သက်ခိုင် – ဗကသ ညီလာခံကို ဘုရားဖူးသွားတဲ့အောင်ဖေနဲ့ မခိုဖြစ်လိုက်ရတဲ့ တော

January 6, 2015

သက်ခိုင် – ဗကသ ညီလာခံကို ဘုရားဖူးသွားတဲ့အောင်ဖေနဲ့ မခိုဖြစ်လိုက်ရတဲ့ တော
အောင်ဖေ အခန်းဆက် အမှတ် ၁၉၊ မိုးမခ၊ ဇန်န၀ါရီ ၆၊ ၂၀၁၅

(၁)

အောင်ဖေက လူ့ဘောင်သစ်မှာ လှုပ်ရှားတယ်ဆိုပေမယ့်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) မှာလည်း ပါတယ်၊ ဆိုလိုတာက အဲဒီအချိန်က ဗကသက ကိုကိုကြီး(ခေါ်)ကေကျူ့ (၈၈ ပွင့်လင်း) ဆက်လက်ဦးဆောင်နေတဲ့ ဗကသနဲ့ အောက်ဗမာပြည် (ဗကသ) (အောက်ဗ) ဆိုပြီး ဗကသပြန်ဖွဲ့ဖို့ ကြိုးစားနေတဲ့ ၂ဖွဲ့လုံးနဲ့က  အောင်ဖေက မကင်းဘူး။  ၈၉ ၊ ၉၀လောက်ကတည်းက ကေကျူ့ဗကသနဲ့က အတူတူ လုပ်ခဲ့ဖူးတာ နောက်ပိုင်း၉၀ လောက်ရောက်တော့ အောက်ဗနဲ့ လက်တွဲလုပ်ဖြစ်တာတွေပါ ရှိလာကော။

မူရင်းဗကသနဲ့ တွဲလုပ်တယ်ဆိုတာကတော့ တခါတလေ အစည်းအဝေးသွားတက်တာ၊ အိုးဝေစာစောင်ကို တောင်ဥက္ကလာ (၇)ရပ်ကွက် ဗေဒါအိုင်ကြီးဘေးက လမ်းလေးထဲမှာနေတဲ့ ကိုကိုကြီးအိမ်မှာ သွားသွားယူ တာမွေမှာပြန်ဖြန့် ဒီလိုမျိုးတွေကိုး။ တခါတလေတော့လည်း ဗကသကလူတွေဖြစ်တဲ့ ကိုညီညီတို့၊ ကိုဘိုကြည် (ယခု  AAPP နိုင်ကျဉ်း) တို့၊ ကိုသန်းစိုးတို့ စတာတွေနဲ့ တဘက်(၆)ရပ်ကွက်က လက်ဘက်ရည်ဆိုင်မှာ ထိုင် လက်ဘက်ရည်သောက်တာတို့ ဘာတို့တော့ လုပ်ဖူးပါရဲ့၊ အမြဲတမ်းတော့ မဟုတ်ပါဘူး၊ အဓိက စာစောင်သွားယူတာပါပဲ အထူးသဖြင့်တော့ အောင်ဖေက ပင်နီတိုက်ပုံ အမြဲဝတ်တဲ့ ကိုဘိုကြည်နဲ့ အတော်ခင်တာ။

၉၀ အစောပိုင်းလောက်မှာ အောင်ဖေတို့ တာမွေသားတွေကြီးပဲစုပြီး အဖွဲ့တခုထောင်ဖြစ်တယ် ဘာတဲ့နာမည်က ဒီမိုကရက်တစ် ကျောင်းသား လူငယ်အစည်းအရုံးလား ဘာလားမသိ၊ အစည်းအဝေးမှာ ပါတဲ့သူတွေက ကိုကျော်သူ၊ ကိုသက်ထွေး (အောက်ဗ ဖြစ်လာ)၊ ကိုအောင်ကျော်မြင့် (အမေရိက)၊ ကိုကျော်စွာ၊ သက်ဝင်းအောင် (အကသ မန္တလေးထောင်မှာ ကျဆုံး)၊ ဇေယျာဝင်း (အကသ၊ ရန်ကုန်တိုင်း တွင်း၁)၊ ကိုရဲဇင်စတဲ့သူတွေ တာမွေသား အယောက်(၂၀)ကျော်လောက်ပါတယ်၊ အစည်းအဝေးလုပ်တာက ဗဟန်းက လူ့ဘောင်သစ် ဌာနချုပ်ရုံးမှာ (ရန်ကင်း မပြောင်းခင်)၊ အဲဒီအဖွဲ့မှာ ဗဟိုဦးဆောင်ကော်မတီ (၅)ဦးပြီးတော့ အထွေထွေ အတွင်းရေးမှူးနဲ့ တွဲဘက်နေရာကို အောင်ဖေနဲ့ ဇေယျာဝင်းကို ဝိုင်းရွေးတော့ လုပ်ရပြန်ပါကော။

ဒီအဖွဲ့ကနေဆက်ပြီးတော့ တခြား တက္ကသိုလ် သမဂ္ဂတွေနဲ့ ချိတ်ဆက်ပြီး အောက်ဗကသ ထောင်ဖြစ်လာတယ် ထင်ပါရဲ့၊ အောက်ဗကသမှာ ကနဦးသမဂ္ဂ(၈)ဖွဲ့နဲ့ စတယ်ခေါ်ရမယ်၊ အောင်ဖေတို့ အစည်းအရုံးက ကိုအောင်ကျော်မြင့်က ကိုယ်စားလှယ်ပါတယ်၊ ကိုသက်ထွေးကတော့ ဆေး(၂)အနေနဲ့လားမသိ ပါသွားတာ။ ဆိုတော့ အောက်ဗကသက (၉၀)ရွေးကောက်ပွဲပြီးတော့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ညီလာခံကြီးကို မန္တလေးမှာ လုပ်မယ်ဖြစ်လာပါကော၊ အဲဒီမှာ တမြို့နယ်ကို ဗကသကိုယ်စားလှယ် ၂ဦး၊ အကသ ကိုယ်စားလှယ်၂ဦးရွေးတော့၊ အောင်ဖေနဲ့ ကိုကျော်စွာက ဗကသ၊ သက်ဝင်းအောင်နဲ့ နောက်တယောက်က အကသအနေနဲ့ ညီလာခံတက်ဖို့ ဖြစ်လာပါလေကော။

ညီလာခံက ဇွန်လ(၂၇)ကနေစပြီး အထက်ဗမာပြည် ဗကသကလည်း သူ့တို့ဘာသာ မစိုးရိမ်တိုက်မှာလားမသိ ညီလာခံလုပ်၊ အောက်ဗကသကလည်း မြတောင်ကျောင်းတိုက်မှာစုပြီး ကိုယ့်ဘာသာ ညီလာခံလုပ် ပြီးမှ (၃၀)ရက်နေ့မှာ အထက်၊ အောက် ဗကသတွေစုပြီး နိုင်ငံလုံးဆိုင်ရာ ညီလာခံလုပ်ရမှာ ဒီလို။ ခက်တာက အောင်ဖေတို့မှာ တခါမှလည်း မသွားဖူးသလို၊ သွားစရာ လမ်းစားရိတ်က မရှိဘူး မသွားတော့ဘူး လိုလိုဖြစ်နေပြီ၊ နောက်ဆုံး ၂၄ရက်နေ့လောက်ရောက်တော့ ကိုကျော်စွာက ပိုက်ဆံရှာလို့ ရလာတယ် “ဟေ့ကောင် အောင်ဖေ သွားစို့” တဲ့။ ဒါနဲ့ မန္တလေးကို ချီတက်ဖြစ်ကြပါလေကော။

မန္တလေးဘူတာရောက်တော့ ကိုကိုကြီးရယ်၊ ကိုဘိုကြည်ရယ်၊ ကိုသန်းစိုးတို့ရယ်နဲ့ ဆုံပါလေကော၊ အဲဒီမှာ ကိုဘိုကြည်က  “ဟေ့ကောင်အောင်ဖေ ငါတို့နဲ့ လိုက်တည်းပေါ့ကွ” တဲ့၊ အောင်ဖေတို့က ရတယ် နောက်မှပဲ လာခဲ့မယ် တခြားနေရာမှာ တည်းမလို့ဆိုပြီး ချိန်းထားတဲ့ မြတောင်ကျောင်းတိုက်မှာပဲ တည်းဖြစ်တယ်။

ဆိုခဲ့တဲ့အတိုင်း အောက်ဗမာပြည်က ကျောင်းသားတွေက မြတောင်ကျောင်းတိုက်မှာ တည်းကြတာဆိုတော့ ရန်ကုန်၊ ဧရာဝတီ၊ မွန်၊ ပဲခူးစတဲ့ ဒေသတွေကလူတွေချည်းပဲ အမျိုးသမီးတွေလည်းပါရဲ့ မညိုတို့တတွေ၊ ထမင်းချက်ရင်လည်း အလှူပွဲလို မိုးဗြဲဒယ်ကြီးတွေနဲ့ပေါ့၊ စရောက်ကတည်းက အစည်းအဝေးတွေ ဆက်တိုက် လုပ်ကြတော့တာပဲ အထူးသဖြင့် (၂၇၊ ၂၈)က အောက်ဗကသရဲ့ မူဝါဒတွေ ချမှတ်ကြတာပေါ့၊ အဲဒီအထဲက ထူးခြားချက်တွေကတော့ အမှတ်(၁) အနေနဲ့ ရွေးကောက်ပွဲမှာ NLD နိုင်သွားပြီ၊ ဒီတော့ လွှတ်တော်ခေါ်ဖို့ တိုက်တွန်းမယ်၊ ဒီလိုတိုက်တွန်းတာမှာ မလိုက်ပါလာရင်ကော ကျောင်းသားတွေက ဘာလုပ်ကြမလဲပေါ့၊ ဒါက (၂၇)ရက်နေ့ ထင်ပါရဲ့ အားပါးငြင်းကြ ခုံကြတော့တာပဲ တချို့က တိုက်ပွဲဖော်မယ်၊ စင်ပြိုင်ဖွဲ့မယ်၊ စတာတွေအပြင် NLD ကိုပါပြန်တိုက် စတဲ့ အူကြောင်ကြောင်တွေ ပါလာပါလေကော။

ဒါနဲ့အောင်ဖေက ဘေးမှာရှိနေတဲ့ သက်ဝင်းအောင်ကိုညှိတယ်။

“ဟေ့ကောင် ပွဲကတော့ သိပ်ကြည့်မကောင်းတော့ဘူး NLD ကိုတောင် တိုက်မယ် ဘာညာဖြစ်လာပြီဟ၊ တကယ်တော့ NLD ကိုပြည်သူက မဲပေးတာ ဒေါ်စုကြောင့်ကွ၊ ဒါကြောင့် ငါတို့ ဟိုတိုက် ဒီတိုက်တာထက်စာရင် ဒေါ်စုလွတ်မြောက်ရေး အရင်ဆုံးစတာကောင်းမယ်ကွ”

လို့ ညှိပါလေကော၊ ဒီတော့ဟိုကောင်ကလည်း။

“ဟာ၊ အေးကောင်းတယ်ကွ၊ ငါ မင်းဒီအဆိုကို တင်မယ်ဆိုပြီး အကသတွေနဲ့ သွားညှိမယ်ကွ”

ဆိုပြီး၊ ထသွားပြီး ညှိပါလေကော၊ အောင်ဖေလည်း တထိတ်ထိတ်နဲ့ပေါ့ သူတို့ကို အကဲခတ်နေရတယ်၊ အကသဆိုတဲ့ဟာတွေက အချဉ်တော့မဟုတ်ဘူး၊ သူတို့လက်မခံဘူးဆိုရင် အသေကို ဖင်ပိတ်ငြင်းတော့မှာ အခုကလည်း ပေါက်တက်ကရတွေ တင်လာငြင်းလာ ဖြစ်နေတော့ သူတို့လက်မခံဖြစ်နေတာ၊ မရဘူးဆို မရဘူးဘဲ၊ သူတို့က အင်အားကလည်းရှိတော့ သူတို့ကို ပစ်ပယ်မရဘူး၊ အကယ်၍ တိုက်ပွဲတခုခု ဖော်ရမယ်ဆိုရင် ဆရာသမားတွေ အင်အားပဲ အားကိုးရတာ၊ အင်းစိန်မှာ ဗိုလ်ခင်ညွန့် စကောလားရှစ်နဲ့ ကျောင်းသွား တက်ရတဲ့သူတွေက များများလာတော့ ဒီမိုကရေစီရေး ဆက်တိုက်ရမယ့်သူတွေက လူကနည်းနည်းလာပြီကိုး။ ဆရာသမားတွေ အင်အားရှိလို့တော်သေး။

ခဏနေတော့ ဒီကောင်ပြန်လာပြီး၊ ဟေ့ကောင် အဆင်ပြေတယ်ကွ မင်းအဆိုတင်လိုက် ဒီကောင်တွေ ထောက်ခံလိမ့်မယ်ကွနဲ့ ပြောပါလေကော၊ အဲဒီအချိန်မှာ ဆွေးနွေးပွဲမှာ စကားပြောနေတာက ကိုဖြိုး (ကိုဖြိုးမင်းသိန်း၊ ယခုလှည်းကူးအမတ်) သူက လက်ဟန်ခြေဟန်နဲ့။

“ဒီကိစ္စဟာ အလွန်ကိုမှ အင်မတန်သိမ်မွေ့ပါတယ်၊ အမှားခံလို့ မရပါဘူး၊ ကလေးမွေးသလိုပေါ့၊ အကြပ်အတည်းတွေကြားမှာ ဒီရင်သွေး(ဆိုလိုတာက ဒီမိုကရေစီပေါ့လေ) ကို မထိခိုက်၊ မကျဆုံးအောင် ဘယ်လိုဆောင်ရွက်ရင်ကောင်းမလဲ ဆိုတာပေါ့”  ဘာညာနဲ့ သူများတင်ထားတဲ့ အဆိုကို ကလေးမွေးပြီး ပြန်ချေဖျက် နေရတာလား မသိပါဘူး။

ဒါနဲ့ အောင်ဖေ လက်ထောင်လိုက်တော့ သဘာပတိလုပ်တဲ့သူတွေက မြင်သွားပြီး “ဟော တာမွေ ဗကသက ကိုအောင်ဖေ ဆွေနွေးပါ”  ဖြစ်လာကော၊ ဒါနဲ့ အောင်ဖေက ထပြီး။

“မှန်ပါတယ် အခုကိစ္စက ကလေးမွေးဖို့ မလိုပေမယ့်၊ ရဲဘော်တွေ ဆွေးနွေးသလို အလွန်ကိုမှ သတိထားကိုင်တွယ်ရမယ့် အခြေအနေတရပ် ဖြစ်ပါတယ်၊ ဒီနေရာမှာ တခု သတိထားရမှာက ပြီးခဲ့ မေလ(၂၇)ရက်နေ့ ရွေးကောက်ပွဲမှာ ပြည်သူတရပ်လုံးက NLD ကိုဘာလို့ ပုံအော မဲထည့်ခဲ့ပါသလဲ၊ အဖြေကတော့ ရှင်းပါတယ်၊ သူတို့တွေ အကုန်လုံးက ဒေါ်စုကိုယုံလို့ပဲ ဖြစ်ပါတယ်၊ ဒါကြောင့် NLD ကိုမဲထည့်တာ ဖြစ်ပါတယ်၊ အခုအခြေအနေမှာ ဦးဆောင်သူ ဒေါ်စုက ကျည်းထဲကျပ်ထဲ ရောက်နေတဲ့အတွက် သူဦးဆောင်တဲ့ ပါတီကို တိုက်မယ်ခိုက်မယ် ဆိုတာကတော့ မဖြစ်သင့်တဲ့ လုပ်ရပ်ဖြစ်သလို၊ တိုက်ပွဲလမ်းကြောင်း လွဲသွားနိုင်တဲ့ အနေအထားမျိုးကို ဦးတည်စေနိုင်ပါတယ်၊ အကယ်၍ ကျနော်တို့ တိုက်တွန်းသလို၊  NLD က မလိုက်ပါလာ နိုင်ခဲ့ဘူး ဆိုရင်တောင်မှ သူတို့ကို ပြန်တိုက်ဖို့ မလိုသလို၊ စစ်အစိုးရ ပြုတ်ကျရေးကိုပဲ မမှိတ်မသုန် ဆက်တိုက်ကြရမှာ ဖြစ်ပါတယ်၊ အဲဒီတော့ NLD အနေနဲ့ ဒီလမ်းကြောင်းပေါ်ကို လျှောက်လာစေချင်တယ် ဆိုရင်ဖြင့် ကျနော်တို့ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကို တောင်းဆိုရပါလိမ့်မယ်၊ ဒါကြောင့် ကျနော်တို့ တာမွေမြို့နယ် အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆိုတိုက်ပွဲဝင်ဖို့ တင်ပြပါတယ်”

ဘာညာနဲ့ အဆိုလည်း တင်လိုက်ကော၊ ဝေါကနဲ အကသတွေ တပြုံတခေါင်းကြီး ဟုတ်တယ်၊ မှန်တယ်၊ လက်ခံတယ်၊ ဒေါ်စုလွတ်မြောက်ရေး တိုက်ပွဲဝင်ရမယ် ဘာညာဖြစ်ကုန်ရော၊ အဲဒီတော့မှ ကန့်ကွက်သူ မရှိတော့ဘဲ ပထမဆုံး သဘောထားဖြစ်တဲ့ ဒေါ်စုလွတ်မြောက်ရေး တောင်းဆိုဖို့ဆိုပြီး ဖြစ်သွားပါလေကော၊ ပြီးတော့မှ နောက်ပိုင်း အဆိုပြုချက်တွေ ငြင်းကြ၊ ခုံကြ သဘောတူကြနဲ့၊ အောင်ဖေတို့ တာမွေအဖွဲ့လည်း အကသတွေနဲ့ အဆင်ကို ပြေသွားတော့တာပဲ။

(၂၈)ရက်နေ့ညကြတော့ အောက်ဗကသ ကိုယ်စားလှယ်တွေ ရွေးကြပါလေကော၊ အဲဒီမှာ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင် မြို့နယ်တွေရဲ့ ဇုန်(၂) ကိုယ်စားလှယ်အနေနဲ့ အောင်ဖေ့ကို အကသတွေ ကောင်းချီး ပေးတာကြောင့် အောင်ဖေလည်း အောက်ဗကသ (ယာယီ)ရဲ့ ကော်မတီဝင်အဖြစ် အရွေးခံရကော၊ သက်ဝင်းအောင်ကလည်း အကသကိုယ်စားလှယ်အနေနဲ့ ဒီ(၂၂)ဦးထဲမှာပါတယ်၊ မှတ်မိသလောက်တွေကတော့ ကိုအောင်ထွန်း၊ ကိုဗသက်အောင်၊ ကိုဖြိုး၊ ကိုအောင်ကျော်မြင့်၊ ကိုသားညွှန့်ဦး (VOA)၊ ကိုသက်ထွေး စတဲ့သူတွေပါတယ်၊ အဲဒီမှာတင် (၂၉ )ရက် ည ကြတော့ အထက်ဗကသ (ယာယီ) ကော်မတီတွေနဲ့တွေ့၊ ပြီးတော့ (၃၀)ရက်နေ့ လုပ်မယ့် အထက်၊ အောက် ဗကသ ညီလာခံအတွက် တိုင်ပင်စရာ ရှိတာတွေ တိုင်ပင်နဲ့ အတော်မိုးချုပ်သွားပါလေကော။ ဆွေးနွေးပွဲပြီးတော့ မနက်(၄)နာရီထိုးပြီ၊ ဒီတော့ အိပ်ခွင့်ရပြီဆိုပြီး အဆောင်ကိုပြန်အလာ။

“ကျနော်တို့ ဘုရားကြီးသွားမလို့ ခင်ဗျားတို့ကို စောင့်နေတာ”

အကသများက အောင်ဖေတို့နှစ်ဦးကို ပြောပါလေကော။

“အာ မနက်ပဲ ညီလာခံ လုပ်တော့မှာ ဘာသွားလုပ်မလို့လဲ”

လို့ အောင်ဖေက စောဒက တက်လိုက်သလို။ သက်ဝင်းအောင်ကလည်း

“မင်းတို့ အိပ်ပြီးပေမယ့် ငါတို့ မအိပ်ရသေးဘူးကွ”

လို့ အပိုင်ပြောလိုက်တယ်၊ အဲဒီမှာ

“တယောက်မှ မအိပ်သေးဘဲကို စောင့်နေတာ” တဲ့၊ မှတ်ကရော ခိုင်မာလှတဲ့ ဇွဲနဲ့ဝီရိယ။

ဒါနဲ့ သွားဖို့ပြင်ကြရတော့တယ်၊ တညလုံး အကသတွေနဲ့ထိုင်ပြီး တိုက်ပွဲဖော်နေတဲ့ ဦးဇင်းတွေကတော့ သတိပေးပါရဲ့ “သတိထားသွားကြ ရဲဘော်တို့” တဲ့။

ဦးဇင်းတွေ သတိပေးတယ်ဆိုတာက အကြောင်းရှိတယ်၊ ဘာလို့ဆို မြတောင်ကျောင်းတိုက်ဘေးမှာက မဝတရုံးလားမသိရှိတယ်၊ အဲဒီအထဲမှာ ထောက်လှမ်းရေးတွေက စောင့်နေကြတယ်၊ အောင်ဖေတို့ လက်ဘက်ရည်သောက်ရင်တောင် မြတောင်ကျောင်းကို ကာထားတဲ့ အုတ်တံတိုင်းပေါ်မှာ တန်းစီပြီး တံတိုင်းဘေးကပ်လျှက် ဖွင့်ထားတဲ့ လက်ဘက်ရည်ဆိုင်ကို လှမ်းမှာ သောက်ရတာ၊ အောက်မဆင်းရဲဘူး ဆင်းတာနဲ့ လက်ဘက်ရည်ဆိုင်ထဲမှာ ရှိနေတတ်တဲ့ ထောက်လှမ်းရေးက ဆွဲမယ်ဆိုတဲ့ အထာတွေနဲ့ချည်းပဲ။ ဒါကြောင့် အခုလို မနက်အစောကြီးတော့ ဒီဘဲတွေလည်း အိပ်နေလောက်ပြီဆိုပြီး အရဲစွန့်သွားဖို့ ဆုံးဖြတ်ကြတာ။

ညီလာခံ ညီညွတ်ရေးကြောင့်လားတော့ မသိပါဘူး၊ အောင်ဖေက နှစ်ယောက်တတွဲစီ သွားကြမယ်ဆိုတော့ အကသတွေက ဘာမှစောဒက မတက်ကြဘူး၊ အဲဒီအချိန်က ညမထွက်ရအမိန့်၊ မာရှယ်လောက မနက်၎နာရီအထိ ရှိနေတုန်း၊ ဒါနဲ့ကျောင်းဝင်းထဲက အသာလေးထွက် မဝတရုံးရှေ့ရောက်တော့ သက်ဝင်းအောင်နဲ့ နောက်တယောက်အတွဲရယ်၊ နောက်ဆုံးက နှစ်ယောက်အတွဲရယ်ကို မဝတရုံးထဲက ဘာသာတရား အလွန်ကိုင်းရှိုင်းတဲ့ ထောက်လှမ်းရေးတွေ ထွက်လာပြီး နန်းတော်ထဲက စစ်တပ်ဝင်းရှိရာကို ဘုရားဖူး ခေါ်သွားပါလေကော၊ အောင်ဖေနဲ့ ကိုကျော်စွာတို့အတွဲရယ်၊ ရှေ့ဆုံးက အကသနှစ်ယောက်အတွဲရယ် ဘာရမလဲ ခြေကုန်သုတ် ပြေးရတော့တာပေါ့။

လွတ်လောက်ပြီထင်တဲ့ နေရာရောက်တော့မှ လက်ဘက်ရည်ဆိုင် တဆိုင်ထဲဝင်ထိုင်ပြီး ဘယ်လိုလုပ်ကြမလဲပေါ့၊ အောင်ဖေကပြောတယ်။ “အေး ခုမှတော့ ဘာမှမတတ်နိုင်ဘူး ဘုန်းကြီးပဲ သွားလျှောက်ရတော့မှာပေါ့” လို့ပြောပြီး တခြားဘက်က ပတ်ပြီး ကျောင်းဝင်းထဲပြန်ဝင်လာ၊ ပြီးတော့ မြတောင်ကျောင်းတိုက် သံဃသာမဂ္ဂီ ဆရာတော်ကို လျှောက်ရတော့တာပေါ့၊ ဆရာတော်ကတော့ ရှေ့ဆက်လုပ်ရမယ့်ဟာတွေ(ညီလာခံ) ဆက်လုပ်ကြဦးပေါ့လို့ မိန့်တယ်။

ညီလာခံက နေ့လည်၁၂နာရီလားမသိ စမှာ၊ မစိုးရိမ်ကျောင်းတိုက်မှာလား မသိ၊ အောင်ဖေတို့ကတော့ မသိပါဘူး၊ လမ်းပြက လူခွဲခွဲပြီး ခေါ်သွားလိမ့်မယ် လို့တော့ စီစဉ်သူတွေက ပြောတယ်၊ ဒါနဲ့အောင်ဖေလည်း လမ်းပြလုပ်တဲ့ ကိုရင်လေးခေါ်တဲ့အတိုင်း သွားရတော့တာပေါ့၊ သွားမယ့်ကျောင်းနားမရောက်ခင်ထင်ပါရဲ့ ဈေးတခုဘေးက လမ်းကြားလေးမှာ တမြို့လုံး ချထားတဲ့ လုံထိန်းတပ်တွေအထဲက အရပ်ဝတ် ထောက်လှမ်းရေးတယောက်နဲ့ ရဲဘော်၃-၄ယောက်က အောင်ဖေ့မြင်သွားပြီး စစ်ပါလေကော၊ အဲဒီမှာ ရေးချွတ်ဖို့ ခါးကြားထဲ ဖွက်ယူလာတဲ့ စာအုပ်လွတ်တခုကို တွေ့တာနဲ့တင် ဖမ်းမယ်ဆီးမယ် လုပ်ပါရော။

ရဲဘော် သူ့ခေါ်သွားလိုက်ဆိုပြီး အမိန့်ပေးလိုက်တဲ့ ထောက်လှမ်းရေးကြောင့် အောင်ဖေ့ကို လုံထိန်းနှစ်ယောက်က တယောက်တဘက်ဆီ လက်မောင်းကနေချုပ်ပြီး အချုပ်ကားဆီ ဆွဲခေါ်သွားပါလေကော၊ သူတို့အရပ်နဲ့ အောင်ဖေ့အရပ်နဲ့က အတော်ကွာတာဆိုတော့ spiderman 2 အထဲက လူဆိုး သိပ္ဗံပညာရှင်လို မြေကြီး ထိတချက် မထိတချက်ဖြစ်ပြီး၊ မြောက်မြောက် မြောက်မြောက်နဲ့ အောင်ဖေပါသွားတော့တာပဲ။

ကံကောင်းချင်တော့ တဘက်ကနေလာနေတဲ့ မြတောင်ကျောင်းက ဦးဇင်း၅ပါးက ဒါကိုမြင်သွားပြီး၊ ဒီလုံထိန်းနှစ်ယောက်ကို ဟေ့ကောင် မင်းဘာလုပ်တာလဲ မင်းတို့ဘာတွေ့လို့ ဖမ်းတာလဲ ဘာညာနဲ့အတင်းဝင် ဆွဲတော့တာပဲ၊ အောင်ဖေကလည်း

“တပည့်တော် ဘုရားဖူးလာတာဦးဇင်း၊ တပည့်တော်မှာ ဘာမှမပါဘဲ သူတို့ဖမ်းတာ”

စတဲ့ ပါးစပ်ထဲတွေ့ကရာ လျှောက်ပြောတော့တာပေါ့၊ ဒါနဲ့ဦးဇင်းတွေက ဝိုင်းဆွဲတာနဲ့တင် လုံထိန်းတွေလည်း ကြောက်လန့်ပြီး လက်အလွှတ် အောင်ဖေလည်း ဘုန်းကြီးတွေဆွဲခေါ်ရာနောက် မြောက်မြောက်၊ မြောက်မြောက်နဲ့ ပါသွားပြန်ပါလေကော၊ ပြီးတော့ အဲဒီဘေးနားက ဘုန်းကြီးကျောင်းဝင်း တခုထဲမှာ ခဏနားနေပြီးမှ ဦးဇင်းတွေကပြောတယ်၊ ညီလာခံကတော့ မဖြစ်တော့ဘူးရဲဘော် အဲဒီတော့ ကျောင်းပဲ ပြန်နားတာ ကောင်းမယ်ပေါ့လေ၊ ဒါနဲ့ ဘုန်းကြီးတွေက အောင်ဖေ့ကို အလယ်မှာထားပြီး မြတောင်ကျောင်းကို ပြန်ခေါ်လာတော့တာပဲ။

လမ်းမှာလည်း ရေခဲခြစ်ရောင်းတဲ့သူတွေကအစ ဟိုဘက်လမ်းရှင်းတယ်၊ ဒီဘက်လမ်းမသွားနဲ့ ဘုရား၊ ဘာညာနဲ့ သတင်းပေးတာလည်း ပါတာပေါ့လေ။

နိုင်ငံလုံးဆိုင်ရာ ညီလာခံကလည်းမဖြစ်၊ ပျက်သလိုဖြစ်သွားတော့ ပြန်ရောက်လာတဲ့ လူတွေစုပြီး သက်ဝင်းအောင်တို့ လွတ်မြောက်ရေးအတွက် ဘာလုပ်ကြမည်နည်းဟု အစည်းအဝေး ထိုင်ကြရပါကော၊ အဲဒီလိုထိုင်နေတုန်းပဲ အဖမ်းခံထားရတဲ့သူ (၄)ဦးပြန်လွတ်လာတာနဲ့ နောက်ရက်တွေမှာ အသီးသီး ရန်ကုန် ပြန်ခဲ့ကြရတော့တာပဲ။

(၂)

ရန်ကုန်ပြန်ရောက်တော့ ပြဿနာက တက်ပါလေကော၊ ဘာလို့ဆို နွေးထွေးမှုလွန် (ပူလွန်းလို့) မြတောင်ကျောင်းတိုက်က ကြမ်းပြင်ပေါ်မှာ ၄-၅ ည ဆက်တိုက်အိပ်ခဲ့ရလို့လားမသိဘူး အောင်ဖေတယောက် တင်ပါးမှာ ဝဲပေါက်ပါလေကော၊ ဆေးခန်းသွား အမြန်ကုလိုက်ရတယ်၊ အကြောင်းက ဇူလိုင် ၅-၆-၇ မှာ လူ့ဘောင်သစ်က နိုင်ငံလုံးဆိုင်ရာ အထူးအစည်းအဝေးကြီး ကျင်းပဖို့ ရှိနေတော့၊ ရန်ကုန်တိုင်းက ကိုယ်စားလှယ် (၅)ဦးထဲမှာ အောင်ဖေလည်းပါနေတော့ မဖြစ်မနေ တက်မှရမယ်လေ။

အထူးအစည်းအဝေးကနေ ကိုမြင့်ဇော်ကို ပါတီဥက္ကဌ ရွေးလိုက်တော့ လစ်လပ်သွားတဲ့ တိုင်း ဥက္ကဌနေရာမှာ တွံတေးက ကိုမြင့်လွင်က ဥက္ကဌဖြစ်လာတယ်၊ အောင်ဖေလည်း တိုင်းစည်းရုံးရေးမှူး တာဝန် ပြောင်းယူ ရတော့တယ်။ အဲဒီအချိန်မှာတင်ပဲ နားသူတွေနားကုန်ကြတာနဲ့ ကော်မတီဝင်အသစ်တွေနဲ့ ထပ်ဖွဲ့တော့ ကိုလှမြင့်တို့၊ ကိုအေးမြင့်တို့တွေ ကော်မတီဝင်တွေ ဖြစ်လာကြတော့တာပဲ။

ပါတီဗဟိုကော်မတီအသစ်တွေကို တိုင်း၅တိုင်းနဲ့ ပြည်နယ် နှစ်ပြည်နယ်က ကိုယ်စားလှယ် (၂၃)ဦးနဲ့ ဖွဲ့ထားတာဆိုတော့ ကျောက်ကုန်းဌာနချုပ်မှာ လူကတော့ အတော်စည်တာ။ တခါတခါ အခမ်းအနားလုပ်ရင် ထောက်လှမ်းရေးကတော့ ထုံးစံအတိုင်း ကြပ်တာပေါ့ ဦးရေဘယ်လောက်၊ ဘယ်နှစ်နာရီ ခွင့်ပြုစာ ကြိုတင်ရမယ် ဘာညာပေါ့လေ၊ တခါတော့ အခမ်းအနားလုပ်တာ ခွင့်ပြုချက် တောင်းထားတဲ့ အချိန်ထက် ပိုကြာသွားတော့၊ ရန်ကင်း မဝတဥက္ကဌက ကိုမြင့်ဇော်ကို ခေါ်ပါလေကော၊ အောင်ဖေလည်း အဖော်လိုက်သွားတာပေါ့၊ အဲဒီမှာ မဝတဥက္ကဌက ဗိုလ်မှူးအဆင့်ရှိတဲ့ စစ်သားဆိုတော့ သူနားလည်သလို ပြောလိုက်တာက။

“မောင်မြင့်ဇော် မင်းတို့ကို ကို်ယ်ပြောမယ်၊ နောက်တခါ အစည်းအဝေးလုပ်ရင် ၃နာရီကြာမယ်ဆိုရင် ရှုပ်တယ်ကွာ ၅နာရီလောက်တင်ထားလိုက် ဒါမှအလုပ်မရှုပ်မှာ မဟုတ်ရင် ကို်ယ်လည်း အလုပ်ရှုပ်တယ်ကွ” တဲ့။

အော ဟိုက (ထောက်လှမ်းရေး) က အချိန်အကြာကြီး ပေးမလုပ်ချင်လို့ ၃နာရီပဲ ခွင့်ပြုမယ်၊ လော်စပီကာ မသုံးရ အဲဒီလို ဈေးဆစ်နေရတဲ့အထဲ၊ သူက အချိန်ပိုသွားတာ မဖြစ်အောင် တနာရီ နှစ်နာရီ ပိုတင်ထားလိုက် လို့ပြောတော့၊ အောင်ဖေတို့လည်း ရီချင်သွားပြီး ဟုတ်ကဲ့ပေါ့လေ မသိချင်ယောင်ဆောင် ပြောပြီး ပြန်လာ၊ ရုံးရောက်တော့ တခွီးခွီး ရီကြရတော့တာပေါ့။ နောက်တော့ အဲဒီမဝတ ဥက္ကဌလည်း ဘယ်ပြောင်းသွားရသလဲ မသိတော့ပါဘူး။

ဒါပေမယ့် နောက်ပိုင်း အမျိုးသားညီလာခံ ကျင်းပရေးကို လက်ခံရမယ်ဆိုတဲ့ ကြေညာချက်လားမသိ အဲဒီ(၁/၉၀) ကို လူ့ဘောင်သစ်က သဘောတူ လက်မှတ်မထိုးတာနဲ့တင် ဗဟိုကော်မတီတဖွဲ့လုံးကို တလလောက် ဖမ်းသလို၊ အောင်ဖေတို့ တိုင်းရုံးလည်း ဌာနချုပ်ရှိရာ ကျောက်ကုန်းကို ပြောင်းလာရတော့တယ်။

ဒီအတောအတွင်းမှာပဲ ဗိုလ်ခင်ညွန့်ကလည်း (၁၀၁)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲမှာ လူ့ဘောင်သစ် ကလည်း ဗကသ၊ အကသတွေနဲ့ မရှင်းမလင်း လုပ်နေပါတယ်၊ ဘာညာပြောတော့၊ ကိုမြင့်ဇော်က အောင်ဖေ့ကို ဟေ့ကောင် ကျုပ်ကြက်လိ (ကြည့်ကျက်လုပ်) တော့နော် မင်းအဘက ပြောနေပြီ ဆိုတာနဲ့တင် အောင်ဖေလည်း အောက်ဗ တာဝန်ကို မယူဖြစ်တော့ပဲ ပုဇွန်တောင်က ကိုဌေးအောင် (ယခုပြည်တွင်း)ကို လွှဲပေးလိုက်ရ တော့တာပဲ၊ ဒါပေမယ့်စက်တင်ဘာလ (၁၆)ရက်နဲ့ (၂၁)ရက်နေ့တွေက ပန်းဆိုးတန်းမှာလုပ်တဲ့ လွှတ်တော်ခေါ်ရေး ဆန္ဒပြပွဲကိုတော့ အကသတွေနဲ့ ဝင်နွဲဖြစ်လိုက်သေးတယ်။ အဓိကကတော့ ကားလမ်းမ ကိုပိတ် ခွေးခြေခုံတခု ဆွဲယူလာ တရားဟောတဲ့ သူကဟော အောင်ဖေတို့တွေက လမ်းသွားလမ်းလာတွေကို တောင်းဆိုချက် (၅)ချက်ပါတဲ့ ကြေညာချက်တွေဝေ၊ စစ်ကားတွေ ရောက်လာတော့ ထွက်ပြေးပေါ့။

ပတ္တနိက္ကုဇနကံဆိုတာက နိုဝင်ဘာလကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ကစလို့ ထင်ပါရဲ့ ဘုန်းကြီးတွေက အာဏာပိုင်တွေကပ်တဲ့ ဆွမ်းကွမ်းကို လက်မခံဘဲ သပိတ်မှောက် ကံဆောင်ကြတာကိုး၊ ဒီလှုပ်ရှားမှုက ကျောင်းသားလှုပ်ရှားမှုတွေနဲ့ ဆက်စပ်နေတော့ အောက်ဗက လူတွေကို လိုက်ဖမ်းပြီဆိုတော့ အောင်ဖေလည်း ညောင်တုန်းဘက်သွားပြီး တလလောက် ရှောင်နေလိုက်ရသေးတယ်၊ အေးဆေးဖြစ်သွားတော့မှ ပြန်လာပြီး ကိုမြင့်ဇော်ကို ပြောတယ်။

“ဟေ့လူ၊ မရတော့ဘူးနဲ့ တူတယ်ဗျ၊ ဒီဘဲတွေက ဘုန်းကြီးတောင် မရှောင်ဘူး အကုန်တွယ်တာဆိုတော့ ကျုပ်တို့ တောခိုတာ ကောင်းမယ်ထင်တယ်ဗျ၊ ဒီအတိုင်းတော့ ဘလိုင်းကြီး အဖမ်းခံရရင် မချောင်ဘူး၊ လူတွေလည်း မရှိတော့ဘူး”  ပေါ့လေ။

အဲဒီမှာ ကိုမြင့်ဇော်ကပြောတယ်။

“ဟေ့ကောင် ငါသိပါတယ်ကွ အသာနေဦးဟ စီစဉ်နေတယ်၊ သွားတဲ့အခါ မင်းအဆင်သင့် လိုက်နိုင်အောင်သာ ပြင်ထား” တဲ့။

ဒါနဲ့ အောင်ဖေတို့တတွေလည်း သဘောပေါက်သွားပြီး ဘာသိဘာသာနဲ့ ရှုးသလိုပေါသလို၊ ထမင်းချက်စားလိုက် လက်ဘက်ရည်ဆိုင် ထိုင်လိုက်နဲ့ ဟိုလပ်ယျားလပ်ယျား၊ ဒီလပ်ယျားလပ်ယျား နေနေတော့တာပဲ၊ လှုပ်ရှားမှုတွေလည်း ဘာမှမယ်မယ်ရရ သိပ်မလုပ်ဖြစ်တော့ဘူး၊ ပုံမှန်လောက်ပါပဲ၊ အဲဒီအချိန်မှာ ဌာနချုပ်မှာက လူတောင် အတော်နည်းသွားပြီ၊ ကိုအောင်မိုးဇော်တို့ ကိုဇော်မင်း(ဘန်ကောက်)တို့၊ ကိုအောင်ကျော်စိုး (နော်ဝေ) (ရန်ကုန်တိုင်း မြို့နယ်စု)တို့က တပါတီလုံးက ဗဟိုကော်မတီတွေကို ဖမ်းကတည်းကိုက သူတို့က ရှောင်ပြီး တောထဲ သွားကြပြီ၊ ဆိုတော့ ဌာနချုပ်မှာ ကိုမြင့်ဇော်၊ ကိုဇေယျ၊ ကိုမျိုးလွင်၊ ကိုကျော်လှဖုန်း၊ ကိုထွန်းဝဏ္ဍ (ပြည်)၊ စတဲ့သူတွေနဲ့ ရန်ကုန်တိုင်းက ကိုအေးမြင့်တို့ ကိုလှမြင့်တို့ စသူတွေပဲ ကျန်တော့တယ်။ ပုံမှန်တော့ ၄-၅ယောက်လောက်ပဲ ညအိပ်နေကြတယ်၊ မနက်မှ ကျန်သူတွေက အိမ်ကနေ ဒါမှမဟုတ် တည်းတဲ့အိမ်တွေကနေ ရုံးကိုပြန်လာပေါ့လေ။

ဌာနချုပ်ခန်းမနောက်မှာ ကွပ်ပျစ်လိုလုပ်ထားပြီး ညအိပ်ရင် အဲဒီမှာ စုအိပ်ကြရတယ်၊ မိုးရွာတဲ့ရက်တွေဆို ပြဿနာတက်ကော၊ ဘာလို့ဆို မိုးကရွာတော့ ဆောက်ထားတဲ့တဲ ဓနိမိုးကနေ မိုးယိုတော့တာပေါ့၊ အဲဒီလို မိုးယိုတဲ့အခါ အောင်ဖေက ကျောချင်းကပ်အိပ်နေတဲ့ ကိုမြင့်ဇော်ကို။

“ဟေ့လူ ဟိုဘက်တိုးဦးဗျ၊ ဒီမှာမိုးယိုနေပြီဗျ”

လို့ပြောရင်၊ သူကလည်း ပြန်ပြောတာက။

“ဒီဘက်က ယိုနေတာကြပြီကွ၊ ငါလည်းခေါင်းမြှီးခြုံပြီးတော့ စိုစို မစိုစို ဆိုပြီးနေနေရတာဟ” တဲ့။

အဲဒီလို ပေတေပြီး နေနေကြရတော့တာပါပဲ၊ စားစရာကတော့ မော်ကျွန်းကိုသွား ဆန်အိတ်ထမ်းလာ၊ ဟိုလူကလှူ ဒီလူကလှူ ဒီအထဲက ကိုလှမြင့်က ဦးဆောင် ချက်ပြုတ် အဲဒီလို နေနေကြရတာ၊ ဘာလို့ဆို နောက်ဆုံးမျှော်လင့်ချက် ရှိနေသေးတာကိုး။

အောင်ဖေတို့တွေကို လှူတဲ့ တန်းတဲ့သူတွေအထဲက ကြည့်မြင်တိုင်က မဝါတို့ မညိုတို့ မိသားစုတွေနဲ့၊ ကျောက်ကုန်းကွေ့မှာ အိမ်ဆိုင်လေးဖွင့်ပြီးနေတဲ့ အန်တီဘေဘီတို့ မိသားစုကတော့ အမှတ်တရတွေပဲ၊ ဘယ်သူဘယ်အချိန်ချိန် သွားသွား စားပြီးသောက်ပြီးမှ ပြန်သွားဆိုတဲ့သဘော၊ မစားပဲ ပြန်ကို မပြန်ရဘူး ဆိုပါတော့ ပြီးရင် ရုံးမှာကျန်တဲ့သူတွေ သုံးဖို့စွဲဖို့တောင် လမ်းစားရိတ်ဆိုပြီး ငွေစလေးတွေ ထည့်ထည့်ပေး တတ်သေးတယ်။

အန်တီဘေဘီမှာက သမီး အပျိုမလေး(၃)ယောက်ရှိတော့ သူတို့တွေနဲ့က အောင်ဖေတို့က အကိုတွေလို၊ သူငယ်ချင်းတွေလို ဖြစ်နေကော၊ အားရင် သူတို့ဆီသွား ထိုင်စကားပြော လိုတာဝိုင်းကူ၊ အန်တီကြီးက ထမင်းစားပြီးလားလို့မေး မပြီးသေးရင် တခါထဲဝင်စား အဲဒီလို စားအိမ်သောက်အိမ်လိုကို ဖြစ်နေကော၊ ဒါပေမယ့် ဘယ်သူကမှ ဒီညီအမတွေကို မငမ်းရဲဘူး၊ ထောက်လှမ်းရေး အာရုံလွဲအောင်သာ ဟိုလိုလို ဒီလိုလို သွားသွားရစ်နေသလို ပုံဖမ်းနေကြတာ၊ အမှန်က အောင်ဖေတို့တတွေက နိုင်ငံရေးပိုး ဝင်သွားကြပြီဆိုတော့ တိုင်းပြည် အပြောင်းအလဲအတွက်ပဲ တခုခု လုပ်ချင်နေကြတာလေ။

(၃)

ဒီလိုနေနေရင်းနဲ့ ၁၉၉၁ ခုနှစ်ထဲရောက်လို့ တရက်မှာတော့ အောင်ဖေ့အမ ခိုင်းတဲ့အတွက် တောင်ဥက္ကလာဘက်ကိုသွားရင်း အပြန်မှာဌာနချုပ်ကို ဝင်လာဖြစ်ကော၊ အချိန်ကတော့ ညနေစောင်းနေပြီ ပြောရမယ်၊ အဲဒီမှာ ကိုမြင့်ဇော်က။

“ဟေ့ကောင် အောင်ဖေ၊ မင်းအိမ်မပြန်နဲ့တော့” တဲ့။

ဘာလို့လဲဗျ အရေးကြီးလို့လားပေါ့၊ အေးအရေးကြီးတယ်တဲ့၊ အာဒါဆို ခဏနေဦးဗျ အမတောင်းခိုင်းတဲ့ ပိုက်ဆံတွေ သွားပြန်ပေးလိုက်ဦးမယ် ပြီးမှ ပြန်လာမယ်ဆိုပြီး အိမ်ပြန် အဝတ်အစား ၁-၂ ထည်ယူပြီး ပြန်လာတာပေါ့၊ အဲဒီမှာ တောခိုဖို့ မနက်ခရီးထွက်ရမယ်ဆိုတာ သိတော့တာပဲ။

သွားရမယ့်သူတွေက ကိုချစ် (စိုးဝင်းညို၊ ဒီဗီဘီ နော်ဝေမှာကွယ်လွန်)၊ ကိုလှမြင့်၊ ကိုအေးမြင့်နဲ့ အောင်ဖေ၊ ကိုမြင့်ဇော်နဲ့ ကျန်တဲ့သူတွေက နောက်အသုတ်နဲ့ ထွက်မယ်တဲ့၊ ဒါနဲ့ နောက်နေ့မနက်မှာ ကြည့်မြင်တိုင် အဝေးပြေးကားဂိတ်ကနေ ကားလက်မှတ်ဝယ်ပြီးတော့ ရန်ကုန်-မန္တလေး ကားလမ်းပေါ်က မြို့တမြို့ကို ချီတက်ကြရတော့တာပဲ။

ဟိုရောက်တော့ အဓိကကျတဲ့သူကို ၂-၃ရက် စောင့်နေရသေးတယ်၊ သူပြန်လာတော့ ခရီးစဉ်စရပြီမှတ်တာ၊ သူပြောမှ အောင်ဖေတို့လေသွားတယ်။

“ဒီလမ်းကြောင်းက အရမ်းစိတ်ချရလို့၊ ဥက္ကဌကို အရင်လွှတ်ပြီးမှ ခင်ဗျားတို့ကို ဒုတိယအသုတ်အနေနဲ့ လွှတ်နိုင်မယ်၊ အဲဒီအတွက် ဆောရီးပါ၊ ဒီတော့ ခင်ဗျားတို့ ရန်ကုန်ပြန်ပြီး ဟန်မပျက်သာနေပါ”တဲ့။

ခဲလေသမျှ၊ သဲရေကျ ဖြစ်ကော။ အောင်ဖေကတော့ ပြောပါသေးတယ် ခင်ဗျားကလည်းဗျာ အခုဆို ကျနော်တို့ထွက်လာတာ ထောက်လှမ်းရေးက သိလောက်ပြီဗျ၊ ပြန်ရရင် ပြဿနာ တက်နိုင်တယ်ဗျပေါ့လေ၊ သူကတော့ ဆောရီးပဲ၊ ဒါနဲ့ သူမှမပို့ပေးနိုင်တာ ပြန်ရတော့မှာပေါ့လေဆိုပြီး စိတ်ဒုန်ဒုန်းချပြီး ရန်ကုန်ပြန်ခဲ့ရပါလေကော။

ထင်တဲ့အတိုင်း ရန်ကုန်ပြန်ရောက်တော့ ကိုမြင့်ဇော်ကပြောတယ်။

“ဟေ့ကောင်အောင်ဖေ မင်းအမေ ရုံးလာသွားတယ်၊ တငိုငို တရီရီနဲ့ မင်းအိမ်ကို ထောက်လှမ်းရေးက ဧည့်စာရင်းဝင်စစ်တာ မင်းမရှိလို့တဲ့ ပြန်လာရင် သတင်းပို့ပါ ပြောတယ်တဲ့၊ အဲဒီတော့ မင်းခဏတော့ အိမ်အပြန် ပြလိုက်ကွာ” တဲ့။

“ဟာ ဟေ့လူ မရဘူး၊ ကျုပ်ပြန်ရင် အဖမ်းခံရမှာပေါ့ဗျ” လို့ပြောပေမယ့်၊ ကိုမြင့်ဇော်က ခဏပါကွာ ၃-၄ရက်ပေါ့ ငါအမြန်စီစဉ်ပါ့မယ်ဆိုတာနဲ့ အောင်ဖေလည်း ညနေစာင်းတော့ အိမ်ကိုပြန်ခဲ့ပါလေကော၊ အိမ်ရောက်တော့ ရဝတဥက္ကဌကို သတင်းပို့ပါလို့ ပြောတယ်လို့ အိမ်ကလူတွေက ပြောတာပေါ့၊ အောင်ဖေရိပ်မိတယ် ပြဿနာကတော့ တက်ပြီ၊ ဘာလို့ဆို အဲဒီအချိန်က ဘိုကလေးဘက်မှာလည်း ကရင်က လက်နက်တွေနဲ့ မိလို့ဆိုပြီး တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတဲ့သတင်းက ကြားနေရတာကိုး။ အောင်ဖေနောက်ရက်မှ သွားတော့မယ်ပေါ့လေ။

နောက်ရက်တော့ အမေက သုံးဖို့စွဲဖို့ ပိုက်ဆံပေးတာနဲ့ သူငယ်ချင်းနဲ့တောင် ဗေဒင်သွားမေးလိုက်သေးတယ်၊ ဘာတဲ့ နာမည် မွေးနေ့ရေးပြီး၊ မေးခွန်း၃ခုကို ရေးထားလိုက် ဗေဒင်ဟောတဲ့သူက အကုန်ဖြေပြသွားလိမ့်မယ်တဲ့၊ ဒါနဲ့ စမ်းကြည့်တာပေါ့ ဆိုပြီးသွားမေးတယ်၊ ဟုတ်သား ဗေဒင်ဆရာမ ဖြေတာက ကွက်တိတွေပဲ၊ မောင်လေးက တနင်္ဂနွေသားပဲ ဒီရက်ပိုင်းအတွင်း သွေးထွက်သံယိုဖြစ်ကိန်းရှိတယ် သတိထား၊ မောင်လေးက ရေခြားမြေခြားမှာ ကြီးပြင်းရလိမ့်မယ်တဲ့ ဆိုတော့ အော်ငါတို့ကျောက်မြောင်းအိမ်ကိုရောင်းပြီး နယ်ရွှေ့ပြီး အခြေစိုက်ဖြစ်မယ် ထင်ပါရဲ့ပေါ့လေ၊ ဒါနဲ့သူက ထပ်မေးတယ် မောင်လေး ဘာသိချင်သေးလဲတဲ့။ အောင်ဖေကမေးတယ် ဒီရက်ပိုင်းအတွင်း ငွေဝင်ကိန်းရှိလားဆိုတော့၊ ၄၅ရက်အတွင်း ရွှေကောငွေကော ဝင်စရာ အကြောင်းမရှိဘူးတဲ့။

ဒီဗေဒင်မှန်တာကို ညဘက်ရောက်တော့ သိလိုက်ရတော့တာပဲ။ ရဝတရုံးကိုသွားပြီး ဥက္ကဌ လုပ်တဲ့သူကို ကျနော့်ကို ခေါ်ထားတယ်ဆိုအကိုလို့ပြောတော့။

“ဟာအောင်ဖေ ညီလေး၊ အေးဟုတ်တယ်ကွ၊ မင်းကို မဝတ ဥက္ကဌက တချက်လာတွေ့ပါ ပြောလို့ကွ၊ သွားကြရအောင်” တဲ့၊ သွားပြီ ညကြီးမင်းကြီး ဒီမဝတ ဥက္ကဌလုပ်တဲ့သူက ဘာအကြောင်းကြောင်း ကြောင့်မှ တွေ့စရာ မရှိဘူး၊ ငါတော့ ဖမ်းပြီဆိုတာ ရိပ်မိလိုက်တယ်၊ ထွက်ပြေးလို့ကလည်းမဖြစ်၊ အိမ်ကစထွက်ကတည်းက နောက်ယောက်ခံလိုက်လာတဲ့ ဘဲ၃ပွေကလည်း ဟိုလိုလို ဒီလိုလို ရှိနေဆိုတော့၊ သွားရတော့မှာပေါ့လေ။ ရဝတရုံးထဲမှာ ဧည့်စာရင်း လာတိုင်ပုံထင်ရတဲ့ သူတွေကတော့ အောင်ဖေ့ကြည့်ပြီး အင်းတက်ကြွတဲ့ ကြက်ဖတကောင်တော့ ထိပြန်ပါကောလား ဆိုပြီး စိတ်မကောင်းတဲ့ မျက်နှာတွေနဲ့ ကျန်ခဲ့ပေါ့လေ။

ဟိုရောက်တော့ အခန်းတခုထဲ ထိုင်ခိုင်းထားပြီး၊ ခဏနေတော့ ဗိုလ်ကြီး အောင်ခိုင်ထွန်း (နောက်မှ နာမည်သိရတာ၊ သူက ထောက်လှမ်းရေး ၁၂ က) ဆိုတဲ့သူက စကားပြောစက်လေးကိုင်ထားပြီး ညီလေးခဏထိုင်ဦးကွာ ပြီးတော့သွားကြတာပေါ့တဲ့၊ ပြုံးဖြဲဖြဲနဲ့ လာပြောတယ်၊ ခဏနေတော့ မဝတရုံးဝင်းထဲကနေ ထွက်ကော၊ အဲဒီကြမှ ရှေ့မှာရပ်ထားတဲ့ E2000 ကားလေးထဲကို တက်ခိုင်းပြီး နောက်ပြန်လက်ထိတ်ခတ်၊ မျက်နှာအဝတ်စည်းပြီး ခေါ်သွားပါလေကော။

သက်ခိုင်
(၁၅း၅၄)နာရီ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, ရသဆောင်းပါးစုံ, သက်ခိုင်, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်