အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၃)

December 7, 2014

 
အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၃)
(မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၄
 
ယခင်အပတ်မှ အဆက်
 
(၅၈)
 
အော်စလို ဓမ္မသုခကျောင်းသို့ ည ပြန်ရောက်သည်။ မနက် ၂ နာရီ အိပ်ရာထရမည်ဖြစ်သော်လည်း တော်တော်နှင့် အိပ်ရာမဝင်ဖြစ်ကြ ကျောင်းထိုင်ဆရာတော် ဦးဝိသုဒ္ဓနှင့် စကားများ ပြောကြသည်။ ၁ နာရီကျော်ခန့်သာ အိပ်ပျော်ခဲ့သည်။ မနက် ၂ နာရီလောက်ရှိတော့ ကပ္ပိယကြီးတို့ မောင်နှံရောက်လာကြသည်။ 
 
ဦးထာဝရနှင့် မြန်မာအချို့ရှိရာ Stjodal မြို့သို့ ခရီးနှင်ကြသည်။ ဂျာမနီစသော နိုင်ငံများတွင် တစ်နာရီကို အနည်းဆုံး ၁၂ဝ ခန့် မောင်းနှင်လာသော ကပ္ပိယကြီး နော်ဝေလမ်းမများကို မကြာခဏ ငြီးတွားနေတာကို တွေ့ရသည်။ လမ်းများက သတ်မှတ်ထားသော ကီလိုမီတာနှုန်းက ၈ဝ ခန့်ကသာ များသည်။ ကားနှေးနှေးမောင်းရလျှင် အိပ်ငိုက်သည်ဟု ဆိုသည်။ သူ့မဟေသီက နောက်မှနေ၍ ပဲကြီးလှော်များ၊ စားစရာများ လှမ်းလှမ်းပေးနေရသည်။ ကိုယ့်ကိုကိုယ် ပါးရိုက်ပြီးတောင် မောင်းရသည်ဟု ဆိုသည်။ 
 
စာရေးသူကတော့ လမ်းတစ်လျှောက် စိမ်းလန်းသောမြက်ခင်းပြင်များကို သဘောကျရင်း၊ မကြာခဏတွေ့ရတတ်သော ရေတံခွန်များကို ငေးမောရင်း လိုက်ပါလာခဲ့သည်။ နော်ဝေနိုင်ငံတွင် မြက်လုပ်ငန်းကလည်း စီးပွားရေးတစ်ခု ဖြစ်သည်ဟု ဆိုသည်။ မြင်းစာ၊ နွားစာအတွက် မြက်များကို စီးပွားဖြစ် စိုက်ပျိုးကြသည်။ ပြီးလျှင် စက်များဖြင့် စနစ်တကျ ထုပ်ပိုးထားကြသည်။ စာရေးသူတို့နိုင်ငံလည်း မြက်လုပ်ငန်းသာရှိလျှင် တစ်နိုင်ငံလုံး မြက်ခင်းပြင်များဖြင့် အလွန်ကြည့်ကောင်းနေလိမ့်မည်။ ၁၁ နာရီကျော်ခန့်ရှိသောအခါ Stjodal မြို့သို့ ရောက်သည်။ ဦးထာဝရကျောင်းသို့ ရောက်သည်။ ဦးထာဝရက ဖော်ရွေစွာဖြင့် ခရီးဦးကြိုပြုသည်။ အတော်လေး ပင်ပန်းကုန်ကြပြီဖြစ်သော်လည်း ကပ္ပိယကြီးကတော့ အပြုံးမပျက်။ စူပါ့စူပါပါပဲဟု သူ့ကို ချီးမွမ်းမိလိုက်သေးသည်။ ဂျာမနီပြန်ရောက်တော့ ကပ္ပိယကြီးအကြောင်း ချီးမွမ်းခန်းဖွင့်သောအခါ သူတို့က လုံးဝ မယုံကြည်ကြ။ ကပ္ပိယကြီး ဆေးတစ်မျိုးမျိုးသုံးထားသဖြင့်သာ ဤမျှလောက် ခံနိုင်ရည်ရှိနေခြင်း ဖြစ်လောက်ကြောင်း ပြောပြကြသည်။ စာရေးသူကတော့ မဟုတ်လောက်ပါဘူးဟုသာ ပြန်ပြောလိုက်ခဲ့သည်။
 
ခဏကြာတော့ မစောကလျာအိမ်တွင် နေ့ဆွမ်းကို မစောကလျာတို့ ဓမ္မမိတ်ဆွေများ စုပေါင်းကပ်လှူကြသည်။ ဆွမ်းစားပြီးသောအခါ အနားယူကြသည်။ ရှေ့ဆက်မည့်ခရီးစဉ်ကိစ္စ ဆွေးနွေးကြသည်။ Kristiansund မြို့သည် နော်ဝေနိုင်ငံတွင် ခရီးသွားများအတွက် အလည်အပတ် သွားရောက်သင့်သည့်မြို့များတွင် ပါဝင်သည်။ ရွှေညဝါဆရာတော်နှင့်ဦးသူရိယတို့က ယခင် ရောက်ဖူးသည့်အတွက် မသွားတော့ဟု ဆိုသည်။ စာရေးသူနှင့်ကပ္ပိယကြီးတို့ မောင်နှံက ရောက်တုန်းရောက်ခိုက် သွားချင်သည်။ ဆရာတော်တို့မပါဘဲ ကပ္ပိယကြီးတို့နှင့်အတူ သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ နောက်ပိုင်းတွင် ဆရာတော်ပါ လိုက်မည်ဟု ဆိုသဖြင့် ညနေပိုင်းတွင် Kristiansund မြို့သို့ ထွက်ခွါကြသည်။ ထရော်ဟိုင်းမြို့ထဲတွင် ကုလားဆိုင်၊ အာရှဆိုင်များသို့ ကွမ်းရှာပုံတော် ဖွင့်ခဲ့ရသည်မှာလည်း အမှတ်တရတစ်ခု ဖြစ်ခဲ့သည်။
 
(၅၉)
 
Kristiansund မြို့သို့ ၅ နာရီခန့် ကားမောင်းသွားရသည်။ လမ်းတစ်လျှောက် အလွန်ကို လှပသည်။ ရှည်လျားသည့် မြေအောက်တောင်ဖောက်ဥမင်များကိုဖြတ်သန်းသွားရသည်။ တစ်ခါတစ်ရံ ရေအောက်ဥမင်များကိုလည်း ဖြတ်ရသည်။ ပင်လယ်ကမ်းစပ်နှင့် တောလမ်းအစပ်လမ်းများအရောက်တွင် ငယ်ငယ်က ဆော့ကစားဖူးသည့် ဆိုင်ကယ်ဂိမ်းထဲက ပင်လယ်လမ်းမများနှင့် အတော်လေးတူသည်ဟု တွေးမိလိုက်သေးသည်။ တောင်စဉ်တောင်တန်းများအလယ်က ဧရာမရေကန်ကြီး(ရေကန်ကြီးဟု ထင်သည်)ကိုတော့ တံတားလည်း ထိုးမထား၊ ဥမင်လည်း မဆောက်ထားပါ။ ဇက်နှင့် ကူးရသည်။ ဇက်ပေါ်မှ ကြည့်ရသောရှုခင်းများမှာ ရင်သက်ရှုမောဖွယ် ကောင်းလှပါသည်။
 
Kristiansund ရောက်သောအခါ ကိုသီဟအိမ်တွင် တည်းခိုရသည်။ ရိုးသားအေးဆေးပြီး ခင်မင်ဖွယ်ကောင်းသော မိသားစုလေးဖြစ်သည်။ သဘောလည်း အလွန်ကောင်းကြသည်။ ကိုယ်ပိုင်အိမ်နှင့်ခြံဝင်းနှင့် သန့်ရှင်းသပ်ရပ်သော နေရာထိုင်ခင်းရှိသည်။ ညပိုင်းတွင် Kristiansund မြို့တွင် နေထိုင်သော ကိုမျိုးသိန်းစိန်၊ ကိုကိုထွန်း စသော မြန်မာမိသားစုများ ရောက်လာကြသည်။ စကားတွေ ပြောကြသည်။ မှတ်မှတ်ရရ ပြင်ပလောကတွင် ည ၁ဝ နာရီခန့်အထိ အလင်းရောင်တွေ ရှိနေသေးသည်ကို တွေ့ရသည်။ နော်ဝေနိုင်ငံတွင် ဘယ်တော့မှ နေမဝင်သည့်ဒေသတစ်ခုရှိသည်။ ထိုဒေသကိုကား  မရောက်နိုင်ဖြစ်ခဲ့ပါ။
 
Kristiansund ရှိ မြန်မာမိသားစုများနှင့်အတူ Storseisundet Bridge သို့ သွားလည်ကြသည်။ နော်ဝေနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားများ သွားလေ့ရှိသည့် အဓိကနေရာတစ်ခု ဖြစ်သည်။ ထိုတံတားနှင့်ပတ်သက်၍ ပညာရှင်များ အမျိုးမျိုး ချီးမွမ်းခန်းဖွင့်ကြသည်ကို ဖတ်ဖူးသည်။ လှပခြင်း၊ သေသပ်ခြင်း၊ ခိုင်ခံ့ခြင်းနှင့် အတ္တလန်တိတ်သမုဒ္ဒရာကြီး၏ အစကို ငေးမောကြည့်ရှုနိုင်ခြင်း၊ နော်ဝေနိုင်ငံ၏ လမ်းမပေါင်းများစွာတို့နှင့်ပေါင်းကူးပေးထားခြင်း စသည်တို့ကြောင့် ကမ္ဘာကျော်ရခြင်း ဖြစ်သည်ဟု ဆိုကြသည်။ ထိုတံတားမရောက်ခင် Atlantic Ocean Tunnel ကြီးကို ဖြတ်ရသည်။ ပေပေါင်း ၁၈၇၈၉ ပေ ရှည်လျားသည်။ ပင်လယ်ရေအောက် ပေပေါင်း ၈၂ဝ တူးပြီး တည်ဆောက်ထားခြင်း ဖြစ်သည်။ ပင်လယ်ရေအောက် မပြောနှင့် မြေကြီးပေါ်တောင် တံတားကောင်းကောင်း မတည်ဆောက်နိုင်သေးသောနိုင်ငံက ရွှေနိုင်ငံသားအတွက် အံ့သြမင်သက်ဖြစ်မိခဲ့သည်။
 
အမှန်တော့ ဤဥမင်မှာ နော်ဝေနိုင်ငံတွင် မပြောပလောက်သေးပါ။ ထို့ထက် ရှည်လျားသော ဥမင်လမ်းမပေါင်းများစွာ တည်ဆောက်ထားနိုင်သော နိုင်ငံတစ်ခု ဖြစ်သည်။ ကမ္ဘာ့အရှည်အလျားဆုံးဥမင်လိုဏ်လမ်းဖြစ်သော Laerdal Tunnel ကြီးကိုပင် တည်ဆောက်နိုင်ထားသည့်နိုင်ငံဖြစ်သည်။ Laerdal Tunnel မှာ အလျားအရှည် ၂၄၅၁ဝ ထိ ရှည်လျားသည်။ ထိုဥမင်ကို ၂ဝဝဝ ခုနှစ်ကတည်းက တည်ဆောက်ပြီး ဖြစ်နေသည်ဟု ဆိုသည်။
အလွန်လှပပြီး ရှုခင်းကောင်းသည့် Storseisundet Bridge ရောက်သည့်အခါ ရာသီဥတုက အလွန်ချမ်းအေးနေပြီ။ တစ်ခါတစ်ခေါက် အရောက်လာဖို့ ခက်ခဲသည့်ဒေသဖြစ်သဖြင့် အအေးဓာတ်ကို မမှုဘဲ ဓာတ်ပုံများ ရိုက်ကြသည်။ လေကလည်း တဝှီးဝှီးနှင့် တစ်ချက်တစ်ချက် သင်္ကန်းများက လွင့်ဝဲနေသဖြင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် မနည်းလုပ်နေရသည်။ မည်သို့ပင်ရှိစေ အတ္တလန်တိတ်သမုဒ္ဒရာကြီးကို ကျော်ဖြတ်တိုက်ခတ်လာသည့် လေကို တဝကြီး ရှူရှိုက်ကြသည်။
 
 ပြန်ခါနီးတွင် တံတားအနီး ကော်ဖီဆိုင်မှ ကော်ဖီခါးခါးတစ်ခွက်သောက်ပြီး ပြန်လာခဲ့ကြသည်။ Kristiasund က လှပါသည်။ ထို့ထက်ပို၍ Kristiasund ရှိ မြန်မာများ၏နှလုံးသားက ပိုလှပါသည်။ (ဟု) အပြန်လမ်းတွင် တွေးနေမိခဲ့သည်။
 
နောက်တစ်နေ့ မနက်အရုဏ်ဆွမ်းဘုဉ်းပေးအပြီးတွင် ဦးထာဝရရှိရာ Stjodal (စတီရယ်ဒေါ)မြို့သို့ ပြန်လာခဲ့ကြသည်။ နေ့ခင်း ရွှေညဝါဆရာတော် တရားဟောသည်။ မြန်မာများ ပြုံးပျော်ကြည်နူးကြပါသည်။ အားလုံးကို အမှတ်တရ ကျေးဇူးတင်ရပါသည်။
 
ဦးထာဝရနှင့်မြန်မာဒကာ/ဒကာမများက စတီရယ်ဒေါမြို့အနီးမှ သမိုင်းဝင်ခံတပ်ကြီးများသို့လည်း လိုက်ပို့ကြသည်။ ရှေးအခါက ဂျာမန်ကျူးကျော်သူများကို ဤခံတပ်ကြီးများမှနေ၍ ခုခံကာကွယ်ခဲ့ကြသည်ဟု ဆိုသည်။ ကျောက်တောင်ကြီးများကို လိုဏ်ခေါင်းများ အထပ်ထပ်တူးထားသည်မှာ အံ့သြဖွယ်ကောင်းလှသည်။ အထဲတွင် လှပသေသပ်သော နားနေခန်းများ၊ စားသောက်ခန်းများ၊ လက်နက်ခန်းများ၊ သုံ့ပန်းများထားရန် အကျဉ်းစခန်းများ … စသဖြင့် ကျောက်များကို ထွင်းထုကာ ပြုလုပ်ထားသည်။ အချို့နေရာများတွင် ကျောက်စက်ရေများ တစပ်စပ် တဖျောက်ဖျောက်ကျနေသည်။ မြန်မာနိုင်ငံက ပင်းတယလိုဏ်ဂူများကို မြင်ယောင်မိသည်။ ပြင်ဦးလွင်က ပိတ်ချင်းမြောင်လိုဏ်ဂူနှင့် ထန်စန်းလိုဏ်ဂူများကိုလည်း အမှတ်ရသည်။ 
 
ပင်းတယလိုဏ်ဂူနှင့်မြန်မာနိုင်ငံကျောက်လိုဏ်ဂူများကတော့ မြတ်စွာဘုရားဆင်းတုတော်များဖြင့် ကျက်သရေဖြာနေသည်။ ဤနော်ဝေလိုဏ်ဂူများကတော့ စစ်ရိပ်စစ်ငွေ့များဖြင့် လွှမ်းခြုံနေသည်။ အံ့သြဖွယ်လူသား၏စွမ်းဆောင်ချက်များအနေဖြင့် သူတို့က သာလွန်သော်လည်း စိတ်နှလုံးအေးချမ်းခြင်း သန္တရသကတော့ တို့မြန်မာက သာပေသည်တကား။
 
(၆ဝ)
 
သြဂုတ်လ ၂၅ ရက်နေ့တွင် ဆွီဒင်နိုင်ငံသို့ ဆက်လက်ထွက်ခွါကြသည်။ ဦးထာဝရနှင့်မြန်မာမိသားစုများ လိုက်ပါပို့ဆောင်ကြသည်။ နော်ဝေမှ ဆွီဒင်မြန်မာကျောင်းသို့ သွားလျှင် ကားဖြင့် ၁ဝ နာရီခန့်မောင်းရမည်ဖြစ်သဖြင့် လမ်းခရီးအလယ် ယူစဒေါဆိုသည့် မြို့လေးတွင် တစ်ညနားကြမည်ဖြစ်သည်။ ယူစဒေါမှ မြန်မာများကလည်း ရွှေညဝါဆရာတော်နှင့်သံဃာများကို ဖူးတွေ့ရမည်ဆိုသဖြင့် တက်ကြွပျော်ရွှင်ပြီး နယ်စပ်အထိ လာကြိုကြမည်ဖြစ်သည်။ 
 
နယ်စပ်အတွင်းပိုင်းအထိ လိုက်ပို့ကြသည်။ နော်ဝေနိုင်ငံတွင် ဈေးကြီးသဖြင့် နယ်စပ်ကို ဖြတ်ကျော်ကာ ဆွီဒင်နိုင်ငံဈေးဆိုင်များတွင် ဈေးလာဝယ်လေ့ရှိကြသည်ဟု ဆိုသည်။
 
လမ်းတစ်လျှောက် တောတန်းများ၊ တောင်တန်းများဖြင့် သာယာလှပသည်။ နော်ဝေနှင့်ဆွီဒင်နယ်ခြားစည်းကို ထူးထူးခြားခြား တွေ့ရသည်။ အံ့သြစိတ်လည်း ဖြစ်မိသည်။ မြန်မာနိုင်ငံ အရှေ့စည်းရိုးတို့၊ အနောက်စည်းရိုးတို့ဆိုတာတွေကို သွားအမှတ်ရသည်။ နော်ဝေ၊ ဆွီဒင် နယ်ခြားစည်းလေးက ချစ်စရာလည်း ကောင်းသလို အားကျစရာလည်း ကောင်းသည်။ 
 
နယ်ခြားစည်းဟုသာ ဆိုရတာ အမှန်တော့ စည်းပင်မရှိပါ။ လမ်းမအလယ်က မျဉ်းကြောင်းလေး အရောင်ကွဲသွားခြင်းသာ ရှိပါသည်။ နော်ဝေနိုင်ငံ လမ်းမများ အလယ်ကြောမျဉ်းက ဆေးအဝါရောင် ဖြစ်သည်။ ဆွီဒင်နိုင်ငံ လမ်းမများ အလယ်ကြောမျဉ်းက ဆေးအဖြူရောင်ဖြစ်သည်။ 
 
လမ်းမကြီးတစ်လျှောက် ကားမောင်းလာစဉ် အလယ်မျဉ်းကြော ဆေးရောင် အဝါရောင်မှ အဖြူရောင်ပြောင်းသွားသည်နှင့် ဆွီဒင်နိုင်ငံရောက်ပြီဟု ဆိုသည့်သဘောဖြစ်သည်။ ချစ်စရာကောင်းလေစွတကား။
 
ထင်းရှူးတောတန်းများနှင့် စိမ်းလန်းစိုပြည်လှသော တောင်တန်းကြီးများကို ဖြတ်ကျော်ရင်း ဆွီဒင်နယ်စပ်က ဈေးဆိုင်များသို့ ရောက်လာသည်။ ဈေးဝယ်သူများဖြင့် စည်ကားလှသည်။ နော်ဝေမှ လိုက်ပါလာသော ဦးထာဝရနှင့်ဒကာဒကာမများကလည်း သူတို့ ဝယ်လိုသည့်ပစ္စည်းများ ဝယ်ကြသည်။ အမှတ်တရဓာတ်ပုံများ ရိုက်ကြသည်။ 
 
နောက်ထပ် ၁ နာရီကျော်ကျော်ခန့် ကြာသောအခါ ဆွီဒင်နိုင်ငံ၊ ယူ့စဒေါမြို့က လာကြိုကြသော ကိုသော်အောင်တို့အဖွဲ့နှင့် ဆုံမိကြသည်။ ရင်းရင်းနှီးနှီး ပျော်ပျော်ပါးပါး နှုတ်ဆက်ကြ၊ စကားပြောကြ၊ ဓာတ်ပုံရိုက်ကြသည်။ နော်ဝေနိုင်ငံမှ ဦးထာဝရတို့အဖွဲ့နှင့် လမ်းခွဲသည်။ ဟိတ်မပါ ဟန်မရှိ၊ ပကတိရိုးသားဖြူစင်သည့် မစောကလျာတို့ နော်ဝေရှိမြန်မာများနှင့် ဦးထာဝရတို့ကို ကျေးဇူးတင်ပါသည်။
ဆက်လက်ဖော်ပြပါမည် …
အရှင်ကုသလသာမိ (အတည်မဲ့)

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်