ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ဈေးဖျက်ကြသူများ

December 9, 2014

ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ဈေးဖျက်ကြသူများ
(မဇ္ဈိမ/ သည်လေဒီးစ် နယူးစ်) ဒီဇင်ဘာ ၉၊ ၂၀၁၄

သတင်းထောက် ကိုပါကြီး အလောင်း ပြန်တူးဖော်စဉ်က ရေးဖြစ်ခဲ့တဲ့ ဆောင်းပါး ပါ။  မိုးမခ ပရိသတ် ဆင်ခြင် မြော်မြင် တွေးကြည့်စရာ တခုခု ရမယ် မျှော်လင့်ပါတယ်။  မိုးမခ စာဖတ်သူများ ရဲ့ အမြင်လည်း သိချင်ပါတယ်။

××××××××

ရိုးရိုး အသုဘ ဓာတ်ပုံ ရိုက် ရာမှာကို ဓာတ်ပုံဆရာများ အလေးထားရမယ့် ကျင့်ဝတ်တွေ ရှိပါတယ်။  ဟိုတလောက ဖြစ်စဉ် တခု ဖြစ်တဲ့ စစ်တပ် ရဲ့ ဖမ်းဆီး စစ်ဆေးစဉ် သေဆုံးသွားခဲ့သူ အလွတ် သတင်းထောက် ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီး အမှုမျိုးလို တလကျော်ကြာ မြေမြှုပ်ထားပြီး အလောင်း ကို စစ်ဆေးဖို့ ပြန်ဖော်တဲ့ ကိစ္စမျိုးမှာ ဆိုရင် ပိုလို့တောင် စောင့်ထိန်းရမယ့် စည်းကမ်းတွေ ရှိပါတယ်။

အဲဒီ အမှုကို အကျယ်တဝင့် ဖော်ထုတ်ရမယ် ဆိုတာ အမှန်ပါ။  ဗမာပြည် အနှံ့အပြားက လူမသိ သူမသိ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက် သတ်ဖြတ် ခံခဲ့၊ ခံနေရတဲ့ အဖိနှိပ်ခံ ပြည်သူ ကိုပါကြီးပေါင်းများစွာ အတွက် ဒီ ဖြစ်ရပ် ကို မဏ္ဍိုင်ပြု မီးမောင်းထိုးပြရမှာ စာနယ်ဇင်းရဲ့ အလုပ်၊ တက်ကြွလှုပ်ရှားသူများ နဲ့ တာဝန်သိ ပုဂ္ဂိုလ် တဦးချင်းရဲ့ ဝတ္တရား၊ တရားမျှတမှု လိုလားသူတိုင်းရဲ့ တာဝန်ပါ။

ဒါပေမဲ့ မသာ တခု အရင်းမပြုမိဖို့ လိုပါတယ်။  အသုဘ ကို အသုံးမချမိဖို့ လိုပါတယ်။

ကိုပါကြီး အလောင်းပြန်ဖော်စဉ် ဘေးမှာ စောင့်ကြည့် နေခဲ့ကြသူများထဲက တက်ကြွလှုပ်ရှားသူ နဲ့ သတင်းသမား တချို့ ပုပ်ပွစ ပြုနေပြီ ဖြစ်တဲ့ အလောင်း ကို ဓာတ်ပုံ၊ ရုပ်သေ၊ ရုပ်ရှင်များ ရိုက် ကိုယ်ပိုင် လူမှုကွန်ရက်စာမျက်နှာများမှာ လက်လွတ်စပယ် တင်ခဲ့ကြတယ်။  ရုပ်ရှင် မင်းသမီးနဲ့ တွဲ ဓာတ်ပုံ အရိုက်ခံ သလို အလောင်းပုံ နောက်ခံထား ကိုယ့် ရုပ် ကို ဟန်အပြည့်နဲ့ ရိုက် လူအများ မြင်သာရာမှာ ဖြန့်ခဲ့ကြတယ်။  မလုပ်သင့်တဲ့ အလုပ်တွေပါ။  ကာယကံရှင် ရဲ့ ကျန်ရစ်သူ ဇနီး သားသမီး မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းများ သွေးပျက် ထိတ်လန့် ယူကျုံးမရ ခံစားနေရမယ့် စိတ်ခံစားချက် ကို စာနာ စဉ်းစား ငဲ့ကွက် ရမှာ ဖြစ်သလို သေဆုံးသူရဲ့ ဂုဏ်သိက္ခာ ကိုလည်း ထောက်ထားရမှာပါ။

လူသေ အလောင်းမှာ လူ့ဂုဏ်သိက္ခာ နဲ့ အခွင့်အရေး အပြည့်အဝ ရှိပါတယ်။  ကျောက်ခေတ် လူရိုင်း ဘဝကနေ ယနေ့ မျက်မှောက် အထိ တိုးတက်ဖြစ်ထွန်းလာခဲ့တဲ့ လူသား ယဉ်ကျေးမှု ဖြစ်စဉ်မှာ လူသေမြှုပ်နှံခြင်းဆိုင်ရာ နာရေး ဆက်စပ် အလုပ်တွေ၊ ဓလေ့ တွေဟာ အင်မတန် အရေးပါ ခဲ့ပါတယ်။  ကမ္ဘာ့သမိုင်းတလျှောက် လူ့အဖွဲ့အစည်းတွေရဲ့ ယဉ်ကျေးမှု ရေချိန်ကို အသုဘ ကိစ္စ၊ သင်္ဂြိုဟ် ခြင်းဆိုင်ရာ ထုံးများ အဆင့်မီ ပြည့်စုံခြင်း ရှိ/မရှိ ရှာဖွေလေ့လာ ပြီး အကဲဖြတ်ရပါတယ်။  သင်္ချိုင်းမြေဆိုတာ ယဉ်ကျေးမှု သမိုင်း ရှာဖွေရာ ဖြစ်သလို သေပြီး ပုဂ္ဂိုလ်များကို အလေးထား ခြင်း ဟာ ကမ္ဘာပေါ်ရှိ လူမျိုးတိုင်းရဲ့ ယဉ်ကျေးမှု ဓလေ့ပါ။

ကိုပါကြီး ရုပ်ကလပ် ကို ပြန်ဖော်ခဲ့ရခြင်း အနှစ် သဘောကိုက သေမှုသေခင်း စစ်ဆေးဖို့၊ တရားမျှတမှု ရှာဖို့ အပြင် သက်ဆိုင်သူ မိသားစု ကိုယ်တိုင် သေဆုံးသွားသူကို လူ့ဂုဏ်သိက္ခာ နဲ့အညီ စနစ်တကျ ထိုက်ထိုက်တန်တန် သင်္ဂြိုဟ် ခွင့် ရရှိရေး အလို့ငှာ မဟုတ်ပါလား။

ဒါ့အပြင် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရ နာရေးမှာ အလောင်း မျက်နှာ ကို အနီးကပ် (close-up) ဓာတ်ပုံ ရိုက်ယူမှု တတ်နိုင်သမျှ ရှောင်ရပါတယ်။  အထူးသဖြင့် ရုပ်ပျက်နေတဲ့ အနေအထားမျိုးကို လုံးဝ ရှောင်ကြဉ် ရပါတယ်။  လူသေ အလောင်း အတွက် ခေါ်ဝေါ် သုံးနှုန်းနေကြတဲ့ ပါဠိ စကားလုံး အသုဘ (မြန်မာ စကားလုံး မသာ) ရဲ့ အဓိပ္ပာယ် ကိုက “ရှုချင်စဖွယ် မရှိ” လို့ ရပါတယ်။  လူဟာ အသက်ဇီဝဓာတ် ချုပ်ငြိမ်းသွားရင် မသေခင် ညှဉ်းဆဲ ခံရမှု လို အခြား ပယောဂ မပါ သဘာဝအရ ကို နဂို မူလ ကနေ ယိုယွင်း ရုပ်ပျက်ပါပြီ။  ဒါကို မိသားစု မှတပါး အခြားသူက အနီးကပ် မှတ်တမ်း မတင်အပ်ပါ၊ အများ မြင်သာအောင် ပိုလို့ မဖြန့်အပ်ပါ။

နာရေး မှတ်တမ်းတင် ရိုက်ယူပြီး ဓာတ်ပုံများကို စာနယ်ဇင်းမှာ ဖြစ်ဖြစ်၊ အွန်လိုင်း ကွန်ရက်လို အခြား လူအများ မြင်နိုင်တဲ့ နေရာတခုခုမှာ ဖြစ်ဖြစ် ပြန်လည် ဖြန့်ချိလိုပြီ ဆိုရင်လည်း အသုံးပြုမယ့် ဓာတ်ပုံတိုင်း ကို ကာယကံရှင် မိသားစု ကို ပြကာ တော်၏၊ မတော်၏ ခွင့်ပြုချက် တောင်းခံရပါတယ်။  ဒါဟာ စာနယ်ဇင်း လို အသက်မွေးဝမ်းကြောင်း အလုပ် ကျင့်ဝတ် တခု ဖြစ်သလို လူတိုင်း လေးစားလိုက်နာရမယ့် လူ့အခြေခံ ကျင့်ဝတ်လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ အခြေခံ သဘောကိုတောင် ဗမာပြည်မှာ စာနယ်ဇင်း ဖြစ်စေ၊ ပုဂ္ဂလိက တဦးချင်း ဖြစ်စေ ဘယ်သူမှ အလေးအနက်ထား မလုပ်လိုကြပါဘူး။  နာမည်ကြီးသူတွေရဲ့ ဈာပန အခမ်းအနား မြင်ကွင်းတွေမှာ၊ သတင်းတွေမှာ ဒီ ဓာတ်ပုံ ကိစ္စ ဆက်စပ် ကျင့်ဝတ် ချိုးဖောက်မှုတွေ အမြဲတမ်းလိုလို တွေ့ရလေ့ရှိတယ်။

လူသေနဲ့ ပတ်သက်သမျှ အလုပ် ကိစ္စတိုင်းဟာ အသက်ရှင်လျက် ရှိသူများ ထက်တောင် ပို အသေးအဖွယ်က အစ ဂရုစိုက် လူသား ဂုဏ်အင် နဲ့ အညီ ပြုမူ ဆက်ဆံဖို့လိုပါတယ်။  အပျော်တမ်း ဓာတ်ပုံ ရိုက် ဖြန့်စရာ မဟုတ်သလို၊ အလောင်းပုံ အသုံးပြု နိုင်ငံရေး အသုံးချ စရာလည်း မဟုတ်ပါ။  သတင်းဦး သတင်းထူး ကို ရုပ်ပုံနဲ့တကွ တင်ချင်ဇော စိတ်သန်လို့လည်း မရပါ။  လူ့အသက် ဆက်စပ် ဖြစ်စဉ်မျိုးဟာ သတင်းကိစ္စ အပါအဝင် ဘာ အတွက်နဲ့မှ အသုံးချ စရာ မဟုတ်ပါ။

သတင်းစာဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ) (၁၉၂၆-၂၀၀၈) စာနယ်ဇင်းလောကထဲ ဝင်ကာစ သတင်းထောက်ပေါက်စ ဘဝမှာ ဗမာ့သမိုင်းဝင် လူသတ်ပွဲကြီး ဖြစ်တဲ့ ၁၉၄၇၊ (၁၉) ဇူလိုင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရခြင်း အဖြစ်အပျက်ဆိုးကြီးကို သတင်းယူခွင့်ကြုံခဲ့ရတယ်လို့ ဆိုဖူးတယ်။  နိုင်ငံ့ခေါင်းဆောင်ကြီး တွေရဲ့ သွေးသံရဲရဲ အလောင်းချင်းထွေးနေပုံတွေကို သတင်းမှတ်တမ်းတင်ခွင့် ရခဲ့တယ်။  ဒါပေမဲ့ သူ့ဆရာ အယ်ဒီတာ ဗမာ့ခေတ် ဦးအုန်းခင် က တတိုင်းပြည်လုံး ဝမ်းနည်းပူဆွေး သောက ဖြစ်ရမယ့် ဒီလို ကိစ္စကြီးမျိုးမှာ အနိဋ္ဌာရုံ ဓာတ်ပုံတွေ နဲ့ ထပ်မံ ထိုးနှက် လူတွေဆီက မျက်ရည် နဲ့ ဒေါသ မချူချင်ဖို့ လမ်းညွှန် တားမြစ်၊ ပုံတွေ ဆက်ရိုက်ခွင့်၊ သုံးခွင့် မပေးခဲ့ဘူး လို့ ဆိုတယ်။

ဒါမျိုး ကျင့်ဝတ် စောင့်ထိန်းမှုမျိုး ဟာ ယနေ့ခေတ်မှာ ရှားပါးနေပါပြီ။  မျက်မှောက် မှာတော့ တရားဝင် စာနယ်ဇင်း တင်မက ပုဂ္ဂလိက လူမှုကွန်ရက်စာမျက်နှာ များ ကပါ ကြည့်ရှုအားပေးသူ လူများများ ရဖို့ အရေး တခုတည်းကိုပဲ ဦးတည် မတင်သင့် မတင်အပ်တဲ့ ပုံတွေ တင်ကြတယ်။  မတော်တဆ ထိခိုက်မှုတွေ၊ ရာဇဝတ်မှုခင်းတွေ က အများပြည်သူ မမြင်သင့် တဲ့ သွေးထွက်သံယို ခေါင်းကွဲ၊ ဦးနှောက် ထွက်၊ အူပေါက် ရဲမှတ်တမ်းပုံတွေ နီးစပ်သူများ၊ သတင်းသမားများ အလုအယက် ဦးအောက် တင်ကြ ဖြန့်ကြတယ်။

လူမျိုး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စဉ်တွေမှာ ဆိုရင် အစိုးရ သတင်းစာ အပါအဝင် ပုဂ္ဂလိက တရားဝင် မီဒီယာ တွေကပါ ကျင့်ဝတ်မဲ့ ဓာတ်ပုံ၊ သတင်း စာသား အရေးအသား အစုံစုံနဲ့ တို့မီး ရှို့မီး လုပ် မီးလောင်ရာ လေပင့်လေ့ရှိကြတယ်။  ရက်ရက်စက်စက် အသတ်ခံထားရတဲ့ အလောင်းပုံတွေ မမြင်ချင်အဆုံး အွန်လိုင်း မီဒီယာ အစုံစုံမှာ တွေ့ခဲ့ရတယ်။  ဆူပူလိုသူများက အဓိကရုဏ်း အတွင်း သေဆုံးသူ အလောင်းကို ပိုက် မြို့ပတ် သွေးထိုးကြသေးတယ်။  ကျင့်ဝတ်၊ သိက္ခာ စောင့်စည်းမှုဆိုတာ စကားအရာတောင် အလေးထား မဆိုကြသလို ဝမ်းနည်းဖွယ် ဖြစ်နေတယ်။

ဗမာ့ လူ့အဖွဲ့အစည်းမှာ အစဉ်အဆက် ကတည်း ကလည်း ဓာတ်ပုံ ယဉ်ကျေးမှု ခေါင်းပါး ခဲ့ပါတယ်။  သူတပါးရဲ့ ဂုဏ်သိက္ခာ၊ လွတ်လပ်ခွင့် ကို ချိုးဖောက် ထိပါးစေမှုတွင် အမြဲလိုလို ဖြစ်လေ့ရှိတယ်။  တရားမဝင် အွန်လိုင်း မီဒီယာတွေ၊ ပုဂ္ဂလိက နဲ့ အစုအဖွဲ့ လူမှုကွန်ရက်စာမျက်နှာတွေ အပြင် တရားဝင် စာနယ်ဇင်းများရဲ့ ပုံနှိပ်၊ အွန်လိုင်း နှစ်ခုစလုံးမှာပါ အငြင်းပွားဖွယ်ရာ ဓာတ်ပုံများကို အကြောင်း အမျိုးမျိုးပြ အသုံးပြုနေကြတယ်။

လူအများဟာ အသိမဲ့စွာနဲ့ အသားအရောင်၊ သွင်ပြင်လက္ခဏာ၊ ရုပ်ရည် စတဲ့ မတူညီမှုများ အပေါ် အခြေခံ ဓာတ်ပုံများကို တလွဲ အသုံးချနေကြတယ်။  အသားအရောင် မည်းတဲ့ လူမျိုး အနွယ် တွေရဲ့ ပုံတွေ ကို ဟာသ သဘောလုပ်ကြတယ်။  ရုပ်ဆင်း အင်္ဂါ၊ ခန္ဓာကိုယ် (ဥပမာ – အဝ လွန်ခြင်း) နဲ့ ကျား/မ လိင် ကွဲပြားမှု၊ လိင်တိမ်းညွတ်မှု မတူညီမှု အစရှိတဲ့ ကွဲပြားခြားနားမှုတွေ အပေါ် မူတည်ပြီးလည်း ပြက်ရယ် ပြုလေ့ရှိကြတယ်။  ဒီလိုကျင့်ဝတ်မဲ့မှုတွေ ဗမာ့ အွန်လိုင်းလောက အပါအဝင် ရုပ်ရှင်၊ အငြိမ့်၊ ကာတွန်း၊ ဝတ္ထု အနု သုခုမ လူထုဆက်သွယ်ရေး ကြားခံပစ္စည်း မီဒီယာ အစုံစုံမှာ ပြုလုပ်နေတာ နိစ္စဓူဝ ဖြစ်ရိုးဖြစ်စဉ် ဗမာ့ ဓလေ့ ကို ဖြစ်နေပါပြီ။

ဟာသ သဘော ပါ ဆိုပြီး လိင်တူချစ်သူ အထူးသဖြင့် မိန်းမလျာတွေဟာ အွန်လိုင်း မီဒီယာများ လူမှုကွန်ရက်များ၊ လူရွှင်တော် ပြက်လုံးများ၊ ရုပ်ရှင် ဗီဒီယို ဇာတ်ဝင်ခန်းများ အစရှိတဲ့ နေရာစုံမှာ အစဉ်သဖြင့် အလှောင် အပြောင် ခံနေရတယ်။  မိတ်ကပ် နဲ့ အလှဖန်တီး ပညာရှင် ခင်စန်းဝင်း ဓာတ်ပုံ ဆိုရင် လူအများ အသုံးပြုများတဲ့ Facebook မှာ နေ့စဉ်လိုလို ရယ်စရာ အဖြစ် အသုံးချ ခံရရှာတယ်။  နာမည်ကြီးသူ (Celebrity) မို့ ဆိုပေမဲ့ ဒီလို သူတပါးရဲ့ မတူကွဲပြားတဲ့ ပုဂ္ဂလိက လွတ်လပ်စွာ ရွေးချယ်မှု အလေ့ အထ တခု ကို အခြေပြု လှောင်ပြောင်ခြင်းမျိုးဟာ လူ မပီသ ရိုင်းရာကျပါတယ်၊ လူ့ယဉ်ကျေးမှု နိမ့်ရာ ရောက်ပါတယ်။

မတူကွဲပြားမှု ရှိတဲ့ ကလေး၊ လူကြီး၊ ဖြူဖြူ၊ မည်းမည်း၊ ညိညို၊ ပုပု၊ ရှည်ရှည်၊ ဝဝ၊ ပိန်ပိန်၊ မိန်းမလျာ၊ ယောက်ျားလျာ လူမျိုး၊ ဘာသာကွဲ အားလုံးဟာ လူသားတွေပါ၊  လူ့ ဂုဏ်သိက္ခာ အပြည့် တန်းတူ တန်ဖိုးထား ပြုမူ ဆက်ဆံရပါမယ်။  လူအများနဲ့ (ကိုယ်နဲ့) မတူညီ ကွဲပြားနေမှု အကြောင်းပြ ရယ်သွမ်းသွေးစရာ မဟုတ်ပါ။

နောက်တမျိုး က အမျိုး၊ ဘာသာ၊ သာသနာ နဲ့ ယဉ်ကျေးမှု ခေါင်းစဉ် အောက်မှာလည်း မြန်မာ အမျိုးသမီးငယ် ဓာတ်ပုံများ လူအများကြား တလွဲ အသုံးချ ခံရတတ်တယ်။  ဒီလို မလုပ်နဲ့၊ ဒီလို မဝတ်နဲ့ ဆိုပြီး ဆရာကြီး လေသံ သူတော်စင် ဟန်အပြည့်နဲ့ တကယ်တော့ တဏှာစိတ်အရင်းခံပြီး နှမချင်း မစာနာ မျက်စိ အရသာခံ၊ ပါးစပ် အရသာ ခံ မြိန်ရေရှက်ရေ သွားရည် တများများ နဲ့ အမြင်မတော် ဓာတ်ပုံများ ရိုက်၊ ဖြန့် ကြတယ်။  သင်္ကြန်ချိန် ကိုယ်ခန္ဓာ ရေစို နဲ့ အမျိုးသမီးငယ်ပုံများ ပိုလို့ တလွဲအသုံးချ ခံကြရတယ်။

ဒါမျိုးတွေအပြင် လိင် အလုပ်သမလေးများ ဆက်စပ် သတင်းမျိုးမှာ ဆိုရင် နီးစပ်ရာ လမ်းသွားလမ်းလာ အမျိုးသမီးများ ဓာတ်ပုံ ကို ဖမ်းရိုက် တရားဝင် စာနယ်ဇင်း ကိုယ်တိုင်က သတင်းနဲ့ တွဲ တင် တတ်တယ်။  ဓာတ်ပုံပါ မသက်ဆိုင်တဲ့ အမျိုးသမီးငယ်လေးများ လူမှု ဒုက္ခ၊ စိတ္တ ဒုက္ခတွေ ကြုံခဲ့ရတဲ့ နောက်ဆက်တွဲ သတင်းတွေ ဖတ်ခဲ့ရတယ်။  တလွဲ သတင်းဓာတ်ပုံ အသုံးပြုရာမှာ ခွေး ဓာတ်ပုံတောင် မလွတ်ပါဘူး၊ သတင်းနဲ့ မဆိုင်တဲ့ ခွေး ကို ဓာတ်ပုံ ရိုက် တရားဝင် မီဒီယာ မှာ အသုံးပြု လို့ ခွေးပိုင်ရှင် ခမျာ စိတ်မချမ်းမသာ ဖြစ်ရတာ မြင်တွေခဲ့ရဖူးတယ်။

ဆိုခဲ့သမျှ အားလုံးဟာ ကျင့်ဝတ် အသိ (Moral Conscience) အရ ဘယ်လို သဘော၊ ဘာ အကြောင်းပြချက်မျိုး နဲ့မှ မလုပ်အပ်ပါဘူး။  ဒါပေမဲ့ ဒီလို ဓာတ်ပုံ ကျင့်ဝတ် ချိုးဖောက်မှုတွေကို ဗမာပြည်မှာ လူ ပုဂ္ဂိုလ် တဦးချင်း နဲ့ စာနယ်ဇင်းတချို့ ကျင့်ဝတ် သိက္ခာ အလေးမထား ပျော်ပျော်ပါးပါး လှိုင်လှိုင်ကြီး ကျူးလွန်နေကြတယ်။

နောက်ဆုံး ကိုပါကြီး ရဲ့ တလကြာ ပုပ်ဆွေးစပြုနေတဲ့ အလောင်းပုံတောင် မချန် လူတချို့ လုပ်ရက်ကြတယ်။  ဒါမျိုး အလောင်း ပုံ ပြ သွေးထိုး မှ သိမယ့် လူသတ်ဝါဒ စစ်အာဏာရှင် တော်လှန်ရေးမျိုးကို မလိုလားအပ်ပါ။  စစ်ခေါင်းဆောင် တွေကို မိန်းမ အဝတ်အစား ဝတ်ပေး၊ မိန်းမလျာ လိုပုံဖော်ပြီး ပြက်ရယ်ပြု ဆန့်ကျင်ရေးမျိုးကိုလည်း အထင်မကြီးအပ်ပါ။  စစ်အာဏာရှင်များ ကို အတန်းပညာ မတတ် ဆိုပြီး လီဆယ် လုပ်ကြံ ပုဂ္ဂိုလ်ရေး အတင်းချတတ်တဲ့ ဒီမိုကရေစီမျိုးကိုလည်း ဂုဏ်မယူအပ်ပါ။  ဒါတွေဟာ ဒီမိုကရေစီ ရဲ့ အနှစ်သာရ ကောင်းမြတ်မှု ဂုဏ်ရည်ကို ယုတ်လျော့စေခြင်းပါ။  ဒီမိုကရေစီ ရဲ့ ရန်သူ အလုပ်တွေပါ။

ကျင့်ဝတ်သီလ ကို အရင်းမတည်ရင် ဘယ် အရာမျိုးမှ မကြီးပွား မစည်ပင်နိုင်ပါ။  ဒီမိုကရေစီ စံနှုန်း၊ လူသားကျင့်ဝတ်၊ စာနယ်ဇင်း သီလ ခိုင်ခိုင်မာမာ နဲ့ ပေမီဒေါက်မီ (၂၁) ရာစု တန်းဝင် လူသား ယဉ်ကျေးမှု အပြည့်ရှိတဲ့ အနာဂတ် ဗမာ့လူ့အဖွဲ့အစည်းကိုပဲ မြင်ချင်ပါတယ်။  ဒါကြောင့် အရင်ဦးဆုံး အလုပ် အဖြစ် လူတဦးချင်း နဲ့ စာနယ်ဇင်း မီဒီယာ အားလုံး ဓာတ်ပုံ ကျင့်ဝတ် ယဉ်ကျေးမှုလေး စံပြ စောင့်ထိန်းစေချင်ပါတယ်။  အထူးသဖြင့် အွန်လိုင် လူမှုကွန်ရက်များမှာ နိစ္စဓူဝ ဒီမိုကရေစီကို ဈေးဖျက်နေကြသူများ သတိချပ်စေချင်ကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး

၀၇ နိုဝင်ဘာ၊ ၂၀၁၄ (စာပြီး ရက်စွဲ)

(နိုဝင်ဘာ လ မဇ္ဈိမ သတင်းစာ တွင် မူလ ပုံနှိပ်ခဲ့သည်။  ဒီဇင်ဘာ (၅) ရက်၊ သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၄၂)  တွင်လည်း ထပ်မံ ပုံနှိပ်ခဲ့သည်။  မိုးမခ တွင် ယခု အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

××××××××

ဆက်စပ် ဆောင်းပါး —

ဓာတ်ပုံများက ပြောနေသည် @

http://moemaka.com/archives/541

http://moemaka.blogspot.com.au/2013/10/nyein-chan-aye.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, ငြိမ်းချမ်းအေး

One Response to ငြိမ်းချမ်းအေး – ဒီမိုကရေစီကို ဈေးဖျက်ကြသူများ

  1. Catwoman on December 9, 2014 at 6:07 pm

    Very good article. Yes Burmese people need to have class and needs to be civilized. It might take years though.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်