ထင်အောင် – ကျွန်တော်နဲ့ပေါင်းခဲ့တဲ့ အဖေ့သူငယ်ချင်းများ
December 31, 2014
– ကျွန်တော်နဲ့ပေါင်းခဲ့တဲ့ အဖေ့သူငယ်ချင်းများ
(မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄
ကျွန်တော့်အဖေက စာရေးဆရာပါ။ ကျောင်းသားအရွယ်က ရကသဥက္ကဋ္ဌလုပ်ခဲ့ပါတယ်။ ဆယ်တန်းကျောင်းသားအရွယ်မှာ ဂျပန်ဖက် ဆစ်တွေကိုတော်လှန်တာနဲ့ကြုံလို့ တပ်ထဲဝင်ခဲ့ပါတယ်။ တပ်သားအဖြစ်ဝင်ခဲ့တာပါ။ တော်လှန်ရေးပြီးတော့ တပ်သားကျော်ဆိုတဲ့ တဆင့် မြင့်နေရာကနေထွက်ခဲ့ပြီး ကျောင်းပြန်တက်ရပါတယ်။ မဂိုလမ်း (ရွှေဘုံသာလမ်း) မှာ အရေးပေါ်ကောလိပ်ဆိုပြီး ဖွင့်ပေးပါတယ်။ ပလာတာဆိုင်တွေနားမှာဖွင့်ထားတဲ့ကောလိပ်ဆိုတော့ ပလာတာကောလိပ်လို့လည်း ခေါ်ကြပါသေးတယ်။ နောင်သမိုင်းပါမောက္ခဆရာကြီးဖြစ်လာမယ့် ဒေါက်တာသန်းထွန်းလည်း ပလာတာကောလိပ်ကျောင်းသားတယောက်ပါ။ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်တော့မှ တက္က သိုလ်ပြန်တက်ရတာပါ။ အဆောင်ကျောင်းသားအဖြစ် သထုံဆောင်ကနေ ကျောင်းတက်ပါတယ်။ သထုံမီးပွားအမည်ရ နံရံကပ်စာစောင် ထုတ်ပါတယ်။ ခေတ်စနစ်ကိုဖေါ်ပြသောဆောင်းပါးများနဲ့ ကျောင်းသားများ၏ရပိုင်ခွင့်ကို ရဲရဲကြီးဖော်ပြတောင်းဆိုခဲ့သောကြောင့် လူကြိုက် များ အမည်ရခဲ့သောစာစောင်ဖြစ်ခဲ့ပါတယ်။
ခေတ်ကာလအလိုက် ခေတ်စားလာသောဝါဒကို ယုံကြည်လက်ခံသော နိုင်ငံရေးသမားဖြစ်လာ ပါတော့တယ်။ မဟာဗန္ဓုလပန်းခြံတရားပွဲ၊ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံပေါ်မှ တရားပွဲတွေကစတင်ကာ စကားပြောကောင်းသူအဖြစ် အမည်ရလာပါတော့တယ်။ နောက်ဆက် တွဲရလဒ်အနေဖြင့် တိမ်းရှောင်နေသော သထုံဆောင်မှပင် အဖမ်းခံရကာပုဒ်မ (၅) နဲ့ အဖမ်းခံရပါတယ်။ ထောင်အတွင်း နံမည်ကျော် ဝက်သားပုတ်အရေးအခင်းမှာပါဝင်၍ဆန္ဒဖေါ်ပြမှုကြောင့် တိုက်ပိတ်အတီးခံရပါတော့တယ်။ ထောင်မှထွက်လာပြီး ကျောင်းပြန်တက်ချိန်မှာ စာ စရေးပါတော့တယ်။ ဒီနောက်ပိုင်း စာပေလောကထဲကို လုံးဝဝင်ရောက်လိုက်ပါတော့တယ်။
ကျွန်တော်ရေးချင်တာက အဖေ့သူငယ်ချင်းတွေအကြောင်းပါ။ သထုံဆောင်မှာ ပေါင်းခဲ့တဲ့သူငယ်ချင်းတွေက ကျွန်တော်မှတ်မိသမျှတွေ ကတော့ ဦးကျော်ညွှန့် (တပ်ထဲဝင်သွားကာ ဗိုလ်ကြီးဘဝနဲ့ ကျဆုံးသွားပါတယ်)၊ ဦးအုန်းမြင့် (ဘီစီအက် (စ) ဖြစ်သွားကာ နောင်ညွှန်ကြား ရေးမှူးချုပ်အထိ တာဝန်ယူခဲ့ပါတယ်)၊ ဦးလှသောင်း (ဥပဒေဘွဲ့ယူကာ ရှေ့နေချုပ်ရုံးမှာဝင်လုပ်တာ ညွှန်ကြားရေးမှူးဖြစ်လာပါတယ်)၊ ဦး အေးမောင် (သမဝါယမညွှန်ကြားရေးမှူး)၊ ဦးစံလွင်  (စာပေဗိမ္မာန်စာတည်း)၊ ဦးဘကောင်း (လူငယ်ရေးရာဋ္ဌာန)၊ ဦးဝေလွင် (လူငယ်ရေးရာ)တို့နဲ့အတူ အဖေနဲ့ပလာတာကောလိပ်ကထဲက ပွေဖေါ် ပွေဘက် ဒေါက်တာသန်းထွန်းတို့ဖြစ်ပါတယ်။ ဒီအထဲကမှ တချို့က ကျွန်တော်နဲ့အ ပေါင်းအသင်းဖြစ်သွားတာပါ။ အဖေ့သူငယ်ချင်းတွေက သားနဲ့ ပွေဖေါ် ပွေဘက်ဖြစ်သွားတာပါ။
ငယ်ငယ်ထဲကပေါင်းဖြစ်သူက ဦးစံလွင်ပါ။ စာပေဗိမ္မာန်မှာ စာတည်းလုပ်ပါတယ်။ လူက ပိန်ပိန်ပါးပါး၊ အရပ်ကရှည်ရှည် ခါးကကိုင်းကိုင်းနဲ့ပါ။ အသားကလည်း မဲပါတယ်။ သူ့ကို ဘုရားကြီးလို့ခေါ်ကြပါတယ်။ သူ့ကိုမသိတဲ့သူတွေက သူ့ပုံသဏ္ဍာန်ကိုကြည့်ပြီး အမေရိကန်ပြန်ဆိုတာ ကို မယုံကြည်ကြပါ။ ညနေပိုင်းဆို ပိုဆိုးပါတော့တယ်။ ရုံးဆင်းတာနဲ့ ယမကာဆိုင်ပြေးတော့တာပါပဲ။ မူးလာရင် ကြုံတဲ့အိမ်မှာဝင်အိပ်တော့တာပါပဲ။ အများဆုံးလာတာက ကျွန်တော်တို့အိမ်ကိုပါ။ ကျွန်တော်နဲ့ အိပ်ရပါတယ်။ မူးလာရင် အင်မတန်ဂျီကျပါတယ်။ မိုးလင်းတာနဲ့ ရေမချိုးပဲ မနေ့ကအင်္ကျီကိုပြန်ဝတ်ပြီး ထွက်သွားပါတယ်။ မျက်နှာသစ်မသွားပါဘူး။ သွားတိုက်ဘို့ဆိုတာတော့ စဉ်းစားမိဟန် မတူဘူး။ ဒါ ပေမဲ့ ကျွန်တော်က သူ့ကိုချစ်တယ်။ စာပေဗိမ္မာန်ကထုတ်တဲ့စာစောင်တွေကို ဖတ်ဘို့ ယူလာပါတယ်။ စာပေဗိမ္မာန် ဂျာနယ်၊ စာစဉ် တွေပါ။ စာအရေးအသားလည်း အင်မတန်ကောင်းတဲ့သူပါ။ လစဉ်ထုတ်စာပေဗိမ္မာန်ဂျာနယ်မှာ ဆောင်းပါးတွေကို ရေးပေးနေသူပါ။ အင်္ဂလိပ်စာ လည်းတော်သူဖြစ်နေတော့ ဘာသာပြန် အင်မတန်ကောင်းပါတယ်။ ကျွန်တော်ပထမဆုံးရေးတဲ့စာမူကို ဖတ်ရသူပါ။
ပထမဆုံးရေးတာက ဘာသာပြန်ပါ။ ရုရှားက ကမ္ဘာကျော်စာရေးဆရာကြီး တော်လစတွိုင်းရေးတဲ့ အင်နာကရီနီနာဇာတ်လမ်းကို ပြန် ရေးတာပါ။ ဗလာစာအုပ်နဲ့ တဝက်လောက်ရောက်တော့ သူ့ကိုသွားပြပါတယ်။သူကဖတ်ပြီး အရေးအသားကိုကြိုက်လို့လားမသိပါဘူး ဆက်မရေးတော့ရန် အားပေးပါတယ်။ အကြောင်းပြချက်ကလည်း ခိုင်လုံပါတယ်။ ဆရာမြသန်းတင့်ကလည်း ပြန်ပြီးပြီ။ ဆရာလင်းယုန်နီ က တိုက်ရိုက်မပြန်ပဲ မြန်မာမှုလုပ်ကာပြန်ရေးပြီးပြီ။ ဇာတ်ကောင် အော့ဗလွန်စကီးကိုသဘောကျလို့ ပြန်ရေးကြည့်တာ ခုတော့ နေရစ် တော့အော့ဗလွန်စကီးရေပေါ့။ ကိုယ်ဘာသာပြန်တာညံ့လို့ ဆက်မရေးရတာကို မသိသေးပါဘူး။ နောက်တပုဒ်ဆက်ရေးဘို့ကြိုးစားပါသေးတယ်။ စာရေးဘို့ ကုန်ကြမ်းကို စာပေဗ္မိာန်မှာဖွင့်ထားတဲ့စာကြည့်တိုက်မှာ သွားရှာပါတယ်။ ရှာတာက နည်းနည်းပါ။ ရောက်တာနဲ့ ဦးစံလွင်နဲ့ အလုပ်ဝင်ကာစ ဂရက်နီကိုခေါ်ပြီး လက်ဖက်ရည်ဆိုင်သွားထိုင်ကြတာပါ။ တေဇ၊ ရွှေသွှေးဂျာနယ်တွေ ထွက်နေပြီဆိုတော့ လေကန်စရာ ခေါင်းစဉ်ကလေးတွေရတာပေါ့။ ညနေစောင်းရုံးဆင်းရင် အဖွဲ့က ယမကာဆိုင်ကို ခြေလှမ်းဦးတည်ပါတယ်။ ကျွန်တော်က အိမ်ပြန်ပါတယ်။ ဦးစံလွင်က လူပျိုကြီးပါ။ ယမကာကြောင့် ငယ်ငယ်နဲ့ ဆုံးသွားပါတယ်။
နောက်တယောက်က ဦးဘကောင်းပါ။ သူတို့နှစ်ယောက်က ဆန့်ကျင်ဘက်ပါ။ တယောက်က ပိန်ပိန်ရှည်ရှည်ဦးဘကောင်းက ဝဝပုပု။ ကျွန်တော်က ဦးဘကောင်းကို ဦးလေးကောင်းလို့ ခေါ်ပါတယ်။ သူလည်း လူပျိုကြီးပါ။ သူအိမ်မှာက စာအုပ်တွေနဲ့ပြည့်နေတာပါ။ ဧည့်ခန်း မှာလည်း စာအုပ်၊ စားပွဲပေါ်မှာလည်း စာအုပ်နောက်ဆုံး အိပ်ယာပေါ်မှာပါ စာအုပ်။ ဖတ်ချင်တဲ့စာအုပ်ကောက်ဖတ်၊ ပြီးတော့ ဆွေးနွေးလေ ကန်တာပေါ့။ ကျော်အောင်ရေးတဲ့ “ချွေးနဲ့ သွေးနဲ့ ရင်းတဲ့မြေ” ဝတ္တုဟာ အင်္ဂလိပ်ကားကိုပြန်ရေးထားတာဆိုတာကို ကျွန်တော်က လက်မခံပါဘူး။ မြို့ခင်းသာ ကျောက်ခဲကို သဘောကျနေတာပါ။ ရုပ်ရှင်ရိုက်တော့လည်း ကောလိပ်ဂျင်နေဝင်း၊ မြတ်လေးတို့ထက် လူဆိုး မြို့ခင်းသာကျောက်ခဲလုပ်ရတဲ့ ဦးကျောက်လုံးကြောင့် ဇာတ်ကားက ပိုသွက်လက်သွားပါတော့တယ်။
ပုဂံစာပေတိုက်က မောင်ချောကလည်း စာပေလက်ရာကောင်းတွေကို ဆက်တိုက်ထုတ်နေချိန်ဆိုတော့ ကျွန်တော်တို့အတွက် ဖတ်စရာစာအုပ်တွေကအများကြီးဖြစ်နေတာပေါ့။ ကျွန်တော် အလွန်ကြိုက်တဲ့ တော်လစတ္တိုင်းရေးတာကို မြသန်းတင့်ဘာသာပြန် “စစ်နဲ့ ငြိမ်းချမ်းရေး” ကို အပိုင်းလိုက် ပုဂံကထုတ်ဝေပါတော့တယ်။ မင်းကျော်ကလည်း “ငါတို့ခေတ်နဲ့ အပြိုင်” ဇာတ်လမ်းရှည်ကြီးကို အတွဲ လိုက်ထုတ် ဝေပါတော့တယ်။ ကျွန်တော်က ညိုမောင်ကို ဟန်သာထက်ပိုကြိုက်ပါတယ်။ နောက်ပိုင်းအတွဲတွေကြမှ ဟန်သာက မင်းသားမှန်းသိလာပါ တော့တယ်။
ဒါနဲ့စိတ်မလျှော့သေးပဲ ဘာသာပြန်ပါသေးတယ်။ ဒီတခါက တရုတ်ပြဇာတ်တခုကိုပြန်တာပါ။ “Love under the willow” အမည်ရပြဇာတ်ပါ။ ပြသနာက willow ဆိုတာ ဘာအပင်မှန်းမသိတာပါ။ ရမ်းရေးရင်တော့ ရတာပေါ့။ မန်းကျည်းပင်အောက်က ဒို့အချစ်လို့ပြန်ရင်ဖြစ်တာပါပဲ။ ဦးလေးကောင်းဆီက ဘာသာရပ်ဆိုင်ရာဝေါဟာရများစာအုပ်ကို သွားလှန်ရပါတော့တယ်။ ရေစပ်မှာပေါက်တဲ့ မိုးမခပင်ဆိုတာ သိလိုက်ရပါ တယ်။ မိုးမခပင်ရဲ့အသားဟာ မကြောတဲ့အတွက် ကရစ်ကက်အားကစားနည်းမှာ ကရစ်ကက်ဘောလုံးကိုရိုက်တဲ့ ဘက်တံပြုလုပ်ရာမှာ သုံးတယ်လို့သိရပါတယ်။ ဒီတော့ မိုးမခပင်အောက်ကအချစ်ပေါ့ဗျာ။
ဇာတ်လမ်းက ရိုးရိုးအချစ်ဇာတ်လမ်းပါ။ ရှေးခေတ်က တရုတ်ထုံးစံအတိုင်းမိန်းကလေးတွေက ပညာသင်ခွင့်မရတော့ မင်းသမီးက ယောင်္ကျားလေးဟန်ဆောင်ကာ ပညာသွားသင်တဲ့ဇာတ်ပါ။ စာသင်နေရင်းမင်းသားနဲ့တွေ့ ချစ်ကြိုက်၊ သဘောမတူတော့ နောက်ဆုံး မိုးမခပင်အောက်မှာ ဆုံးသွားတဲ့ အလွမ်းဇာတ်လေးပါ။ အစွမ်းပြမဟဲ့ဆိုပြီး ဘာသာပြန်တော့တာပါပဲ။ ထုံးစံအတိုင်း ဦးလေးကောင်းကိုပြ တော့ အားရပါးရကို ရီတော့တာပါပဲ။ ကျွန်တော်ရေးထားတာတွေကမချောမွေ့ဘူးလေ။ ဆရာကြီးရွှေဥဒေါင်း ဘာသာပြန်ရေးထားတာတွေကို ဖတ်ခိုင်းတယ်။ ဖတ်ဘူးနေသားပဲ။ ဦးစံရှား စုံထောက်ဝတ္တုတွေ၊ သူရဲကောင်းသုံးယောက်ဘာသာပြန်ထားတာတွေ ဖတ်ဘူးတာပေါ့။ အခု ပြန်ဖတ်တော့မှ အရေးအသားလိုတာတွေသိလာတော့တယ်။ ဒါနဲ့ကျွန်တော်လည်း ဘာသာပြန်လောကကနေ အနားယူလိုက်ပါတော့တယ်။ ဦးလေးကောင်းလည်း ယမကာကြိုက်ပါတယ်။ ဒါပေမဲ့ဦးစံလွင်လောက် မသောက်ပါဘူး။ စကားပြောကောင်းရုံ၊ စားကောင်းရုံလောက်သာ သောက်ပါတယ်။
သူတို့နဲ့ပေါင်းတာကြာလာတော့ အဖေက မပြောစဘူး စကားတခွန်းပြောပါတယ်။ မင်း စံလွင် ဘကောင်းတို့လို လိုက်မနေနဲ့တဲ့။ ဦးလေး ကောင်းကတော့ အိမ်ထောင်ကျသွားပါတယ်။ လူပျိုကြီးသွက်နေတာကို ဖိတ်စာရမှသိကြပါတယ်။ အမျိုးသမီးက စီးပွားရေးတက္ကသိုလ် ငွေစာရင်းဋ္ဌာနက အပျိုကြီးဒေါ်သိန်းရှင်ပါ။ ကျွန်တော်တို့က မသိန်းရှင်ဆီပို့ပေးမယ်လို့ နောက်ကြပါတယ်။ မင်္ဂလာဆောင်တော့ နှစ်       ယောက်ပေါင်းအသက်က ရာကျော်နေပါပြီ။ ဒါကြောင့် မင်္ဂလာဆောင်ကိုလာသူတွေအထဲက ခပ်နောက်နောက်ပုဂ္ဂိုလ်တယောက်က ရာကျော်မင်္ဂလာဆောင်လို့ အော်ဟစ်ကာ အမည်ပေးလိုက်ပါတော့တယ်။ အိမ်ထောင်ကျပြီး ကျွန်တော်နဲ့ အဆက်အသွယ်အနည်းငယ်ပြတ် သွားပါတယ်။ ကျွန်တော့်မင်္ဂလာဆောင်ကိုတော့ လာပါတယ်။ ကျွန်တော် သမီးဦးလေးမွေးတော့ သတင်းလာမေးပါတယ်။ ငါလည်း သမီး လေးမွေးထားတာကွဆိုတော့မှ ဦးလေးကောင်းတို့ရာကျော်တယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားလို့ ပြန်တွေးနေရပါတယ်။ နောက်တခါ ထပ်တွေ့တော့ ဒီတခါမွေးတာ ဂျိုးကလေးနဲ့ကွတဲ့။ အတော်ပျော်နေပုံရပါတယ်။ ဦးလေးကောင်းက သူများအယူအဆကိုငြင်းခဲပါတယ်။ဘာပြောပြော အင်းလိုက်ပြီး သဘောတူကြောင်းအချက်ပြပါတယ်။ တခါကတော့ ငြင်းတာ ကြုံတွေ့ဘူးပါတယ်။
ပုဂံစာအုပ်တိုက်ပိုင်ရှင် မောင်ချောရဲ့အကိုတော်သူ စာရေးဆရာမင်းကျော်ရေးတဲ့ လုံချင်းစာအုပ်တွေ ပုဂံက ဆက်တိုက်ထွက်လာပါတယ်။ကျွန်တော်တို့က ထုတ်ဝေသူရဲ့အကိုဖြစ်နေလို့ စာအုပ်တွေထွက်နေတာလို့ ဝေဖန်မိတာကို ဦးလေးကောင်းက လက်မခံပါ။ တကယ်က ကျွန်တော်လောက် မင်းကျော်ရေးတာကို သူမဖတ်ဖြစ်ပါဘူး။ အဓိကထားပြောကြတာကတော့ “ငါတို့ခေတ်နဲ့ အပြိုင်” ကိုပါ။ ကျွန်တော်က ပထမတွဲအထူကြီးမှာ မင်းသားက ညိုမောင်ကို သဘောကျနေတာ။ ဆရာဦးသိန်းဖေမြင့်ရေးတဲ့ “သပိတ်မှောက်ကျောင်းသား” ဝတ္တုမှာ ညိုမောင်က အဓိကမင်းသားပါ။ တချို့က ဒီဝတ္တုဟာ မင်းကျော်ရဲ့ဘဝဇာတ်လမ်းလို့တောင် ပြောကြပါတယ်။ သူကျင်လည်ခဲ့တဲ့ ရေနံမြေ အပါအဝင် သူတက်ခဲ့တဲ့ ဆရာအတတ်သင်ကျောင်းတွေမှာ ဇာတ်လမ်းဆင်ထားကြောင့် ထင်ကြေးနဲ့ပြောနေကြတာပါ။
ဦးလေးကောင်းလိုပဲ စာဖတ်ပြီးပေတဲ့သူနောက်တယောက်ကလည်း ကျွန်တော်နဲ့ ပေါင်းမိပါတယ်။သူကတကယ်တော့ အဖေတို့ထက် ငယ် ပါတယ်။ သူကတော့ ဦးချစ်သိန်းဦးပါ။ ဂါဒီးယန်းသတင်းစာမှာ အယ်ဒီတာလုပ်ပါတယ်။ အင်္ဂလိပ်စာ အပြောအရေးကောင်းတာကြောင့် စာသင်ကောင်းသူတယောက်ပါ။ ကျွန်တော့်ကို အင်္ဂလိပ်ဝတ္တုအများကြီးဖတ်ဖြစ်အောင် ကူညီခဲ့သူပါ။ သူတိုက်တွန်းလို့ Shakespeare ပြ ဇာတ်တွေ ဖတ်ဖြစ်တာပါ။ အဖိုးဆီကနေရထားတဲ့ Shakespeare play တွေအထဲက Romeo and Juliet ကို အကြိုက်ဆုံးပါ။ သမတရုပ်ရှင်ရုံ မှာဇာတ်ကားပြနေတော့ ရုပ်ရှင်ကြည့်လိုက်စာအုပ်ထဲက စာသားတွေဖတ်လိုက်နဲ့ လုပ်နေရတာ အရသာတမျိုးပါ။ ကျွန်တော်က Romeo နေရာက စာတွေရွတ်လိုက် ဆရာကဘုန်းကြီးနေရာကနေ စာသားတွေကိုရွတ်လိုက်နဲ့ ပျော်စရာကောင်းအောင်သင်ပေးတာပါ။ သူ့ကို အားလုံးက ဆရာချစ်လို့ခေါ်ကြပါတယ်။ သူက အိမ်ထောင်သည်ပါ။ ဒါပေမဲ့ ယမကာကိုပိုချစ်တဲ့သူပါ။ ဦးစံလွင်နဲ့ တော်တော်တူပါတယ်။ မိုးဝေက စုံထောက်တင်မောင်ဆွေကို ဘားဆိုင်တွေမှာ သောက်နေရင်းရေးတာလို့ ကြားဘူးပါတယ်။
ဆရာချစ်ကလည်း အယ်ဒီတာစာပွဲပေါ်မှာ ပုလင်းလိုက်မော့ရင်း သတင်းတွေကို ဘာသာပြန်နေတာပါ။သူက ပြီးပြီဆိုလို့ ဖတ်လိုက်ရင် အရေးအသားကချောမွေ့ပြီး လိုရင်းရောက်အောင် ဘာသာပြန်နိုင်သူပါ။ ပြီးရင်ကြုံရာမှာအိပ်တော့တာပါပဲ။ သူက ခင်မင်ရင်းနီးတဲ့သူတွေကို သူငယ်ချင်းလို့ခေါ်တတ်ပါတယ်။ တခါက အိမ်ကိုလာပါတယ်။ အဖေက သူ့ဆီလာတယ်ထင်နေတာ၊ သူက သူ့ငယ်ချင်းကိုလာခေါ်တာဆိုပြီး ကျွန်တော်ကိုအပြင်သွားရအောင်ခေါ်တော့ အဖေကရီပါတော့တယ်။ သူဆီလာတာထင်ပေမဲ့ အဖေသူငယ်ချင်းက ကျွန်တော်ကိုလာခေါ်တာဖြစ်နေလို့ပါ။ ငယ်ငယ်က ပေတေနေတဲ့ဒဏ်က အရွယ်ရလာတော့ အစွမ်းပြပါတော့တယ်။ ရင်ကြပ်ဝေဒနာကြောင့် အောက်ဆီဂျင် ဘူးနဲ့နေရပါတော့တယ်။ ပင်စင်ယူပြီးလုပ်နေတဲ့ မြန်မာတိုင်းဂျာနယ်တိုက်မှာ အောက်ဆီဂျင်ဘူးကိုအနားမှာထားရှုရင်း ဘာသာပြန်လုပ် နေပါသေးတယ်။ ငယ်ငယ်ကလို ဆိုင်မှာကြာကြာမထိုင်နိုင်တော့ပါဘူး။ ဘူးရှိတဲ့နေရာကိုပြန်ပြေးရတဲ့အခြေအနေဖြစ်သွားပါပြီ။ နောက်ပိုင်း ကျွန်တော်၊ ဦးလေးကောင်းနဲ့ ဆရာချစ်တို့ ဆုံဖြစ်ကြပါတယ်။ ဦးလေးကောင်းက ကျောင်းသားသမဂ္ဂသမိုင်းစာအုပ်နဲ့ပတ်သက်ပြီး အဖမ်း ခံရတော့ ကျွန်တော် အဝေးရောက်နေပါတယ်။ ပြန်လာမှ ဆရာချစ်နဲ့ သတင်းသွားမေးရပါတယ်။ နောက်ဆက်တွဲရလဒ်က တသက်လုံးလုပ် လာတဲ့ ပညာတန်ဆောင်အဖွဲ့ကနေ အပယ်ခံရတာပါပဲ။ ထောင်ကျတာကို ဝမ်းမနည်းပဲ ပညာတန်ဆောင်ကနေအပယ်ခံရတာကို စိတ်မ ကောင်းဖြစ်နေပါတယ်။
ရှိန်းမကားသားကြီး ကွယ်လွန်တော့ ဆရာချစ်နဲ့ကျွန်တော် နှစ်ယောက်ထဲ ဝမ်းနည်းခြင်းအခမ်းအနားလုပ်လိုက်ပါသေးတယ်။ ကျွန်တော်က မသောက်တော့ ဦးလေးကောင်းနဲ့ ဆရာချစ်ကို ကြိုပို့လုပ်ပေးရတာပါ။ အဲဒီနေ့ကတော့ ကျွန်တော်တိုက်တွန်းတာရော ဆရာချစ်ကိုယ်တိုင်က လည်းသောက်ချင်စိတ်ရှိနေတော့ ပထမခွက်က ဆရာချစ်အတွက်၊ နောက်ခွက်က ဦးလေးကောင်းအတွက်ဆိုပြီး နှစ်ခွက်သောက် သွားပါတယ်။
ဆရာချစ်လုပ်တဲ့ မြန်မာတိုင်းတိုက်ကိုပုံမှန်ရောက်ပါတယ်။ ဂျာနယ်အလကားသွားယူတာပါ။ တခါတလေ အလကားတောင်းတဲ့သူများနေလို့ သူ့ကိုယ်တာကုန်သွားရင် သူငယ်ချင်း ဆိုင်မှာဝယ်သွားလို့တောင်းပန်ပါသေးတယ်။ တခါတလေတော့ သူမှာမကုန်တဲ့ လက်ကျန်ဂျာနယ် တွေကိုယူပြီး သူများတွေကိုထပ်ဝေပေးရပါတယ်။ သုံးယောက်လုံးမှာ တူညီတဲ့အချက်ရှိပါတယ်။ မင်းဘာသာမပြန်ပါနဲ့ကွာလို့ ပါးစပ်တွေ က ထုတ်မပြောသွားကြတာပါ။ သူတို့အားပေးတာကြောင့် အော်ဗလွန်စကီးကိုလည်း မေ့ထားလိုက်ပါပြီ။ မိုးမခပင်အောက်က တရုတ်မ လေးကိုလည်း ခေါင်းထဲမှဖယ်ထားလိုက်ပါပြီ။ ဦးလေးကောင်းနဲ့ ဆရာချစ်တို့လည်း အနိစ္စသဘောနဲ့ ကိစ္စချောသွားကြပါပြီ။ သူတို့စကား ကိုနားထောင်တဲ့အနေနဲ့ ဘာသာမပြန်တော့ဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ကိုယ်အသုံးမကျတာကို လူကြီးစကားနားထောင်သလိုလိုလုပ်ထားတာပါ။ အရင်က အငယ်ဆုံး အကဲဆုံး စကားအများဆုံးလုပ်ခဲ့တဲ့ကျွန်တော်ဟာ အခုတော့အရွယ်အကြီးဆုံးဖြစ်လာပြီး လာခေါ်မဲ့ စာရူးပေရူးလေးတွေကိုသာ မျှော်နေမိပါတော့တယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Tags:
အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ
Comments are closed.
ကြော်ငြာ … ကြော်ငြာ …
စာအုပ်မြင် ချစ်ခင်ပါစေ
မိုးမခမှာ ကြော်ငြာပါ
Help MoeMaKa
မိုးမခမာတိကာစဉ်
%d bloggers like this:
ကြော်ငြာရန် …
မိုးမခနဲ့ ပတ်သက်သမျှ
ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ
By
  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...
Read more »
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ
By
မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ
By
မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...
Read more »
မိုးမခ သြဂတ်စ် ထွက်ပြီ
By
မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...
Read more »
သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ
Recent Comments
ကဏ္ဍများအလိုက်
ကဏ္ဍများအလိုက် မာတိကာစဉ်