ကိုသန်းလွင် – ဘုရားလှုပ်ခြင်း

December 17, 2014

ကိုသန်းလွင် – ဘုရားလှုပ်ခြင်း

(မိုးမခ) ဒီဇင်ဘာ ၁၇၊ ၂၀၁၄

(၁)

ညောင်ကန်မှာ ဘုရားကြီးလှုပ်လို့တဲ့ ဟူသောသတင်းက ဟိုးဟိုးကျော်နေသည်၊ ၁၉၉၀ ခုနှစ်ခန့်က ဖြစ်ပါ သည်၊ ကျွန်တော်သည်ရန်ကုန်ရုံးမှာ အလုပ်ဆင်းနေချိန်ဖြစ်သည်၊ ခင်ဦးမြို့ နယ်ညောင်ကန်ကျေးရွာ ရှိဘုရား ကြီးမှာ ကိုယ်တော်ကို ဘယ်ညာ လှုပ်ရန်းပြ သည်ဟုသတင်း ဖြစ်နေပါသည်၊ ခင်ဦးတမြို့လုံး သွားနိုင်သူမှန် သမျှ ဘုရားဖူးရောက်ပြီးကြပြီဟုလည်းဆိုသည်၊

သတင်းကြားရသည်ဆိုကတည်းက သွားချင် ဖူးချင်ခဲ့သည် မှန်ပါ၏၊ သို့သော်အချိန် တစ်လလောက်ကြာမှ ကျွန်တော် အရောက်သွားနိုင်ခဲ့ပါသည်၊ ညောင်ကန်ကျေးရွာသည် ခင်ဦးမြို့ အရှေ့ မြောက်အရပ်မှာ ရှိပြီး ရ မိုင် ခန့် ဝေးသည်၊ ကားလမ်းမပေါက်သေး၊ လှည်းလမ်းနှင့် စက်ဘီးလမ်းသာရှိသည်၊ ကျွန်တော် ခွင့် ပြန်ခွင့်ရသည် နှင့် ညောင်ကန်သို့သွား လိုကြောင်း အဖေ့ ကိုပြောရပါသည်၊ သားအကြီးကောင်မှာ အမေက ခါးတစ်ခွ ချီရတုံး၊ သူ့ကိုပါ ပါအောင်ခေါ်ရမှာဆိုတော့ နွားက သောလှည်း နှင့်သွားမှ ဖြစ်မည်၊ အဒေါ်တွေ က လှည်းစီစဉ်ပေးပါ သည်၊

ကျွန်တော်သည် ခင်ဦးမှာ ကျောင်းဆရာလုပ်ဖူးရာ ကျွန်တော့် တပည့် လေးငါးခြောက်ယောက်ကလည်း စက်ဘီးတွေနှင့် လိုက်ကြမည်၊ မရောက်သေး၍ မဟုတ်၊ ပျော်၍လိုက်ကြခြင်းဖြစ်သည်၊ တယောက်ကမူ ၁၀ ကြိမ်ထက်မနဲရောက်ပြီးပြီ၊ ဘုရားလှုပ်တာ တကယ်လားဆိုတော့ ဘယ်သူကမှ ဟုတ်တိ ပတ်တိ မဖြေ၊ ပြုံး၍ သာနေကြလေသည်၊

လှည်းမောင်းမည့်သူ ကအိမ်ဘေးမှ ကုလား ဟု ကျွန်တော်တို့ခေါ်ကြသော ၆ တန်းကလေးဖြစ်ပါသည်၊  ကျွန်တော်တို့သည် မနက်စောစော နေမထွက်မီ အိမ်မှ ထွက်ကြရပါသည်၊ ညောင်ကန်သည်မဝေး၊ မဝေး သော်လည်း လှည်းမှာ ပေါင်းမိုး မပါသောကြောင့် စောစောထွက်ရခြင်းဖြစ်ပါသည်၊ ခင်ဦးမြို့ ထိပ်တွင် ကာဘိုး ဆည်မှလာသော ရေဝေ တူးမြောင်းရှိပါသည်၊ မြောင်းဘောင်မှာ အတော်မတ်စောက်နေပေရာ ထိုချောက်ထဲ သို့မောင်းမချမှီ ကုလားက ကျွန်တော်တို့ ကိုလှည်းပေါ်မှ ဆင်းခိုင်းသည်၊ ကျွန်တော့် အဖို့ နွားလှည်း မစီးဘူး သည်မှာ ကြာလှပေပြီ၊ လှည်းနှင့် ခရီးသွားရသည်မှာ ပျော်စရာကောင်းလှ သည်၊ ဖုံတွေ က တထောင်းထောင်း လမ်းကလည်း ကြမ်းလိုက် သေးသည်၊ လမ်းဘေးဝဲယာမှာကား လယ်ကွင်းပြင် ကျယ်တွေ ကို တွေ့ရ သည်၊ ကျွန်တော်သည် လယ်ကွင်းတွေ ကို မကြည့် နိုင်၊ စကားကိုမှ အေးအေးဆေးဆေး မပြောနိုင်၊ လက်တဖက်က ကလေးကို ပွေ့ ချီထားရသည်၊ တဖက်က လှည်းအိမ်ဘောင်ကို အတင်းဆုပ်ကိုင် ထားရ လေသည်၊

ခင်ဦးမြို့နယ်သည် မူးမြစ် နှင့် ဧရာဝတီ မြစ်နှစ်စင်း အကြား မြေပြန့်လွင်ပြင်မှာရှိသည်၊ မြေ သည် အပြန့်အပြူး ကျယ်ပြီး ညီညာနေပေရာ မိုးအခါ မိုး ရွာချသော် ရေသည် ဘယ်ကိုစီးရမှန်းမသိ ဖြစ်နေသည်ဟု လူကြီးတွေက ဆိုကြလေသည်၊ လမ်းတလျောက် လူတွေက မပြတ်၊ ခင်ဦးသူ ခင်ဦးသားအသိတွေဘဲဖြစ်သည်၊ မြန်မာစာ ဆရာမ ကြီးဒေါ်မြသွေး ကို တပည့် လေးငါးယောက်နှင့် တွေ့ လိုက်ရပါသည်၊ ဆရာမကြီးသည် ကျွန်တော် တို့ ဆယ်တန်းတုံးက အတန်းပိုင် ဆရာမကြီး ဖြစ်သည်၊” သွားကြသွားကြ”  ဟု နှုတ်ဆက်သည်၊ ဘုရားတကယ် လှုပ်သလား ဆရာမ ဟု မေးလိုသော်လည်း မမေးလိုက်ရပေ၊

ညောင်ကန်မှာ တပည့်မ တယောက်ရှိရာ သူတို့အိမ်သို့ နံနက် ၈ နာရီခန့်မှာ ရောက်သွားကြသည်၊ လှည်းချွတ်ပြီး နွားကို ရေတိုက် အစာကြွေး လုပ်ရပါသည်၊ အိမ်ရှေ့ ဇောင်းတဲမှာ ထိုင်စရာ ကုတင် ကုလားထိုင်တွေ ရှိပြီး ဆီရွှဲရွဲ မြေပဲဆံကျော် နှင့် ထညက်ပွဲကို တွေ့ရလေသည်၊ ကျွန်တော်တို့သည် အချိုပွဲ ကို စားမနေအားပါ၊ ဘုရား ကို သွားချင်လှပြီ၊ ထိုစဉ် သူတို့ အိမ်ကို လည်း အချိုပွဲ စားဘို့ ကြွပါဦးဆိုပြီး အိမ်နီးချင်းဘေးအိမ် က လာ ဖိတ်လေသည်၊ ဘုရားဖူး ဧည့်သယ်တွေ လာကြမှာမို့ ညောင်ကန်ရွာ ကအိမ်တိုင်းလိုလို အချို ပွဲ မုန့် ပွဲတွေ ပြင်ထားကြလေသည်၊ သိတာမသိတာက အရေးမကြီး ဧည့်သည်ဆိုလျင် လာပါ စားပါ ဖိတ်ခေါ်ကြလေသည်၊  မြန်မာတို့ ၏ ချစ်စရာကောင်းသော ဤ ဓလေ့ သည် မြန်မာကျေးရွာတွေ မှာ အခုအချိန် အထိ တွေ့ ရတုန်းဖြစ်ပါ သည်၊

ဘုရားကြီးမှာ ရွာထိပ် ကဘုန်းကြီးကျောင်းဝန်းထဲမှာရှိသည်၊ ၁၀ မိနစ်ခန့် လမ်းလျှောက်ရုံနှင့် ဘုရားခြေတော် ရင်း သို့ရောက်သည်၊ ဆင်းတုတော်ကြီးမှာ ဥာဏ်တော် ပေ ၂၀ ထက်မက မြင့်ပြီး သင်္ကန်း ကို ပုခုံးတစ်ဖက် တင် ထိုင်ကိုယ်တော်ကြီးဖြစ်ပါသည်၊ ပလ္လင် က လူတယောက် ခါးလည်လောက်မြင့် ပါလိမ့်မည်၊ အပေါ်မှာ ယာယီ အမိုး မိုးထားသည်၊ ပရိတ်သတ် တစ်ရာခန့် ထိုင်ဘို့ ကတော့ မြေပေါ်မှာ ဖျာတွေ ခင်းထားလေသည်၊ ရေကုသိုလ် အဖြစ် ပရိတ်သတ်သောက်နိုင်အောင် သောက်ရေအိုးတွေ စီ ပြီး ချထားသည်မှာ အတော်များ သည်၊ ဘုရားဝန်းကျင် ဖုံမထ အောင် ရေနိုင်နိုင်ဖြန်းထားကြရသည်၊

ကျွန်တော်တို့ သည် ဆင်းတုတော်ကြီးကို ထိုင်ကာ ၀တ်ချကြသည်၊ ကိုယ်တော်ကြီးလှုပ်လာပါသော် လွတ် မသွားစေရန် မော့ပီး မမှိတ်မသုံ ကြည့်နေကြရပါသည်၊ ဘုရားပုခုန်းတော်ပေါ်မှ ကျော်၍ ကောင်းကင် ပြာပြာမှာ  တိမ်ဖြူဖြူတွေ ပြေးနေတာက်ုမြင်ရသည်၊ နေသည် တစ်စတစ်စ မြင့်တက်လာပေပြီ၊ နေပူ ဒဏ်ကိုလည်းစတင် ခံစားရသည်၊ ဘုရားကိုယ်တော်ကြီးကား တုတ်တုတ်မှ မလှုပ်သေးချေ၊ ရွာလူကြီး အချို့က ဘုရားကိုယ်တော် ကြီး ဘယ်လို လှုပ်သည်ဆိုသည်ကို နားထောင်မည့်သူ ပေါ်လာတိုင်းရှင်းပြနေကြလေသည်၊ ဘုရားကြီးရှေ့ က အလှုခံပုံးမှာ ပြည့်သလောက်ရှိတော့ မည်၊ ကျွန်တော်တို့ လည်း အိပ်ထဲ ပါလာသမျှ ကို ထုတ်ပြီး လှုကြရပါ သည်၊

ဟောလှုပ်ပြီလှုပ်ပြီ ဆိုပြီး ပရိတ်သတ်က ဝေါကနဲဝေါကနဲ အော်ကြလေသည်၊ ကျွန်တော်သေချာကြည့် နေတာကတော့ ဘုရားဆင်းတုတော်ကြီးသည် တုတ်တုတ်မျှ မလှုပ်ပါ၊

(၂)

ခင်ဦးမြို့သည် ရာဇ၀င်ထဲမှာကျော်ကြားသောမြို့ဖြစ်လေ၏၊ ပဉ္စမ မြန်မာနိုင်ငံတော်ကြီး ကို တည်ထောင်တော်မူ သော အလောင်းမင်းတရားသည် ဘ၀ရှင်မင်းတရားကြီး မဖြစ်မီ နိုင်ငံတော်ကို စုစည်းသိမ်း ဆည်းတော်မူသည်၊ ခင်ဦးစား ငချစ်ညိုက သူ့ကို ပုန်ကန်ခြားနားလေသည်၊ တချိန်တွင် ဦးအောင်ဇေယျ သည် သူ့တပ်တွေ နှင့် ကွဲလာပြီး ငချစ်ညိုက ဖမ်းမိတော့မည့်အခြေအနေဖြစ်နေသည်၊ ထိုစဉ် “အစ်ကို ကျွန်တော့်ကို ကယ်ပါ ကယ်ပါ” ဟူ၍ အော်သံကြားရသည်၊ ငချစ်ညိုသည် ဦးအောင်ဇေယျ ကို ဖမ်းရန်ရည်ရွယ်ချက်ကို စွန့် လွှတ်လိုက်ရလေ သည်၊ ညီကိုကယ်တင်ရန် နောက်ကြောင်းပြန်ခဲ့ရလေ၏၊ သူ့ညီမှာ ဘာမှမဖြစ၊် နတ်တွေက အော်သံပေး ခြင်း ဖြစ်သည် ဟုဆိုကြသည်၊ သူ့အမေက “ငါ့သားရယ် မင်းညီတွေ ငါ့ဗိုက်ထဲမှာ အများကြီးရှိပါသေးတယ် “ဟု ယူကြုံးမရ ဗိုက်ကိုပုတ်ခါပုတ်ခါ ပြောသည် ဟု ဆို၏၊ ထိုစကား မှန်သလား မှားသလား ဘယ်သူမျှမသိ သို့ပါသော်လည်း ခင်ဦးမြို့ ကမိခင်တွေ က တော့ သူတို့မြို့ က လူစွမ်းကောင်းကြီးအကြောင်း သူတို့သားတွေ ကိုပြောကြလေသည်၊

စည်ပုတ္တရာမှာ ရှေးခေတ်ကတည်းက ရှိခဲ့သော ရွာကြီးဖြစ်သည်၊ စည်ပုတ္တရာကျမ်း ငါးရနဲကျမ်း ဟူ၍ နာမည် ကြီးသော ကျမ်းသည် ထိုရွာမှာ ရှိသည်၊ ဟိုတုံးကတော့ ရွာသူကြီးစဉ်ဆက် ထိမ်းသိမ်းခဲ့ကြပြီး အခုတော့ ဘုန်း တော်ကြီးကျောင်းမှာ ဆရာတော် ကြီးက ထိမ်းသိမ်းထားရလေသည်၊ ထိုကျမ်းသည် အစွမ်းထက်လှပေရာ ထိုကျမ်းကို စောင့်ရှောက်ရသော သူကြီးသည် လူမွှေးလူတောင် မပြောင်တော့ပေ၊ ကုန်းကောက်စရာ မရှိ အောင် ဆင်းရဲသွားကြသည်ဟုဆိုသည်၊

အကယ်၍လူနှစ်ဦး ပိုင်ဆိုင်မှု ကိုဖြစ်စေ၊ ပေးစရာကြွေး ပေးပြီးမပြီး ကိုဖြစ်စေ၊ အငြင်းပွားကြပြီ ဆိုပါစို့၊ မှန်သည် ဟုယူဆသူကို ကျမ်းကိုင်ကြရန် စိန်ခေါ်လေသည်၊ ကျွန်တော်မြင်ဘူးသော ကျမ်းကိုင်ပွဲမှာ ခင်ဦးမြို့ သက်တော်ရှည်ဘုရားထဲမှာဖြစ်သည်၊ ကျမ်းထုပ်ကိုဘုရားရှေ့သို့ ယူလာကြရသည်၊ ကျမ်းကျိမ်မည့်လူနှစ်ဦး သည် ညောင် ရေအိုး ကိုယ်စီနှင့် ဘုရားကို ပန်းကပ် ကြရသည်၊ မရိုးသားသူ၏ ပန်းသည် ညှိုးသွားသည် ဟုအယူရှိသည်၊ မိမိ ပန်းကညှိုးသွားလျင်အရှုံးသာပေးပေရော၊့ ရှေ့ဆက်ပြီး ကျမ်းကြိမ်ပါလျင် ကြီးစွာသော ဒုက္ခသည် ထိုသူ့ အပေါ် သို့ ကျရောက်ရတော့မည်၊ ကာယ ကာ့ရှင်က ခေါင်းမာနေပါလျင် ပါလာသူ အဖေါ်တို့ က အတင်း ၀င်ပြီး တားမြစ်ကြရသည်၊ ကျမ်းစူးပြီ ဆိုလျင် တမျိုးလုံးတဆွေလုံး ထိတော့သည်၊

ကျွန်တော်မြင်ဘူးသော ကျမ်းကိုင်ပွဲမှာ အထမမြောက်ပါ၊ ပန်းအိုးက ပန်းတွေ ညှိုးသွားသောကြောင့် နောက် ဆုတ်သွားသည်၊
စည်ပုတ္တရာသို့ ဆရာကြီး ဒေါက်တာသန်းထွန်း ခဏခဏ လာတတ်သည်၊ ဆရာကြီးသည် တစ်ခါ လာလျင် ညအိပ်ညနေ တည်းခိုနေတတ်သည်၊ ဘုန်းကြီးကျောင်းမှာ အိပ်ပြီး ဘုန်းကြီးထိမ်းသိမ်းထားသော ပေစာတွေ ကို ကူးယူလေ့ရှိသည်၊ စာတမ်းတွေလည်းရေးသည်ဟု ကြားရဘူးသည်၊ မ၊ဆ၊လ ခေတ်တရားသူကြီးချုပ်ဟောင်း ဦးတင်အောင်ဟိန်း မှာလည်း စည်ပုတ္တရာရွာကို မကြာမကြာ သွားသည်ဟု ကြားရဘူးသည်၊

တခါက စည်ပုတ္တရာ ဘုရားမှာ သွေးတွေ ထွက်နေသည်ဟု သတင်းဖြစ်နေလေသည်၊ ၁၉ရရ ခုနှစ် ဟု ကျွန်တော်မှတ်မိပါသည်၊ ခင်ဦး တမြို့ လုံး ရွာနီးစပ်ချုပ် အကုန်သွားကြည့်ကြသည်၊ ကျွန်တော်ကိုယ်တိုင် လည်း စက်ဘီးတစ်စီးနှင့် သွားပြီးကြည့်ဘူးသည်၊ ဆရာတော်ဘုန်းကြီးက ဘုရားဆောင်ကိုဖွင့် မပေးပေ၊ လျပ်စစ်မီးက မရှိ မှန်တွေသံဇကာတွေ ကြားမှ ကြည့်သော် ဘုရားဆင်းတုတော်ကို မှုံမွှားမွှားသာ မြင်ရ လေသည်၊ ဘယ်သူ တွေက ပြောကြသည်မသိ၊ သွေးကိုကျွန်တော်မတွေ့ခဲ့ရပေ၊ ဘုန်းကြီးမှာ ပရိတ်သတ် တွေကို ဘာမှဧည့်ခံ ပြော ဆိုနေတာမဟုတ်၊ လူတွေက သူတို့ဖါသာပြောပြီးသူတို့ ဖါသာလာကြည့်နေကြ ခြင်းသာဖြစ်သည်၊ နောက်များ မကြာမှီ ကာလတွေ မှာ ၈၈ ခုနှစ် အရေးအခင်းပေါ်လာပေရာ ဘုရားက နိမိတ်ဖတ်တာဘဲ ဟု လူတွေ ကဝေဖန် နေကြလေသည်၊

စည်ပုတ္တရာနှင့် ငှက်ပျောရွာမှာ မဝေးပါ၊ ငှက်ပျောရွာ ဘုန်းကြီးကို ၀တ်ချအပြီး “ဘုရားသွေးထွက်တယ်ဆိုလို့ ဘုရား” ဟု လျှောက်သော် ဘုန်းကြီးက ပြုံးနေလေသည်၊ “တောက်တီးတောက်တဲ့ကွာ “ ဟုမိန့်လေသည်၊

(၃)

ကျွန်တော်သည် နောက်တကြီမ် ညောင်ကန်သို့ အနှစ် ၂၀ ခန့် ကြာပြီးမှ ရောက်သွားလေသည်၊ ဘုရားကြီးမှာ မမှတ်မိနိုင်တော့ပြီ၊ အကာအရံ တန်တိုင်းတွေ နှင့် ဖြစ်နေပြီ၊ ဘုရားဝန်းတစ်ခုလုံး ကျောက်ပြားဖြူဖြူတွေ ခင်း ထား လေ၏။ ဘုရားမှာ ဘုံအဆင့်ဆင့် ပြသာဒ် အဆောင်ဆောင် တွေနှင့် ခန့်ထယ်သော ကျောင်းဆောင် ကြီး နှင့် ဖြစ်နေပေပြီ၊ ကြေးစည်တီးပြီး ဘုရား ကြီးကိုစောင့်ရှောက်နေ သော ဘုရားလူကြီးကိုလည်းတွေ့ခဲ့ရ၏၊ ကျွန်တော်တို့ကို တွေ့သော် လွန်ခဲ့သော အနှစ် ၂၀ ခန့်ကလူတွေ အုတ်အော်သောင်းနင်း ဘုရားလာဖူး ကြ ပုံများကို ကောင်းကောင်းကြီး ပြန်ပြောပြနိုင် တုန်းဖြစ်ပါသည်၊

ကျောက်ဆင်းတုကိုယ်တော်ကြီးမှာ ဘယ်မှညာသို့ လှုပ်ယမ်းပြလိမ့်မည်ဟု ကျွန်တော်မယုံကြည်ပါ၊ ကျွန်တော် သည် ကိုယ်တော်လှုပ်တာကိုမြင်ရလိမ့်မည်ဟုကြည့်ဘို့လာခဲ့ခြင်းမဟုတ်၊ မြန်မာည်ြသူပြည်သားတွေသည် ဘုရား ကိုယ်တော်မြတ်က သတိပေးလှုံ့ဆော်ခြင်းကို သူတို့ယုံကြည်ချက်သဒ္ဒါတရားဖြင့် လာကြခြင်းဖြစ်ပါသည်၊ ထိုဘုရားဖူးသူတွေ၏ ယုံကြည်မှု သဒ္ဒါတရားဖြင့်ဘုရားဖူးလာကြသည်ကို တွေ့မြင်ပီတိပွားလိုခြင်းသာဖြစ်ပါ သည်၊ ကျွန်တော်မြင်ချင်သောအရာကို ညောင်ကန်ဘုရားတွင် ကျွန်တော်တွေ့မြင် ခဲ့ရပေပြီ၊

လူတိုင်းသည် ယုံကြည်ချက်ဖြင့် လာခဲ့ကြခြင်းဖြစ်သည်၊ ဆင်းတုတော်ကို ၀တ်ချကတော့ကြသော် သူတို့စိတ်ထဲ မှာ ဘယ်လိုရှိကြမည်မသိ၊ ကျွန်တော့် ရင်ထဲမှာတော့ ကြည်နူးစိတ်၊ ပီတိဖြစ်စိတ်၊ မွေ့ပျော်ခြင်းတို့ဖြင့် ပြည့် လျမ်းနေသည်၊ နောင်နှစ်ပေါင်းများစွာအကြာ ဘုရားလှုပ်သည်ဟုကြားပါသော် ကျွန်တော် နောက်တခေါက် အရောက်သွားဦးမည်သာ၊

ကိုသန်းလွင်
Illustration – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ခေတ်ပြိုင်အတွေ့အကြုံ

One Response to ကိုသန်းလွင် – ဘုရားလှုပ်ခြင်း

  1. Catwoman on December 17, 2014 at 6:28 pm

    We need to be more intelligent as a nation and use our wisdom to believe in things. Remember Kalama sutta. Don’t believe anything just because other People say so

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်