ငြိမ်းချမ်းအေး – ဆို့ဟဲ့… အပင်း

December 16, 2014

ငြိမ်းချမ်းအေး – ဆို့ဟဲ့… အပင်း
ဒီဇင်ဘာ ၁၆၊ ၂၀၁၄

 (သည်လေဒီးစ် နယူးစ်)

ကျောင်းသား ဘဝ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတွေ အတွက် စာစီစာကုံး လေ့ကျင့်ရရင် ဘောလုံးသမားတွေ လစာ ထိုက်တန် ၏ မထိုက်တန် ၏၊ အမှုဆောင်အရာရှိချုပ် တွေ လစာ ဘယ်လောက် ယူ သင့်သလဲ ဆိုတာမျိုး တွေ ထောက်ခံ၊ ကန့်ကွက် ဆွေးနွေး ရေးရလေ့ ရှိတယ်။  အခုလည်း တလ မြန်မာကျပ်ငွေ ဆယ့်ခြောက်သိန်း နီးပါး ကိုယ့်ဘာသာ ကိုယ် ခံစားခွင့် အတည်ပြု လိုက်ကြတဲ့ ကျတ်ပြေး လွှတ်တော် အမတ်မင်းများရဲ့ ကျေးဇူးနဲ့ ဝင်ငွေ လစာ ခံစားခွင့် ဓန တည်ဆောက်မှု မညီမျှချက်တွေ အကြောင်း ပြန် စဉ်းစား ဖြစ်တော့တယ်။

တခေတ် တခါတုန်းက ကဗျာဆရာ သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်) က သူ့ ရဲ့ ဂျွန်လ၏မိုးရေများ (၁၉၇၂) ကဗျာ စာအုပ် မှာ “ရုပ်ရှင်မင်းသား တယောက် ရဲ့ ဝင်ငွေ သိန်းချီ ရနေသလို လယ်သမား တယောက် လည်း ရဖို့ စဉ်းစားတွေးခေါ် သင့်လှပါတယ်” လို့ ရေးခဲ့ဖူးတယ်။  မျက်မှောက်ခေတ်မှာလည်း ကမ္ဘာကြီးပြားပြီ ဆိုတာ အရင်းရှင်စနစ်ရဲ့ အလင်း မျက်နှာစာ ကွက်ကွက်၊ ကမ္ဘာလုံးဆိုင်ရာ ထိကပ်နီးစပ် စပ်ယှက် လာမှု သဘောကိုသာ အကောင်းမြင် ဆိုရတာပါ။  တကယ်တော့ ကမ္ဘာကြီး ဟာ အနိမ့် အမြင့် အမို့ အမောက် ချိုင့်ခွက်တွေ အပြည့်နဲ့ တဖက်စောင်းနင်း ကမ္ဘာကြီး ဖြစ်နေလျက်ပါပဲ။

ဒီမိုကရေစီ စနစ်ရဲ့ အဓိက အကျဆုံး အချက်က တိုင်းပြည်မှာ ရှိတဲ့ လူထု လူတန်းစား အသီးသီးအတွက် တူညီတဲ့ အခွင့်အရး၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့် တွေ ဖန်တီးပေးနိုင်ကာ လူမှုတရားမျှတမှု (Social Justice) ရရှိခံစားစေဖို့ပါ။  ဒါပေမဲ့ အရင်းရှင် လစ်ဘရယ် ဒီမိုကရေစီ စနစ် အပါအဝင် စနစ် အဖွဲ့အစည်းတိုင်းမှာ မမျှတမှုတွေဟာ နေရာတိုင်းမှာ ခေတ် အဆက် ဆက် ရှိခဲ့၊ ရှိနေဆဲပါပဲ။

ဘောဂဗေဒ ပညာရပ်မှာ ဝင်ငွေ ဥစ္စာ ဓန ဖြစ်တည်ရာ ထုတ်လုပ်မှု အင်အားစု မြေယာ၊ လုပ်အား၊ အရင်း တွေ ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အသီးသီး ရှိကြတယ်။  ဓန ကို အရင်းပြုပြီး ကုန်ထုတ် စွမ်းအား ဖြစ် ဥစ္စာ ကို ထပ်ဆင့် တိုးပွားနိုင်တယ်။  ဒီဘက်ခေတ်တွေရောက်တော့ ကုန်ထုတ်လုပ်နိုင်မှုမှာ ဉာဏ်ပညာ ကိုပါ ထည့်လာရတယ်၊ စွန့်ဦး တီထွင် စွမ်းနိုင်မှုကိုလည်း စဉ်းစား ယူလာရတယ်။  ဆန်းသစ် တွေးခေါ်နိုင်မှု အမြင် အတွေးအခေါ် ဟာ လည်း ကုန်ထုတ် စွမ်းအား ဖြစ်လာတယ်။

(၁၉) ရာစု ဂျာမန် တွေးခေါ်ပညာရှင် ကားလ်မာ့ခ်စ် (၁၈၁၈-၁၈၈၃) က အရင်း ကို အခြေခံ ခရေစေ့တွင်းကျ ရှင်းလင်း ဖွင့်ဆိုထားတဲ့ အရင်းကျမ်းတွေ ရေးထုတ် အဲဒီခေတ် ဘုန်းမီးနေလ တောက်ပနေတဲ့ နယ်ချဲ့အရင်းရှင် ကမ္ဘာ ကို ကိုင်လှုပ်ခဲ့တယ်။  အရင်းပစ္စည်းမဲ့ လူတန်းစားတွေ ရဲ့ လုပ်အား ခေါင်းပုံဖြတ်ခံရမှုက ထွက်လာတဲ့ အစွန်းထွက် တန်ဖိုးတွေကနေ အရင်းရှင်များ ကြွယ်ဝသထက် ကြွယ်ဝ ဥစ္စာဓန ဝင်ငွေ တိုးလာပုံကို မာ့စ်ခ် က ထောက်ပြခဲ့တယ်။  လက်ရှိခေတ်မှာတော့ ပြင်သစ် ဘောဂဗေဒ ပညာရှင် သောမတ် ပီကတီ (၁၉၇၁-) က “(၂၁) ရာစု အရင်းကျမ်း” ကို (၂၀၁၃) မှာ ရေးထုတ် အရင်းရှင်စနစ် ရဲ့ မညီမျှခြင်း တွေကို စနစ်တကျ ရာဇဝင်ချီ ဇယား ချ ပြ၊  အရင်းရှင်စနစ် ပြုပြင်ပြောင်းလဲမှု (Capitalism Reform) မပြုလုပ်ရင် ရင်ဆိုင် တွေ့ရမယ့် အန္တရာယ်တွေကို ထောက်ပြ၊ ဝင်ငွေများမှု အပေါ် မူတည် ကောက်ခံတဲ့ ဝင်ငွေခွန် အပြင် ဥစ္စာ ဓန ကြွယ်ဝမှု အလိုက် အခွန် (Wealth Tax) ကောက်ခံ ဖို့ အဆိုပြုလိုက်တော့ အရင်းရှင်စနစ် နဲ့ အသားကျနေတဲ့ ကမ္ဘာတဝှမ်း တုန်လှုပ်သွားခဲ့တယ်။

မညီမျှမှုတွေ အကြောင်း ပြောရင်တော့ အမြဲ တုန်လှုပ် ရတာချည်းပါပဲ။  ဟိုတရက် က သတင်းတပုဒ် မှာ ဖတ်လိုက်ရတယ်။  နအဖ ခေတ်မှာ စစ်အစိုးရ နဲ့ ပနံသင့်ရင်း လုပ်ပိုင်ခွင့်များ နဲ့ ချမ်းသာ သထက် ချမ်းသာ လာခဲ့သူ ခရိုနီ တယောက် ဖြစ်တဲ့ ဦးဇော်ဇော် (မက်စ်မြန်မာ) ရဲ့ စီးပွားအင်အားစု တနှစ် ဝင်ငွေ က အမေရိကန် ဒေါ်လာ ကုဋေ (၅၀) ရှိပါသတဲ့။  အခြား စီးပွားလုပ်ငန်း ရှင် တဦး ဖြစ်တဲ့ ဦးကိုကိုကြီး (ဒိုင်းမွန်းစတား) ပိုင် ကုမ္ပဏီစု ကတော့ ဒေါ်လာ (၃၈) ကုဋေ ပါတဲ့။    အဲ့ဒီလို ဦးတေဇ (ထူး)၊ ဦးထွန်းမြင့်နိုင် (စတီဗင်လော အေရှားဝေါလ်) အစရှိတဲ့ ကမ္ဘာ့ အဆင့် ချမ်းသာ ကြွယ်ဝနေကြတဲ့ ကုဋေကြွယ် သူဌေး ကြီးများ လက်တဆုတ်စာ ရှိရာ ကျနော်တို့ ရွှေပြည်ကြီး ရဲ့ အခြေခံ အလုပ်သမား တဦးရဲ့ တနေ့တာ ဝင်ငွေ လုပ်အားခ က နိုင်ငံတကာ စီးပွားရေးရာ အဖွဲ့တွေရဲ့ သုတေသန ပြုချက် အရ ဒေသတွင်းမှာ အနိမ့်ဆုံးပါတဲ့။  ပျမ်းမျှ ဒေါ်လာဝက် သာသာ ပဲ ရှိပါသတဲ့။  တခြား အလုပ်သမား အခွင့်အရေး၊ ဘဝ အာမခံ ချက်၊ ကျန်းမာရေး စောင့်ရှောက်ခံရမှု၊ အလုပ်ချိန်တွေ အသာထားဦး။  နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် ခေတ် ဘီအိုစီ ရေနံ အလုပ်သမား ဘဝကမှ သာပါလိမ့်ဦးမယ်။

ဗမာပြည် က ဖွံ့ဖြိုးမှု အနိမ့်ဆုံး၊ တနည်းအားဖြင့် ကမ္ဘာ့ အဆင်းရဲဆုံး တိုင်းပြည် စာရင်းဝင်ပါ။  တဦးချင်း ဝင်ငွေ ကမ္ဘာမှာ အနိမ့်ဆုံး ပါ။   ကုလသမဂ္ဂ ရဲ့ အစီရင်ခံစာတွေ အရ ဘဝတူ အိမ်နီးချင်း လာအို လို နိုင်ငံမျိုး က နေ အစားအသောက်ကြမ်း ငတ်ကြီးကျတဲ့ သူဆို အီသီယိုးပီးယား ကလို့ မြန်မာများ လှောင် ခေါ်ကြတဲ့ အာဖရိက က အီသီယိုးပီးယား၊ မာလာဝီ၊ ရ၀မ်ဒါ ယူဂန်ဒါ လို အမွဲ ထိပ်ခေါင် နိုင်ငံမျိုးတွေ အထိ ဖွံ့ဖြိုးမှု အနည်းဆုံး စာရင်း က လွတ်ဖို့ အလားအလာ ကောင်းနေပေမဲ့ ဗမာပြည်ကတော့ တဦးချင်း ဝင်ငွေ နိမ့်ကျမှု၊ စီးပွားရေးလုပ်ငန်းများ ထိခိုက် ပျက်စီးလွယ်မှု တွေကြောင့် ဆင်းရဲတွင်း က ထွက်ဖို့ အလှမ်းဝေးနေဆဲပါတဲ့။  သဘာဝ သယံဇာတ ချမ်းသာလှတဲ့ တိုင်းပြည် က ဆင်းရဲ တဲ့ လူအများ စု အဖြစ်၊ လူဆင်းရဲ ပေါလှတဲ့ တိုင်းပြည်က သူကြွယ် လက်တဆုပ်စာ အဖြစ်။  တဖက်စောင်းနင်း လူ့အဖွဲ့အစည်း အကြောင်းက စဉ်းစားရင် ကြေကွဲ ဝမ်းနည်း တုန်လှုပ်ဖွယ်ပါ။  ကျနော် တို့ လူအများကတော့ ဘာသာရေး ဘက် နွယ် စဉ်းစားသလို နဲ့ နိမ့်မြင့် လူ့ဘောင် စနစ်၊ အာဏာရ အသိုင်းအဝန်း နဲ့ အပေါင်းအပါ လူတစု အသာစီး ရ တိုင်းပြည် ကုပ် (ဂုပ်) ကို ခွစီး နေခွင့်သာနေတာကို မျက်ကွယ်ပြု ရှေးကုသိုလ် လွှဲချ ဖြေ တွေး တွေးရင်း ရောင့်ရဲနိုင်တယ် ဆိုပြီး ငုံ့ခံကြရတာပေါ့။

ဒီလို တိုင်းပြည် နောက်ခံ စနစ် အနေအထားမှာ အခု ဒီမိုကရေစီ လူ့ဘောင် တည်ဆောက်အံ့ ကြွေးကြော် တဲ့ တိုင်းပြည် ရဲ့ ဥပဒေပြု လွှတ်တော် မှာ နေ့တွက်စရိတ် ကျပ် နှစ်သောင်း တိုး၊ လစာ ကို အနည်းဆုံး ဆယ်သိန်း တိုး ကာ ဆယ်ခြောက့်သိန်းတန် အမတ်တွေ ပေါ်လာခဲ့တယ်။  ဒေသတွင်း က စင်္ကာပူ မှာ တော့ လွှတ်တော် အမတ် ဆုကြေး တွေကို တိုင်းပြည်ရဲ့ ကုန်ထုတ်စွမ်းအား တိုးနှုန်းကို မူတည်ပြီး ပေးတယ်။  သတ်မှတ် ရည်မှန်းထားတဲ့ ကုန်ထုတ်စွမ်းအား မရရင် အမတ်တွေ ဆုကြေး မရကြဘူး။  တိုင်းပြည် ရဲ့ အဆိုး၊ အကောင်းက လွှတ်တော် ရဲ့ ဥပဒေပြုမှုတွေ အပေါ် မူတည်နေတာကိုး။

ကျတ်ပြေး လွှတ်တော်မှာတော့ ဘာ စံ တွေနဲ့ ထားပြီး လဲ တော့ မသိ၊ ကိုယ့်ဘာသာ လစာတိုးဖို့ အဆိုတင်သွင်း၊ ကိုယ့် လူတွေ အချင်းချင်း ထောက်ခံ ပြီး ပြည်သူ့ အခွန် ဘဏ္ဍ ကို  တိုးယူဖို့ စီစဉ်ကြတယ်။  လုပ်တဲ့ အလုပ်ကျ ပြန်ကြည့်လိုက်ပါဦး။

ပြည်သူ့ ဘဏ္ဍာ ငါ့ ဥစ္စာ အမှတ် နဲ့ နဝတ၊ နအဖ ခေတ်တလျှောက် မိသားစု အလိုက် စီးပွားသောင်းကျန်း ထင်တိုင်းကြဲ ခဲ့တဲ့ အအေးခန်းထဲက သူခိုး ဓားပြ ခေါင်းပုံဖြတ် အကြီးစား စစ်ဗိုလ်ဟောင်း တယောက် ကို ဟို တလောကတင် ထောက်ခံ ကာကွယ်ပေးတဲ့ အလုပ် ကို တက်တက်ကြွကြွ လုပ်ခဲ့တယ်။  ခရိုနီ လွှတ်တော် အမတ်များ စီးပွားတိုး လုပ်ကိုင်နိုင်ခွင့် အတွက် အခွင့်အရေး တွေ တောင်းဆို ကြတယ်။  စာနယ်ဇင်း ဥပဒေလို၊ ပညာရေး ဥပဒေလို ဖိနှိပ်လိုသူ စိတ်ကြိုက် ဥပဒေတွေ ကို အတည်ပြုပေးခဲ့တယ်။  အလုပ် မရှိ အလုပ် ရှာ အရည်မရ အဖတ် မရ မေးခွန်းတွေ၊ အဆိုတွေ အများစု နဲ့ အလုပ်ရှုပ်ပြတယ်။  ဒါတောင် ကိုယ်စားလှယ်တိုင်း မဟုတ်။  လွှတ်တော် စောင့်ကြည့် ရေး အဖွဲ့ ပွင့်လင်း မြန်မာရှေ့ဆောင်(OMI) ရဲ့ အစီရင်ခံစာ တခု အရ ဆိုရင် အဆို မတင်၊ မေးခွန်း မထုတ် တဲ့ ကိုယ်စားလှယ် က (၃၀၀) ကျော် ရှိပါသတဲ့။  စီးပွားသောင်းကျန်း ထင်တိုင်းကြဲ ပိုင်နိုင်သူ တစု က ဗုဒ္ဓ ဘုရား ပုံတော် ကို ဒီဂျေ လုပ် ဘာသာ သာသနာ ပုံရိပ်ကို စီပွားရေးအတွက် ဖျက်ဆီးခွင့် သာနေတဲ့ တိုင်းပြည်မျိုးမှာ လူ့အဖွဲ့အစည်း အတွင်း နိုင်ငံသား အချင်းချင်း အမုန်းပွား အကျိုးမဲ့စေမယ့် မျိုးစောင့် ဥပဒေ လိုမျိုးကို အရေးတယူလုပ် ဆွေးနွေးတဲ့ နေရာမျိုးက အခု လစာ တိုးယူကြမယ့် အမတ်မင်းများ ရဲ့ လွှတ်တော် ဆိုတာပါပဲ။

စစ်လွှတ်တော် မှာ ခရိုနီ၊ ဘိန်း မှောင်ခို ဘုရင်၊ စီးပွားသောင်းကျန်းချည်း ရှိတာ မဟုတ်၊ သာမန် နိုင်ငံရေး သမား အမတ်တွေလည်း ရှိတယ် ဆိုတာ မှန်ပါတယ်။  သူတို့တွေ လူမှု ဘဝ ဖူလုံရေး၊ မိသားစု တာဝန် ကျေရေး၊ စိတ်လွတ်ကိုယ်လွတ် နိုင်ငံ့ တာဝန်၊ ကိုယ်စားပြုရာ ဒေသ အကျိုး ဆောင်ရွက်နိုင်ဖို့ရာ ထိုက်သင့်တဲ့ အကျိုးခံစားခွင့်၊ လစာ ထောက်ပံ့ ချီးမြှင့်ရမယ် ဆိုတာ လက်ခံပါတယ်။  ဒါပေမဲ့ လက်ရှိ (၂၀၀၈) ဖွဲ့စည်းပုံ ချုပ်နှောင်မှု အောက်က ဟန် သာ ရှိ အဆန် မရှိတဲ့ သင်္ကြန် အမြောက် ရာဘာတံဆိပ် လွှတ်တော် အခင်းအချင်း၊ နိုင်ငံ အနေအထား၊ အလုပ် ရလဒ် မျိုးနဲ့တော့ မဟုတ်ပါ။  အရေးကြီး အဆို၊ ဥပဒေ တခုခု အတွက် အော်တို ငုတ်တုတ် မိုးကျ ရွှေကိုယ် အစိမ်းရောင် ကိုယ်တော်များ မျက်နှာကြည့်နေရတဲ့ နောက်ခံမျိုးနဲ့တော့ မဖြစ်သင့်သေးပါ။

လက်ရှိ လွှတ်တော် က အင်္ဂလိပ် ကျွန်ခေတ် ရဲ့ ဒိုင်အာခီ၊ (၉၁) ဌာန အချိန်အခါလို ဆရာကြီး သခင်ကိုယ်တော်မှိုင်း “ခွေးဋီကာ” ဖွဲ့ “ငွေငါးထောင် အစာ ဒုလ္လဘ ရယ်ကြောင့် ပြည် အားတောင် မဖြုန် သပရယ်လို့ မဟာသူပုန် ထခဲ့တဲ့ အရေး တတ်တွေ အမွေး ခပ်ရှည်ရှည်ရယ်နှင့် အမိုက် ဝါသနာကိုး၊ (အရီးစိမ်း ကြီးရယ်…) ခွေး အငတ် မပြေ တပြေတွေမှာဖြင့် ကိုက်စရာ အရိုး” လို့ အော်ရမယ့် ငို့ဘ သမား လူတစု အကျိုးသက်သက် ကာကွယ် နေသူများ ကြီးစိုးရာ လွှတ်တော် ဖြစ်နေပါတယ်။  ဘောင်းဘီချွတ် တောင်ရှည်လဲ မဟုတ်ဘဲ တကယ့် နိုင်ငံရေး နောက်ခံ ကလာတဲ့ လွှတ်တော် အမတ်များ လစာ အသုံးစရိတ် မလောက်မငှ ဖြစ်ရတာ နားလည် ကိုယ်ချင်းစာပါတယ်။  ဒါပေမဲ့ လွှတ်တော်မှာ မရွေးမကောက်တွေ၊ ဗိုလ်ကျ ရွေးကောက်ခံတွေ အရင် ပျောက်အောင် လုပ်ပြီးမှပဲ လစာ ကိစ္စ၊ ခံစားခွင့် အကြောင်းတွေ ပြောသင့်ပါတယ်။  အရင်ဆုံး အလုပ်များများ အောင်မြင်ပြီးမြောက် လုပ်ပြကြပါဦး ခင်ဗျာ။  ပြည်သူလူထု အများ ငတ်ပြတ်နေချိန်မှာ ထမင်းထုပ် ဖြေ စားချင်တဲ့ စိတ် ဟာ နိုင်ငံရေးသမားကောင်း ထုံး ဓလေ့ အကျင့် ခံယူချက် မဟုတ်ပါဘူး။

ဓာတ်ပုံ မျှဝေသူ – ဘိုဘိုလန်းစင်
@ https://bobolansin.wordpress.com

ဒီလို အနေအထား ဒီလို လွှတ်တော် မျိုး က ကိုလိုနီခေတ် နေ့တွက် (၁၅) ကျပ်၊ ပထမတန်း ခရီးစရိတ် (၂) ဆ ယူကာ လစာ (၂၅၀) စားကြတဲ့ လွှတ်တော် အမတ်မင်းများကို ဆရာ ဦးဘဂျမ်း ကာတွန်း နဲ့ အတူ တက္ကသိုလ် နွယ်စိုး (ဆရာ ဦးမျိုးမင်း) လင်္ကာဖွဲ့ ဆိုသလို —

“အတော် သင်းပါဘိ မတ်မင်း ကိုယ်စားလှယ် တို့ အချိုဆွယ် လိုဖွယ် စကားတွေနှင့် စားကြပေါ့ တိုင်းပြည် ငွေ၊ ဇွတ် မရှက်နိုင်ဘု၊ (လွှတ်) တက်ကာ စားမာန် ဖီကြ၊ ဟန် တပြီ လစာကြေးရယ်လို့ ကြည်အေးစွာ အသာယူပေါ့၊ ချူပြာဖြူ ကျူပ်တို့ မွဲပေမဲ့ ဆင်းရဲသူ ပဒေသာ က ချွေကာလေ သူတို့ စားမယ်တဲ့၊ အားရပါပေ။  မတ်မဟုတ်ရင် လဗျတ်ရတ်မှာ ထမင်းရည် နှင့် အာသာပြေ လွေးမဲ့ မျိုးတွေက ဂုဏ် ဖြိုးကာ ကိုယ်စားလှယ် မို့၊ ဟိုတယ်မှာ ပျော်မြူးနိုင်ဖို့၊ စိတ်ကူးဖြင့် ယဉ် ရှာလေ၊ တို့ငွေ ကွဲ့ မတ်မင်း။  တားမရပြီ ဘု၊ စားဝလျှင် မြိန်အီလို့ ဇိမ် အဆီရစ်ကာ အိပ်ပါလိမ့် မွတ်သိပ်သူ၊ ပြည်မှာဆူတော့ ကုလား ဖြူ မင်းထံ ကျို့ နိုင်ဖို့ ‘ဆို့ဟဲ့ အပင်း’”  လို့ ပဲ လူထု ကိုယ်စားလှယ် အမတ်မင်း ဆိုသူများ ကို ပြည်သူ့ကိုယ်စား ရှေ့မျက်နှာ နောက်ထားရင်း ဆောင်းပါး ရေး ဖွင့်ဟ လိုက်ရကြောင်းပါ ခင်ဗျာ။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၁၁၊ ၂၀၁၄

(ဒီဇင်ဘာ (၁၂) ရက်၊ သောကြာနေ့ ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၄၃)  တွင် မူလ ပုံနှိပ်ခဲ့သည်။  မိုးမခ တွင် ယခု အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါး ပါ အာဘော်ကို ဝေဖန် ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

3 Responses to ငြိမ်းချမ်းအေး – ဆို့ဟဲ့… အပင်း

  1. nyeinchanaye81 on December 17, 2014 at 9:23 pm

    ဒီဆောင်းပါး နိဂုံး မှာ ဆရာ နွယ်စိုး လင်္ကာ ကို ကူးယူ ဖော်ပြတာမှာ အမှားအယွင်း တွေ ပါ သွားခဲ့တယ်။ အခု ပဲ စာဖတ်သူ တဦး ထောက်ပြလို့ သတိထားမိတယ်။ မြန်မာစာ အမှားမို့ရယ်၊ သူများ စာ ကူးရေးတာတောင် မှားအောင် ရေးမိလို့ရယ်ကြောင့် အရှက် ရပါတယ်။

    စာဖတ်ဖြစ်သူများ နဲ့ တက္ကသိုလ် နွယ်စိုး (ဆရာကြီး ဦးမျိုးမင်း) ရဲ့ သက်ဆိုင်သူ မျိုးဆက်များ ကို ဒီက နေ အနူးအညွတ် တောင်းပန်ပါတယ်။

    အမှန်ဖြည့်စွက်ခြင်းလည်း ပြုလုပ်ပါမယ်။

  2. nyeinchanaye81 on December 18, 2014 at 8:19 am

    LOKA PALA အမည် နှင့် စာရေး ထောက်ပြသူ ၏ မူရင်း စာ ကို အားလုံး ဖတ်နိုင်ရန် နှင့် မှတ်တမ်း အမှန် ကျန်စေရန် ဖော်ပြလိုက်ပါသည်။ ။ ယခုလို ထောက်ပြ အမှန် ပြင်ပေးမှု ကို အထူး တန်ဖိုးထား ကျေးဇူးတင်ရပါတယ်။ ကျနော် ချွတ်ချော်မှု အတွက် သက်ဆိုင်သူ များ နှင့် စာဖတ် ပရိသတ် ကို ထပ်မံ တောင်းပန်အပ်ပါသည်။

    ငြိမ်းချမ်းအေး

    ဆရာ ငြိမ်းချမ်းအေးခင်ဗျား

    ရည်ညွှန်းချက်။ မိုးမခနှင့် Ladies News Journal ပါ ငြိမ်းချမ်းအေး၏ ‘ဆို့ ဟဲ့ အပင်း’ ဆောင်းပါး

    ကျွန်တော် စာပေဝါသနာရှင်တဦးဖြစ်ပါသည်။ ဆရာ့စာတွေ နှစ်ခြိုက်စွာဖတ်ရှုလေ့ရှိုတဦးလည်းဖြစ်ပါသည်။ ခံယူချက်၊ စေတနာ၊ ရှုဒေါင့်၊ သတ္တိ၊ ဗဟုသုတနှင့် တင်ပြပုံ အစစ (ကျွန်တော်ဉာဏ်မီသရွေ့) ပြောစရာမရှိ ရှင်ဘုရင့်ပုဆိုး ပိုးချည့် ဟု ဆရာ့ အပေါ်လေးစားသူတဦး ဖြစ်ပါသည်။ မိုးမခတွင် ယနေ့ဖတ်ရသော “ဆို့ဟဲ့ အပင်း” ဆောင်းပါးမှာလည်း ထိုနည်းလည်းကောင်းသာဖြစ်ပါသည်။

    ]သဘာဝသယံဇာတ ချမ်းသာလှ တဲ့ တိုင်းပြည်က ဆင်းရဲတဲ့ လူအများစု အ ဖြစ်၊ လူဆင်းရဲ ပေါလှတဲ့ တိုင်းပြည်က သူ ကြွယ် လက်တဆုပ်စာအဖြစ်။ တဖက်စောင်း နင်း လူ့အဖွဲ့အစည်း အကြောင်း] စဉ်းစားရင်း ရင်ထုမနာဖြစ်ကာ ] ပြည်သူလူထု အများ ငတ်ပြတ်နေချိန်မှာ ထမင်းထုပ်ဖြေ စားချင် တဲ့] ]လူထု ကိုယ်စားလှယ် အမတ်မင်းဆိုသူများကို ပြည် သူ့ကိုယ်စား ရှေ့မျက်နှာ နောက်ထားရင်း ဆောင်းပါးရေး ဖွင့်ဟလိုက်} ပုံမှာ ကျွန်တော်သာထိုသူတွေ နေရာမှာရှိပြီး ဖတ်မိလျှင် လဲသေသွားနိုင်လောက်အောင် ပြောင်မြောက်လှပါသည်။

    ကျွန်တော်ဆွေးနွေးလိုသည်မှာ ထိုသို့ခွန်အားရှိစေရန် ဆရာကိုးကားခဲ့သည့် ဦးဘဂျမ်းကာတွန်းပါ တက္ကသိုလ်နွယ်စိုး၏ အလင်္ကာ (တေးထပ်) စာနှစ်ကြာင်းသုံးကြောင်းခန့်နှင့်ပတ်သက်၍ဖြစ်ပါသည်။ နှစ်ကြောင်းသာဖြစ်သော်လည်း အလင်္ကာတို့၏ထုံးဆံ တပုဒ်လုံး၏ သဒ္ဒါနှင့် အတ္တာ (အသံနှင့်အကြောင်းအရာ) ကိုခြုံငုံထိခိုက်စေနိုင် သောကြောင့် ဤသို့ အလေးထားဆွေးနွေးရခြင်းဖြစ်ပါသည်။

    ပထမစာကြောင်းမှာ [အတော်သင်းပါဘိ မတ်မင်းကိုယ်စားလှယ်တို့..] ဆိုသော စာကြောင်းဖြစ်ပါသည်။ ပညာရှင်မဟုတ် (အထောက်အထားလည်းမပြည့်စုံ) သဖြင့် ကျွန်တော်၏ အတ္တနောမတိ အယူအဆပြောရလျှင် မူလစာမှာ }အငတ်သင်းပါဘိ မတ်မင်းကိုယ်စားလှယ်တို့} ဟု ဖြစ်မည်ထင်ပါသည်။ ငတ် နှင့် မတ် ကာရံ၊ သဝေထိုး (ေ) နှင့် င နီးစပ်ပုံတို့ကို ကြည့်၍ပြောရခြင်းဖြစ်ပါသည်။ ဆရာ့ဆောင်းပါးနှင့်အတူဖေါ်ပြထားသော ဘိုဘိုလန်းစဉ်မျှဝေသည့် မူရင်းကာတွန်းမှာလည်း ကျွန်တော်ဖတ်ရသမျှ အငတ်သင်း သာဖြစ်ပါသည်။ စာရိုက်အမှားများဖြစ်လေမလားဟု Ladies Journal FB တွင်ကြည့်တော့လည်း]အတော်သင်း] ဟူ၍ သာတွေ့ရသဖြင့် ဆရာပမာဒလေခခြင်း မဟုတ်တန်ရာ ဟုယူဆကာ ဤအကြောင်းပြောဆိုခြင်းဖြစ်ပါသည်။ အငတ်သင်းပါဘိ ဆိုသည်မှာ အတော်ငတ်ပါဘိဟုအဓိပ္ပါယ်ရပါလိမ္မည်။ သို့ဖြစ်ရာ }အငတ်သင်းပါဘိ မတ်မင်းကိုယ်စားလှယ်တို့} ဆိုလျှင် ကာရံညီရုံမက အတော်လဲငတ်ကြပါလား ကိုယ်စားလှယ်တွေရယ် ဟု စကားပြေသဘောရပြီး အသံရော အကြောင်းအရာပါ ပြည့်စုံမည့်အပြင် ရေးသာသူ တက္ကသိုယ်နွယ်စိုး (ပါမောက္ခ ဦးမျိုးမင်း) ၏ အလင်္ကာဉာဏ်ရည်နှင့်ပါ ဟပ်စပ်မည် ထင်ပါသည်။

    ဒုတိယစာကြောင်း [ဟန်တပြီ လစာကြေးရယ်လို့] မှာလည်း [ဟန်ကပြီ လစာကြေးရယ်လို့} ဖြစ်မည် ထင်ပါသည်။

    တတိယစာနှင့် အရေးကြီးဆုံး စာကြောင်းမှာ [မတ်မဟုတ်ရင် လဗျတ်ရတ်မှာ ထမင်းရည်နှင့် အာသာပြေ လွေးမဲ့ မျိုးတွေ က] ဆိုသော စာကြောင်းဖြစ်ပါသည်။ ဤ၌ ကျွန်တော်၏ အထင်နှင့် မူရင်းကာတွန်း မှာ မြင်ရသည်မှာ }မတ်မဟုတ်ရင်လ ဗျတ်စုတ်မှာထမင်းရေ (ထမရေ)နှင့်} ဟု ဖြစ်သင့်ပါသည်။

    အဓိပ္ပါယ်မှာ အမတ်သာမဖြစ်ခဲ့ရင် လင်ပန်းအစုတ်ထဲ ထမင်းရေထဲ့သောက်ရမဲ့ အမျိုးတွေ ဟု ပြောရပါမည်။ ဗျတ်ဆိုသည်မှာ လင်ပန်း တမျိုး ဖြစ်ပြီး ကျေးလက်များတွင် ယ္ခုတိုင် ခေါ်ဝေါ်သုံးစွဲနေသေးသော အိမ်သုံးပစ္စည်းတမျိုးဖြစ်ပါသည်။ တဖန် ‘လ’ ကိုနေရာမှားတွဲထားခြင်းကြောင့်လည်း စာကြောင်းပို၍ အကြည့်တန်သွားသည်ဟု ပြောလိုပါသည်။ ရှေးကဗျာတွေ (အထူးသဖြင့် သံချိုကဗျာတွေ) မှာ ‘လ’ ကို အချီအချ သဘောမျိုးသုံးလေ့ရှိပါသည်

    ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ အညာမင်္ဂလာဆောင်လေးချိုးကြီးတွင် ] ဆွေသားရင်းချာ – ဉာတကာမိတ်တို့ကိုလ၊ အဖေသွားရင်းသာ – လာစရာဖိတ်ခဲ့တာနှင့်၊]] လှလှစွေ့စွေ့ရယ်နှင့် – ၀၀ပြေ့ပြေ့နပြာတစ်ရှဉ်းကိုလ၊] စသည်ဖြင့်တွေ့ရသည်မှာလည်း သည်သဘောသာဖြစ်ပါသည်။ မြန်မာစာတွင် စာလုံးအတွဲမတူလျှင် အဓိပ္ပါယ်မတူကြောင်း ‘မအား’ နှင့် ‘မ အား’ တို့၏ခြားနားပုံကိုကြည့်ခြင်းဖြင့် သိနိုင်ပါသည်။ ယခုကိစ္စတွင် ‘လ’ ကို နေရာထားမှားပြီး ‘ဗျတ်စုတ်’ ကို ‘ဗျတ်ရတ်’ ဟု စာလုံးပေါင်းလွဲသွားသဖြင့်] မတ်မဟုတ်ရင် လဗျတ်ရတ်မှာ] ဆိုသော ကြည့်ရဆိုးပြီး အဓိပ္ပါယ်မဲ့သည့် စာကြောင်းတခု စာမျက်နှာပေါ်တင်ကျန်ရစ်ရပါတော့သည်။
    ကျွန်တော်အပါအဝင် ဖတ်ရုံမက မှတ်တတ်သည့် စာဖတ်ပရိဿတ် အတွက် အမှတ်မမှားစေရန်နှင့် မူရင်းဆရာကြီးများ၏ စာပေများအား (ဘာအကြောင်းကြောင့် ဖြစ်ဖြစ်) အလွဲမကိုးခြင်းဖြင့် ၄င်းတို့၏ဂုဏ်သိက္ခာနှင့်ပညာဉာဏ်ကို ပူဇော်ရာရောက်စေရန် စေတနာဖြင့် ဤစာကိုရေးသားဆွေးနွေးရခြင်းဖြစ်ပါသည်။

    အမှတ်မှား၍ဖြစ်စေ အရေးမှား၍ဖြစ်စေ မှန်သည်ဟုယုံကြည်၍ဖြစ်စေ (သူတပါးကြောင့်ဖြစ်စေ ကိုယ့်ကြောင့်ဖြစ်စေ) ကိုးကားဖေါ်ပြခဲ့သော ဆရာ့ဆောင်းပါးပါ ရွှေနွယ်ရိုး၏ကဗျာထဲမှ အထက်ဆွေးနွေးချက်ပါ စာကြောင်းများအား ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင် (အတည်ပြု) ခြင်းအား စာပေသမိုင်း၏ အကျိုးငှါဆောင်ရွက်ပေးစေလိုပါသည်။ ဖတ်အား မှတ်အား တွေးအား အထူးသဖြင့် စာပေသဘောထား ကောင်းသူတဦးဟု ယုံကြည်သဖြင့် ထိုသို့တောင်းဆိုရခြင်း ဖြစ်ပါကြောင်း ကိုလည်း ဖေါ်ပြလိုပါသည်။ ဆွေးနွေးရန်ဖိတ်ခေါ်ခြင်းနှင့် သည်းခံဖတ်ရှုပေးခြင်းအတွက် ကျေးဇူးတင်ပါသည်။

  3. LOKA PALA on December 20, 2014 at 9:00 pm

    ဆရာ ငြိမ်းချမ်းအေး ၏ ပညာပြည့်ဝ နှလုံးလှမှုကို သာဓုခေါ်ရင်း မိမိအမှားတခု ကို ပြင်ဆင်လိုပါသည်။ အောက်ဆုံးစာပိုဒ် ]ဆရာ့ဆောင်းပါးပါ ရွှေနွယ်ရိုး၏ ကဗျာထဲမှ} အစား }ဆရာ့ဆောင်းပါးပါ တက္ကသိုလ်နွယ်စိုး၏ ကဗျာထဲမှ} ဟု ပြင်ဆင်ဖတ်ရှုပေးပါရန် လေးစားစွာ တောင်းပန်ပါသည်။ လောကပါလလည်း အမှားနှင့်မကင်းပါခင်ဗျား။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်