ဒေါက်တာကျော်တင့် ဘာသာပြန် – George Orwell – ဆင်ပစ်ခြင်း

January 6, 2015

ဒေါက်တာကျော်တင့် ဘာသာပြန် – George Orwell – ဆင်ပစ်ခြင်း
(မိုးမခ) ဇန်န၀ါရီ ၆၊ ၂၀၁၅

မြန်မာပြည်အောက်ပိုင်းကမော်လမြိုင်မြို့မှာ ကျနော်ဟာ လူများစုရဲ့ မုန်းတီးမှုကို ခံခဲ့ရတဲ့သူပါ။ ဒီလောက် မြို့မေတ္တာခံယူရတဲ့အထိ အရေးပါဘူးတာ ကျနော့်တသက်နဲ့တကိုယ် အဲဒီတခါပဲရှိခဲ့ဘူးပါရဲ့ ။ ဦးတည်ချက်ရယ်လို့ ရေရေရာရာမရှိ၊ ဘာမှန်းလဲအကျယ်တဝန့်မသိကြပေမဲ့ အလွန်အင်မတန် ခါးသီးတဲ့ ဥရောပသားဆန့်ကျင်စိတ်ဆိုတာက နယ်ခံတွေရဲ့ ရင်တွင်းမှာ နက်ရှိုင်းစွာကိန်းအောင်းနေတဲ့ အဲဒီလိုဒေသမှာမှ ကျနော်က ခရိုင်လက်ထောက် ပုလိပ်အရာရှိ လာလုပ်နေခဲ့ရတာကိုး။ ဘယ်သူမှ ပုန်ကန်ထကြွဘို့အဆင့်အထိ တကယ်သတ္တိရှိကြတာ မဟုတ်ပေမဲ့၊ ဥရောပသူ အမျိုးသမီးတယောက်ထဲများ ဈေးထဲကို ဖြတ်လျှောက်မိခဲ့ရင် သူ့ဂါဝန်လှလှပပပေါ်မှာ ကွမ်းသွေးတွေ ထွေးချသွားတာ ခံရတတ်တယ်။ ပုလိပ်လုပ်ရတဲ့ ကျနော်ကတော့ သူတို့ရဲ့ကွက်ကွက်ကွင်းကွင်းမြင်သာတဲ့ ပစ်မှတ်ကြီးပေပေါ့ဗျာ။ သူတို့အတွက် ပြဿနာမတက်လောက်ဘူးထင်ရင် ကျနော့်ကို တမင်အကွက်ဆင်ခေါ်ပြီး ဂျောက်ကျအောင်လုပ်တာမျိုးလဲ ခံရဘူးတယ်။

ဘောလုံး ပြိုင်ကန်နေရင်း ဗမာတယောက်က ကျနော့်ကို လှစ်ကနဲခြေဂလန့်ထိုးလှဲချလိုက်တာကို ဒိုင်လုပ်တဲ့နောက်ဗမာက မျက်နှာလွှဲပီး မမြင်လေဟန်ဆောင်တော့ ပရိသတ်က ပွဲကျသွားပီး ဝါးကနဲ ကွင်းလျှံမတတ် ဝိုင်းရယ်ကြတာလဲ ခံဘူးတယ်။ ဒါမျိုး ကြုံရတာ တစ်ခါသာ မဟုတ်ပါဘူး။ နောက်ဆုံးမှာ ဘယ်သွားသွား တွေ့နေရတဲ့ ဒီမျက်နှာဝါလူငယ်တွေရဲ့ သရော်နေတဲ့ပုံနဲ့ မလှမ်းမကမ်းကနေ အော်ဟစ်စော်ကားကြတာကို နေ့စဉ်နဲ့အမျှ ခံရဖန်များတော့ ကျနော်စိတ်မှာ အင်မတန်အနှောက်အယှက် ဖြစ်မိတာပေါ့။ သင်္က္န်းဝတ်ကိုရင်ကလေးတွေကတော့ အဆိုးဆုံးပါပဲ။  တမြို့လုံးဆိုရင် သင်္က္န်းဝတ်တွေက ထောင်ပေါင်းများစွာ ရှိနိုင်တယ်။ လမ်းဒေါင့်တိုင်း မှာရပ်ရင်း ဥရောပသားတွေကို လှောင်ပြောင်ဘို့ကလွဲပြီး သူတို့အားလုံး တခြားအလုပ် မယ်မယ်ရရ ရှိတဲ့ပုံ မပေါ် ဘူး။

ဒါတွေအားလုံးကြောင့် အင်မတန်စိတ်နောက်ကျိရပီး ဒေါသလဲထွက်ဖို့ကောင်းတယ်။ တကယ်တော့ အဲဒီကာလမှာကတည်းက နယ်ချဲ့စနစ်ဆိုတာဟာ မကောင်းဆိုးရွားကြီးသာဖြစ်ပြီး ဒီဝန်ထမ်းအလုပ်ကနေလဲ မြန်မြန်ထွက်နိုင်လေ ကောင်းလေဆိုတာ ကျနော့်စိတ်ထဲမှာ ယတိပြတ်သိလို့ ဆုံးဖြတ်ထားပြီးသားပါ။  ပင်ကို စိတ်သဘောကို တိတ်တိတ်ဝန်ခံရမယ်ဆိုရင် ကျနော်ဟာ ဗမာတွေရဲ့အရေးကို ကိုယ်ရောစိတ်ပါ ထောက်ခံ အားပေးနေတဲ့သူ၊ သူတို့ကို ဖိနှိပ်နေတဲ့ ဗြိတိသျှကိုဆန့်ကျင်နေတဲ့သူ ဖြစ်နေပြီးသားပါ။

ကျနော်လုပ်နေခဲ့ရတဲ့ ပုလိပ်အလုပ်ကိုဆိုရင် ဘယ်လောက်ခါးခါးသီးသီးမုန်းသလဲဆိုတာ ရှင်းပြလို့တောင် မတတ်အောင်ပါဘဲ။ ဒီလိုတာဝန်မျိုးထမ်းနေရတဲ့အတွက် ဒီအင်ပိုင်ယာကြီးရဲ့ ညစ်ပတ်စုတ်ပြတ်တဲ့လုပ်ငန်းတွေကို အနီးကပ် ရှုဒေါင့်ကနေ မြင်တွေ့ခဲ့ရပါတယ်။ နံစော်နေတဲ့အချုပ်ခန်းတွေထဲမှာ သိပ်လှောင်ထည့်ထားတဲ့ အကျဉ်းသားတွေရဲ့သနားစဘွယ်အခြေအနေတွေ၊ မွဲချောက် ရွံ့ကြောက်နေတဲ့ ထောင်ကျနှစ်ကြီးသမားတွေရဲ့ မျက်နှာတွေ၊ ကြိမ်ဒဏ်ရိုက်ခံထားရလို့ အရှိုးချင်းထပ်အောင် အနာရွတ်ထင်ကျန်နေခဲ့တဲ့ လူတွေရဲ့ တင်ပါးတွေ။ ဒါတွေအားလုံး ကို တွေ့မြင်ရတိုင်း တာဝန်မကင်းစိတ် မခံရပ်နိုင်အောင် ပေါ်လာကာ ကျနော့် ရင်ထဲမှာ မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဘာကို ဘယ်လိုလုပ်ရမလဲ ဆိုတာတော့ မသိခဲ့ပါဘူး။ ကျနော်ဟာ ပညာလဲဟုတ်တိပတ်တိ မတတ်တဲ့လူငယ်တယောက်သာဖြစ်ပြီး အရှေ့တိုင်းကို ရောက်နေတဲ့အင်္ဂ္လိပ်အမျိုးသားတိုင်းမှာ ကြုံနေကြတဲ့ အဲဒီပြဿနာကို ကိုယ့်စိတ်ထဲမှာသာထားရင်း စဉ်းစားနေရုံပဲ တတ်နိုင်ခဲ့ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင်  ဗြိတိသျှအင်ပိုင်ယာကြီးနေဝင်နေတာ ကျနော်မသိခဲ့သလို၊ အင်္ဂ္လိပ်အုပ်ချုပ်ထားတာကမှ အင်ပိုင်ယာအငယ်လေးတွေ အစားရောက်လာမှာနဲ့စာရင် အများကြီးပိုကောင်းပါသေးတယ်ဆိုတာလဲ နဲနဲလေးတောင် မရိပ်မိခဲ့ပါ။ သိတာတခုပဲရှိတယ်။ ကိုယ်အမှုတော်ထမ်းဆောင်နေတဲ့ ဒီအင်ပိုင်ယာကြီးအပေါ် ရွံရှာမုန်းတီးနေမှူနဲ့၊ ကျနော် အလုပ်လုပ်လို့မရလောက်အောင် အနှောက်အယှက်ဝိုင်းပေးနေကြတဲ့  မကောင်းဆိုးဝါးသတ္တဝါလေးတွေ အပေါ် အကြီးအကျယ်ဒေါသထွက်နေတာရဲ့ ကြားထဲမှာ  ညပ်နေတယ် ဆိုတာပါပဲ။

ကျနော့်စိတ်ရဲ့ တခြမ်းမှာတော့ ဒီအရှေ့တိုင်းဒေသအပေါ် ဗြိတိသျှရဲ့ အုပ်ချုပ်မှုဟာ ပြားပြားဝပ်နေရတဲ့ လူထုကြီးရဲ့ဆန္ဒတွေကို တခုခုနဲ့ပိတ်စည်းထားရင်း အဆုံးမရှိတည်မြဲကာ  ဖျက်ဆီးလို့လဲမရနိုင်လောက်တဲ့ ရွံစရာအတိအာဏာစက်ကြီး လို့ထင်မိသလို၊ နောက်စိတ်တခြမ်းမှာတော့ သင်္က္န်းဝတ်တယောက်ရဲ့တင်ပါးကို လှံစွပ်နဲ့ထောက်မောင်းနိုင်ခဲ့ရင် ကမ္ဘာပေါ်မှာ ပျော်စရာအတိဖြစ်မှာပဲလို့ တွေးမိတတ်တယ်။ ဒီလိုခံစားချက်တွေဟာ နယ်ချဲ့ဝါဒရဲ့ ဆိုးကျိုးအဆွယ်တွေအဖြစ် ပေါ်ထွက်လာကြတယ်ဆိုတာ မယုံရင် တာဝန်ချိန်ပြင်ပ မှာတွေ့တဲ့ အင်္ဂ္လိပ်ကပြားကုလားအရာရှိတယောက်ယောက်ကိုမေးသာကြည့်။

တနေ့သောအခါမှာ ကြုံလိုက်ရတဲ့ အဖြစ်အပျက်ကလေးကတော့ သွယ်ဝိုက်၍သာဆိုင်တာလေး ပေမဲ့  ပညာယူစရာတခုပါ။ ဒီအအဖြစ်အပျက်ကိုယ်၌က တကယ့်အသေးအဖွဲလေးပါ။ ဒါပေမဲ့ နယ်ချဲ့ဝါဒရဲ့ ပင်ကို သဘောသဘာဝ၊ တနည်းအားဖြင့် အာဏာပြပြီး အုပ်ချုပ်ချင်တဲ့စိတ်ဆန္ဒဘယ်လို ပေါ်လာတယ် ဆိုတာ ကျနော် အရင်ကသိတာထက်ကို ဒီအဖြစ်အပျက်ရဲ့နောက်မှာ ပိုသိလာမြင်လာလို့ပါပဲ။

တမနက်စောစောမှာ မြို့ဟိုဘက်ခြမ်းပုလိပ်ဌာနာက လက်ထောက် အင်စပက်တော်လုပ်သူက ဖုန်းဆက်လာပြီး ဆင်ကြီးတကောင် ဈေးထဲကိုဝင်ကာ တွေ့သမျှဖျက်ဆီးနေတယ်လို့ သတင်းပို့လာတယ်။  အဲဒါ ဆရာ တဆိတ်လာပြီး တခုခု လုပ်ပေးပါအုံးတဲ့။ ကျနော် ဘာလုပ်ပေးနိုင်မလဲဆိုတာမသိပေမဲ့ ဘာတွေဖြစ်နေတာလဲ သိချင်သေးတဲ့အတွက် ကျနော့် မြင်းပုလေးတက်စီးပီး ထွက်လာခဲ့တယ်။ ကျနော်ရဲ့ ဝင်ချက်စတာ ၄၄ ရိုင်ဖယ်ကလေးကိုလဲ ယူခဲ့တယ်။ ဆင်ကို ပစ်သတ်ဖို့အထိတော့ အလွန်သေးကွေးလွန်းနေပေမဲ့ အသံနဲ့ လှန့်ဘို့တော့ အသုံးကျလိမ့်မယ်လို့ တွေးမိတယ်။ လမ်းမှာတွေ့တဲ့ဗမာတွေက ဆင် ဘာတွေဘယ်လို ဖျက်ကြောင်း တားတားပြီး ပြောကြသေးတယ်။ ထင်ခဲ့တဲ့အတိုင်းပဲ ဆင်က တောဆင်ရိုင်းမဟုတ်ဘူး။ မုံယိုနေတဲ့ ဆင်ယဉ်တကောင်သာဖြစ်တယ်။ မုံယိုခါနီးရင် ဆင်ယဉ်တွေကို အမြဲ ချိန်းကြိုးနဲ့ ခတ်ထားကြတာပေမဲ့၊ မနေ့ညကတော့ အဲဒီဆင်ဟာ ချိန်းကိုဖြတ်ပီး လွတ်ထွက်သွားခဲ့တယ်။  ဒီလိုအချိန်မျိုးမှာ ထိန်းပေးနိုင်တဲ့ ဆင်ထိန်းကို ညက ဆင်ပျောက်ရှာရန် လွှတ်လိုက်ပေမဲ့ တလွဲအရပ်ဘက်ကို အရှာထွက်သွားလို့ အခုတော့ နေ့တဝက်စာ ခရီးလွန်နေတယ်။ မနက်မိုးလင်းလာတော့ လွတ်နေတဲ့ဆင်က မြို့ထဲမှာပဲ ဘွားကနဲ ပြန်ပေါ် လာခဲ့တယ်။

ဗမာလူထုကတော့ လက်နက်မဲ့တာမို့ ဆင်ရဲ့အန္တရာယ်ကာကွယ်ရေးအတွက် ဘာဆိုဘာမှ မတတ်နိုင်ကြပေဘူး။ ဆင်က ဝါးတဲအိမ်တလုံးကိုလဲ ဖျက်ဆီးပြီးပြီ။ နွားမတကောင်ကိုလဲ သတ်ပြီးပြီ။ သစ်သီးဝလံရောင်းတဲ့ ဆိုင်တွေထဲကိုဝင်မွှေကာ တွေ့သမျှလဲ စားသောက်ပြီးပြီ။ ပြီးတော့ မြူနီစပါယ်ပိုင် အမှိုက်ကြုံးကားနဲ့ ရင်ဆိုင်တွေ့တဲ့အခါကကားမောင်းသမားခမျာ အသက်လုထွက်ပြေး သွားရရှာပြီး၊ ကားကိုတော့ ဆင်ကြီးကဆွဲ မှောက်ကာ နင်းချေဖျက်ဆီးခဲ့တယ်။

ဗမာလက်ထောက်အင်စပက်တော်နဲ့အတူ ကုလားပုလိပ်တပ်သားအချို့က ဆင်ကိုမြင်လိုက်ကြ တယ်ဆိုတဲ့ ရပ်ကွက်ထဲမှာ ကျနော့်ကို စောင့်နေကြတယ်။ ရပ်ကွက်ကလဲ အလွန်အင်မတန် ဆင်းရဲလှတဲ့ပုံ။  ခပ်မတ်မတ်တောင်စောင်းတခုကိုပတ်ပြီး ထန်းရွက်မိုး ဝါးတဲစုတ်ကလေးတွေကို မြွလေိမ်မြွကောက်လမ်းကျဉ်းလေးနဲ့ ဆက်ချင်သလိုဆက်ထားတဲ့ ရပ်ကွက်ပါ။က မိုးဦးကာလဖြစ်တဲ့အလျောက် တိမ်ခပ်ထူထူနဲ့ စိုထိုင်းထိုင်းမို့ အဲဒီမနက်ကို အထူးမှတ်မိနေတယ်။ လက်ဦးဆုံး ရပ်ကွက်ကလူတွေကို ဆင်ဘယ်သွားတာ မြင်လိုက်လဲလို့ ကျနော်တို့ စမေးကြတယ်။ ထုံးစံအတိုင်း ရေရာတိကျတဲ့ အဖြေတခုမှတော့မရခဲ့ပါဘူး။ အရှေ့တိုင်းရောက်ရင်တော့ ဒါမျိုးတွေကို ရှောင်လို့ရမှာမဟုတ်ဘူး။ အဝေးကနေကြားလိုက်ရရင်တော့ ဇာတ်လမ်းဇာတ်ကွက်က တကယ်ဟုတ် တကယ်မှန်လေသယောင်ယောင်။ ဒါမေမဲ့ တကယ်စေ့စေ့စပ်စပ်လိုက်ကြည့်တဲ့အခါ နီးနီးလာလေ ဝါးဝါးလာလေ အမြဲဖြစ်လေ့ရှိတယ်။

တချို့လူတွေက ဆင်ဟာ တောင်ဘက်ကိုသွားတယ် ပြောကြပေမဲ့၊ တချို့က မြောက်ဘက်ကို ထွက်သွားတယ်ဆိုကြတယ်။ တချို့ကျတော့ ဆင်အကြောင်းကို ကြားတောင်မကြားမိပါလို့ လိမ်ကြပြန်သေးတယ်။ ဒီဇာတ်လမ်းတပုဒ်လုံးက လိမ်ဆင်လုပ်ဇာတ်ကြီးပါလို့ ကျနော်ကောက်ချက်ချလုနီးနီးမှာ ခပ်လှမ်းလှမ်းက အော်ဟစ်သံတွေကို ကျနော်တို့အားလုံး ကြားလိုက်ခဲ့ရတယ်။

ကြောက်သံပါပါနဲ့ အသံကုန်ဟစ်ကာ  “ကလေးတွေ ဒီမလာနဲ့၊ ဝေးဝေးသွား၊ အခုသွားကြ” လို့အော်ရင်း လက်ထဲမှာ ကြိမ်လုံးတချောင်းကိုကိုင်ကာ ကိုယ်တုံးလုံး ကလေးတသိုက်ကို ဝင်မလာစေဖို့ အသဲအသန်တားနေတဲ့ အဖွားကြီးတယောက်ဟာ လမ်းဒေါင့်တဲကလေးတခုထဲကနေ ပေါ်လာခဲ့တယ်။ မိန်းမအချို့က ထပ်ဆင့်ပြီး အာခေါင်ခြစ်ကာအော်ရင်း ဝိုင်းတားနေကြတယ်။ ကလေးမမြင်အပ်တဲ့ အရာတခုခု အဲဒီမှာရှိနေတာ သေချာပြီ။

ကျနော်လဲ အဲဒီတဲတဝိုက်ကို ပတ်လိုက်ရော ရွှံ့ဗွက်ထဲမှာ ကိုးယိုကားယားအသက်ပျောက်နေတဲ့ ယောကျားတယောက်ရဲ့ အလောင်းကို တွေ့လိုက်ရတယ်။ သေနေတဲ့သူက ကုလား၊ အိန္ဒိယတောင်ပိုင်းပေါက် မဲမဲသဲသဲ ကူလီတယောက်။ ဝတ်လစ်စလစ်ဖြစ်လုမတတ် ဖြစ်နေကာ ဆုံးသွားခဲ့သည်မှာလည်း မိနစ်များစွာ ကြာလင့်ဟန်မတူသေး။ လူတွေရဲ့အပြောအရတော့ ဆင်ကြီးနဲ့ ဒီတဲရဲ့ဒေါင့်မှာ ပက်ပင်းဝင်တိုးမိပြီး သူ့ကို နှာမောင်းနဲ့ပတ်ဖမ်း လိုက်တယ်တဲ့။ နောက်တော့ချလိုက်ကာ သူ့ ကျောပေါ်ခြေတင်ပြီးမြေကြီးထဲ နစ်ဝင်သွားအောင်ထိ နင်းခဲ့တယ်ဆိုတယ်။ မိုးရာသီထဲဝင်နေတာမို့  မြေကြီးကလဲ ပျော့နေတာဆိုတော့ တပေလောက်နက်ပြီး သုံးလေးဂိုက်လောက်ရှည်တဲ့ မြောင်းတခုကို သူ့မျက်ခွက်နဲ့ ထွင်းခဲ့လိုက်သလိုပဲ။ ဝမ်းလျားမှောက်လဲကာ သူ့လက်တွေကလဲ ကားနေပြီး ခေါင်းကတော့ ဘေးကို အများကြီးလည်ထွက်နေတယ်။  သူ့မျက်နှာမှာ ရွံ့တွေလိမ်းနေကာ မျက်စိကပြူးထွက်နေတယ်။  ပြင်းထန်စွာ နာကျင်မှူကြောင့် မချိမဆန့် ခံစားခဲ့ရကြောင်း သူ့သွားတွေဖြဲနေပုံက ဖေါ်ပြနေပေတယ်။ (ဒါနဲ့ စပ်မိလို့ ပြောရအုံးမယ်။ သေသွားတဲ့မသာရဲ့ မျက်နှာထားလေးများ အေးအေးဆေးဆေးလေးလို့ ကျနော့ကိုဘယ်တော့မှ လာ မပြောပါနဲ့။  ကျနော်မြင်ဖူး သမျှ အလောင်းအားလုံးလိုလိုဟာ အင်မတန်ဆိုးရွားတာတွေချည်းမို့ပါ။) ဆိုးသွမ်းသတ္တဝါကြီးရဲ့ ခွါတပိုင်းနဲ့ ဒီလူရဲ့  ကျောရေခွံကိုများ ခုတ်ပြီးခွါထားလိုက်တာ ယုန်အရေခွံကို သပ်သပ်ယပ်ယပ် လွှာထားသလိုပါပဲ။ လူသေလောင်းကို တွေ့လိုက်ပြီးတာနဲ့ အိမ်နားက မိတ်ဆွေတယောက်စီမှာ ဆင်ပစ်ရိုင်ဖယ်သေနတ်သွားငှားဘို့ ပုလိပ်ပြာတာ တယောက်ကို လွှတ်လိုက်တယ်။ ကျနော့စီးတော်မြင်းကလေးကိုလဲ ဆင်နံ့ရတာနဲ့ အကြောက်လွန်ပြီး စီးနေတဲ့သခင်ကို ခါချခံရမှာစိုးတဲ့အတွက် ပြန်ပို့ထားပြီးပြီ။

ခဏအကြာမှာ ပြာတာကောင်လေးက ရိုင်ဖယ်တစ်လက် ကျည်ဆံငါးတောင့်နဲ့ ပြန်ရောက်လာခဲ့တယ်။ ပြီးတော့ ဆင်ကြီးကလဲ တစ်ဖါလုံသာသာလောက်သာဝေးတဲ့ တောင်ခြေရင်းလယ်ကွင်းထဲမှာ ရှိနေတယ်လို့ ဗမာတချို့တွေ သတင်းလာပေးကြတယ်။ ကျနော်လဲ အဲဒီဘက်ကိုစတက်လိုက်ရော ရပ်ကွက်တခုလုံးမှာနေနေတဲ့ လူတွေ အားလုံးလိုလို အိမ်ထဲကနေထွက်လာကြပြီး ကျနော့်နောက်ကို လိုက်လာခဲ့ကြတယ်။ သူတို့က ရိုင်ဖယ်ကိုလဲမြင်သွားကြတာနဲ့ ကျနော်က ဆင်ကြီးကို ပစ်တော့မယ်ဆိုတဲ့အကြောင်း အားပါးတရ ဟစ်အော် ပြောဆိုနေခဲ့ကြတယ်။ ဆင်က သူတို့အိမ်တွေကို ဖျက်လိုဖျက်ဆီးလုပ်နေတုန်းကတော့ စိတ်ဝင်စားမှု ဆိုသလောက် မရှိခဲ့ကြပေမဲ့ အခုသူ့ကို အပစ်ခံရတော့မယ်လဲထင်ရော အခြေနေက တမျိုးတဖုံပြောင်းလဲချေတော့တယ်။ သူတို့ဗမာတွေအတွက် ပျော်စရာတမျိုးဖြစ်လာသလို၊ အင်္ဂလိတ်ပရိသတ်ဆိုရင်လဲ ထိုနည်းအတူနေမှာပါပဲ။ ဒါထက် သူတို့က ဆင်သားကိုလဲ လိုချင်ကြပေတာကိုး။ ဒီလိုဖြစ်သွားတော့ ကျနော် စိတ်မသက်မသာဖြစ်ခဲ့ရတယ်။ ကျနော့်မှာ ဆင်ကိုပစ်ဘို့ ရည်ရွယ်ချက် မရှိရိုးအမှန်ပါ။ ရိုင်ဖယ်ယူဘို့ လွှတ်လိုက်တာကလဲ လိုအပ်ရင် ကိုယ့်ကိုယ်ကို ကာကွယ်ဘို့သက်သက်ပါ။ နောက်ပြီး ကိုယ့်နောက်က လူအုပ်ကြီး တကောက်ကောက် လိုက်ခံနေကရတာဟာလဲ စိတ်ရှုပ်စရာအင်မတန်ကောင်းလှတယ်။          ကျနော်က တောင်စောင်းတလျှောက် ရိုင်ဖယ်ထမ်းရင်း ဆင်းလာခဲ့ရာ နောက်ကနေဖနောင့်ကိုတက်နင်းတော့မလောက် ကပ်လိုက်ရင်း တစတစများများလာနေတဲ့ လူအုပ်တပ်မကြီးရဲ့ရှေ့မှာ အရူးအနှမ်းတယောက်ပုံပေါက်ကာ အူကြောင်ကြောင်တောင် ခံစားရတယ်။

တဲတွေအားလုံးကိုလွန်သည်အထိ ဆင်းပြီးတဲ့အခါမှာတော့ တောင်အောက်ခြေက ကျောက်ခင်းလမ်းတခု ပေါ်ရောက်လာခဲ့တယ်။  လမ်းဟိုဘက်မှာတော့ ဂိုက်တထောင်လောက်ကျယ်မယ့် စပါးခင်းဟောင်းကွင်းကြီးတခုကို တွေ့ရတယ်။ လယ်ကွက်တွေက ထွန်မထားရသေးတဲ့အပြင် မိုးဦးရွာချပြီးစမို့ မြေကြီးက စိုရွှတ်နေကာ ကိုင်းပင် မြက်ပင်တွေကလဲ ကွက်တိကွက်ကျားပေါက်နေ လေသေးတယ်။ ဆင်ကြီးက လမ်းမကနေဆိုရင် ရှစ်ဂိုက်လောက်အကွာမှာ သူ့ဘယ်ဘက်နံကို ကျနော်တို့ဘက်ပေးကာ ရပ်နေခဲ့တယ်။ လူအုပ်ကြီး ကပ်ကပ်လာတာကို နဲနဲလေးကတောင် သတိထားမိပုံမပေါ်ဘူး။ ဆင်က မြက်တွေကို အပြုံလိုက် ဆွဲနုတ်ကာ သူ့ဒူးခေါင်းနဲ့ ပုတ်ခတ်သန့်အောင်လုပ်ပြီးမှ သူ့ပါးစပ်ထဲ ထိုးသွင်းနေခဲ့တယ်။

လမ်းပေါ်မှာ ကျနော် ခဏရပ်လိုက်တယ်။ ဆင်ကို တချက်မြင်တာနဲ့ ကျနော် သူ့ကိုမပစ်သင့်ဘူးဆိုတာ လုံးဝအတိအကျ သိလိုက်တယ်။ အလုပ်လုပ်နိုင်တဲ့ဆင်ကို ပစ်ခတ်တယ်ဆိုတာမျိုးဟာ အင်မတန် ကြီးလေးတဲ့ ကိစ္စပါ။ အလွန်အဘိုးတန်ပြီး ထည်ဝါတဲ့စက်ယန࿿ယားကြီးတခုကို ဖျက်ဆီးလိုက်သလိုဖြစ်မှာဆိုတော့ တတ်နိုင်သမျှ မလုပ်ဖြစ်အောင် ရှောင်တာပိုကောင်းကြောင်း သိပ်ထင်ရှားပါတယ်။ ဒီလောက်ဝေးဝေးမှာ အေးအေးဆေးဆေး အစာစားနေတာဆိုတော့ ဒီဆင်ဟာ နွားမတကောင်ထက် ပိုအန္တရာယ်ရှိနိုင်တဲ့ပုံ မပေါ်တော့ဘူး။ အဲဒီတုန်းကလဲ ထင်မိခဲ့သလို အခုလဲကျနော်ထင်နေတာက ဆင်မုံယိုလို့စိတ်ရိုင်းဝင်တဲ့အဆင့်ဟာ ကျော်လွန်ခဲ့ပြီး အေးဆေး သွားပြီ။ ဆိုတော့ ဒီဆင်ဟာ သူ့အထိန်း ပြန်လာဖမ်းမဲ့အချိန်ထိ အန္တရာယ်တစုံတရာပေးမှာမဟုတ်တော့ဘဲ လှည့်ပတ်သွားလာနေရုံသာ ရှိပေလိမ့်မယ်။ ဒါတွေထက် ကျနော့်မှာ ဆင်ကိုပစ်ချင်စိတ်က နည်းနည်းလေး တောင်မရှိခဲ့ဘူး။ တခါထပ်စိတ်ရိုင်းဝင် ဖေါက်လာတာမျိုးမရှိရအောင် သူ့ကို အချိန်နဲနဲပေးထပ်စောင့်ကြည့်ပြီး သေချာတော့မှ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ ဆုံးဖြတ်ခဲ့လိုက်တယ်။

ဒါပေမဲ့ အဲဒီအခိုက်အတန့်မှာပဲ ကျနော့်နောက်က လိုက်နေတဲ့ လူအုပ်ကြီးကို ဝေ့ကြည့်မိလိုက်တယ်။ အင်မတန်များပြားတဲ့လူတွေပါ။ နှစ်ထောင်လောက် အနည်းဆုံးရှိနိုင်ပြီး မိနစ်နှင့်အမျှ တိုးတိုးလာနေတယ်။ လမ်း တပိုင်းလုံးဟာ လူတွေနဲ့ပိတ်လျှံနေခဲ့တယ်။ အဝတ်အရောင်စုံတွေရဲ့ထက်ဝယ်မှာ မျက်နှာဝါဝါတွေက ပင်လယ်ကြီး ဆီးထားသလို ကျနော်မြင်ရတယ်။ သူတို့မျက်နှာအားလုံးဟာ အခုဒီပျော်ပွဲလေးကိုတွေ့နေကြလို့ မြူးတူးဝမ်းမြောက်နေကြတဲ့အသွင်နဲ့အတူ ဆင်ကြီးတော့အပစ်ခံရမှာ တကယ်ကို သေချာနေကြတဲ့ပုံပါပဲ။ သူတို့က ကျနော့်ကို မျက်လှည့်တကွက်ပြတော့မဲ့ဆရာတယောက်ကို စောင့်ကြည့်တဲ့ပုံမျိုးနဲ့ ဝိုင်းကြည့်နေကြတယ်။ ကျနော့်အပေါ် သူတို့ နှစ်မြို့ကြတာမဟုတ်ပေမဲ့ လက်ထဲမှာ အံ့ဩစေရာ ရိုင်ဖယ်သေနတ်ကြီး ကိုင်ထားတာဆိုတော့ ခဏတဖြုတ် ကြည့်ပေးထိုက်တဲ့သူတယောက် ဖြစ်နေခဲ့တယ်။ ချက်ချင်းဆိုသလို ကျနော်သဘော ပေါက်လိုက်တယ်၊ နောက်ဆုံးတော့ ဒီဆင်ကို ကျနော်ပစ်ရတော့မှာပါပဲလို့။ လူတွေက ကျနော် အဲသလိုလုပ်ဖို့ မျှော်လင့်နေကြတာမို့ ကျနော်လုပ်ရပေတော့မယ်။ ရှေ့သာဆက်တိုးဖို့ နှစ်ထောင်သော အာသီသတွေက တွန်းပို့နေတာ ကျနော်ခံစားရလို့ တင်းမခံနိုင်တော့သလောက်။

အဲဒီအချိန်အခိုက်အတန့်၊ ရိုင်ဖယ်ကိုကိုင်ကာ မတ်တပ်ရပ်နေရင်း ငါဘာမှမဟုတ်တဲ့ကောင်ပါလားလို့ ပထမဆုံးအကြိမ် စိတ်ဓါတ်ကျမိတယ်။ အရှေ့တိုင်းတပါး အပေါ် လူဖြူစိုးမိုးအုပ်ချုပ်မှုထဲက စိတ်ပျက်စရာအကွက်တခုပေါ့။ အခုဒီမှာ ကျနော်ဟာ မျက်နှာဖြူတယောက်၊ သေနတ်ကြီးကိုင်ကာ လက်နက်မပါတဲ့ တိုင်းရင်းသားဒေသခံလူအုပ်ရဲ့ရှေ့မှာ မတ်တပ်ကြီး။ ဒီဇာတ်ဝင်ခန်းရဲ့ အဓိကဇာတ်လိုက်ကကျနော်လို့ထင်ရလိမ့်မယ်။ ဒါပေမဲ့ တကယ်တော့ ကျနော်ဟာ ကိုယ့်နောက်မှာရှိနေတဲ့ မျက်နှာဝါတွေရဲ့ဆန္ဒသဘောများကဆွဲကြလေသမျှ ရှေ့ယိမ်းနောက်ယိမ်းကနေရတဲ့ ဟားချင်စရာ ရုပ်သေးရုပ် တရုပ်သက်သက်။ ဒီမှာတင် ကျနော် တခုသဘောပေါက်ခဲ့တာက မျက်နှာဖြူကောင်များ သတ္တိကြောင်တတ်တာ ပြခဲ့မိရင် သူ့မှာရှိထားသမျှကိုယ်ပိုင်လွတ်လပ်ခွင့်တွေကို သူ့ဟာသူဖျက်ဆီးပြီးသား ဖြစ်သွားရော ဆိုတာဘဲ။ ဒီတော့ သူဟာ အနှစ်မဲ့လူတမျိုးသာဖြစ်လာလေ့ရှိကာ၊ အရုပ်တရုပ်လိုဟန်ပန်သာပြရင်း သမရိုးကျ သူလိုငါလို သခင်အဖြစ်သို့သာရောက်ရောက်သွားတယ်။ “ဒေသခံတွေ” အထင်ကြီးရအောင် သူ့သက်တမ်း တလျှောက်လုံး အားထုတ်ရတာကိုက  သူအုပ်ချုပ်လို့ရဘို့ ရှိထားရမဲ့ အခြေအနေတခုမို့ပါ။  ဒါကြောင့် ပြဿနာတစုံတရာ ရှင်းရလေတိုင်း “ဒေသခံတွေ”မျှော်လင့်တောင့်တတဲ့အတိုင်း သူကလုပ်ပြရမှာဖြစ်လေတယ်။ သူမပိုင်တဲ့မျက်နှာခွံပုံစံခွက်ထဲမှာ  သူမျက်နှာအစစ်က ဝင်ဖြည့်ထားတာသာဖြစ်နေတယ်။

ကျနော်ကတော့ဖြင့် ဆင်ကိုပစ်ရပေတော့မယ်။ ရိုင်ဖယ်ကိုသွားယူခိုင်းလိုက်တုန်းကတည်းက ကျနော့်မှာ သန္နိဋ္ဌဌာန်ချထားပြီးသား။ သခင်တယောက်ဟာ သခင်တယောက်လိုသာ ကျင့်ရမယ်။ သူဟာ ပြတ်သားတဲ့အသွင်ရှိရမယ်။ သူ့စိတ်သူ သိရမယ်။ ပြီးတော့ အတိအကျလဲလုပ်တတ်ရမယ်။ ဒီအထိတောင် ရောက်အောင်လာ၊ ရိုင်ဖယ်ကြီးလဲ တကိုင်ကိုင်နဲ့ လူနှစ်ထောင်လောက် နောက်ကခြံရံထားပြီးကာမှ တလွဲတွေချော်တွေးကာ ဘာမှမလုပ်တော့ဘူး ဆိုရင်။ မဟုတ်သေးပါဘူး။ မဖြစ်နိုင်ပါဘူး။ လူအုပ်ကြီးက ဝိုင်းရယ်ကြလိမ့်မယ်။ ကဲ- ကျနော်တသက်၊ အဲ-ကအရှေ့တိုင်းမှာနေတဲ့ မျက်နှာဖြူတိုင်းရဲ့ဘဝတလျှောက်လုံးမှာ အပြင်းအထန်ရှည်ရှည်ကြာကြာရုန်းကန် ကြိုးစား ခဲ့ရတာတခုကတော့ သူတို့ဒေသခံတွေ ပြက်ရယ်ပြုတာ အလျဉ်းမခံရဘို့ပဲ။

ဒါပေမဲ့လဲ ကျနော် ဒီဆင်ကို မပစ်ချင်ဘူး။ သူက ဆင်တို့ရဲ့ သဏ္ဌာန်ဖြစ်တဲ့ အဖွားလိုအိနြေ္ဒကို ဆောင်ကာ ကြင်နာတတ်တဲ့အသွင်နဲ့ မြက်ဆုပ်တွေ ဒူးနဲ့ရိုက်နေတာကို ကျနော်စောင့်ကြည့်နေခဲ့တယ်။  သူ့ကိုပစ်လိုက်ရင် သတ်ဖြတ်မှုကြီးကို ကျူးလွန်ရာကျမယ်လို့ ထင်မိတယ်။ အဲဒီတုန်းကလူငယ်ဆိုတော့ တိရစ္ဆာန်တွေကိုသတ်ရမှာ စိထ်ထဲ အနှောင့်အယှက်ဖြစ်လှတယ်တော့ မဟုတ်ခဲ့ပေမဲ့၊ ဆင်ကိုတော့ တခါမှ မပစ်ဖူးခဲ့သလို တခါမှလဲ ပစ်ချင်စိတ် မဖြစ်ခဲ့ဖူးဘူး။ (ဘာလို့လဲမသိ၊ အကောင်ကြီးတွေကို သတ်ရတာ ပိုဆိုးတယ်လို့ အမြဲထင်တတ်တယ်။)  ဒါထက် ဒီသတ္တဝါကြီးရဲ့ ပိုင်ရှင်ဘက်ကလဲ ထည့်စဉ်းစားပေးရအုံးမယ်။ ရှင်နေသေးရင် ဆင်ကြီးဟာ ပေါင်ငွေတစ်ရာတော့ အဖျင်းဆုံးတန်တယ်။ သေသွားရင်တော့ သူ့အစွယ်ဘိုး ဆိုပါတော့ ငါးပေါင်လောက်သာ တန်ကြေးရှိတော့မယ်။ သို့ပေမဲ့ ကျနော် ခပ်မြန်မြန် ဆောင်ရွက်မှဖြစ်မယ်။ ကျနော်တို့အရင် ဒီနေရာကိုရောက်နေတဲ့ အတွေ့အကြုံများဟန်တူတဲ့ ဗမာတချို့ကို ဆင်ဘယ်လို နေခဲ့လဲလို့ ကျနော်မေးကြည့်တယ်။ သူတို့အကုန်လုံး တသံတည်းထွက်တာ ကတော့ သူ့ဖာသာနေတာကို သွားမနှောက်ယှက်ခဲ့ရင် သူကလဲ သိကောင်းခြင်းတောင်ပြုမှာမဟုတ်ပေမဲ့ အနားသိပ်ကပ်သွားခဲ့ရင်တော့ အခြေအနေက တမျိုးတဖုံ ပြောင်းလွဲသွားနိုင်တယ်ဆိုကြတယ်။

ဒီတော့ကျနော်ဘယ်လိုလုပ်သင့်သလဲဆိုတာ လုံးဝ ထင်ရှားလာတယ်။ ကျနော်ကဆင်ရဲ့အနားထိ၊ ဆိုပါစို့ နှစ်ဆယ့်ငါးဂိုက်လောက်အကွာအထိရောက်အောင် တိုးလျှောက်သွားသင့်ပြီး သူ့ဘယ်လိုတုန့်ပြန် လာမလဲလို့ စမ်းကြည့်ရမယ်။ သူ့အမူရာ ပြောင်းသွားခဲ့ရင် ပစ်လို့ရပြီ။ ဒီလောက်အနီးကပ် ရောက်နေတာတောင်မှ ကျနော့်ကို ဂရုမစိုက်လာဘူးဆိုရင် ဆင်ထိန်းပြန်ရောက်သည်အထိ ဒီအတိုင်းသာဆက်လွှတ်ထားလဲ စိတ်ချလို့ရပြီ။ သို့သော် အဲဒီလိုမျိုး ဆင်အနားကပ်ပြီး သွားစမ်းတဲ့အလုပ်လဲ ကျနော်လုပ်နိုင်မှာမဟုတ်ဘူးလို့ သိထားတယ်။ ကျနော်က ရိုင်ဖယ်ပစ်ရာမှာ ညံ့တဲ့အပြင် သွားရမဲ့လမ်းကလဲ ရွံ့ထဲမှာမို့ ခြေတလှမ်းလှမ်းလိုက်တိုင်း နစ်နစ်ဝင်သွားပေ လိမ့်မယ်။ ဆင်ကစိတ်ဖေါက်၊ ကျနော်ပစ်လိုက်တာကလဲ ချော်သွားတယ်ဆိုရင်ဖြင့် ကျနော်ခမျာ လမ်းကြိတ်စက်အောက်မှာပိသွားတဲ့ ဖါးပြုတ်တကောင်လောက်သာ လွတ်လမ်းရှိတော့မယ်။

ဒါတောင်မှ ကျနော်ဟာ ကိုယ့်အသားနာမှာကို ထည့်တွက်နေတာတော့မဟုတ်ဘူး။ နောက်ကနေ စောင့်ကြည့်နေကြတဲ့ မျက်နှာဝါတွေကိုသာ အာရုံထားနေခဲ့တာ။ လူအုပ်ကြီးက ကျနော်ကိုစောင့်ကြည့်နေတဲ့ အဲဒီအခိုက်အတန့်မှာတော့ တယောက်ထဲ ရင်ဆိုင်နေရမဲ့အခါမှာဖြစ်ပေါ်မယ့် အကြောက်တရားမျိုး သာမန်အားဖြင့်မရှိဘူး။ လူဖြူတယောက် ဟာ “ဒေသခံတွေ”ရှေ့မှာ ကြောက်ရွံ့တုန်လှုပ်မှု မပြရဘူး၊ ဆိုတော့ ယေဘုယျအားဖြင့်ဆိုရရင် သူဟာ မကြောက်ပါ။ ကျနော့်စိတ်ထဲဝဲနေတဲ့တခုတည်းသောအတွေးကတော့ တခုခုများလွဲမှားသွားခဲ့လျှင် ဒီဗမာနှစ်ထောင်ရဲ့ မျက်မှောက်မှာ ကျနော့်ကိုဆင်ကလိုက်တာ၊ မိသွားတာ၊ နင်းချေခံရပြီးတော့ ဟိုတောင်ပေါ်မှာတွေ့ခဲ့တဲ့ ကုလားမသာလို သွားဖြဲလေးနဲ့အလောင်းကောင်ဘဝရောက်သွားတာကို တွေ့ကြတော့မှာ။ ဒီလိုများဖြစ်သွားခဲ့ရင် သူတို့ထဲက တချို့တလေက ရယ်ကြမယ်ဆိုတာ သိပ်ဖြစ်နိုင်တာပေါ့။ ဘယ်တော့မှ အဲလို မဖြစ်စေရဘူးဟေ့။

ဒီတလမ်းပဲရှိတော့တယ်။ ကျနော်က ကျည်ဆံတွေကို ထိုးထည့်လိုက်ကာ ပိုကောင်းကောင်းချိန်နိုင်ဘို့ အတွက် လမ်းပေါ်မှာမှောက်လိုက်တယ်။ လူအုပ်ကြီးက အလွန်တရာ ငြိမ်ကျသွားတယ်။ ဇာတ်ခုံထက်က ကားလိပ်တက်သွားတာမြင်လိုက်ကြတဲ့ ပွဲကြည့်သူတွေလို နက်ရှိုင်းပေမဲ့ပေါ့ပါးပျော်မြူးတဲ့ သက်ပြင်းချသံတွေ၊ မရေတွက်နိုင်အောင်များလှတဲ့ လည်ချောင်းတွေကိုဖြတ်ကျော်ပြီးထွက်လာကြတယ်။  နောက်ဆုံးတော့ သူတို့ တောင့်တနေတဲ့ မြူးပျော်စရာတကွက်ကို တွေ့ရတော့မယ်ပေါ့။ ရိုင်ဖယ်က ဂျာမန်လုပ် အကောင်းစားတခု ဖြစ်ပြီး ချိန်ကွက်မှာ အပေါင်းလက္ခဏာဆံခြည်မှတ်ကလေးပါတယ်။ အဲဒီတုံးက ဆင်တကောင်ကိုပစ်ရင် နားရွက်ပေါက် နှစ်ဖက်ကို စိတ်မှန်းနဲ့ဖြတ်ဆွဲရတဲ့ လိုင်းပေါ် တည့်တည့်မှန်အောင်ပစ်ရတယ်ဆိုတာ မသိသေး ဘူး။ ဒါကြောင့် ကျနော်ဟာ ဘေးတိုက်ရပ်နေတဲ့ဆင်ကို နားပေါက်တည့်တည့်ချိန်ပြီး ပစ်ခဲ့သင့် တာပေါ့။ ဆင်ဦးနှောက်ကရှေ့ ရောက်နေတယ်ထင်မှားခဲ့လို့ တကယ်တန်းချိန်လိုက်တာက နားပေါက်ရဲ့ ရှေ့ဘက် လက်မတော်တော်အကွာနေရာကိုသာ ဖြစ်တယ်။

သေနတ်မောင်းကိုဆွဲလိုက်တော့ ကျနော်ဟာ ဒိုင်းကနဲမည်သံကိုမကြားမိသလို မောင်းပြန်ကန်တာလဲ သိသာအောင်မခံခဲ့ရပါဘူ:။ ပစ်ချက်ကအထစ်အငေါ့မရှိထွက်သွားတာဆိုရင် ခုလိုငြိမ်တတ်ပါတယ်။ သို့ပေမဲ့ ပျော်သွားတဲ့လူအုပ်ကြီးရဲ့ ကျယ်လောင်လှတဲ့ အော်သံကြီးကိုတော့ ကြားခဲ့တယ်။ အဲဒီအချိန်ကလေးအတွင်း၊ ကျည်ဆံတောင်ရောက်ပါအုံးမလားလို့ထင်ရမယ့် အင်မတန်တိုတောင်းလှတဲ့ကာလအတွင်းမှာပဲ ဆင်ကြီးဘက်မှာ ထူးဆန်းဆိုးဝါးလှတဲ့ ပြောင်းလဲမှုကိုတွေ့ရတယ်။ သူက ယိုင်လဲမယိုင်သလို လဲလည်းလဲမသွားခဲ့ပေမဲ့ သူ့ကိုယ် ခန္တာပေါ်ကမြင်မြင်သမျှ အရာတွေဟာ ပုံပျက်သွားတယ်။ ကြောက်စရာကောင်းတဲ့ကျည်ထိချက်ကြောင့် မြေပေါ်လဲကျမသွားသော်လည်း မရွေ့နိုင်ဖြစ်သွားရတဲ့ ဆင်ဟာ ရုတ်တရက် တုန်လှုပ်သွားပုံရပြီး ကျုံလှီသွားကာ အင်မတန်အိုစာသွားတယ်လို့လဲထင်ရတယ်။ နောက်ဆုံးအတော်ကြီးနေမှ၊ ကျနော်ပြောရဲတယ်၊ ငါးစက္ကန့်လောက် ကြာလိမ့်မယ်ထင်တယ်၊ ခွေယိုင်သွားပြီး ဒူးညွှတ်လာတယ်။ သူ့ပါးစပ်ထဲကလဲ အရည်တွေထွက်လာတယ်။ အလွန်တရာမှ အားယုတ်လာဟန်ရှိတယ်။ သူ့ကိုကြည့်ရင်း အသက်ထောင်ပေါင်းများစွာ အိုနေပြီလို့တောင် ထင်ရနိုင်တယ်။ အရင်မှန်ထားတဲ့နေရာဆီကိုပဲ ကျနော် တချက်ထပ်ပစ်လိုက်တယ်။ ဒုတိယအချက်ထိတော့ သူက လဲကျမသွားပေမဲ့ ခြေစုံကိုအားပြုကာ အလွန်လေးလံနှေးကွေးချိနဲ့စွာရပ်နေရင်း ဒူးတွေအားလုံးညွတ်လျက် ခေါင်းကစိုက်ကျလာခဲ့တယ်။ ကျနော် တတိယအချက်ပစ်လိုက်တယ်။ ဒီတချက်ကတော့ သူအတွက် လုပ်ပေးလိုက်တာပါ။ သူ့တကိုယ်လုံးတုန်ခါသွားပြီး သူ့ခြေထောက်တွေထဲမှာ နောက်ဆုံးကျန်နေခဲ့သမျှ ခွန်အားတွေကို ရိုက်လှဲချလိုက်တာမို့ ဘယ်လောက်ထိ နာကျင်ခံစားရလိမ့်မယ်ဆိုတာ ခင်ဗျားတို့သဘောပေါက်ပါတယ်။ ဒါပေမဲ့ ဝပ်ကျသွားတယ်ဆိုသည့်တိုင် ခွေနေတဲ့သူ့ခြေထောက်တွေကသူ့အောက်တည့်တည့်မှာပဲ ပိသွားတာမို့ ဧရာမကျောက်တုံးကြီးတခုနဲ့ ပြိုတော့မဲ့ မျှော်စင်ကိုထောင်ထားတာနဲ့တူကာ သူ့နှာမောင်းက သစ်ပင်တပင်လို မိုးပေါ်ထိုးတက်လိုက်တော့ ခဏပြန်ထလာသယောင်တောင်ထင်မိတယ်။ ဆင်ကြီးက အော်လိုက်တယ်။ ပထမဆုံးနှင့် တကြိမ်တည်းသော အော်ဟစ်ခြင်းပါ။ နောက်တော့ ကျနော်လှဲနေတဲ့နေရာက မြေပြင်တောင်တုန်သွားလောက်အောင် ဗိုင်းကနဲလဲပြီး စောင်းကျလာလို့ သူ့ဝမ်းဘိုက်က ကျနော့်ဖက်ကို လှည့်သွားတယ်။

ကျနော် မတ်တပ်ရပ်လိုက်တယ်။ ဗမာတွေက ကျနော်ကိုဖြတ်ကျော်ပြီး ရွံ့တောထဲမှာ သူ့ထက်ငါ ဦးအောင် သွားနှင့်နေကြပြီ။ ဆင်က ပြန်ထမလာနိုင်တော့ဘူးဆိုတာ သိသာနေပေမဲ့ မသေသေးဘူး။  သူက အသက်ကို တရှူးရှူးအသံရှည်ရှည်နဲ့ မှန်မှန်ရှူနေကာ သူရဲ့ ဝမ်းဘေးတဖက်အသာ:ကြီးတွေက ဝေဒနာဒဏ်ခံရင်း ဖုတ်လှိုက်ဖုတ်လှိုက် တက်ကျနေတယ်။ သူ့ပါးစပ်က အကျယ်ကြီးဟနေလို့ အာခေါင်ရင်းက ပန်းနုရောင် လည်ချောင်းသား တွေကိုတောင် အတိုင်းသားကျနော်မြင်နေရတယ်။ သူသေမလားလို့ ကျနော် အကြာကြီး စောင့်နေခဲ့ပေမဲ့ သူ့ရဲ့အသက်ရှူပုံက ပျော့မလာခဲ့ဘူး။ နောက်ဆုံးတော့ ကျနော်မှာကျန်နေတဲ့ ကျည်နှစ်တောင့်ကို သူ့နှလုံးရှိမယ်လို့ ကျနော်ထင်တဲ့နေရာကိုချိန်ပြီး ပစ်ထည့်လိုက်တယ်။ ပျစ်နှစ်တဲ့သွေးတွေက သူ့ကိုယ်ထဲကနေ ဖဲကြိုးနီတချောင်းလွင့်သလို ပန်းထွက်လာခဲ့ပေမဲ့ သေတော့မသေသေးဘူး။ ကျည်ဆံတွေထပ်ဝင်သွားတော့လဲ သူ့ခန္ဓာကိုယ်က ပိုမလှုပ်တော့ဘဲ နှိပ်စက်နေတဲ့အသက်ရှူသံကြီးကိုသာ မနားတမ်းကြားနေခဲ့ရတယ်။  သူဟာသေခါနီးပြီ။ ထွက်သက် အင်မတန်နှေးပြီး အလွန်တရာနာကျင်လျက်၊ ကျည်တတောင့်ထပ်ပစ်လဲ သူပိုမနာနိုင်တော့တဲ့ ကျနော်နဲ့ဝေးကွာတဲ့ လောကတခုထဲကို ရောက်နေခဲ့ပြီ။ နားမခံသာတဲ့ အဲဒီဆူညံသံကြီး ပျောက်သွားလေအောင် ကျနော်ပဲ လုပ်ရမှာလို့ထင်တယ်။ ဟိုရှေ့နားမှာ သတ္တဝါကြီးကလဲနေလိုက်တာ၊ ရွေ့လျားနိုင်တဲ့အစွမ်းအစလဲမရှိ၊ အသက်ထွက်ဘို့ စွမ်းအားလဲမဲ့နေတာတောင် သူ့ကိုအဆုံးထိ မစီရင်နိုင်တဲ့ အဖြစ်နဲ့ ကြုံနေရတော့ အင်မတန်တုန်လှုပ်ခဲ့မိပါတယ်။ ကျနော်ပိုင် ရိုင်ဖယ်သေနတ်လေးကို ပြန်တောင်းပြီး သူ့ရဲ့နှလုံးသားနဲ့ လည်ချောင်းတလျှောက်ကို တချက်ပြီးတချက် ပစ်သွင်းခဲ့တယ်။ ဒါလဲ ဘာမှ အရာထင်ဟန် မတူပါဘူး။ နှိပ်စက်ကလူနေတဲ့အသက်ရှူသံကြီးကိုသာ နာရီလက်တံရွေ့သလို မှန်မှန်ကြား နေခဲ့ရတယ်။

အဆုံးမတော့ ကျနော်လဲ မခံရပ်နိုင်တော့လို့ အဲဒီနေရာက ထွက်လာခဲ့တယ်။ သူအသက်ထွက်ဘို့ နောက်ထပ် နာရီဝက်လောက် ထပ်ကြာခဲ့သေးတယ်လို့ နောက်တော့ ကြားရတယ်။ ကျနော် ထွက်မလာခင် ကတောင် ဗမာတွေက ဓါးတွေနဲ့ ခြင်းတွေတောင်းတွေ ယူလာနေခဲ့ကြပြီး၊ ဆင်တကောင်လုံး အရိုးကျန်တဲ့အထိ နေမညိုခင်မှာပဲ အပြီးဝိုင်းဖျက်ခဲ့ကြတယ်လို့ ကျနော့်ဆီ လာအသိပေးခဲ့ကြတယ်။

ကိစ္စအားလုံးပြီးတော့ ထုံးစံအတိုင်း ဆင်ပစ်တဲ့အကြောင်း ပြောဆိုဝေဖန်ဆွေးနွေးလို့ မပြီးကြတော့ဘူးပေါ့။ ဆင်ပိုင်ရှင်ကတော့ အင်မတန်စိတ်ဆိုးဒေါသထွက်နေလေတယ်။ သို့သော်သူက ကုလားတယောက်သာမို့ ဘာမှမတတ်နိုင်ခဲ့ဘူး။ ပြီးတော့ကျနော်က မှန်တာကိုလုပ်ခဲ့တာ။ ခွေးရူးလိုပဲ ဆင်ရူးရင်လဲ သူ့ပိုင်ရှင်က မထိန်းသိမ်းနိုင်ခဲ့ရင် သတ်ပစ်ရမှာပဲ။ ဥရောပသားတွေကြားထဲမှာတော့ အယူအဆက နှစ်ပိုင်းကွဲနေခဲ့တယ်။ လူကြီးပိုင်း တွေက ကျနော် မှန်တယ်လို့ပြောကြပြီး၊ လူငယ်ပိုင်းတွေကတော့ ကူလီတယောက်ကိုသတ်သွားတာနဲ့ ဆင်တကောင်ကို ပစ်ခတ်ခြင်းဟာ အင်မတန်ရှက်ဖွယ်ကောင်းတဲ့ကိစ္စလို့ ရှုတ်ချကြတယ်။ ဘာလို့လဲဆိုတော့ ဆင်တကောင်ဟာ ဂေါ်ရင်ဂျီကူလီအစုပ်ပလုပ်နဲ့စာရင် အများကြီးအဖိုးတန်တယ်လို့ဆိုတယ်။ နောင်မှာတော့ အဲဒီကူလီ အသတ်ခံသွားရတဲ့အတွက် ကျနော်အရမ်းဝမ်းသာရတယ်လေ။ ဆင်ကိုပစ်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် တခုရလိုက်ပြီးကျနော့်ကို ဥပဒေအရ မှန်တဲ့ဘက်ကို ပို့ပေးခဲ့လို့ဖြစ်တယ်။ ကျနော်အမြဲလိုလို တွေးမိတယ်၊ ဒီလိုလုပ်ခဲ့တာဟာ ကျနော်ကို အရူးလို့အထင်မြင်ခံရမှာကို ရှောင်ရှားဘို့သက်သက်ပဲဆိုတာ တခြားလူတွေ ရိပ်မိပါလေစလို့။

အင်္ဂလိပ်ဝတ္ထုရေးဆရာ ဂျော့ဂ်ျအိုဝဲ “George Orwell (1903-1950) ” ၏ 1936 ဝတ္ထုတို “Shooting An Elephant”ကို ပြန်ဆိုပါသည်။

၂၀၁၁ခု ဒီဇင်ဘာလ ၃၀ ရက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments