစ်) အဖြစ် ဆက်လက်ပြီး ရေးသားလိုက် ရပါတယ်၊ အပိုင်း (တစ်) ….. နဲ့ သည်းခံပြီး ဆက်စပ် ဖတ်ရှုကြပါရန် ပြောကြားလိုပါတယ်၊

အာရှအမြန်လမ်းမကြီး (၂) ကေအယ်လ်-ဘန်ကောက် ၁၅၅၀ ကီလိုမီတာ       (Photo Google)

မလေးရှားမြေကို စတင်နင်းခဲ့ဖူးတာ ၁၉၉၀ ပြည့်နှစ်မှာပါ၊ ပထမဆုံး အခေါက်ကတော့ အလုပ်သွား လုပ်ဖို့ ရောက်ခဲ့တာ မဟုတ်ပါဘူး၊ အဲဒီတုန်းက မောင်ရင်ငတေက ဘန်ကောက်က နယူးဖလက်မှာ နေနေတာပါ၊ တိုးလ်ရစ်ဗီဇာနဲ့ နေတာပါ၊ ရွှေပြည်ကြီးကနေ ထွက်လာတော့ အကြံပေးပုဂ္ဂိုလ်ကြီး တွေရဲ့ လမ်းညွှန်ချက်နဲ့ Double-entry ဗီဇာကိုယူလာပါတယ်၊ တိုးလ်ဗီဇာက ရက်ပေါင်း ၆၀ တိတိ တဆက်တည်း နေလို့ ရပါတယ်၊ နောက်ထပ် ဆက်နေချင်ရင် ရက်သုံးဆယ်အတွက်ကို Soi Suan Plu ဆွိုင်ဆွန်ဖလူး အင်မီဂရေးရှင်းရုံးမှာ ဘတ်ငါးရာ သွားပေးပြီးတိုး၊ နောက်ထပ် နှစ်ပတ် ၁၄ ရက် ဆက်လက်ပြီး နေချင်သေးသပဆိုခဲ့ရင်တော့ နောက်ဘတ်ငါးရာ ထပ်ပေးလိုက်ရင် နေလို့ရပါတယ်၊

အဲဒါထက် ကျော်သွားခဲ့ရင်တော့ လေဆိပ်တွေနယ်စပ်ဂိတ်တွေရောက်မှ တရက် အိုဗာစတေးကြေး ဘတ်နှစ်ရာ ပေးပြီးထွက်ရင်ရပါသေးတယ်၊ အဲဒီအချိန်က ထိုင်းနိုင်ငံဟာ ခရီးသွားလာသူတွေဆီက ရသမျှ ချူယူဖို့ ကြိုးစားနေချိန်ပါ၊ ဗီဇာကိစ္စ ဘာကိစ္စ ကိစ္စအဝဝကို လွယ်ကူချောမွေ့အောင် လုပ်ပေး ထားပါတယ်၊ ဘတ်ငါးရာဆိုတာက အဲဒီခေတ်ကနှုန်းထား ပြောတာပါ၊ အခုမဟုတ်ပါဘူး၊ အခုတော့ ဗီဇာသက်တမ်း တခါတိုးတော့မယ်ဆိုရင် ဘတ် ထောင်ကိုးရာလား မသိပါဘူး၊ ဈေးတက် သွားပါပြီ၊ အရင်လို ထိုင်းဗီဇာက ဈေးသိပ်မပေါတော့ပါဘူး၊


ထိုင်းတောင်ဘက်စွန်းက ဟတ်ယိုင်ဘူတာ (၁၉၉၂)                             (Photo Arkar KGyi)

မောင်ရင်ငတေ မလေးမြေ စနင်းတာကို ပြန်ဆက်ရေးပါမယ်၊ Double ဗီဇာဆိုတော့ ရက်ကိုးဆယ် ထိုင်းမှာနေပြီး ဒုတိယအဝင်ပြဖို့ (နောက်ထပ် ရက်ကိုးဆယ်အတွက်) ထိုင်းကအထွက် ပြရပါတယ်၊ အဲဒီတုန်းက ထိုင်းကနေ စတေးရှောင်ကြမယ်ဆိုရင် ထိုင်းနိုင်ငံ တောင်ဘက်စွန်း ဘန်ကောက်မြို့နဲ့ ကီလိုမီတာ ၉၅၀ ဝေးတဲ့ Hat Yai ဟတ်ယိုင်မြို့ကနေ တဆင့်သွားရတဲ့ မလေး နယ်စပ်ကို သွားကြ လေ့ရှိပါတယ်၊ မြောက်ဘက်လာအိုတို့ အရှေ့ဘက်ကမ္ဘောဒီယားတို့ကို သွားရှောင်လေ့မရှိကြပါဘူး၊ မလေးရှားက ထိုင်းထက် နည်းနည်းပိုပြီးတိုးတက်တာဆိုတော့ လူတိုင်းလိုလိုက မလေးရှားဘက်ကို သွားချင်ကြတာပါ၊ ရွှေဗမာတွေတင် မဟုတ်ပါဘူး၊ လူဖြူတွေပါ သွားကြတာပါ၊ သွားကြရင် ရထားနဲ့ သွားကြတာ များပါတယ်၊ ရထားခက ဘတ်နှစ်ရာခန့် ပေးရတယ်လို့ ထင်ပါတယ်၊ ဈေးကြီးတယ်လို့ မဆိုနိုင်ပါဘူး၊  မီးရထားက ဘန်ကောက် Hua Lamphong ဘူတာကြီးကနေ နေ့လည် နှစ်နာရီက စထွက်လာတာ ဟတ်ယိုင်ကို နောက်တနေ့မနက်ကြီးမှာ ရောက်ပါပြီ၊ မိုင်ခြောက်ရာခန့် ကီလိုမီတာ တထောင် ခရီးကို ၁၆ နာရီ မောင်းရတယ် ဆိုတော့လည်း ဒဂုံမန်း အမြန်ရထားနဲ့က သိပ်မကွာလှပါ ဘူးလို့ပြောရင် ရနိုင်ပါတယ်၊ အခုတော့ အမြန်ရထားလို့ ပြောရမလား နည်းနည်း ပိုပြီး မြန်တဲ့ရထား ရှိနေပါပြီ ဆိုပါတယ်၊ ၁၃ နာရီကျော် စီးရင် ရောက်မယ်လို့ ပြောကြပါတယ်၊ ဈေးနှုန်းကတော့ ဘတ် ၆၅၀ (၁၅ ယူရို) လောက်ပေးရင်ရပါပြီ၊ မောင်ရင်ငတေကတော့ အမြန်ရထားထက်စာရင် ခပ်မှန်မှန် သွားတဲ့ ရိုးရိုးရထား ဟိုနားရပ် ဒီနားရပ်တာကို ပိုကြိုက်ပါတယ်၊ အမြဲတမ်း အလုပ်ကိစ္စနဲ့ သွားတယ် ဆိုရင်တော့ တမျိုးပေါ့၊ အဲဒီတုန်းကတော့ ဘန်ကောက်ဟတ်ယိုင် မီးရထားစီးရတာ ပျော်စရာကြီးပါ၊

တွဲတိုင်းလိုလိုမှာက နယ်စပ်ကို စတေးရှောင် သွားကြသူတွေ များပါတယ်၊ ဌာနေထိုင်းလူမျိုးတွေက  သိပ်မပါပါဘူး၊ ရထားစီးသူ တဝက်လောက်တောင်မှ ရှိမယ်လို့ မထင်ပါဘူး၊ ရွှေပြည်တော်ကြီးမှာလို ရထားတွဲပေါ်မှာ ဈေးရောင်းသူတွေ ဆင်းလိုက်တက်လိုက်ပါ၊ ထမင်းဟင်းဝယ်စားကြမလား အကုန် ရပါတယ်၊ မောင်ရင်ငတေတို့ အားကစားသမားတွေရဲ့ အကြိုက်လည်းရပါတယ်၊ နှစ်နာရီထိုး ရထား စပြီးထွက်တာနဲ့ တပြိုင်နက် ရေခဲ ဆော်ဒါ ကိုလာ အပြည့်အစုံနဲ့ အဲဒီတုန်းက နာမည်ကြီး မယ့်ခေါင် ရောင်းသူများ ရောက်လို့လာပါပြီ၊ ခရီးသည်များလည်း မိမိတို့ ကြိုက်နှစ်သက်ရာများမှာယူပြီး ရထား အဆင်းအတက် နေရာလွတ်တွေမှာ ဝိုင်းဖွဲ့ ထိုင်သူတွေ ထိုင်ကြပါပြီ၊ မျက်နှာချင်းဆိုင် ထိုင်ခုံသမား များလည်း သွားမယ့်ခရီးအကြောင်း မိတ်ဖွဲ့ရင်း သတင်းစုံစမ်းဖလှယ်ကြရင်း ခွက်ချင်းတိုက်ချီးယားစ် လုပ်သူတွေ လုပ်ကြပါပြီ၊ မောင်ရင်ငတေတို့အဖွဲ့လည်း ဘယ်နေပါ့မလဲနော်၊ နဘေးနားကလူတွေရဲ့ အရိပ်အခြေ ကြည့်ပြီး လှုပ်ရှားကြရတော့တာပေါ့၊ စိတ်ချင်းတူတဲ့သူတွေ အတူသွားဖြစ်ကြတာကိုး၊


ထိုင် မလေးရှား နယ်စပ်ဂိတ်ပေါက်                                                       (Photo Google)
နောက်တနေ့ မနက် လင်းအားကြီးအချိန်မှာ ဟတ်ယိုင် (တချို့တွေကလည်း ဟတ်ချိုင်းဆိုပြီး အသံ ထွက်ပါတယ်၊ ဘယ်ဟာအမှန်လည်း မသိပါဘူး၊ ) ဘူတာကို ဝင်ပါပြီ၊ ရထားပေါ်က ဆင်းလာကြသူ တွေကို ကြည့်လိုက်တော့ ကျောပိုးအိတ်ကိုယ်စီနဲ့ အမှန်အကန် ခရီးသွားကြသူ Backpackers ခေါ် တိုးလ်ရစ်တွေပါ၊ လူဖြူတွေပေါ့၊ သူတို့ဟာ သူတို့ မူရင်း ဘာကောင်ကြီးတွေ ဖြစ်နေပါစေ ကိုယ့်အိပ် ထဲက ငွေတွေနဲ့ ကိုယ့်စရိတ် ကိုယ်စားပြီး ကိုယ်သွားချင်ရာ ခရီးလမ်းတခုကို သွားကြရင် အဲလိုသာ သွားတတ်ကြတယ်ဆိုတာကို အဲဒီအချိန်ကစပြီး မောင်ရင်ငတေ သွားခဲ့တဲ့ ခရီးတိုင်းမှာ သတိပြုမိခဲ့ ပါတယ်၊ ဆယ့်ခြောက်နာရီကျော် ကြာမြင့်တဲ့ခရီးကို ဘာကြောင့် အပင်ပန်းခံပြီး ရထားစီးကြတာလဲ ဆိုတာကို မောင်ရင်ငတေ ကိုယ်တိုင် ဥရောပခရီးတွေကို သွားခဲ့ပြီးမှ ပိုပြီး သဘောပေါက်လာတယ် ပြောရမှာပါ၊ ဒေသန္တရ ဗဟုသုတ ဆိုတာမျိုးက လေယာဉ်ကြီးတွေစီး ဟော်တယ်ကြီးတွေ တည်းရုံနဲ့  မပြည့်စုံနိုင်ဘူး ဆိုတာကိုပါ၊ လူဖြူ လူငယ်များက အဲလို ခရီးသွားပုံကို ပိုသဘောကျလေ့ ရှိပါတယ်၊

ဟတ်ယိုင်ကတော့ ထိုင်းတောင်ပိုင်းမှာ ခရီးသွားသူတွေနဲ့ အမြဲစည်ကားနေတဲ့ မြို့ပါ၊ ဘူတာရှေ့မှာ မလေး အဝင်အတွက် ပွဲစားမျိုးစုံ ကားသမားမျိုးစုံ ရှုတ်လို့နေပါတယ်၊ မလေးမြို့တော် ကေအယ်လ် စင်ကာပူ သွားမယ့်သူတွေပါသလို ပီနန်သွား ထိုင်းဗီဇာအသစ် သွာယူမယ့်သူတွေလည်း ပါပါတယ်၊ ဘယ်ကိုသွားသွား မောင်ရင်ငတေတို့လို အာရှတိုက်သား အများစုအတွက် နယ်စပ် လ.ဝ.က ဂိတ် ဖြတ်သန်းဖို့ကို ပွဲစားတွေနဲ့ လုပ်ကြရပါတယ်၊ လိုက်မောင်းပို့တဲ့ ကားသမားကိုယ်တိုင်ကိုက ပွဲစားပါ၊ မောင်ရင်ငတေ မှတ်မိသလောက်ကတော့ ကားခက ဘတ်နှစ်ရာအပြင် ဂိတ်ကြေး ဘတ်နှစ်ရာလား သုံးရာလားမသိ ပေးရပါတယ်၊ အဲလိုပေးလိုက်ရင် ထိုင်းအထွက် မလေးအဝင် ပြီးပါပြီ၊ ကိုယ်ကိုတိုင်
ဘာမှ လုပ်စရာမလိုပါဘူး၊ ကားပေါ်က အောက်တောင် ဆင်းစရာ မလိုတာမျိုးပါ၊


ထိုင်းမြေဆာဒါအိုမှ မလေးမြေပဒန်ဘီဇာသို့                                           (Photo Google)

မောင်ရင်ငတေရဲ့ မလေးမြေနင်းတဲ့ အဲဒီ ပထမဆုံးအခေါက်က ပီနန်နဲ့ ကေအယ်လ်အထိ သွားတာ မဟုတ်ပါဘူး၊ အစပိုင်းမှာ ပြောခဲ့တဲ့အတိုင်း ထိုင်း Double ဗီဇာ ရှိပြီးသားဆိုတော့ အဝင်အထွက် လုပ်ပြီး တိုင်ပတ် ပြန်လာရုံသာ သွားတာပါ၊ ဟတ်ယိုင်ဘူတာကနေ ကီလိုမီတာ ၆၀ ဝေးတဲ့ မလေး နယ်စပ် Padang Besar ဂိတ်ကိုသွားပြီး ဝင်ထွက်လုပ်ဖို့ပါ၊ မောင်ရင်ငတေကတော့ Double ဗီဇာပါ တော့ ပြန်အဝင်မှာ ရက်ခြောက်ဆယ်တံဆိပ်တုံးကို ပြန်ထုပေးပါတယ်၊ ဗီဇာမပါတဲ့ သူတွေကတော့ Without Visa နှစ်ပတ်ရပါတယ်၊ Padang Besar နဲ့ ကပ်လျှက် ထိုင်းဘက်ခြမ်းက Sadao ဂိတ်နား မှာတော့ တောထဲ နယ်စပ်ပီပီ ဘာမှ သိပ်မရှိပါဘူး၊ ဂျူတီဖရီးဆိုင် စားသောက်ဆိုင်တချို့နဲ့ အိမ်ခြေ
နည်းနည်းပါးပါး ရှိပါတယ်၊ ပဒန်ဘီဇာဘူတာ အနားမှာတော့ မြို့ကွက်ရှိပြီး အနည်းငယ် စည်ကားပါ တယ်၊ အဲဒီအခေါက်ကတော့ အဲဒီမလေးနယ်စပ်မှာ သုံးလေးနာရီလောက် အချိန်ဖြုန်းနေခဲ့ပြီးတော့ ဟတ်ချိုင်းကိုပြန် ညရထားစီးပြီး ဘန်ကောက် ပြန်ခဲ့ပါတယ်၊

အခုတော့ အသစ်ဖောက်လုပ်ထားတဲ့ Asian Highway 2 အာရှအမြန်လမ်းမကြီး အမှတ်နှစ်ဆိုတာ ရှိလာပြီဖြစ်လို့ ပဒန်ဘီဇာကတော့ မီးရထားနဲ့ သွားကြသူများသာ အဓိကထား ဖြတ်သန်းသွားလာ နေကြတော့ပါတယ်တဲ့၊ အဆင်ပြေတဲ့ တနေ့တော့ အဲဒီလမ်းကနေ သွားလို့ ကြည့်ချင်ပါသေးတယ်၊ ဒုတိယနဲ့ တတိယခေါက်မှာတော့ ပီနန်ကျွန်းပေါ်က George Town မြို့ကို စတေးသွားရှောင်ရင်းနဲ့ ထိုင်းဗီဇာ သွားယူခဲ့ပြီး စတုတ္ထအခေါက်မှာ ကေအယ်လ်မှာ ဆယ်ရက်ခန့် နေခဲ့ပါတယ်၊ ပဉ္စမခေါက် မှာတော့ မောင်ရင်ငတေတယောက် မလေးရှားရောက် အလုပ်သမားဘဝကို နှစ်နှစ်ချိုက်ချိုက် ခံယူ ခဲ့ရင်း အတွေ့အကြုံသစ်တွေ တခုပြီးတခု တကူးတက မရှာဖွေပါဘဲ တွေ့ရှိခဲ့ရပါတော့တယ်၊


Bukit Tabur တောင်ပေါ်က လှမ်းမြင်ရတဲ့ ဟိုးဝေးဝေးက ကေအယ်လ်         (Photo Google)

မောင်ရင်ငတေတို့ မလေးရှားကို စရောက်တဲ့အချိန်က အာရှကျားတကောင်အဖြစ် မလေးရဲ့ စက်မှု လုပ်ငန်းတွေ တိုးတက်များပြားခါစ အလုပ်သမားတွေ အများအပြား လိုအပ်နေချိန်ဖြစ်တာမို့ အလုပ် ရှာရတာ ဘာမှသိပ်မခက်ခဲပါဘူး၊ ဒီနေ့ရှာဒီနေ့တွေ့တာပါ၊ ပွဲစားခလည်း သိပ်များများ မပေးရပါဘူး၊ တခုတော့ ရှိပါတယ်၊ အလုပ်တွက်ဘာစာရွက်စာတမ်းမှ မလိုအပ်တဲ့ တရားမဝင်အလုပ်မျိုးတွေသာ ဆိုတော့ကာ အလုပ်ရှင်တွေက နည်းမျိုးစုံနဲ့ ညစ်ပတ်ပါတယ်၊ အဲဒါတွေကို တယောက်ချင်းဆိုသလို ရင်ဆိုင် ဖြေရှင်းရတာပါ၊ အများအားဖြင့်တော့ ရသလောက်နဲ့ တင်းတိမ်ပြီး သည်းခံ လုပ်ကြသူတွေ များပါတယ်၊ အဲဒီထဲမှာ မောင်ရင်ငတေတို့အုပ်စုက မပါပါဘူး၊ အလုပ်ရှင်တွေကလည်း ပြတ်သားလှ ပါတယ်၊ မကြိုက်ရင် ဆက်မလုပ်နဲ့ ထွက်သွား၊ နောက် လုပ်မယ့်သူတွေက အဆင်သင့် ရှိနေတာပါ၊ မောင်ရင်ငတေတို့ကလည်း သူတို့ကို မကြိုက်ရင် အိတ်ရာလိပ်ဆွဲ ချက်ချင်း ထွက်ခဲ့တာပါ၊

အဲဒီလိုနဲ့ မောင်ရင်ငတေနဲ့အတူ သူငယ်ချင်းနှစ်ယောက် (ငယ်ပေါင်းတွေတော့ မဟုတ်ပါ၊ ပြည်ပကို ရောက်မှ ခင်မင်ခဲ့ကြတာပါ၊) တလုပ်ဝင် တလုပ်ထွက် တဝဲလည်လည်နဲ့ ခြောက်လကျော် ခုနှစ်လ ကြာသွားပါတယ်၊ အတွေ့အကြုံသစ်တွေလည်း ကောင်းကောင်း ရခဲ့ကြပါပြီ၊ မနက်ပိုင်းက စလုပ်ပြီး နေ့လယ် အလုပ်ရပ်နား ထွက်ခဲ့တာမျိုးတွေလည်း ရှိပါတယ်၊ သုံး လေးရက်လောက် လုပ်အပြီးမှာမှ အလုပ်ရှင်နဲ့ အစာမကြေ စကားများ လုပ်ခမယူ အိပ်ရာသိမ်း ထွက်ခဲ့ရတာမျိုးတွေလည်း ရှိပါတယ်၊ ပိုက်ဆံပြတ်လို့ ရရာနေ့စားအလုပ် တယောက်ဝင်လုပ်ပြီး သုံးယောက်သားဝေမျှ စားခဲ့ရတာမျိုးတွေ ရှိခဲ့ပါတယ်၊ တပတ်လောက် အလုပ်မရှိကြဘဲ တခြားအသိ တယောက်အိမ်မှာ အလုပ်ရမလားဆိုပြီး ကပ်နေရင်း ပျော်ပျော်ပါးပါး သီချင်းဆို သောက်စားရင်း စိတ်ရဲ့ထွက်ပေါက် ရှာခဲ့ရတဲ့ ညတွေလည်း ရှိခဲ့ပါတယ်၊ တခါတော့ သုံးယောက်သား အလုပ်ရလို့ တယောက်တနေရာဆီ လူခွဲဝင် လုပ်ကြရင်းနဲ့  တိုက်တိုက်ဆိုင်ဆိုင် တနေ့တည်း တပြိုက်နက် တိုင်ပင်မထားကြပါဘဲ အလုပ်ပြန်ထွက်ခဲ့ကြတာမျိုး တွေလည်း ရှိခဲ့ဖူးပါတယ်၊ တကယ့်ကို အလုပ်မျိုးစုံ လူပုံစံမျိုးစုံ အနေအထားမျိုးစုံ တွေ့ကြုံဆက်ဆံ ခဲ့ရတာပါ၊ အဲဒါတွေကြောင့် မောင်ရင်ငတေရဲ့ စိတ်တွေမှာ ဘဝကိုအလျှားလိုက် သွားလာနိုင်ခဲ့တာ ထင်ပါရဲ့၊ အရာတခုခုကို အလွန်အကျွံ တမ်းတ မက်မောတတ်တဲ့ စိတ်တွေ တဖြေးဖြေးလျှော့နည်း လာခဲ့တာကလည်း အဲဒီအချိန်က စတင်ခဲ့တယ် ထင်ပါတယ်၊


Sungai Lumpur’s confluence (Muddy Estuary)                                 (Photo Google)

ကီလိုမီတာ ၁၂၀ ကျော် မိုင်အားဖြင့် ၇၅ မိုင် ခန့်သာ ရှည်တဲ့ Sungai Kelang ခေါ် ကလန်းမြစ်က ကေအယ်လ် အရှေ့မြောက်ဘက် Bukit Tabur နားကနေ စတင်စီးဆင်းလာပြီး ကေအယ်လ်မြို့မှာ
Gombak မြစ်သေးသေးကလေးနဲ့ ပေါင်းဆုံ၍ အနောက်ဘက် ကလန်းနယ်ကို ဖြတ်သန်းစီးသွားခါ Port Klang ဆိပ်ကမ်းနားမှာ  မလက္ကာရေလက်ကြားထဲကို စီးဝင်သွားတာပါ၊ ကလန်းမြစ်ဆုံဆိုတာ ကေအယ်လ် မြို့လယ်ခေါင်မှာတော့ မြစ်လို့ကို ခေါ်ဆိုဖို့မသင့်တဲ့ မြောင်းသာသာ ချောင်းသေးလေး နှစ်ချောင်း ဆုံတွေ့တာပါ၊ အဲဒီမြစ်က မောင်ရင်ငတေ တနှစ်ကျော်နေခဲ့တဲ့ ကပါမြို့ကိုရောက်ခါနီးမှာ ကလန်း-ကပါ အဝေးပြေးကားလမ်းကို ဖြတ်သန်းသွားပါတယ်၊

မောင်ရင်ငတေ ကေအယ်လ်မြေသို့ ရောက်ခါစ ကျက်စားဖူးခဲ့တဲ့ Puchong နယ်မြေ အပါအဝင် မလေးရှားရဲ့ အဓိက စက်မှုဇုန်ကြီးတွေ ကိုလည်း ဒီမြစ်က ဖြတ်သန်းသွားတာပါ၊ အခုအခါမှာတော့ ဒီမြစ်တကြောက စက်ရုံအလုပ်ရုံနဲ့ ပြည့် နှက်နေသလို ဒီမြစ်ကလေးကလည်း အရွယ်နဲ့မမျှ တာဝန်တွေထမ်းထားရတော့ စိမ်းလန်းစိုပြေခြင်း သန့်ရှင်းခြင်းတွေ မရှိတော့ဘူး ဆိုပါတယ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက တူးဖော်ခဲ့တဲ့ သံဖြူနဲ့ခဲမဖြူ  သတ္တုမိုင်း လုပ်ငန်းတွေရယ် ဒီကနေ့ ခေတ်အဆက်ဆက် စက်မှုလုပ်ငန်းများက ဒီ မြစ်ရိုး တဝှမ်းမှာ  ရပ်တည်ခဲ့ကြတာပါတဲ့၊ အဲလိုစက်မှုလုပ်ငန်းတွေ ထွန်းကားခဲ့လို့လည်း ဒီနယ်မြေကို မောင်ရင်ငတေ တို့တတွေ ရောက်ရှိလာကြရခြင်း မဟုတ်ပါလား၊ အဲဒီကလန်းဆိုတဲ့မြစ်တစင်းရဲ့ သဘာဝအလှတွေ ပျက်စီးသွားစေအောင် ပြုလုပ်ခဲ့တဲ့သူတွေထဲမှာတော့ မောင်ရင်ငတေတို့ပါမပါ အတတ်တော့မပြော နိုင်ပေမယ့်လည်း အားပေးအားမြှောက် ပြုခဲ့ဖူးတဲ့သူ စာရင်းထဲမှာတော့ ပါကောင်းပါနေ နိုင်ပါတယ်၊ ဘာကြောင်ဆိုတော့ အဲဒီ ကလန်းကပါ စက်မှုဇုံရပ်ဝန်းမှာ တနှစ်ကျော် တနှစ်ခွဲလောက် ကျင်လည် ကျက်စားရင်း အလုပ်တွေကို အားကြိုးမာန်တက် လုပ်ဖူးခဲ့ရလို့ပါ၊


Klang Kilometre 13                                                                    (Photo Google)

အဲဒီ Klang Kilometre 13 အိမ်လေးကို မောင်ရင်ငတေတို့အဖွဲ့ စတင်ရောက်ရှိသွားတဲ့ အကြောင်း တွေကို ကေအယ်လ် ကလန်းမှ ကပါသို့ အပိုင်း (တစ်) စာစုထဲမှာ တော်တော်များများ ရေးခဲ့ပြီးပါပြီ၊ အဲဒီ အိမ်လေးမှာ ရွှေဗမာတွေ စုနေထိုင်ကြရင်း စက်ရုံတရုံထဲမှာ အလုပ်လုပ်ခဲ့ ကြတာပါ၊ ပြဿနာ  ပေါင်းစုံနဲ့ “မ” တရာသားတွေ စုပေါင်း နေထိုင်ခဲ့ဖူးတဲ့ အိမ်ကလေးဟာ အခုတော့လည်း လွမ်းစရာ ဇာတ်ထဲက အိမ်တအိမ်ကဲ့သို့ ဖြစ်သွားရပါပြီ၊ အဲဒီလွမ်းစရာလေးတွေကို လွမ်းတတ်သူတွေအတွက် အမှတ်တရ အပိုင်း (နှစ်) အဖြစ် ဆက်လက်ပြီး မှတ်မိသမျှ ရေးသားလိုက်ရတာပါ၊

အဲဒီအချိန်က ကလန်း ၁၃ အိမ်မှာ မောင်ရင်ငတေတို့ အပါအဝင် စုစုပေါင်း ရွှေဗမာတွေ အယောက် ၃၀ ကျော်လောက် ရှိပါတယ်၊ အလုပ်က စက်ရုံတရုံထဲမှာ လုပ်ကြတာပါ၊ နေ့ဆိုင်း ညဆိုင်း အဆိုင်း သုံးဆိုင်း ထင်ပါရဲ့ လုပ်ကြရတာပါ၊ ကိုရွှေအယောက် သုံးဆယ်ကျော်မှာ နယ်အမျိုးမျိုးကနေ လူမျိုး ဘာသာပေါင်းစုံ ပါပါတယ်၊ ကုလား တရုတ် ဂေါ်ရခါး ကချင် ရခိုင် ကရင် ချင်း မွန် ဗမာ အတော်စုံပါ တယ်၊ အသက်အရွယ်တွေလည်း မောင်ရင်ငတေတို့လို နှစ်ဆယ်ကျော် ငါးနှစ်ပတ်လည်တွေ အပြင် ငါးဆယ်နီးပါးတွေလည်း ပါပါတယ်၊ မောင်ရင်ငတေတို့ အုပ်စုလို ဆူညံပွက်လောရိုက်ပြီး ဂစ်တာတီး သီချင်းတွေဆို အလုပ်ကအပြန် သန်းကောင်ယံချိန်မှာ သောက်ကြစားကြ ကကြတဲ့ သူတွေပါသလို မနက်ဆိုင်း အလုပ်မသွားခင် လေးနာရီမှာထ အသံပါဝါကုန်တင်ပြီး သြကာသကို ပတ်ချာလည်ရွတ် တတ်သူတွေလည်း ပါပါတယ်၊ အားလုံးလိုလိုဟာ အရွယ်ကောင်းတွေလို့ ပြောရင်ရမှာပါ၊ လူစုံသလို ဘဝစုံပါပါတယ်၊ သူဌေးသားလေးတွေပါသလို  အကြောင်းအမျိုးမျိုးကြောင့် အိမ်တိုင်ချွတ်ရောင်းပြီး ရောက်လာသူတွေ ၈၈ ရဲ့ခါးသီးလှတဲ့ မုန်တိုင်းဒဏ်ကြောင့် အဝေးကိုလွင့်လာကြတဲ့ ဝန်ထမ်းထွက် ဝန်ထမ်းပြုတ်တွေ ဝန်ထမ်းပြေးတွေ ပါပါတယ်၊

မောင်ရင်ငတေတို့လို ကျောင်းပြီးခါစအကောင်တွေ ကျောင်းတဝက်တပျက်ကောင်တွေ အိမ်မှာမနေချင်တော့တဲ့သူတွေ အဖွဲ့အစည်းတွေထဲဝါသနာမပါ မဝင်ရောက်ချင်ကြသူတွေဟာ ၈၈ မုန်တိုင်း အပြီးမှာ လွင့်စင်လာကြရာ အနီးဆုံး အလွယ်ဆုံးသော အရပ် မလေးမြေကို ရောက်လာကြတယ်လို့ဆိုရင် မမှားနိုင်ပါဘူး၊ ထိုင်းနယ်စပ်တလျှောက်မှာတော့ တောခိုကျောင်းသားတွေ ရှိနေပြီ ဖြစ်ပေမယ့် မြို့တက်လာသူ သိပ်မများသေးပါဘူး၊ မောင်ရင်ငတေ ဆီကို ရောက်လာတဲ့ သူငယ်ချင်းတွေရဲ့သူငယ်ချင်း ကျောင်းသား လေးငါးခြောက်ယောက်ကတော့ မြို့ဒဏ်မခံနိုင်ကြလို့ တောကိုပြန်ပြေးသွားကြသူတွေလည်း ရှိပါတယ်၊ ဟုတ်ပါတယ်၊ အဲဒီအချိန်က (တကယ်တမ်းတော့ အခုထိတိုင်လည်း သိပ်မထူးသေးပါဘူး၊) မောင်ရင်ငတေတို့တတွေ မလေးရှား လုပ်ငန်းခွင်တွေ လူမှုအသိုင်းအဝန်းတွေထဲမှာ ဖြတ်သန်းရင်ဆိုင်ခဲ့ကြတာ တဦးတယောက်ချင်းစီပါ၊ ကူညီဆောင်မမယ့်သူတွေ တယောက်မှမရှိခဲ့ပါဘူး၊ စောင်မကြည့်ရှုကြမယ့်သူတွေသာ များလွန်းလှ ပါတယ်၊ မလေးမြေမှာ ဟိုးအရင် ခပ်စောစောပိုင်းကာလကပင် ရောက်ရှိအခြေကျ နေထိုင်ကြသော  အလုပ်ကြီး အကိုင်ကြီး ပညာရှင်ဆိုသူကြီးတွေကတော့ ကူညီကြဖို့ နေနေသာသာ ဆူဆူညံညံ ဗမာ့ အသံ ကြားရနိုင်တဲ့နေရာဆို ဝေးဝေးရှောင် ကြသူများသာပါ၊

အဲလိုမျိုးတွေက မလေးမြေတခုတည်း မှာတော့ မဟုတ်ပါဘူး၊ ထိုင်း စင်ကာပူ ဂျပန် အင်္ဂလန် နေရာ များစွာ မှာပါ၊ ဒီကနေ့ မောင်ရင်ငတေ ဥရောပ ရောက်လာတော့လည်း အဲဒီလိုပုဂ္ဂိုလ်ကြီးတွေကို ဝေးဝေးရှောင်ပါတယ်၊ ငတ်ရင်လမ်းဘေး
တောင်းစားတာက စိတ်ချမ်းသာပါတယ်၊ အဲဒီလို ကြီးကျယ်လှပါပေတဲ့ ပုဂ္ဂိုလ်ကြီးတွေက တကျပ်ဖိုး  ပေးသနားပြီး တရာဖိုးလောက် နိဗ္ဗာန် ရောက်ချင်ကြသူတွေပါ၊ သူတို့တွေနဲ့ ဝေးလေကောင်းလေပါ၊

ကဲ တော်ပါလေ၊ သူတို့ မကောင်းကြောင်းပြောရင် ကိုယ်ပြောချင်ရာနဲ့ လွဲကုန်ပါလိမ့်မယ်၊

အဲဒီ ကလန်း ၁၃ အိမ်မှာနေနေကြတာ ရွှေပြည်တော်သားတွေချည်းပါ၊ မလေးမြေမှာ အဲဒီအချိန်က အလုပ်သမားတွေ နေစရာအတွက် အလုပ်ရှင်က တာဝန်ယူကို ယူရပါတယ်၊ သေချာ စဉ်းစားကြည့် လိုက်ရင်တော့ အားလုံးသော နိုင်ငံခြားသား အလုပ်သမားတွေဟာ ဘာစာရွက်စာတမ်းမှ အမှန်မရှိ ကြသူတွေပါ၊ ဘာစာရွက်မှ အမှန်မရှိကြသူတွေဟာ နေစရာအတွက်ရှာဖွေဖို့ မလွယ်တာကအမှန်ပါ၊ အဲဒီနေရာမှာ မလေးရှားနဲ့ တောင်ကိုရီးယားကတော့ တော်တော်တူပါတယ်၊ ဥရောပ ပြင်သစ်မှာက ဘယ်သူတွေ ဘယ်လိုပုံစံမျိုးနဲ့ ရောက်လာပါလေ့စေ၊ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ လို ပါတယ်၊ အကယ်၍များ ကိုယ့်အားကိုများ မကိုးနိုင်ခဲ့ရင်တော့ လမ်းဘေး သို့မဟုတ် အိမ်ခြေယာခြေ အတည်မရှိကြသော သူတွေအတွက် ထားတဲ့ နေရာများကိုသာ အားကိုးဘွယ်ရာ ရှိကြောင်းပါ၊ အဲဒီ  ပြင်သစ်အကြောင်းတွေကိုတော့ နောက်များမှ ပြင်သစ်ပြည်ကို လွမ်းလို့လာခဲ့ရင် ရေးဖြစ်အုံးမှာပါ၊


အမှတ်တရတွေများခဲ့တဲ့ ကေအယ်လ်မြို့လယ်                                      (Photo Google)

မလေးတိုင်းပြည် ဆိုတာက မလေးလူမျိုး ၅၀ ရာခိုင်နှုန်းခန့် ရှိပြီး ကျန်တာတွေကတော့ တရုတ်ရယ် အိန္ဒိယားနွယ်ဖွား တမီလ်တွေရယ် လူမျိုးဘာသာသုံးမျိုး အဓိကနေကြတဲ့ နိုင်ငံပါ၊ ကွဲပြားခြားနားသူ ဘာသာလူမျိုး သုံးမျိုး စုပေါင်းပြီး နေထိုင်နေကြတဲ့ တိုင်းပြည် တပြည်ပါ၊ မြို့တော်ကေအယ်လ်ရှိရာ အနောက်မလေးရှား ကျွန်းဆွယ်ကသာ တိုးတက်ဖွင့်ဖြိုးစည်ကားပြီး Borneo ဘော်နီယိုကျွန်းပေါ်ရှိ အရှေ့မလေးရှားလို့ ခေါ်ကြတဲ့ ဆာဘားတို့ ဆာရာဝပ်တို့ကတော့ မူရင်း မလေးလူမျိုးတွေ အများစု နေထိုင်ကြပြီး လူသူ ခရီးသွားတွေ အရောက်အပေါက် နည်းပါးသေးတဲ့ ဒေသတွေပါ၊ အရှေ့မလေး နယ်တွေက တိုးတက်မှု သိပ်မရှိသေးသလို အနောက်မလေး နယ်ကို လာပြီး အလုပ်လုပ် နေကြသူ အများအပြားရှိပါတယ်၊

မောင်ရင်ငတေတို့ အလုပ်လုပ်ကြရတဲ့ စက်ရုံက အဲဒီ ကလန်း ၁၃ အိမ်နဲ့ သိပ် အဝေးကြီးမှာတော့  မဟုတ်ပါဘူး၊ ဖယ်ရီကားနဲ့ အကြိုအပို့ လုပ်ပေးပါတယ်၊ စက်ရုံလုပ်သား အတော်များများကလည်း အဲဒီ Jalan Kapar လမ်းမကြီးပေါ်မှာ နေကြသူတွေ များပါတယ်၊ လူအင်အား သုံးရာကျော် လေးရာ လောက်ရှိတဲ့ စက်ရုံကြီးပါ၊ ဒီ စက်ရုံမှာ နိုင်ငံခြားသား အလုပ်သမားတွေကတော့ မောင်ရင်ငတေတို့ လုပ်နေချိန်မှာ  ကိုရွှေဗမာအယောက် သုံးဆယ်ကျော်ခန့်နဲ့ အင်ဒိုနီးရှား တချို့ ရှိပါတယ်၊


ကေအယ်လ် ကလန်းမှ ကပါသို့                                          (Photo PhoThuya Penang)

စက်ရုံကြီးက တော်တော်တော့ ကြီးကျယ်တယ် ပြောရမှာပါ၊ စက္ကူလိပ်ကြီးတွေကနေ ဖြတ်ညှပ်ကပ် တံဆိပ်ရိုက် ကဒ်ထူစက္ကူပုံးတွေလုပ်တဲ့ စက်ရုံတရုံပါ၊ အလုပ်သမားက သုံးလေးရာကျော် ရှိပါတယ်၊

စက္ကူလိပ်ကြီးတွေထားတဲ့ အမိုးသာရှိပြီး အကာအရံတွေ မရှိတဲ့ ဂိုဒေါင်ကြီးတွေက တလုံး တလုံးကို အားကစားရုံတရုံစာလောက် ရှိတာပါ၊ နေ့ဆိုင်းညဆိုင်းတွေနဲ့ နှစ်ဆယ်လေးနာရီ လည်ပတ်နေရတဲ့ စက်ရုံ အမျိုးအစားပါ၊ လစာကတော့ အဲဒီ အချိန်က မလေးရှားရောက် နိုင်ငံခြားသား အလုပ်သမား တွေကို ပေးတဲ့ ထုံးစံအတိုင်း တနာရီ ၁၅ ရင်းဂစ် (ထင်ပါတယ်) ပေးတာမို့ သိပ်တော့ ထူးမခြားနား လှပါဘူး၊ ကောင်းတဲ့အချက် တချက်က အလုပ်လုပ်တဲ့ နေရာမှာ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် မညစ်မပတ် လုပ်ရတာပါ၊ လူအတွက်လည်း ထိခိုက်မှု အန္တရာယ် သိပ်မရှိတဲ့ အလုပ်ပုံစံမျိုးပါ၊ တချို့ အလုပ်တွေဆိုရင် လုပ်ငန်းခွင် ညစ်ပတ်သလို ခြေပြတ် လက်ပြတ် အန္တရာယ် အများကြီး ရှိပါတယ်၊ အာမခံ မပြောပါနဲ့၊ အလုပ်လုပ်ခွင့် စာရွက်စာတမ်း ဘာတခုမှ မရှိပါဘဲ အလုပ်လုပ် နေကြရတာဆို တော့ကာ ကိုယ့်ကိုထိခိုက်နိုင်မယ့် အန္တရာယ်တွေကို ကြိုတင်ပြီးရှောင်ထားနိုင်ရင် အကောင်းဆုံးပါ၊ တချို့သော သူများကတော့ ငွေနည်းနည်း ပိုရလို့ သွားလုပ်ကြရင်း ခြေပြတ်လက်ပြတ် ဖြစ်သွားကြ သူတွေလည်း အများကြီးပါ၊

အဲဒီလို လုပ်ငန်းခွင်အခြေအနေ အနည်းငယ်ကောင်းမွန်တာကြောင့် မောင်ရင်ငတေတို့အဖွဲ့ အဲဒီမှာ အချိန်တော်တော်ကြာ လုပ်ဖြစ်ခဲ့ပါတယ်၊ မောင်ရင်ငတေကတော့ တနှစ်ကျော်ကျော်သာ လုပ်ဖြစ်ခဲ့ ပေမယ့် လေးငါးနှစ်ကျော် ကြာအောင် ဆက်လုပ်ဖြစ်ကြသူများလည်း ရှိပါတယ်၊ တချို့တွေကတော့ နောက်ပိုင်းမှာ အလုပ်လုပ်ကိုင်ခွင့် ပါမစ်တွေ ရကုန်ကြပြီးတော့ မလေးရှားမှာ ဆယ်နှစ်ဆယ်မိုးမက သောင်တင်ခဲ့ကြသူများလည်း ရှိပါတယ်၊ မောင်ရင်ငတေကတော့ အဲဒီလိုမလေးမြေမှာ သောင်တင် မှာကို တွေးကြောက်မိရင်းနဲ့ အလုပ်ပါမစ်မလျှောက်ဖြစ်တော့ပါဘဲ ဘန်ကောက်ကို တချိုးတည်းပြန် ပြေးခဲ့ပါတော့တယ်၊ မောင်ရင်ငတေဆိုတဲ့ ကျားက တောပြောင်းတာတော့ ဝါသနာပါတယ်လေ၊


စိမ်းလန်းစိုပြေ ကလန်းတောင်ခြေ                                                       (Photo ZZN KL)

မောင်ရင်ငတေ မလေးမြေမှာ နေစဉ်အခိုက် မလေးရဲတွေ မျက်လုံးဒေါက်ထောက်ကြည့်ပြီး စစ်ဆေး ခံခဲ့ရတဲ့ဘဝက အကြိမ်တော်တော်များများ လွတ်မြောက်ခဲ့ပါတယ်၊ ဘာကြောင့်လွတ်မြောက်ခဲ့ရလဲ ကတော့ သေချာမသိနိုင်ပေမယ့် မောင်ရင်ငတေရဲ့လူရုပ်ဖွဲ့စည်းပုံကိုက ဒေသခံမလေးမျိုးရင်းတွေနဲ့ သွားတူ နေတာကြောင့် တကြောင်း ဖြစ်နိုင်ပါတယ်၊ အဲဒီအချိန်က မလေးမြေမှာ ဘယ်ကို သွားသွား သွားသတိစားသတိ နေကြရတာ မောင်ရင်ငတေတို့ရဲ့ သမိုင်းပေးတာဝန်တခုပါ၊ မောင်ရင်ငတေက ဘယ်သွားသွား ဘာဝတ်ဝတ် မလေးလူငယ်တွေနဲ့ တူအောင်ဝတ်ပါတယ်၊ ဒေသခံတွေနဲ့ လိုက်ရော ညီထွေဖြစ်အောင်နေပါတယ်၊

သူတို့စကားကို မောင်ရင်ငတေကောင်းကောင်းမတတ်ပါဘူး၊ တရက် စက်ရုံက လုပ်ဖော်ကိုင်ဘက် မလေးတရုတ်မလေး တယောက်ရဲ့ မွေးနေ့ပွဲကို ဖိတ်လို့ အဖမ်းအဆီး ကြမ်းတယ်ဆိုတဲ့ Port Kalang ကမ်းခြေစားသောက်ဆိုင်တန်းကို သွားဖြစ်ပါတယ်၊ မောင်ရင်ငတေ နဲ့အတူ သွားကြသူတွေက မလေးတွေကော တမီလ်တွေကော ပါပါတယ်၊ လူမျိုးစုံဆိုတော့ စကား ပြောရင် ဘိုလိုကြားညှပ် ပြောကြတာပေါ့၊ မောင်ရင်ငတေကလည်း ရောသောဖောသော လိုက်လုပ် ရတာပေါ့၊ အဲဒီ တရုတ်ဆိုင်မှာ သောက်စားကြရင်း နှုတ်ခမ်းမွှေးနဲ့ မလေးတကောင် မောင်ရင်ငတေ တို့ဝိုင်းကို ရောက်လာပြီး ဖောတော့ပါတယ်၊ မောင်ရင်ငတေကတော့ အစကတည်းက သတိထား ပြောပါတယ်၊ အဲဒီကောင်မျိုးက မလေးရဲ ပုံစံမို့ပါ၊ တကယ်ကလည်း ရဲဖြစ်နေကြောင်း နောက်တော့ သိရပါတယ်၊ ဒါပေမယ့် အဲဒီ ရဲငတိကလည်း ဘိုလိုမှုတ်ချင် မောင်ရင်ငတေကလည်း ခပ်တည်တည် ဘိုလိုမှုတ်လိုက် ဖန်ခွက်ချင်းတိုက် သောက်လိုက်ကြတာ နှစ်ကောင်စလုံး မူးပြီး ဘာတွေဆက်ပြော
ဖြစ်ခဲ့သလည်း ဆိုတာတောင် မမှတ်မိခဲ့တော့ပါဘူး၊ အဲလိုမျိုးတွေ ဖြတ်သန်းခဲ့ရပါတယ်၊


အမှတ်တရတွေများခဲ့တဲ့ ကေအယ်လ်                                               (Photo Google)

မောင်ရင်ငတေ နေထိုင်ခဲ့စဉ်က မလေးရှားရဲ့ ဝန်ကြီးချုပ်က နာမည်ကြီး မဟာသီယာ မိုဟာမက်ပါ၊

၂၂ နှစ်ကြာ ဝန်ကြီးချုပ် လုပ်ခဲ့ပြီး၂၀၀၃ ခုနှစ်မှာ အနားယူခဲ့တဲ့ မဟာသီယာဟာ မလေးရှားနိုင်ငံကို  အာရှကျားတကောင် ဖြစ်လာအောင် ပြောင်းလဲပေးခဲ့သူ ဖြစ်သလို သူရဲ့ အာဏာကို ချုပ်ကိုင်ခဲ့သူ ဆိုပြီး နာမည်ဆိုး ထွက်ခဲ့သူပါ၊ ဒါပေမယ့် ဒီကနေ့ မလေးရှားကတော့ မနေ့က မလေးရှားထက်ကို သာလွန်နေတယ်ဆိုတာ မငြင်းနိုင်ပါဘူး မဟုတ်ပါလား၊ ဖွတ်ကျားဘဝက သိပ် လွတ်မြောက်ချင်တဲ့ မောင်ရင်ငတေတော့ မလေး “ကျား” ဘဝကို သိပ်မကြာခင် စွန့်လွှတ်ခဲ့ပါတယ်၊ မှန်တယ် မှားတယ် ဆိုတာကတော့ လူတယောက်ရဲ့ သမိုင်းမှာ ဒွန်တွဲလို့ ရှိစမြဲပါ၊

မလေးရှားအကြောင်းတွေကတော့ ပြောမဆုံးနိုင်အောင် ရှိနေကြမှာပါ၊ မရေးကြလို့သာပါ၊ ရေးတဲ့သူ  အနည်းငယ်သာရှိပြီး ရောက်ရှိနေကြတဲ့ ရွှေဗမာတွေကတော့ သိန်းပေါင်းတော်တော်များများ ရှိပါ တယ်၊ နာမည်ကျော် ကဗျာဆရာ တဦးကတော့ မလေးမြေမှာ အလုပ်ကြမ်းတွေ လုပ်ကိုင်နေရင်းနဲ့ ပြောင်မြောက်တဲ့ ကဗျာတပုဒ် ရေးဖွဲ့ သွားဖူးပါတယ်၊ မူရင်းကဗျာက အနည်းငယ် ရှည်နေလေတော့ ဒီနေရာမှာ အစအဆုံး မဖော်ပြတော့ပါဘူး၊ မောင်ရင်ငတေ ကြိုက်နှစ်သက်တဲ့ အပိုင်းလေးကိုသာ ရင်ဘတ်ချင်းတူခဲ့ပါက ခံစား ဖတ်ကြည့်ကြပါတော့၊ ကဗျာခေါင်းစဉ်ကတော့ …….   .. …

 


**အာရှတိုက်ရဲ့တနေရာ****                                                            (Photo Google)

**အာရှတိုက်ရဲ့တနေရာ****

အမှန်တကယ် ဖွံ့ဖြိုးဆဲ တိုင်းပြည်တပြည်ရဲ့ရွာ

မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့် ဝေးတဲ့နေရာ အာရှတိုက်ရဲ့ တနေရာလို့ ဆိုပါစို့၊

ဓါရဏပရိတ်၊ ကိုရ်အမ်ကျမ်း၊ ရော့ခ်သီချင်း ဂျင်းဘောင်ဘီ၊ ၀ိုင်ယာကြိုးခွေများနဲ့

တအိုးတအိမ် ထူထောင်လို့နေကြ၊

နာရီစက်သံကြောင့် အထိတ်တလန့်နိုးထ ချွေးတွေသံတွေ မချိမဆန့် အလုပ်လုပ်ကြ

အဲဒီအလုပ်ဟာ အသက်အန္တရာယ်နဲ့ နီးပေမဲ့ “ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ” လို့

ဘင်္ဂလားဒေ့ရှ်လူငယ်က မှတ်ချက်ချတယ်၊

နေ့စဉ်နဲ့အမျှ ကျွဲလိုနွားလို အလုပ်လုပ်ရ “တရားမဝင် အလုပ်သမား” တဲ့

အာရှကျားတွေ ထွားကျိုင်းဖို့အရေးမှာ ခိုင်းနွားတစ်ကောင်လို

လုပ်အားပေးခဲ့တာကိုပဲ ဂုဏ်ယူရမလား၊

နံရံပေါ်က ကမ္ဘာ့မြေပုံကိုကြည့်ရင်း ငါလွမ်းနေမိရဲ့ ငါလွမ်းနေခဲ့တာ

ငါလွမ်းနေခဲ့တာ ကံခေပေမယ့် ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တပြည်ကိုပါ၊

လေပြင်းထန်တဲ့ကမ်းခြေက ငါ့ရဲ့ ခြေတံရှည် အိမ်လေးကိုပါ၊

အသားမာတက်နေတဲ့လက်နဲ့ ပြက္ခဒိန်ပေါ်က နေ့တွေကိုရေတွက်ရင်း ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး၊

အာရှတိုက်ရဲ့တနေရာက မြုံနေတဲ့ အနာတွေပါ ရင်းနေတဲ့အနာတွေပါ ။ ။

ဒီ ကဗျာကို ရေးဖွဲ့ခဲ့သူကတော့ ကြည်မောင်သန်း ခေါ် လက်မရွံ့ကဗျာဆရာ လှသန်းပါ၊ အခုတော့ မရှိရှာတော့ပါဘူး၊ မောင်ရင်ငတေ ဒီကဗျာကို ဖတ်မိတိုင်း ရင်နာစွာ ခံစားမိရပါတယ်၊

အစအဆုံး ဖတ်ချင်ရင်တော့ http://wwwbohan.blogspot.fr/2013/04/blog-post_3427.html  ဒီနေရာမှာ ဖတ်နိုင်ပါတယ် ခင်ဗျား၊

မောင်ရင်ငတေအတွက် “ကေအယ်လ်ကလန်းမှ ကပါသို့” ဆိုတာက နှစ်ဆယ်ကျော်အလွမ်း အခန်း ကဏ္ဍသို့ ရောက်ရှိလာခဲ့ပြီး အလွမ်းပြေရေးသားနေပေမယ့်လည်း ဒီကနေ့အမှန်တကယ် မလေးမြေ ပေါ်မှာ ရောက်ရှိရုန်းကန် နေကြရသူများက တနေ့တခြား ပိုလို့သာများပြားနေပြီး မောင်ရင်ငတေတို့ ခေတ်က မရှိခဲ့သော ပြဿနာသစ်ပေါင်း သောင်းခြောက်ထောင်နဲ့မို့ မလေးမြေမှာ ပျော်လွန်းလို့နေ နေကြသလားဆိုတဲ့ သတင်းထက် ရွှေပြည်တော်သို့ ပြန်တော်မူချင် ကြသူတွေရဲ့ သတင်းသာ ပိုလို့ ကြားနေရကြောင်းပါ၊ ဒီကြားထဲမှာ မလေးမြေရဲ့ ဖွင့်နေကျ ဓါတ်ပြားဟောင်းကြီးအကြောင်းကိုတော့  မလေးမြေရောက် မောင်ရင်ငတေရဲ့ ညီတော်ဖြစ်သူ ကိုဖိုးသူရက ဒီလို ကွန်မန့် ပေးထားပါတယ်၊

“ အခုလည်း မလေးရှားအစိုးရက .. သူတို့ ဖွင့်နေကျ ဓာတ်ပြားဟောင်းကြီး ပြန်ဖွင့်ပြန်ပြီ …..

တရားမဝင် နေထိုင်တဲ့သူတွေ ….. ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံထဲက ထွက်ပေးရ မယ်တဲ့ .. ကျွန်တော့်အနေနဲ့ကတော့ ဒီဓာတ်ပြားဟောင်းကြီး ခဏခဏ နားထောင်ရလွန်းလို့ ရိုးနေ ပါပြီ …. လဝက လူကြီးတယောက် ပြောင်းသွားလိုက် …. အဖမ်းအဆီးတွေလုပ်လိုက် …. ပြီးရင် .. အချုပ် ကမ့် ထောင်တွေမှာ လူတွေများပြီး အလကား မကျွေးထားနိုင်တော့ရင် အဖမ်းအဆီးတွေ ရပ်လိုက်နဲ့ ….. အလွန်းပျင်ဖို့ကောင်းတဲ့ ……. အကြိမ်ကြိမ် ကြည့်ဖူးနေကြ …… TV ဇတ်လမ်းတခု လိုပါဘဲဗျာ …. တခုဘဲရှိတယ် ……….. အခု အကြောင်းအမျိုးမျိုးကြောင့် မလေးရှားးမှာ တရားမဝင် နေထိုင်နေကြရတဲ့ မြန်မာလူမျိုးတွေ အတွက်တော့ ကိုယ်ချင်းစာမိပါတယ် …”

အဲဒီလို နှစ်ချို့ဝါကြီး မလေးမြေရောက် ရွှေတယောက်လည်း ပြည်တော်ပြန်အိပ်မက် မက်နေတာက ဒီတကြိမ်တည်းတော့ မဟုတ်နိုင်ပါဘူး၊ အခုဒီတကြိမ်မှာလည်း သူရဲ့ပြည်တော်ပြန်ဖို့ ကြိမ်းဝါးသံကို ကြားနေရပြန်ပါပြီ၊ ဒီဇင်ဘာကုန်အောင်တော့ စောင့်ကြည်ရမယ် ဖြစ်ကြောင်းပါ၊ ဘယ်လိုဖြစ်ဖြစ်ပေါ့ ခင်ဗျာ၊ ကိုခင်ဝမ်းရဲ့ သီချင်းတပုဒ်ကလို “အဝေးရောက်ညီငယ် အခြေအနေဘယ်လိုလဲ အစဉ်ပြေစ ပြုပြီလား စိတ်ပျက်နေပြီလား ပြန်လာမှာလား နေမှာလား တစိမ်းတွေရဲ့ကြား …..” မောင်ရင်ငတေ မမေးလိုတော့ပါဘူး၊ မလေးမြေမှာ ဆက်လက်နေကြရမည့်သူများရော ရွှေပြည်တော်သို့ ပြန်ကြမည့် သူများပါ ရေလို အေးလို့ ပန်းလို ချမ်းမြေ့ ကြပါစေ၊ ။ ။ ။။ ။ ။။။။

မောင်ရင်ငတေ ၂၀၁၁၂၀၁၄

 

နောက်ဆက်တွဲ

မလေးမြေ ပီနန်မြို့မှာနေထိုင်တဲ့ မောင်ရင်ငတေရဲ့ ညီတော်ဖြစ်သူ ကိုဖိုးသူရ (ပီနန်ငတေ) ရဲ့ နောက်ဆက်တွဲ ကွန်မန့်ပါ။

“Bro Micky …. ရေ ကျွန်တော်ကတော့ နောက်ထပ် တနှစ်ထပ်ပြီး တရားဝင်နေလို့ ရသေးတယ်လို့ အေးဂျင့်က ပြောပါတယ်။ ….. ဒါပေမယ့် မလေးမှာ ပိုက်ဆံရှိရင် .. သူဌေးကောင်းရင် .. ဖြစ်လာရင် ရှင်းနိုင်တဲ့ အရည်အချင်းရှိရင် …. ကြိုက်သလောက် နေလို့ရတဲ့ .. ရေစိမ်ခံ အကြမ်းခံ နိုင်ငံတနှိင်ငံ ဆိုတာ …. ကျွန်တော် သိပြီးသားတွေပါ …… တကယ်တန်းကြတော့ မလေးရှား အစိုးရက လူကြား ကောင်းအောင် အသံကောင်းဟစ်နေတဲ့ သဘောပါ …… သူတို့ တိုင်းပြည် အခုလို ဖွင့်ဖြိုး တိုးတက် လာတာ ….. သူဌေးတွေ ပေါလာတာတွေ ……… သူတို့လူမျိုးတွေ စီးပွားရေး အရောင်းအဝယ်တွေ ကောင်းလာတာ .. ဘယ်သူတွေကြောင့်ဆိုတာ သိသိကြီးနဲ့ မသိဟန်ဆောင် နေတာတွေပါ ………. ဘယ်လိုပင်ဖြစ်စေ …. တကယ်တော့ .. မလေးရှားနိုင်ငံဟာ … ဘ၀အတွက် အတွေ့အကြုံပေါင်းစုံ ဗဟုသုတပေါင်းစုံ .. သင်ခန်းစာပေါင်းစုံတွေ သင်ကြားပေးနေတဲ့ ကျောင်းကြီး တကျောင်းလိုပါဘဲ ……… ကျွန်တော့်ချစ်ကိုကြီး ကို Micky .. ပြောသလို … ရွှေပြည်တော် ပြန်ကြမည့် .. သူများလည်း ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပြီး …. ရွှေပြည်သို့ မပြန်နိုင်သေးတဲ့ ရွှေမြန်မာပြည်သားများကိုလည်း ………. ဘုရား တရား သံဃာ မိဘ ဆရာ.. ဆိုတဲ့ အကောင်းဆုံး Work Permit ကိုကပ်ပြီး ……….. ဘေးရန်အပေါင်းမှ ကင်းကြပါစေလို့ ” … Thu Ya (Penang ငတေ) … . .. . .. ။

“မှန်လိုက်တာ ကဖိုးသူရပီနန်ငတေရေ၊ တကယ်ဆို မင်းတို့လို အမှန်တကယ် လက်ရှိနေနေတဲ့ သူတွေကရေးရင် ပိုပြီးပီပြင်တဲ့ အမှန်အကန် စတိုရီတပုဒ် ဖြစ်လာမှာကွ။ ငါရေးတာကတော့ကွာ မှတ်မိသလောက် အတိတ်ပြန်လှန်တဲ့ သဘောလောက်သာဖြစ်နိုင်မယ် မောင်ရင်ရေ၊”

ဒီလို နောက်ဆက်တွဲတွေရဲ့ နောက်ဆက်တွဲ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ ရေးကြသူများ ပေါ်လာစေဖို့ ဆန္ဒပြုရင်းနဲ့ . . … … စာဖတ်သူအား လုံးအား အထူးကျေးဇူးတင်ရှိလျှက် …။

မောင်ရင်ငတေ ၂၁၁၁၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, အခန်းဆက်များ, မောင်ရင်ငတေ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်