အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၅)

December 19, 2014

– စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၅)
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄

ယခင်အပတ်မှ အဆက်

(၆၃)

ညပိုင်းတွင် ရွှေညဝါဆရာတော် တရားဟောသည်။ တရားပွဲက ကြားရက်ဖြစ်နေသဖြင့် ပရိသတ် ၄ဝ ခန့်သာ လာရောက်နိုင်ကြသည်။ တရားပွဲအပြီးတွင် ဆွီဒင်ရောက်မြန်မာများနှင့် စကားစမြည်ပြောကြသည်။ နောက်တစ်နေ့ မနက်တွင် ဆွီဒင်နိုင်ငံ၊ မြန်မာကျောင်းမှ ထွက်ခွါလာခဲ့ကြသည်။ ခရီးစဉ်က ဂျာမနီနိုင်ငံ ဘာလင်မြို့သို့ သွားရန်ဖြစ်သည်။ သို့ရာတွင် မြန်မာကျောင်းမှ ဘာလင်မြို့သို့ ဆက်တိုက်သွားလျှင် ၁၃ နာရီခန့် ကားမောင်းရမည်ဖြစ်သဖြင့် ဒိန်းမတ်နိုင်ငံသို့ ဝင်ပြီး တစ်ညနားရန် စီစဉ်ကြသည်။ သို့ဖြင့် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ ဦးတည်ထွက်ခွါလာခဲ့ကြသည်။

စာရေးသူတို့ချည်း ဤကဲ့သို့သောခရီးစဉ်ကို သွားဖို့ မလွယ်ပါ။ ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် အင်တာနက်ထဲတွင် မကြာခဏ တွေ့မြင်ရပြီး သဘောကျနေခဲ့သော ရွှေညဝါဆရာတော်ကို ဖူးတွေ့ရမည်ဆိုသဖြင့် နေရာတိုင်းတွင် အလွန်ဝမ်းသာနေခဲ့ကြသည်ကို တွေ့ရသည်။ ဆရာတော်အပေါ်တွင် ချစ်ခင်လေးစားကြသည့်မြန်မာများကြောင့် စာရေးသူတို့လည်း လမ်းခရီးတစ်လျှောက် မည်သည့်အခက်အခဲ၊ မည်သည့်အပူအပင်မျှ မရှိခဲ့ကြရပါ။ ၅/၆ နာရီခန့် မောင်းပြီးသောအခါ ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့သို့ ရောက်သည်။

ကိုမင်းမော် + မမိုးမိုးချစ်တို့ ဇနီးမောင်နှံနှင့် မခင်ခင်စိုးတို့ ကြိုဆိုကြသည်။ မခင်ခင်စိုးအိမ်တွင် ခဏနားသည်။ ပြီးလျှင် စာရေးသူတို့ တစ်ညတာ နားရမည့် ကိုအောင်ခင်မြင့် + မခိုင်ခိုင်ဦးမြင့်တို့အိမ်ဂေဟာသို့ သွားကြသည်။ ဝမ်းမြောက်ဝမ်းသာ စကားပြောဆိုပြီး တစ်ညတာ အနားယူကြသည်။ ကိုအောင်ခင်မြင့်အိမ်တွင် စာအုပ်စင်ရှိသည်ကို သတိပြုမိသည်။ စာအုပ်စင်ကို ကြည့်လိုက်သည့်အခါ မြသန်းတင့်စသောစာရေးဆရာကြီးများရေးသားထားသော စာကြီးပေကြီးများကို တွေ့ရသဖြင့် အိမ်ရှင်များကို စိတ်ဝင်စားမိသည်။ စာအုပ်စာပေ လူ့မိတ်ဆွေဟူသည့်အတိုင်း စာအုပ်စာပေသည် လူတို့၏ အဓိကအားထားသင့်သည့် မိတ်ဆွေအစစ်အမှန်များပင် ဖြစ်သည်။

နောက် ကိုမင်းမော်ကလည်း စာရေးဆရာဖြစ်သည်။ သူရေးထားသည့် ဒိန်းမတ်နိုင်ငံက ဘိုးဘွားရိပ်သာအကြောင်းဆောင်းပါးကို The Voice ဂျာနယ်တွင် ဖော်ပြထားသည့်အပိုင်းအစလေးကို ပြသည်။ သူသည် ဒိန်းမတ်နိုင်ငံက အတုယူသင့်သော၊ ကောင်းသောစနစ်များအကြောင်းကို ဆောင်းပါးများရေးသားပြီး မြန်မာနိုင်ငံက ဂျာနယ်များသို့ပို့ကာ အသိပညာများ ဖြန့်ဝေပေးလျှက်ရှိသည်။ သူရေးထားသည့် ဒိန်းမတ်နိုင်ငံက စာကြည့်တိုက်များအကြောင်းဆိုလျှင် အလွန်တရာ စိတ်ဝင်စားဖွယ်ကောင်းသည်။

ဥရောပနိုင်ငံအများစုတွင် စာကြည့်တိုက်ယဉ်ကျေးမှုအတော်ထွန်းကားသည်ကို တွေ့ရသည်။ လူကြီးလူငယ်၊ ကျောင်းသားကြီး၊ ကျောင်းသားငယ် အားလုံး စာကြည့်တိုက်နှင့်မကင်းကြပါ။ မြို့တိုင်းနယ်တိုင်း၊ ကျေးရွာတိုင်းတွင် စာကြည့်တိုက်ကြီးများ ရှိသည်။
ဒိန်းမတ်နိုင်ငံစာသင်ကျောင်းများမှ ကျောင်းသားများကိုလည်း စာကြည့်တိုက်နှင့် မစိမ်းအောင် စီစဉ်ထားသည်ကိုလည်း အားကျဖွယ်ရာ တွေ့ရသည်။ စာသင်ခန်းအတွင်း သင်ကြားလိုက်သည့် အကြောင်းအရာတစ်ခုကို ပြဋ္ဌာန်းစာအုပ်မျှနှင့် လုံလုံလောက်လောက် မသိနိုင်ပါ။ ဘာသာရပ်တစ်ခုကို စာသင်ခန်းအတွင်းမှာ သင်ကြားပြီးသည့်အခါ အပိုထပ်ဆောင်း သိဖို့အတွက် ဆရာက ကျောင်းသားများကို စာကြည့်တိုက်သို့ စေလွှတ်သည်။ ကျောင်းသားများသည် အဆိုပါ စနစ်ကြောင့် စာကြည့်တိုက်ကို မပြတ်တမ်း အသုံးပြုဖို့လိုအပ်ပါသည်။ အတုယူသင့်ပါသည်။

ဒိန်းမတ်နိုင်ငံ ကျေးရွာအဆင့် စာကြည့်တိုက်တစ်ခုသို့ ရောက်စဉ်က စာကြည့်တိုက်ထဲ ဝင်ဝင်ချင်းမှာပဲ အံ့သြရသည်။ စာကြည့်တိုက်အပြင်အဆင်ကလည်း မြင်ရတွေ့ရတာ စိတ်ချမ်းမြေ့ဖွယ်ကောင်းသည်။ စာအုပ်များကို စနစ်တကျ သူ့အမျိုးအစားအလိုက် ထားရှိသည်။ စာကြည့်တိုက် မီးကိုလည်း မလင်းလွန်း၊ မမှိန်လွန်းအောင် စီမံထားသည်။ ကွန်ပြူတာဖြင့် ဖတ်ရှုနိုင်ဖို့အတွက်လည်း ကွန်ပြူတာများကို ၂၄ နာရီ အဆင်သင့်ထားရှိသည်။ လိုအပ်လျှင် အင်တာနက်မှာ ရှာဖွေဖို့အတွက် အင်တာနက်ချိတ်ဆက်ထားသောကွန်ပြူတာများကလည်း အဆင်သင့်ဖြစ်သည်။ စာကြည့်တိုက်ဆိုသော်လည်း စာအုပ်များချည်း မဟုတ်။ လူငယ်များအကြိုက် သီချင်းအယ်လ်ဘမ်များ၊ ဂိမ်းစီဒီများ၊ ကလေးများ ဆော့ကစားရန်ပစ္စည်းမျိုးစုံ၊ ကစားကွင်းငယ်၊ ရုပ်ပုံဖြတ်ဆက်များ … စသဖြင့် ဆွဲဆောင်မှုရှိအောင် ပြင်ဆင်ပေးထားသည်မှာ အားကျဖွယ်ကောင်းလှသည်။

စာကြည့်တိုက်ကို ကဒ် (စာကြည့်တိုက်အသင်းဝင်ကဒ်ဆိုပါစို့)ပြားရှိလျှင် ၂၄ နာရီလုံး ဝင်ကြည့်နိုင်သည်။ စာကြည့်တိုက်တံခါးတွင် အဆိုပါကဒ်လေးကို ထိုးလိုက်လျှင် တံခါးက အလိုအလျောက် ပွင့်သည်။ စာကြည့်တိုက်အတွင်း မီးများကလည်း လူဝင်သွားလျှင် အလိုအလျောက် ပွင့်သည်။ လှုပ်ရှားမှုမရှိတော့လျှင် အလိုအလျောက် ပြန်မှိတ်သွားမည်ဖြစ်သည်။ ဝန်ထမ်းမရှိလျှင်လည်း မိမိဖာသာ ငှါးနိုင်သည့် စက်ကိုလည်း ထားရှိသည်။ အဆိုပါစက်တွင် ဘားကုဒ်ကို ပြလိုက်သည်နှင့် စက်က အလိုအလျောက် မှတ်သားထားမည်။ ပြန်အပ်သည့်အခါတွင်လည်း အဆိုပါစက်တွင် ဘားကုဒ်ကို ပြပြီး အပ်ရုံသာ ဖြစ်သည်။

ဒိန်းမတ်နိုင်ငံစာကြည့်တိုက်များကို ရောက်သည့်အခါ သူတို့လူမျိုးများ အဘယ့်ကြောင့် ကြီးပွားချမ်းသာကြသည်ကို မအံ့သြမိတော့ပါ။ စာရေးသူတို့မြန်မာတွေမှာ ဆောင်ပုဒ်လေးတော့ ရှိသည်မဟုတ်ပါလား။ “ပညာမြင့်မှ လူမျိုးမြင့်မည်၊ ပညာတင့်မှ လူမျိုးတင့်မည်”ဆိုသတည်း။

(၆၄)

ကိုအောင်ခင်မြင့်တို့အိမ်တွင် တစ်ည နားပြီး နောက်တစ်နေ့တွင် ဦးထွေးသောင်း စသည့် ကိုပင်ဟေဂင်အနီးမှ မြန်မာမိသားစုများ လာရောက်ပြီး ဆွမ်းကပ်ကြ၊ တရားနာကြသည်။ နေ့လယ်တွင် ဒိန်းမတ်နိုင်ငံ ဘုရင့်နန်းတော်သို့ သွားရောက်လည်ပတ်ကြသည်။ သူတို့နန်းတော်ကြီးကို ကြည့်ပြီး အားငယ်မိတာ အမှန်ဖြစ်ပါသည်။ စာရေးသူတို့ နန်းတော်လေးမှာ သူတို့နန်းတော်နှင့်နှိုင်းစာလျှင် ကြီးကျယ်ခမ်းနားမှုကို ရှာမတွေ့နိုင်တော့ပါ။ (အဆောက်အအုံများ၏ ခမ်းနားမှုကို ဆိုလိုခြင်းဖြစ်သည်။ သမိုင်းအတိမ်အနက်နှင့် အနှစ်သာရကတော့ တို့မြန်မာမှာလည်း အံ့သြဖွယ်များစွာ ရှိပါသည်။) ထို့ပြင် ကိုပင်ဟေဂင်မြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် ရေသူမရုပ်တုရှိရာ ကမ်းခြေသို့လည်း သွားကြသည်။ စာရေးသူမျက်စိထဲတွင် ရေသူမရုပ်တုတွင် ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရပါ။ သို့ရာတွင် ကမ္ဘာလှည့်ခရီးသွားတိုင်း ထိုနေရာသို့ ရောက်အောင် သွားလည်ပတ်လေ့ရှိကြသည်မှာ ထူးဆန်းလှသည်။

(၆၅)

ညနေ ၃ နာရီခန့်တွင် ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့မှ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့သို့ ဆက်လက်ထွက်ခွါကြသည်။ ညနေ ၆ နာရီတွင် ဒိန်းမတ်နှင့်ဂျာမနီ ပင်လယ်ကူးဆိပ်ကမ်းသို့ ရောက်သည်။ စာရေးသူတို့ ဆိပ်ကမ်းရောက်သည်နှင့် ဇက်သင်္ဘောကြီးက ထွက်ခွါသွားလေပြီ။ နောက်ထပ် ၂ နာရီစောင့်ပြီး ည ၈ နာရီမှ နောက်တစ်စီးထွက်မည်ဟု ဆိုသည်။ ည ၁ဝ နာရီခန့်အထိ မမှောင်သေးသည့် ဥရောပရာသီဥတုဖြစ်၍ စိုးရိမ်စရာတော့ မရှိပါ။ စောင့်ရုံသာ။ စာရေးသူတို့ စောင့်နေစဉ် ကုန်တင်ကားကြီးများ၊ ဘတ်စကားကြီးများ၊ လူစီးကားသေးများ … တဖွဲဖွဲရောက်လာကြသည်။ ဟိုဟိုဒီဒီ လမ်းလျှောက်ကြည့်ရင်း ဒီကားတွေအကုန် တင်သွားမှာပါလားဟု တအံ့တသြ တွေးနေမိသေးသည်။ ဇက်သင်္ဘောစောင့်နေစဉ် ကပ္ပိယကြီးတို့ အပျင်းပြေစီးကရက်သောက်နေရာ ဘေးမှ ဖြတ်သွားသူ ဂျာမန်တစ်ဦးက “ဟေ့ ဗုဒ္ဓဘာသာဘုန်းကြီး ဆေးလိပ်မသောက်ရဘူးနော်၊ ငါ သိတယ်”ဟု လှမ်းစသွားသည်။

ည ၈ နာရီအချိန်တွင် ဇက်သင်္ဘောဆိုက်ကပ်လာသည်။ ကားတွေ တစ်စီးပြီးတစ်စီး တက်မောင်းသွားကြသည်။ စာရေးသူတို့လည်း အချက်ပြသည်နှင့် သင်္ဘောပေါ် တက်ကြသည်။ သင်္ဘောအောက်ပိုင်းတွင် ကားများကို သူ့အထပ်နှင့်သူ ထားသည်။ ကားများကို ရပ်ပြီး လူများက အပေါ်ထပ်သို့ တက်ကြသည်။ ပင်လယ်လေကို တစ်ဝကြီး ရှူရှိုက်ကြသည်။ ၁ နာရီခွဲကျော်ကြာသည့်အခါ ဂျာမနီသို့ရောက်သည်။ ဘာလင်မြို့သို့ ဆက်လက်ချီတက်ကြသည်။ တစ်ယောက်တည်း ဒိုင်ခံမောင်းရသည့် ကားဆရာကပ္ပိယကြီးတော့ မသိ။ နောက်က အသာလေး ထိုင်စီးသူများကတော့ ပင်ပန်းကြလေပြီ။ ည ၁၂ နာရီခန့်တွင် ဘာလင်မြို့က ကိုအေးမြင့် + မနီလာအောင် မိသားစုတို့အိမ်ဂေဟာသို့ ရောက်သည်။ နေရာကျဉ်းသော်လည်း စိတ်ဓာတ်ကျယ်သည့်ဇနီးမောင်နှံကြောင့် အစစအဆင်ပြေပါသည်။

(၆၆)

နောက်တစ်နေ့တွင် ဘာလင်မြို့ကို လည်ပတ်ကြသည်။ စာရေးသူအတွက် ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်က မြန်မာသံအမတ်ကြီးမိသားစုက လိုက်ပို့ခြင်း ဖြစ်သည်။ (ပထမအကြိမ်ခရီးစဉ်အတွက် ဘာလင်မှ ဘယ်သို့ ဘယ်ဆီလဲ ဆောင်းပါးရှည်တစ်ပုဒ်ရေးပြီးဖြစ်သည်။) ဘာလင်တံတိုင်းကို သွားရာတွင် အရင်တစ်ခေါက်က မရောက်ခဲ့သည့်နေရာများကိုလည်း ရောက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၈၈ အရေးအခင်းပြီးနောက် ၁၉၈၉ ခုနှစ်တွင် အရှေ့ဂျာမနီ၊ အနောက်ဂျာမနီပေါင်းစည်းပြီး ဂျာမနီတစ်နိုင်ငံတည်း ဖြစ်လာခဲ့သည်။ အရှေ့အနောက်ကို ပိုင်းခြားထားသော ဘာလင်တံတိုင်းကြီးလည်း ပြိုကျသွားခဲ့သည်။ ဘာလင်တံတိုင်းကြီးပြိုကျသွားခြင်းသည် (ပြိုကျအောင် စွမ်းဆောင်နိုင်ခြင်းသည်) ဂျာမနီနိုင်ငံအတွက် သမိုင်းအလှည့်အပြောင်းကြီးတစ်ခု ဖြစ်ခဲ့သလို ကမ္ဘာ့သမိုင်းအတွက်လည်း တကယ့်အလှည့်အပြောင်းကြီးတစ်ခု ဖြစ်ခဲ့သည်။ ထိုအခါမှစပြီး ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်နိုင်ငံသားအချင်းချင်း သတ်ဖြတ်မှုတွေ၊ ရက်စက်မှုတွေ ချုပ်ငြိမ်းသွားခဲ့သည်။ မြန်မာတို့၏ ၈၈ ကြိုးပမ်းမှုများကတော့ ယနေ့အချိန်အထိ ကြီးမားသည့်အလှည့်အပြောင်းကို မဖန်တီးနိုင်သေးဘဲ ကိုယ့်နိုင်ငံသားအချင်းချင်း စိတ်ဝမ်းတွေ ကွဲ၊ သတ်ဖြတ်မှုတွေ မစဲဘဲရှိနေရသည်ကို မြင်တွေ့ရသည်မှာ စိတ်မချမ်းသာဖွယ်ကောင်းလှသည်။

ဂျာမန်တို့၏ မူလအခြေခံစိတ်နှင့် မြန်မာတို့၏ မူလအခြေခံစိတ်ဓာတ်တို့ ကွဲပြားခြင်းကြောင့် ရလဒ်များ ကွဲပြားနေခြင်းဟုလည်း တွေးမိခဲ့သည်။ ဂျာမန်တို့သည် မာန်ကြီးသည်၊ သူတို့ကိုယ်သူတို့ ဂျာမန်ဖြစ်ရတာ ဂုဏ်ယူသည်၊ လက်မထောင်သည်၊ သူတို့က လက်မထောင်သည့်အတိုင်းလည်း လက်မထောင်နိုင်အောင် ကျင့်သုံးပြသည်။ ဂျာမန်တို့က စိတ်ကြီးသည်ဟုဆိုရသော်လည်း မိမိတို့၏ အမျိုးဘာသာ၊ နိုင်ငံတိုးတက်ရေး၊ ကြီးပွားရေးဟူသော ပင်မရည်မှန်းချက်ကို မျက်ခြေမပျက်စေဘဲ အတူတကွ စုပေါင်းလုပ်ဆောင်တတ်ကြသည်။

မြန်မာတို့ကလည်း မာန်ကြီးပါသည်။ မြန်မာတွေ ဦးနှောက်ကောင်းတယ်၊ ဉာဏ်ကောင်းတယ်ဟုလည်း ဂုဏ်ယူတတ်ကြသည်။ သို့ရာတွင် မြန်မာတို့၏ ဗီဇစိတ်တွင် အငြိုးအတေး ကြီးသည်။ ရန်ငြိုးဖွဲ့တတ်သည်ဟု ထင်သည်။ အာဏာရှင်ကလည်း မကောင်း၊ အာဏာရှင်ကို တော်လှန်မည်ဆိုသူများကလည်း တစ်လမ်းသွားတွေက များသည်။ ငါ လုပ်မှ အဟုတ်၊ ငါတို့ လမ်းစဉ်ကမှ အမှန်ဟုလည်း ငါတကော ကောကာ တလွဲဆံပင်ကောင်းကိစ္စတွေနှင့်သာ သမိုင်းတစ်ခုလုံးကို ဆေးခြယ်နေကြသည်က များလှသည်ဟု သုံးသပ်မိပါသည်။

ဆက်လက်ဖော်ပြပါမည် …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

One Response to အရှင်ကုသလသာမိ (အတည်မဲ့) – စကန်ဒီနေဗီးယားတိုင်းပြည်များသို့ ခရီး (အပိုင်း ၁၅)

  1. Ba Ba Gyi on December 19, 2014 at 7:37 pm

    ဘုန်းကြီးစာချလုပ်သည်ဟုတော့ မထင်စေလိုပါဘုရား။
    Culture ဆိုတိုင်း “ယဉ်ကျေးမှု” ဟုဘာသာပြန်လွဲမှားနေကြပါသည်။ Tissue Culture, Pearl Culture, Fish Culture တို့တွင် “မွေးမြူရေး” ဟုဘာသာပြန်ရပါမည်။ တခါတရံတွင် Culture ကို “ဓလေ့၊ စရိုက်၊ အကျင့်” စသည်စကားလုံးတို့နှင့်လည်း ဘာသာပြန်နိုင်ပါသည်။

    အရှင်ဘုရားရေးသည့် “စာကြည့်တိုက်ယဉ်ကျေးမူ” ဆိုသည်မှာ မြန်မာစကား၌မရှိပါ၊
    စာကြည့်တိုက်ထောင်တတ်သည့်အကျင့်၊ စာကြည့်တိုက်ထောင်တတ်သည့်ဓလေ့ဆိုလျှင်ပို၍မြန်မာဆန်ပါလိမ့်မည်အရှင်ဘုရား။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်