စောဝေ – ဒီမိုကရေစီကောင်းကင်ယံက လှမျိုးနောင်ဆိုတဲ့ ကြယ်စင်

December 22, 2014

– ဒီမိုကရေစီကောင်းကင်ယံက လှမျိုးနောင်ဆိုတဲ့ ကြယ်စင်
(မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၄
ကိုလှမျိုးနောင် (သရုပ်ဖော် – မင်းကျော်ခိုင်)

ညီလေးရေ…. တို့တွေ့ဆုံခြင်းအဖွင့်က မလှပခဲ့ဘူး။ အင်းစိန်ထောင်ထဲမှာ။ ထောင်တွေထဲမှာမှ နာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ စစ်အစိုးရရဲ့ အသုံးချခံ အင်းစိန်ထောင်။ အစ်ကိုက သုံးတိုက်မှာ ကိုကိုကြီး၊ ကိုမြအေး၊ အောင်သူ၊ ဒီငြိမ်းလင်း၊ မဂ္ဂင်ဆရာတော်နဲ့ ဦးဇင်းပုရစ်၊ ကိုသိန်းဆွေ ဒီလူတွေနဲ့၊ ဒီလူတွေက မင်းအကြောင်းကို အမြဲပဲပြောနေလို့ ညီလေးကို မတွေ့ရခင် သိနေခဲ့တယ်။ အစ်ကို တိုက် (၃)၊ တိုက်အကျဉ်း ပိတ်ကာလ လေးလကျော်တော့ ညကြီး မင်းရှိနေတဲ့ ထောင်ဆေးရုံကို ရောက်ခဲ့တယ်။ မနက် (၉) နာရီ (၁၀) နာရီလောက်ရှိတော့ လမ်းမ လျှောက်ရတာ ကြာပြီဖြစ်တဲ့ အစ်ကိုဟာ မင်းရှိနေတဲ့ အရူးတိုက်ထဲကို ဆက်သွယ်ဖို့လမ်းလျှောက်ပြီး ကြည့်မိတယ်။ အပေါက်ဝ သံဇကာ ကြားက ဗိုလ်အောင်ကျော်ကေနဲ့ မျက်မှန်က ငှက်ကြီးလို ပုလင်းဖင်မျက်မှန်နဲ့။ ထောင်ထဲမှာ မသိတဲ့ (၅) ညခြင်း ဆက်သွယ်တဲ့ ပုံစံဝှက်ပြီး လက်ငါးချောင်းထောင်ပြလိုက်တော့ မတိုးမကျယ်အသံနဲ့ မင်းအသံပေးတယ်။ “အစ်ကို စောဝေလား စာအုပ်၊ စာအုပ်ပေးပါ”။ လှမျိုးနောင် ဆိုတဲ့ ၈၈ မျိုးဆက်ဆီက ပထမဆုံးကြားရတဲ့စကားပါ။ စာရေးသူ ကဗျာဆရာတစ်ယောက်အတွက် ပီတိဖြစ်ရပါတယ်။ ကျွန်တော်က  စကားပြောခွင့်မရသူ ဖြစ်လေတော့ လက်မထောင်ပြလိုက်တယ်။ အိတ်တွေထဲ ဝန်ထမ်းတွေက ဘာစာအုပ်တွေ ထည့်ယူလာမှန်းမသိတော့ နေ့လည်တန်းပိတ်မှ ရွေးပြီးပေးမယ်ပေါ့။ အစ်ကိုဆက်သွယ်တာ အာဏာပိုင်တွေမိသွားပြီး အစ်ကို့ကို ဒီစီဆွဲချသွားတယ်။ ဆေးရုံက ဆင်းခိုင်းပြီး သုံးတိုက်ပြန်ပို့တာပေါ့။

တိုက်ရောက်တော့ အစ်ကို ပက်လက်ပြန်ဖြစ်တော့ K ကျူ့ (ကိုကိုကြီး) က ထောင်အာဏာပိုင်တွေ တိုက်တော့ အစ်ကို ဆေးရုံပြန်ရောက်။ အစ်ကိုက အထူးစောင့်ကြပ်ကြည့်ရှုဆောင်တစ်မှာ ညီလေးက အရူးတိုက်မှာ။ လမ်းလျှောက်ချိန်တွေဆို မြင်နေကြရတယ်။ သိမ်သိမ်မွေ့ မွေ့လေး ဆက်သွယ်ကြတာပေါ့။ စာအုပ်သုံးအုပ်ပေးလိုက်တယ်။ တစ်ညအိပ် နှစ်ရက်ဆို ပြန်ပေးပြီ။ ငါးအုပ်ပေးလိုက်တယ်။ အဲဒီလိုဘဲ ပြန်ပေးပြီ။ စာမရွေးဘူး၊ မဂ္ဂဇင်း မရွေးဘူး။ ဝါးစားသလို ဖတ်တယ်။ သုတ၊ ရသ၊ ဘာသာပြန် တက်ကျမ်း၊ ကာတွန်း၊ ကဗျာ။ ကဗျာ စာအုပ်ဆိုရင်တော့ တပတ်ဆယ်ရက်မှ ပြန်ပေးတယ်။ တချို့ကို အပိုင်တောင်းတယ်။ အစ်ကိုတို့ အတူနေဖို့ ရေစက်ကဆုံချင်တော့  လှမျိုးနောင်၊ မျိုးရန်နောင်သိမ်း၊ မျိုးသန့် (HR)၊ စောဝေ။ ငါးည လေးယောက် မုန်တိုင်းကြားမှာ ပျော်လိုက်ရသေးတယ်။ မင်းစကားလေး မှတ်မိနေသေးတယ်။ “ကျွန်တော်က ဘတ်သီး၊ အစ်ကိုက အူမကြီး၊ သီးနဲ့ကြီး တွေ့ကြပြီပေါ့” တဲ့။ ညီလေးက အဲဒီလိုလည်း ဟာ သ ဉာဏ်ရှိတယ်။

ကိုမျိုးသန့်က သက်သာတော့ ဆေးရုံက ဆင်းသွားတယ်။ လှမျိုးနောင်ရယ် မျိုးရန်နောင်သိမ်းရယ် ကျန်တယ်။ သုံးယောက်လုံး ရောဂါတွေက ရေရှည်ကုရမယ့် ရောဂါတွေ။ ဒါနဲ့အစ်ကိုရော အားလုံးခေါ်လို့ လွယ်အောင် လှမျိုးနောင်ကို စီနီယာမျိုး ၁၉၈၈ မတ်လမှာ အစောဆုံး အစိုးရကို တိုက်ခဲ့တဲ့ ကျောင်းသားဖြစ်လို့။  မျိုးရန်နောင်သိမ်းကို ၁၉၉၆ မှာမှပါခဲ့လို့ ဂျူနီယာမျိုး။ စီနီယာမျိုး၊ ဂျူနီယာမျိုး ဒီနာမည်ဟာ တွင်သွားခဲ့တယ်။ ဆေးရုံတစ်ခုလုံးတွင်သာမက နောက်မှရောက်လာကြတဲ့ မြတ်စံ၊ ကိုမျိုးခင် (မုန်းခက်) တို့ပါ စီနီယာမျိုး ဖြစ်ကုန်ကြရော။

ထောင်ထဲက ယဉ်ကျေးမှု။ ငါးညတွေရဲ့ ယဉ်ကျေးမှုအတိုင်း ပဲကြီးလှော်သုံးစေ့ရောက်ရင်တောင် အစ်ကိုတို့လေးယောက် အညီအမျှခွဲစား။ တစ်ယောက်ကိစ္စ တစ်ယောက်က ကူ။ အာစရာရှိရင်လည်း ကျီးတွေလို ဝိုင်းအာကြ။ စီနီယာမျိုးရဲ့ နာမည်ဆိုးက သုံးလလောက် အတူနေပြီး ရင် ရန်ဖြစ်သတဲ့၊ ငြင်းသတဲ့၊ စကားများသတဲ့။ အစ်ကိုနဲ့ခုနှစ်လနေတာ တစ်ခါမှ မာမာတင်းတင်း စကားမပြောဖြစ်ကြပါဘူး။ မှတ်မိပါတယ် ညီလေးရယ်။  တစ်ရက် ထောင်ဝင်စာမှာပေါ့၊ မိန်းမက သူ့ဉာဏ်ပညာ မေတ္တာနဲ့ ဒူးရင်းသီးကို ဖော့ဗူးနဲ့ထည့်ပြီး ထောင်ဆေးရုံ ရောက်အောင် ပို့။ ရောက်လာတော့  ဝေမျှစားကြ။ တစ်ယောက်တဆံပဲ ရကြတာပေါ့။ ဘယ်သူမှ အာသာပြေပါ့မလဲ။

စီနီယာမျိုး ညီလေးရဲ့ ထောင်ဝင်စာလာတော့ ဒူးရင်းသီးမှာတာပေါ့။ နောက်အပတ် ထောင်ဝင်စာမှာ ပါလာရော။ ဒါပေမယ့် ထောင်ထဲကို  ဘယ်လိုမှသွင်းလို့မရဘူး။ ဆေးရုံဆိုတော့ တားမြစ်အစားအစာလေ။ ပိုဆိုးတာပေါ့။ သူပေါက်ကွဲရော။ အစ်ကို မသိပါဘူး။ ညီလေးပြောပြမှ။ ထောင်ဝင်စာ ပြန်ရောက်ရောက်ချင်း အစ်ကိုကုတင်မှာ ညီလေးလာထိုင်ပြီး “အစ်ကို ကျွန်တော်တော့ မှားပြီ၊ ဖောင်းပြီ အစ်ကို တောင်း ပန်ပါတယ်” လိုYပြောပြီး သူ့ညာလက်နဲ့ သူ့ပါးကို သူ့ဘာသာသူ ဗျမ်းဆို ရိုက်လိုက်တာ သူ့မျက်မှန်ပြုတ်ထွက်သွားတယ်။

ပြန်ကောက်ပေးပြီး “ဘာဖြစ်လို့ ဒီလောက်ဒေါသတွေ ထွက်နေရတာလဲကွာ” “အစ်ကို မသိဘူး၊ မှားပြီအစ်ကို။ အစ်ကိုရာ အခြားအကျဉ်းသား တွေပါ ခံရတော့မယ်။ တောင်းပန်ပါတယ် အစ်ကို” “မလိုပါဘူးကွာ အမှန်ငါးဆယ်၊ အမှားငါးဆယ်မှ ပုထုဇဉ် လူစစ်စစ်ကွ မှားပါစေ” သူပြောတာ မှန်ပါတယ်။ နောက်အပါတ် ထောင်ဝင်စာမှာ ဒူးရင်းသီးတင်မက အစ်ကို အူမကြီးရောင်လို့ ဆန်ပြုတ်နဲ့ရောသောက်ရတဲ့ ပလပ်စတစ်အိတ်နဲ့ နွားနို့ပါ မရတော့။ အခြားအကျဉ်းသားတွေပါ ဈေးဝယ် ဈေးမှာ လမ်းကြောင်းတွေ ပိတ်ကုန်တာပေါ့။ ညီလေး စီနီယာ မျိုးဟာ အမှားကို အမြန်ဝန်ခံတတ်တဲ့ ကျောင်းသားခေါင်းဆောင်ပါ။

နေ့လည်ပိုင်းတွေဆို နိုင်ငံရေး ဆွေးနွေးပွဲလေးမျိုး တိုးတိုးတိတ် အမြဲလုပ်ကြပါတယ်။ ဧည့်သည်အဖြစ်ကတော့ ဆေးရုံလာရင်း ပါတတ်တာ ကတော့ ဦးနိုင်းနိုင်း၊ မုံရွာအောင်ရှင်နဲ့ မိုက်တီးပါပဲ။ အဲဒီမှာ ကဏ္ဍစုံက ဦးဆောင်ဆွေးနွေးသူက စီနီယာမျိုးပေါ့။ သမိုင်းကြောင်း ပြောသူက မြတ်စံ။ တစ်ရက်မှာ သူ့ကို အပြင်ကဆေးရုံ၊ နတ်မောက်လမ်းက မျက်စိဆေးရုံက အထူးကုနဲ့ပြဖို့ ထွက်သွားပါတယ်။ ပြန်လာတော့ အစ်ကိုတို့ အဖွဲ့သောကဖို့မော်ဒန်က လက်ဖက်ရည်တွေ ဝယ်လာပေးတယ်။ ဒါပေမယ့် သူ့မျက်နှာ မကောင်းဘူး။ ဆေးစစ်တာဆိုတော့ မေးလည်း မမေးရက်ကြဘူး။ ထောင်ထဲရောက်မှ ပထမဆုံး သူရအောင်သွင်းပြီး သောက်ကြရတဲ့ လက်ဘက်ရည်ဆိုတော့ ကျေနပ်ကြတာ ပေါ့။ ညဦးပိုင်းရောက်တော့ အစ်ကို့ကုတင် ညီလေးရောက်လာတာဘဲ။ “အစ်ကို ကျွန်တော် ထမင်းမစားဘဲလည်း နေနိုင်တယ်၊ အရက် မသောက်ဘဲလည်း နေနိုင်တယ်၊ စာမဖတ်ဘဲ မနေနိုင်ဘူး” “ဘာဖြစ်လို့လဲ ညီလေး” “ဆရာဝန်တွေက အင်္ဂလိပ်လိုပြောနေတာ ကျွန်တော် ကြားတယ်။ ကျန်တဲ့တဖက်ကို ကူးနေပြီ ကုသလို့ မလွယ်ဘူး။ တစ်လုံးလည်း ကန်းပြီ၊ နောက်တလုံးလည်း ကန်းပြီး စာမဖတ်နိုင်ရင်တော့ ကျွန်တော်သေပစ်လိုက်တော့မယ် အစ်ကိုရာ” ။ ညီလေးရေ လူနာအခွင့်အရေး နားမလည်တဲ့ ဆေးရုံက ဆရာဝန်တွေကို အစ်ကို တစ်ညလုံး စိတ်နဲ့ဆဲနေမိတယ်။ ညီလေးကို ဖြေစရာစကား မရှိခဲ့ပါ။

တစ်ည ထောင်ပြောင်းကြတော့ ရထားတစီးထဲ စီနီယာမျိုး၊ ကိုဝင်းမော် (ရွှေသံစဉ်)၊ အောင်သူ၊ မြတ်စံ၊ စုစုနွေး၊ အောင်ကြီး၊ ကျော်စိုး၊ အောင်ဇော်ဦးနဲ့ ပေါင်း (၃၂) ယောက်ထင်တယ်။ ခြေကျင်းတွေနဲ့ ပျော်ပျော်ပါးပါးပေါ့။ ပဲခူးရောက်တော့ “အစ်ကို ဘာလုပ်မှာလည်း ၊ အစ်ကို့လမ်းကြောင်းလေ” တဲ့။ ပါဖောမန့်လုပ်မယ်၊ ဘယ်သူ့မှမပြောနဲ့။ မြတ်စံပါ မပြောနဲ့” ဆိုပြီး ပါဖောမန့် စလုပ်ပါတယ်။ တောင်ငူမှာ ရထားလည်း အကြာကြီးရပ်၊ ဆွေတွေ မျိုးတွေနဲ့တွေ့၊ ထမင်းလည်းစားရ၊ ညီလေးအိတ်ကပ်ထဲလည်း ပိုက်ဆံတစ်သောင်းလောက်ထည့်နိုင်တယ်။ မြတ်စံက ဆုံးမတယ်။ “အစ်ကို ထောင်ကျတာ ပင်လယ်ထဲ ရေနစ်သလိုဘဲ ကူးဖို့မလိုဘူး။ ကိုယ်ဖော့တတ်ဖို့ပဲ လိုတယ်” တဲ့ ။ ညီလေးက “ ထောင်က လွတ်ရင် အမဖျော်ပေးတဲ့ ငါးပိရည်နဲ့ ထမင်းပူပူလေး ကျွေးအုံးနော် ” တဲ့။ “ အစ်ကိုတို့က ဘယ်တော့လွတ်မှာတုံး” ဆိုတော့  “အားလုံး လေးနှစ်ငါးနှစ်အတွင်း လွှတ်မယ်”။ မင်းစကားက သိပ်မှန်ခဲ့တော့ အစ်ကိုမမေ့ဘူး ညီလေး။ အစ်ကိုကတော့ ပါဖောမန့် အလုပ်ကောင်းလို့ ရမည်းသင်းထောင်မှာ အကျယ်ပိတ် ၄၈ ရက် ပိတ်ခံရပြန်တယ်။ ညီလေးက မြစ်ကြီးနားပေါ့။ အမေမကြိုက်တဲ့ တက္က သိုလ်ကို ကိုယ်စီရွှေ့ကြရတာ။

အစ်ကိုတို့တတွေ လွတ်လာကြတော့ မြစ်ကြီးနားမှာ ဂတုံး (ဇာဂနာ) နဲ့ ညီလေး ဆွဲလာကြသေးတယ်ပြောတယ်။ အစ်ကို့အထင်တော့ ညီလေးထောင်ပြောင်းချင်လို့ ပါဖောမန့်လုပ်တယ်ထင်တာပဲ။ ညီလေး စာစွယ်စုံဖတ်သူ အနုပညာရှင်တွေကို ချစ်ပြီးသားဆိုတော့ အတူနေ ခဲ့ရတော့ သိတယ်လေ။ ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့်ပွဲမှာ အစ်ကိုတို့ ပြန်ဆုံကြတယ်လေ။ တိုက်ပုံအမည်းကြီးဝတ်ပြီး ပဲပေးနေတဲ့ ဂျူနီယာမျိုးကို ဝိုင်းကြပ်ပြီး ဘာလုပ်မလဲမေးတော့ ညီလေးထုံးစံအတိုင်း “အာရုံနောက်တာကြာပြီ အစ်ကိုရာ၊ အပြင်ဆိုင် တစ်ဆိုင်သွားရအောင်၊အစ်ကိုစပွန်ဆာလုပ်” ဆိုတော့ မြတ်စံက “နောင်ကြီးရာ အပိုတွေလုပ်မနေစမ်းပါနဲ့။ ထောင်ထဲမှာတုန်းကလည်း အစ်ကိုဘဲ စပွန်ဆာ ကို” ။ ဒါနဲ့အငယ်ဆုံး ဂျူနီယာမျိုးပါ ပွဲကဆွဲထုတ်ပြီး ဆရာစံလမ်းက ရွှေပန်းဆိုင်းမှာ ထိုင်ပြီး စကားပြောဖြစ်တယ်။ “ အစ်ကို ၄၃၆ ကိုမပြင်ဘဲ ပထမသက်တမ်းမှာ အခြေခံဥပဒေပြင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ၂၀၁၅ ကျော်မှ ဖြစ်လိမ့်မယ်။ တစ်ခုတော့ရှိတယ် အစ်ကိုရဲ့ အဘကျွဲ သေ သွားရင်တော့ တမျိုးပေါ့” တဲ့။ သူ့ဆီက ပထမဆုံး စကြားဖူးတာဘဲ။ ခုတော့လည်း သူပြောသလို ဖြစ်နေခဲ့ပြီ။

အစ်ကို မနက်ဖြန် ကျောက်ပန်းတောင်းကို ပန်းရဲ့လမ်းနဲ့သွားမှာ ပညာရေးကွန်ယက်က ဖိတ်လို့ဆိုတော့ “အစ်ကို သားနဲ့တွေ့ပေးပါ အစ် ကို၊ ကျွန်တော့်သားနဲ့အစ်ကို တွေ့ဖို့လိုလို့ပါ” အေးပါလို့ပြောပေမယ့် နောက်နေ့အထိ သူဖုန်းဆက်ပြီး သတိပေးနေတုန်း။ ကျောက်ပန်း တောင်းရောက်တော့ ကိုဇော်ကို အကူအညီတောင်းပြီး သူ့သားနဲ့ဆက်သွယ်တော့ သူ့သားဟာ ကျွန်တော် ကဗျာရွတ်လေရာလိုက်ပြီး ညသန်းခေါင်ကျော်မှ အိမ်ပြန်သွားလေတယ်။ ပြန်ရောက်တော့  “ကျေးဇူးပဲ အစ်ကိုရာ၊ အစ်ကိုပေးခဲ့တဲ့တီရှပ်၊ ကဗျာစာအုပ်၊ ကျောက်ပန်း တောင်း ကဗျာလက်ရေးမူပါရပြီး သားပျော်နေ၊ အားတက်နေတယ် အစ်ကို။ အဲဒီကဗျာ သူရွတ်ပြတယ်၊ ကောင်းတယ်။ ကျွန်တော့်လည်း ပေးအုံး။ မနက်ဖြန်ညနေ ထမင်းလာစားရင်း ကဗျာယူမယ်” ။ နောက်နေ့ညနေ ညီလေး သူငယ်ချင်းနှစ်ယောက်နဲ့ ဆိုင်ကိုလာပါတယ်။ ညီလေးဝမ်းသာနေလို့ အစ်ကို ကျေနပ်ပါတယ်။ အဲဒီလိုဘဲ အာရုံရရင် ဖုန်းဆက်ပြီး အစ်မလက်ရာ ထမင်းလာလာစား စကားတွေပြော စာအုပ်တွေပေးပေါ့။

ညီလေး ဆေးရုံ (၆) ခါ တက်ရတယ်။ သတင်းကြားတယ်။ အစ်ကို နယ်တွေမှာ ရောက်နေတယ်။ ညီလေးပြောတဲ့ ညီလေးလုပ်ချင်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး ဒေါ်အောင်ဆန်းစုကြည် ဝိုင်းရံရေးတွေပေါ့။ ညီလေးရဲ့ နောက်ဆုံးခရီးမှာတောင် ကရင်ပြည်နယ် ဘားအံမှာ ကရင်စာပေဖွံ့ဖြိုးရေးနဲ့ ဗမာစာပေ အခြေအနေတွေ ရေးသူဖတ်သူ ဆွေးနွေးပွဲလုပ်နေရလို့ လိုက်မပို့နိုင်ခဲ့။ တောင်းပန်ပါတယ်။ ခွင့်လွှတ်ဖို့ မဟုတ်ပါဘူး။ တောင်းပန်တာပါ။

အစ်ကိုက နိုင်ငံရေးထင်ပေါ်ကျော်ကြားသူတွေကို ဖုန်းခေါ် အဆက်အသွယ် မလုပ်တတ်ဘူး။ ဖုန်းခေါ်လိုက်လို့ မကိုင်ပဲ သူတို့ပီအေတွေရဲ့ SB လို အမေးတွေကို အာရုံနောက်တယ်။ ဘယ်သံအမတ်နဲ့ ဘယ်နိုင်ငံတကာအဖွဲ့နဲ့တွေ့နေလို့ မတွေ့နိုင်ဘူး၊ မပြောနိုင်ဘူးဆိုတာလည်း မခံစားနိုင်ဘူး။ အဲဒီလို အလုပ်တွေများပြနေလို့ တိုင်းပြည်လည်း ပြောင်းသွားတာမဟုတ်တော့ အထင်မကြီးဘူး။ အချင်းချင်းတောင် မ တွေ့နိုင် မပြောနိုင်ဘဲ အစိုးရနဲ့ လွှတ်တော်နဲ့တွေပြောပြီး ဘဝင်မြင့်နေတာလည်း တိုင်းပြည်အတွက် အရာရောက် တယ်မထင်ဘူး။ ဒီတော့ ဘယ်သူ့ကိုမှ အစ်ကိုမဆက်သွယ်ဘူး။ မဆက်သွယ်ရအောင်လည်း ကိုယ့်ဝမ်းစာနဲ့ ကိုယ်နေတယ်။ ဘယ်သူတွေ ဘာကြောင့် ကားစီးနေ သလဲ အစ်ကိုသိတယ်။ ထောင်ထဲမှာတောင် ဆေးလိပ် ကွမ်း မဖြတ်နိုင်တဲ့လူတွေက လူ့အခွင့်အရေးအကြီးကြီးပြောနေတာလည်း ရွံတယ်။ ဒီတော့ မဆက်သွယ်ဘူး။ မဆက်သွယ်တဲ့အထဲ ညီလေးပါပါမိတယ်။ ဒါ အစ်ကို့ရဲ့ အမှားပါ။ ညီလေး ဆက်သွယ်ရင် အစ်ကို အမြဲ အဆင် သင့်ဖြစ်ခဲ့တယ်။ မြတ်စံတို့၊ ဂျူနီယာမျိုးတို့အသိပါ။
ညီလေးဆုံးတော့ အွန်လိုင်းပေါ်မှာ FB ပေါ်မှာ ဟိုရေးဒီရေး အစ်ကိုတွေ့ပါတယ်။ အရက်သောက်လို့။ ဘာအလုပ်မှမလုပ်ဘူး၊ ဒုက္ခပေး တယ်။  ဒုက္ခပေးတယ်ဆိုတာ သူ့မှာ များနေလို့။ တိုင်းပြည်ရဲ့ဒုက္ခတွေတောင်ကယ်မယ်ဆိုပြီး သူငယ်ချင်းကြမှ ဒုက္ခပေးတယ်ဆိုတဲ့ နိုင်ငံ ရေးသမားတွေ ညီလေးစကားဘဲ ငှားပြောမယ် “အာရုံနောက်တယ်ကွာ” ကျောင်းသားနိုင်ငံရေးသမားထဲ စာအစုံဖတ်တာ ညီလေးပဲ။ ပကတိအတိုင်း စိတ်ကူးယဉ်မပါဘဲ နိုင်ငံရေးကိုသိတာ ညီလေးပဲ။ ညီလေး အစ်ကို့မှာ ထူးအိမ်သင် အတွေ့အကြုံ ရှိတယ်” “ရှင်ခြင်းမှာ အဓိပ္ပါယ်မရှိတော့ရင် အရသာမတွေ့တော့ရင် သေလမ်းကိုရွေးတာပေါ့” ညီလေးဟာ အိမ်ထောင်ပျက်တယ်။ မိသားစု ဘဝပျက်တယ်၊ စီးပွားပျက်တယ်။ ဒါပေမယ့် နိုင်ငံရေးကိုပဲ ဖက်တွယ်တယ်၊ စာပေကိုပဲ ဖတ်တယ်။ အစ်ကိုက စာရေးဖို့တိုက်တွန်းတယ်၊ စာရေးခဲ့တယ်၊ အစ်ကို ကျေနပ်တယ်။ ထောင်ထွက်တိုင်းရေးတဲ့ စာဖြစ်ရင်ပြီးရော စာတွေ မဟုတ်ဘူး။ ညီလေးစာက အဆင့်ရှိတယ်။

ညီလေးပြောလို့ သိရတာ။“ပန်းခရမ်းပြာအရိပ်ကိုခိုတာ သီချင်းရေးတဲ့ ကိုအောင်ဝင်းကြောင့်၊ ကျွန်တော်က ကဗျာဆရာ၊ စာရေး ဆရာဖြစ် ချင်ခဲ့တာ၊ မဖြစ်ဘဲ နိုင်ငံရေးထဲ လုံးလုံးရောက်သွားခဲ့တယ်။ သားကိုတော့ ဖြစ်စေချင်တယ်အစ်ကိုရာ” ဆိုတဲ့စကားက အခု ပြန်ကြား ယောင်နေမိတယ်။

ညီလေးရေ အစ်ကို သေသေချာချာပြောပါ့မယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီကောင်းကင်ယံမှာ လှမျိုးနောင်ဆိုတဲ့ နာမည်နဲ့ကြယ်တစင်း ရှိတယ်။ ဘယ်သူပေးပေး မပေးပေး ကဗျာဆရာစောဝေ ပေးပါတယ်။ ဒီမိုကရေစီကောင်းကင်ယံက ကြယ်စင်လှမျိုးနောင်။ “မျက်လုံး နှစ်လုံးကန်းပြီး စာဖတ်လို့မရရင်တော့ ကျွန်တော်သေပစ်လိုက်တော့မယ် အစ်ကို”။ ရှင်ခြင်းမှာ အရသာမရှိတော့လို့ သေခြင်းကိုဘဲ ရွေးခဲ့ တဲ့ ညီလေးရေ …သွားနှင့်တော့။ ရှင်ခြင်းမှာ အရသာမတွေ့တော့ရင် အစ်ကိုလိုက်လာခဲ့မယ်။

များစွာဖြင့်
စောဝေ
၎-၁၂-၂၀၁၄


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်