ညိုထက်ညို – တာဝတိံသာ ကဖေး
(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၄
နတ်တွေမှာ အစာရှာစရာ မလိုဘူး ကြားဖူးတယ်၊ ဟုတ်သလား
မဲဆောက်မှာ
ဆိုင်ထဲ ခဲဆွဲသလို ထိုင်နေမယ့် သူငယ်ချင်း
ရန်ကုန်မှာ
လူ့ဘ၀ အနိုင်အရှုံး
စာရင်းလုပ်နေမယ့် သူငယ်ချင်း
ကယ်လီဖိုးနီးယားမှာ
ပြန်မယ့်ရက်
လက်ချိုး ရေတွက်တတ်တဲ့ သူငယ်ချင်း
အော့ကလန်မှာ
သတင်းစာကြေညာထဲ
ထမင်းဆာဆာနဲ့ နစ်မြုပ်နေမယ့် သူငယ်ချင်း
လူ့အဖြစ်က မောလွယ်ပန်းလွယ်ရဲ့
ဘ၀အရသာ က သုံးဆယ်မတိုင်ခင် ပြီးဆုံးတယ်
အစာအိမ်က အရာအားလုံးထက် ကျယ်တယ်
ကမ္ဘာကြီးက ကျောတစ်ခင်းစာအတွက် ကျဉ်းတယ်
ပိုက်ဆံမရှိခြင်းက ခုခံအားကျဆင်းစေရဲ့
မနက်ဆို ‘ပြည့်ဖြိုးကျော်’ ကို သွားချင်တုန်း
ညနေဆို ၄၉လမ်း ထိုင်ချင်တုန်း
ညဆို အင်းလျားလမ်းပေါ် လျှောက်ချင်တုန်း
ဥတုသုံးပါးစလုံး
ကောင်မလေးတွေနောက်
အရိပ်လို တကောက်ကောက် လိုက်ချင်တုန်း
နတ်ဖြစ်ရင် ကဗျာစပ်လို့ရသလား
နတ်ပြည်မှာ လက်ဖက်ရည်ဆိုင် ရှိလား
နတ်တွေကော ရယ်မောတတ်သလား
နတ်သမီးလေးတွေကော လူသမီးလေးတွေလို ချောလား
ဝင်းနိုင်ရေ…
တာဝတိံသာ ကဖေးမှာ
ဝမ်းတီးတူးကော် တူတူမှာကြတာပေါ့ ။ ။
(နိုဝင်ဘာ၊ ၂၀၀၇)
Recent Comments