ကိုသစ် (သီတဂူ) ယဉ်ကျေးမှု မျိုးတုန်းသတ်ဖြတ်ခြင်း (Cultural Genocide)

December 28, 2014

ယဉ်ကျေးမှု မျိုးတုန်းသတ်ဖြတ်ခြင်း (Cultural Genocide) 
(မိုးမခ) ဒီဇင်ဘာ ၂၈၊ ၂၀၁၄ 

လွန်ခဲ့တဲ့နှစ်က အိန္ဒိယမြောက်ပိုင်း နယူးဒေလီမြို့ရဲ့ မြောက်ဘက် ၂၉၈ မိုင် အကွာမှာရှိတဲ့ ဓရံဆာလာဆိုတဲ့ မြို့လေးမှာ လေးလလောက် နေထိုင်ခဲ့ဘူးပါတယ်။ ဓရံဆာလာဆိုတာ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း ၄၇၀၀ ကျော်မှာရှိတဲ့ တောင်ပေါ်မြို့လေး တမြို့ပါ။ ရာသီဥတုက အရမ်းအေးလွန်းပါတယ်။ အိန္ဒိယမှာ စာသင်နေကြတဲ့ အပူပိုင်းဒေသက မြန်မာရဟန်းတော်အချို့ နွေခိုလေ့ရှိတဲ့ မြို့လေးပေါ့။ ဓရံဆာလာဆိုတာ ရေခဲတောင်ကြီးတွေကို နောက်ခံပန်ချီကားတချပ်လို ချိတ်ဆွဲထားတဲ့ သန့်ရှင်းသပ်ရပ်တဲ့ မြို့လေး။

နွေရာသီမှာတောင် စောင်ခြုံရတယ်။ ဓရံဆာလာဆိုတာ တိဘက်လူမျိုးတွေ အများဆုံးနေထိုင်တဲ့ မြိ့လေးတမြို့။ ဒီမြို့လေးမှာ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ကမ္ဘာကျော် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား အခြေချနေထိုင် သီတင်းသုံးနေပါတယ်။ အခုနောက်ပိုင်း ထင်ရှား လာတဲ့ တိဘက်ဘုန်းကြီးလေး ကမ္မပါလည်း ဓရံဆာလာနဲ့ မနီးမဝေးမှာ ရှိနေပါတယ်။ ပြီးတော့ ဓရံဆာလာဟာ တိဘက်အဝေးရောက် အစိုးရရုံးစိုက်ရာဋ္ဌာနချုပ်လည်း ဖြစ်ပါတယ်။ ပြောလိုတာက ဓရံဆာလာဆိုတာ တိဘက်ဘုန်းတော်ကြီးတွေ ဆရာလေးတွေ တိဘက် လူမျိုးတွေ နေထိုင်ကြတဲ့ မြို့လေးပဲပေါ့။ တိဘက်လူမျိုး အများစုက နေထိုင်တာ အေးအေးချမ်းချမ်း ရှိလှတယ်။ ဘုန်းတော်ကြီး ဒလိုင်းလား မားကို ဘုရားလောင်းလို့ သတ်မှတ်ပြီး ယုံကြည်ကိုးကွယ်ကြပါတယ်။ အိမ်များဆိုင်များမှာ မြန်မာပြည်မှာလို ဘုရားပုံတော် ကိုးကွယ်ကြတာ သိပ်မတွေ့ရ။ ဘုန်းတော်ကြီး ဒလိုင်းလားမားပုံတော်ကိုသာ ဘုရားစင်ပေါ်မှာ တွေ့ရတယ်။ တိဘက်ကား မြန်မာနဲ့ နေထိုင်မှုပုံစံ ဆင်တူတယ်။

ဘာသာစကားအချို့ တူနေတာကို တွေ့ရတယ်။ဥပမာ မြန်မာက တ။ တိဘက်က ကျစ်၊ မြန်မာက ငါး။ တိဘက်က င လို့ ပြောကြတယ်။ အခြားဆင်တူတာလေးတွေ ရှိသေးတယ်။ (Linguistics) ဘာသာဗေဒအလိုအရ မြန်မာဟာ တိဘက်နဲ့ တအုပ်စုတည်းဖြစ်တဲ့အကြောင်း ဖတ်ဖူးတယ်။ အိန္ဒိယမှာ ဓရံဆာလာမြို့ဟာ နိုင်ငံခြားသားတွေ အများဆုံး လာရောက်လည်ပတ်ကြ အချိန်ကြာကြာ လာရောက်နေထိုင်    လေ့ရှိတဲ့ မြို့လေးပဲဖြစ်တယ်။ နိုင်ငံခြားသားတွေက အင်္ဂလိပ်စာ အခမဲ့ သင်ပေးကြတယ်။ ကိုးရိးယားစကား အခမဲ့သင်ပေးတယ်။ ဂျပန်နဲ့ ဂျာမန်စတဲ့ ဘာသာစကားတွေကို အချိန်ရရင် ရသလို လာရောက်သင်ပေးကြတယ်။ သင်တန်းတခုကို လူတယောက်ထဲက လေးလ ငါး လစသည် အချိန်အကြာကြီး သင်ပေးနေတာတော့ မဟုတ်ဘူးပေါ့။ ဒါပေမယ့် တယောက်ပြန်သွားရင် နောက်ရောက်လာ သူက အဲဒီသင် တန်းကို ဆက်သင်ပေးလို့ သင်တန်းတွေဟာ အဆက်ပြတ်သွားတယ်ဆိုတာ သိပ်မရှိလှဘူး။ တရက်အချိန်ရရင် တရက် လာသင်ပေးကြ တယ်။ ဓရံဆာလာမှာ လေးလကြာနေထိုင်ခဲ့စဉ်အတွင်းမှာ တိဘက်လူမျိုးတွေရဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို နေ့စဉ်လိုလို ကြားခဲ့ရ ပါတယ်။ ရေခဲတောင်ကြီးတွေကို ငေးကြည့်ရင်း သူတို့ပြောတာ နားထောင်နေမိတယ်။ အပြင်မှာ ရာသီဥတု အရမ်းအေးနေပေမယ့် ဘာ ကြောင့်မှန်းမသိ။ စိတ်ထဲမှာ ပူနေမိတယ်။ သူတို့ဟာ မြန်မာပြည်အကြောင်း ဘာမှသိပ်မသိကြ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အ ကြောင်းကို ကောင်းကောင်းသိနေကြတယ်။ freedom from fear က ရေခဲတောင်တန်းတွေပေါ်က စာအုပ်ဆိုင်တွေပေါ်မှာ ရှိနေတယ်လေ။ မြန်မာပြည်ဆိုတာ ဘယ်နားရှိမှန်းလည်း သိပုံမရ။ မေးကြည့်တော့ ဘာမှရေရေရာရာ ပြောနိုင်တာမရှိ။ သို့သော် ရွှေဝါရောင်တော် လှန်ရေး အကြောင်းကို သူတို့ ကောင်းကောင်းသိနေကြတယ်။ အင်တာနက်တွေ ဂြိုလ်တုစလောင်းတွေမှာ ကြည့်ခဲ့ရတယ်ဆိုပဲ။ တိဘက်သူငယ်ချင်း တယောက်က ပြောပါတယ်။ မင်းတို့က ငါတို့ထက်စာရင် အများကြီးတော်ပါသေးတယ်တဲ့။ သူပြောတဲ့ မင်းတို့က ငါတို့ထက်စာရင် တော်ပါ သေးတယ်ဆိုတဲ့စကားကို ကြားတော့ …… ။

တိဘက်သူငယ်ချင်းကို အလိုလို သနားနေမိတယ်။ တနေ့မှာတော့ အမေရိကန်က Megan Akar ဆိုတဲ့ ဆရာမလေးက genocide ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပြီး ရှင်းပြတယ်။  Genocide ဆိုတာ လူမျိုးတုန်းသတ်ဖြတ်တဲ့ အကြောင်းဆိုတာ လူတိုင်းသိပြီးသားပါ။ ဓရံဆာလာ ဆိုတာ တိဘက်တွေရဲ့ ဒဏ်ရာအနာတရတွေကို ကုသပေးနေတဲ့ ဆေးရုံတရုံဆိုရင်လည်း မှားမယ် မထင်ပါဘူး။ နဲနဲလေး ရင်းနှီးခွင့်ရတာနဲ့ ရင်ဖွင့်တော့တာပဲ။ တိဘက်ပြည်ကနေ အိန္ဒိယရောက်အောင်လာခဲ့ရတာကိုက သူတို့အတွက် တကယ့်ကြီးမားတဲ့ စွန့်စားခန်းကြီးတခု။ အပြင်ထွက်ဖို့ ကြိုးစားရင်း လမ်းခုလတ်မှာ မိသားစုတွေ ဆွေမျိုးတွေနဲ့ လောကကြီးကို နှုတ်ဆက်ထွက်ခွာသွားသူတွေက ဒုနဲ့ဒေး။ တိဘက် တယောက်ကပြောပါတယ်။ အခုဆိုရင် တိဘက်ပြည်မှာ တိဘက်စာ တရားဝင်သင်ကြားခွင့် မရှိတော့ဘူး။ တိဘက်စကား ပြောလို့မရဘူး။ အိမ်မှာ တိဘက်စာ၊ တိဘက်စကားကို ခိုးသင် ခိုးပြောကြရတဲ့ဘ၀ကို ရောက်နေပြီ။ တိဘက်ယဉ်ကျေးမှု ရိုးရာပွဲလမ်းသဘင်တွေ လုပ်ခွင့် မရကြတော့ဘူး။ အခုဆို တိဘက်မှာရှိတဲ့ မျိုးဆက်သစ်တွေဟာ တိဘက်စကားကို မပြောတတ်ကြတော့ဘူး။ တိဘက်ယဉ်ကျေးမှုဆိုတာ ဘာဆိုတာကို သိပ်မသိကြတော့ဘူး။ တိဘက်စာပေကို မြတ်နိုးခွင့်တွေ မရကြတော့ဘူးလေ။ ကျနော်နိုင်ငံ (တိဘက်) အကြောင်းတွေးရင် ရင်လေးတယ်ဗျာ။ စိတ်လည်း ပူတယ်။ လူမျိုးတမျိုးဟာ စာပေနဲ့ယဉ်ကျေးမှုပျောက်ရင် အဲဒီလူမျိုး မကြာခင် ပျောက်ကွယ်သွားတော့မယ် ဆိုတာ ကျနော် ယုံကြည်နေ မိတယ်။ ၁၉၅၉ ခုနှစ်မှာ ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယဘက်ကို ထွက်ပြေးခဲ့ရတယ်။ တရုတ်စစ်သားတွေ တရုတ်လူမျိုးတွေ အလုံးအရင်းနဲ့ တိဘက်ဒေသကို ၀င်ရောက်လာကြပြီး အခြေခြချ နေထိုင်ခဲ့ကြတယ်။

နောက်တော့ စာသင်ကျောင်းတွေမှာ တရုတ်စာကို မသင် မနေရ ပြဋ္ဌာန်းပြီး တိဘက်စာ လုံးဝမသင်ရ၊ တိဘက်စကား လုံးဝမပြောရလို့ ပိတ်ပင်လိုက်တယ်။ တိဘက်လူမျိုးတွေရဲ့ ရိုးရာဓလေ့နဲ့ ထုံးတမ်းစဉ်လာတွေ၊ ယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ဖို့ ကြိုးစားနေကြတယ်။ နောင် ဆယ်နှစ် အနှစ်နှစ်ဆယ်….ကျနော် မတွေးရဲဘူး။ တ၀ိုင်းလုံးက ငြိမ်ပြီး နားထောင်နေကြတယ်။ သနားအောင်ပြောတာမဟုတ်မှန်း သိသာတယ်။ သူတို့ပြောတာတွေ နားထောင်ပြီးတဲ့အဆုံးမှာတော့ အမေရိကန် ဆရာမလေးက ပြောပါတယ်။ အဲဒါကို cultural genocide လို့ ခေါ်တယ်တဲ့။ ဒီနေ့ ကမ္ဘာမှာ လူမျိုးတုန်းသတ်ဖြတ်းခြင်းကို ဘယ်အဖွဲ့အစည်း ဘယ်လူမျိုးကမှ လက်မခံတော့ပါဘူး။ လူမျိုးတမျိုး ဆိုတာ လူမျိုးတုန်းသတ်ဖြတ်ခံရမှ မျိုးတုန်းသွားတာ မဟုတ်ဘူး။ ယဉ်ကျေးမှု စာပေ ဘာသာစကားကို အသတ်ခံရရင်လည်း အဲဒီလူမျိုး ဟာ မျိုးတုန်းသွားနိုင်တယ်။ ၁၀ နှစ် မသိသာသေးဘူးပဲ ထားဦး။ အနှစ်နှစ်ဆယ်ဆို နဲနဲသိသာလာပြီ။ အနှစ်ငါးဆယ်၊ အနှစ် တရာ။ လုံးဝပျောက်သွားဖို့ပဲရှိတယ်။ ဒီနည်းနဲ့ ကမ္ဘာပေါ်မှာ ပျောက်ကွယ်သွားကြတဲ့ ဘာသာစကားတွေ လူမျိုးတွေ အများကြီးရှိခဲ့ဘူးတယ်။ (Linguistics) ဘာသာဗေဒအလိုအရ ကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတဲ့ ဘာသာစကားဟာ တထောင်ကျော်ရှိတယ်လို့ ဆိုပါတယ်။ ဘယ်ဘက်ကကြည့်ကြည့် တိဘက်တို့ရဲ့ အနာဂတ်ကား အားရစရာ မရှိလှ။ ရေခဲတောင်တန်းတွေပေါ် ပြန့်လွင့်နေတဲ့ မြူခိုးတွေလို အရာ ရာက မှုံဝါးနေဆဲ။ မိမိတို့တိုင်းပြည်ရဲ့ အနာဂတ်ကတဲ့ကော…….။
—————————–

တိဘက်သူငယ်ချင်းပြောသွားတဲ့ မင်းတို့က တော်ပါသေးတယ်ဆိုတဲ့စကားကို ဆက်တွေးနေမိတယ်။ ငါတို့ဟာ သူပြောသလို တကယ် ရော… တော်ပါသေးတယ် ဟုတ်ရဲ့လား ? မြန်မာပြည်မှာလည်း ဘာသာခြားစကားပြော သင်တန်းလေးတွေကို နေရာအတော်တော်များ များမှာ တွေ့တွေ့ နေရတယ်။ နိုင်ငံခြား ရုပ်မြင်သံကြား ဇတ်လမ်းတွဲတွေကို နေ့တိုင်းထုတ်လွင့်နေကြတယ်။ သွေးရိုး သားရိုးမှ ဟုတ်ရဲ့လား။ နိမိတ်က အကောင်းလား၊ အဆိုးလား ? ကာရံမညီဘူး မိငယ်ရေ။

မြန်မာပြည်ရဲ့ မြို့ကြီးတချို့မှာ တရားမ၀င် အခြေချနေထိုင်သူတွေရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။ ရခိုင်ရွာအချို့မှာ ရခိုင်လူမျိုးတွေ မရှိကြတော့ဘူးတဲ့။ မန္တလေးလို အထင်ကရမြို့တော်ကြီးတောင် မျက်စိတွေ မှေးနေပြီဆိုပဲ။ ဟုတ် မဟုတ် မန္တလေးသားတွေက ပိုသိမှာပါ။ ဆရာအော်ပီကျယ် ပြောတာ မှတ်မိတယ်။ သူ့မိတ်ဆွေ နိုင်ငံခြားသားတယောက်ကို မှတ်ပုံတင် သေသေချာချာ သိမ်းထားဖို့ သတိပေးတော့ အဲဒီမိတ်ဆွေက ကိစ္စမရှိဘူး ကျနော်မှာ ဒါမျိုး ၁၀ ခု ရှိသေးတယ်လို့ အဆိုပါမိတ်ဆွေက ပြန်ပြောသတဲ့။ တရားခံ ဘယ်သူလဲဟေ့လို့ပဲ မေးလိုက်ချင်တော့တယ်။ အခုဆို မြို့သစ်တော်တော်များမှာ ရောက်ကုန်ကြရသူတွေဟာ မြန်မာတွေများတယ်လို့ မန္တလေးမြို့ခံ မိတ်ဆွေ တဦးက ပြောပါတယ်။ မြန်မာပြည်မို့ မြန်မာပြည်သားတွေများတာ ဆန်းသလားလို့ မေးရင်….။ မန်းမြို့သားတွေကိုပဲ မေးကြည့်စေချင်ပါ တယ်။ အဖြေက သူတို့ဆီမှာပဲ ရှိလိမ့်မယ်။ မြန်မာစကားမတတ်သူတွေ မန်းမြို့မှာ တပုံကြီးဆိုပဲ။ ရခိုင်မှာ တချို့ရွာတွေမှာ တွေ မရှိကြတော့ဘူးတဲ့။ နယ်စပ်တွေကနေ ယိုစိမ့်နေတဲ့ မြန်မာအမျိုးသမီးလေးတွေရဲ့ မနက်ဖြန်တွေက မှုံဝါးလွန်းလှတယ်။ ရေကြည်ရာ မျက်နု ရာရှာရင်း……။ ဒီအစိမ်းရောင်လွင်ပြင်တောမှာ မပျော်ချင်လည်း ပျော်ခဲ့ရ။ လူ့ဘ၀က သိပ်တိုတယ်ဆိုပေမယ့် အဆင်မပြေသူတို့ အတွက် ရှည်လွန်းပါတယ်။ သေချာတာတခုကတော့ နေထွက်မှာကို ကြောက်နေတဲ့သူတွေလည်း ရှိနေသေးတယ်ဆိုတာပါပဲ။ သစ်ပင်တပင်ကို သင်းသပ်ပြီးတော့ အသေသတ်သလိုမျိုး အင်အားချိနဲ့သူတွေ ချို့တဲ့သူတွေကို သင်းသပ်ဖို့ ကြိုးစားနေကြတဲ့ လူပုဂ္ဂိုလ်တချို့၊ လူ့အဖွဲ့အ စည်းအချို့ ရှိနေကြတယ်ဆိုတာကို မမေ့စေချင်ပါဘူး။

နောင် အနှစ်ငါးဆယ်။
အနှစ်တရာ။
Cultural Genocide ။
အဖြူနဲ့ အမည်းကြားမှာ အိပ်မောကျမနေနဲ့တော့ ငါ့မြို့လေးရေ….။

ကိုသစ် (သီတဂူ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်