အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၄)

December 11, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၄)
(မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၆၁)
နော်ဝေနိုင်ငံက မြန်မာများနှင့် လမ်းခွဲပြီးတော့ နောက်ထပ် ဆွီဒင်နိုင်ငံရှိ ကိုသော်အောင်စသည့်မြန်မာများနှင့် ဇာတ်လမ်းတစ်ပုဒ် ဆက်ရပြန်ဦးမည်။ ရွှေညဝါဆရာတော်တို့က တစ်စီး၊ စာရေးသူက ကိုသော်အောင် မောင်းသည့်ကားကို စီးရသည်။ ကိုသော်အောင်က မလေးရှားမှ ရောက်လာသူ။ မလေးရှားက ရှေးဟောင်းနှောင်းဖြစ်များကို ပြန်လည်သတိရစေသည်။ ကိုယ်သိသည့်သူများကိုလည်း သူ သိနေသည်။ သူသိသည့်သူများကိုလည်း ကိုယ်သိနေသည်။ အတိတ်ဖြစ်ရပ်များက ပစ္စုပ္ပန်ရောက်လာပြီး စကားပြောကြသည်။ ယူစရာ သင်္ခန်းစာတွေ တစ်ပုံတစ်ပင်ကြီးပါလား။

ဖြစ်ရပ်တစ်ခုတွင် ကိုယ်တိုင်ပါဝင်နေရချိန် ပစ္စုပ္ပန်တည့်တည့်တွင် ၎င်းဖြစ်ရပ်ကို အမှန်အတိုင်း ရှုမြင်သုံးသပ်နိုင်ဖို့ ခက်သည်။ မှန်သည် မှားသည် ပြောရတာ မလွယ်ပါ။ အချိန်တစ်ခု ကြာညောင်းသွားသည့်အခါမှာတော့ အဆိုပါဖြစ်ရပ်က ပြန်လည်ရုန်းထပြီး အမှန်တွေကို လာပြောတတ်သည်။

နောက်ထပ် ၃ နာရီခန့်ကြာသောအခါ ယူ့စဒေါမြို့သို့ ရောက်သည်။ မကေသီတို့မိသားစုအိမ်ရှေ့တွင် ကားခဏရပ်သည်။ ရွှေညဝါဆရာတော် ကို ဖူးကြသည်။ ပြီးလျှင် ကိုကျော်ဇင် + မရွှေတို့ မိသားစုအိမ်ဂေဟာသို့ ဆက်သွားသည်။ ရွှေညဝါဆရာတော်နှင့် သံဃာများကို ဖူးတွေ့ ရသဖြင့် အလွန်ကြည်နူးနေကြပုံရသည်။ ည ၉ နာရီခန့်တွင် ယူ့စဒေါမှ ၄၅ မိနစ်ခန့်သွားရသော မြန်မာမိသားစုအိမ်သို့ သွားကြသည်။ အိမ်ရှင်ဒကာကြီးက အတိုင်းအဆမရှိ ပျော်ရွှင်နေပုံရသည်။ အလတ်တန်းအထိ ပညာသင်ဖူးသည့် ပဉ္ဇင်းလူထွက်တစ်ယောက်ဖြစ်သည်။ ခရီးပန်းနေသဖြင့် ခဏတာနေပြီး ပြန်လာခဲ့ကြသည်။ မရွေတို့အိမ်တွင် တစ်ညတည်းခိုသည်။

မရွှေတို့အိမ်တွင် ရပ်ဝေးရပ်နီးမှ ဧည့်သည်များ လာရောက်ကြသည်။ စကားပြောကြသည်။ ထိုအထဲတွင် အနည်းငယ် ထူးဆန်းသော ဒကာကြီးတစ်ဦး ပါသည်။ သူက ဆရာတော်များကို ဦးချခြင်း မရှိ။ တဖြည်းဖြည်း စကားပြောကာမှ သူ့အကြောင်းတွေ ပြောပြသည်။ သူက အရင်က ဗုဒ္ဓဘာသာ။ ယခုအခါ ခရစ်ယာန်အဖြစ် ပြောင်းလဲလိုက်ပြီဟု ဆိုသည်။ ဆွီဒင်ကို ရောက်ခါစက ကျန်းမာရေးမကောင်းဖြစ်သည်။ ထိုအခါ ယေရှုကို ကိုးကွယ်လျှင် ပျောက်လိမ့်မည်ဟု ဓမ္မဆရာက ပြောသဖြင့် ကိုးကွယ်လိုက်သည်။ ရောဂါလည်း ပျောက်သွားသည်ဟု ဆိုသည်။ ထို့အတွက်ကြောင့် သူက သံဃာတော်များကို တွေ့သောအခါ တစ်သက်လုံးကိုးကွယ်လာခဲ့သော ဘာသာတရားအရှိန်ကြောင့် ဦးလည်း ချချင်၊ တစ်ဖက်ကလည်း နှစ်ချင်းခံထားသဖြင့် တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေပုံ ရသည်။ နောက်ပိုင်း ရွှေညဝါဆရာတော်နှင့် ဆွေးနွေးပြီးသောအခါမှ ဦးချသည်ကို တွေ့ရသည်။ ဗုဒ္ဓဘာသာက ဘာသာဝင်ဦးရေ တိုးပွားဖို့ စိတ်မဝင်စားကြောင်း၊ မြတ်စွာဘုရားကလည်း သူ့ကို ကိုးကွယ်တာပဲဖြစ်ဖြစ်၊ အခြားတစ်စုံတစ်ရာကို ကိုးကွယ်တာပဲဖြစ်ဖြစ် မိမိ၏ ဦးနှောက်ဖြင့် အသေအချာ စဉ်းစားသုံးသပ်ပြီးမှ ကိုးကွယ်ဖို့ မှာထားကြောင်း စသဖြင့် ပြောပြဖြစ်ခဲ့သည်။

(၆၂)
နောက်တစ်နေ့ မကေသီတို့အိမ်ဂေဟာတွင် နေ့ဆွမ်းဘုဉ်းပေးပြီး မြန်မာကျောင်းရှိရာ ယော့ကွမ်းမြို့သို့ ထွက်ခွါခဲ့သည်။ ဂျီပီအက်စ်က လမ်းညွှန်သည့်အတိုင်းသာ သွားနေရသည်။ လမ်းဘေးတစ်လျှောက်တွင် လမ်းညွှန်ဆိုင်းဘုတ်တစ်ခုမှ မတွေ့ရပေ။ မြို့ဟုဆိုသော်လည်း အမှန်အားဖြင့် ရွာသာသာမျှသာ ဖြစ်သည်။ ညပိုင်းကြီး ရောက်သွားသည်။ ကျောင်းထိုင်ဆရာတော်ဦးနန္ဒသာရက ခရီးဦးကြိုပြုသည်။ အခန်းများကို လိုက်ပြသည်။ ရွှေညဝါဆရာတော်က ဥရောပသွားခဲ့သမျှနေရာများတွင် ဤမြန်မာကျောင်းလောက် ကျယ်ကျယ်ဝန်းဝန်း မရှိကြောင်း ဆိုသည်။ မြန်မာကျောင်းသည် ယခင်က ဘိုးဘွားရိပ်သာကြီးဖြစ်သည်။ ဆွီဒင်နိုင်ငံရောက်မြန်မာဗုဒ္ဓဘာသာဝင်များ စုပေါင်းပြီး ဝယ်ယူကာ ကျောင်းအဖြစ် လှူဒါန်းထားကြခြင်း ဖြစ်သည်။

နောက်တစ်နေ့တွင် မြန်မာကျောင်းမှ နာရီဝက်ခန့် သွားရသည့် Flygvapen Museun ဟူသော လေယာဉ်ပြတိုက်သို့ သွားကြသည်။ ခေတ်အဆက်ဆက် အဆင့်ဆင့် ပြောင်းလဲတိုးတက်လာသော လေယာဉ်တို့၏ သမိုင်းကြောင်းကို စိတ်ဝင်စားဖွယ်ဖြစ်အောင် ပြသထားသည်။ ခရီးသွားရင်း ပြတိုက်များသို့ ရောက်သည့်အခါတိုင်း မြန်မာနိုင်ငံတွင်ရှိစဉ်က ပြတိုက်တစ်ခုမှ မသွားဖူး၊ မကြည့်ဖူးခဲ့ခြင်းကို တွေးမိတတ်သည်။ သူတို့နိုင်ငံများတွင် ပြတိုက်သည် အဓိပ္ပာယ်မြောက်မြားစွာ ရှိသည်။ ပြတိုက်တစ်ခုရောက်သည်နှင့် မိမိနိုင်ငံအပေါ် ချစ်မြတ်နိုးစိတ်၊ တန်ဖိုးထားစိတ် တစ်နည်းအားဖြင့် မျိုးချစ်စိတ်ဓာတ်များ ဖြစ်ပေါ်လာအောင် ကြိုးစားပြသထားသည်ကို တွေ့ရသည်။ “ငါတို့မြန်မာနိုင်ငံမှာ လေယာဉ်ပြတိုက်လုပ်ရင် ဘာတွေကိုများ ပြရမှာပါလိမ့်”ဟု တွေးကာ ပြုံးမိသည်။

မိမိတို့နိုင်ငံအတွက် အသက်ပေးပြီး ကာကွယ်ခဲ့သူများ၊ တိုင်းတစ်ပါးကျူးကျော်သူများကို စွန့်ဝံ့စွန့်စားတိုက်ခိုက်ခဲ့ပုံများ၊ စွန့်ဦးတီထွင်သူများ၊ မိမိနိုင်ငံကို ဂုဏ်တက်အောင် စွမ်းဆောင်ခဲ့သော စာရေးဆရာများ၊ သိပ္ပံပညာရှင်များ၊ ပန်းချီပညာရှင်များ … စသဖြင့် သူ့အခန်းကဏ္ဍနှင့်သူ စနစ်တကျ ထားရှိပြီး ပြတိုက်အဖြစ် ပြသထားကြခြင်း ဖြစ်သည်။ သူတို့ပြတိုက်များသို့ ရောက်တိုင်း စာရေးသူတို့ ခေတ်ကာလ မြန်မာနိုင်ငံတွင် ဖြတ်သန်းခဲ့ရပုံများက ရင်နာဖွယ်အဖြစ် ပြန်ပြောင်းသတိရလာတတ်သည်။

စာရေးသူတို့ ခေတ်ကာလတွင် မိမိတို့နိုင်ငံကို အသက်ပေးကာ လွတ်လပ်ရေး အယူပေးခဲ့ကြသော အမျိုးသားခေါင်းဆောင်များကိုလည်း အလေးပြုခွင့်မရ။ သူတို့အကြောင်း စာအုပ်များကိုလည်း ရိုက်နှိပ်ခွင့်မရ။ သူတို့ပုံပါသော စာရွက်အပိုင်းအစကိုပင် ပေါ်ပေါ်ထင်ထင် သိမ်းထားခွင့်မရ။ သူတို့ကို ချီးကျူးဂုဏ်ပြုသောစာပေများလည်း ဖန်တီးခွင့်မရှိ။ စာရေးသူတို့ပြည်သူများမှာ သူတို့ချစ်ရမြတ်နိုးရသောခေါင်းဆောင်များကို သိုသိုသိပ်သိပ် ရင်ထဲတွင်သာ ထားပြီး ချစ်ခဲ့ရသည်။ မြတ်နိုးခဲ့ရသည်။ စာရေးသူ သာသနာ့တက္ကသိုလ်မှာ ကျောင်းတက်စဉ်ကတော့ နည်းမျိုးစုံဖြင့် တင်းကျပ်ထားသည့်ကြားက ဗိုလ်ချုပ်အောင်ဆန်းပုံနှင့်ဒေါ်အောင်ဆန်းစုကြည်ပုံတို့ကို အခန်းတွင်း၌ ချိတ်ထားကပ်ထားခဲ့သည်ကို အမှတ်ရသည်။

ဆူးလေနားတစ်ဝိုက်က စာအုပ်အဟောင်းဆိုင်များတွင် ဗိုလ်ချုပ်အောင်ဆန်းစာအုပ်များကို အကြိမ်များစွာ ရှာခဲ့ဖူးသည်။ ခိုးကြောင်ခိုးဝှက် ဝယ်ဖတ်ခဲ့ဖူးသည်။ ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းစာအုပ်များက ခေါင်းဆောင်တစ်ယောက်၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်နှင့် တာဝန်ခံစိတ်များကို လေ့လာသိရှိရသည်။ လေးလေးစားစားချစ်မြတ်နိုးရသည်။ ထိုစဉ်ကတော့ “ဒီလိုမြင့်မြတ်တဲ့ခေါင်းဆောင်မျိုးကို ချောင်းထိုးထားချင်ကြသူတွေ”ဟု အမြဲတွေးကာ တော်လှန်သောစိတ်ဓာတ်များဖြင့် ဘဝကို ရှင်သန်ခဲ့ရသည်။ လူငယ်တစ်ယောက်၏ မဟုတ်မခံစိတ်၊ ဇွတ်တရွတ်နိုင်စိတ်၊ ဘဝတက်လမ်းတွေ ပကာသနတွေ ဘယ်လိုပင် ပျက်ယွင်းပစေ အမှန်တရားကိုပဲ ဆုတ်ကိုင်ထားမယ်ဆိုတဲ့ အားမာန်တွေ ရရှိခဲ့ရသည်။ ထိုစိတ်ဓာတ်ကြောင့် ဘဝတက်လမ်းတွေ၊ အခွင့်အရေးကြီးတွေ များစွာ လက်လွှတ်ခဲ့ရဖူးသော်လည်း ထိုစိတ်ဓာတ်ကြောင့်ပင် ကိုယ့်ကိုကိုယ် ယနေ့အချိန်အထိ ဂုဏ်ယူနေမိဆဲပင် ဖြစ်ပါသည်။

ရွှေတိဂုံဘုရားမြောက်ဘက်မုခ်ရောက်ပြီး ဗိုလ်ချုပ်ကျောက်စာတိုင်ဘေးက ဖြတ်လျှောက်သွားတိုင်း ဝမ်းနည်းသလိုလို တစ်စုံတစ်ရာ ခံစားခဲ့ရသည်ကိုလည်း အမှတ်ရသည်။ ရွှေတိဂုံဘုရားတောင်ဘက်က အမှိုက်သရိုက်များ၊ မြက်ပင်များဖြင့် မသန့်မရှင်းသည့် ဆရာစံအထိမ်းအမှတ်ကျောက်စာတိုင်ဝန်းထဲသို့လည်း ဝမ်းနည်းစိတ်ဖြင့် အကြိမ်များစွာ ဝင်ထိုင်ဖူးသည်။ မိမိတို့ချစ်မြတ်နိုးသောခေါင်းဆောင်များကို လွတ်လပ်စွာ ချစ်ခွင့်မရှိ၊ မြတ်နိုးခွင့်မရှိ၊ ဦးထိပ်ထားခွင့်မရှိသောတိုင်းပြည်လောက် တရားမဲ့တာ အဘယ်မှာ ရှိမည်နည်း။

သူတစ်ပါးနိုင်ငံများတွင် မိမိတို့နိုင်ငံအတွက် အသက်စတေးသွားခဲ့ကြသည့်ခေါင်းဆောင်များ၊ နိုင်ငံဂုဏ်ဆောင်များကို ပြတိုက်ကြီးများဆောက်လုပ်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြသထားကြသည်။ သူတို့နိုင်ငံကို တရားသဖြင့် ဦးဆောင်သွားခဲ့ကြသည့် သမ္မတအဆက်ဆက်၊ ခေါင်းဆောင်အဆက်ဆက်တို့ကိုလည်း ဂုဏ်ယူစွာ၊ နှောင်းခေတ်လူသား မျိုးဆက်သစ်တို့ အားကျစေရန် ပြသထားတတ်ကြသည်။

မြတ်စွာဘုရားက ကျေးဇူးတရားကို အလွန်တရာ တန်ဖိုးထားသည့်ဘုရား ဖြစ်သည်။ လူအချင်းချင်းပေါင်းစပ်ဖွဲ့စည်းထားသည့် လူ့အဖွဲ့အစည်းမှာဖြစ်ဖြစ်၊ နိုင်ငံအလိုက်ပဲဖြစ်ဖြစ် တစ်စုံတစ်ခုနှင့်တစ်စုံတစ်ခုကို ကျေးဇူးတရားဖြင့် ချိတ်ဆက်ထားစေသည်။ ကျေးဇူးမဲ့ခြင်းကို အမြဲတမ်း ကဲ့ရဲ့တော်မူသည်။ ကျေးဇူးသိခြင်းကို ထာဝရအားပေးချီးမွမ်းတော်မူသည်။ စာရေးသူတို့ခေတ်ကာလတစ်လျှောက်လုံး ကျေးဇူးတင်သင့်၊ ကျေးဇူးပြုထိုက်သော နိုင်ငံ့ကျေးဇူးရှင်များကို လျစ်လျူရှုခံခဲ့ကြရသည်။ လူမှုအဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်ခု တိုးတက်ကြီးပွားဖို့ဆိုလျှင် ကျေးဇူးတရားကို သိဖို့ လိုပါသည်။ သိသည့်အတိုင်း ထုတ်ဖော်ပြောကြားဖို့ လိုပါသည်။ ထုတ်ဖော်ပြောကြားသည့်အတိုင်း ကျေးဇူးဆပ်ဖို့လည်း အလွန်လိုအပ်လှပါသည်။

ဆက်လက်ဖော်ပြပါမည် …

အရှင်ကုသလသာမိ (အတည်မဲ့)
www.facebook.com/ashinkusalasami


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်