အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၂)

December 3, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၂)
(မိုးမခ) ဒီဇင်ဘာ ၃၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၅၄)

ည ၇ နာရီခန့်တွင် အော်စလိုမြို့အနီးက ဓမ္မသုခကျောင်းတိုက်သို့ သွားကြသည်။ ဂျာမနီက ငှါးလာသောကားဖြင့် ကပ္ပိယကြီးနှင့် အော်စလိုမြို့တွင် နေသော ကိုလှမင်းတို့ လိုက်ပါလာကြသည်။ ၄၅ မိနစ်ခန့်ကြာသည်။ ဆရာတော်ဦးဝိသုဒ္ဓက ဝမ်းမြောက်ဝမ်းသာ ဆီးကြိုသည်။ မြို့ပြ၏ ဆူညံမှုများနှင့်ဝေးကွာသောကျောင်းလေးဖြစ်သည်။ သို့ရာတွင် ကျောင်းနောက်ကျောတွင် ရထားလမ်းရှိသဖြင့် မကြာခဏ ဖြတ်သန်းသွားလာနေသော ရထားများကြောင့် ဆူညံမှုတော့ ရှိသည်။ ကျောင်းအပေါ်ထပ်ဆိုလျှင် ရထားဖြတ်သွားတိုင်း အနည်းငယ် တုန်ခါမှုပင် ရှိနေသည်။ ညပိုင်းတွင် အတော်နှင့်အိပ်ရာ မဝင်ဖြစ်ကြ။ ရွှေညဝါဆရာတော်၊ တပည့်ဦးသူရိယ၊ ဦးဝိသုဒ္ဓတို့နှင့်အတူ အလ္လာပသလ္လာပစကားများ ပြောဖြစ်ကြသည်။

မနက် ၇ နာရီခန့်တွင် လီလီဟမ်းမားမြို့မှ မောင်သုအောင်တို့ညီအစ်ကိုနှစ်ဦး ရောက်လာသည်။ မိုးညိုသား သဘောကောင်းမနောကောင်းများဟု မြင်ရုံနှင့်သိသာသော်လည်း နော်ဝေနိုင်ငံတွင် အလုပ်လုပ်နေသည်ဟု ဆိုလျှင်ကား ယုံသူအတော်နည်းလိမ့်မည်။ ရွာက တောသားရုပ်က အခုထိ မပျောက်ကြသေးသောကြောင့် ဖြစ်လေသည်။ ရွှေညဝါဆရာတော်နှင့်စာရေးသူက တစ်စီး၊ ဦးဝိသုဒ္ဓနှင့်ဦးသူရိယတို့က တစ်စီး၊ လီလီဟမ်းမားသို့ ထွက်ခွါခဲ့ကြသည်။ ၄ နာရီခန့် ကြာမည်ဟု ဆိုသည်။

(၅၅)

တောသားရုပ်ဆိုပြီး အထင်တော့ မသေးလိုက်မိဖို့ လိုသည်။ မိုးညိုသား စကားတတ်သလို ဗဟုသုတတွေလည်း အတော်ပြည့်စုံနေဟန်ရှိသည်။ ဘဝဖြတ်သန်းမှုက ပေးသောဗဟုသုတများဟု ဆိုနိုင်ပေလိမ့်မည်။ မိုးညိုသားက တစ်လမ်းလုံး စကားကောင်းလို့ ဝမ်းနည်းစိတ်များတောင် မကြာခဏ ဖြစ်ရသည်။ အမှန်တကယ်ပင် မျက်ရည်ဝဲမိသည်။ စကားလုံးများနှင့် ဖော်ပြရန်တော့ အပြည့်အစုံ စွမ်းနိုင်လိမ့်မည် မထင်ပါ။ သူက သူတို့မိသားစု နော်ဝေနိုင်ငံသို့ ရောက်လာစဉ်ကအနေအထားများကို ပြောပြသည်။

“တပည့်တော်တို့က မိသားစုလိုက် ရောက်လာတာ။ ရောက်ရောက်ချင်း လေဆိပ်ကနေ တပည့်တော်တို့ကို ကားနဲ့ခေါ်သွားတယ်။ တပည့်တော်တို့လည်း ခပ်ရွံ့ရွံ့နဲ့ပေါ့။ ဘာဖြစ်မလဲ၊ ဘယ်လိုနေရမလဲ။ ဒါတွေလည်း တွေးနေတာပေါ့။ ဒီလိုနဲ့ ကားလေးက ခြံဝန်းတစ်ခုထဲကို မောင်းသွားတယ်။ ရောက်ပြီ၊ ဒါ မင်းတို့နေရမယ့်အိမ်တဲ့။ ငါတို့ချည်းနေရမှာလားဆိုတော့ အေးပေါ့တဲ့။ ဒါ မင်းတို့အိမ်လေတဲ့။ အတော်လေး အံ့သြသွားတယ်။ ဒုက္ခသည်တွေဆိုတော့ ဖြစ်သလို ခပ်စုတ်စုတ်ပဲ နေရမယ်ထင်ထားတာ။”

သူက ထိုအကြောင်းကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်းမြင်အောင် ပြောသည်။ စိတ်ဝင်စားဖွယ် ကောင်းသလို ရယ်ဖွယ်လည်း ကောင်းသည်။

“ဒါတင် မပြီးသေးဘူး။ အိမ်ထဲရောက်တာနဲ့ ဒါက ရေခဲသေတ္တာဆိုပြီး ရေခဲသေတ္တာကိုလည်း ဖွင့်ပြသေးတယ်။ ဟဟဟ ဘာပြောကောင်းမလဲ။ ဒီတောသားက ရေခဲသေတ္တာမှ မသုံးဖူးတဲ့ဟာကို။ နောက်ပြီး ဒါက ရေချိုးခန်း၊ ဒါက အဝတ်လျှော်စက်တဲ့။ တပည့်တော်ကလည်း မသိဘူးလေး။ မေးလိုက်သေးတယ်။ ဒါတွေက ငါတို့ အပိုင်တွေလားဆိုတော့ အေးပေါ့တဲ့။ ဒါ မင်းတို့အပိုင်တွေပဲတဲ့။ နောက်ပြီး ထမင်းအိုး၊ ဟင်းအိုးတွေ ပြတယ်။ ဆန်အိတ်ကလည်း အဆင်သင့်လုပ်ထားပေးတယ်။ ဟ ငါ အိပ်မက်များ မက်နေသလားပေါ့။ တပည့်တော်လည်း ယုံကို မယုံနိုင်ဘူး။ ငါတို့လည်း သူတို့ကို ဘာမှ မလုပ်ပေးဘဲနဲ့ ငါတို့ကို အခုလို အပြည့်အစုံ လုပ်ပေးတယ်ပေါ့လေ”

စကားလည်း ပြောရင်း ကားလည်း မောင်းရင်းဖြင့် နော်ဝေနိုင်ငံ၏ လှပသော တောင်စဉ်တောင်တန်းလေးများကြားတွင် ကားလေးက ကွေ့ကာ ကောက်ကာ ပြေးလွှားနေသည်။ စာရေးသူလည်း မိုးညိုသားပြောသောစကားများကို စိတ်ဝင်တစား နားထောင်နေခဲ့သည်။

“ဒါတင် မကသေးဘူးဘုရား။ လာသေးတယ်။ ရော့တဲ့ မင်းတို့ သုံးဖို့ ပိုက်ဆံတဲ့။ ခရိုနာ ၂ သောင်းခွဲလောက်ရှိတယ်ဘုရား။ ဒါ မင်းတို့ လိုအပ်တာ သုံးဖို့တဲ့။ ဟ ဟုတ်သေးပါဘူး။ ဒီလူတွေ သဘောကောင်းလှချည်လားပေါ့။ ကိုယ့်မိဘတောင် ကိုယ့်ကို ဒီလောက် မပေးဖူးဘူး။ ဒါတွေ အရင်က သုံးလည်း မသုံးဖူးဘူး။ ဒီလို ပြည့်စုံတဲ့အိမ် ပိုင်ဖို့ဆိုတာ စိတ်ကူးထဲတောင် မထည့်ဖူးဘူး။ အခု သူက ငါ့ကို အကုန်အလကား ပေးနေတယ်ပေါ့လေ။ အပူပေးစက်တွေ၊ တီဗွီတွေ ဒါတွေ အသုံးပြုပုံလည်း ပြောပြတယ်။ ပြီးတာနဲ့ ကဲ ငါတို့ တစ်နေရာ သွားရအောင်ဆိုပြီး စူပါမားကတ်ကြီးကို ခေါ်သွားတယ်ဘုရား။ အင်း … သူပေးထားတဲ့ ပိုက်ဆံက ဘယ်နှလစာ ပေးတာလဲ မသိဘူး။ ငါ အကောင်းစားတွေ ဝယ်လို့ မဖြစ်ဘူး။ အညံ့စား၊ ဈေးအပေါစား လိုက်ရှာတာပေါ့။ ပြီးတော့ သူက ဒါက အဝတ်အစားဝယ်ဖို့ဆိုပြီး ပိုက်ဆံထပ်ပေးသေးတယ်။ အဝတ်အစားဝယ်တော့လည်း အကောင်းစားတွေချည်းပဲ ဝယ်ဖို့ ပြောတယ်။ ဟ ငါ့မိဘတောင် ငါ့အတွက် အဝတ်အစားတွေ ဒီလောက်ကောင်းတာ ဝယ်မပေးဖူးဘူးပေါ့။ အတော်ကျေးဇူးတင်စရာ ကောင်းပါတယ်။”

ရွှေညဝါဆရာတော်နှင့်စာရေးသူတို့က မိုးညိုသားပြောပြသည့် အဖြစ်အပျက်များကို တအံ့တသြဖြင့် နားထောင်လျက် လိုက်ပါလာခဲ့သည်။ နော်ဝေလမ်းမများက ခပ်ကျဉ်းကျဉ်း ၂ လမ်းမောင်းမျှသာ ရှိသည်။ ကားမြန်နှုန်းများကိုလည်း ထိန်းချုပ်ထားသည်။ တစ်နာရီကို ကီလိုမီတာ ၆ဝ/၇ဝ/၈ဝ နှုန်းသတ်မှတ်ထားသည်က များသည်။ ရေခဲသည့်အချိန်တွင် အန္တရာယ်မဖြစ်အောင် စီမံထားသည်ဟု ထင်သည်။

(၅၆)

နော်ဝေလမ်းမဘေးတွင် ထင်းရှူးတောတန်းများ၊ စိမ့်စမ်းများ၊ ရေတံခွန်များ၊ ရေအိုင်များ များစွာကို တွေ့မြင်ရသည်။ အလွန်လှပသည့်ရှုခင်းများ ပေါများသည့်နိုင်ငံတစ်ခုဖြစ်သည်။ နိုင်ငံရေးအခန်းကဏ္ဍတွင် ဒိန်းမတ်၊ ဆွီဒင်စသည့် အခြားစကန်ဒီနေဗီးယားတိုင်းပြည်များနှင့် အလွန်မကွာခြားလှပေ။ တိုင်းပြည်ကို အေးချမ်းအောင်၊ တည်ငြိမ်အောင်၊ ပြည်သူအများ ကိုယ်ကျန်းမာ စိတ်ချမ်းသာဖွယ်ဖြစ်အောင် စနစ်ကျသော၊ ပညာပါသော ဥပဒေဖြင့် စီမံထားသည်ဟု ဆိုချင်ပါသည်။ အစိုးရအုပ်ချုပ်ရေး၊ တရားစီရင်ရေး အရာရာတွင် ဥပဒေစက် ပျံ့နှံ့သည်။ လမ်းများတွင် ယာဉ်များ မောင်းနှင်ခြင်းကအစ စည်းကမ်းလိုက်နာရသည်။ စည်းကမ်းကို ဖောက်ဖျက်လို့ မရအောင်လည်း တင်းတင်းကျပ်ကျပ် ပြုလုပ်ထားသည်။

မြန်မာနိုင်ငံလမ်းမများတွင်လည်း တင်းကျပ်သော စည်းကမ်းများကို ပြည်သူများကလည်း လိုက်နာဖို့ လိုအပ်ပါသည်။ အစိုးရကလည်း ချမှတ်ထားသော စည်းကမ်းများကို မျက်နှာကြီးငယ်မရွေး၊ အာဏာရှိအာဏာမဲ့ မခွဲခြားဘဲ အရေးယူဖို့ လိုအပ်သည်။ သို့မှသာ အန္တရာယ်ကင်းနိုင်ကြမည်ဖြစ်သည်။ သူတို့လမ်းမများတွင် စည်းကမ်းကို မလိုက်နာဘဲ သက်မှတ်ကီလိုမီတာနှုန်းကို အလွန်ကျော်မောင်းလျှင် အခြားကားများမှ ကားနံပါတ်ကို မှတ်ထားပြီး ရဲကို တိုင်တတ်သည်ဟု ဆိုသည်။ “ဒီနိုင်ငံမှာ ရဲဆိုတာ ပြည်သူပဲ။ ပြည်သူအားလုံးက ရဲတွေပဲ”ဟု ဆိုကြသည်။

လမ်းတစ်လျှောက် တစ်နေရာတွင် ရေဗူးဝယ်ဖို့ရယ်၊ အပေါ့အပါးသွားဖို့ရယ် မားကတ်တစ်ခုအတွင်း ဝင်ကြသည်။ ရွှေညဝါဆရာတော်အကြိုက် ရေခဲမုန့်များ ကပ်လှူသည်။ ဒီဘက်နိုင်ငံများတွင် အများသုံးအိမ်သာများက အများအားဖြင့် သန့်ရှင်းနေတတ်သည်။ သို့သော် မှတ်မှတ်ရရ ထိုစဉ် အိမ်သာအတွင်း အညစ်အကြေးများ ပေကျံနေသည်ကို တွေ့ရသည်။ ထိုအခါ ရဝေနွယ်ဆရာတော် ဂျာမနီလာစဉ်က ပြောဖူးသော စကားများကို အမှတ်ရမိသည်။ ထိုစကားများကို အမှတ်ရမိသဖြင့် အိမ်သာကို သေသေချာချာ ဆေးကြောပစ်လိုက်သည်။

ရဝေနွယ်ဆရာတော်က ဆရာတော်အရှင်ဆန္ဒာဓိက၏ စိတ်နေစိတ်ထား မွန်မြတ်ပုံများကို ပြောပြဖူးသည်။ ဆရာတော်နှစ်ပါး အမေရိကတွင် ရှိစဉ်က အများသုံး အိမ်သာတစ်ခုသို့ ဝင်သည်။ ရဝေနွယ်ဆရာတော်က ပထမဝင်သည်။ အိမ်သာက ညစ်ပတ်နေသည်။ အဝတ်စုတ်၊ တစ်ရှူးစုတ်များနှင့် ပြည့်နေသည်။ ဆရာတော်က ရွံ့ရှာသဖြင့် ပြန်ထွက်လာခဲ့သည်။ ဦးဆန္ဒာဓိက ဝင်မည်ပြုသောအခါ မသန့်ရှင်းကြောင်း ပြောပြသည်။ ဆရာတော်က ဆက်ဝင်သွားသည်။ ပြီးတော့ သူ့လက်ဖြင့် အိမ်သာခွက်အတွင်းက အညစ်အကြေးများကို သန့်ရှင်းပစ်လိုက်သည်။ သူလက်ဆေးသည့်အခါ ဆပ်ပြာတိုက်ပြီး ရဝေနွယ်ဆရာတော်ကို ခေါ်ပြီး ရေလောင်းခိုင်းသည်။ နှုတ်မှလည်း “ဤကောင်းမှုသည် နိဗ္ဗာန်၏အထောက်အပံ့ဖြစ်ပါစေ”ဟု ရွတ်ဆိုသည်။ ဤတစ်ချက်တည်းနှင့်ပင် ဆရာတော်ကို ကြည်ညိုစိတ်ဝင်မိခဲ့သည်။

(၅၇)

နော်ဝေနိုင်ငံတွင်လည်း အရက်သမားလိုင်စင်၊ ဘိန်းစားလိုင်စင်များ ရှိသည်။ ဒိန်းမတ်နိုင်ငံစနစ်နှင့် တူသည်။ နော်ဝေနိုင်ငံသားများတွင် နိုင်ငံသားစိစစ်ရေးခေါ် နံပါတ် ၁၁ လုံးစီ ရှိကြသည်။ အရက်သမားလိုင်စင်၊ ဘိန်းစားလိုင်စင်သမားများအဖြစ် မှတ်ပုံတင်ပြီးသည်နှင့် နံပါတ် ၁၁ လုံး ပြုတ်သွားသည်ဟု ဆိုသည်။ သဘောက နံပါတ် ၁၁ လုံးရှိမှသာ မဲပေးရာတွင်လည်းကောင်း၊ အခြားအခြားသော လူမှုရေးဆောင်ရွက်ခြင်းများကို လုပ်ကိုင်ရာတွင်လည်းကောင်း တရားဝင်ဖြစ်နိုင်သည်။ နံပါတ် ၁၁ လုံးမရှိပါက မည်သည့်အရာမျှ တရားဝင်မဖြစ်နိုင်တော့ပါ။
ပုံမှန်သာမန်လူသားများကို ပေးထားသောအခွင့်အရေးများ ရုပ်သိမ်းလိုက်သည်ဟု ဆိုနိုင်သည်။ သို့ရာတွင် သတ်မှတ်ထားသည့်ဥပဒေအတိုင်း စားစရာ၊ နေစရာနှင့် သုံးစရာကိုတော့ အစိုးရက ထောက်ပံ့ပေးထားသည်။ တစ်ခုတော့ ရှိသည်။ ရာဇဝတ်မှုတစ်ခုခု ကျူးလွန်လျှင်ကား အစိုးရက အထောက်အပံ့မပေးတော့ဟု ဆိုသည်။ အရက်သောက်ချင်လား … သောက် … ကြိုက်သလောက် သောက်။ ဘိန်းစားချင်သလား … စား … ဒါပေမဲ့ ဒုစရိုက်တော့ မလုပ်နဲ့ဆိုသော သဘောပင်ဖြစ်သည်။

သို့ဆိုလျှင် ဘိန်းစားလိုင်စင်ရသူတစ်ယောက် ဒုစရိုက်ကျူးလွန်သဖြင့် အစိုးရအထောက်အပံ့ ရပ်ဆိုင်းသွားပြီဆိုပါစို့။ သူ့ကို မည်သူက ထောက်ပံ့ပေးမည်နည်း။ သူ့အတွက် ထွက်ရပ်လမ်းတစ်ခုသာ ရှိတော့သည်။ ယင်းမှာ တောင်းရမ်းစားသောက်သူအဆင့် ဖြစ်သည်။ တောင်းစားသူများလည်း အထင်သေး၍ မရပါ။ တစ်ခါတစ်ရံ တစ်နေ့လျှင် ဒေါ်လာ ၁၅ဝ ခန့် ရသည်ဟု ဆိုသည်။

၁၁ နာရီခန့်တွင် ကားလေးက အိမ်တစ်အိမ်ရှေ့ ရောက်သည်။ အိမ်ထဲမှ မြန်မာဒကာဒကာမများ ထွက်လာပြီး ပြုံးရွှင်စွာ ဆီးကြိုကြသည်။ သံဃာတွေ့ရခဲသည့်ဒေသဖြစ်သည့်အတွက် အလွန်ပျော်နေပုံရသည်။ အင်တာနက်သတင်းများတွင် အမြဲပါလာတတ်သော ရွှေညဝါဆရာတော်ကို ဖူးတွေ့ရသည့်အတွက်လည်း ပိုမို ပျော်နေကြပုံရသည်။

ဆရာတော်က ဝေးလျက်နဲ့နီးသောသူ၊ နီးလျက်နဲ့ဝေးသောသူများအကြောင်းကို ဟောသည်။ နော်ဝေလို နိုင်ငံမျိုးတွင် ရောက်နေရသော်လည်း မိမိတို့၏ အမျိုးဘာသာသာသနာကို မမေ့ပျောက်ကြသူများသည် ဝေးလျက်နဲ့နီးသောသူများ ဖြစ်ကြပြီး မြန်မာလို နိုင်ငံမှာ နေပြီး အမျိုးဘာသာသာသနာကိစ္စများကို မေ့ထားကြသူများသည် နီးလျက်နဲ့ဝေးသောသူများ ဖြစ်သည်ဟု ဖွင့်ဆိုသည်။

ဆက်လက်ဖော်ပြပါမည် …
အရှင်ကုသလသာမိ (အတည်မဲ့)
www.facebook.com/ashinkusalasami

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်