မင်းကောင်းချစ် – မြင်းမိုရ်တောင်နဲ့ ငှက်တသောင်း

December 2, 2014

– မြင်းမိုရ်တောင်နဲ့ ငှက်တသောင်း

မိုးမခ၊ ဒီဇင်ဘာ ၂၊ ၂၀၁၄

(အပိုင်းတစ်)

ဘေး တအိမ်ကျော် သံဖြူ လုပ်တဲ့ဆီက သွပ်ပုံးကို ပေတုံး ပေါ်တင်ပြီး တတောင်တောင် လှည့်ခေါက်နေတဲ့ အသံက ကောင်းထက် နားထဲ စူးစူးရဲရဲ တိုးဝင် ထိုးဆွ လာတယ်။  ဆွေးနေတဲ့ ထရံပေါက်ကြားက ယိုပေါက်ပြီး ကြမ်းပြင်ပေါ် ထောက်ဖြာ ကျနေတဲ့ နေခြည် အလင်းတန်းရဲ့ အရှည် အလျား ကို ကြည့်ပြီး ရှစ်နာရီခွဲပြီဆိုတာ သိလိုက်တာမို့ အိပ်ရာကနေ ကုန်း ရုန်းထ လိုက်မိတယ်။

ကိုယ်လက် မအီမသာ နည်းနည်း ဖြစ်နေတာ သတိပြုလိုက်မိပေမဲ့ ကိုးနာရီတိတိမှာ ရူပဗေဒ ဆရာမ ဒေါ်မေကြည် အချိန်တက်ရဦးမှာမို့ ကမန်းကတန်း မျက်နှာသစ်လိုက်ရတယ်။  အ၀တ်အစားလဲ ပြီးတာနဲ့ မနက် (၅) နာရီ ခွဲ လောက်က ဈေးမသွားခင် အမေကြော်ထားခဲ့တဲ့ ထမင်းကျော်ကို တက်သုတ်ရိုက် စားပြီး ကျောင်းကို စက်ဘီးစီး ထွက်ခဲ့တယ်။  အတန်းချိန်ပြီးရင် သူငယ်ချင်းတွေနဲ့ ရန်ကင်းတောင်ဘက် ထန်းရည် သွားသောက်ဖို့ ချိန်းထားတာကို လမ်းမှာ တွေးလာခဲ့သေးတယ်။

ကျောင်းရောက်တော့ အချိန် လေးစားတတ်ပြီး စည်းကမ်းကြီးတဲ့ ဆရာမ ဒေါ်မေကြည်က စာသင်နေပြီ။  အခန်းထဲ ကုပ်ကုပ်လေး ၀င်ပြီးတော့ နောက်ဆုံး ခုံတန်းမှာ ထိုင်နေရင်းက အသက်ရှူ မ၀သလို ဖြစ်လာတော့တယ်။  နောက်တော့ အလင်းယိုင် ညွှန်းကိန်းတွေ အကြောင်းရှင်းပြနေတဲ့ ဆရာမ ဒေါ်မေကြည်ရဲ့ အသံက မကြားတချက် ကြားတချက် ခေါင်းထဲမှာက တရိပ်ရိပ် ဇောချွေးတွေ နဖူးမှာစို့ လာစဉ်မှာ ဘေးမှာ ကပ်ထိုင် နေတဲ့ အောင်သူ ရဲ့ “ကောင်းထက် မင်း နေမကောင်းဘူးလား” အမေး စကားကို မဖြေအားဘဲ ရင်ခေါင်းထဲ က ပျို့တက်လာတာမို့ ပါးစပ်ကို ပိတ်ပြီး စာသင်ခန်း အပြင် ကမန်းကတန်း ထွက်လိုက်ရတယ်။

မြက်ခင်းစပ်နားက တမာပင် အခြေမှာ မနက်ခင်းတုန်းက စားခဲ့သမျှ ထမင်းကြမ်းကြော်တွေ အကုန်ပြန်ထွက် ကုန်တော့တယ်။  နားတွေထဲက လေတွေ အူထွက်လာတာမို့ တမာပင်ကို လက်ထောက်မှီရင်း နားနေတုန်း အောင်သူ ရောက်လာတော့ “ဟေ့ကောင် မင်း ဆရာဝန်ပြရမယ်၊ ငါ လိုက်ပို့ ရမလား” ဆို လာတော့မှ အိမ်ကို သာပို့ အမေနဲ့ ဆေးခန်းသွားမယ်လို့ ခပ်ယဲ့ယဲ့ ပြောနိုင်တော့တယ်။

အိမ်ပြန်မရောက်ခင် လမ်းဘေး မြောင်းထဲမှာ တခါ၊ အိမ်ရောက်တော့ တခါ ထပ်အန်လိုက်တာ ၀မ်းခေါင်းထဲ ကလေ ခါးခါးတွေတောင် ထွက်လာတယ်။  ဒယိမ်းဒယိုင်နဲ့ ရေအိုးစင်က ရေခပ်ပြီး ပလုပ်ကျင်း အာခံတွင်း ရှင်းပြီးတာနဲ့ အိပ်ယာပေါ် အ၀တ်အစားတောင် မချွတ်နိုင်ဘဲ လှဲချ မှိန်းနေလိုက်ရတော့တယ်။  တကိုယ်လုံးလည်း ကိုင်ရိုက်ခံထားရသလို ကိုက်ခဲ ညောင်းညာနေတော့တယ်။  အောင်သူ ပြန်သွားပြီး တအောင့်လောက်ရှိတော့ ဘဲလ်တီးသံပေးပြီး လမ်းထိပ်က ဆင်းလာတဲ့ အမေ့စက်ဘီး ဂျောက်ဂျက်သံကြား လိုက်ရပြီ။  အမေ ဈေးသိမ်း လာပြီလေ။

ပစ္စည်းတွေ တနင့်တပိုးနဲ့မို့ စက်ဘီးကို ယိုင်နေတဲ့ ၀င်းထရံမှာ မှီပြီး ဈေးခြင်းတောင်းတွေ ချနေတဲ့ အမေ့ဆီကြည့်ဖို့ မျက်စေ့ အဖွင့်လိုက်မှာ မြင်ကွင်းက အိုးထိန်းစက်လို လည်လာတယ်။  ခေါင်းမူးတဲ့ ဝေဒနာက သည်းထန်လွန်းတာ မို့ ပါးစပ်က စုတ်သပ်ပြီး ညည်းညူလိုက်မိတယ်။  ဈေး ခြင်းတောင်း နှစ်လုံးဆွဲပြီး အိမ်ထဲဝင်လာတဲ့ အမေက ကောင်းထက် ညည်း သံကြားလိုက်တော့ ခြင်းတောင်းတွေ အိမ်ထောင့်မှာ ချရင် “သား နေမကောင်းဘူးလား” လို့ မေးရင်း နဖူးကို လာစမ်းတော့တယ်။

နွေးတေးတေး အမေ့ လက်ဖ၀ါးရဲ့ အထိအတွေ့ကြောင့် မှိန်းနေရာက မျက်စေ့ဖွင့်ပြီး “သားဖျားနေပြီ အမေ၊ တကိုယ်လုံးလည်း ကိုက်ခဲ နာကျင်နေတယ်” လို့ လေသံ ခပ်သဲ့သဲ့လေးနဲ့ပဲ ပြန်ဖြေ နိုင်တော့တယ်။  “ငါ့သား အန်သေးလား” ဆိုတဲ့ အမေးကို လက်သုံးကြောင်းပဲ ထောင်ပြလိုက်နိုင်တယ်။  “ကဲ ဒါဆို မဖြစ်ဘူး၊ အခု သားကို ဒေါက်တာ မောင်မောင်ဖြူ ဆေးခန်း အမေ စက်ဘီးနဲ့ လိုက်ပို့မယ် အပြန်ကျမှ ထမင်းချက်တော့မယ်” လို့ ပြောရင်း ကောင်းထက်ကို အမေက ဆွဲ ထူတော့တယ်။

××××××××

(အပိုင်းနှစ်)

“အမေကြီး အမေကြီးရဲ့ အဖျားသွေးက လူနာထက် ပိုပြင်းတယ် တစ်ရာ့သုံးတောင်ရှိနေတယ်” ဆရာဝန် ဒေါက်တာမောင်မောင်ဖြူရဲ့ တအံတသြ ပြောလိုက်သံက တရုတ်ဖြစ် ပလတ်စတစ် လိုက်ကာလေး နောက်က လူနာကုတင်ပေါ်မှာ မှိန်းနေတဲ့ကောင်းထက်ရဲ့ နားစည်ကို ကျင်စက်နဲ့တို့ လိုက်သလို ထိုးဝင် လာတာမို့ အပေါ်ပိုင်း ခန္ဓာကိုယ်ကြီးက ငေါက်ခနဲ ကြွတက်လာပြီး ငုတ်တုတ် ထိုင်လျက်သား ဖြစ်သွားတယ်။

“လူနာ့ အဖျားသွေးက ကိုးဆယ့်ကိုး ပဲရှိတာ၊ လူမမာကို တကယ့် လူနာက ဆေးခန်း လိုက်ပို့ တာကိုး” ပြောပြီး ရယ်လိုက်သံက ကောင်းထက်ကို လူနာကုတင်ပေါ်က ဘယ်လို တွန်းချလိုက်သည်မသိ။  “ကျမ မဖျားပါဘူး ဒေါက်တာကြီးရယ်၊ ကိုယ်ကလေး နွေးရုံပါ၊ ကွမ်းရွက်ပြုတ် ရေလေးသောက်၊ လှုပ်လှုပ်ရှားရှားလေး လုပ်လိုက်ရင် ပျောက်မှာပါ” လို့ ပြောလိုက်တဲ့ အမေ့အသံက စောစောက ခံစားနေရတဲ့ မူးနောက် ရီဝေ ဝေဒနာတွေ၊ တကိုယ်လုံး ကိုက်ခဲပြီး မအီမသာဖြစ်နေတဲ့ ဝေဒနာတွေ ကောင်းထက်ဆီက ဘယ်လို ဆွဲယူ လွှင့်ပစ်လိုက်သည် မသိ၊ သွက်လက် မြန်ဆန်သော ခြေလှမ်းများက ကောင်းထက်ကို အမေ့ဘေးနား တမုဟုတ်ချင်း ရောက်သွားစေခဲ့ပြီ။

“ဟာ… မဖြစ်ဘူး အမေကြီး၊ ကျွန်တော် သေသေချာချာ စမ်းသပ်ပါရစေ၊ ဒီအပူချိန်မျိုးနဲ့ ဆို လမ်းမှာ မူးမေ့လဲ သွားနိုင်တယ်။  လာသွေးပေါင်ချိန်ရအောင်” လို့ ဒေါက်တာ မောင်မောင်ဖြူ ခေါ်နေတာကို ငြင်းဆန်နေတဲ့ အမေ့ လက်မောင်းကို ကောင်းထက် လှမ်း အဆုပ် ချစ်ချစ်တောက် အပူလှိုင်း တခုက ရုတ်တရက် ဖြတ်စီး လာတာမို့ အမေ့ မျက်နှာကို အလန့်တကြား ကြည့်လိုက်ရင်း “ကိုယ်တွေ ဒီလောက်ပူနေတာ သားကို ဘာလို့ မပြောတာလဲ အမေရယ်” လို့ တိုး တိမ်စွာပြောရင်း ကောင်းထက် တယောက် ဆို့နင့် ကြေကွဲ လာမိတယ်။  ခုနက ဆေးခန်း အလာ အမေ နင်းလာတဲ့ စက်ဘီး နောက်က အမေ့ ကျောကို မှိန်းပြီး လိုက်လာမိတဲ့ ကိုယ့် အဖြစ်ကို ပြန်တွေးမိတော့ အရှက်တရားတွေ မွေးညင်း ပေါက်တွေ ထဲက တရှိန်ထိုး တိုးထွက်လာတာမို့ တကိုယ်လုံး ထူအမ်း ရှိန်းမြနေတော့တယ်။

ယောင်ယောင်ကမ်းကမ်းနှင့် မည်မျှကြာအောင်ငေါင်နေမိသည်မသိ၊ “ချမ်းတုန်ဖျား ဆရာလေး… ဟော့ဒီမှာ ခင်ဗျား အတွက် ဆေး တထုပ်၊ ဟော့ဒီ ဟာက အမေကြီး အတွက် ဆေးထုပ်” လို့ ပြောလိုက်သံက မင်တက် နေတဲ့ ကောင်းထက်ကို လှုပ်နှိုး လိုက်တယ်။

ဆက်ပြီး “အိမ်ပြန်ရောက်ရင် ခင်ဗျား အမေကို ရေခဲထုပ်နဲ့ ဖြစ်ဖြစ် ရေခဲမရှိရင် ရေစိုအ၀တ်လေးနဲ့ ရေပတ်တိုက်ပေးပြီးမှ ကောင်းကောင်း အနားယူပစေ ဟုတ်ပလား၊ စိတ်က ဘယ်လောက်ဆောင်ဆောင် ဒီလောက် အပူကြီးရင် ကိုယ်ခန္ဓာက မခံနိုင်ဘူး အသက်ကြီးတဲ့ သူဆိုတော့ ပိုသတိထားရမယ်၊ ခင်ဗျား အမေကို ဂရုစိုက်ပါ” လို့ ပြောလာတဲ့ ဒေါက်တာ မောင်မောင်ဖြူ ရဲ့မျက်လုံးတွေကို ကောင်းထက် ရင်ဆိုင် နိုင်စွမ်းမရှိတော့၊ ရှက်ရွံ့ အားငယ်စွာ ခေါင်းငုံရင်း “စိတ်ချပါ ဆရာ အမေ့ကို ကျွန်တော် အထူး ဂရုစိုက်ပါ့မယ်” လို့ တုန်တုန်ရီရီ စကားပြန်ရင်း အမေ့ကို တွဲပြီး ဆေးခန်း အပြင်ထွက်ခဲ့တယ်။

ရပ်ထားတဲ့ စက်ဘီး မြင်တာနဲ့ အမေက လက်ကိုင်ကို လှမ်းဆွဲပြီး ထောက်ထားတဲ့ ဒေါက်ကို ဖြုတ်ဖို့ ကြိုစားတော့တာပဲ။  ကောင်းထက် က “အမေ ကျွန်တော် နင်းပါ့မယ်” လို့ ပြောတာတောင် “ဖြစ်ပါ့ မလား ငါ့ သားရယ်၊ မင်းက ဖျားနေ တယ်လေ” တဲ့။

“ရပါတယ်၊ အမေရဲ့ ကျွန်တော် အဖျား ပျောက်သွားပါပြီ” လို့ ပြောရင်း စက်ဘီးပေါ် အရင်တက် အမေ့ ကို နောက်ခုံမှာ တင်ပြီး သားအမိ နှစ်ယောက် ပြန်လာခဲ့ကြတယ်။  ပထမတော့ ယိုင်ထိုး ယိုင်ထိုး ဖြစ်နေသေးတယ်။  နောက်တော့ အမေ တောင် နင်း လာခဲ့သေးတာ လို့ တွေးမိတော့ လက်ကိုင်က အလိုလို ငြိမ်သွားတယ်။  ဒါတောင် အမေက စိတ်ချပုံမရဘူး၊ နောက်က ကျွန်တော့် ခါးကို ဆွဲထားရင်း တိုက်မိမှာ စိုးလို့  ရှေ့ ကို မျှော် မျှော် ကြည့်ရင်း သတိပေးပြီး လိုက်လာခဲ့တယ်။

အလာတုန်းက အမေ့ ကျောကို မှီပြီး မှိန်းလိုက်လာတဲ့ ကိုယ့်အဖြစ်ကို တွေးမိတော့ စက်ဘီးကိုသာ မြန်မြန် နင်းမိတော့သည်။  အိမ်နားရောက်လို့ လမ်းကြား ကျဉ်းကျဉ်းလေးထဲ ဆင်းလာတော့ ဆော့နေတဲ့ ကလေးတွေ တိုက်မှာ စိုးလို့  အမေ က နောက်က နေ ဘဲလ်တီးဖို့ လှမ်း သတိပေးရင်း တဆက်ထဲ ဘေးကို ဘေးကိုနဲ့ အသံပြုနေသေးတယ်။  အပူချိန် တစ်ရာ့သုံး တောင် ရှိတဲ့ အဖျားက အမေ့ကို ဘယ်လိုမှ ဒုက္ခပေးနိုင်ပုံမရဘူး။  အိမ်နားက ကျုံးရေကန်နဲ့  ရေတွင်း နားရောက်တော့ ရေချိုး ရေခပ်နေတဲ့ အရပ်ထဲ က အမျိုးသမီး တသိုက်က “ဟယ် အမေမြကြီး စက်ဘီးနောက် ကလိုက်လာတယ်တော့ ဘာဖြစ်လို့တုံး” နဲ့ တအံ့တသြ အော်မေးရင်း နှုတ်ဆက်လာကြတယ်။  “ ဘာမှ မဖြစ်ပါဘူး အေ၊ ငါ အကောင်းကြီးပါ၊ ဒေါက်တာ မောင်မောင်ဖြူက ငါ ဖျားနေတယ် ပြောလို့  သားက ဇွတ် ထိုင်ခိုင်းလို့ ပါ အေ ” လို့ အော်ပြောခဲ့သေးတယ်။

အိမ်ပေါက် ရောက်တော့ စက်ဘီး ရပ်ပေးတာကို မစောင့်တော့ဘဲ နောက်က ခုန်ဆင်းပြီးပြီ။  “အမေရာ မူးမက် လဲနေပါဦးမယ်၊ ကျွန်တော်ရပ်ပေးမှာပေါ့” လို့ ပြောလို့ မှ မဆုံးသေးခင် အိမ်တံခါး ဖွင့်ပြီး ၀င်သွားပြီ။  အမေကတော့ မနိုင်ဘူး။  စက်ဘီးကို အိမ်ထဲ တွန်းသွင်း ကမန်း ကတန်း ဒေါက်ထောက်ပြီး အမေ့ကို ကြည့် လိုက်တော့ မီးဖိုချောင်ထဲ ရောက်ပြီး မီးမွှေးဖို့ ပြင်နေပြီ။  အမေ့ပခုံးကို နောက်ကနေ အသာအယာ တွန်းရင်း “ကဲပါ အမေရယ်၊ ဒီနေ့တော့ သား ချက်ပါရစေ၊ အမေ အနားယူလိုက်ပါဦး” လို့ ပြောရင်း အိမ်ရှေ့ခန်း ကွပ်ပျစ်ဘေးက ပက်လက် ကုလားထိုင်လေးမှာ ထိုင်ခိုင်းလိုက်ရတယ်။

“အမေ လုပ်နိုင်ပါတယ် သားရဲ့” လို့ ဇွတ် ပြောနေသေးတာမို့  အမေ့ရှေ့ တင်ပျဉ်ခွေ ထိုင်ချလိုက်ရင်း အရေတွန့် နေပြီ ဖြစ်တဲ့ အမေ့လက် နှစ်စုံကို ဆွဲယူရင်း တောင်းပန်ဖို့ စကား ဟ မယ် ကြံတုန်း ခက်မာ ကြမ်းရှတဲ့ အမေ့ လက်ဖ၀ါးပြင်ရဲ့ အထိအတွေ့ က ကောင်းထက်ရဲ့ လက်တွေကို ဖြတ်ဆီးပြီး ကျောရိုး တလျှောက် ကနေ ငယ်ထိပ်ဆီ ဒိန်းခနဲ ၀င်ဆောင့်လာတယ် ။  မြွေပေါက်ခံလိုက်ရတဲ့ သူလို ဆတ်ခနဲ တုန်သွားရင်း ခေါင်းနားပန်းကြီးသွားတဲ့ ကောင်းထက်ဟာ အမေ့လက် နှစ်ဖက်ကို ကမန်းကတန်း လှန်ကြည့်လိုက်မိတယ်။  မြင်လိုက်ရတဲ့ မြင်ကွင်းက ကောင်းထက်ကို ဆွံ့ အ သွားစေတော့တယ်။

အမေ့ရဲ့ လက်ဖ၀ါးရေစာ ဂြိုဟ်ခုံ အားလုံးတင်မက တချို့လက်ဆစ်လေးတွေမှာပါ လက်ဖ၀ါးပြင် တခုလုံး အသားမာတွေ ဖုံးနေတဲ့ မြင်ကွင်းက ကောင်းထက်ကို အံ့သြ တုန်လှုပ်ခြင်း ကြီးစွာ မင်တက်နေရာက အလွန်နာကျင် ခံခက်လှတဲ့ ဝေဒနာတရပ် ရင်ဘတ်အောက် နှလုံးသားထဲက ကွဲအက် ထိုးထွက် လာခဲ့တော့တယ်။

(အပိုင်းသုံး)

“အမေရယ်” လို့ စကား တခွန်းကိုသာ တိုးတိမ်စွာ ညည်းတွား လှိုက်မောရင်း အစွန်းဆုံး ထိပြင်းထန်တဲ့ ကြေကွဲမှု တွေက ဖြစ်ညှစ် ချလိုက်တဲ့ မျက်ရည် တွေဟာ မျက်ဝန်းထဲက လျှံထွက်လာပြီး ကောင်းထက် ပါးပြင်ပေါ်ကို တာ ကျိုးဆင်း လာတဲ့ရေလို ဒလဟော ကျလာပါတော့တယ်။

“သား ဘာလို့ ငိုရတာလဲကွယ်၊ အမေ ဘာမှမဖြစ်ဘူး၊ သား နေမကောင်းဘူးလေ၊ ခေါင်းကိုက်လိမ့်မယ်” လို့ အမေ့ စကားအဆုံး ကောင်းထက် ထိန်းမရတော့ ယောကျာ်း တန်မဲ့ အမေ့ ဒူးနှစ်လုံးပေါ် မျက်နှာ အပ်ရင်း ချုံးပွဲချ ငိုကြွေးနေမိတယ်။

အမေဟာ သူ့ လက်ကြမ်းလေး နှစ်ဖက်နဲ့ ကောင်းထက် ခေါင်းကို ညင်သာစွာ ပွတ်ရင်း အငိုချော့နေသံ ကြားမိတော့မှ “သား အမေ့အတွက် ဆန်ပြုတ်လေး ကျိုလိုက်ဦးမယ်၊ အမေဒီမှာ အိပ်ပြီး နားလိုက်ဦးနော်” လို့  ပြောပြီး မီးဖိုချောင်ဘက်  ထွက်လာခဲ့တယ်။

မနေ့ ကကျန်တဲ့ ထမင်းကြမ်းခဲလေး တဆုပ်ကို မီးဖိုပေါ်က ဒန်အိုး ထဲ ထည့် ပြီး ရေလေး အနေတော်ဖြည့်နေတုန်း “ထင်းခြမ်း သေးသေးလေး တွေစိပ်၊ ကုလားဖန်လေးထိုး ထင်းရှုး ဆီလေးနဲ့ မီးပျိုးတတ်ရဲ့လားသား” လို့ စိတ်မချတဲ့ အမေ့အသံကြောင့် “ဘာမှ မပူနဲ့ သား လုပ်တတ်ပါတယ်၊ အမေသာ အေးအေးချမ်း အိပ်ပြီး အနားယူလိုက်တော့ ဆန်ပြုတ်အိုးကျက်ရင် သားလာ နှိုးမယ်” လို့ ပြန်ပြောရင်း ၀ဲနေသေးတဲ့ မျက်ရည်တွေကို ပုဆိုးစနဲ့  သုတ်ပစ်လိုက်ရတယ်။

ရေထဲမှာ မမြုပ်တမြုပ် ဖြစ်နေတဲ့ ထမင်းကြမ်းခဲကို သစ်သား ယောင်းမနဲ့ ထိုးချေရင်း အမေ့လက်မှာ ဘာကြောင့် အသားမာတွေ တက်လာရသလဲ ဆိုတာ တွေးရင်း ကြားဖူး ကြုံဖူးခဲ့တဲ့ အမေ ရုန်းကန်ခဲ့ရတဲ့ ပုံရိပ်တွေ တရေးရေး ပြန်မြင်လာမိတော့တယ် ။

အမေဟာ ကျွန်တော့် ပုခုံးသာသာ (၅) ပေ တောင် မပြည့်တဲ့ သာမန် မြန်မာ အမျိုးသမီး အရပ်အမောင်းသာ ရှိတာပါ။  မန္တလေးမှာမွေး၊ မန္တလေးမှာကြီးတဲ့ အသားညို ညက်ညက် မန္တလေးသူစစ်စစ်ပါ။  အတန်းပညာကို လေးတန်းလောက်သာ သင်ခဲ့ဘူးပေမဲ့ အတွက်အချက်မှာတော့ ဈေးတွက်၊ ရှမ်းတွက်အကုန်ပိုင်ပါတယ်။

အဖေနဲ့ အကြောင်းပါပြီး အိမ်ထောင်ဦးဘ၀မှာကို အမေ့ ဘ၀က ချောချောမွေ့ မွေ့ မဟုတ်ခဲ့။  လင်သားက အလုပ်အကိုင်ရှာရင်း အခြေမကျသေးချိန်မှာ ဈေးထည်တွေချုပ်၊ ခြင်ထောင်တွေ ချုပ်ရင်း အိမ်ထောင်ရဲ့ လိုအပ်ချက် ဖြည့်စည်းပေးခဲ့သတဲ့။  အမေ့မှာ ခေတ်ပညာ မချမ်းသာပေမဲ့ ဇွဲသတ္တိနဲ့ လုံ့လ ချမ်းသာတယ်။  သမာအာဇီဝနဲ့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်လိုစိတ် မချို့တဲ့ဘူး။  သူများတွေ ဈေးထည်တွေယူချုပ်တာ တနေ့ (၁၀) ထည်ပြီးရင် အမေက (၁၅) ထည်ပြီးသတဲ့။  သူများတွေ ခြင်ထောင် နှစ်လုံးပြီးရင် အမေက သုံးလုံး ပြီးသတဲ့။  ပြီးမှာပေါ့ သူများတွေ နားရင် မနားဘူး ညည့်နက်အထိ မီးခွက်ထွန်း ချုပ်တာကိုး။

အဖေ အစိုးရ ၀န်ထမ်း အလုပ်အကိုင်ရပြီး ဘ၀ အဆင်ပြေလာပေမဲ့ စက်ချုပ် ကတော့ မပျက်ဘူးတဲ့။  စက်ချုပ်ခွင့် မကြုံရရင် ဈေးရောင်းခဲ့တယ်။  အဖေ့ဝင်ငွေနဲ့ အိမ်ထောင် လိုအပ်ချက်တွေ ပြည့်စုံတဲ့အပြင် အပိုအလျှံ ငွေလေး နည်းနည်းပါးပါး စုဆောင်းနိုင်ပေမဲ့ တိုးပွားလာမဲ့ လူဦးရေနဲ့ အိုစာ မင်းစာ အတွက် ကြိုတင် ပြင်ဆင်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ အမြော်အမြင်နဲ့ အတွေးအခေါ်ဟာ မူလတန်း စာ လောက်သာ သင်ကြားခွင့်ရခဲ့တဲ့ အမေ့မှာ၊ သေစာ ရှင်စာသာ ဖတ်တတ်တဲ့ အမေ့မှာ ဘယ်လို ကိန်းအောင်းဖွဲ့ တည်လာသလဲ ဆိုတာ ကောင်းထက် မသိတတ်တော့ပါ။  ဒါပေမဲ့ သေချာတာ တခုကတော့ အဖေနဲ့ အမေ့ ရဲ့ ဒီအတွေး အကြံနဲ့ ကြိုးစားအား ထုတ်မှု တွေကနေ ကောင်းထက်တို့ မိသားစု ဘ၀အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အမှတ်တရ အမြဲရှိစေမဲ့ အရာ နှစ်ခု ကို ပိုင်ဆိုင်စေခဲ့ပါတယ်။  စင်းကား တံဆိပ် အပ်ချုပ်စက်ကလေး နဲ့ ကောင်းထက်တို့ အခုနေတဲ့ အိမ်ကလေးပါပဲ။

အမေ့ ချွေးနှဲစာ စင်းကား တံဆိပ် အပ်ချုပ်စက်ကလေးဟာ ကျွန်တော်တို့ မိသားစုရဲ့ စီးပွားရေး အတက်အကျ ရေချိန် သင်္ကေတ တခုဆိုရင်လည်း မမှားပါဘူး။  အမေ့မှာ အကြောင်းကြောင်းနဲ့ အရင်းအနှီး ပျောက်လို့ ဖြစ်စေ၊ အိမ် စီးပွားရေး ကျပ်တည်း လာချိန်တိုင်းမှာ အပ်ချုပ်စက်ခေါင်းကလေး ပျောက်ပျောက် သွားတတ်ပါတယ်။ အပေါင်ဆိုင် ရောက်သွားတာပါ။  ဒါပေမဲ့ အမေဟာ သူ့ အပ်ချုပ် စက်ကလေးကို ဘယ်တော့မှ အဆုံးရှုံး မခံပါဘူး။  တနည်း မဟုတ်ရင် တခြားနည်းနဲ့ မရရအောင် ပြန် ရွေးယူတတ်ပါတယ်။  နားပေါက် ဟောင်းလောင်းနဲ့ နေရင်နေမယ်၊ စင်းကား အပ်ချုပ်စက်ကလေးတော့ အမေ ပိုတန်ဖိုးထားတယ်။  တကယ်တော့ ဒီအပ်ချုပ် စက်ကလေးဟာ ကျွန်တော်တို့ မိသားစုအတွက် ရွှေချ ထားသင့်တဲ့ အဖိုးတန် အမှတ်တရ ပစ္စည်းလေး တခု ပါပဲ။

တပွက်ပွက် အသံပြုပြီး ဆူဝေလာတဲ့ ဆန်ပြုတ်အိုးရဲ့ ရေနွေးငွေ့ အပူရှိန် က မျက်နှာ လာဟပ် တော့မှ အတွေး ကျွံနေရာက သတိလည်လာပြီး ယောင်းမနဲ့  ကမန်းကတမ်း သုံးလေးချက် မွှေ ပေးလိုက်ရတယ်။  မီးခိုးမှိုင်း ၀ပြီး မည်းနေတဲ့ ကြောင်အိမ် တံခါး တခြမ်းကို ဆွဲလှပ်ရင်း ရေအင်တုံလေးထဲက နို့ဆီဘူးကို ကောင်းထက် လှမ်းယူလိုက်တယ်။  ဖင်ကပ် ကျန်တဲ့ ကုလားမ ခြင်းဆွဲ တံဆိပ် နို့ဆီဘုးကို ရေနည်းနည်း ထည့် ကျင်း၊ ဆန်ပြုတ်အိုးထဲ လောင်းချပြီး ယောင်းမနဲ့ ဖြည်းဖြည်းလေး ဆက်မွှေပေးရင်း ကောင်းထက် အတွေးတွေ အတိတ်ဆီ လွင့်မျော သွားပြန်တယ်။

အမေ့ အကြောင်း တွေးလိုက်တိုင်း အဖေ့ အကြောင်းက တွဲပါလာစမြဲပါ။  ကွမ်းစား တတ်တာက လွဲလို့ အသောက်အစားနဲ့ အပျော်အပါး ကင်းရှင်းတဲ့ အိမ်ထောင် ဦးစီး တယောက်၊ ရတဲ့လစာ တပြားတချပ် မကျန် ဇနီးသည် ထံအပ်လေ့ရှိတာကို သားသမီးအားလုံး ကတောင် သိတာ အဖေပါ။   အိတ်ကပ်ထဲမှာ မှတ်ပုံတင် ကဒ်ပြား မှလွဲလို့ ဘာမှထည့်မထားတဲ့ အိမ်ထောင်ဦးစီး တယောက်ပါ။  အိမ်ထောင်ရဲ့ ငွေကြေးသုံးစွဲနဲ့ စီမံခန့်ခွဲမှု အားလုံးကို အမေ့ထံ အပြည့်အ၀ အပ်နှင်းထားပြီး အမေ စီမံသမျှ ကိုလည်း ကျေကျေနပ်နပ် လက်ခံလေ့ ရှိတဲ့ အဖေပါ။  အသေးသုံးလိုရင်တောင် သားသမီးတွေနဲ့ တန်းတူ အမေ့ဆီမှာ လက်ဖြန့် တောင်းယူတတ် ပါတယ်။ 

အဖေဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်ရာက ပြန်လာတိုင်း သားသမီးတွေ အတွက် စားစရာတွေ ၀ယ်လာတတ်ပါတယ်။  ရန်ကုန်က ပြန်လာရင် ရှားမီးကိတ်နဲ့ ရှားမီး ချိုချဉ်၊ မကွေးကဆို မြေပဲလိပ်၊ ကျောက်ပန်းတောင်း သွားရင် ထန်းလျက်ခဲ တခုခု ပါလာမြဲပင်။  ကြိုသတင်း ရထားတဲ့ အမေ့ဆီက ဒီနေ့ အဖေပြန်လာမယ် ဆိုတာ သိရင် ညီအကို မောင်နှမတွေ အားလုံး ပျော်နေကြပြီ။  ညဥ့်သန်းခေါင် ရောက်လို့ အိပ်ယာထဲဝင် နေပေမဲ့ မအိပ်ဘဲ စောင့်ကြတာ။

“မြဆိုးရေ … ထွန်းငယ်ထွား ရေ” စတဲ့ ခေါ်သံတွေနဲ့ အဖေ့ အသံကြားလိုက်တာနဲ့  အားလုံး ငေါက်ခနဲ ထ ခြင်ထောင်မပြီး အဖေ့ကို ပြေးကြိုကြတာ။  တခါတလေ ဒိုက်ဦးဘက်က ပြန်လာရင် အဖေ အလေးခံပြီး သယ်လာတဲ့ ဖရဲသီးကို လေးထောင့်တုံးလေး တွေ ဖြစ်အောင် စိပ်၊ ဇလုံထဲထည့် နွားနို့ လေးဆမ်း သကြားလေး ဖြူးပြီး ဇွန်းတွေတပ် တမိသားစုလုံး ခလှောက်စားကြတာ။  တအိမ်လုံး ပွက်လော ညံအောင် ပျော်ပျော်ပါးပါးကြီး စားသောက်ခဲ့ရတဲ့ အဲ့ဒီလို ညဥ့်လယ်စာ အရသာထူးကို ကျွန်တော် ဘယ်တော့မှ မမေ့ နိုင်ခဲ့ပါဘူး။

အမေနဲ့ အဖေမှာ သားသမီး (၈)ယောက် ထွန်းကားလာတော့ လူဆယ်ယောက်စာ ထမင်းအိုးကြီး ထိန်းဖို့နဲ့ ပညာပေးဖို့ ကိစ္စဟာ ဒီလို ခေတ်ဆိုး၊ ခေတ်ကျပ်ကြီးထဲမှာ အလွန် အပမ်း ဆင်းရဲကြီးစွာ ရုန်းကန်ကြရတာပါ။  အဖေရဲ့ ၀န်ထမ်း လစာလေးနဲ့ မလုံလောက်တော့ အမေဟာ ကြုံရာ အလုပ်မျိုးစုံ လုပ်ခဲ့ရတာပါ။  ဒါပေမဲ့ သားသမီး (၈) ယောက်စလုံးကို အဖေနဲ့ အမေဟာ အလုပ် ထွက်လုပ်ကြဖို့ ပိုက်ဆံကူရှာဖို့ ဘယ်သော အခါမှ မပြောခဲ့ဘူး၊ မညည်းညူ ခဲ့ဖူးဘူး။  အမေ အမြဲ ပြောတတ်တာက ပညာအမွေဘဲ ပေးနိုင်တယ်၊ ယူရမဲ့အချိန်မှာ ကြိုးစားယူကြ၊ သစ် တပင်ကောင်းရင် ငှက် တသောင်းနားလို့ ရနိုင်တယ်ဆိုတာပါပဲ။

အမေဟာ ဈေးသည် ဘ၀ အမျိုးမျိုးနဲ့ ကျင်လည်ခဲ့ဖူးတယ်။  ဆန်ရောင်းတယ်၊ ငါးခြောက်ရောင်းတယ်၊ ထိုးမုန့် လမုန့်၊ ဘီစကစ်စတဲ့ မုန့်မျိုးစုံ လည်း ရောင်းဖူးတယ်။  လက်တွန်းလှည်းလေးနဲ့ မုန့်ဟင်းခါး လည်း ရောင်းဖူးတယ်။  အရင်းအနှီး များများ စားစား မရှိတာကြောင့် ဆိုင်ကန္နားနဲ့ မထွက်နိုင်တာမို့ သူများ ဆိုင်ဘေး ကပ်ရပ်ပြီး ခုံလေး၊ ဘန်းလေး ချပြီး ဈေးရောင်းရတာပါ။

ဈေးသိမ်းရင် ပစ္စည်းတွေကို ကြိမ်ခြင်းတောင်းကြီး သုံးတောင်းထဲ ထည့်ပြီး တတောင်းကို အမေ့ လက်ဆွဲတော် မိန်းမစီး ဘီးလေးရဲ့ နောက် ထိုင်ခုံမှာ တင်ပြီး ကြိုးနဲ့ အကျအန တုပ်တယ်။  ကျန်တဲ့ နှစ်တောင်းကို ဆိုင်ဘေးက ရောင်းဖေါ်တွေ အကူအညီနဲ့ စက်ဘီးလက်ကိုင် တဖက်တချက်မှာ ချိတ်လို့ အမေပြန် လာတော့တာပဲ။  ပစ္စည်း ပစ္စယတွေ အပြည့်နဲ့ ကြိမ်ခြင်း တောင်းကြီး သုံးတောင်းရဲ့ အလေးချိန်စီးထားတဲ့ စက်ဘီးကို ကျွန်တော်လို ယောကျာ်ား တယောက်တောင် မနည်း အားစိုက်ထိန်းရတာ။  နှစ်ရှည်လများ ဒီလိုလေးလံ ၀န်ပါတဲ့ စက်ဘီးကို ထိန်းပြီး စီးလာရမှတော့ အမေ့ လက်ခြောင်းလေးတွေ သာမက လက်ဖ၀ါးပြင် တခုလုံး အသားမာ တက်နေတာ မဆန်းတော့ဘူးပေါ့။

ညောင်ပင်ဈေးထဲ ဆန်ရောင်းစ ကတော့ အိမ်ကို ဆန်တွေ ပြန်သယ်မလာပါဘူး။  ပထမတော့ ဘေးဆိုင်ကြီးကို ပိုက်ဆံပေးပြီး အပ်ထားခဲ့တာ။  ရွှေတချောင်း ရေလျှံတော့ ဆိုင်တွေ ရေမြုပ်တဲ့ အထဲ အမေ့ ဆန်အိပ်လေးတွေ ပါသွားပြီး အမေလည်း အရင်းပြုတ်သွားတာပေါ့။  အမေ့ရဲ့ စင်းကား အပ်ချုပ်စက်ခေါင်းလေးလည်း အပေါင်ဆိုင်ရောက်ပြီး ခုံလေးဘဲ အိမ်မှာ ကျန်ရစ်တော့တာပေါ့။

ကောင်းထက်တို့ အိမ် စီးပွားရေး အခြေအနေ ကောင်းမကောင်း သိချင်ရင် အိမ်ထဲဝင်ပြီး စက်ခုံအဖုံးလေးသာ လှန်ကြည့်လိုက် စက်ခေါင်းလေးရှိနေရင်၊ အိုကေပဲ။  စက်ခေါင်းလေး ပျောက်နေရင်တော့ အခြေအနေ မကောင်းဘူးလို့ ချက်ခြင်း ပြောနိုင်ပါတယ်။

မနက် (၅) နာရီဆို အမေ အိပ်ရာ ထပြီ။  မျက်နှာသစ် ရေနွေးအိုး တအိုးနဲ့ ထမင်းအိုး တလုံးတည် ပြီးတာနဲ့ တအိမ်လုံးစားလို့ ရအောင် မနေ့က လက်ကျန် ထမင်းကြမ်းခဲတွေကို ခြေပြီး ဆီပူလေးထဲ ဆနွင်းလေး နည်းနည်း ထည့်ကြော် ဒါတွေက မနက်တိုင်း အမေလုပ်နေကျ။  ထမင်းမကျန်ရင် တခါတလေ အမေဆီ ထမင်းထိုးတယ်။  ပြီးရင် သောက်တော် ရေချမ်းလဲ၊ ဆွမ်းတော်ကပ်၊ ဘုရား ရှိခိုးမယ်။

အမေ့ ထူးခြားချက် တခုက ရှိတာလေးနဲ့ အရသာ ရှိအောင် အဟာရ ဖြစ်အောင်ချက်တတ်တယ်။ ဆွေမျိုးသားချင်း တချို့က ပြောကြတယ်၊ အမေ့ မှာ လက်ဆိပ် ပါသတဲ့။  ဘာချက်ချက် စားလို့ ကောင်းသတဲ့။  ဘုရား ရှိခိုးပြီးရင် သားသမီးတွေ ကျောင်းယူသွားဖို့ ထမင်းချိုင့် တွေထဲ ထမင်းခူး ထည့် ပေးရင်း အမေ ထမင်းကျော်စားမယ်၊ ရေနွေးကြမ်းသောက်မယ်။  ပြီးတာနဲ့ဈေးသွားဖို့ ပြင် တော့တာပဲ။  အဲ့ဒီ အချိန်ဆို ကောင်းထက် အကိုကြီးက ထပြီး အမေ့ကြိမ်ခြင်းကြီး သုံးလုံးကို စက်ဘီးပေါ် ကူတင် ပေးတယ်။  ကျန်တဲ့ ညီအကို မောင်နှမတွေ ကတော့ အိပ်ယာထဲကွေးလို့ ကောင်းနေဆဲပေါ့။  အမေက ဖျိုးဖျိုးဖျတ်ဖျတ် လုပ်တတ် ကိုင်တတ်တယ်။  မနက် (၆) နာရီဆို အမေ ဈေးရောက် ခင်းကျင်း ပြီးနေပြီ။

မုန့်ဟင်းခါး ရောင်းတုန်းကဆို ဒီထက်ပို စောစောထရတာ။  ဈေးမှာ ကိုယ်တိုင်ပြင် ကိုယ်တိုင်လိုက်ပို့ ကိုယ်တိုင် ရောင်းရတာ၊ ကူမဲ့သူမရှိဘူးလေ။  သားသမီး (၈)ယောက် အားလုံး ကျောင်းတက်နေကြတာကိုး။  တခါမှ အမေ့ဆီက ညည်းညူသံ မကြားဖူးဘူး။  အမေ ပင်ပန်း လွန်းလို့ကွယ် ကူကြပါဦးလို့ တခါမှ မပြောဖူးဘူး။  မနက်ပိုင်း ရောင်းကုန်လို့ အိုးခွက်ပန်းကန်တွေ ဆေးကြောပြီး လို့ အချိန်ရသေးရင် အိမ်ပြန် ဟင်းချက် အချိန်မရရင် ဟင်းတွေဝယ်ပြီး ကြွတ်ကြွတ်အိတ်လေးနဲ့ ကျောင်းကို သူ မိန်းမ စီးဘီးလေး နင်းပြီး လာပို့တာ။ ညီမလေး အတန်းက လမ်းဘေးနဲ့ နီးတော့ အမေ့ခေါ်သံကြားရင် အမေ့ဘီး ဂျောက်ဂျက် သံကြားရင် ဟင်းထုပ်ကို ထွက်ယူပြီး မောင်နှမ တတွေ မနက်က အမေထည့်ပေးလိုက် တဲ့ ထမင်းချိုင့် ဖွင့်စားကြရတာ။

ဟင်းပို့ ပြီးတာနဲ့ အမေ တခေါက် အိမ်ပြန် လူဆယ်ယောက်စာ အ၀တ်ဟောင်းတွေ လျှော်ဖွပ် တာ့တာပဲ။  ရွှေဝါ ဆပ်ပြာမသုံးနိုင် အ၀တ်လျှော်မှုန့် မသုံးနိုင်တော့ ရေနွေးအိုးတယ်၊ ဇလုံထဲလောင်းထည့် ဆင်ချီးတုံး ဆပ်ပြာလေးတွေကို ဓါး ပါးပါးလေးနဲ့ ခြစ်ထည့် အ၀တ်ဟောင်းတွေကို ဆပ်ပြာ ရေစိမ်ပြီး လက်ရိုက်တုတ်နဲ့ ဖွပ်သင့်တာဖွပ်၊ လက်လျှော်နဲ့ လျှော်သင့် တာ လျှော်တာ အမေ့ နိစ္စဓူဝ အလုပ်တွေထဲက တခုပါ။  အ၀တ်တွေ လှန်ြးံပီးရင် အိမ်တံခါး သော့ခတ်၊ ဘေးအိမ် သော့အပ်ပြီး အမေ ညနေပိုင်း ဈေးထွက်တော့တာပဲ။

သိတဲ့အတိုင်း အညာနေဆိုတာ ခြစ်ခြစ်တောက် လောင်မြိုက် ပူပြင်းတာမဟုတ်လား၊ သူများဆိုင်က ထီးရိပ်မလုံ့ တလုံ ခိုရင်း အပူတော ဖုန်တောထဲမှာ နေ့စဉ် ဈေးရောင်းရတော့ နဂိုက အသားညိုညိုစိုစို မန္တလေးသူ အမေမှာ ငါးကျည်းခြောက် ကျပ်တင်သလို အသားအရေတွေ မွဲခြောက်ကုန်ရတာ ကျွန်တော်တို့ကြောင့်ပါ။  သားသမီးတွေကို ပညာတတ်ဖြစ်စေလိုတဲ့ စေတနာ မေတ္တာနဲ့ အမြော်အမြင် အဖေနဲ့ အမေ နှစ်ဦးစလုံး မှာရှိကြတာ ကျွန်တော်တို့ အားလုံးအတွက် ကံကောင်းတာပါပဲ။

ညနေဈေးသိမ်း ပြန်ရင် သားသမီးတွေ အဆာပြေစားဖို့ မုန့်ဗိုင်းတောင့်၊ မုန့်ကျွဲသဲ အကြော်စုံ တခုခု တော့ ၀ယ်လာလေ့ရှိတယ်။  အဖေ့ အတွက်ဆို မပျက်မကွက် ကွမ်းယာ တထုပ်လည်း ဈေးထိပ်လမ်းဆုံ ထောင့်က ဒိတ်ဒိတ်ကြဲ ကွမ်းယာဆိုင်က ၀ယ်နေကျ။

နောက်ခုံမှာ ဆန်တတင်းခွဲ အိပ်တင်ထားပြီး လက်ကိုင် နှစ်ဖက်မှာ ပိဿာချိန် (၁၅) ပိဿာထက် မလျော့ အလေးချိန်စီးတဲ့ ငါးခြောက် ခြင်းကြီးနှစ်လုံးနဲ့ ဆိုတော့ ကွမ်းယာဝယ်ဖို့ အမေ စက်ဘီးပေါ်က ဘယ်ဆင်းနိုင်မလဲ။  အသာလေး ဘရိတ်အုပ် ခြေဖျားလေး ထောက်ရပ်ပြီး ဘဲလ်တီး လိုက်တာနဲ့ ကွမ်းယာရောင်းတဲ့ ကိုချစ်ညွှန့် က ဆိုင်ပေါ်က ဆင်းတော့တာပဲ။  ပြီးရင် အသင့် ယာထားပြီး ကြွပ်ကြွပ်အိတ်လေးထဲ ထည့်ထားတဲ့ (၅၀၀) ဖိုး ထုံး၊ ကွမ်းသီး၊ ဗမာဆေး၊ ရှား တပြောက် တထုပ်ကို ဟထားတဲ့ အမေ့ ပါးစပ်ထဲ လာချိတ်ပေးရင်း “အမေမြ ကတော့ လေးသန်းကြီး ကိုချစ်ပါ့ဗျာ” လို့ ကျီစယ်နေကြပါ။  လက်နှစ်ဖက်လုံးနဲ့ စက်ဘီး လက်ကိုင်ကို ထိန်းထားရတော့ အမေကိုယ်တိုင် ကွမ်းမစားပေမဲ့ အဖေစားဖို့ ကွမ်းထုတ်ကို ပါးစပ်နဲ့ ကိုက်ပြီး သယ်လာတာ။  ဒီလောက်လေးတဲ့ ၀န်အပြည့်နဲ့ စက်ဘီးကို နှစ်ရှည်လများ ထိန်းစီးရမှတော့ အမေ့လက်တွေမှာ ရဲဘက် စခန်းက ကျောက်ထုတဲ့ အကျဉ်းသားလက်လို အသားမာတွေနဲ့ ပြည့်နှက်နေတာ မဆန်းတော့ပါဘူး။

 (အပိုင်းလေး)

ကျွန်တော်ဟာ နေသာသလိုနေပြီး  နေစိမ့်နိုင်လွန်းခဲ့တယ်။  ကျောင်းသား၊ စာကြိုးစားရင် ပြီးတာပဲလို့ တွေးပြီး တာဝန်မဲ့နေခဲ့တာ။  အမေနဲ့ အဖေကနေ သားတို့ သမီးတို့ ရေ အမေတို့ ပင်ပန်း လှပြီကွယ်၊ မနိုင်တော့ လို့ပါ ကူကြပါဦးလို့ ဘယ်တုန်းကမှ အကူအညီ မတောင်းခဲ့တဲ့ အပေါ် အခွင့်ကောင်းယူပြီး ကိုယ်သက်သာ ရာ ရှာရင်း အချောင်ခိုနေခဲ့မိတာ။  အခုလို အပျင်းဖျားတဲ့ ကိုယ်အပူချိန် ရှိတာတောင် သားသမီးတွေ ပညာရေး အတွက်ဆိုတဲ့ ဇောနဲ့  အဖျားအနာကို အမေက ထီမထင်နိုင်ပေမဲ့ ကိုယ့်မိဘကို ဂရုစိုက်ဖို့ ပျက်ကွက်ခဲ့တာ ကျွန်တော်ပါ။  ကျောင်းချိန်ပြီးလို့ အတန်းမရှိတော့ရင်တောင် အိမ်ပြန်ပြီး အမေ့ကို ကူလုပ်ပေးဖို့ မစဉ်းစားဘဲ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည် ဆိုင်ထိုင် အချိန်ဖြုန်း လေ့ရှိတာ ကျွန်တော်ပါ။

ဝမ်းနည်း ကြေကွဲခြင်း၊ ပူဆွေးခြင်း၊ ရှက်ရွံ့ ခြင်းတွေနဲ့ ပြင်းပြတဲ့ နောင်တ တရားတွေဟာ တပြိုင်နက်တည်း ကောင်းထက် နှလုံးသားကို အုံခဲ ဖျစ်ညှစ် လာပြန်တော့တယ်။  မဖေါ်ပြနိုင်တဲ့ နာကျင်မှု ဝေဒနာတွေက ဖောက်ထုတ် ဖွင့်ချလိုက်တဲ့ မျက်ရည်တွေဟာ ကောင်းထက် မျက်ဝန်းထဲက လျှံထွက်ပြီး ယောင်းမ ကိုင်ထားတဲ့ လက်ခုံပေါ် တဖောက်ဖောက် ကျလာတော့မှ ကောင်းထက် သတိပြန်ဝင်လာတယ်။  ဆန်ပြုတ်အိုးက ကျနေပြီမို့  ယောင်းမနဲ့  တချက်နှစ်ချက်မွှေ နို့ဆန်ပြုတ် အနေတော်လေး ဟင်းချို ပန်းကန်လုံး လေးထည့် ခပ်ထည့်ပြီး အမေကိုကျွေးဖို့ မီးဖိုချောင်ထဲက ထွက်လာခဲ့တယ်။

ကုလားထိုင်ပေါ်မှာ အမေ ကတော့ ကောင်းကောင်း အိပ်မောကျနေပါပြီ။  ပင်ပန်း ရှာလွန်းလို့ ထင်ပါတယ်။  အမေ့ မှာ အခုလို နှစ်နှစ်ခြိုက်ခြိုက် အနားယူ အိပ်စက်ခွင့်မရတာ နှစ်ပေါင်း ဘယ်လောက်ရှိပြီလဲ ကောင်းထက် မတွေးတတ်တော့။  ဆန်ပြုတ် ပန်းကန်ကို စားပွဲပေါ် အသာတင်ပြီး ကောင်းထက် အမေ့ရှေ့မှောက် ဒူးထောက် ထိုင်လိုက်မိတယ်။

ခါးသီးတဲ့ လောကဓံရဲ့ အထုအထောင်းအပြင် အရွယ်ထောက်လာလို တွန့်နေတဲ့ အရေးအကြောင်းတွေနဲ့ နဖူးပြင်ပေါ်မှာ ဆံဖြူစ သုံးလေးခြောင်း ၀ဲကျနေတဲ့ အမေ့ မျက်နှာ နေပူစပ်ခါး ဒါဏ်ခံနှိုင်အောင် လူးထားတဲ့ ပါးပြင်ထက်က သနပ်ခါးထူထူပေါ်ကပ်ငြိနေတဲ့ ဖုံစဖုံနတွေနဲ့ စွန်းထင်းနေတဲ့ ချွေးစီကြောင်းတွေ ခြောက်သွား တော့ပွင့်လာတဲ့ ဆားပွင့်လေးတွေနဲ့ ဟိုတစဒီတစ တလက်လက် တောက်ပနေတဲ့ အမေ့မျက်နာကို ကောင်းထက် ငြိမ်သက် ရီဝေစွာ တဒင်္ဂ စိုက်ကြည့်နေမိတယ်။

သားသမီး(၈) ယောက်လုံး ကျောင်းထားနိုင်ဖို့ ဈေးရောင်း မဖျက်ချင်တော့ ကိုယ်အပူချိန် (၁၀၃) ဒီဂရီ ဖာရင်ဟိုက်နဲ့ အပျင်းဖျား နေတာတောင် ကိုယ်ကလေးနွေးရုံပါလို့ ပြောတဲ့ အာဂ အမျိုးသမီးကြီးရဲ့ မျက်နှာကို ကောင်းထက် အံ့သြခြင်းကြီးစွာ တိတ်တဆိတ် ကြည့်နေမိတယ်။  ကြည့်ရင်း ကြည့်ရင်း ကောင်းထက် တယောက် အမေ့ရှေ့ မှောက်မှာ တဖြည်းဖြည်း ကြုံလှီ သေးငယ်လာတော့တယ်။  ဒဏ္ဍာရီ မဟုတ်တဲ့ မြင်းမိုရ်တောင် ရဲ့ အဖျားမရှိ လောက်အောင် မြင့်မောက်ဝေသီကြီးမြတ်တဲ့ ဂုဏ်ပုဒ်ဟာ ကောင်းထက်ကို အဏုမြူ ဒြပ်မှုန် တခုထက် သေးငယ် စေခဲ့ပါပြီ။

သားကို ခွင့်လွှတ်ပါ အမေလို့ ပြောဖို့ တောင် ခွန်အားတွေ ဘယ်လို ပျောက်ကွယ်ကုန်သည် မသိတတ်တော့။  နှလုံးသားပေါ်ကို ကောင်းကင် တခုလုံး ပြိုဆင်း ဖိကျလာသလို လေးလံ သိပ်သည်းတဲ့ နောင်တတွေ၊ ပြင်းထန် နက်ရှိုင်း လွန်းတဲ့ နာကျင် ကျေကွဲမှု တွေဟာ ကောင်းထက်ရဲ့ မျက်ရည်တွေကို ထပ်မံ ညှစ်ထုတ်နိုင်စွမ်းလည်း မရှိတော့ပါဘူး။

မိန်းမသားတန်မဲ့ ခက်မာကြမ်းရှ အသားမာ ပြွမ်းထနေတဲ့ အမေ့လက်ဖ၀ါး နှစ်စုံကိုသာ နှဖူးမှာ တရိုတသေ ထိကပ်လို့ မောဟိုက် ပင်ပန်းစွာ အိပ်စက် အနားယူနေတဲ့ မြင်းမိုရ်တောင် ရှေ့မှာ ဒူးတုပ်ရင်း  “ငှက်တသောင်းနား နိုင်တဲ့ သစ်တပင်ကောင်း” ဖြစ်ရပါစေ့မယ် အမေလို့ ကောင်းထက် ရင်ထဲမှာ အကြိမ်ကြိမ် ကတိပြုရင်း သန္နိဋ္ဌာန်  အခါခါ ချနေမိပါတော့တယ်။

မြင်းမိုရ်တောင် ဦး မက ကျူးသည့် မိဘနှစ်ပါးလုံး၏ ကြီးမားသော မေတ္တာ စေတနာများနှင့် စိန်တောင် စိန်သားလို မာကျော ကြံ့ခိုင်သော အဖေနှင့် အမေတို့၏ စိတ်ဓာတ်နှင့် ဇွဲသတ္တိ အားမာန်တို့အား ဤ၀တ္ထုဖြင့် ရိုကျိုး ကော်ရော် ဦးခိုက် ပူဇော်ပါ၏။   ။

မင်းကောင်းချစ်

တန်ဆောင်မုန်းလဆုတ် (၄) ရက်၊ မြန်မာသက္ကရာဇ် (၁၃၇၆) ခုနှစ်

 

နိုဝင်ဘာလ (၁၀) ရက်၊ ခရစ် သက္ကရာဇ် (၂၀၁၄) ခုနှစ်

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်