fbpx

မောင်စွမ်းရည် – ပန်းမြန်မာတွေ လာတုန်းက

December 11, 2014

 

မောင်စွမ်းရည် – ပန်းမြန်မာတွေ လာတုန်းက

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄

နယူးယောက်ကို ဗမာစာရေးဆရာတွေ လာခဲ့ကြတယ်။ ကြုံဝင် ခဲ့ပါလေ။ ခရီးကြုံလို့ ဝင်လာကြတာပါ။ ဗမာပြည်က စာရေးဆရာ တွေက PEN International  အသင်းကိုဝင်ဖို့ မနှစ်က (၂၀၁၃) မှာ PEN Myanmar ကို ဖွဲ့ခဲ့သတဲ့။ မသီတာ (စမ်းချောင်း) တို့ ဦးဆောင်ဖွဲ့ကြတယ်။ သူတို့အဖွဲ့ကို ဗမာလို ဘယ်လိုခေါ်သလဲ မမေးလိုက်ရဘူး။ အပြည်ပြည်ဆိုင်ရာအသင်းကို ဝင်တာဆိုတော့ ဗမာအမည်လည်း ရှိပုံမရဘူး။ကျနော်ကလဲ ကျနော့်စာတွေထဲမှာ အင်္ဂလိပ်စာလုံးတွေ မပါစေချင်ဘူး။ဗမာအသံထွက်နဲ့ ရေးရင်လဲ PEN ကို ပင်း လို့ ရေးမလား၊ပန်းလို့ ရေးမလား။ ဘယ်ဟာမှမကြိုက်တာနဲ့ပဲ  ပန်းမြန်မာ လို့ပဲ ကောက်ရေးလိုက်ပါတယ်။ အချင်းချင်းနားလည်ရင်ပြီးရောပေါ့ ဆိုတဲ့ သဘောနဲ့ ပါပဲ။ ပန်းဆိုတာ လှတယ်မဟုတ်လား။

အဲ … အဲ့ဒီ အသင်းက မချောနှစ်ယောက်နဲ့ ဘုန်းမောင်တစ်ယောက် ကို PEN –Canada က  ဖိတ်ကြားလို့ ကနေဒါကနေ အမေရိကန်ပြည်ထောင်စုကို ဝင်းထရံကျော်ပြီး ကူးလာခဲ့ကြပါတယ်။ မချောနှစ်ယောက်ကတော့ အပျိုကြီးလက်ဟောင်း “ဆယ်လီဗလစ်တီတရာ့ကိုးဇင်” (ခင်မြဇင်) နဲ့ အပျိုကြီးလက်သစ် မသီတာစမ်းချောင်း တို့ပါပဲ။သူတို့ အတွက် ကြော်ငြာတာမဟုတ်ပါ။ကျနော်လဲ ခင်မြဇင်ရဲ့ ဆယ်လီဗလစ်တီ စာမျိုးတွေ ဖတ်ပြီး ကျနော့်ကလောင်ပါ ခပ်ကြောင်ကြောင်ဖြစ်သွားတယ် ထင်ပါတယ်။ “ပေတူးဘုန်းကြီး” နဲ့ “မျောက်လူ”တို့ကိုပါ သတိရသွားလို့ပါ။ ဘုန်းမောင်တယောက်ကတော့ နေဘုန်းလတ်ပေါ့။သူကလဲ လူပျိုကြီးပဲထင်ပါရဲ့။ အပျိုကြီး လူပျိုကြီးလို့ခေါ်ရတာ နည်းနည်းရင့်သီးသလို ထင်မိလို့ အားနာပါရဲ့။ဒါပေမဲ့ လူလွတ်တွေလို့ ပြောရရင်လဲ မကောင်းပါဘူး။ လူလွတ်တွေဆိုပေမဲ့ သူတို့နဲ့ တွေ့ဆုံနှုတ်ဆက်ဖို့ လူလွတ်တွေပဲလာကြတော့ ဧည့်ခန်းပြည့်သွားလို့ ထမင်းတွေ ချေးရငှားရ ပါတယ်။

ကျနော်တို့နေတဲ့ နယူးယောက်ရဲ့ ဘုရင်မမြို့နယ်ထဲက တိုက်တန်းလျား ဗမာမိသားစုက ၅၀ ကျော်လောက်ရှိတော့  ချေးရငှားရတာ လွယ်ပါတယ်။ ကျနော်တို့က အဖိုးကြီး အဖွားကြီး ‘စီနီယာ တရာ့ကိုးဇင်’တွေဆိုတော့ အချေးလဲ ပြန်တောင်းရိုး မရှိဘူးလေ။

  ဧည့်ကြိုအဖွဲ့မှာ ဒေါ်စုခြံပေါက် ဖိုးခွား က ဦးဆောင်ပြီး ကားနဲ့ သွားကြိုလာတယ်။အပုလေး ဖိုးခွားလေ။ သူနဲ့အတူ ပန်းချီမင်းကျော်ခိုင် ကလဲ အခါးရည်ပုလင်းတွေ၊ ကြက်ကင်၊ ကြက်ကြော်တွေပါ ယူလာပါတယ်။ နယူးယောက်စာရေးဆရာ ရွှေပြည်စိုးကလဲ သစ်သီးဝလံတွေနဲ့ အချိုပွဲတွေယူလာတယ်။ ချောအိသိမ်းဆိုတဲ့ ပန်းချီဆရာမကြီးကတော့ နို့ဗူးတွေ ပါလာတယ်။ သူ့ကလေးဖို့  ကလေးထိန်းတဲ့လူလဲခေါ် လာတယ်။

စကားတွေ “တောရောက်မြို့ရောက်” ပြောကြရင်းက တရုတ်ပြည်ကိုပါရောက်သွားကြလေရဲ့။ တရုတ်ပြည်က ဒေါက်တာလှကျော်ဇောက ကျနော့်ကို ‘သမီးရေးတဲ့အဖေအကြောင်း’ စာအုပ်တအုပ်ပို့လိုက်တာ ရရဲ့လားလို့ တယ်လီဖုန်းနဲ့လှမ်းမေးတော့ ကျနော်ကလဲ တယ်လီဖုန်းကို ဧည့်သည် “ပန်း” သုံးယောက်နဲ့ ဆက်ပေးလိုက်တယ်။ ပြောရင်းဆိုရင်း သတိရလာတာ ဟိုးအဝေးကြီးကို ရောက်နေတဲ့ “အောင်ဝေး” ကိုလဲ မရိုးမရွဖြစ်အောင် “အိပ်ပြီလား” လို့ ဖုန်းခေါ်ကြည့်လိုက်တယ်။ မအိပ်သေးဘူးဆိုပြီး သူကလဲ “ပန်း” သုံးပွင့်လုံးနဲ့ အားရပါးရနှုတ်ဆက်ပါတယ်၊ ကြိုသိရရင် ကဆုန်ပေါက်ပြေးလာမှာတဲ့။ မရိုးမရွဖြစ်သွားလေရဲ့။

ပြောရင်းဆိုရင်း ဆိုသလိုပါပဲ။ အမေရိကန်ပြည်အနောက်ဖျားရှိ၊ လော့စ်အိန်ဂျဲလိမြို့က မြန်မာဂေဇက် အယ်ဒီတာ- ကဗျာဆရာ “ဆောင်းဦးပန်း” ခေါ် ဒေါက်တာဆွေဆွေကလဲ ဒေါက်တာမသီတာတို့လာရင် ဖုန်းခေါ်ပါဦးလို့ နေ့ခင်းကမှာထားလေတော့ ပေးလိုက်ရပါသေးတယ်၊

ဧည့်သည်တွေကောင်းကောင်းမစားရပဲ တယ်လီဖုန်းနဲ့ချည်း အလုပ်ရှုပ်နေကြတော့ အိမ်ရှင်တွေပဲ ကောင်းကောင်းစားရပါတယ်။ မဆွေဆွေကလဲ အယ်ဒီတာ ပီသပါပေတယ်။ သုံးယောက်လုံးကို အမိအရ ဗျူးလိုက်ပါတယ်။

ဒေါက်တာမသီတာက ဒေါက်တာလှကျော်ဇော၊ ဒေါက်တာဆွေဆွေတို့နဲ့ စကားပြောနေတုန်း၊ ဒေါက်တာခင်မောင်ကြီးနဲ့ ဒေါက်တာတင်ဇော်လွင်ကိုလဲ ဖုန်းခေါ်ထားတယ်၊ ဒေါက်တာခင်မောင်ကြီးက မလာနိုင်ဘူး။ သူက ‘စိုင်းသီဟ’ ဆိုတဲ့စာရေးဆရာလေ။ ဗမာပြည်မှာ မဆလ လက်ထက်က ဂျာမဏီကို သတင်းစာပညာတော်သင် သွားရဖူးတယ်၊ နောက်တော့ “အားလုံးအိန္ဒိယ” ခေါ်ရမလားမသိ၊ သြ-ဣန္ဒြိ ယ” ရေဒီယိုမြန်မာပိုင်းမှာ ရှစ်လေးလုံး သတင်းတွေကြေညာပေးခဲ့သူပေါ့- ခုတော့ အမေရိကန်တက္ကသိုလ်တခုမှာ မြန်မာစာဆရာ။ သူ့ကို နယူးယောက် “ မြန်မာစာပေနှင့်ယဉ်ကျေးမှုအသင်း” ဥက္ကဌ ကြီးအနေနဲ့ ဖိတ်တာပါ၊ သူမကနိုင်လို့ ဒုတိယဥက္ကဌရွှေပြည်စိုးလာပါတယ်၊ ဒေါက်တာတင်ဇော်လွင်ကလဲ ကလောင်နာမည်တခုနဲ့ စာရေးနေသူပါပဲ။ သူကတော့ နယူးယောက်မြို့လယ်က “အေရှန်ဆိုဆိုက်ယက်တီမှာ လုပ်တဲ့ “ပန်းမြန်မာ” သုံးဦးဟောပြောပွဲမှာပဲ ဆုံမယ်တဲ့။ လက်မှတ်ဝယ်ရ၊ ဘာလုပ်ရနဲ့ဆိုတော့ မဆုံလိုက်ရပါဘူး။

ကြိုဆိုဧည့်ခံတဲ့အဖွဲ့ထဲမှာ “ဖရူစန်း” (ဖြူဖြူစန်း)ဆိုတဲ့ ရခိုင်မလေးတဦးလည်းပါတယ်၊ သူကတော့ မသီတာရဲ့သူငယ်ချင်းပါ။ အရင်တခေါက် နယူးယောက်ကိုရောက်တုန်းက “ဖရူဖရူစန်း”တို့အိမ်မှာ တည်းကြသတဲ့။ “ဖရူဖရူစန်း”ကလဲ သူ့ ခင်ပွန်းဘက်က ဆွေမျိုးစပ်ရင် စာရေးဆရာ မြန်မာ့အသံကျော်ဦးရဲ့ ချွေးမလေ၊ ကျန်တာတွေကတော့ စာပေဝါသ နာရှင်တွေပါပဲ။

ကြိုဆိုဧည့်ခံသူတွေမှာ ကျနော့ဇနီးလဲပါတယ်။ သူကလဲ မန်းတက္ကသိုလ် ရွှေမန်းဆောင်သူဘဝက မန်းတောင်ခြေက မြတ်ရတနာမဂ္ဂဇင်းမှာ ကလောင်အမည်တခုနဲ့ ကလောင်သွေးခဲ့သူပါပဲ။ ခေသူမဟုတ်ပါဘူး။ ယောကျာ်းအယူစောပြီး သူ့ ယောကျာ်းစာရေးဆရာဖြစ်အောင် ပါရမီဖြည့်ရတာနဲ့ သူကိုယ်တိုင်တော့ စာရေးဆ ရာမဖြစ်လိုက်ရရှာပါဘူး။ ခုပြန်ရေးပါလားလို့တိုက်တွန်းတော့ “ငါ ဒီလောက်မရူးဘူးတဲ့”။ ခုခေတ်လူငယ်တွေ ပြောတဲ့ “ရူးသွပ်မှု”ဆိုတာဖြစ်မှာပေါ့။ ရှေးစကားလဲရှိပါတယ်။ “ရူးမှထူး”သတဲ့။ သူကမရူးဘူးဆိုတော့ မထူးဘူး ပေါ့။ ဆယ်လီဗလစ်တီကြီးနဲ့ သူတို့အဖွားကြီးချင်း ဗလစ်လစ်တွေ ပြောနေကြလေရဲ့ ။

သူတို့က ဗမာဟင်းပဲစားချင်ပါတယ်ဆိုလို့ အတော်ပဲ။ ကျနော်တို့ကလဲ သူတို့ကဗိုလ်လိုစားချင်တယ် ပြောရင်”ဘာဂါ”တို့် “ခွေးပူ ဟော့ပေါ့”တို့ ဝယ်ကျွေးနေရမှာ။ ထမင်းချက်ထားလဲ လူကများလို့ အိမ်းနီးချင်းလာပို့ တဲ့ ဒန်ပေါက်ထမင်းလဲပြောင်ရော။ ထပ်လုပ်ပေးရတဲ့ “မီးရှေ”လဲ ပြောင်ရော။ ဒန်ပေါက်က ကုလားစာပါ။ မီးရှေက တရုတ်စာလား ဘာလားမသိဘူး။ ဗမာစာတော့မဟုတ်ပေမယ့် သူတို့ကတော့ ပြောင်အောင်စားသွားကြလေရဲ့ ။ စားစရာကုန်ပေမယ့် ပြောစရာမကုန်လို့ ညဉ့်နက်သန်းခေါင် ခုနှစ်စဉ်ကြယ်တောင် အမြီးထောင်ချိန်ရောက်မှ စ ကားအမျှင်ပြတ်ပြီး ပြန်သွားကြပါတယ်။ ပျော်လဲပျော်ပါရဲ့ ပျင်းလဲပျင်းပါရဲ့ ဆိုသလိုပါပဲ။

သူတို့က နိုဝင်ဘာ ၃ရက် နေ့ညလာပြီး နောက်နိုဝင်ဘာ ၉ ရက်နေ့မနက်ကျတော့ စာရေးဆရာအသစ် တစ်ယောက် ထပ်ရောက်လာပါ တယ်။

နောက်ရောက်လာသူက ကျနော်ပြည်ပရောက်မှ ဖြစ်လာတဲ့ စာရေးဆရာ လူငယ်ခြေတက်တယောက် ဖြစ်ပေမယ့် သူကလဲ “ပန်းမြန်မာ”စာရေးဆရာဗဟိုကော်မတီဝင် တယောက်ပါပဲ။ သူတို့က အင်တာနေရှင်နယ် အသင်းဝင်တွေဆိုတော့ အင်တာနေရှင်နယ်တွေက ဖိတ်ကြားကြတာ ဖြစ်ပုံရတယ်။ မြေမှုန်လွင် ဆိုတာပေါ့။ အမေရိကန်မှာ ရောသမရင်း အိမ်ထောင်ကျသွားတဲ့ “သားစိုး”ရဲ့ ညီတောမောင်ပါ။ သူတို့ရဲ့ ညီအငယ်ဆုံးကလည်း အမေရိကားမှာ အလုပ်လုပ်ရင်းကျောင်းတက်နေသတဲ့။ ‘သူတို့ဦးကြီး’တစ်ယောက်လည်း နယူးယောက်မှာ   ရောက်နေတယ်ဆိုတော့ ခဏ “ကြုံဝင်”ဝင်လာတယ်။

သူက အိုင်အိုဝါတက္ကသိုလ်က “အပြည်ပြည်ဆိုင်ရာစာရေးသားမှု အစီအစဉ်က အင်တာနေရှင်နယ် ရိုက်တင်းပရိုဂံ”ကို သုံးလ လာရောက် ပါဝင်ဆင်နွှဲပြီး သူအဖွဲ့နဲ့ မြို့လယ်က ဟိုတယ်ကြီးတစ်ခုမှာ တည်းခိုရာက ထွက်လာရရှာတယ်။ တက်(စ်)စီငှားပြီးလာခဲ့ပါ … တက်(စ်)ခ ဆီးပြီးပေးပါ့ မယ်လို့ ပြောပြီးဖိတ်ကြားရတာ။ မများပါဘူး။ ဒေါ်လာ ၅၀ ပါ။ ဗမာကျပ်ငွေ ငါးသောင်းလောက်ရှိမှာပေါ့။ ရှေးတုန်း ကဆိုရင် သိန်းဆုကြီးရဲ့ တဝတ်ဆိုတော့ “နည်းဘူးကြီး”ပ။ သူကလဲ ၃ လလောက် ဗမာထမင်းဟင်းနဲ့ကွာနေ တော့ ဗမာစာပဲစားပရစေတဲ့။ ကျုပ်တို့်ပါးစပ်ကတော့ အင်တာနေရှင်နယ်ပါးစပ်ဖြစ်နေပြီ။ ဘာကျွေးကျွး ကမ္ဘာ ပတ်စားနေတာပဲ။

အို်င်အိုဝါတက္ကသိုလ်က စာပေပွဲကို နှစ်စဉ် ဗမာစာရေးဆရာတယောက်ကျ ဖိတ်ပါတယ်။ ဝထ္ထုရေးတဲ့ ပန်းချီဝင်းဖေရော၊ ပန်းချီရေးတဲ့ ကဗျာဝင်းဖေ ရော ရောက်ဖူးတယ်။ “အိုင်ဒဗလျူပီဖဲလိုးရှစ်”ခေါ်တာပေါ့။ “ဖဲလိုးရှစ်” ဗမာလို “အကောင်”ပေါ့။ “အင်တာနေရှင်နယ်စာရေးတဲ့အကောင်ဘွဲ့” လက်မှတ်ပေးပါတယ်။ မသီတာနဲ့ နေဘုန်းလတ်လဲရောက်ဖူးတယ်။ နုနုရည်(အင်းဝ)တို့ ခက်မာတို့လဲ ရောက်ဖူးကြပါတယ်။ “ချစ်ဦးညီ”လို့ တင်မိုးကခေါ်  လေ့ရှိတဲ့ ချစ်ဦးညိုကလဲ အဲဒီမှာ “ဒဿဂီရိ”လုပ်ဖူးတယ်။ မောင်သာနိုးကတော့ သူ့ဇနီးပါ ခေါ်ခွင့်ရှိမှလာမယ်လို့   ဈေးကိုင်တာနဲ့ ကိုယ့်စရိတ်နဲ့ကိုယ် ခေါ်ဆောင်တော်မှုခဲ့ပါလို့ ခွင့်ပြုရပါတယ်။ တင်မိုးက သူလဲ တစ်ယောက်ထဲ မလာချင်ဘူးတဲ့။ ခေါ်စရာဇနီးလည်းမရှိတော့ မရောက်လိုက်ရဘူး။ သူနဲ့အတူ နှစ်ယောက်တွဲအိပ်လေ့ရှိတဲ့ မောင်သိန်းနိုင်(ဂုဏ်ထူးကြီး) ကို ခေါ်ချင်ပေမဲ့ ဟိုလူကသူ့ ဂုဏ်ထူးသင်တန်းကို စွန့်လွှတ်ပြီး သုံးလလုံးလုံး ခွဲခွာလာနိုင် မယ်မထင်ဘူး။ အဲဒီစာပေပွဲတော်နဲ့ တက်ရောက်သူ ဗမာစာရေးဆရာတွေအားလုံးအကြောင်း သူတို့ ဟိုမှာဘာတွေ လုပ်ခဲ့ရေးခဲ့ကြောင်းကို စုဆောင်းတင်ပြပေးဖို့ တာဝန်တစ်ရပ် မြေမှုန်လွင်က လက်ခံယူခဲ့ရသတဲ့။ သူက ထုပ်ဝေသူလည်းလုပ်တယ်လို့ အသိပေးထားတော့ သူ့ကိုပဲ စာအုပ်ထုတ်ခိုင်းနေတာဖြစ်မှာပေါ့။

မြေမှုန်လွင်ကလည်း မနက်ရောက် နေ့လယ်ပြန်ရမှာ။ အဲဒီကြားထဲ မြန်မာဂေဇက်ဂျာနယ်က သတင်းရပြီး မြေမှုန်လွင်ကိုပါ “ဗျူး”လိုက်ကြပါတယ်။ နောက်လ ဒီဇင်ဘာ- ဇန်နဝါရီအတွက် ဖြစ်မှာပေါ့။ စားသောက်လို့လဲ ပြီးပြီ။ ဗျူးလို့်လဲပြီးပြီဆိုတော့ ပြန်တော့မယ်ပေါ့။ မပြန်ခင် လေးငါးမိနစ်လောက် အချိန်ရတော့ စကားလုံးပစ်သွင်းခဲ့လေရဲ့ ။ “ဦးကြီးရေးတဲ့ ဝေဖန်စာတွေက အရင်လို ထိထိမိမိမရှိတော့ဘူး။ ဘာဖြစ်သွားရတာလဲ …” တဲ့။ အဲဒီတော့ ဖြေရှင်းပြောပြချိန် မရလိုက်လို့ ပြုံးလို့သာနေလိုက်ရပါတယ်။ သူကလဲ သူ့ကို  “ထိ”မှာ  “ယှ”မှာ စိုးလို့နဲ့တူပါရဲ့ ။ အမြန် လစ်တယ်။ အမေရိကားမှာ အလုပ်တဖက်နဲ့ ကျောင်းတက်နေတဲ့ သူ့အစ်မကြီး ရောက်လာလို့ သူ့ကိုအနီးဆုံး မြေအောက်ဘူတာရုံတခုကို လိုက်ပို့လိုက်ပါတယ်။ အပြန်စရိတ် ဒေါ်လာ ၅၀ မကုန်တော့ပဲ ၂ ဒေါ်လာကျော်ကျော်ပဲ ကုန်မယ်ပေါ့။

မြေမှုန်လွင်ကိုရှင်းပြဖို့ အကြွေးကျန်သွားတာကို ခုကြုံတုန်း နည်းနည်းရှင်းပြချင်ပါတယ်။ ခေတ်ကာလ ကြီးနဲ့ ချီပြီးပြောမှ သဘောပေါက်မယ်။ သိကြတဲ့အတိုင်း မောင်စွမ်းရည်  “ဓားရေးလှံရေး” ပြရတဲ့ ကာလက စစ် အာဏာရှင်ခေတ်ကြီးပါ။ တစည၊ နအဖ၊ မဆလ ခေတ်ကြီးလေ။ ဆိုရှယ်လစ်ခေတ်စားတဲ့ကာလဆိုတော့ တစ်ပါတီ အာဏာရှင်အစိုးရအဖွဲ့ ကို “မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ” အလံတင်ပြီးဖွဲ့ စည်းအုပ်ချုပ်ပါတယ်။ ဥက္ကဌကြီးက ဦးနေဝင်းပေါ့။

ဝါရင့်နိုင်ငံရေးသမား ကွန်မြူနစ်ဟောင်းစာရေးဆရာကြီး ဦးသိန်းဖေမြင့်က ဦးနေဝင်းကို လည်ပင်းဖက်လိုက်တယ်။ ဆရာတက်တိုးကလဲ အစိုးရပြန်ကြားရေးဌာနမှာ ညွှန်မှုး-ညွှန်ချုပ်ဖြစ်လာတယ်။ ဆရာ တက္ကသိုလ်ဘုန်းနိုင်ကလဲ သူ့ဝထ္ထုထဲမှာ ကျောင်းသားသမ္မဂခေါင်းဆောင်တွေကို သရော်လှောင်ပြောင်ရေးသားရင်း နိုင်ငံခြားပညာတော်သင်ရလာတယ်။ သူ့ ဝထ္ထုတွေမှာလည်း ဇာက်လိုက်က စစ်ဗိုလ်။ စစ်ဗိုလ်ရဲ့ချစ်သူတွေက ဆရာဝန်မလေးတွေ၊ တက္ကသိုလ်ကဆရာမလေးတွေ ဖြစ်တတ်ပါတယ်။ ဆရာဇောဂျီကတောင် ထမင်း ဖိတ်ကျွေးရင်း “ဆရာကိုခင်မောင်တင့်ရေ ဆရာလဲ လက်စွမ်းရှိတာပဲ။ အနုအလှလေးတွေ၊ သမုဒယလေးတွေချည်း လုပ်မနေနဲ့ဦး။ ပြည်သူလူထုဘဝသရုပ်ဖော်လေးဘာလေး ရေးပေးပါဦးလို့” မေတ္တာရပ်ခံဖူးတာကို ဆရာဘုန်းကိုယ်တိုင်ပြန်ပြောဖူးပါတယ်။ ဒီလို လူသိ၊ လူကြည်ညိုများတဲ့ ဆရာကြီးသမားကြီးတွေက စစ်အစိုးရဘက်ကို ရောက်နေတော့ ကလောင်ပေါက်စမောင်စွမ်းရည်က ဆိုရှယ်လစ်သရုပ်မှန်ဝါဒ ဘာညာဆိုတာကို ဒိုင်းလွှားအဖြစ်သုံးပြီး ဝါဒရေးရာ စစ်ခင်းရတော့တာပဲပေါ့။

ကျနော်အကြိုက်ဆုံး ဝထ္ထုရေးဆရာတွေထဲမှာ ဦးသိန်းဖေမြင့်နဲ့ ဆရာတက္ကသိုလ်ဘုန်းနိုင်တို့ပါပါတယ်။ ကျနော်ကံကောင်းချင်တော့ ဦးသိန်းဖေမြင့်ရဲ့ ဝထ္ထုတိုပေါင်းချုပ်ကထွက်လာတယ်။ ဒုတိယအကြိမ်ပုံနှိပ်တာထင် ပါတယ်။ သူ့ဝထ္ထုတိုတွေထဲမှာ အစပိုင်းက တောရွာတောင်သူလယ်သမား တွေအကြောင်းပါဝင်တယ်။ သူမြို့ ရောက်တော့ မြို့ကအလုပ်သမားအကြောင်း၊ မြို့က ရှေ့နေဝတ်လုံအကြောင်းတွေပါလာတယ်။ နောက်ပိုင်းကျတော့ ပါမောက္ခအိုကြီးတစ်ယောက် အင်လျားကန်ဘေးလမ်းလျှောက်ရင်း ရှေ့က လမ်းလျှောက်သွားတဲ့ အမျိုးသမီးရဲ့ အင်္ကျီပါးအောက်က ကျောသားဝင်းဝင်းဝါဝါလေးကို စူးစိုက်ကြည့်ရင်း စိတ်ကူးယဉ်(ရိုင်း)လိုက်ပါလာတဲ့ အကြောင်း။ ဗိုလ်နေဝင်းအိမ်က အယ်လ်ဇေးရှင်းခွေးကြီးနဲ့ သူ့အိမ်ကခွေးကြီးတို့ ဆွေမျိုးတော်တဲ့အကြောင်းတွေ ပါလာတယ်။ အကြောင်းအရာတွေကို ခြေရာကောက်ကြည့်လိုက်တော့ တဖြည်းဖြည်းနဲ့ အိမ်တံစက်မြိတ်အောက် ဆုတ်ဝင်သွားတာပါလားလို့ ဝေဖန်တာပါ။ ဆိုရှယ်လစ်ကို ကြွေးကြော်ရင်း သူ့စာတွေက “ကြီးလေကျဉ်းလေ”ဖြစ် သွားပုံကို လက်ဆုပ်လက်ကိုင်နဲ့ ပြတာပါ။

ဆရာတက်တိုးက မန္တလေးက လူငယ်တွေကို အားပေးချင်တယ်။ ကျနော့အက်ဆေးတွေကို ချီးကျူးစာ ပို့တယ်။ သူ့စာအုပ်ကို မန္တလေးက မောင်မိုးသူရဲ့ မိုးဦးပန်းစာပေတိုက်ကထိုက်ဖို့ စာမှုခမတွက်ဘဲ ထုက်ခွင့်ပေး သေးတယ်။ အဲဒီစာအုပ်ထဲမှာက “လူသားဝါဒ”ခေါ်တဲ့ “ဟယူမင်နစ်ဇင်” ကိုမွှမ်းထားတာပါ။ လူလူချင်း မေတ္တာ ထားရေးဆိုတာမျိုးပေါ့။ အရင်းရှင်က အလုပ်သမားကို ပြန်ပြီး မေတ္တာထားလို့ ရနိုင်မလား စတဲ့ “လူတန်းစားအ မြင်” “ဆိုရှယ်လစ်အမြင်” စတဲ့ ဝါဒစကားတွေ လှိုင်လှိုင်သုံးပြီး ဝေဖန်တာပါ။ ဆရာတက္ကသိုလ်ဘုန်းနိုင်ကိုတော့ ဆရာဇော်ဂျီရဲ့ အရိပ်ကိုခိုပြီး ဝေဖန်တာပါပဲ။

အာဏာရှင်စနစ်နဲ့တွဲနေတဲ့ စာရေးဆရာတွေနဲ့ အယူအဆရေးရာ တိုက်ပွဲဝင်ရတာပါ။

နောက်တော့ လူငယ်ခြေတက်တွေ တန်းစီဝင်လာတယ်။ အမျိုးသမီးတွေများတယ်။ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မစန္ဒာ၊ နုနုရည်(အင်းဝ)၊ ဂျူး စတဲ့ စာရေးဆရာတွေရဲ့ ဝထ္ထုတွေကို ချီးကျူးကြိုဆိုတယ်။ ဒါကိုပဲ ဝေဖန်ရေးလေသံ ပျော့သွားတယ်၊ ထက်ထက်ယှယှ မရှိတော့ဘူးလို့ ပြောသူကပြာကြတာပါ။ ကလောင်သစ်တွေဟာ စစ်အစိုးရ ထောက်ခံမရေးကြတာ သေချာတယ်။ သူတို့အရေးအသားဟာ ပြောင်မြောက်တာသေချာလို့လဲ အမျိုးသားစာပေဆုတွေ ရလာကြတယ်။ ပြောရစေတော့- လယ်တွင်းသားစောချစ်ဟာ အညာသားပါ။

ပန်းမြိုင်လယ်ကဥယျဉ်မှူး ဝတ္ထုမှာ လက်စွမ်းပြနိုင်ပါတယ်။ဒါပေမဲ့ စစ်အာဏာရှင်ဂိုဏ်းထဲ လျှိုးဝင်သွားတော့ ညီအစ်ကိုလိုခင်တဲ့ ကျောင်းဆရာလေးကို မထောက်ခံနိုင်ပါဘူး။ ကဗျာဆရာတင်မိုးကဆိုရင် သူ့ရဲ့ လည်ပင်းဖက်ရင်း “လယ်နင်းသားစောချစ်” လို့ခေါ်လိုက်လို့ ကိုစောချစ်လေးခမျာ မျက်ရည်ကျမတတ်စိတ်ထိခိုက်ပြီး “အကိုရာ အဲသလို မခေါ်ပါနဲ့ ဗျာ” လို့ တောင်းပန်ရှာပါတယ်။ ထားပါတော့။

  လိုရင်းကိုပြောရရင် စစ်အာဏာရှင်ဗိုလ်နေဝင်းဂိုဏ်းဝင် မဆလအလံအောက်ကလူတွေကို မညှာတမ်း တိုက်ခိုက်ရေးသားခဲ့ရပါတယ်။ ဆရာတက်တိုးက  ကျနော့်ကို သိပ်ချစ်ရှာတာ။ ဒီကောင်ဟာ လူချင်းမုန်းလို့ မဟုတ်ဘူး။ ဌေးမြိုင်(ဆရာတာရာ)နဲ့ မောင်စွမ်းရည်တို့ကို ငါယုံတယ်။ သူတို့စာပေအယူအဆ အရ ရေးကြတာလို့ ကျနော်တို့ဘက်က ကာကွယ်ပြောလေ့ရှိပါတယ်။ဆရာဦးသိန်းဖေမြင့်ကလဲ သူ့ဇနီးအလုပ်လုပ်တဲ့ ဆရာကြီးမင်းသုဝဏ်ရဲ့ ရုံး၊ တက္ကသိုလ်ဘာသာပြန်ဌာနကိုလာရင်း စာရေးဆရာ မင်းကျော်တို့၊ တင်မိုးတို့ကို မင်းတို့သူငယ်ချင်းမောင်စွမ်းရည်လာရင် ငါထမင်းစားဖိတ်ချင်တယ်။ ငါတို့စကားပြောကြရအောင် လို့ မှာထားဖူးပါတယ်။ မဆုံဖြစ်လိုက်တာကတော့ သူ့သားတယောက် မိန်းမခိုးလာတယ်ဆို ထင်ပါရဲ့။ နေ့ချင်းတိုက်သွားလို့ မဆုံလိုက်ရပါဘူး။ ဟောပြောပွဲမှာတော့ ဆုံလိုက်ရပါတယ်။ တရင်းတနှီးပါပဲ။ လူကြီးတွေက လူငယ်တွေကို အားပေးကြရှာပါတယ်။

ဆရာတက္ကသိုလ်ဘုန်းနိုင် ရှစ်လေးလုံးအရေးတော်ပုံအပြီး အလုပ်ပြုတ်တော့ ကျနော်နဲ့ မောင်သာရတို့က သူ့ကိုကြိုပြီးမပြောဘဲ ထုတ်ဝေသူတွေဆီက ဥာဏ်ပူဇော်ခတွေ ကြိုတောင်းပြီး သွားပို့ခဲ့တယ်။ သူမှန်းတာထက် အများကြီးရလို့ အံ့သြပြီး သန်လျင်ဘက်မှာ အိမ်ဆောက်ဖို့ ထည့်သုံးရသတဲ့။ အဲဒါကို ဆရာက ကျေးဇူးတင်လို့ မဆုံးဘူး။ သန်လျင်ကိုလဲ ကျနော်က ဂီတသမားတွေ ခေါ်သွားပြီး ဆရာ့အိမ်မှာ တီးကြ၊ မှုတ်ကြပါတယ်။ ဆရာ့လည်ပင်းမှာ အကျိတ်ရှိနေလို့ တယောမထိုးနိုင်ရှာတော့ပါဘူး။ ဆရာက အယူဝါဒခြားပေမယ့် တက္ကသိုလ်မှာကတည်းက  တင်မိုး၊ မောင်မိုးသူ၊ ကြည်အောင်၊ မောင်သိန်းနိုင်၊ မောင်စွမ်းရည်တို့ဆိုရင် တကယ်ကို ချစ်ခင်ခဲ့ရှာတာပါ။ သူ့နည်းနဲ့သူ အားပေးရှာပါတယ်။

 မြေမှုန်လွင်ရေ … ငါတို့က အယူဝါဒရေးတိုက်ပွဲဝင်တဲ့အခါ ကြမ်းရမယ်။ လူငယ်လူတော်တွေကို တော့ အားပေး မြေတောင်မြှောက်ရမယ်။ မင်း ပြည်သူ့ဘက်ကခွာကြည့်၊ မင့်ကို ငါကပဲ ဦးအောင်တွယ်မှာ။ အဲဒါ … မောင်စွမ်းရည်ပါပဲ။

 

၂၆ နိုဝင်ဘာ ၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Swan Yi, မောင်စွမ်းရည်, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)