ငြိမ်းချမ်းအေး – သဒ္ဓါ ဆွမ်းလား … ဘယ ဆွမ်းလား …

December 14, 2014

ငြိမ်းချမ်းအေး – သဒ္ဓါ ဆွမ်းလား … ဘယ ဆွမ်းလား …
(မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၄

(၂၀၁၄) ခုနှစ် အတွက် အမည်းစက်ကြီး တခု အဖြစ် မှတ်တမ်းဝင်သွားခဲ့တဲ့ ဖြစ်ရပ်ဟာ နှစ်လည် ဇူလိုင် လဆန်း မန္တလေး မှာ လူသေသည့် အထိ ဖြစ်ပွားခဲ့တဲ့ လူမျိုး/ဘာသာရေး အဓိကရုဏ်း ပါ။  တိုင်းပြည် မှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီ လူမျိုး ဘာသာ ဆက်စပ် သွေးထိုးမှု၊ အမြင်မကြည်လင်မှု အမုန်း တွေမှာ နိုင်ငံရေး ပယောဂ ဘယ်လောက် ပါ တယ် ပဲ ဆိုဆို မန္တလေး လို ရှေး ပဒေသရာဇ် မင်း နေပြည်တော် လက်ထက် ကတည်းက လူမျိုး၊ ဘာသာ စုံ ချစ်ကြည် ဥမကွဲ သိုက်မပျက် နေလာခဲ့တဲ့ နေရာမျိုး ရဲ့ သမမျှတမှု ဓလေ့ ကို ပါ ထိပါး လာခြင်းဟာ တိုင်းပြည်မှာ လူမျိုး မတူ၊ ဘာသာ မတူ သူ ကြား ထားရှိတဲ့ အမြင် အမုန်းတရား တွေဟာ ကြီးထွားလာခဲ့ပြီ ဆိုတာကို ပြနေပါတယ်။

ဒီအတွက် အမုန်းတရား ကို နှိပ်ကွပ်ဖို့ရာ ဘာသာရေး အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ ဝိုင်းဝန်း ကြိုးစား အစီအစဉ်မျိုးစုံချ ကြိုးစားနေကြပါတယ်။  ဒီထဲက တခု က တော့ အလှူ ပွဲ တွေပါ။  အခုနှစ်ပိုင်း ပဋိပက္ခတွေ များလာတော့ ဘာသာပေါင်းစုံ ချစ်ကြည်ရေး ခေါင်းစဉ် အောက်မှာ ဗမာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေရဲ့ ဗုဒ္ဓဘာသာ ဆက်စပ် အလှူပွဲ သတင်းတွေ ခပ်စိပ်စိပ် ဖတ်လာရတယ်။  ဗမာမွတ်ဆလင်တွေက ဝါကျွတ် အီဒ် ပွဲတော် အထိမ်းအမှတ်လို၊ ဗုဒ္ဓ ဘာသာ အခါကြီး ရက်ကြီး လို မျိုးတွေမှာ သံဃာတော်တွေကို ဆွမ်းကပ် ကုသိုလ်ပြုရင်း လေးစား ချစ်ကြည် သမှု ကို ပြကြတယ်။

လူမျိုး/ဘာသာ နောက်ခံ အဖွဲ့အစည်းစုံဟာ ဘာသာရေး ဆက်စပ် အလှူတင် မက၊ အခြား ဒေသ ဖွံ့ဖြိုး စည်ပင်သာယာရေး လူမှုရေး လုပ်ငန်းတွေ အတူတကွ ပူးပေါင်း လုပ်ဆောင်လာ ကြတာလည်း အကောင်းအနေနဲ့ တွေ့ရတယ်။  ဟောပြောပွဲ တချို့မှာ ဗမာ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင်တွေကို ဖိတ်မန္တကပြု ညီညွတ် ချစ်ကြည်ရေး တရား ဟောခိုင်းကြတာလည်း ဝမ်းမြောက်ဖွယ် တိုးတက်မှု အဖြစ် မြင်ရတယ်။

တဖက်မှာလည်း အစ္စလာမ် ဘာသာဝင် ဆိုရင် စင်ပေါ်တက် စကားမပြော မဟောရဘူး ဆိုတဲ့ အနေအထားမျိုး အထိ ဦးပဉ္စင်း တချို့နဲ့ လူပုဂ္ဂိုလ် တချို့  ကန့်ကွက်ခြင်းလို သဘောထား သေးသိမ် အမြင် ကျဉ်းမြောင်းမှုများကလည်း ကျယ်ကျယ်ပြန့်ပြန့် မြင်နေရသေးတယ်။  အဓိက အကြောင်းပြကြတာကတော့ ဘာသာခြား၊ လူမျိုးခြားတွေ တိုင်းရင်းသား မဟုတ်ဘူး။  ဒါကြောင့် သူတို့ ကို နေရာပေး စင်ပေါ် မတင်ရဘူး ဆိုတဲ့ သဘောပါ။  ဒီမှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိတာမှန်ပေသည့် လူမျိုး၊ ဘာသာ ကွဲ တာနဲ့  တိုင်းပြည်မှာ အိမ်ခံ ဇာတိ မဟုတ် ဆိုတဲ့ အတွေးအခေါ် ဟာ လူအများကြားမှာ ကျယ်ပြန့် နေခြင်းဟာ ငြင်းမရပါ။  သီလ ပြည့်စုံ သြဇာကြီး ရှိတဲ့ ဘာသာရေး ခေါင်းဆောင် တချို့တောင် ဒီလို သဘော နှုတ်က ဖွင့်ဟ တတ်ပါတယ်။

ဒီလို အခြေခံ အမြင် မှာ လူမျိုး၊ ဘာသာ မတူ တာကြောင့် အိမ်သည် အဖြစ် လက်ခံလိုစိတ် မဲ့ နေပြီ ဆိုရင် ဘာသာစုံ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ၊ အလှူ ပွဲ တွေ ဟာ အကျိုး ရှိသင့်သလောက် မရှိနိုင်၊ အလုံးစုံ အမုန်းတရား တွေ ကို ချေဖျက် နိုင်ဖို့ အားနည်းနေဦးမှာပါ။

အမှန် မြင်နိုင်ရမယ့် အချက်က တိုင်းပြည်မှာ မှီတင်းနေထိုင်နေသူ လူမျိုးကွဲ၊ ဘာသာခြား ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒို၊ ဘာသာရှိ၊ ဘာသာမဲ့၊ လူမျိုးစုံ နိုင်ငံသား အားလုံး ရဲ့ အိမ်ဟာ ဒီ နိုင်ငံ တခုတည်းရယ် ဆိုတာကိုပါ။  အခု ဖြစ်နေတဲ့ အဓိက ပြဿနာ က လတ်တလော အခြေချ နေထိုင်သူများနဲ့ ဖြစ်နေတာ မဟုတ်ပါ။  ဒီ တိုင်းပြည်မှာ နှစ်ရာချီ အခြေချ နေထိုင် နေကြသူ အိမ်ကြက်ချင်း အိုးမည်းသုတ် အမုန်းပွားချင်နေကြတာပါ။

အခု (၂၀၁၄) ခု ရဲ့ အကြီးဆုံး ပဋိပက္ခ ဖြစ်ခဲ့တဲ့ မန္တလေး ကိုပဲ ဥပမာ ကြည့်ပါ။  လူမျိုး၊ ဘာသာ မတူတာနဲ့ ဓား တယမ်းယမ်း၊ တုတ်တပြက်ပြက် သတ်ချင် ဖြတ်ချင် မီးရှို့ချင် ဖြစ်နေတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီး နောက်ခံ ဟာ တကယ့် မန္တလေး ပုံရိပ် အစစ်အမှန် မဟုတ်ပါ။

မန္တလေး (၁၈၅၇ တည်) ဟာ ပထဝီ ဒေသ အနေအထား အရ အချက်အချာ ကျတဲ့ နေရာ ဖြစ်တာကြောင့် စတင် တည်ထောင်စဉ် ကာလ (၁၉) ရာစုမှာကတည်းက လူမျိုး၊ ဘာသာစုံ မှီတင်းနေထိုင်ခဲ့ခြင်းနဲ့ အတူ အရှေ့တောင်အာရှ ရဲ့ ထိပ်တန်း အယူဝါဒ ယဉ်ကျေးမှု စုံ ထွန်းကားရာ မင်းနေပြည်တော်ကြီး ဖြစ်ခဲ့ပါတယ်။  မွန်၊ မြန်မာ၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ယိုးဒယား၊ လင်းဇင်း၊ အိန္ဒိယ၊ ကသည်း၊ မဏိပူ၊ တရုတ်၊ ပန်းသေး၊ အာရပ်၊ ပါရှန်၊ ဖာရာစီ၊ ပသီ၊ မဟာမေဒင်၊ ဖရန်းစစ်၊ ပူတကေ၊ အီတာလျံ၊ အင်္ဂလိပ်၊ ဂျူး၊ အာမေးနီးယန်း အစရှိတဲ့ လူမျိုး၊ ဘာသာ စုံ မြို့တည် နန်းတည်ကတည်းက အတူတကွ အခြေချ နေထိုင်ခဲ့ကြတာပါ။

ဒီသဘောဟာ ကုန်းဘောင်မင်းဆက်ရဲ့ ဗဟုဝါဒ ထွန်းကားရာ ဓလေ့ကောင်း တခုလို့လည်း ဆိုနိုင်တယ်။  ကုန်းဘောင်မင်းဆက် တည်ထောင်သူ အလောင်းဘုရား (နန်းစံ ၁၇၅၂-၁၇၆၀) ခေတ်ကတည်းက ဗမာ မွတ်ဆလင်တွေလို လူနည်းစုဝင်များဟာ ကိုးကွယ်ရာ ဘာသာ ကွဲပြားပေမဲ့ နိုင်ငံရေးရာတွေမှာ နေရာရခဲ့တယ်။  ဆဋ္ဌမမြောက် မင်းဆက် ဘိုးတော်ဘုရား/ဗဒုံမင်း (နန်းစံ ၁၇၈၂-၁၈၁၉) လက်ထက်မှာ ဗမာမွတ်ဆလင် တွေကို မင်းပြန်တမ်းတွေမှာ တရားဝင် အသိအမှတ်ပြုခဲ့ပြီး ဗမာမွတ်ဆလင် ဆက်စပ် အချင်းကြီး အချင်းငယ် များ ဖြေရှင်းဖို့ရာ သီးသန့် တရားရေးရာ ဝန်ကြီး ရာထူးများ ခန့်အပ်ပေးခဲ့တယ်။  အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ (၁၈၅၂-၁၈၅၃) မှာ ဗမာမွတ်ဆလင်တွေ တိုင်းပြည်ကို စွမ်းစွမ်းတမံ ကာကွယ်ခဲ့တယ်။

မန္တလေး ရတနာပုံခေတ် မှာ မင်းတုန်းမင်း (နန်းစံ ၁၈၅၃-၁၈၇၈) ဟာ မွတ်ဆလင်များ အတွက် သာသနိက အဆောက်အအုံများ၊ လူနေရပ်ကွက် မြေနေရာများ (ဥပမာ – ကွမ်းရိုးတန်း၊ ပန်းသေးတန်း၊ ကုလားပျိုရပ် အစရှိသလို) သတ်သတ်မှတ်မှတ် ချီးမြှင့်ပေးခဲ့တယ်။  ဗမာမွတ်ဆလင် စစ်မှုထမ်း တပ် သီးသန့် ရှိတယ်။  ဗမာ မွတ်ဆလင် ထောင်ပေါင်းများစွာ အုပ်ချုပ်ရေး ရာထူးကြီးများ ရခဲ့တယ်။

မင်းတုန်းမင်း ဟာ ဘာသာတရား ကိုင်းရှိုင်းလှပြီး ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားအောင် အထူး ဆောင်ရွက်ခဲ့ပေမဲ့ စစ်မှန်တဲ့ ဗုဒ္ဓဝါဒီ ပီပီ ဘာသာစွဲ မကြီးဘဲ မင်းမှုထမ်း ဘာသာ လူမျိုး ကွဲများ၊ ကုန်သည် စီးပွားလာရောက် ပြုသူ နိုင်ငံခြားသားများ နဲ့ သာသနာပြုများ၊ သံတမန်များ အားလုံးကို ခရစ်ယာန်၊ မွတ်ဆလင်၊ တရုတ်၊ အိန္ဒိယ၊ ဥရောပ မခွဲ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်၊ ဘာသာ၊ လူမျိုး ဓလေ့ ကျင့်သုံးခွင့် ပေးခဲ့တယ်။  မင်းမှုထမ်း ဗမာမွတ်ဆလင်များ အရှေ့အလယ်ပိုင်း မက္ကာ အရပ် ကို သာသာနာ ခရီး ထွက်နိုင်ဖို့ရာ အကူအညီ ပေးခဲ့တယ်။

ဗမာမွတ်ဆလင်များကလည်း ကုန်းဘောင်မင်း အဆက်ဆက် တိုင်းပြည် ကို သစ္စာရှိရှိ စစ်မှုထမ်းခြင်း၊ ကုန်သည်၊ စီးပွားပြု အခွန်ထမ်း ခြင်းဖြင့် ပြန်လည် တာဝန် ကျေပွန်ခဲ့တယ်။  မင်းတုန်းမင်း (၁၈၀၈-၁၈၇၈) နဲ့ ကနောင်မင်းသား (၁၈၂၀-၁၈၆၆) ရွှေဘို ထွက် နောင်တော် ပုဂံမင်း (နန်းစံ ၁၈၄၆-၁၈၅၃) ကို ပုန်ကန်စဉ်ကတည်းက နောက်လိုက် ကျွန်ယုံ အဖြစ် အမှုထမ်းခဲ့သူတွေထဲမှာ ဦးဘိုး၊ ဦးရွဲ အစရှိတဲ့ ဗမာမွတ်ဆလင်များ အများအပြား ပါဝင်ခဲ့တယ်။  နောက်ဆုံး မင်းဆက် သီပေါမင်း (နန်းစံ ၁၈၇၈-၁၈၈၅) လက်ထက် အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲ မင်းလှခံတပ် တိုက်ပွဲလိုမျိုးတွေမှာ ဗမာမွတ်ဆလင် အမြောက်တပ်၊ ခြေလျင်တပ်များ ရွပ်ရွပ်ချွံချွံ အစွမ်းပြခဲ့ကြတယ်။

အလားတူ ပဲ တရုတ်အမျိုးသားများ၊ ဥရောပ အနွယ်များလို အခြား လူမျိုးခြား အခြေချနေထိုင်သူများ ဟာ မင်းမှုထမ်း၊ ကုန်သည် ပွဲစား၊ သာသနာရေး၊ ပညာရေး ဝန်ထမ်းများ အဖြစ် ကုန်ဘော်ခေတ်မှာ တိုင်းပြည် အကျိုးပြုခဲ့ကြတယ်။

(စကားချပ် – သမိုင်းအချက်အလက်များအတွက် နောက်ဆက်တွဲ ရည်ညွှန်းပါ ကျမ်းများ မှာ အကျယ် လေ့လာနိုင်ပါတယ်။)

 မန္တလေး မွတ်ဆလင်  အမျိုးသမီး တဦး ဆွမ်းလောင်းလှူ နေပုံ။  ဓာတ်ပုံ – ဆရာ သိန်းသန်းဦး (မန္တလေး)
(ဒီလို မန္တလေး မွတ်ဆလင် အိမ်တွေမှာ ဆွမ်းခံ ကိုယ်တော်တွေ ရှိတာဟာအဘိုးအဘွားများ လက်ထက် ကတည်းက အစဉ်အလာပါ။)

မန္တလေး ရဲ့ သမိုင်းပုံရိပ် အစစ်အမှန် က အဲဒီလို ပါ။  ဗမာ့ သမိုင်း လာခဲ့ရာ ကလည်း အဲဒီလိုပါ။  အစွန်းရောက် အမျိုး၊ ဘာသာ စိတ် လမ်းကြောင်းတဲ့ စစ်အာဏာရှင် စနစ်ဆိုး ရာစုဝက်ကျော် လွှမ်းမိုးခံရပြီးချိန် အခု မျက်မှောက်ခေတ်မှာတော့ လူမျိုး/ဘာသာ အဓိကရုဏ်းတွေ မန္တလေး လို မြို့မှာ အထိ ဝမ်းနည်းဖွယ် မြင်ခဲ့ရသလို အခု ဗမာမွတ်ဆလင်များက ဗုဒ္ဓသံဃာတော်များကို ဆွမ်းကပ်ခြင်းလို ကိစ္စမျိုးကို အရေးတယူ လုပ်၊ သတင်းတောင် ဖြစ်နေရတယ်။  ချစ်ကြည်ရေး ခေါင်းစီး နဲ့ မဖြစ်မနေ သဘော လုပ်ပြနေရတယ်။

တကယ်တော့ မန္တလေး ရဲ့ နှစ်ပေါင်း (၁၅၇) နှစ် သမိုင်းမှာ ဗမာ မွတ်ဆလင် တွေ အပါအဝင် လူမျိုး၊ ဘာသာ ကွဲ အားလုံးဟာ မြန်မာ့ရိုးရာ ပွဲတော်များ၊ ကထိန်၊ ရှင်ပြု လို ဗုဒ္ဓ ဘာသာ ဆက်စပ် ဓလေ့များကို မြန်မာများနည်းတူ အင်တိုက်အားတိုက် ပါဝင်ခဲ့ကာ အလှူဒါန ပြု၊ ကုသိုလ် ဝေမျှ ယူကြတာ ထုံးစံပါ။  လူမျိုး ဘာသာအခြေပြု ဓလေ့ သဘော မဟုတ်ဘဲ၊ “ဒေသ ဓလေ့” အနေနဲ့ ကုန်းဘောင်ခေတ်ကတည်းက အစဉ်မပြတ် တည်ရှိလာခဲ့တာပါ။  မန္တလေး မွတ်ဆလင်များ ဘုန်းကြီး ဆွမ်းကပ်ခြင်းဟာ အထူးအဆန်း မဟုတ်၊ မန္တလေး ဓလေ့၊ မန္တလေး ထုံး ဖြစ်သလို ဗမာ သမိုင်းရဲ့ မတူကွဲပြားခြားနား ယဉ်ကျေးမှုများ သမညီညွတ် မျှတ ဗဟုဝါဒ ထွန်းကားခဲ့ခြင်း ပြယုဂ် လည်း ဖြစ်ပါတယ်။

ဒါ့အပြင့် ဗမာ မွတ်ဆလင်များ ယုံကြည်ကိုးကွယ်ရာ အစ္စလာမ်ဘာသာ ရဲ့ ထမ်းဆောင်ရမယ့် အဓိက မဏ္ဍိုင်ကြီး (၅) ခု မှာ အလှူဒါန ပြုခြင်း တခု ပါပြီး ငွေကြေးခိုင်လုံသူ မွတ်ဆလင်များ မဖြစ်မနေ လိုက်နာ ကျင့်သုံးရမယ့် ကျင့်ဝတ်တာဝန်လည်း ဖြစ်တယ်။  စုဆောင်းငွေရဲ့ ရာခိုင်နှုန်း ဘယ်လောက် ကို ပုံမှန် ပေးကမ်းစွန့်ကြဲနေရမယ် ဆိုတာ သတ်သတ်မှတ်မှတ် ပြဋ္ဌာန်း ထားတယ်။  တတ်နိုင်သူများ အနေနဲ့ ပြဋ္ဌာန်းချက်ပြင်ပ အလှူမျိုးစုံကို လိုအပ်နေသူများ အတွက် ဘာသာ၊ လူမျိုး မခွဲ ပြုလုပ်အပ်တယ်လို့လည်း လမ်းညွှန်ထားတယ်။  ဆိုတော့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေလိုပဲ အစ္စလာမ် ဗမာမွတ်ဆလင် များဟာ အလှူရေစက် လက်နဲ့မကွာ အမြဲ ရှိကြတယ်။

ဒီလိုနောက်ခံမှာ အခု ဗမာ မွတ်ဆလင်များ ခေါင်းစဉ်တွေ အောက်မှာ လုပ်ပြနေရတဲ့ အလှူဒါန ပြု ဆွမ်းကပ်ခြင်းမျိုးဟာ ဖြစ်ရိုးဖြစ်စဉ် အစဉ်အလာ တခု အရပဲ ဖြစ်ရပါမယ်။  လူမျိုး၊ ဘာသာ မခွဲ ချစ်ကြည်ရင်းနှီ စိတ် အခံ အပြည့်နဲ့ သဒ္ဓါ တရား ထက်သန်စွာ လှူဒါန်း ကုသိုလ်ယူတာမျိုးပဲ ဖြစ်ရပါမယ်။  လူမျိုး၊ ဘာသာစိတ် ပြင်းထန်တဲ့ ကိုယ်တော်တချို့ ကြိမ်းဝါး ဟောကြားခဲ့ဖူးတဲ့ “မန္တလေးက မွတ်ဆလင်များ နေစရာ၊ စားစရာ မရှိအောင် လုပ်ပြမယ်” ဆိုတဲ့ အမုန်းစကား ခြောက်လှန့်မှုတွေရဲ့ ရလဒ် ဘေးဥပဒ် ကင်းရှင်းလိုတာကြောင့် အနှာင်အဖွဲ့ နဲ့ ပြုလုပ်ရတဲ့ “ဘယ ဆွမ်း” မဖြစ်ဖို့ လိုပါတယ်။

တိုင်းပြည်မှာ ရာစုနှစ်ချီ တည်ရှိလာခဲ့တဲ့ ချစ်ကြည်ရေး အစဉ်အလာ မပျက်တဲ့ ကောင်းမှု ကုသိုလ် ပြုပွဲ သန့်သန့် လေးပဲ ဖြစ်စေရပါမယ်။  လူမျိုး၊ ဘာသာ အခြေခံ အကြမ်းဖက်မှုများ ထွန်းကား ကျယ်ပြန့်လာခြင်းကြောင့် လူနည်းစု အုပ်စုဝင်များ စိတ်မလုံခြုံမှု ခံစား၊ အကြောက်တရား လွှမ်းမိုးကာ အနာတရ စိတ်ဒဏ်ရာ အခြေခံနဲ့ ပြုလုပ်နေရတဲ့ အလှူမျိုး မဖြစ်စေလိုပါ။  ဗဟုယဉ်ကျေးမှု ကို ပဒေသရာဇ် မင်း တွေ ခေတ် ကတည်းက ရင်ဘတ်ကျယ်ပြန့် နှလုံးသားကြီးကြီးနဲ့ လက်ခံလာခဲ့တဲ့ ဗမာပြည်ရဲ့ ဂုဏ်ယူဖွယ် ကောင်းဂုဏ်တွေကိုလည်း မယုတ်လျော့စေလိုပါ။  အခုအချိန်ကျမှ အိမ်ရှင်-ဧည့်သည် မခွဲစေလိုပါ။  ဘာသာကွဲ၊ လူမျိုခြားတွေမို့ ဒုတိယတန်းစား နိုင်ငံသား “ဧည့်သည်” တွေ အဖြစ် နေဟယ် မလုပ်အပ်ပါ။

ဘာသာရေး အစွန်းရောက် လိုသူများကတော့ ဗုဒ္ဓ၊ အစ္စလာမ် အုပ်စု နှစ်ဖက်လုံးမှာ အစိတ်အပိုင်း တခုအနေနဲ့ အနည်း အများ ရှိကြမှာပါပဲ။  ကမ္ဘာ့ ဘာသာ၊ လူမျိုး၊ နိုင်ငံတိုင်းမှာလည်း ရှိတာပါပဲ။  အစွန်းရောက် တရားများ ဗမာ့ လူ့အဖွဲ့အစည်းမှာ မကျယ်ပြန့်၊ မကြီးထွား၊ မရှင်သန်၊ မတိုးပွား၊ အမြစ် မတွယ်အောင်သာ အစိုးရ၊ ပညာရေး စနစ်၊ စာနယ်ဇင်း၊ အနုသုခုမ ကဏ္ဍာ အစုံစုံ က ဝိုင်းဝန်း ဖေးမ ထိန်းကျောင်း ပြုပြင်ရပါမယ်။  နိုင်ငံသား အားလုံးကလည်း ဘာသာ၊ လူမျိုး မကြည့်ဘဲ ချစ်ကြည် ရင်းနှီးမှု ပကတိ သဘော လူသားဝါဒ မေတ္တာ အခြေခံကာသာ တိုင်းပြည် ငြိမ်ချမ်းရေး တည်ဆောက်၊ ဖွံ့ဖြိုး တိုးတက် ချမ်းသာရေး ဖော်ဆောင်ရမှာပါ။

အခု (၂၀၁၄) နှစ် အကုန်မှာ လူမျိုး၊ ဘာသာပေါင်းစုံ မှီတင်း နေထိုင်နေတဲ့ ဗမာပြည် ရဲ့ ကောင်းမွန်တဲ့ အနာဂတ် နှစ်သစ်တွေကို တောင့်တ မျှော်ကြည့်ရင်း လက်ရှိ မျက်မှောက် အနေအထား ကို သုံးသပ်ရရင် ဘာ ပယောဂ ကြောင့် ဆိုဆို လူ့ အဖွဲ့အစည်းမှာ အမုန်းတရားများ တိုးပွားနေဆဲပါ။  ဒီ ဆိုးကျိုးဆက် အဖြစ် လူနည်းစု ဘာသာခြားများ အစဉ်အလာ ထုံးစံ အရ စေတနာ သန့်သန့်ထား ရဟန်းတော်များ ကို ကပ်လှူ လေ့ရှိတဲ့ “သဒ္ဓါ ဆွမ်း” ဓလေ့ ကနေ အကြောင့်အကြ နဲ့ မဖြစ်မနေ ပြုလုပ်နေရတဲ့ “ဘယ ဆွမ်း” အဖြစ် ပြောင်းများ သွားပြီလား စိုးရိမ်နေမိကြောင်းပါ ခင်ဗျား။

ငိမ်းချမ်းအေး
နိုဝင်ဘာ ၂၉၊ ၂၀၁၄
(မိုးမခ မဂ္ဂဇင်း အတွဲ (၁)၊ အမှတ် (၉)၊ ဒီဇင်ဘာ ၂၀၁၄ တွင်လည်း ပုံနှိပ်သည်။ ဆောင်းပါး ပါ အာဘော် နှင့် အချက်အလက်များကို ထောက်ပြ ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

ရည်ညွန်း စာများ –
– The Royal Gazette of Bodawpaya, Criminal Law Royal Decree, Volume (4).
– Konbaung Dynasty Royal History, Volume (3).
– The Muslims of Burma “A study of a minority Group” by Moshe Yegar, Otto Harrassowitz. Wiesbaden, (1972).


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

7 Responses to ငြိမ်းချမ်းအေး – သဒ္ဓါ ဆွမ်းလား … ဘယ ဆွမ်းလား …

  1. KoKo Maung on December 15, 2014 at 12:08 am

    ဒီ ဆောင်းပါးဟာလဲ အများစုသော ဗုဒ္ဓဘာသာဝင်တွေကို တဖက်သတ် အပစ်ပြောတဲ့ ခေါက်ရိုးကျိုးနေတဲ့  မီဒီယာထိုးနှက်ချက်ပါပဲ။ နောက်ဆုံးတော့ အမျိုး-ဘာသာ-သာသနာ အင်းအားစုတွေကို အထင်အမြင်မှားအောင် ရေးထားတဲ့  ဆောင်းပါးပါပဲ။

    • Nyi Lay Maung on December 15, 2014 at 7:18 pm

      မှန်ပါတယ်။ ငြိမ်းချမ်းအေး ရေးပုံရေးနည်းတွေ ဆင်ခြင်သင့် ပြင်သင့်ပါတယ်။
      ဒီတိုင်းဆက်သွားနေရင် “မိုးမခ” ပါထိခိုက်နာမည်ပျက်လိမ့်မယ်။

      • nyeinchanaye81 on December 16, 2014 at 12:28 pm

        I fully provided facts and discussed my points objectively. Reasoning behind my conclusion or concerns is not baseless. I have supported it with facts, based on current affairs and previous history.

        Therefore, you two’d better tackle my proposed points by facts or concrete reasons. Now two comments say nothing. Can’t point out anything.

        You can reach me @ https://www.facebook.com/nyeinchanaye81 or nyeinchanaye81@gmail.com as mentioned above.

  2. Nyi Lay Maung on December 16, 2014 at 7:04 pm

    The men power of all armed forces under King Mindon and also under King Thibaw could be not more than fifty thousand. Hence, how could your statement “ဗမာမွတ်ဆလင် စစ်မှုထမ်း တပ် သီးသန့် ရှိတယ်။ ဗမာ မွတ်ဆလင် ထောင်ပေါင်းများစွာ အုပ်ချုပ်ရေး ရာထူးကြီးများ ရခဲ့တယ်။ be true? If your statement were true, then Muslims were the majority in the Court of Mandalay as well as of the Burmese population then!!

    • nyeinchanaye81 on December 17, 2014 at 5:21 am

      Very easy. If you want to know the history, learn it. Read the history books. Not the military’s propaganda classroom books but scholar’s books. Even if you read the glass palace chronicle of the kings of Burma ( Hmannan History / chronicle of Konbaung Dynasty ), you can easily know that. From Konbaung Dynasty Royal History Series and official Konbaung Royal decree as well.

      Muslim Military Personals (both mercenary and voluntary) were not just serving under Burmese (Myanmar) Kings. They were under Mon Kings as well.

      Anyway, at the very least, you should have read my provided reference books instead of questioning.

      Besides, if you are interested or curious or have doubts, you can read other history books – from Pe Maung Tin, Luce, Htin Aung, Than Htun to Than Myint Oo. I deliberately left Ba Shin name as he is a Muslim as you guys must have some prejudice on his research works. Actually, he, however, has more nationalist views than some Burmese Buddhist historian like Than Htun.

      You can also read Moshe Yegar’s book as I mentioned above, who is a Jew.

      Good Luck!

      • Nyi Lay Maung on December 17, 2014 at 9:37 pm

        I am pointing your usage MANY THOUSANDS ဗမာ မွတ်ဆလင် ထောင်ပေါင်းများစွာ!
        IT IS NOT TRUE!! IT COULD BE A FEW HUNDRED!!

        • nyeinchanaye81 on December 18, 2014 at 3:47 am

          You are funny, Keeping arguing. In the end, you admit it could be a few hundreds.

          From diplomats, customs officials and interpreters to eunuchs, bodyguards to mercenaries — that’s why I generally said and used “thousands” word.

          I do not necessarily need to be exact as this is not a research paper but an op-ed article. I merely need to mention some facts to support my proposed idea and points. That’s why I mentioned some reference books for further reading if anyone interested or have doubts.

          Let’s stop fruitless argument, using MoeMaKa webiste. Do come directly to my Facebook or send me email instead, if you wish for next comments. Then you can know me who I’m.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်