ကိုသန်းလွင် – ပညာရေးမူဝါဒ

December 4, 2014

 

ကိုသန်းလွင် – ပညာရေးမူဝါဒ

(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၄

(၁)

အမေရိကန်အစိုးရ ပညာရေးဝန်ကြီး ဒန်ကင်က ယမန်နှစ်ဒီဇင်ဘာ ၃ရက်နေ့တွင် နိုင်ငံ ၆၁နိုင်ငံမှ ကျောင်းသား များ ပါဝင်ဖြေဆိုရသောစာဖတ်စွမ်းအား၊ သိပ္ပံနှင့် သင်္ချာဘာသာရပ်များတွင် အမေရိကန်ကျောင်းသားတွေ၏ အဆင့် မှာ အလယ်လတ်တန်းစားသာဖြစ်သည်ဟုပြောကြားခဲ့သည်၊ PISA – Program for International Student Asscssment ခေါ်စားမေးပွဲ တွင် ရှန်ဟိုင်းမှ တရုပ်ကျောင်းသားများက ပဌမ စွဲသည်၊ ၀န်ကြီးက အမေရိကန် ကျောင်းများ၏ စာသင်ကြားမှုအခြေအနေမှာ စိတ်ပျက်စရာကောင်းသည်ဟု ဆိုလိုက်သည်၊

သမတကြီးဘွတ်ရှ် လက်ထက်က NCLB No Child left behind ခေါ်ပေါ်လစီတခုချမှတ်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ် ရောက် လျင်ကျောင်းသားတိုင်း စာရေးစာဖတ်တော်ရမည်၊သင်္ချာတွင် အများထက်တော်ရမည်ဟု သမတ ကဥပဒေ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်၊ သမတ အိုဘားမား လက်ထက်တွင် ဒေါ်လာ ၄ ဘီလီယမ် သုံးစွဲပြီး တကမ္ဘာလုံး ဗိုလ်စွဲရမည်ဟု Race to the top ပရိုဂရမ်ကို ချမှတ်ခဲ့သည်၊

ဘယ်လိုအားပေးမှုတွေဘဲလုပ်လုပ် သက္ကရာဇ် ၂၀၀၀ ဆီမှစပြီး အမေရိကန်ကျောင်းသားတွေ၏အခြေအနေမှာ တိုးတက်မလာခဲ့ပေ၊ ရှန်ဟိုင်းကျောင်းသားက ဗိုလ်စွဲပြီး စင်္ကာပူ၊ အက်စတိုးနီးယား၊ပိုလန်၊ အိုင်ယားလန်နှင့် အခြားနိုင်ငံများစွာ နောက်ကကပ်လိုက်ချိန်မှာအမေရိကန်ကျောင်းသားကအဆင့် ၂၉ လိုက်သည်၊ ကျောင်းသား တွေ၏ ပညာရေးအခြေအနေဤမျှ ဆိုးရွားနေလျင် နိုင်ငံတော်စီးပွားရေးကို ထိခိုက်လာလိမ့်မည်ဟု စိုးရိမ်သူတို့ က စိုးရိမ်ကြသည်၊

ဘွတ်ရှနှင့် အိုဘားမားတို့ ပေါ်လစီမှာ အလုပ်မလုပ်ဟု ကောက်ချက်ချရန်ရှိသည်၊ အမေရိကန် ဥပဒေအရ အစိုးရသည် ကျောင်းများ၏ သင်ရိုးညွှန်းတမ်းကို ဘာတွေပါရမည်၊ ဘာတွေမပါရဟုစွက်ဖက်၍မရပေ၊ ကျောင်း သားတွေ၏ Common Core Standard ခေါ် ရှိသင့်ရှိအပ်သော အရည်အချင်းတွေ ရှိမရှိ စမ်းသပ်သော စာမေးပွဲတွေ ကျင်းပနိုင်ရန် သမတကြီး အိုဘားမား ကဘတ်ဂျက်ချပေးရုံသာတတ်နိုင်သည်၊ နယူးရော့ စတိတ်တွင် ကျောင်းသား ရ၀ ရာနှုံးက ထိုစာမေးပွဲကို မအောင်မြင်ကြပေ၊

၁၉၈၃ သမတ ရိုနယ်ရီဂင် လက်ထက်က A Nation at Risk ခေါ်ရီပို့တခုထွက်လာဘူးသည်၊ အန္တရာယ်ရှိသော နိုင်ငံဟု အဓိပ္ပါယ်ရသည်၊ ထိုရီပို့က သင်ရိုးညွှန်တမ်းကို ပိုမိုပြည့်စုံစေရေး၊ ကျောင်းဆရာတွေ လခ တိုးပေးရေး၊ စာသင်ချိန်ကို ပိုမို ရရှိစေရေး စသည့်ပြုပြင်စရာတွေကို ဆော်သြခဲ့သည်၊ ထိုရီပို့ကဆော်သြသဖြင့် အမေရိကန် ကျောင်းတွေမှာ Test Score ပိုမိုကောင်းရေးရောဂါတွေတက်ခါ အကြံအိုက်ခဲ့ကြသော်လည်း အဖြေမှာ ဒုံရင်း ကမတက်ခဲ့ပေ၊

အကယ်၍နိုင်ငံခြားတိုင်းတပါးက လာပြီး သင်ရိုးညွှန်းတန်းကို ကပျက်ကယက်လုပ်ခါ ကလေးတွေ၏ အညွန့်ကို ၇ိုက်ချိုးဘို့ကျိုးစားတာဟုဆိုလျင် ထိုလုပ်ရပ်မှာ စစ်ကျေညာသည်နှင့် အတူတူပင်ဖြစ်သည်၊ ကော်မီရှင်က အမေရိကန်တွေသည် မိမိ ကိုယ်ကို ဖျက်ဆီးနေကြသောကြောင့် အခြားသောနိုင်ငံတွေက ကျော်တက်သွား ကြပြီ ဟုမှတ်ချက်ချသည်၊ ဂျပန်တွေက ပိုမိုကောင်းမွန်သော ကားတွေကို ထုတ်လုပ်နေကြပြီး သူတို့အစိုးရက ထိုသို့ထုတ်လုပ်ရန်နှင့်၊ နိုင်ငံခြားသို့ပို့ရန် အကူအညီတွေပေးနေသည်၊ တောင်ကိုးရီးယားမှာ ကမ္ဘာတွင် အဆင့် အမြင့်ဆုံး သံမဏိစက်ရုံတွေကို တည်ဆောက်နေကြပြီး ဂျာမာန် စက်သုံးပစ္စည်းတွေက အမေရိကန် ပစ္စည်းတွေ ထက်သာသွားပြီ ဟုဆိုကြသည်၊

၁၉၆၄ ခုနှစ်က Test တခုတွင် အမေရိကန် ကျောင်းသားက နောက်ဆုံး ၁၂ နိုင်ငံတွင်ပါဝင်နေသည်၊ ရှစ်တန်း ကလေးတယောက်မှာ သူ့နောက်တွင် တနိုင်ငံသာရှိတော့သည်၊ ထို့နောက်အနှစ် ၅၀ အတွင်းတွင် အမေရိကန် စီးပွားရေး ထုတ်လုပ်မှု၊ စစ်တပ်စွမ်းရည်၊ စက်မှုတီထွင်ကြံဆမှု များတွင် ကမ္ဘာရှေ့တန်းသို့ရောက်လာခဲ့သည်၊ ထို့ကြောင့် ၁၅ နှစ်အရွယ် ကျောင်းသားတယောက်၏ Test Score သည် တိုင်းပြည်၏ စက်မှု တီထွင်လုပ်ကိုင် နိုင်မှုကို ထိခိုက်မှု ရှိပါသလားဟုတွေးစရာဖြစ်လာခဲ့သည်၊

၁၉၈၉ခုနှစ်တွင် ပဌမ ဘွတ်ရှ် စီနီယာက နိုင်ငံတလွှားမှ မြို့တော်ဝန်အားလုံးကို အစည်းအဝေးခေါ်ယူပြီး သက္ကရာဇ် ၂၀၀၀ တွင်ဖြည့်စည်းရမည့် ပညာရေးရည်မှန်းချက် ၆ ချက်ချပေးခဲ့ရာ အမေရိကန်ကျောင်းသား တွေ၏ Test Score သည် ကမ္ဘာတွင် ပဌမ ရရမည်ဟု ပါဝင်ခဲ့သည်၊ ဗဟိုအစိုးရမှာ ကျောင်းများ၏ ပညာ ရေးရာကိစ္စများကို ထိထိရောက်ရောက် ပါဝင်စွက်ဖက်ပိုင်ခွင့် မရှိဟုဆိုခဲ့ပါပြီ၊ ဒေသဆိုင်ရာ တာဝန်ရှိသူများသာ မိမိနယ်ပယ်အတွင်း ပညာရေး ကိစ္စများကို စီမံခန့်ခွဲရသည်၊ အစိုးရက အသုံးစားရိတ်၏ ၁၀ % ကိုပေးသည်၊ NAEP National Assessment Of Educational Progress ခေါ်အစီအစဉ် တခုကို ချမှတ်ပေးခဲ့ပြီး နယ်ပေါင်းစုံက ကျောင်းသား တွေ၏ အရည်အသွေးတိုးတက်မှုကို  စောင့်ကြည့် ဆန်းစစ်ကြသည်၊

တကယ်တော့ ကျောင်းသားတွေ၏ Test Scoreခေါ် စာမေးပွဲရမှတ်မှာ တိုင်းပြည်၏စီးပွားရေးတိုးတက်မှုနှင့် ဆက်စပ်မနေပါ၊ သမတ အဆက်ဆက်က သူတို့နာမည်ကျန်ခဲ့စေရန် အစီအစဉ်တွေ အမျိုးမျိုး ချခဲ့ကြသော် လည်း မှတ်မှတ်ရရ အောင်မြင်မှုမရရှိခဲ့ကြပေ၊

(၂)

အမေရိကန်ပညာရေးစံနစ်ကိုဝေဖန်နေကြသည့်နည်းတူ တရုပ်တို့၏ပညာရေးစံနစ်မှာလည်း ဝေဖန်ခံနေကြရ သည်၊ တရုပ်ပြည်တွင် အကောင်းဆုံးပညာရေးစံနစ်ရှိသည်၊ အဘယ့်ကြောင့်ဆိုသော် စာမေးပွဲများတွင် တရုပ် ကျောင်းသားများက ဗိုလ်စွဲကြသောကြောင့်ဖြစ်သည်၊ အချိန်တည်းမှာပင် တရုပ်ပြည်တွင် အဆိုးရွားဆုံး ပညာ ရေး စံနစ်ရှိသည်၊ အဘယ်ကြောင့်ဆိုသော် တရုပ်ကျောင်းသားများသည် ထိုသို့ကောင်မွန်သော Test Result တွေရရန် သူတို့၏ ဖန်တီးနိုင်စွမ်းအား ( Creativity) ပုံစံစုံ ချဲ့ထွင်တွေးခေါ်ခြင်း ( Divergent Thinking) အခြေခံကျကျ တွေးခေါ်တတ်ခြင်း စသောကောင်းသည့်အလေ့အကျင့်များ ကိုအဆုံးရှုံးခံနေကြရသည်၊ ကျောင်းသားတဦးသည် နှစ်မျိုးလုံး သင်ကြား မတေတ်မြောက်နိုင်ပေ၊ Rote Learning သည် စာမေးပွဲတွင် အမှတ်များများ ရစေနိုင်သော်လည်း လွတ်လပ်စွာ တွေးခေါ်ခြင်း အကျင့်ကို ဆိတ်သုန်းစေသည်၊ ကွန်ဖြူးရှပ် အတွေးအခေါ် သင်ကြားပြသချက်များသည် အနှစ် နှစ်ထောင်ကျော် သက်တန်းရှည်ခဲ့ပါပြီ၊

တရုပ်တို့သည် ထို နှစ်ပေါင်း နှစ်ထောင်ကျော်ကာလတလျောက်လုံး ဗဟိုက ထုတ်သော မေးခွန်းတွေကို ဖြေဆိုခဲ့ ကြပါသည်၊ ထိုစာမေးပွဲများကိုအောင်မြင်မှသာ သိက္ခာရှိသော ရာထူးဂုဏ်ရှိန် ရှိသော ပညာတတ် တယောက် ဖြစ်လာပြီး အစိုးရ၀န်ထမ်းလုပ်ခွင့်ရကြသည်၊ Test Score ကောင်းသော နိုင်ငံများစွာတို့တွင် ဟောင်ကောင်၊ စင်္ကာပူ၊ တိုင်ဝမ်၊ မက်ကာအိုနှင့် ဂျပန်နိုင်ငံတို့ပါဝင်ကြပါသည်၊ သူတို့စာမေးပွဲများတွင် ကွန်ဖြူးရှပ်၏ ဂန္တ၀င် လက်ရာများ၊ အလွတ်ကျက်မှတ်ထားမှသာ ဖြေဆိုနိုင်သောမေးခွန်းတွေပါဝင်ပါသည်၊

    ( Meritocracy) ခေါ် ဥာဏ်ရည်အလိုက် ရာထူးနေရာချထားခြင်း ဓလေ့ကို ဂျပန် ကိုးရီးယား၊ ဗီယက်နမ် နိုင်ငံတွေမှာ ကျယ်ကျယ် ပြန့်ပြန့်သုံးစွဲကြသည်၊

တရုပ်ပြည်ကြီးသည် ထင်ရှားသော ပစ္စည်းပေါင်းစုံကို တီထွင်ရာနိုင်ငံဖြစ်သည်၊ စက္ကူ၊ ယမ်း၊ ကွန်ပတ်(စ) လက်နှိပ်စက် စသည်တို့ကို တရုပ်ပြည်တွင် တီထွင်ခဲ့ကြသည်၊ တရုပ်ပြည်ပညာရေးစံနစ်ကြီးက ဟန့်တားထား သောကြောင့် တရုပ်တို့သည် ကွန်ပတ်(စ) ကိုသုံးပြီး ဗတ်စကို ဒဂါးမား၊ ကိုလန်ဘတ်(စ) တို့ကဲ့သို့ ပင်လယ်ပြင် သို့ ထွက်ပြီး မစွန့်စားခဲ့ကြသောကြောင့် အင်ပါယာ ပိုင်ရှင်ကြီးများ မဖြစ်ခဲ့ကြရပေ၊ တရုပ်တို့သည် ယမ်းကို မီးရှုးမီးပန်းလုပ်သည့် နေရာ တွင်သာ တွင်ကျယ်အောင် သုံးတတ်ခဲ့ကြသည်၊ ယမ်းဖြင့် ခေတ်မှီ လက်နက်တွေ မတည်ဆောက်နိုင် ခဲ့ကြပေ၊ ယမ်းကို လက်နက်အသစ် အဆန်းအဖြစ် တီထွင်ခြင်းကို အနောက်နိုင်ငံ တွေက စံနစ်တကျ လုပ်ဆောင်ပြီး အင်အားကြီး နိုင်ငံတွေ ဖြစ်လာ ကြသည်၊

တရုပ်တို့၏လက်မှုအတတ်ပညာပိုင်းကျွမ်းကျင်လာမှုများမှာ အင်္ဂလန် နိုင်ငံ၏ စက်မှုတော်လှန်ရေးခေတ်ထက် အနှစ် ၄၀၀ စောခဲ့သည်ဟုဆိုကြပါသည်၊ သို့သော် စာမေးပွဲစံနစ်တွင် အားသွန်ခွန်စိုက် ကျိုးပန်းနေကြရသော ကြောင့် အမြင်မကျယ်သလိုဖြစ်ခဲ့ကြရသည်၊ ထူးချွန်သော ဦးနှောက်တွေမှာ ခေတ်မှီ သိပ္ပံ ပညာကို မလေ့လာ နိုင်ခဲ့ကြပေ၊

စာမေးပွဲစံနစ်က ရိုသေကျိုးနွံတတ်သော အကျင့်ကိုပေးသည်၊ ပါတ်ဝန်းကျင် အလိုကျ ဗိုင်းကောင်းကျောက်ဖိ နေတတ်သောကလေးတွေကို ဖန်တီးပေးသည်၊ စံနစ်ကျပြီး စည်းကမ်းဘောင်အတွင်းမှာ သာနေကာ ပုန်ကန်ခြင်း ချဲ့ထွင်စဉ်းစားခြင်းတို့မှာ လိမ္မာရေးခြားရှိသူ၏အပြုအမူ မဟုတ်ဟု ခေတ်ကြီးက ပညာပေးထား သည်၊ လူတိုင်းက စာမေးပွဲကို ကောင်းသော ဂရိတ်ဖြင့်အောင်မြင်လိုကြသည်၊ ဘုရင်မင်းဆက် အင်ပိုင်ယာ ပိုင်ရှင်ကြီးတွေ အဆက်ဆက်ပြောင်းကြသော်လည်း တရုပ်တို့၏ ရီနေဆန်း ခေတ်ကို မရောက်ခဲ့ကြပေ၊

လွန်ခဲ့သောနှစ်၃၀ အတွင်းတရုပ်ပြည်၏စီးပွားရေး တိုးတက်ခဲ့ရခြင်းမှာ ပညာရေးစံနစ်ကောင်းမွန်ခြင်းကြောင့် ဖြစ်ဟန်မတူ၊ ဈေးကွက်ကို ပြင်ပကမ္ဘာသို့ လွတ်လွတ်လပ်လပ် ဖွင့်ပေးလိုက်ခြင်းကြောင့်သာဖြစ်သည်၊ နိုင်ငံခြားရင်းနှီးမြှုတ်နှံခြင်းကိုလက်ခံခြင်း၊ အနောက်တိုင်းစက်မှုအတတ်ပညာကိုလက်ခံခြင်း၊ အနောက်နိုင်ငံ များသို့ ပညာတော်သင်များစွာစေလွှတ်ခဲ့ခြင်းတို့ကြောင့်သာဖြစ်သည်၊ ဗဟိုထိမ်းချုပ်မှုကို လျော့ပေးလေလေ စီးပွားရေးမှာ တိုးတက်လာလေလေ ဖြစ်သည်၊

တရုပ်ပညာရေးစံနစ်အောက်တွင် ပညာသင်ကြားခဲ့သူတယောက်ကို ဟားဗတ်၊ ယေးလ် တက္ကသိုလ်တို့သို့ပို့ သော်လည်း နိုဗယ်လ်ဆု ရနိုင်သည့် ပညာရှင်တယောက်ဖြစ်မလာနိုင်တော့ဘူး ဟုဆိုကြသည်၊ ၁၉၄၉ ခုနှစ်မှစတင်၍ တရုပ်ပြည်ကြီးတွင် ပညာသင်ခဲ့သူ တဦးတယောက်မျှ နိုဗယ်လ်ဆုကို ရရှိခဲ့သူမရှိဟုဆိုသည်၊

ပညာရေးစံနစ်ကြီးက လူတဦး၏ကြံရညိဖန်ရည်၊ ထိုးထွင်းဥာဏ်တို့ကို ဖျက်ဆီးလိုက်သည်ဟု အလွန်အကျွံ ဆိုသူကဆိုကြသည်၊ တရုပ်ကျောင်းသားတွေ၏ ရည်မှန်းချက်မှာ စာမေးပွဲကို အမှတ်ကောင်းကောင်းနှင့် အောင်မြင်ရေးသာဖြစ်သည်၊ စာမေးပွဲတစ် (Tips) ပေးသောစာအုပ်တွေမှာ ရာထောင်ချီ၍ ပေါ်လာနေကြသည်၊

အနောက်နိုင်ငံတွေက တရုပ်ပြည်ကြီး သူတို့ရှေ့က ကျော်တက်သွားမှာကို စိုးရိမ်သည်ဆိုလျင် မိမိကိုယ်ကို တရုပ်ပြည်လို မဖြစ်အောင်ကာကွယ်ကြရန်သာရှိသည်၊

(၃)

ဤသို့ဆိုလျင် ကျွန်တော်တို့ မြန်မာပြည်သစ်တည်ဆောက်ရေးအတွက် ဘယ်ပုံစံကို မှီးကြရမည်ဟု စဉ်းစား နိုင်ကြပါပြီ၊ ကျွန်တော်တို့သည် စက်မှုလက်မှု ထွန်းကားတိုးတက်နေသော နိုင်ငံကြီးမဟုတ်သလို စီးပွားရေး ဖြစ်ထွန်းနေသည့် နိုင်ငံလည်းမဟုတ်၊ ပညာရေး ပြုပြင်ရေးလုပ်ငန်းတွေ လုပ်နေသည့်တိုင် ပညာရေး ကောင်းမွန်လာခြင်း၏ ရလာဒ်ကို နှစ်ပေါင်းများစွာ စောင့်ပြီးမှ သိကြရမည်၊ တူစရာရှိလျင် ကျွန်တော်တို့ဆီက ပညာရေးစံနစ်မှာ တရုပ်တို့နှင့်သာတူပါလိမ့်မည်၊ ထိုအခါ ဥာဏ်ထက်မြက်သော ထိုးထွင်းဥာဏ်ရှိသော ကလေး တွေမှာ စာမေးပွဲ စံနစ်ကြီး၏ ၀ါးချေခြင်းကို ခံရဘို့ သေချာနေပါသည်၊

အမေရိကန်စံနစ်ကို ပုံတူကူးချခြင်းလည်းမဟုတ်၊ တရုပ် နိုင်ငံ ပညာရေးစံနစ်လည်းမဟုတ် ကြားမှနေသော ပညာရေးကိုရှာဖွေခြင်းလည်းမဟုတ်ဘဲ ကောင်းတာတွေယူ မကောင်းတာတွေပယ်ရန်သာရှိပါသည်၊

ကျွန်တော်တို့ပြုစု ပျိုးထောင်ကြမည့် ပညာရေးစံနစ်တခုတွင် အောက်ပါအချက် ၃ ချက်မှာအရေးကြီးပါသည်၊ ဂလိုဘယ်လိုက် ဇေးရှင်း (Globalization) ခေါ်ကမ္ဘာကြီး၏ ဆက်သွယ်ရေး အသွင်အပြင် ပြောင်းလဲလာပုံ၊ စက်မှုအတတ်ပညာ နှင့် ခေါင်းဆောင်မှုအရည်အချင်း စသည့် အချက် ၃ ချက်တို့ဖြစ်ပါသည်၊

ဂလိုဗယ်လိုက်ဇေးရှင်းဆိုသော စကားသည် တဖြည်းဖြည်းခေတ်စားလာနေပါသည်၊ ကမ္ဘာ့နိုင်ငံများသည် တံခါး ပိတ်ထား၍ မရတော့ပါ၊ နယ်နိမိတ် လိုင်းများသည် မှုံဝါးလာနေပြီး၊ ဆက်သွယ်ရေးကရိယာများမှာ တခုပြီးတခု ပေါ်လာနေကြသည်၊ တနေရာမှ အဖြစ်အပျက်များ၏ သတင်းသည် အခြားတနေရာသို့ ချက်ချင်း ရောက်သွား ပြီး ပြည်သူအများ၏ အမြင်ကို ချက်ချင်း သိနိုင်နေကြပါပြီ၊

နိုင်ငံတခုကချမှတ်လိုက်သော ပေါ်လစီ မှာ အခြား နိုင်ငံများသို့ အကျိုးသက်ရောက်မှုတွေ ရှိလာနေသည်၊ တံခါးပိတ်ဝါဒကို ကာလတာရှည် ကျင့်သုံခဲ့သဖြင့် ကျွန်တော်တို့နိုင်ငံမှာ များစွာနစ်နာခဲ့ကြရသည်၊ ကျွန်တော်တို့သည် နောက်မှအမှီလိုက်ကြရပါမည်၊

စက်မှု Technology ကိစ္စများတွင် အင်တာနက်အကြိုခေတ်များနှင့်စာလျင် ယခုအခါ အလွန်ပုံစံပြောင်း လဲနေ ပါပြီ၊  Computer Software များကို ကျောင်းသားတွေတတ်ဖို့လိုပါသည်၊ ကျွန်တော်တို့သည် ပညာရေးဝန်ကြီး ဌာန လက်အောက်တွင်၊ အင်တာနက်ဌာနကြီးတခုတွေ့မြင်လိုပါသည်၊ ကျောင်းများတွင် အင်တာနက်တတ်ဆင် ရေး နှင့် စာကြည့်တိုက်တွေ ထားရှိရေးအဆွက် ဘတ်ဂျက်ကို အလုံအလောက်ချပေးကြရပါမည်၊

ပဌမ တိုင်းမြို့ကြီးများမှ ကျောင်းများ၊ ထို့နောက် ခရိုင်၊မြို့ ကျေးရွာစသည်ဖြင့် ကျောင်းသားတိုင်း အင်တာနက်ကို ဆက်သွယ်နိုင်ရေးကိုထိုဌာနကြီးက တာဝန်ယူဆောင်ရွက်ပေးရပါမည်၊ ကျောင်းသားတယောက်သည် အင်တာ နက်ကို ကောင်းမွန်စွာ အသုံးချတတ်ပြီ ဟုဆိုလျင် ၄င်းရှေ့ရေးမှာ အတော်အတန် စိတ်အေးရပါပြီ၊ မြန်မာပြည် ကျေင်းအားလုံးမှ ကျောင်းစာကြည့်တိုက်များမှာ ကျောင်းသားတိုင်းသွားနိုင် အင်တာနက် အသုံးပြုနိုင်သော နေရာဖြစ်သင့်သည်၊

ကျွန်တော်သည် တခါတုံးက ပညာတတ်လူငယ်ကလေးများသည် ကားတွေ၊ မီးရထားတွေ လှည်းတွေစီးကာ ပြည်သူတွေကြားသို့အရောက်သွား၍ အ သုံးလုံးစီမံကိန်းကို အကောင်အထည်ဖေါ်ခဲ့ကြတာကို သွားပြီးသတိရ မိသည်၊ ယခုအင်တာနက်စီမံကိန်းမှာ ကွန်ပျူတာ ကို ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်တတ်သော ကျောင်းသား လူငယ်များက ဦးဆောင်ခါ ၀ါယာကြိုးခွေ၊ ကွန်ပျူတာတွေ ၀ိုင်ဖိုင်ကရိယာတွေ ကိုင်ဆောင်ခါ တိုင်းပြည်နေရာ အနှံ့ သွားပြီး အင်တာနက် ဆက်သွယ်ရေးကိစ္စတွေကို စီမံကိန်းချ လုပ်ဆောင်ကြရန်ဖြစ်ပါသည်၊

အင်တာနက်စီမံကိန်း၏ဦးတည်ချက်မှာ မြန်မာနိုင်ငံရှိကျောင်းအားလုံး အင်တာနက် အသုံးပြုနိုင်ရေးပင်ဖြစ် သည်၊ ရန်ကုန် တက္ကသိုလ်ကြီးများတွင် မြန်ဆန်သော အင်တာနက်လိုင်းကို ချိတ်ဆက်ပြီး ကျောင်းသားများ ပညာရေးတွင် အင်တာနက်ကို သုံးနိုင်ကြရမည်၊ စင်္ကာပူ အမျိုးသားတက္ကသိုလ် စာကြည့်တိုက် အသင်းဝင် ကျောင်းသားများမှာ ကမ္ဘာတလွှား ဘယ်နေရာကထုတ်ထုတ် သုတေသန စာစောင်များစွာကို ဖတ်နိုင် Download လုပ်နိုင်အောင်စီစဉ်ပေးထားသည်၊ နိုင်ငံတော်အစိုးရ၏ တာဝန်မှာ ထို အင်တာနက် လိုင်းတွေ ကောင်းမွန်မြန်ဆန်နေအောင် လိုအပ်သော Infrastructure ကို ဖန်တီးပေးရန်ပင်ဖြစ်သည်၊

နောက်ဆုံးအချက်ဖြစ်သည့် ခေါင်းဆောင်မှုစွမ်းရည်ဆိုသည်မှာ သင်ရိုးညွှန်းတန်းတခုရေးဆွဲနိုင်လောက်အောင် ပညာရျင်များ လေ့လာထားခဲ့ကြပြီးဖြစ်ပါသည်၊ အထက်တန်းကျောင်းမဟုတ်လျင် တက္ကသိုလ်များ သင်ရိုး ညွှန်းတန်း တွင် ထည့်သွင်း၍ ရပါပြီ၊ ကလေးတယောက်ကို ခေါင်းဆောင်ကောင်းဖြစ်လာအောင် စာသင် ကျောင်း တွေကဘဲ သင်ကြားပို့ချပေးကြရပါမည်၊ မြန်မာကျောင်းတွေက အချေအတင်စကားပြောခြင်း            (Debate) လုပ်တတ်အောင်သင်မပေးပါ၊ ဆရာကသင်ကြားပို့ချသည်ကို ကျောင်းသားက ရိုသေကျိုးနွံစွာ လိုက်နာ မှတ်သား ကြရပါသည်၊ ဆရာပြောတာကို မေးခွန်းထုတ်၍ ကျောင်းသားက တီထွင်တွေးတော ကြံဆတတ် ရန်သင်ကြားမပေးလိုက်ပါ၊

အရိုးစွဲနေသော ဤစံနစ်ကိုစွန့်ပယ်သင့်ပါသည်၊ ကျောင်းသားကမေး ဆရာကဖြေ၊ကျောင်းသားအချင်းချင်းမေး ဆရာကဦးဆောင်ပေးသော အကျင့်ကို သင်ကြားပေးသင့်ပါသည်၊ မြန်မာတို့၏ စကားရည်လုပွဲမှာ တယောက် တကြိမ် စဉ်မြင့်သို့တက်ခါ စကားပြောကြရခြင်းဖြစ်ပါသည်၊ ကျောင်းသားအားလုံး စဉ်မြင့်သို့တက်ခါ ဆရာက ဦးဆောင် Moderate လုပ်ပေးသော အလေ့အကျင့်ကို ပြောင်းသင့်ပါသည်၊ လူတို့သည် အုပ်စု အဖွဲ့အစည်းနှင့် အလုပ် လုပ်တတ်ကြရန်လိုပြီး ဆွေးနွေးညှိနှိုင်း အဖြေရှာသော အကျင့်ကို ကျောင်းတွေ ကိုသင်ကြားပေးလိုက် စေချင်ပါ သည်၊

(၄)

ဤသို့ဖြင့် ချုပ်ချယ်မှုမရှိ ကျောင်းသားစိတ်တိုင်းကျလွှတ်ပေးထားသော အမေရိကန် ပညာရေးစံနစ်၏အစွန်း တပါး၊ ချုပ်ချယ်မှုတွေနေရာတကာမှာရှိပြီး ဆရာတို့အလိုကျ ပုံသွင်းပေးသော အရှေ့တိုင်းမှ ပညာရေးအစွန်း တပါးတို့မှ ရှောင်ကျဉ်ကြရပါမည်၊ ပညာရေးစံနစ်၏ဦးတည်ချက်မှာ  တွေးခေါ်နိုင်သော၊ ပျော့ပြောင်းသော (Flexible) စာရိတ္တ ကောင်းမွန်သော ခေါင်းဆောင်ကောင်းတွေကို မွေးထုတ်ကြရန် ဖြစ်ပါသည်၊

 

Xxxx ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, သတင်းဆောင်းပါး

One Response to ကိုသန်းလွင် – ပညာရေးမူဝါဒ

  1. Catwoman on December 6, 2014 at 8:53 am

    Saya
    You are asking for the moon. In order to have internet everywhere, the country needs electricity first. Actually, education system in the US is very good. Who makes up the tests and the scores? Kids in us are train to think critically. They are given an opportunity to create thing and work on projects on their own. I would rather have it than memorize everything and score good on a test and be like a robot.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်