fbpx

ခင်မောင်စော (ဘာလင်) – မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၁)

December 23, 2014

 

ခင်မောင်စော (ဘာလင်) –   မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့်  မွေးစားဝေါဟာရများ (အပိုင်း ၁)
(မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၄

မြန်မာတို့အတွက် အခြားဘာသာများမှစကားလုံးများကို မွေးစားစကားလုံးများတီထွင်ခြင်းသည် အဆန်း မဟုတ်ပါ။ ရှေးပဝေဏီကပင် ပါဠိ၊ သင်္သကရိုက် စကားလုံးများကို  မွေးစားဝေါဟာရများတီထွင်ခဲ့ကြပါ သည်။ ပုဂံခေတ်တွင်မွန်ဘာသာမှ မွေးစားသောစကားလုံးများပေါ်လာသည်။ ဟံသာဝတီဆင်ဖြူများရှင် (ဘုရင့်နောင်)နှင့်ကုန်းဘောင် ဆင်ဖြူရှင် (မြေဒူးမင်း)တို့လက်ထက်တွင် ယိုးဒယားကိုအောင်နိုင်ပြီးသုံ့ပန်း များခေါ်လာခဲ့ရာမှ ယိုးဒယားဘာသာမှ မွေးစားသော စကားလုံးများပေါ်လာသည်။ သုခုမအနုပညာ၊ သ ဘင် စသည်တို့တွင် ဖိန်းချားသီချင်းစသည့် ယိုးဒယားဘာသာမှ အသံဖလှယ်ပြီး မွေးစားသော စကားလုံး များပေါ်လာသည်။ စားဖွယ်တို့တွင်လည်း မုန့်လုပ်ဆောင်းသည် ယိုးဒယားစကား လုပ်ဆောင်း  (ကြမ်း ပေါက်မှကျွံကျသောမုန့် (ဝါ) ဆန်ခါတိုက်မုန့်)၊ ဆနွင်းမကင်းသည် ယိုးဒယားစကား ကနွမ်မော်ဂန်း (ဒယ် အိုးဖုတ်မုန့်)၊ ခဲလံကျည်တောက် (ကောက်ညှင်းကျည်တောက်)သည် ယိုးဒယားစကားခေါက်လမ်  (ဝါး ကျည်တောက်ထဲက ကောက်ညှင်း) တို့မှ မြန်မာမှုပြုထားခြင်းဖြစ်ပြီး ကလေးကစားနည်းတခုဖြစ်သော “စွတ်ကပါစိ၊ နံပါစိ” မှာလည်း မူရင်းယိုးဒယားဘာသာမှ အသံဖလှယ်ပြီး မွေးစားသော စကားလုံးဖြစ်ပါ သည်။ အချိုကလည်း ခဲလံကျည်တောက် (ကောက်ညှင်းကျည်တောက်)သည် ရှမ်းစကားခေါက်လမ်မှ လာသည်ဟုယူဆသည်။ မည်သို့ပင်ဖြစ်စေအသံဖလှယ်ပြီး မွေးစားသော စကားလုံးသာ ဖြစ်ပေ၏။

ကုန်းဘောင်ခေတ်  နှောင်းပိုင်း ရတနာပုံနေပြည်တော်ခေတ်၌ “ဖရန်စစ်”တို့နှင့်မဟာမိတ်ဖြစ်ရာ ပြင်သစ် ဘာသာမှ မွေးစား သောစကားလုံးများပေါ်လာသည်။ ဗြိတိသျှကိုလိုနီခေတ်သို့ရောက်သောအခါ  ခေါ် တောအစ၊ ကျူလီယာအလယ်၊ ပန်ချာဘီအဆုံး၊ ကုလားနွယ်တိုင်းမသိ၊ ထုပတိ သောကုလားများ တံခါး မရှိ ဓားမရှိ ဝင်လာကြသည်မှာ မြန်မာပြည်လူဦးရေ ၁၄ သန်းတွင်ကုလားက ၁.၇ သန်းရှိနေရာတွင် အင်္ဂ လိပ်ဘာသာမှမွေး စားသောစကားလုံးများသာမကဘဲ ကုလားစကားများမှ မွေးစားသောစကားလုံးများ လည်း ပေါ်လာသည်။

ဆရာလှသမိန်ကမြန်မာတို့သည် မွေးစားစကားလုံးများတီထွင်ရာ၌ နည်း ၆ မျိုးသုံးခဲ့ကြောင်းနှင့်၎င်းတို့မှာ

၁။ တိုက်ရိုက်ယူခြင်း၊ ဥပမာများ၊  ဓမ္မတာ၊ ဆန္ဒ၊ ရေဒီယို၊ ကင်မရာ၊
၂။ မြန်မာမှုပြုခြင်း၊  ဥပမာများ၊ ဧဝံဂလိ(အီဗန်ဂျဲလိစ်)၊ ပုလိပ် (ပုလစ်)၊ ကိုဓ (ကုဒ်)၊ ဒက်ထိ (ဒက်ဟိ)၊ ဥပဒ် (ဥပဒ္ဒဝ)၊ ရဟန်း (အရဟန္တ)၊
၃။ အသံလှယ်ယူခြင်း၊  ဥပမာများ၊ ဟိုက်ဒရိုဂျင်၊ ဒီမိုကရေစီ၊ ကွန်မြူနစ်၊
၎။ ထပ်တူဘာပြန်ခြင်း၊ ဥပမာများ၊ ပြည့်တန်ဆာ (နာဂရသောဘိနီ)၊ တဖက်ကမ်းခတ် (ပါရဂူ)၊ ကြက်ခြေနီ (Red Cross)၊ ကြိုးနီစနစ် (Red Tape System)၊
၅။  ရောပြွန်းခြင်း၊  ဥပမာများ၊ ဆင်းရဲဒုက္ခ၊ တရားဓမ္မ၊ ကိတ်မုန့်၊ ရှပ်အင်္ကျီ၊
၆။ သံယောင်လိုက်ခြင်း၊  ဥပမာများ၊ ယမ်းတမ်းသန်းတန်း (ယန္တံသန္တံ)၊ ရောကောသောကော (သောကောရောဂေါ)၊

စာရေးသူကမူ တိုက်ရိုက်ယူခြင်းနှင့်အသံလှယ်ယူခြင်းတို့မှာ တတန်းတစားတည်းဖြစ်သည်ဟုထင်မြင် ယူဆပါသည်။ ဆရာလှသမိန် ပေးထားသောဥပမာများကသက်သေပြနေပါသည်။ ထို့ကြောင့် မွေးစား စကားလုံးများတီထွင်ရာ၌ နည်း ၅ မျိုးသာသုံးခဲ့သည်ဟုထင်မြင်ယူဆပါသည်။

၎င်းပြင် ဆရာလှသမိန်က ဒက်ထိသည် အင်္ဂလိပ်စကား dead heat ကိုမြန်မာမှုပြုခြင်းဖြစ်သည် ဟုရေး ခဲ့ပါသည်။ဤအချက်တွင်လည်း စာရေးသူသည် ဆရာလှသမိန်ကိုလေးစားကြည်ညိုသော်လည်း ဆရာ ၏အဆိုအမိန့်ကိုလက်မခံလိုပါ။ အကြောင်းမှာအင်္ဂလိပ်စကားတွင် dead heat သည် “ပြိင်တူပန်းဝင် သည်၊ အရှုံး အနိုင်မရှိသရေကျသည် ဟု အဓိပ္ပါယ်ရသော်လည်း  မြန်မာမှုပြုထားသည်ဟု ဆရာကဆို ထားသည့် မြန်မာ ဒက်ထိ တွင်မူ ပက်ပင်း၊ ရင်ဆိုင်၊ တည့်တည့်၊ တန်းတန်းမတ်မတ် (face to face, exactly, precisely) စသော အဓိပ္ပါယ်ပြောင်းသွားသည့် အတွက်ဖြစ်ပါသည်။ ၎င်းပြင် ဒက်ကနဲ (quickly, immediately); ဒိုးကနဲ ဒက်ကနဲ (responding immediately) စသောကြိယာဝိသေသနများ ရှိနေသည်ကိုလည်းမမေ့အပ်ပါ။ တခါတရံ တိုက်ဆိုင်မှုများရှိတတ်ပါသည်။ ဥပမာ အင်္ဂလိပ်ကြိယာ pay နှင့်မြန်မာကြိယာ “ပေး”၊  အင်္ဂလိပ်နာမ် womb နှင့်မြန်မာနာမ် “ဝမ်း”၊ ဂျာမန်နာမ် Bauch  နှင့်မြန်မာနာမ် “ဗိုက်” တို့ အသံထွက်ချင်းရော အဓိပ္ပါယ်ချင်းပါ နီးစပ်မှုများရှိသော်လည်း အသံလှယ်ထားခြင်းမဟုတ် သည်ကိုသတိချပ်ရပေမည်။

ဤစာတမ်းတွင် မွေးစားဝေါဟာရများအားလုံးအကြောင်းတင်ပြမည်မဟုတ်ပါ။  မြန်မာစကားတွင်ပျောက် ကွယ်သွားလုပြီဖြစ်သည့် မွေးစားစကားလုံးများအကြောင်းကိုသာတင်ပြပါမည်။

က။ ပြင်သစ်အသံထွက်မှအင်္ဂလိပ်အသံထွက်သို့ပြောင်းသွားသောဝေါဟာရများ

ဗြိတိသျှကိုလိုနီခေတ်သို့ရောက် သောအခါ  ပြင်သစ်ဘာသာမှအသံဖလှယ်ပြီး မွေးစားသောစကားလုံး များနေရာတွင် အင်္ဂလိပ်ဘာသာမှ အသံဖလှယ်ပြီး မွေးစားသောစကားလုံးများနှင့်အစားထိုးသည်။

ဥပမာများမှာ

၁။  ပြင်သစ်ဘာသာမှ oxygène ကို ကုန်းဘောင်ခေတ်နှောင်းပိုင်း၌ “အုပ်ဇူဇင်”ဟုအသံလှယ်ထားသည်။ အင်္ဂလိပ်ခေတ်၌ “အောက်စီဂျင်” ဟုပြင်သော်လည်း သိပ္ပံပညာမသင်ဘူးသူများ၊ အထူးဖြင့် အင်္ဂလိပ်စာ မတတ်သူများကမူ “အုပ်ဇူဇင်”ဟု သာခေါ်မြဲအတိုင်းခေါ်ခဲ့ကြပါသည်။ ကျောင်းသုံး ဒေါင်းတံဆိပ်မြန်မာ ဖတ်စာတွင်လည်း “အုပ်ဇူဇင်” ဟုသာရေးထားပါသည်။  အရပ်သုံးစကားတွင် “အုပ်ဇူဇင်” ဟူသော အ သုံးသည် ၁၉၆၂ အလွန်ပိုင်းအထိ သုံးနေခဲ့ဆဲပါ။

၂။   ပြင်သစ်ဘာသာမှ bière ကို “ဗျစ်” ဟုအသံလှယ်ပြီး မွေးစားသောစကားလုံးကို အင်္ဂလိပ်ဘာသာ beer “ဘီယာ”ဟုပြောင်းရာတွင်မူ အရပ်သုံးစကား၌လျှင်မြန်စွာပြောင်းနိုင်ခဲ့သော်လည်း “မန္တလေး ဗျစ်နှင့် အရက်ချက်စက်ရုံ” ဟူသော အမည်မှာ ပြည်သူပိုင်သိမ်းပြီးချိန်အထိရှိနေခဲ့သေးသည်။

၃။  ကော်ဖီနှင့်ကာဖီ နှစ်ခုလုံးကိုမြန်မာတို့လက်ခုပ်လက်ဝါးသုံးခဲ့ကြရာ ကော်ဖီသည် အင်္ဂလိပ်စကား coffeeမှ အသံဖလှယ်ထားပြီး ကာဖီသည် ပြင်သစ်ဘာသာ café  မှလာသည်။ ယခုခေတ်တွင် ကော်ဖီ က ပို၍အသုံးတွင်ကျယ်နေသော်လည်း စာရေးသူတို့ငယ်စဉ်က အထူးဖြင့် အင်္ဂလိပ်စာမတတ်သူများကမူ ကာဖီ ဟုသာသုံးကြပါသည်။ တောသားများ ကော်ဖီနှင့်ပေါင်မုန့်ခြောက်ကို ပထမဆုံးအကြိမ် စားဘူး သောက်ဘူးခဲ့စဉ်ကအရသာအလွန်တွေ့သွားပုံကို စာရေးဆရာကြီးဦးရန်အောင်က “ကာဖီရည် ကောင်း ပါပေရဲ့ အထူး၊ ပေါင်မုန့်ခြောက်ကိုလ၊ တကြွပ်ကြွပ်ဝါးခါပ၊ စားရမေ့ဘူး” ဟု ၁၉၆၁ ခုနှစ်လောက်က မြဝ တီမဂ္ဂဇင်းတွင်ပါသည့် “နှစ်ဇာတ်တစိတ်” ဝထ္ထုတွင်ရေးခဲ့ပါသည်။ ၎င်းဝထ္ထုမှာ မူရင်း ဆရာမင်းသုဝဏ် ၏ “နှစ်ဇာတ်တစိတ်” ကဗျာကို ဇတ်လမ်းဆင်ကာ ဝထ္ထုအဖြစ်ရေးခဲ့ခြင်းဖြစ်ပါသည်။

လက်ဖက်ရည်၊ ကော်ဖီနှင့်ဖုတ်မုန့်စုံရောင်းသောဆိုင်များကိုလည်း “လ္ဘက်ရည်ဆိုင်”၊ “လက်ဘက်ရည် ဆိုင်”၊ “ကဖီး”၊ “ကာဖေး” စသည်ဖြင့်ခေါ်ကြသည်။ ရန်ကုန်မြို့ရှိ”ဆန်းကဖီး” Sun Café မှာ ဗိုလ်ချုပ် အောင်ဆန်း၏မိန့်ခွန်းထဲပါသည် အထိနာမည်ကြီးခဲ့သည်။

၎။ ကပ္ပီတန်
ပေါ်တူဂီစကား Capitano ကိုမြန်မာမှုပြုထားခြင်းဖြစ်သည်။ မာလိန်မှူးဟုလည်းခေါ်သည်။ ဗြိတိသျှကိုလို နီ ခေတ်တွင် အင်္ဂလိပ်အသံထွက် ကက်ပတိန် Captain ဟုပြင်သဖြင့်သင်္ဘောကက်ပတိန်ဆိုသည့် ဝေါဟာရပေါ်လာသည်။ ယခုခေတ်တွင်ရေယာဉ်ဦးစီးမှူးဟု၎င်း၊ သင်္ဘောဦးစီးမှူးဟု၎င်း ဘာသာပြန်ထား သော်လည်း အရပ်သုံးစကားတွင် “သင်္ဘောကက်ပတိန်” ဟုသာသုံးနေဆဲပါ။

၅။ မှတ်ပုံတင်ပြီးပို့သောချောစာများကို “ရေစစ္စရီ”လုပ်သည်ဟုအသံလှယ်ထားသည်။  မြန်မာစာအဖွဲ့ ထုတ် မြန်မာအဘိဓာန်တွင် အင်္ဂလိပ်စကား registry မှလာကြောင်းပြဆိုထားသည်။ သို့ရာတွင် အင်္ဂလိပ် အသံထွက်မှာ “ရေစစ္စရီ” မဟုတ်ဘဲ “ရယ်ဂျစ်ထြီ” ဖြစ်နေသည်။ “ရေစစ္စရီ” သည်ပြင်သစ်အသံထွက် ဆန်နေသော်လည်းပြင်သစ်ဘာသာ၌ ချောစာများမှတ်ပုံတင်သည် ဆိုသောကြိယာကို recommander  မှတ်ပုံတင်ပြီးပို့သောချောစာများကို lettre recommandrée  ဟုသာခေါ်သဖြင့် ပြင်သစ်ဘာသာမှ အသံ လှယ်ခြင်းမဖြစ်နိုင်ပါ။  ဗြိတိသျှကိုလိုနီ ခေတ်ဦးပိုင်းက အသံလှယ်ရာတွင်ပြင်သစ်အငွေ့အသက် လွှမ်းမိုး မှုများ ကျန်နေသေး၍ပင်လော သို့မဟုတ် အင်္ဂလိပ်စကား registry ကိုမြန်မာမှုပြုခြင်းပင်လောဟုတွေးရ တော့မလိုဖြစ်နေပါသည်။ အခန်း(ခ) ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာမှုပြုထားသော ဝေါဟာရများတွင် ထည့်သွင်းရန် အသံထွက်အနီးစပ်ဆုံး  မြန်မာဝေါဟာရရှာကြည့်ရာ ရေစ္စလီငှက်ကိုသာတွေ့ရသည်။ အသံလှယ်ထားသည်က “ရေစစ္စလီ”မဟုတ် ဘဲ “ရေစစ္စရီ”ဖြစ်နေသဖြင့် မည်သည့်ကဏ္ဍတွင် ထည့်သင့် သနည်းဟုစဉ်းစားရာတွင် အခက်ကြုံရသည်။

၆။ ဘီရို၊ ဗီရို
ဘီရို/ဗီရိုကို Myanmar English Dictionary စာမျက်နှာ ၃၁၃ ၌ ပုံဖြင့် two wheeled bullock cart with a wooden, box-like body.  [Fr. Bureau] ဟုဖော်ပြထားသည်။ “ဘီရိုပေါ် မောင်နှံတင်၍ ဆောင်ရာအ ရှင် ဇာတာနွမ်းလို့ မြန်းရရှာလေပြီ” ဟု အင်္ဂလိပ်ခေတ်ကဆရာရွှေတိုင်ညွန့်ရေးစပ်ပြီး ဒေါ်စိန်ပါတီသီဆိုခဲ့ သည့် “ပါတော်မူ”သီချင်း၌လည်းပါပါသည်။ စာရေးသူအတွက်ဘဝင်မကျသည်မှာ အနောက်တိုင်းသား များသည် နွားဆွဲသောရထား/လှည်းများကိုစီးလေ့မရှိ၍ပင်ဖြစ်သည်။ French-English Dictionary ၌ bureau ကိုကြည့်ရာ bureau [byro] (pl bureaux) nom masculin [meuble -généralement]     desk; [ – à rabat]     bureau; bureau à cylindre    roll-top desk; [pièce d’une maison]     study; [lieu de travail]     office စသောအနက်များသာပေးထားပါသည်။  သေတ္တာ၊ ရထား၊ လှည်း စသည်တို့နှင့် နီးစပ်သောအနက်စိုးစဉ်းမျှပြမထားပါ။ ပို၍သေချာစေရန်  French – German Dictionary ကိုကြည့်ရာတွင်လည်း အလားတူအနက်ပင်ပေးထားပါသည်။ နောက်ဆုံးအဆင့်အဖြစ် အင်္ဂလိပ် – ပြင် သစ် နှင့် ဂျာမန် – ပြင်သစ် အဘိဓာန်များ၌ှကြည့်ရာ  သေတ္တာကို  ပြင်သစ်လို boite,   အမိုးမပါသော ရထားကို  ပြင်သစ်လို calèche, ရထားလုံးကို  ပြင်သစ်လို carosse, လှည်းကို ပြင်သစ်လို charette ဟုခေါ်ကြောင်းသာတွေ့ရပါသည်။
ဘီရို၊ ဘီိဒိုစသောအသံထွက် ဆင်တူရိုးမှားကိုသော်မျှ မတွေ့ရသဖြင့် Myanmar English Dictionary စာမျက်နှာ ၃၁၃ ၌ ပုံဖြင့် two wheeled bullock cart with a wooden, box-like body. ဟုဖော်ပြထားသည့် ဘီရို/ဗီရိုလှည်း၏ မူရင်းဇာစ်မြစ်ဗီဇ (etymology) သည်  ပြင်သစ်ဘာသာမှမဟုတ်ကြောင်း သေချာသွားပါသည်။  မြန်မာစာအဖွဲ့သည် နိုင်ငံခြားဘာသာသိပ္ပံရှိ ပြင် သစ်ဘာသာဌာနနှင့်ဆက်သွယ်မေးမြန်းခဲ့လျှင်သော်၎င်း၊ သို့မဟုတ်ယခုစာရေးသူ လုပ်ခဲ့သည့်နည်း အ  တိုင်း အင်္ဂလိပ် – ပြင်သစ်နှင့်  ပြင်သစ် – အင်္ဂလိပ် အဘိဓာန်များ၌ကြည့်ခဲ့လျှင်သော်၎င်း ဤအမှားမျိုးနှင့် ကြုံရမည်မဟုတ်ပေ။  ဝေါဟာရ၏မူရင်းဇာစ်မြစ်ဗီဇ (etymology) ကို အဘိဓာန်၌ပေးရာတွင် ကြားဘူး နားဝဖြင့်မလုပ်သင့်ပါ။ အထပ်ထပ်အခါခါစစ်ဆးသင့်ပါသည်။

ကောင်းပါပြီ။ ဘီရို/ဗီရို လှည်း၏ မူရင်း ဇာစ်မြစ်ဗီဇ (etymology)သည် ဘယ်ကလာသနည်း။ အဝတ် ထည့်သည့် ဘီရို/”ဘီဒို”သဏ္ဌန်လှည်းဖြစ်၍ ပင်လော။  မှန်ခဲ့လျှင် ဘီရို/”ဘီဒို”၏ မူရင်း ဇာစ်မြစ်ဗီဇ (etymology) သည် ဘယ်ကလာသနည်း။ ကုလားစကားတခုခုမှလာသလော။

ခ။ ဗြိတိသျှကိုလိုနီခေတ်တွင် မြန်မာမှုပြုထားသော ဝေါဟာရများ

၁။ သဗြုသီး

အင်္ဂလိပ်စကား deputy ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် မြန်မာမှုပြုခြင်းဖြစ်ပါသည်။

ထို့ကြောင့် Deputy Township Officer ကို သဗြုသီးမြို့အုပ်၊ Deputy Road Engineerကို သဗြုသီး လမ်းဗိုလ်၊ Deputy Station Master ကို သဗြုသီးရုံပိုင် စသည်ဖြင့်အရပ်သုံးစကားများပေါ်ခဲ့ပါသည်။  ယခုခေတ် တွင်တော့ “သဗြုသီး” ကို “လက်ထောက်” ဆိုသောဝေါဟာရနှင့်အစားထိုးခဲ့ပြီ။

၂။ ပိန္နဲသီး

ဘောလုံးပွဲ ကြည့်သူများသုံးစကား (Soccer Fans’ Jargon) ဖြစ်သည်။  အင်္ဂလိပ်စကား penalty ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် မြန်မာမှုပြုခြင်းဖြစ်ပါသည်။

“ဒီနေ့ ရက်ဖရီ က ဘသောင်း ဆိုတော့ ပိန္နဲသီး ဘယ်နှစ်လုံးပေးမလဲကြည့်ရမယ်ဟေ့”  ဟူသောစကားကို ၁၉၆၀ ခု နှစ်များအထိရန်ကုန်မြို့အောင်ဆန်းကွင်း၌ ပင်နယ်တီပေးလွယ်သည်ဟုနာမည်ကြီးခဲ့သည့် မြို့မ ကျောင်းဆရာ ဦးဘသောင်း  ဒိုင်လုပ်မည့်နေ့များတွင် “ရှေးမီနောက်မီဘောဝါသနာအိုးကြီးများ”ထံမှကြား ခဲ့ရပါသည်။ ယခုခေတ်တွင်တော့ “ပိန္နဲသီး” ကို “ပြစ်ဒါဏ်ဘော” ဆိုသောဝေါဟာရနှင့်အစားထိုးခဲ့ပြီ။

ထိုနည်းတူစွာပင် ယခင် ၅ – ၃ –  ၂ – ၁ ဘောလုံးကစားနည်းပုံစံ အရခေါ်ခဲ့သော လက်ဝင်း Left Wing (နံပတ် ၁၁)၊ လက်အင်နာ Left Inner (နံပတ် ၁၀)၊ စင်တာဖော်ဝပ် Centre Forward (နံပတ် ၉)၊ရိုက် အင်နာ Right Inner (နံပတ်  ၈)၊ ရိုက်ဝင်း Right Wing (နံပတ် ၇)၊ လက်ဟတ် Left Half-back  (နံပတ် ၆)၊ စင်တာဟတ် Centre Half-back (နံပတ် ၅)၊ ရိုက်ဟတ် Right Half-back (နံပတ် ၄)၊ လက်ဘက် Left Back (နံပတ် ၃)၊ ရိုက်ဘက် Right Back(နံပတ် ၂)၊စသောအသုံးတို့သည် ဘောလုံး ကစားနည်းပုံစံပြောင်း သွားသဖြင့် မြန်မာစကား၌သာမကဘဲ  ဘောလုံးကစားနည်း တည်ထွင်ခဲ့သည့် အင်္ဂလိပ်စကား၌ပင်ခေတ် ကုန်သွားခဲ့ပေပြီ။ ဂိုးလီဗာ Goal Keeper (နံပတ် ၁) ကို ယခုခေတ်တွင် “ဂိုးသမား (ဝါ) ဂိုးစောင့်”ဆိုသည့် ဝေါဟာရနှင့်အစားထိုးခဲ့ပြီ ဖြစ်ပါသည်။

၃။ သမ္ဗန်စာ

အင်္ဂလိပ်စကား Summons ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “သမ္ဗန်” ဟု မြန်မာမှုပြုခြင်း ဖြစ်ပါသည်။  မြန်မာလို “ဆင့်ခေါ်စာ” ဟုပြန်နိုင်ပါသည်။ ၎င်းစာလာပို့သူကို “သမ္ဗန်ပျာတာ”၊ ၎င်းစာကို လက်နှိပ်စက်ဖြင့် ရိုက်ပေးသူကို “သမ္ဗန်စာရေး”စသော ဝေါဟာရသစ်များပေါ်လာသည်။

၎။ ဘီးလစ်
အင်္ဂလိပ်စကား bailiff ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “ဘီးလစ်” ဟု မြန်မာမှုပြုခြင်းဖြစ် ပါသည်။ မြန်မာလို “တရားရုံး ပစ္စည်းထိန်းသူ” ဟုပြန်နိုင်ပါသည်။ ဘီးလစ်စာရေးဆိုသော ဝေါဟာရသစ် ပေါ်လာသည်။

၅။  ပြီစီဒင့်
အင်္ဂလိပ်စကား precedent ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “ပြီစီဒင့်” ဟု မြန်မာမှုပြုခြင်း ဖြစ်ပါသည်။  မြန်မာစကားဖြင့် “ယခင်ကအလားတူသေါ်၎င်း ဆင်တူရိုးမှားအမှုကိစ္စတွင်၎င်း ချမှတ်ခဲ့ သည့် ဖြတ်ထုံးဟောင်းကိုကိုးကားပြီးချမှတ်သည့်စီရင်ချက်”ဟုပြန် နိုင်ပါသည်။ ပြီစီဒင့် ဆိုသောဝေါဟာရ သစ် ပေါ်လာသည်။

၆။ ပုလိပ်
အင်္ဂလိပ်စကား police  ကို “ပုလိပ်”ဟု မြန်မာမှုပြုထားခြင်းဖြစ်ပါသည်။ Police Constable (PC) or Policeman ကို ပုလိပ်သား ဟုတချို့လူများကခေါ်ခဲ့ကြသည်။

“ငါဟဲ့ယောက်ျား၊ ဧကရီနှိပ်ဘွဲ့တံဆိပ်နှင့် ပုလိပ်သား” အစချီသည့် “ပုလိပ်ပတ်တိုက်”ပေါ်ခဲ့ဘူးသည်။

ဗြိတိသျှကိုလိုနီခေတ်ဦးတွင် မြန်မာပြည်ပုလိပ်များ၊ အထူးသဖြင့်ရန်ကုန်ပုလိပ်များ၏ ၈၀%ခန့်မှာ ကုလား များဖြစ်သည်။ “ဂါတ်တဲလေး ပေါ်မှာနော်ဗျာ၊ ကျွန်တော်ဟာ အငယ်ဆုံးပါဘဲ၊ ပန်ချာပီပုလိပ်ကြီးတွေဝိုင်း ပါလို့၊ ကြောက်အားလန့်အားပို၊ ငိုယိုကာရှိခိုးတောင်းပန်ပါသော်လဲ၊ လက်ထိပ်ကခတ်ထားဆဲ” ဟု ၂၀ ရာစုအစပိုင်းလောက်က ဇာတ်မင်းသားတဦး ချွဲချွဲနွဲ့နွဲ့သီိဆိုခဲ့သည်ကိုထောက်၍လည်းသိနိုင်ပါသည်။

ကိုလိုနီခေတ်က နယ်ချဲ့ လက်ကိုင်တုတ် ပုလိပ်အချို့ကြောင့် ပုလိပ်များနာမည်ပျက်ခဲ့ရပြီး ယောက်ျား ဖျင်းလျှင် ပုလိပ်၊ မိန်းမဖျင်းလျှင် “ကွိတ်”  ဆိုသောစကားပုံတခု ပေါ်လာသည်။ “ကွိတ်”ဆိုသည်မှာ “မိန်းမရွှင်၊ ကြေးစားမကို အင်္ဂလိပ်ခေတ်က ခေါ်သော ဘန်းစကား ဖြစ်သည်။

ဂျပန်ခေတ်မှစပြီး “ရဲ” ဟု အမည်ပြောင်းခဲ့သော်လည်း အရပ်သုံးစကား ၌လျှင်မြန်စွာမပြောင်းနိုင်ခဲ့ပေ။ ယခုခေတ်၌ ရဲကားများတွင် ယခင်ကဲ့သို့  မြန်မာစာဖြင့် “ရဲ” ဟုရေးမထားတော့ဘဲ အင်္ဂလိပ်စာဖြင့် Police ဟုသာတွေ့ရပါသည်။ အင်္ဂလိပ်စကားသုံးနိုင်ငံများတွင်ရောပြင်သစ်စကားသုံးနိုင်ငံများတွင်ပါ ရဲကားများ တွင် Police, ဂျာမန်စကားသုံးနိုင်ငံများတွင် Polizei, စကင်ဒီနေဗီယန်နိုင်ငံများတွင် Politi, စပိန်စကား သုံးနိုင်ငံများတွင်Policia ဟုရေးထားတတ်သဖြင့် အပြည်ပြည်က လူတကာ နားလည်နိုင်သည့် အမည်ကို သုံးသည်ဖြစ်၍လက်ခံကြိုဆိုရပေမည်။ ကြာလျှင် အရပ်သုံးစကား၌ “ပုလိပ်”ဟူသောအသုံး ပြန်၍ခေတ် စားလာနိုင်လေသည်။

၇။ ဆားပုလင်း
အင်္ဂလိပ်စကား surveillanceကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “ဆားပုလင်း” ဟု မြန်မာမှု ပြုခြင်းဖြစ်ပါသည်။  မြန်မာစကားဖြင့် “နောက်ကွယ်မှစောင့် ကြည့်ထောက်လှန်းနေမှု” ဟုပြန်နိုင်ပါသည်။ အရပ်သုံးစကား၌ “ဆားပုလင်း”ဟူ၍၎င်း “လူဆိုးထိန်း ပုလိပ်” ဟူသောအသုံး ပေါ်လာသည်။ မဆလ ခေတ်က ဆရာမင်းသိင်္ခ၏ “ဆားပုလင်းနှင်းမောင်” ဝထ္ထု များနှင့်အသံထွက်ဇာတ်လမ်းများ ခေတ်စားခဲ့ သဖြင့်အင်္ဂလိပ်ခေတ်သုံး“ဆားပုလင်း” ဆိုသောဝေါဟာရ  ပြန်လည်အသက်ဝင်လာသည်။

၈။ စာသင်
အင်္ဂလိပ်စကား sergeantကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့် “စာသင်” ဟု မြန်မာမှုပြုခြင်းဖြစ် ပါသည်။ ယခုခေတ်တွင်တော့ “စာသင်” ကို “တပ်ကြပ်” ဆိုသောဝေါဟာရနှင့်အစားထိုးခဲ့ပြီ။

၉။  ဂေါ်ရာ
ကုလားစကားများမှ Gora ကို အသံထွက်အနီးစပ်ဆုံးမြန်မာဝေါဟာရဖြင့်  ” ဂေါ်ရာ” ဟု မြန်မာမှုပြုကာ  မွေးစားသောစကားလုံးဖြစ်ပါသည်။  အနောက်တိုင်းသားဟုအဓိပ္ပါယ်ရ၏။ “အရှေ့ပြုဗ္ဗာ၊ အနောက်ဂေါ ယာ” ဆိုသော မြန်မာ – ပါဠိစာချိုးရှိပါသည်။  မျက်နှာဖြူတပ်ကြပ် အထူးသဖြင့်စကော့တလန်သားတပ် ကြပ်များကို ” ဂေါ်ရာစာသင်”ဟုခေါ်သည်။ ရန်ုကုန်မြို့ရွှေတိဂုံဘုရားအနီး၌ ဂေါ်ရာကုန်းဟုခေါ်သော တောင်ကုန်းတခုရှိ၏။ အင်္ဂလိပ်ခေတ်ကစကော့တလန်တပ်သားများတပ်စွဲရာကုန်းဖြစ်သဖြင့် ဂေါ်ရာကုန်း ဟုအမည်တွင်သွားသည်။

“ဂေါ်ရာစာသင်” များသည်မြန်မာပြည်တွင်နာမည်ကောင်းရခဲ့ဟန်မရှိပါ။ ၁၉၃၆ ခု၌ တက္ကသိုလ်ကျောင်းသားများသပိတ်မှောက်ကြရာ မူလတန်း (Primary)၊ အလယ်တန်း (Secondary)နှင့်အထက်တန်း (Higher Grade) ဆရာဖြစ်သင်ကျောင်းများမှ ဆရာမလောင်းများကို ကျောင်းမတက်ရန်သပိတ်တားရာတွင်မအောင်မြင်သဖြင့်တက္ကသိုလ်ကျောင်းသားများက ပထမတွင် “သပိတ်မမှောက်တဲ့ကျောင်းသူတွေ၊ ဒေါက်တာဘမော် နင်တို့လင်လား”ဟုကလိပြီးသံချပ်ထိုးကြရာ၌ ခပ်စွာစွာ၊ခပ်ရွဲ့ရွဲ့ကျောင်းသူအချို့က ” ဒေါက်တာဘမော်ကိုလင်တော်ရရင် နန်းရင်းဝန်ကတော်တောင်    ဖြစ်မှာ၊ ဒို့ဘာမှနာစရာမရှိဘူး”ဟုပြန်ရွဲ့ကြသဖြင့် ကျောင်းသားများအကြံထုတ်ပြီး “သပိတ်မမှောက်တဲ့ ကျောင်းသူတွေ၊ ဂေါ်ရာစာသင် နင်တို့လင်လား”ဟုပြောင်းပြီးသံချပ်ထိုးရာတွင်မူကား ” ဂေါ်ရာစာသင် ကိုတော့ လင်မတော်ချင်ဘူး” ဟုဆိုကာ သပိတ်မှောက်ကြသည်ဟု ထိုစဉ်ကဆရာမလောင်းများဖြစ်ခဲ့ ကြသော ကျွန်တော်တို့၏ကျေးဇူးရှင်ဆရာမကြီးများထံမှကြားခဲ့ဘူးပါသည်။

၁၀။ စပါးလင်
လေသင်္ဘော Air Ship ကိုအရပ်သုံးစကား၌ခေါ်သော ဇက်ပလင် Zeppelin ကို အသံထွက်အနီးစပ် ဆုံးမြန်မာဝေါဟာရဖြင့် “စပါးလင်” ဟု မြန်မာမှုပြုခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရသော ဒေါင်းတံဆိပ် တတိယတန်းမြန်မာဖတ်စာတွင် လေယာဉ်ပျံနှင့်လေသင်္ဘောအကြောင်း၌ ” လေသင်္ဘော မျိုးစုံတွင် ဂျာမနီပြည်မှ ဇက်ပလင်အမည်ရှိအမတ်ကြီးတည်ထွင်သော  လေသင်္ဘောမျိးမှာ အထူးကောင်း မွန်သဖြင့် နောင်တွင် လေသင်္ဘောများကို ဇက်ပလင် ဟုသာခေါ်ကြလေတော့သည်” ဟုရေးထားပါသည်။  ၁၉၃၇ ခု မေလက ပထမဆုံးအကြိမ် အတ္တလန်တိတ်သမုဒ္ဒရာကိုဖြတ်ပျံသော ဟင်းဒဲန်ဘုဂ် (Hindenburg)  ဟုအမည်ပေးထားသည့် ဂျာမန်လေသင်္ဘော (ဇက်ပလင်) နယူးယောက်လေသင်္ဘော ဆိပ်ပေါ်ရောက်နေပြီး ဆိုက်ကပ်ရန်လုပ်နေစဉ် မီးလောင်ပေါက်ကွဲသွားသဖြင့် ခရီးသည်များစွာသေကျေ မှုဖြစ်ပြီးနောက်ပိုင်း လေသင်္ဘော (ဇက်ပလင်) ခေတ်ကုန်သွားသည့်နည်းတူ လေသင်္ဘော (ဇက်ပလင်) ကို “စပါးလင်” ဟု မြန်မာမှုပြုထားသည့်ဝေါဟာရသည်လည်း ခေတ်ကုန်သွားလေသည်။

ဂ။ ဗြိတိသျှကိုလိုနီခေတ်တွင် အသံလှယ်ထားသော ဝေါဟာရများ

၁။ ဘာဆာ
တက္ကသိုလ်၊ ကောလိပ်များသုံးစကား (University/College Jargon) ဖြစ်သည်။ အင်္ဂလိပ်စကား bursar  ကို “ဘာဆာ”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  မြန်မာလို “တက္ကသိုလ်၊ ကောလိပ်များ ၏ငွေစာရင်း  နှင့်ဘဏ္ဍာရေးမှူး” ဖြစ်ပါသည်။

၂။ ကေဂျီ (KG)
အင်္ဂလိပ်စကား Kindergarten ၏အတိုကောက် KGကို အသံလှယ်ထားခြင်းဖြစ်ပါသည်။ မူရင်းမှာ ဂျာမန် စကားဖြစ်သည်။ Kinder = Children = ကလေးများ၊ Garten  = Garden = ဥယျာဉ်။ အင်္ဂလိပ် အဘိ ဓာန် တွင် Kindergarten ကို a school or class for young children between the ages of four and six years ဟုဆိုထားသဖြင့် မြန်မာလို သူငယ်တန်းဟုပြန်ထားခြင်းမှာ ဆီလျော်ပါ သည်။ စာရေးသူ တို့ ငယ်စဉ်က ခရစ်ယာန်သာသနာပြု ကျောင်းများတွင်  ကေဂျီ KG ကို LKG (Lower Kindergarten) သူငယ်တန်း ကလေး၊ MKG (Middle Kindergarten) သူငယ်တန်းအလတ်၊ HKG (Higher Kinder-garten) သူငယ် တန်းအကြီး အဖြစ်သုံးတန်း ထားသည်။  နောက်ပိုင်းပေါ်လာသည့် “မူကြိုကျောင်း”များ အလားတူပင်ဖြစ်သည်။

၃။ ဗြန်ဒီ
အင်္ဂလိပ်စကား Brandy ကို ” ဗြန်ဒီ”ဟု ကုန်းဘောင်ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်ခေတ်၌  ယောအတွင်းဝန်ဦးဘိုးလှိုင်က အသံလှယ်ထားခြင်းဖြစ်ပါသည်။ ယခုခေတ် တွင်တော့ ” ဗြန်ဒီ” ကို “ဘရန်ဒီ” ဆိုသောစာလုံးပေါင်း နှင့်အစားထိုးခဲ့ပြီ။ ” ဗြန်ဒီ”စာလုံးပေါင်းကိုကြည့်ခြင်းဖြင့် ကုန်းဘောင် ခေတ်နှောင်းပိုင်း ရတနာပုံနေပြည်တော်ခေတ်အထိမြန်မာစာလုံးပေါင်းပုံနှင့်ရခိုင်စာလုံးပေါင်းပုံ နီးစပ် နေသေးကြောင်းထင်ရှားသည်။ ရခိုင်တို့က program ကို “ပြောဂြမ်း” ဟုအသံလှယ်ပုံနှင့်ယှဉ်ကြည့်ပါ။

၎။  အင်စပက်တော်
အင်္ဂလိပ်စကား Inspector ကို “အင်စပက်တော်”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။ ပုလိပ် အင်စပက်တော်၊ ယစ်မျိုးအင်စပက်တော်၊ ကျန်းမာရေးအင်စပက်တော်၊ စသောဝေါဟာရသစ်များပေါ်လာသည်။

၅။ ကွန်ပေါင်ဒါ
ဆေးရုံသုံးစကား (Hospital Jargon) ဖြစ်သည်။အင်္ဂလိပ်စကား Compounder ကို “ကွန်ပေါင်ဒါ “ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  မြန်မာစကားဖြင့် “ဆေးစပ်သူ (ဝါ) ဆေးဖေါ်သူ” ဟုပြန်နိုင်ပါသည်။ အရပ်သုံးစကား၌ “ဆေးရုံကွန်ပေါင်ဒါ ” ဟူသောအသုံးပေါ်လာသည်။

၆။ ဝါဒါ
အကျဉ်းထောင်သုံးစကား (Prison Jargon) ဖြစ်သည်။ ဗြိတိသျှအင်္ဂလိပ်စကား (British English) Warder ကို “ဝါဒါ”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  မြန်မာလို ” ထောင်ကြပ်” ဟုပြန်ပါသည်။  “ထောင်ဝါဒါ၊ ထောင်ပျာတာ” စသည်ဖြင့်အရပ်သုံးစကားလုံးများပေါ်ခဲ့ပါသည်။

၇။ ဝါဒင်
တက္ကသိုလ်၊ ကောလိပ်များသုံးစကား (University/College Jargon) ဖြစ်သည်။ ဗြိတိသျှအင်္ဂလိပ်စကား (British English) Warden ကို “ဝါဒင်”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  မြန်မာလို “အဆောင်မှူး” ဟုပြန်ပါသည်။ အမေရိကန်သုံးအင်္ဂလိပ်စကား (American English) တွင်မူ Warden သည် အကျဉ်း ထောင်တခု၏အကြီးဆုံးအရာရှိ (ဝါ) ထောင်ပိုင်ကြီးဖြစ်သည်။

၈။ ကပ်စတန်
အင်္ဂလိပ်စကား Customs ကို “ကပ်စတန်”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  လွတ်လပ်ရေးရပြီးချိန်က အကောက်ရုံး ဟုခေါ်ခဲ့ပြီးယခုခေတ်တွင်အကောက်အခွန်ဦးစီးဌာန ဟုခေါ်နေသည်။

၉။ ပိုင်းလော့
အင်္ဂလိပ်စကား pilot ကို “ပိုင်းလော့”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  မြန်မာလို လေယာဉ်ပျံ ပိုင်း လော့နှင့်သင်္ဘောပိုင်းလော့ ဟူသာအခေါ်တို့ရှိခဲ့သည်။ ယခုခေတ်တွင်လေယာဉ်မှူးနှင့်ရေကြောင်းပြအရာ ရှိ ဆိုသောဝေါဟာရများဖြင့်အစားထိုးလိုက်ပြီဖြစ်သည်။

၁၀။  ဂေါ်ဝါနာ
အင်္ဂလိပ်စကား Governor ကို “ ဂေါ်ဝါနာ”ဟု အသံလှယ်ထားခြင်းဖြစ်ပါသည်။  မြန်မာလိုဘုရင်ခံဟု၎င်း
ဘုရင်ခံမင်းကြီးဟု၎င်းဘာသာပြန်ကြပါသည်။ ထို့ကြောင့် Lt. Governor ကို ဒုတိယဘုရင်ခံဟု၎င်း၊ ဒုတိ ယဘုရင်ခံမင်းကြီးဟု၎င်းဘာသာပြန်ကြပါသည်။

ဘုရင်ခံ ဆိုသောဝေါဟာရအကြောင်းနှင့်ပတ်သက်၍ ပြောလိုသည်မှာမင်းတုန်းမင်းခေတ်အစ ဦးနေဝင်း ခေတ်အဆုံး မြန်မာ “စာနယ်ဇင်း” များတွင် အမေရိကန်ပြည်နယ်များမှ Governor များကို ပြည်နယ် ဘုရင်ခံဟုသာရေးခဲ့ကြပါသည်။ ယခုခေတ်တွင် အချို့လူများက ” ပြည်နယ်အုပ်ချုပ်ရေးမှူး” ဟု မြန်မာ လိုဘာသာပြန်ခဲ့ကြပါသည်။ မြန်မာစကား၌ ဝန်ကြီးသည် အုပ်ချုပ်ရေးမှူးထက် ရာထူးကြီးပါသည်။ ဘုရင် ခံ သည် ဝန်ကြီးထက်မြင့်သော ရာထူးဖြစ်ပါသည်။ ဝန်ကြီးချုပ် (တချိန်က ရုပ်သေးစကားအတိုင်း နန်းရင်း ဝန်ဟုခေါ်ခဲ့သော) ဒေါက်တာ ဗမော်၊ ဂဠုန်ဦးစော တို့မှာ အင်္ဂလိပ်ဘုရင်ခံ Governor ၏ လက်အောက် တွင် Prime minister တာဝန်ယူရပါသည်။ ၎င်းတို့အောက်တွင် ဝန်ကြီးများ ministers ရှိပါသည်။ ယနေ့ တိုင် ကနေဒါ၊ ဩစတြေးလျတို့မှ Governor General များကို ဘုရင်ခံချုပ် ဟု မြန်မာလို ဘာသာပြန်နေ ဆဲပင်ဖြစ်ပါသည်။
အင်္ဂလိပ်အဘိဓာန်တွင် governor ကို “the representative of the Crown in a British colony” ဟုအဓိပ္ပါယ်ပေးကာ အမေရိကန်အဘိဓာန်တွင် governor ကို “the executive head of a state in the U.S.” ဟုအဓိပ္ပါယ်ပေးပါသည်။  အုပ်ချုပ်ရေးမှူးဆိုလျှင် administrator သာဖြစ်ပါ လိမ့်မည်။ ထို့ကြောင့် governor ကို ပြည်နယ်အုပ်ချုပ်ရေးမှူးဟု မြန်မာလိုဘာသာမပြန်သင့်ပါ။ အချို့လူ များကလည်း ယခု မြန်မာပြည်၏ပြည်နယ်များက Chief Minister များကိုခေါ်သည့်အတိုင်း အမေရိကန် ပြည်နယ်များမှ Governor များ နှင့် Lt. Governor များကို ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်ဟု မြန်မာလို ဘာ သာပြန်နေကြပါသည်။ အမေရိကန်ပြည်ထောင်စုမှာရော အမေရိကန်ပြည်နယ်များမှာပါ ဝန်ကြီးချုပ် premier, prime ministerဆိုသောအသုံးများမရှိပါ။ ထို့ ကြောင့်ဝန်ကြီးချုပ်၊ ဒု ဝန်ကြီးချုပ် ဟု မြန်မာလို ဘာသာမပြန်သင့်ပါ။

(ဆက်လက်ဖော်ပြပါမည်)

 

ကိုးကားသောကျမ်းများ။
၁။
လှသမိန်၊ မြန်မာစာအဆီအနှစ်၊
ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၆
၂။
လှသမိန်၊ မြန်မာစာအရသာ၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၈
၃။
လှသမိန်၊ မြန်မာဘန်းစကားများ၊ ပညာအလင်းပြတိုက်၊ ရန်ကုန်၊ ၁၉၆၇
၎။
မြန်မာစာအဖွဲ့၊ မြန်မာအဘိဓာန်၊ ရန်ကုန်၊ ၁၉၈၇
၅။ မြန်မာစာအဖွဲ့၊ Myanmar English Dictionary, ရန်ကုန်၊ ၁၉၉၃
၆။
Gehard
Naumann, Le Franc
ais Pratique, VEB
Verlag Enzyklopaedie, Leipzig, 1980
၇။
Gisela
Liebold, Harald Liebold, Woerterbuch Deutsch -Franzoesisch, VEB Verlag
Enzyklopaedie, Leipzig, 1983
၈။ Patricia Forbes and Margaret Ledésert,
French-English, English-French Dictionary, George G. Harap & Co. Ltd.
London, 1977
၉။ U Tin Htway, Word-Borrowing and Word-Making
in Burmese Language, South Asian Digest of Regional Writing, Vol. 4: Essays on
Transliteration, University of Heidelberg, Germany, 1975
မှတ်ချက်။
ကဝိလက္ခဏာသတ်ပုံကျမ်းလာ သတ်ပုံသတ်ညွှန်းများကိုသာသုံးထားပါကြောင်း။
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း

4 Responses to ခင်မောင်စော (ဘာလင်) – မြန်မာစကားတွင်ပျောက်ကွယ်သွားလုပြီ ဖြစ်သည့် မွေးစားဝေါဟာရများ (အပိုင်း ၁)

  1. Catwoman on December 23, 2014 at 6:27 pm

    Interesting but I wonder who has time to think of all these? May be it s more useful or better to volunteer in the er than study all nit picky things. Who has time for it but may be it s good that you point out these things.

  2. San Hla Gyi on December 24, 2014 at 1:37 pm

    ဆောင်းပါးက ကောင်းပေမယ့် ဘာသာဗေဒနဲ့ ပက်သက်ပြီး ရေးထားလို့ နည်းနည်းတော့ ခက်ပါတယ် ခင်ဗျာ။ ပညာရှင် ဆန်ဆန်ရေးထားတဲ့ စာပဲလို့ ယူဆပါတယ်။ အပျင်းပြေ ဖတ်ဖို့အတွက် ခက်ပြီး ကိုးကားသဘောမျိုး ရေးချင်တဲ့ လူအတွက်တော့ သိမ်းထားပြီးမှ ဖတ်သင့်တဲ့ စာမျိုးပါပဲ။ ဘာသာဗေဒ လေ့လာမယ့် သူတွေ အတွက် စာကောင်းတခုပါပဲ။ ရေးဖို့လည်း အချိန်ယူရမယ့် စာမျိုးပါပဲ။
    လက်မထောင်ပြီး အားပေးလိုက်ပါတယ်။

    • Khin Maung Saw on December 25, 2014 at 1:29 am

      မှန်ပါသည်။ ဘာသာဗေဒသုတေသနစာတမ်းဖြစ်ပါသည်။ အချိန်ကုန်လူပန်းခံကာ ဘာသာဗေဒလေ့လာလိုသူများ၊ ဗဟုသုတပွားလိုသူမျ၊ား၊ မိမိ၏မြန်မာဘာသာဝေါဟာရဘဏ်တွင်စာလုံးရေတိုးပွားစေလိုသူ များနှင့်သုတေသနစာတမ်းပြုလိုသူများအတွက်ကျမ်းကိုးဖြစ်စေရန် ရည်စူးပြီးးရေးသားပါသည်။ အပျင်းပြေဖတ်ရန်ရည်ရွယ်ချက်ဖြင့်ရေးခြင်းမဟုတ်ပါ။ ပေါ့ရွှတ်ရွှတ်ဖတ်တတ်သူများ “ကျွဲပါးစောင်းတီး” ဖြစ်မည်ကိုလည်း ကြိုတင်မြင်ထားမိပါကြောင်း။

  3. Mr. ABC on December 25, 2014 at 11:25 am

    ဆရာလှသမိန်က ဒက်ထိသည် အင်္ဂလိပ်စကား dead heat ကိုမြန်မာမှုပြုခြင်းဖြစ်သည် ဟုရေး ခဲ့ပါသည်။ဤအချက်တွင်လည်း စာရေးသူသည် ဆရာလှသမိန်ကိုလေးစားကြည်ညိုသော်လည်း ဆရာ ၏အဆိုအမိန့်ကိုလက်မခံလိုပါ။ အကြောင်းမှာအင်္ဂလိပ်စကားတွင် dead heat သည် “ပြိင်တူပန်းဝင် သည်၊ အရှုံး အနိုင်မရှိသရေကျသည် ဟု အဓိပ္ပါယ်ရသော်လည်း

    It derived from ‘ Dead hit ‘ ……….= hit directly and accurately .

    ………….

    I read this part I , after part II.

    the one in Part I are much much more used in community than in Part II>

    For the sake of research and record keeping. there are compilation of words ‘ adopted from Englsih .

    one should keep them in a book … like’ compilation of adopted Myanmar words from English other foreign languages,.
    .AS a Myanmar Language Research .. for instance. .. ” Maung Thein Myat ‘ of B B C or anyone ?

    The most effective way of prevention of good Myanmar Language is ‘ to detect and make good punishment to those who destroy the language ‘ .. Don’t look too far.

    Many website media .. especially .. Mizzima .. ( the most ) and many others famous media.

    both in knowledge and basic spelling being misspelt.

    Fine them in U S dollar.. 50 $ to 5000 $ based on the number of misspelt words and .. extent of misspelt. . Say .. to misspell the very easy everyday Myanmar words. . …

    The reporters who misspelt- let’s say . their pay must be deducted – for instance.. 500 kyats per one word. up to 3 mistakes. .. and if it is more than 3 mistakes in one published article or magazine . then 1000kyats per mistake after 3 mistakes. – up to 6 mistakes

    and then after 6 mistakes………

    2500 kyats per one word. . till .. so on .

    Seriouis suggestion for Myanmar Language Protection Society .. . which has to be established

    Not by ‘ fckung ‘ Ma Ba Ta ‘ which attracts ‘ more animosity ‘ around the world.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)