ကျော်မောင်(တိုင်းတာရေး) – ဗာလာနံ

December 11, 2014

 

ဗာလာနံ

(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄

 

နယ် မြို့လေးမှာ အဖိုးအဖွားတွေ ရှိတုန်းက နွေရာသီကျောင်းပိတ်ရက်ဆို ဦးလေးတွေက နယ်ကို သင်္ဘောဖြင့် လိုက်ပို့သည်။တစ်နှစ်တွင်  ဖိုးဖွား မိဘတွေတိုင်ပင်ပြီး ကျော်မောင်တို့ ညီအကိုနှစ်ကောင်ကို ဘုန်းကြီးကျောင်းက  ဆရာတော်ထံ အပ်နှံကာ ပရိတ်ကြီး သင်စေသည်။ မကောင်း ကျောင်းပို့ အဲလေ အနည်းဆုံး မင်္ဂလသုတ် လောက် တက်နိုင်ခဲ့ရင် အမြတ်ပဲဟု အဖေက ဆိုကာ ကျောင်းပို့ခြင်းဖြစ်သည်။

 

ကျောင်းအိပ် ကျောင်းစား မဟုတ်၊ ကိုရင်တွေ ဦးဇင်းတွေ မနက် (၉)နာရီလောက် ဆွမ်းခံမကြွခင် ရောက်အောင် သွား၊ ဆွမ်းခံထွက်ဖို့ ကျောင်းသားလိုရင် လိုသော ကိုရင် (သို့) ဦးဇင်း နောက်က ဆွမ်းခွက်များ ထည့်ထားသော ဗန်း ထမ်းကာလိုက်၊ ဆွမ်းတော်ဗျို့ဟု ဆိုင်ရာ ဆွမ်းလောင်းသော အိမ်ထဲ မရောက်မီ အိမ်ရှေ့ ခြံရှေ့ က အသိပေး။ ပြန်ရောက်လျှင် ဆရာတော်က ပရိတ်ကြီး သင်ပေးသည်။ အပိုဒ် တပိုဒ် ရှေ့ကချပေး၊  ညီအကိုနှစ်ယောက်က လိုက်ဆို၊ ပြီးလျှင် အဲဒီအပိုဒ်ကို ရအောင် ကျက်ပေတော့။ တနေရာရာမှာ ထိုင်ကျက်ရသည်။ တခါတရံ အချိန်ရလျှင် နှစ်ပိုဒ် သုံးပိုဒ် တက်ပေးသည်။ဆရာတော် ဆွမ်းမဘုဉ်းပေးမီ စာအံရသည်။ စာကျက်ချိန် သိပ်မရ။ ဆရာတော်ရှေ့သွား၊ ဆောင့်ကြောင့်ထိုင်၊ ဒူးနှစ်လုံးပေါ် တံတောင်ဆစ် နှစ်ဖက်တင်၊ လက်အုပ်ကလေးချီကာ နှစ်ယောက် စာပြန်ရသည်။

 

အကိုက ၀ီရိယရှိသူဖြစ်ပြီး ထပ်ကာထပ်ကာ မနားတမ်း ကျက်သူဖြစ်သဖြင့် စာရသည်။ ကျော်မောင်က အချောင်လိုက်ကာ စာအံလျှင် ၀ါးချသည်။ မကြာပါ နောက်ပိုင်းတွင် ဆရာတော်က တယောက်စီ ဆိုဟု မိန့်ဆိုသည်။ “သမန္တာ စက္က၀ါဠေသု ” မှစကျက်ခဲ့ရတာ ဖြစ်သည်။

 

ဒီလိုဖြင့် တရက် တရက် ဂါထာ တပိုဒ်စီ တက်ရင်း မင်္ဂလသုတ်သို့ရောက်လာသည်။ ခါတိုင်းလိုပင် စာတက် စာကျက်ပြီး စာပြန်ရသည်။ အကို့ အလှည့် “ဗဟူ ဒေ၀ါ” မှ “ပူဇာစ ပူဇနေယျာနံ ဧတံ မင်္ဂလ မုတ္တမံ” အထိ နှစ်ပိုဒ်ကို ချောချောမောမော ပြန် ဆိုသွားသည်။ ကျော်မောင် အလှည့် ချွေးပြန်သည်။ “အသေ၀နာစ” ပြီးတော့ ရှေ့မဆက်နိုင်၊ စဉ်းစားလို့လည်းမရ။ အကိုကို လှည့်ကြည့်ပေမယ့် အကို လုပ်သူကလည်း ဆရာတော် ရှေ့မှာဆိုတော့ ထောက်မပေးရဲ။

 

“အသေ၀နာစ”  “အသေ၀နာစ”  “အသေ၀နာစ” ဟု သုံးလေးခေါက် ထစ်အပြီး ဆရာတော်က အငယ်ကောင် ရှေ့တိုး ဟု ဆို၏။ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီလျှက်သား ရှေ့တိုးသွားသည်။

 

ဒီတွင် ဆရာတော်က “အသေ၀နာစ ပြီးရင် မင်းလို စာကျက်ပျင်းတဲ့ ဗာလာနံ ကွ ဗာလာနံ ၊ ဗာလာနံဆိုတာ လူမိုက်ကိုပြောတာ ၊ လာခဲ့ ဗာလာနံလေး” ဆိုပြီး ခေါင်းအား လက်သီးဆုပ်ဖြင့် သုံးချက် ခေါက်ပါတော့သည်။

 

ထိုမှစကာ ဗာလာနံ ခေါ် လူမိုက် ဆိုသော စကားလုံးအား ကျော်မောင် ဘယ်အခါမှ မေ့မရတော့ပါချေ။

သြော် ဗာလာနံ ဗာလာနံ။

10 December 2014

Photo Painting Credit – Paw Oo Thet

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်