မောင်ရစ် = အစိုးရဆန့်ကျင်ရေး သပိတ်စခန်းများ (Occupy Movement) အတက် အကျ

November 30, 2014

 

မောင်ရစ် = အစိုးရဆန့်ကျင်ရေး သပိတ်စခန်းများ (Occupy Movement) အတက် အကျ

(အတွေးအမြင် ဒီဇင်ဘာ ၂၀၁၄ ထုတ်) နိုဝင်ဘာ ၃၁၊ ၂၀၁၄

ယခင်လကတည်းက အာရှမှာ စိတ်ဝင်စားစရာ နိုင်ငံရေးဂယက်တခုကတော့ Occupy Hong Kong လှုပ်ရှားမှုပါ။ တရုတ်ပြည်ထောင်စုသမ္မတနိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေဖြစ်တဲ့ ဟောင်ကောင်ကျွန်းမကြီးက သူတို့အုပ်ချုပ်ရေးမှူးကို သူတို့ကိုယ်တိုင် ရွေးချယ်ခွင့်အတွက် ကျောင်းသားလူငယ်တွေက ဦးဆောင်ပြီး တောင်းဆိုကြတာပါ။ နိုင်ငံတော်ပါတီက ချမှတ်ပေးတဲ့သူကို ရွေးကောက်တင်မြှောက်တာထက် သူတို့ဆန္ဒရှိသူတွေ တင်မြှောက်ခွင့်ကို တောင်းဆိုတာပါ။ မြို့လည်လမ်းမတွေမှာ ကျောင်းသားလူငယ်တွေက ပိတ်ဆို့နေရာယူပြီး သပိတ်စခန်းဖွင့်လို့ အစိုးရက စေ့စပ်ဖြေရှင်းပေးဖို့ လှုံဆော်နေကြပါတယ်။ အခုစာရေးနေချိန်မှာ တလကျော်ပြီပေါ့။ သူတို့နိုင်ငံတော်က ဘယ်လိုမျိုး အရေးယူဆောင်ရွက်မယ်ဆိုတာကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

သည်တော့ အခု ခေတ်စားနေတဲ့ သပိတ်စခန်းလှုပ်ရှားမှု – Occupy Movement ဆိုတာ ကမ္ဘာမှာ ဘယ်လို ဖြစ်ပေါ် တိုးတက် ပြောင်းလဲမှုတွေ ရှိနေသလဲ။ အစိုးရကို ဆန့်ကျင် ဆန္ဒပြ တောင်းဆိုမှုတွေကို လမ်းပေါ်တက် ချီတက်ကြရုံတင်သာမက သပိတ်စခန်းဖွင့်ပြီး ဆောင်ရွက်ကြတာဟာ တပါတီ အာဏာရှင်နိုင်ငံတွေမှာမှ မဟုတ်ဘဲ အနောက်အရင်းရှင်တိုင်းပြည်တွေမှာလည်း ဖြစ်ပွားနေခဲ့ပါတယ်။  ဒါတွေရဲ့ အတက် အကျ ဒီရေ အနိမ့်အမြင့်ကို ပြန်ကြည့်မယ် ဆိုရင် …

၂၀၁၁ ၊ စက်တင်ဘာ ၁၇၊ အမေရိကန်ပြည်၊ နယူးယောက်၊အစုရှယ်ယာဒိုင်ကြီး၊ ဝေါစထရိအဆောက်အအုံရှေ့မှာ Occupy Wall Street Movement – ဝေါစထရိသပိတ်စခန်းနဲ့လူထုအုံကြွမှုကြီး စခဲ့တယ်။ တိုင်းပြည်ကို စီးပွားပျက်ကပ်ထဲ ထိုးချတဲ့အထဲမှာ အမြတ်ကြီးစားတဲ့ဘဏ်တွေနဲ့ အစုရှယ်ယာရင်းနှီးမြုပ်နှံသူကြီးတွေ၊ လုပ်ငန်းရှင်ကြီးတွေကြောင့်လို့ တက်ကြွလှုပ်ရှားသူတွေ ကျောင်းသားလူငယ်တွေက မှတ်ချက် ချ၊ ကောက်ချက်ဆွဲကြတယ်။ အဲသည်စီးပွားရေးကုမ္မဏီကြီးတွေကို ပြည်သူ့ဘဏ္ဍာတွေနဲ့ ကျားကန်ပေးပြီး အစိုးရက ကယ်တင်ပြီးတော့လည်း သူတို့က အမြတ်သာထုတ်သွားတယ်၊ စီးပွားရေး ပြန်မလုပ်တဲ့အပြင် အစိုးရက သိပ်ချုပ်ခြယ်တယ်ဆိုပြီး ရှောင်ထွက်နေတယ်။ အစိုးရမှာ အခွန်ငွေတွေ နည်းပါးလာလို့ အစိုးရရဲ့လုပ်ငန်းတွေဖြစ်တဲ့ လမ်းတံတား၊ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ရဲ၊ မီးသတ်၊ ဆေးရုံ၊ ပန်းခြံ၊စည်ပင်သာယာလုပ်ငန်းတွေကို ဘတ်ဂျက်တွေ လျော့ရ၊ ဖြတ်ရ၊ အလုပ်တွေဖြုတ်ရနဲ့ စီးပွားပျက်ကပ်ထဲသံသရာလည်မဆုံးဖြစ်နေရတာကို ကျောမွဲလူငယ်ထုတွေနဲ့ တက်ကြွလှုပ်ရှားသူတွေက မခံမရပ်နိုင်ဖြစ်လို့ လူထု ဆန္ဒပြကန့်ကွက်မှုကြီး ဖြစ်လာတာဖြစ်တယ်။

Occupy Wall Street ကနေ OccupyMovement အဖြစ် အမေရိကန်မြို့ရွာအနှံ့မှာ မြို့လယ်ခေါင်သပိတ်စခန်းတွေ ဖွင့်တဲ့ လူထုအုံကြွမှုတွေဆက်ခဲ့တယ်။ နိုင်ငံတကာကိုလည်း ဥရောပ၊ အာရှ ပြန့်နှံ့ခဲ့တယ်။

အမေရိကန်မှာ တနှစ်ကို ၀င်ငွေ ၁သန်းခွဲဝင်တဲ့သူ ၁% ပဲရှိတယ်။ ကျန်တဲ့သူက ၉၉% လို့ ဆိုတယ်။ အမေရိကန် သန်း ၃၀၀ မှာ ၃ သန်းက အမေရိကန်ဓနရဲ့ ၄၂% ကိုပိုင်ဆိုင်တယ်။ နောက် ၄%က နောက် ၂၇%ကို ပိုင်တယ်။ ဆင်းရဲတဲ့သူက ၈၀% ရှိတယ်။ အမေရိကန်ဆင်းရဲသားနဲ့ လူလတ်တန်းစားတွေ အားလုံးပေါင်း ပိုင်ဆိုင်မှုနဲ့ ဓနအင်အားက အမေရိကန်ရဲ့ ဓနအရင်းအမြစ်ကြီးရဲ့ ၇% ပဲ ရှိတယ်။   အမေရိကန်ပိုင်ဆိုင်မှုကြီးကို ငွေ ၁၀၀နဲ့ ထားတွက်ရင် အမေရိကန် သန်း ၂၄၀ဆီမှာ ငွေ ၇ ကျပ်ဖိုးပဲ  လက်ထဲမှာ ရှိကြသတဲ့။ အပေါ်ဆုံးအလွှာ ၅ %က ငွေ ၇၀ ကျပ်လောက်ကို သိမ်းထားတယ်ပေါ့။ ဒါကြောင့်We are 99% ဆိုပြီး လူထုက အုံကြွပြီးတော့ အစိုးရနဲ့ အရင်းရှင်ကြီးတွေကို ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးဖို့ ကန့်ကွက်တောင်းဆိုနေတာဖြစ်တယ်။

မြိ့ရွာတွေက လုပ်ငန်းရှင်တွေ၊ အစိုးရတွေ၊မြူနီစပယ်လူကြီးတွေက အဲသည် ၉၉% ထဲမှာ ပါသော်လည်းပဲ သူတို့က အဲသလောက်တော့ မဆင်းရဲဘူး၊ မထိခိုက်ဘူး၊ မထောင်းသာပါဘူးဆိုပြီးတော့ အဲသည် သပိတ်မှောက်သူတွေကို ပြန်လည် နှိပ်ကွပ်ဖယ်ရှား ဖမ်းဆီးနှိမ်နှင်းတာတွေ လုပ်ကြတဲ့အတွက် ၂၀၁၁ အောက်တိုဘာလမှာ ဥက္ကလံသပိတ်စခန်းကို ပုလိပ်တွေ အကြမ်းဖက်ဖြိုခွင်းပစ်လိုက်တာ အီရတ်စစ်ပြန် ၂၄နှစ်သား လူငယ်ကလေး ဆေးရုံပို့လိုက်ရတဲ့အထိဖြစ်ခဲ့တယ်။

သပိတ်စခန်းတွေဟာ အမေရိကန်မြို့ကြီးတွေရဲ့ အလယ်မှာ ဖွင့်ထားတဲ့အတွက် သပိတ်စခန်းတွေဟာ မသန့်ရှင်းဘူး၊ အိုးအိမ်မဲ့တွေ ကျက်စားတယ်၊ မူးယစ်ဆေးတွေ၊ လိင်အကြမ်းဖက်တာတွေ၊ရာဇ၀တ်မှုတွေ ထူပြောတယ်။ ပတ်ဝန်းကျင် လူမှုရေး၊ စီးပွားရေးကို ထိခိုက်တယ်ဆိုတဲ့ အကြောင်းအမျိုးမျိုးနဲ့ မြို့ရွာတွေက သက်ဆိုင်ရာအာဏာပိုင်တွေက ရှင်းလင်းဖို့ လုပ်ကြတာနဲ့ ရင်ဆိုင်ကြရပါတယ်။ နောက်ဆုံးတော့လည်း အငတ်ဆုံးလူနဲ့ သိပ်မငတ်တဲ့သူတွေအချင်းချင်း  ပြန်ချတာနဲ့ ဇာတ်လမ်းတွေ ရှုပ်လာတယ် ဆိုရမယ်။ အဲသည် ၂၀၁၁ နှစ်လယ်ကာလ ကတည်းက သပိတ်စခန်းတွေဟာ အချိန်ဆွဲပြီး တောင့်ခံလာကြရာက ရာသီဥတုကဆောင်းဝင်လာ၊ အေးသည်ထက်အေး နှင်းတွေ မိုးတွေ ကျလာတာကြောင့် သပိတ်စခန်းတွေဟာသူ့ဖာသာသူတောင် သက်ဇိုးရှည်ပါ့မလား စိုးရိမ်စရာ ဖြစ်လာပါတယ်။  ၂၀၁၁ နိုဝင်ဘာ ၁၄ ရက်ကစပြီးတော့ ဥက္ကလံသပိတ်စခန်းကိုပုလိပ်တွေက ၀င်ပြီး စီးနင်းပြီး ဖယ်ရှားလိုက်တယ်။ နောက်တနေ့ နိုဝင်ဘာ ၁၅မှာ မူလဇစ်မြစ်နယူးယောက်ဝေါစထရိ သပိတ်စခန်းကို ပုလိပ်က ဖယ်ရှားတယ်။ လူ ၂၀၀ လောက် အဖမ်းဆီးခံကြရတယ်။

အဲဒီအခါကျတော့ သပိတ်စခန်းတွေက မြို့လည်ကောင်တွေကနေ ဘယ်ကို ရွှေ့ပြောင်းလာကြသလဲ။ အခြေအနေက ဘယ်လိုဖြစ်လာသလဲ ဆိုတော့ … အဲသည်အချိန်နဲ့ တပြိုင်နက်တည်းလိုလိုမှာ အမေရိကန်တက္ကသိုလ်တွေက ကျောင်းလခတွေ တိုးမြှင့်လိုက်တယ်။ အထူးသဖြင့် ကယ်လီဖိုးနီးယား အစိုးရတက္ကသိုလ် စနစ် ၂ ခုဖြစ်တဲ့ CSU & UC ကျောင်းတွေကယခု ၆ နှစ်ဆက်တိုက် ကျောင်းလခတွေ တိုးလိုက်တာမှာ စာသင်နှစ် ၆လကို ဒေါ်လာ ၅ ထောင်ကနေသောင်းချီပြီး ပေးနေရတဲ့ အဖြစ်ကို ရောက်သွားပြီလို့ ဆိုတယ်။ အခုတော့ ကျောင်းသားလူငယ်တွေကိုယ်တိုင်ကလည်းကျောင်းတွေမှာ ကျောင်းသိမ်းသပိတ်စခန်းလှုပ်ရှားမှုတွေ အဖြစ် အသွင်ပြောင်းသွားကြပါရော ဆိုပါစို့။

ဒါကြောင့် ၂၀၁၁ နှစ်ကုန်ပိုင်း UC Berkeley မှာOccupy CAL လှုပ်ရှားမှုလုပ်ကြတဲ့အခါ ကျောင်းနဲ့ မြို့က ပုလိပ်တွေက ကျောင်းသားတွေကိုနံပါတ်တုတ်တွေနဲ့ နံရိုးတွေ ၀မ်းဗိုက်တွေကို ထိုးနှက်နေလိုက်တာများ အာရပ်တိုင်းပြည်တွေနဲ့ အာရှက မြန်မာပြည်လူထုလှုပ်ရှားမှုတွေကို ပြန်ပြီး သတိရ ခြောက်ခြားစေတယ်လို့ ပြောရင် မလွန်လောက်ဘူး။ အမေရိကန်ပုလိပ်တွေက အမေရိကန်ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ရိုက်၊ မျက်ရည်ယိုဗုံးတွေ ပစ်၊ ရာဘာကျည်ဆံတွေ ပဲသီးလုံးကျည်ဆံတွေနဲ့ ပစ်ပြီးဖမ်းဆီးနှိမ်နှင်းနေလိုက်တာများ ပြဿနာကို မဖြေရှင်းဘဲ ပြဿနာရှာသူကို ဖြေရှင်းရတယ်ဆိုတာနိုင်ငံတိုင်းက အာဏာပိုင်တွေရဲ့ သဘာဝပဲလို့ ပြောရမလို ဖြစ်ခဲ့ရပါတယ်။

အရင်းရှင်ဆန့်ကျင်ရေး သပိတ်စခန်းတွေ၊လူထုအုံကြွမှုတွေက မင်းမဲ့ဝါဒီတွေ ဖြစ်သော်လည်း သူတို့ဘက်က တဖြေးဖြေးနဲ့ စနစ်ကျတဲ့ တောင်းဆိုမှုတွေတိုက်ပွဲပုံသဏ္ဍန်တွေ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ လက်ဝါးကြီးအုပ်ဘဏ်ကြီးတွေက မိမိအပ်ငွေတွေထုတ်ယူပြီးတော့ မိမိကွန်မြူနီတီမှာရှိတဲ့ သမ၀ါယမဘဏ်တွေ၊ သမဂ္ဂဘဏ်တွေမှာ စာရင်းပြောင်းဖွင့်ကြဖို့သူတို့တွေက တောင်းဆိုခဲ့ကြပါတယ်။ ဘဏ်ကြီးတွေကနေ ပညာရေးအတွက်ဘဏ္ဍာရေးကို ထောက်ပံ့ကူညီမှုတွေလုပ်ပေးဖို့ တောင်းဆိုနေခဲ့ကြတယ်။ Refund Education ဆိုလား သူတို့ရဲ့ အခေါ်အဝေါ်ပေါ့လေ။

သို့သော်လည်း လုပ်ငန်းရှင်တွေ၊ မြုပ်နှံသူကြီးတွေ၊ဘဏ်သူဌေးကြီးတွေက ဒါကို ဥပက္ခာပြု ကျောခိုင်းနေရုံတင်သာမကဘူး၊ မြို့ရွာတွေက အာဏာပိုင်တွေ၊လုပ်ငန်းရှင်အသီးသီးတွေ၊ မြို့မိ မြို့ဘတွေကလည်း တကယ်တမ်းမှာ ထောက်ခံမှု အထင်အရှား ပြတ်ပြတ်သားသား မပြနိုင်ခဲ့ကြပါ။ နိုင်ငံရေးသမားတွေကလည်း ဒီလိုမျိုး ကျောမွဲတွေရဲ့ အုံကြွမှုကို အချိန်ဆွဲပြီး အားပျော့ပျောက်ကွယ်သွားအောင် မသိကျိုးကြင်နေနိုင်ခဲ့ကြတယ်။ ဒီ လူထုအုံကြွမှု သပိတ်စခန်းတွေဟာ တကယ်ကိုနိုင်ငံတော်ရဲ့ ယန္တရားတွေကို တိုက်ရိုက် ထိခိုက်မှ၊ နှောက်ယှက်တော့မှသာ အစိုးရတွေက သူတို့နဲ့ ပုလင်းတူဗူးစို့အရင်းရှင်ကြီးတွေကို နည်းနည်းပါးပါး အရေးယူတာ၊ ဥပဒေတွေ ဘာတွေ ပြဌာန်း ပြုပြင်တာတွေလုပ်လိမ့်မယ်လို့  အကဲခတ်တွေက သုံးသပ်ပြခဲ့ကြပါတယ်။

အဲသည်တုန်းက တက်ကြွမှု ရေချိန်ကျလာခဲ့တဲ့ အမေရိကန်သပိတ်စခန်းအုံကြွမှုဟာ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးနဲ့ ဆက်လက်ချီတက်ဖို့ လှုံဆော်စည်းရုံးခဲ့ကြပါသေးတယ်။ အမြဲတန်း သပိတ်စခန်းထဲ အချိန်ပြည့် အထိုင်ချပြီး နေကြ လုပ်ကြမယ့်အစား၊ အချိန်ပိုင်းနဲ့ အလှည့်ကျ သပိတ်စခန်းတွေကို တောင့်ခံထားဖို့ လူငယ်တွေ ကျောင်းသားတွေက နှိုးဆော်ခဲ့ကြတယ်။ အလုပ်လက်ရှိတွေက နေ့တဓူဝ အလုပ်သွား အလုပ်ပြန်နဲ့ မအားကြတဲ့အချိန်မှာ၊ အလုပ်လက်မဲ့တွေ၊ကျောင်းသား လူငယ်တွေက အချိန်ပြည့် သပိတ်စခန်းမှာ နေရာယူကြရတယ်။ တက်ကြွလှုပ်ရှားသူတွေနဲ့အုပ်စုတွေကလည်း အချိန်ပိုင်း သူတို့သတ်မှတ်ထားနိုင်သလောက် ၀င်ရောက်အားဖြည့်တောင့်ခံပေးနေကြတာကိုတွေ့ရတယ်။ သပိတ်စခန်းမှာတွေ့ရတဲ့ လူငယ်တွေ၊ အိုးမဲ့အိမ်မဲ့တွေ၊ ကျောင်းသားတွေ၊ တက်ကြွလှုပ်ရှားသူတွေဟာရုပ်ရှင်ထဲက သိပ္ပံခေတ်မြို့ပျက်ကြီးထဲက သရုပ်ဆောင်တွေလိုပဲ။

သို့သော်လည်း အချိန်ကြာလာတဲ့နဲ့အမျှ သတင်းစာတွေထဲမှာ Occupier(သိမ်းပိုက်သူ) ဆိုတဲ့ အသုံးအစား Squatter  ကျူးကျော်သူတွေလို့ သုံးလာတာ ခေါ်ဝေါ်လာတာမျိုးတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

နောက်တချက် အကဲခတ်တွေ ပညာရှင်တွေ နိုင်ငံရေးသမားတွေ တိုက်တွန်းခဲ့ကြတာကတော့ သပိတ်မှောက်သမား အချိန်ပြည့်လုပ်နေမယ့်အစား နိုင်ငံရေးနယ်ပယ်ထဲဝင်ကြ၊ ရွေးကောက်ပွဲဝင်ကြ၊ အရွေးခံကြ၊ အမတ်တွေ အစိုးရမင်းတွေ ဖြစ်အောင် လုပ်ကြပြီးတော့မှ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို လုပ်ကြပါတော့လားဆိုတဲ့ ဝေဖန် အကြံပေး အသံဗလံများပဲ ဖြစ်ပါတယ်။

အဲသည်လိုမျိုး သပိတ်သမားကနေ နိုင်ငံရေးသမားတွေဖြစ်လာခဲ့တဲ့ လှုပ်ရှားမှုလည်း အမေရိကားမှာ ၂၀၁၀ ကြားဖြတ်ရွေးကောက်ပွဲကာလမှာတုန်းက ရှိခဲ့ပါတယ်။ ရှေးရိုးစွဲ conversative တွေက ခေတ်သစ်မြှော်တဲ့အိုဘားမားတို့ ဒီမိုကရက်တွေအာဏာရတာကို အာခံတဲ့ tea party movement လုပ်ခဲ့ကြတာကိုး။ တီးပါတီဆိုတာက ကိုလိုနီအောက်က တော်လှန်ခဲ့စဉ် ဘော်စတွန်ဆိပ်ကမ်းမှာ အခွန်မပေးလိုတဲ့ အမေရိကန်တော်လှန်ရေးသမားတွေက ဗြိတိသျှကုန်သဘောင်္ပေါ်က လဘက်ခြောက်စည်တွေကို အတင်းတက်သိမ်း၊ ပင်လယ်ထဲ သွန်ချပြီး ဖီဆန်ခဲ့တာကို အစွဲပြုတဲ့ tea party လှုပ်ရှားမှုပေါ့ဗျာ။ သူတို့ ရှေးရိုးစွဲ conservative တွေက အသက်ကြီးသူတွေ လူ့အထက်လွှာတွေ များတော့ သူတို့ တီးပါတီလှုပ်ရှားမှုဟာ လွှတ်တော်ထဲ ၀င်ဖို့ ကျောထောက်နောက်ခံတွေ ရပြီး tea party အမတ်တွေ ဖြစ်ပြီး လွှတ်တော်ထဲကနေ တိုက်ပွဲဝင်နိုင်တဲ့ အဆင့်ရောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

သို့သော်လည်း ဆင်းရဲသား၊ လူငယ် ကျောင်းသားတွေ၊ ပညာတတ် လူလတ်တန်းစား၊ ခေတ်ဆန်းချိန် ခေတ်သစ်မြှော်တွေရဲ့ occupy movement မှာက အရင်းရှင်ဆန့်ကျင်ရေး ငွေရှင် အာဏာရှင်ဆန့်ကျင်ရေးဆိုတော့ ကျောထောက်နောက်ခံက tea party လောက် ဘယ်ကောင်းပါ့မလဲ။ သူတို့က လွှတ်တော်ထဲ ၀င်ဖို့ထက် သပိတ်စခန်းတွေကနေ အစိုးရ၊ လွှတ်တော်နဲ့ လုပ်ငန်းရှင်တွေကို အကြပ်ကိုင်၊ ဖီဆန်၊ တဖက်လူတွေ အသိတရားရသွားဖို့အရေး ပြုပြင်ပြောင်းလဲဖို့အရေး ဖိအားပေးတဲ့ လူထုလှုံဆော်မှုအဆင့်ထက် ခရီး ပိုမသွားနိုင်ခဲ့ပါဘူးလို့ ဆိုရမယ်။

လူသိ လူတတ် လူနပ် လူလည်တွေကတော့ သည်လိုမျိုးသပိတ်စခန်းဖွင့် အုံကြွတဲ့နည်းလမ်းကို အားမပေးချင်ဘူး၊ နှခေါင်းရှုံချင်ကြတယ်။ လက်ညိုးထိုးပြစ်တင်ကြတယ်။ ဒါဟာ အာရှဖြစ်ဖြစ်၊ အာရပ်ဖြစ်ဖြစ်၊ အမေရိကန်ဖြစ်ဖြစ် အတူတူနဲ့ အနူနူပါလားလို့ သံဝေဂရမိတယ်။ အစိုးရတွေ၊ အာဏာရှင်တွေ၊ အရင်းရှင်တွေ၊ ကိုယ်ကျိုးစီးပွားကိုကြည့်တဲ့ အလိုတော်ရိတွေ၊နောက်လိုက်တွေ၊ အပေါင်းအပါတွေနဲ့ လည်ပတ်နေတဲ့ နိုင်ငံတွေ၊ စနစ်တွေမှာ ပြုပြင်ပြောင်းလဲရေးတွေကိုဆောင်ရွက်နိုင်ဖို့အတွက်က သည်လိုမျိုး မလှုပ် မရှုပ် မပြုတ် လူတွေဆိုတာ ကြားမှာ ကန့်လန့်ခံနေတတ်ပါတယ်။ သူတို့တွေကို အလန့်တကြားဖြစ်ပြီး လူစိတ် ပြန်ဝင်သွားအောင်၊ လောဘ၊ ဒေါသ၊ မောဟ အမှောင်ဖုံးနေတာကို နားရင်းကို ခပ်စပ်စပ်ရိုက်ပြီးအမြင်မှန်ရအောင် လူငယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေဟာ သည်လိုပဲ အုံကြွတဲ့ ဆန္ဒပြတဲ့ သပိတ်အလုပ် လုပ်ကြရမှာပဲ။ အဲသည်ကနေတိုင်းပြည်က မျှော်လင့်နေတဲ့ လိုအပ်နေတဲ့ ခေါင်းဆောင်တွေ၊ ဦးဆောင်မှုတွေ ပေါ်ထွန်းလာမယ်လို့ယူဆရမှာ ဖြစ်ပါတယ်။

အဲသလို မဖြစ်ခဲ့ရင်တော့ “မြို့လည်က ကျုးကျော်သူတွေဟာ” ရွာပြင်မှာ တဲထိုးပြီး ဆက်လှုံဆော်နေကြရုံသာ ရှိတယ်လို့ ပြောရမှာပေါ့ခင်ဗျာ။      ။ သမိုင်းဘီးဟာ လည်မြဲ လည်နေတာမို့ ရွာပြင်ထွက် တဲထိုးနေရသူ ကျုးကျော်သူတွေဟာ မြို့ပေါ်တက် သပိတ်စခန်းပြန်ဖွင့်လာနိုင်ကြဖို့ဆိုတာလည်း တကျော့ပြန်လည်လာနိုင်တာပဲ မဟုတ်ပါလား။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, အတွေးအမြင်, မောင်ရစ်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်