ဖိုးထက် – မရှက်နိုင်တဲ့ အုန်းထမင်း တစ်ပွဲ

December 6, 2014

 

ဖိုးထက် – မရှက်နိုင်တဲ့ အုန်းထမင်း တစ်ပွဲ

(မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၄

 

လေယာဉ်ကွင်းကိုဆင်းဖို့ ကျွန်တော် ကားငှားတော့ ရှစ်နာရီ။ လေယာဉ်က ဆယ်နာရီ မတ်တင်းမှ ထွက်မည်။ လမ်းမှာ ကားပိတ်တာ အလွန်ဆုံး ရှိမှ လေးဆယ့် ငါးမိနစ်၊ အေးအေး ဆေးဆေးမှီပါတယ်ဟု ခပ်ပေါ့ပေါ့တွေးခဲ့ခြင်း ဖြစ်သည်။ လမ်းမှာ ကားမပိတ်ပါ။ သို့သော် ကားသမားနှင့် လေပေးဖြောင့်ပြီး လ္ဘက်ရည်ဝင်သောက်လိုက်မိသည်။ ကားသမားဆီမှ ကွမ်းတစ်ယာ တောင်းစားမိကာမှ ကိုယ်တော်ချောက “ကွမ်းလေးတော့ လက်ဆောင် ထည့်ပေးစမ်းပါရစေ။ ခင်ဗျားလေယာဉ်မှီစေရမယ် စိတ်ချစမ်းပါ” ဆိုသောကြောင့် ကွမ်းဝယ်ချိန် ပုပ်သွားပြန်သည်။ လေယာဉ်ကွင်းကို ရောက်တော့ ကိုးနာရီ ဆယ့်ငါးမိနစ်။

 

သို့သော် ကိစ္စမရှိ။ သွားဖူး လာဖူး အတွေ့အကြုံရှိသူဆိုတော့ check in ၀င်၊ X Ray ဖြတ်တာတွေမှာ ခပ်သွက်သွက်ပြီးသွားသည်။  ကီလို မပိုအောင် အိမ်ကတည်းက သေသေချာချာ ချိန်တွယ်ခဲ့ပြီးသားဆိုတော့ Airline Chek In ကောင်တာမှာ ဘာစကားမှ မပြောလိုက်ရ။ သူတို့ကိုယ်တိုင်ကလဲ လောနေပြီ။ ပြဿနာက လူဝင်မှု ကြီးကြပ်ရေး အဖြတ်မှာ ဖြစ်လေတော့သည်။ 

 

ခရီးသည်တွေက မြင်မကောင်းလောက်အောင် တန်းစီ စောင့်နေကြသည်။ အလုပ် လုပ်နေသော လူဝင်မှု ကြီးကြပ်ရေး ကောင်တာက သုံး၊ လေးခု ခန့်သာ ရှိသည်။ အထက်အောက် ၀တ်စုံဖြူဝတ် အရာရှိများမှာ ဟိုနား ယောင်ယောင်၊ ဒီနား ယောင်ယောင်။ ခရီးသည်တွေကို ရှိသည်လို့ကို ထင်မြင်ပုံမရ။ ဒါပေမယ့် ကျွန်တော် မပူပင်ပါ။ ကျွန်တော့်မှာ Boarding pass ရပြီးသား။ ထိုင်ခုံနံပါတ် ထွက်ပြီးသား။ မသကာရှိလှမှ လေယာဉ်ပေါ် အရင်ရောက်နေသူတွေ၏ အကြည့် စိမ်းစိမ်းတွေ ခံရရုံသာ။ 

 

လူဝင်မှု ကြီးကြပ်ရေး အရာရှိကို ကျွန်တော့် စာရွက်စာတမ်းများ ထိုးပေးလိုက်သည်။ ပါ့စ်ပို့၊ အလုပ်ခေါ်စာ၊ တစ်ဖက်နိုင်ငံ လူဝင်မှုက ဗီဇာခွင့်ပြုကြောင်း စာရွက်၊ ထွက်ခွာခွင့် ပုံစံ။ ဆရာကြီးက ကျွန်တော့်စာရွက်၊ စာတမ်းများကို ကြည့်ပြီး တစ်ချက် မော့ကြည့်လိုက်သည်။ ပြီးတော့ ရွှေနှုတ်ခမ်းတော် မပွင့်တပွင့်ဖြင့် “အလုပ်သွားလုပ်မှာလား” တဲ့။ “ဟုတ်ကဲ့” လို့ တိုတိုဘဲ ဖြေလိုက်သည်။ “အင်း ခက်တယ်ကွ။ ဒီလို မရဘူးကွ။ ဒါ အလုပ်သမား ၀န်ကြီး ဌာနနဲ့ ဆိုင်သွားပြီ။” ဟု ပြောပြန်သည်။ “ဗုဒ္ဓေါ” ဟု စိတ်ထဲက အသံထွက်မိသည်။ ဘယ်အချိန်ကများ ငါတို့ အလုပ်သမား ၀န်ကြီးဌာနက ဘယ်လို စည်းမျဉ်း စည်းကမ်းတွေများ သတ်မှတ်လိုက်ပြန်လေသလဲလို့ တွေးပူမိသွားသည်။ သို့သော် ကျွန်တော့်ပါးစပ်က စကား တစ်ခွန်းမှ သူ့ကို ပြန်မပြော။ မသိ၊ နားမလည် အလွန်သနားစရာ ကောင်းတဲ့ အကောင်ပါဗျာဆိုသည့် မျက်နှာပေါက် ချိုးလိုက်သည်။

 

“အဆင်ပြေအောင် ကြည့်လုပ်လိုက်ကွာ။ ကိုယ် အဆင်ပြေအောင် လုပ်ပေးလိုက်ပါ့မယ်။” ဟု ကျွန်တော့်ကို ပြီတီတီ မော့ကြည့်ရင်း ပြောသည်။ 

 

ချက်ဆို နားခွက်က မီးတောက်သော အကောင်ပေဘဲ။ တစ်သက်လုံး ဒါတွေနဲ့ လူဖြစ်လာရတဲ့ အကောင်ပေဘဲ။ အဲဒီ လူဝင်မှု ကြီးကြပ်ရေး အရာရှိရဲ့ ဗိုက်ထဲက အူအခွေလိုက်ကို ရည်တွက်ရင်း ပိုက်ဆံအိတ်ထဲမှာ ကျန်နေသေးသည့် မြန်မာငွေ ငါးသောင်းခန့်ထဲမှ ငါးထောင်တန် ခြောက်ရွက်ကို ထုတ်ပြီး ရည်တွက်နေမိသည်။ ပေးလိုက်လျှင် ပြီးပြီ။ လေယာဉ်ကလဲ ထွက်ခါနီးနေပြီ။ မြန်မာငွေ သုံးသောင်းဆိုတာ တစ်ဝိုင်းထိုင်တောင် ရှိတာ မဟုတ်လို့ တွေးမိပြီး ပိုက်ဆံအိတ်ထဲက ပိုက်ဆံကို ဆွဲထုတ်ပြီးခါမှ တွေးမိပြန်သည်။ အခုငါ့ကို တောင်းလို့ ရသွားရင် နောက်လူတွေကို တောင်းတော့မှာ။ ဒီလူတွေ ဒါတွေနဲ့ အကျင့်ပျက်သထက် ပျက်လာတော့မှာ။ စည်းမျဉ်းစည်းကမ်းကို သေသေချာချာ မထုတ်ပြန်၊ သိအောင် မပြောထားဘဲနဲ့ ပြီးမှ ကတွတ်ဝ ဗျိုင်းစောင့်သလို ပိုက်ဆံ တောင်းတောင်းလွှတ်နေရင် အတော် မတရားတဲ့ ကိစ္စလို့ တွေးမိသောကြောင့် ကိုင်း…ဖြစ်ချင်ရာ ဖြစ်စေ။ လေယာဉ်က မစောင့်နိုင်လဲ မလိုက်ရုံ ရှိသာပေါ့ဟယ်။ နောင်ခါလာ နောင်ခါဈေးဟု မျက်နှာကို ခပ်တင်းတင်း ပြင်လိုက်ရင်း သူမြင်သာအောင် ပိုက်ဆံကို အိတ်ထဲသို့ ပြန်ထည့်ပြလိုက်သည်။ 

 

“အဆင်မပြေဘူးဗျာ။ ကျွန်တော် မပေးနိုင်ဘူး။ တစ်ပြားမှ မပေးနိုင်ဘူး။ ကျွန်တော့်ကို လိုအပ်တာသာ ပြော။ အကုန် ကျွန်တော်လိုက်လုပ်မယ်။ ကျွန်တော့်စာရွက်စာတမ်းတွေ အကုန်ပြန်ပေး။ အခု ဘယ်သွားရမလဲဆိုတာသာ ကျွန်တော့်ကို ပြောပါ” ဟု ကျွန်တော်ဆိုတော့ သကောင့်သားကြီးက ဆောင့်ကြီး အောင့်ကြီးဖြင့် စာရွက်တွေ ပြန်ထိုးပေးသည်။ ပြီးမှ ပါးစပ်က မပြောချင် ပြောချင် ပုံစံဖြင့် “အောက်ထပ်မှာ အလုပ်သမား ၀န်ကြီး ဌာန ကောင်တာ ရှိတယ်။ အဲဒီကို သွားလိုက်ပါ” တဲ့လေ။ တယ်….ငါလေ…ဒင်း ပါးမို့မို့ကြီး ဆွဲဖဲ့လိုက်ရ နာတော့မယ်လို့ တွေးကာ လမ်းဘေး ကွမ်းယာဆိုင်သာသာခန့်သာ ရှိသည့် အလုပ်သမား ၀န်ကြီးဌာန၏ ကောင်တာကို ပြေးရသည်။ 

 

တကယ်တော့ ဘာမှ မဟုတ်။ ရည်ရွယ်ချက်က ကောင်းပါသည်။ နိုင်ငံခြားကို ထွက်ပြီး အလုပ်လုပ်မည့် သူများ၏ အချက် အလက်တွေကို မှတ်တမ်းယူထားခြင်းမျှသာ ဖြစ်သည်။ တကယ်ဖြစ်ပြီဆိုမှ လုပ်ခြင်း မလုပ်ခြင်းထက် အခုလိုမျိုး မေးဖော်၊ ပြုဖော်ရတာလေးကိုပင် ကျေးဇူး တင်ရမည်လား မသိပါ။ ကျွန်တော့် အချက်အလက်တွေ ပေး။ “လုပ်ကြဗျ။ လုပ်ကြပါဗျ။ လေယာဉ်ထွက်တော့မယ်ဗျ” ဟု နားပူအောင် တအားဆူတော့ အမြန်ပြီးသွားသည်။ 

 

“အထက်ထပ်က လ၀က အရာရှိကို ဒီကို ရောက်ခဲ့ကြောင်း ဘာစာရွက် ပြရမှာလဲဗျ” ဟု မေးတော့ လူတကာ ၀င်နှိုက်သွားလို့ ရသည့် လက်ကမ်းစာစောင်လေး ပေးလိုက်သည်။ ဒါလေးပြလိုက်ပြီးပြီတဲ့။ ကောင်းလေစွ တကား။ သူ့အရပ်နဲ့ သူ့ဇာတ် အဆင်ကို ပြေလို့။ ခပ်တိုတိုပြောရလျှင် လေယာဉ်လိုင်းမှ မြေပြင်ဝန်ထမ်းတွေက ကျွန်တော်သာ ထိုင်ချလိုက်လျှင် ထမ်းခေါ်ပေးမတတ် လောဆော်ပြီး လေယာဉ်ပေါ်သို့ အရောက်ပို့ပေးကြပါသည်။ Airbus ကြီး တစ်စီးလုံး ကျွန်တော်လာမှ ထွက်နိုင်တာ ဂုဏ်ယူစရာ မဟုတ်ပေမယ့် မတတ်နိုင်ပါ။ အရင်ရောက်ပြီးသား ခရီးသည်တွေကတော့ မျက်စိစိမ်းများဖြင့်။ 

 

ရှိစေတော့။ ကျွန်တော် လုပ်သော ကိစ္စမဟုတ်။ နဂိုကတည်းက ဒီလို ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေ ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးထားပါလျက်နဲ့ လေယာဉ်ကွင်းကို စောစော မလာလျှင် ကျွန်တော့် အပြစ်။ သူ့အချိန်နဲ့ သူ ကွက်တိဖြစ်နေတာကို ငွေဖြင့်ကျော်လွှားသွားလျှင်လဲ ဖြစ်နိုင်သည်။ သို့သော် အထက်က ကျွန်တော် ပြောခဲ့သလို မရေရာ မသေချာသော ဥပဒေတွေ၊ စည်းကမ်းတွေ၊ အမိန့်တွေအပေါ်မှာ ကျွန်တော်တို့ လုပ်စား၊ ကိုင်စား လာကြတာ ရပ်သင့်ကြပြီလို့ ထင်သည်။ ဒါကြောင့် ဘာမဟုတ်တဲ့ ပိုက်ဆံလေး အနည်းငယ်အတွက် ကျွန်တော်က ပြန်ထစ်ခြင်းဖြစ်သည်။ ကျွန်တော် စောဒက တက်သောကြောင့်လဲ လ၀က ကောင်တာကို ကျွန်တော် ပြန်တန်းစီတော့ အခုနက မောင်မင်းကြီးသားမှာ အိမ်သာ သွားချင်သလိုလို၊ လေဘဲ လည်ချင်သလိုလို မျက်နှာဖြင့် လူစားလဲပြီး ထပြေးခြင်း ဖြစ်တန်ရာသည်။ ဒင်းကြီး ဆက်ထိုင်နေရင်လဲ ကျွန်တော်နဲ့ တွေ့ပြီ။ စွာချင်လွန်းလို့ နှုတ်ခမ်းကို စူထားခဲ့ခြင်းကို မြင်သွားဟန် တူ၏။ 

 

ကျွန်တော့် ထိုင်ခုံကို လေယာဉ်မယ်များ အကူအညီဖြင့် ရှာနေစဉ်မှာပင် လေယာဉ်က ပြေးလမ်းပေါ် တက်ဖို့ ဘီးစလှိမ့်သည်။ ကျွန်တော့် ထိုင်ခုံက ပြတင်းပေါက်ဘေး။ သုံးခုံတွဲမှာ အလယ်ခုံနှင့် လျှောက်လမ်းဘက်ခုံမှာက အဖြူ အဘိုးကြီး အဘွားကြီး စုံတွဲ။ (ဆွစ်တွေ။ နောင်မှ သူတို့ နိုင်ငံကူး လက်မှတ်စာအုပ်ကို မသိမသာ ခိုးကြည့်ခြင်း ဖြစ်သည်။) အဘိုးကြီးက သိပ်ကြည်ပုံမရ။ သူတို့ နှစ်ဦးစလုံး ထိုင်ခုံ ခါးပါတ်ဖြုတ်။ မတ်တပ်ရပ်။ အပြင်ကိုထွက်။ ပြီးမှ ကျွန်တော်က ပြတင်းပေါက်ဘေးဆုံး ခုံကို ၀င်ထိုင်။ ဒီလောက်တော့ ရှိမှာပေါ့။ ဘတ်ဂျက်အဲယားလိုင်း လာစီးပြီး ဒီလို ထရ၊ ထိုင်ရတာကို လာကြီးကျယ်လို့ ရမလားဗျလို့ ဟူသော စကားကို အင်္ဂလိပ်လို ဘယ်လို ပြောရပါ့လို့ စိတ်ထဲမှာ တွေးထားသည်။ လ၀က အရာရှိ ကို ဂျီကျချင်နေတာ ခင်ဗျားတို့ စုံတွဲအပေါ် ရောက်သွားမယ်နော် ဟင်း..ဟင်း ဟု တွေးပြီး အဘွားကြီးကို လှည့်ကြည့်လိုက်တော့ အလွန်ချိုသော အပြုံးဖြင့် ကျွန်တော့်ကို ကြည့်နေသည်။ Relax…relax..be cool…it’s Ok တဲ့။ ဟုတ်ပေတာဘဲ။ ကျွန်တော့်မျက်နှာက စူပုပ်နေဟန်တူသည်။ အဘွားကြီးကို ပြန်ပြုံးပြလိုက်သည်။ 

 

လေယာဉ်ပြေးလမ်းပေါ်မှ လေယာဉ်ခွာလာတာ။ ရန်ကုန်မြို့ကြီးကို အပေါ်စီးမှ မြင်ရတာ။ ရန်ကုန်မြစ်ကြီးထဲမှာ ဦးစံလင်းနဲ့ နဂါးတွေများ တွေ့လေမလားဆိုသည့် စိတ်ဖြင့် ကြည့်နေမိတာ စသည့် အရသာများဖြင့် ခံစားနေစဉ်တွင် နှာခေါင်းထဲသို့ ထမင်းပူပူကို အုန်နို့ဆမ်းထားသည့် အနံ့ဝင်လာသည်။ ငယ်ငယ်က စားနေကျ အုန်းထမင်းအနံ့။ ဗိုက်ဆာသွားသည်။ ခုနက အထက်တက်လိုက်၊ အောက်ဆင်းလိုက်၊ ဒေါသထွက်လိုက်၊ ပူပန်လိုက် ဖြစ်နေသောကြောင့်ထင့်။ လမ်းမှာ အငှားကားသမားနှင့် ၀င်သောက်လာသည့် တစ်ခွက်တစ်ပွဲက ဘယ်ချောင် ရောက်သွားသည် မသိ။ သို့သော် ကျွန်တော့် လက်မှတ်မှာက အစားအသောက်မပါ။ ဒီလေယာဉ်က ဘတ်ဂျက် အဲယားလိုင်း ။ သပ်သပ် ၀ယ်စားလို့တော့ ရသည်။ ထမင်း တစ်ပွဲ၊ ရေတစ်ဗူးဆိုလျှင် ဒေါ်လာ နှစ်ဆယ်လောက် သုံးရမည်။ ကျွန်တော် အဲဒီလောက် မချမ်းသာပါ။ စားမယ်ဆို စားလို့ရပေမယ့် သုံးနာရီ ခရီးလေးကို မစားရ၊ မသောက်ရလဲ ဘာမှ ဖြစ်တာ မဟုတ်။ အသက်နဲ့ အဝေးကြီးဟု တွေးမိသည်။ 

 

လူ့စိတ်ဆိုတာ တားလေ ကြွလေ ဖြစ်သည်။ ဘယ်လိုပင် တွေးထားသော်လည်း အုန်းထမင်း အနံ့ ဘယ်က လာသလဲ ဆိုတာ စူးစမ်းချင်စိတ်ဖြင့် ဘေးဘက်ကို လှည့်ကြည့်လိုက်တော့ ဆွစ်ဇာလန် အဘိုးကြီး အဘွားကြီး စုံတွဲအတွက် လေယာဉ်မယ်က စားစရာတွေ လာပို့နေတာပါလား။ သူတို့ကတော့ လက်မှတ်မှာ အစားအသောက်အတွက်ပါ ရှင်းပြီးသား ဖြစ်ဟန်ရှိသည်။ ကံများ ဆိုးချင်တော့ ဗိုက်ဆာနေပါတယ်ဆိုမှ ဘေးက နှစ်ယောက်က အားရ၊ ပါးရ စားကြလေအုံးတော့မည်။ မျက်စိကို မှိတ်။ ဆာတာကို ဆာတယ်လို့မှတ်။ ဆာတယ်…ဆာတယ်..ဆာတယ်။ မှတ်နေရင်းမှာမှာပင် တံတွေးကို ဂလုခနဲ့ မြည်အောင် မျိုချလိုက်မိဟန်တူသည်။

 

 Excuse me..are you hungry? တဲ့။ ဘေးက အဘွားကြီးက မေးခြင်းဖြစ်သည်။ ဟဲ ဟဲ (အဲဒီ ဟဲ ဟဲ က မြန်မာလိုရီတာ) It’s Ok Mom ဟု စကားကြီး ဆယ်ခွန်းထဲက ဘယ်စကားနဲ့ သွားငြိမည်မှန်း မသိသော မြွေမသေ တုတ်မကျိုး ပါးစပ်က အလို အလျောက် ထွက်သွားသည်။ I am not hungry. Shame to throw it. Do you wanna eat? လို့ မေးပြန်သည်။ မြန်မာလို ထပ်ပြီး ဟဲ ဟဲ လုပ်ရင်း Sure. Thank you Mom လို့ ခပ်မြန်မြန်ဘဲ အဖြေပေးလိုက်သည်။ ဗိုက်ဆာတာ ဆာတာဘဲပေါ့။ သူမစားလဲ ဟိုကောင်မ လေယာဉ်မယ်တွေက ပြန်သိမ်းမယ်လို့ မထင်။ အမှိုက်ထဲ ပြစ်ထည့်ကြမှာ များသည်။ အလဟဿ ဖြစ်မည့် အတူတူ ဘာရှက်စရာရှိသလဲ။ သူကတောင် ကျွေးသေးတာ။ ငါက သာကီမျိုး။ သူများ ပေးစာ ကမ်းစာ ရဖို့ လိုက်တောင်းနေရတာ ငါလိုကောင် မဆိုထားနဲ့။ တို့ဖေကြီးတွေတောင် ပါသေး။ ပြီးတော့ တစ်ဖက်သားက စေတနာရှိလို့ ကျွေးတာဘဲလို့ တွေးမိလိုက်ပြီး သူကမ်းသည့် အုန်းထမင်း ကြက်သားဗူးကို ယူလိုက်သည်။ သူက ရေဗူးတော့ မပေး။ သူဘဲ သောက်မည် ဆိုသည့် သဘော။ ဘာတတ်နိုင်ပါမည်နည်း။

အစားပေးတာဘဲ ကျေးဇူး တင်ရပြီ။ အသောက်ကို မျက်စောင်းထိုးလို့ ဖြစ်တာမှ မဟုတ်တာ။ အုန်းထမင်း ပူပူကို ကြက်သား အနှစ် ခပ်များများဖြင့် တစ်စေ့မကျန် အကုန်တွယ်လိုက်သည်။ ကျွန်တော် စားတာကို ကြည့်ပြီး အဘွားကြီးက ပြုံးပြုံး ပြုံးပြုံးဖြင့် သဘောကျနေသည်။ ကျွန်တော်က မပြုံးနိုင်အား။ ရေဆာသည်။ ရင်ပူသည်။ ရေတစ်ဗူးတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ၀ယ်သောက်မှ ဖြစ်မည်။ ကြာရင် မျက်စိက အဘွားကြီး ရှေ့က ရေဗူးကို ရောက်သွားလျှင် ဘေးက သူ့ယောင်္ကျားကြီးက လက်သီးဖြင့် ထထိုးပေတော့မည်။ 

 

ရေ၀ယ်တော့ ၃၃၀ မီလီ လီတာကို မြန်မာငွေ လေးထောင်နီးပါးခန့်  တန်ဖိုးရှိသည့် နိုင်ငံခြားငွေ ပေးလိုက်ရသည်။ ဒီလောက်တော့ ရှိစေတော့။ အဘိုးကြီးနဲ့ အဘွားကြီးကို Do you wanna get any drinks? Let me treat you. ဟု လောကွတ်ပြုလိုက်ရသေးသည်။ သူတို့က Thank you so much. We are full. တဲ့။ သိသားဘဲ။ သောက်မယ်မှန်း သိရင်လဲ မတိုက်ပါဘူး။

 

လေယာဉ်ဆင်းတော့ သူတို့ စုံတွဲကို ကျွန်တော် ခါးချိုးပြီး ကျေးဇူး အထူး တင်ရှိပါကြောင်း။ မင်းရဲ့ အစားအတွက် အလွန်တရာမှ ကျေးဇူးတင်ကြောင်း ကျွန်တော် ထပ်ပြောသည်။ အဘွားကြီးက Not to be shame. It’s Ok တဲ့။ 

 

အဟင်း…ဟင်း..ဟင်း…စေတနာပါလို့ ကျွေးတာ စားတာဘဲဗျာ ဘာရှက်ရမလဲဗျ။ စေတနာ မပါတဲ့ ဟာကို ခိုးစားချင်၊ တောင်းစားချင်၊ မဟားဒယား ဇွတ်စားချင်မှသာ ရှက်စရာဗျလို့ စိတ်ထဲမှာ မြန်မာလို ပီပီသသကြီး အသံမထွက်ဘဲ ပြန်ပြောနေမိလိုက်သည်။ 

 

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်