ငြိမ်းချမ်းအေး – ပြည်သူခမျာ ကျွန်ဝယ်ရာ အဆစ်ပါ

January 6, 2015

ငြိမ်းချမ်းအေး – ပြည်သူခမျာ ကျွန်ဝယ်ရာ အဆစ်ပါ
ဇန်န၀ါရီ ၆၊ ၂၀၁၄
(သည်လေဒီးစ်နယူးစ်)

ဒီဆောင်းပါး က (၂၀၁၂)  ခေတ်မောင်း ဆောင်းပါးဟောင်းကို အခြေခံပြီး (၂၀၁၅) အတွက် ရေးထားတာပါ။  စစ်လွှတ်တော် နိုင်ငံရေး  မိုက်တွင်းနက်သထက် နက်လို့ လာနေပါပြီ။  ဘေးတီး၊ အပံ့အပိုး၊ ပယောဂတွေလည်း စုံလှပါတယ်။  သီတဂူ ဆရာတော်ရဲ့ မှတ်ချက်ကလည်း သြဇာရှိသူစကားမို့ ပွက်လောတွေရိုက်ခဲ့တယ်။

အခုဆိုရင် (၂၀၁၅) ရွေးကောက်ပွဲလည်း အချိန် အကြမ်းဖျင်း သတ်မှတ်ပါပြီ။  ဗိုလ်သိန်းစိန် သမ္မတ ဒုတိယသက်တမ်း အ တွက် လာမယ့်ရွေးကောက်ပွဲမှာ ဆက်လက်ယှဉ်ပြိုင်မယ့်အကြောင်းလည်း လော်ဘီတွေကတဆင့် လေသံတွေထွက် လာ ပါပြီ။  ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း သူတို့အချင်းချင်း သမ္မတနေရာလုဖို့ဖြစ်တဲ့ “အခက်” ဟာ  ဒီမိုကရေစီအင်အားစုအတွက် “အချက်” ပဲလို့ ထင်မြင်ယူဆသူတွေ မှားပါမယ်။ သူတို့ ဘယ်လောက်ပဲ နေရာလုလု စစ်အုပ်စု၊ ဦးပိုင်နဲ့ အပေါင်းအပါ လူတစု အကျိုးစီးပွားကိုသာ ကာကွယ်လိုခြင်းမှ ဘုံတူပါတယ်။ ဒါကို အခြေခံတဲ့ စုစည်းမှုမျိုး စစ်ဗိုလ်ချုပ်တွေမှာ အမြဲရှိပါတယ်။  ဒီမိုကရေစီအင်အားစုဘက်ကတော့  စစ်လွှတ်တော်ထဲမှာပဲ တဝဲဝဲလည်ရင်း စစ်အုပ်စု စနစ်တကျ ကျုံးသွင်း ဖော်ဆောင် နေတဲ့ နေ့စဉ် ထိုထို ဤဤ ဖြစ်စဉ်တွေနောက်ကိုလိုက်ရင်း (၂၀၁၅) သာရောက်လာခဲ့တဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်မျိုး၊ ရပ် တည်မှုမျိုး မပြနိုင်သလို၊ တိုင်းရင်းသားပါတီတွေအပါအဝင် ညီညွတ်တဲ့ စုစည်းမှုမျိုးလည်း မလုပ်နိုင်သေးပါဘူး။  တိုင်းပြည် အနာဂတ် ရတက်မအေးစရာပါပဲ။  ပြည်သူ့ဘဝတွေလည်း တကယ့်ကို နာလှပါပြီ။

ဒီ “ပြည်သူခမျာ ကျွန်ဝယ်ရာ အဆစ်ပါ” ဆောင်းပါးကဆိုခဲ့တဲ့ နောက်ဆုံးသတင်းတွေ အနည်မထိုင်ခင် ပြီးခဲ့တဲ့အပတ် ပြည် တွင်းဂျာနယ်အတွက် နှစ်စရက်မှာ ရေးခဲ့တာပါ။  မိုးမခစာဖတ်ပရိသတ်မှာလည်း ဗမာ့နိုင်ငံရေးအနာဂတ်အတွက် ပြောစရာ တခုခုရှိရင် အမြင်တွေ ပြန်လည်ကြားချင်ပါတယ်။
×××××××××

နှစ်သစ်ဟာ ရောက်ရှိလို့လာခဲ့ပါပြီ။ ပြည်သူတွေရဲ့ (၂၀၁၅) ဒီမိုကရေစီအိပ်မက် ဘယ်လောက်အထိ ဒီနှစ်သစ်မှာ အကောင် အထည်ဖော်နိုင်ပါမလဲ။  ပြီးခဲ့တဲ့ (၂၀၁၄) ဟာ အကောင်းအပြောင်းအလဲ မျှော်လင့်ခြင်းတွေနဲ့စခဲ့ပေမဲ့ နောက်ဆုံးမှာတော့ အကြမ်းဖက် လူသတ် သွေးစွန်းမှုတွေ၊ မတရားမှုတွေ အပြည့်နဲ့သာ စိတ်ပျက်ဖွယ် အဆုံးသတ်ခဲ့ရတယ်။ လက်ရှိ စစ်တ ပိုင်းအစိုးရ၊ စစ်လွှတ်တော်နဲ့ စစ်တပ်ဟာ ဒီမိုကရေစီနဲ့ အပြောင်းအလဲ အသံဘယ်လောက်ပင် ညံနေပေမဲ့ စစ်အုပ်စု အကျိုးစီးပွားနဲ့ အာဏာကို နည်းနည်းလေးမှ အထိအပွန်းမခံနိုင်ကြောင်းကို အခြေခံဥပဒေ ပြင်ဆင်ရေး နှောင့်နှေးမှု၊ ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွေမှာ သဘောထားတင်းမာပြမှုလိုမျိုးကအစ၊ ကချင်မှာ အမြောက်သံပေးခဲ့မှု၊ သတင်းထောက် ကိုပါ ကြီးကို သတ်ပြခဲ့မှုအလယ်၊ လက်ပံတောင်း အကြမ်းဖက်လူသတ်ဖြစ်စဉ်အဆုံး ပုံစံအမျိုးမျိုးနဲ့ ဘီလူးသရုပ် စစ်အာဏာရှင် စနစ် အစွယ်ငေါငေါကို ထုတ်ပြခဲ့တယ်။

ပြည်သူအတွက် ဒီမိုကရေစီမျှော်လင့်ချက် ဖြည့်ဆည်းပေးရာ ဒီမိုကရေစီအင်အားစုဘက်ရဲ့အလုပ်ကလည်း မှန်းချက်နဲ့နှမ်းထွက်မကိုက်ဖြစ်ခဲ့တယ်။   ဒီမိုကရေစီတိုက်ပွဲရဲ့မဏ္ဍိုင်ဖြစ်တဲ့ အတိုက်အခံပါတီ ဒီချုပ် နှစ်ကုန်သတင်းစာရှင်းလင်းပွဲပြုတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ထည့်ဆိုသွားခဲ့တယ်။  (၂၀၁၂) ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်ကဆိုခဲ့တဲ့ တရားဥပဒေ စိုးမိုးရေး၊ (၂၀၀၈) အခြေခံဥပဒေပြင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတာတွေက ပါတီမူဝါဒကိုသာ ချပြခဲ့ခြင်းပါ၊ ကတိကဝတ်မဟုတ်ပါ။ သူတို့ မတည်နိုင်တဲ့ ကတိတွေ မပေးခဲ့၊ မပေးလိုပါ။  အတတ်နိုင်ဆုံးကြိုးစားမယ်ဆိုတဲ့ ကတိသာ ပေးခဲ့၊ ပေးနိုင်ပါတယ်တဲ့။

ဒါ့အပြင် (၂၀၁၅) ရွေးကောက်ပွဲဝင်ဖို့တောင် အစိုးရက ရွေးကောက်ပွဲရက် သတ်မှတ်မှသာ ဝင်/မဝင် တရားဝင် လူထုကို အသိပေးမယ်လို့ပါ ဆိုသွားခဲ့တယ်။  ဒါဟာ ဒီချုပ်ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်မှာပြုလုပ်ခဲ့တဲ့ ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးက ရွေးကောက်ပွဲဆိုင်ရာဆုံးဖြတ်ချက်ကို ထပ်လောင်းအတည်ပြုခြင်းလည်း ဖြစ်တယ်။  ဒါပေ မဲ့ ဒီသဘောဟာ ပုဒ်မ (၄၃၆) ပြင်ရေး လူထုလက်မှတ် (၅) သန်းနီးပါး ကောက်ပြီးချိန်၊ စစ်အုပ်စုဘက်က မပြင်လိုကြောင်း သဘောထားတင်းပြချိန်၊ ပြည်သူကလည်း ဖွဲ့စည်းပုံပြင်ရေး လူထုလုပ်ရှားမှုတွေ ဆက်လက်ဖော်ဆောင်ဖို့ အားသန်နေချိန်မှာ အဖွဲ့ချုပ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းဆိုခဲ့ဖူးတဲ့ “ပြင်ပြင်/မပြင်ပြင် ဝင်မယ်” ဆိုတဲ့ အရှုံးပေးရေးဝါဒ သဘောထား လမ်းကြောင်းခဲ့မှုမျိုး ဘာကြောင့်လုပ်ခဲ့သလဲဆိုတာကိုတော့ ကျေနပ်လောက်အောင် မဖြေရှင်းနိုင်ပါဘူး။

အခုအချိန်ကျမှ ဝင်/မဝင် မဆုံးဖြတ်သေးဘူး ဘယ်လောက်ပဲဆိုနေနေ (၂၀၁၅) ရွေးကောက်ပွဲကျင်းပရင် ဒီချုပ် ဝင်မှာ ကတော့ သေချာသလောက်ပါပဲ။  စစ်အုပ်စုဘက်ကလည်း အနောက်အုပ်စုနဲ့ စီးပွားဆက်ဆံလုပ်ခွင့် ပနံသင့်နေတဲ့ လက်ရှိ အနေအထားကို လက်လွှတ်လိုမှာမဟုတ်တဲ့အတွက် အရေခြုံဒီမိုကရေစီလမ်းကို ဆက်ဖော်ဆောင်၊ အသာစီးယူ ဖန်တီးထား တဲ့ ရွေးကောက်ပွဲနဲ့  စစ်လွှတ်တော်နိုင်ငံရေးကို ဆက်လျှောက်ဦးမှာပါပဲ။

လူထု ဒီမိုကရေစီ အရေးအတွက် (၂၀၁၅) မှာ ထိရောက်မယ့်အလုပ်တွေ မဖြစ်မနေလုပ်ပြဖို့ အရေးတကြီးလိုနေတဲ့ အခုလို အချိန်မှာ ဒီချုပ်ပြောတဲ့ဆိုခဲ့သမျှက ‘ကတိ’ မဟုတ် ‘မူဝါဒ’ သာဖြစ်တယ် အကြောင်းပြမှုတွေ၊ ရွေးကောက်ပွဲ ‘ဝင်/မဝင်’ ဆိုတာတွေ အတွက် စကားလုံးအငြင်းပွားမှု၊ အထအနကောက်လိုမှုတွေ မလုပ်လိုပါ။  တိုင်းရင်းသားအားလုံး ပြည်သူအများစု သာတူညီမျှ လွတ်လပ် ငြိမ်းချမ်း လူမှုစီးပွား ဖွံ့ဖြိုးတိုးတက် ရရှိစံစားနိုင်မယ့် အခင်းအကျင်းမျိုး အနာဂတ်မှာ အမှန်တကယ် ဖန်တီးတည်ဆောက်နိုင်မယ့် တိုင်းပြည်အုတ်မြစ် တရားမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီစနစ်အဖွဲ့အစည်း တခုသာ အခြေခံကျကျ ပြောင်းလဲတည်ဆောက်ယူနိုင်ဖို့သာ ဇောင်းပေးတိုက်တွန်းလိုပါတယ်။

၁) ‘ရှိသူများ’ နှင့် ‘မရှိသူများ’
လက်ရှိ တိုင်းပြည် ပြဿနာ ဟာ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည် အစရှိသဖြင့် စစ်အုပ်စု၊ အတိုက်အခံ ဒီမိုကရေစီအင်အားစု ပုဂ္ဂလိကသဘော အငြင်းပွား၊ အမြင်မတူဖြစ်နေတဲ့ အပေါ်ယံပြဿနာမဟုတ်ပါ။  တိုင်းပြည်မှာ ရာစု ဝက်ကျော် ရှင်သန်ခဲ့တဲ့ စစ်အာဏာရှင်စနစ်ဆိုးကြောင့် အာဏာပိုင်နဲ့ လူတစ်စုသာကောင်းစားစေတဲ့ တဖက်စောင်းနင်း လူမှု၊ စီးပွား၊ ကျန်းမာ၊ ပညာ အရာရာ တရားမျှတ သာတူညီမျှမှု ကင်းမဲ့နေတဲ့ စနစ်အဖွဲ့အစည်းဖြစ်နေခြင်းက အဓိက ပင်မ ရေသောက်မြစ် နိုင်ငံရေးရောဂါ ပြဿနာကြီးပါ။  ‘ရှိသူများ’ နဲ့  ‘မရှိသူများ’ ‘Haves’ Vs. ‘Have-nots’ ကွာခြားချက် မြင့်မား နေခြင်း၊ မတရားမှု အဓမ္မဝါဒ ကြီးစိုးနေခြင်းကို (၂၀၁၅) နဲ့ အလွန် အနာဂတ်တိုင်းပြည်မှာ အလေးထားပျောက်အောင် ဆောင်ရွက်ရမှာပါ။

၂) ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတုအိပ်မက်ကနေ နိုးထသင့်ပြီ

စစ်ဖွဲ့စည်းပုံနဲ့ သံမဏိကြိုးခတ် တုန့်နှောင်ပြီး စစ်အာဏာရှင် အသွင်ပြောင်း၊ အရေခွံလဲ၊ စစ်အုပ်စု အကျိုးစီးပွား၊ လုံခြုံမှု အတွက် သက်သက် စိတ်ကြိုက်ခြယ်လှယ် ထင်တိုင်းကြဲလုပ်ခဲ့တဲ့ (၂၀၁၀) ရွေးကောက်ပွဲ အပါအဝင် လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးတိုးတက်မှု အပြောင်းအလဲဟာ အစကတည်းက သန္ဓေမမှန်ခဲ့တဲ့အတွက် ယုံကြည်ကိုးစားမျှော်လင့်မှုနဲ့ မထိုက် တန်ခဲ့ပါဘူး။  ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (၂၀၁၁) နောက်ပိုင်းကနေ အခု “ဆုတ်လည်းဆူး စားလည်းရူး” ဖြစ်နေတဲ့ လက်ရှိအခြေအနေအထိရောက်ခဲ့ခြင်းဟာ လုံလောက်ပါပြီ။ ထောင်ခြောက်တွေအပြည့်နဲ့ ဆူးခင်းလမ်းကို ပန်းမွေ့ယာ၊ ရွှေကော်ဇော်ခင်း အလား အရာရာ အကောင်းမြင် စိတ်ကူးယဉ် လေထဲ တိုက်အိမ်ဆောက်၊ မစားရဝခမန်း ပြောနေ၊ တွေးနေ၊ လုပ်နေရတဲ့ ဓားမိုးကာ ရေစီးကြမ်းတဲ့ ဒီမိုကရေစီအတု အိပ်မက် (၂၀၁၅) မှာ နိုးထသင့်ပါပြီ။

၃) မိအေး အခါခါ နာရတဲ့ အဖြစ်
ဗိုလ်နေဝင်း က “ဆိုရှယ်လစ်” ဆိုင်းသံလေးတီးပေးတော့ ဗမာ့နိုင်ငံရေးသမားကြီးတွေ ‘ဂွေး’ တက်အောင် ‘က’ ခဲ့ဖူးကြတယ်။  ပြည်သူတွေလည်း နိုင်ငံရေးခေါင်းဆောင်ကြီးတွေ ကြည့်ပြီး ဟုတ်နိုးနိုးနဲ့ “ဆင်ဟဝါခွေးမျှော်” တဲ့ ဇာတ်လမ်းခင်းခဲ့ကြရတယ်။  ဗိုလ်ချုပ်ကြီး အစိုးရ ခင်းတဲ့ ဗမာ့ ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေးကြီးကို “ခွေးကတက်” ကနေပဲ လိုက်ရ လိုက်ရ ဆိုတဲ့ “သူတောင်းစား နိုင်ငံရေးလမ်းစဉ်” ခေတ်ထခဲ့ပြီး အတွေ့ကြုံရင့်၊ သိက္ခာရှိ၊ လွတ်လပ်ရေးသမိုင်းမှာ အရေးပါ၊ အရာ ရောက်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတချို့ နိုင်ငံရေး သေ၊ ခွေးလုံးလုံး ဖြစ်ခဲ့ကြရတယ်။

အခုလည်း စစ်အုပ်စုက “ဒီမိုကရေစီ” ဗျောသံပေးတော့ နိုင်ငံရေးခေါင်းဆောင်တွေ မနေနိုင်၊ မထိုင်နိုင် ထပ် ‘က’ ခဲ့ကြပြန် တယ်။ မဟောသဓ သားတရားစီရင်ခန်းလို မိခင်ရင်းမို့ ဘီလူးမနဲ့ယှဉ် ပြည်သူဆိုတဲ့ ‘သား’ ကို အနာခံပြီး မလုချင်လို့ အခြေအနေ၊ အချိန်အခါအလျောက် အလိုက်သင့် ပြုမူဆောင်ရွက်နေရပါတယ်ဆိုတဲ့အကြောင်းပြချက်က လက်တွေ့မှာ အကျိုးပိုမဲ့၊ ပြည်သူကို ပိုနစ်နာစေခြင်းဖြစ်စေတယ်ဆိုတာဟာ ပြီးခဲ့တဲ့ (၄) နှစ်အတွက် ဖြစ်ပေါ်ခဲ့တဲ့ ပြည်သူ့ အသက်၊ အိုး အိမ်၊ စည်းစိမ်၊ ဆုံးရှုံး နစ်နာမှုတွေအပြည့်နဲ့ “မိအေး အခါခါနာရတဲ့အဖြစ်” တွေက သက်သေပါ။

၎) အာဏာရှင်ဆိုတာ
မင်းစည်းစိမ် ဆိုတာ လောကီစည်းစိမ်ထဲမှာ အကြီးတကာ့ အကြီးဆုံး စည်းစိမ်ဖြစ်တဲ့အတွက် တည်မြဲနိုင်ဖို့ အစွမ်းကုန် ကြိုး စားခဲ့ကြတာချည်းပဲဆိုတာကို ပဒေသရာဇ်နဲ့ အာဏာရှင်သမိုင်းအဆက်ဆက်က သက်သေပြုခဲ့ပါတယ်။  ဒီလိုအနေအထားမှာ အင်အားကြီးတဲ့ စစ်တပ်လို အုပ်စုကြီးတစ်ခုလုံးရဲ့ အကျိုးစီးပွားကိုကာကွယ်ပေးတဲ့ စစ်အာဏာရှင်စနစ်ဟာ သူ့အလိုအ လျောက် အမြစ်ပြတ် ပျောက်ကွယ်သွားဖို့ အင်မတန်ခက်ခဲလှပါတယ်။   တိုင်းပြည်အကျိုးအတွက် စစ်အုပ်စုဟာ “သိက္ခာရှိရှိ နောက်ဆုတ်ပေးနေပါပြီ (Graceful Retreat)” ဆိုတဲ့ အယူအဆဟာ စိတ်ကူးယဉ်၊ ရူးသွပ်မှုသက်သက်ထက် မပိုပါ။

၅) Liberalisation နှင့် Democratisation မတူ
နိုင်ငံရေး သဘော၊ သီအိုရီတွေမှာ မတရားတဲ့ ဥပဒေတွေ ဖြေလျှော့ပေးတာ၊ ဗဟိုချုပ်ကိုင်မှုကို လျှော့ချတာ၊ ပြင်းထန်တဲ့ ဖိနှိပ်မှုတွေဖြေလျော့သွားတာ စတဲ့ ပိုမိုလွတ်လပ်တဲ့ အခြေအနေမျိုးဖန်တီးပေးတဲ့ (Liberalisation) ဖြစ်စဉ်နဲ့ ဒီမိုကရေစီ ပြောင်းလဲဖြစ်တည်မှု (Democratisation) ဖြစ်စဉ် တွေဟာ သဘောထား၊ လက္ခဏာနဲ့ ရည်မှန်းချက်တွေ လုံးလုံးမတူညီပါဘူး။  (Liberalisation) ဟာ အာဏာရှင်အစိုးရတွေ တရားဝင်ရေရှည်ရပ်တည်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲမှုတချို့ ဟန်ပြ လုပ်ခြင်းသက်သက်သာပါ။

ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲနေမှုဆိုတာကို အခြေခံသဘောအားဖြင့် အာဏာရှင်အစိုးရ လုံးလုံးပြုတ်ကျမှသာ တွေ့ နိုင်ပါမယ်။  “A Transition to Democracy = A Chang of Regime” ကသာ တကယ့် ပြည်သူလူထုအများစု အကျိုးရှိမယ့် ဒီမိုကရေစီအပြောင်းအလဲကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုမဟုတ်ဘဲ “ငါ့အာဏာ၊ ငါ့အကျိုးစီးပွားကိုတော့ မထိနဲ့၊ အထိုက် အလျောက် လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကို လူရွေးပြီးတော့ပေးမယ်” ဆိုတဲ့ “ဒီမိုကရေစီ ကွက်ကြားမိုး” ရွာနေခြင်းဟာ တိုင်းပြည်နဲ့ လူထုအများစုကို ပိုပြီးထိခိုက်နစ်နာစေပါတယ်။  ဒီလို အပေါ်ယံအပြောင်းအလဲမျိုးကို သြဇာရှိ၊ ပညာတတ်၊ ချမ်းသာတဲ့ ရေပေါ်ဆီ လူမလိုင်အသိုင်းအဝန်း အလိ (Elite)  တွေက အားတက်သရော ထောက်ခံလေ့ရှိကြတယ်။  တိုင်း ပြည်ရဲ့အများစု နင်းပြား ပြည်သူလူထုကတော့ ဒုံရင် ဒုံရင်းဆိုတာထက် ပိုဆိုးတဲ့အခြေအနေမျိုးတွေကို ခံစားရတယ်။  ဒီအချက်ကို လူထုခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ၊ ပညာတတ် လူလတ်တန်းစားတွေ ပကတိအရှိအတိုင်း သိမြင် ခံစားပေးနိုင်ဖို့ (၂၀၁၅) မှာ အင်မတန် အရေးကြီးလှပါတယ်။

၆) နိုင်ငံရေးသမား နိုင်ငံရေး အလုပ်လုပ်
လူအများစု လူမှုတရားမျှတမှု (Social Justice) မရရှိရင် ဒီမိုကရေစီစနစ်မဟုတ်ပါ။  ဒီအတွက် နိုင်ငံရေးသမားဆိုသူတွေ နိုင်ငံရေးအလုပ်စစ်စစ်လုပ်ဖို့ လိုနေပါတယ်။ တိုင်းပြည်ရဲ့ ပင်မရောဂါ နိုင်ငံရေးပြဿနာကိုမဖြေရှင်းဘဲ အဆွယ်အပွား ရော ဂါနဲ့ သူရဲ့လက္ခဏာတွေကိုသာ ဖြေရှင်းဖို့ကြိုးစားနေရင် အဖြေမှန်ရှာတွေ့နိုင်မှာ မဟုတ်ပါ။  တိုင်းပြည်မှာ ဆင်းရဲတာ၊ စာမ တတ်တာ၊ ရောဂါဘယထူပြောတာ စတဲ့ လူမှု၊ ကျန်းမာ၊ စီးပွားပြဿနာအားလုံးဟာ နိုင်ငံရေးဆိုတဲ့ ရေသောက်မြစ် ပြဿ နာကြီး အမြစ်ပြတ် မဖြေရှင်းနိုင်သရွေ့ ဘယ်တော့မှပြေပျောက်မှာ မဟုတ်ပါ။

နိုင်ငံရေးသမားတွေ လူမှု၊ စီးပွား၊ကျန်မားရေး တခဏတာ ဖြေရှင်းပေးတဲ့ လူမှုရေးဆေးမြီးတို လုပ်ဆောင်ချက်တွေနဲ့ချည်းပဲ ရောင့်ရဲတင်းတိမ်မနေဘဲ တိုင်းပြည်ရဲ့ ပင်မရေသောက်မြစ်ရောဂါ ဒီမိုကရေစီခေါင်းပါးမှု၊ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဆက်လက် သက်ဆိုးရှည်နေမှုကို အားစိုက် ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးလမ်းစဉ်၊ မူဝါဒတွေ ခိုင်ခိုင်မာမာချမှတ်ပြီး နိုင်ငံရေး အလုပ်တွေ (၂၀၁၅) မှာ  အားသွန်ခွန်စိုက်လုပ်ဖို့ အရေးတကြီး လိုအပ်နေပါပြီ။

၇) ခေါင်းဆောင်ဆိုတာ ခေါင်းဆောင်ရမယ်
Democratisation စစ်စစ်ဖြစ်ဖို့အတွက် ဒီမိုကရေစီခေါင်းဆောင်ဆိုသူများ လူထုရှေ့က မားမားရပ်၊ အပြောနဲ့မဟုတ် လက် တွေ့ဦးဆောင်ပြဖို့လည်း လိုပါတယ်။  အပြောင်းအလဲတချို့ကြောင့် ယုံထင် ကြောင်ထင်ဖြစ် အတွေးအခေါ် ဝေဝါးနေတဲ့ ပြည်သူလူထုကို မျက်စိဖွင့်၊ တာဝန်ယူ၊ တာဝန်ခံ၊ အမှန်ကိုချပြ၊ ရှေ့ကခေါ်ဆောင် လမ်းပြပြီး ယခုထက်ပို ဦးဆောင်ဖို့လိုနေ ပါတယ်။  ပြည်သူတွေ အာဏာရှင်က နှိပ်စက်လို့ အတိဒုက္ခရောက်မှ ဝင်ရောက်ဖြေရှင်းစေ့စပ်ရတဲ့ အလုပ်ဟာ လူထုခေါင်း ဆောင်ဆိုသူများနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အလုပ်မဟုတ်ပါ။ လူထုနဲ့အတူရပ်တည်ပြီး ပြည်သူ့ပြဿနာတွေကို ရှေ့က ထုတ်ဖော် ဟစ်ကြွေး၊ မတရားမှုမှန်သမျှကို တာဝန်ယူမှုရှိရှိ ဦးဆောင်ဆန့်ကျင်ပြမှသာ လူထုခေါင်းဆောင်း၊ လူထုကိုယ်စားပြု အဖွဲ့အစည်း ဖြစ်နိုင်ပါမယ်။

၈) လူထုက လူထုအလုပ် လုပ်
ကမ္ဘာ့သမိုင်းရဲ့ Democratisation ဖြစ်စဉ်တိုင်းမှာ လူထုအလုပ်မပါဘဲ၊ လူထုလှုပ်ရှားမှုမဖြစ်ဘဲ အောင်မြင်ပြီးမြောက် ဆုံး ခန်းတိုင် ရောက်သွားတယ်ဆိုတာမရှိပါ။ လူထုဟာ မိမိတို့ ဘဝလွတ်မြောက်ရေးအတွက် မိမိတို့ဘာသာပဲ ကြိုးစားလုပ်ကိုင် သွားရတာပါ။  ဗမာ့လူထု အနေနဲ့လည်း ဒီလို လူထုလူပ်ရှားမှု တာဝန်တွေကို စစ်အာဏာရှင်ခေတ် အဆက်ဆက်ဘယ်တုန်းကမှ မပျက်ကွက်ခဲ့ဖူးပါဘူး။ လက်ရှိအခြေအနေမှာလည်း လူထုအတန်းစားအသီးသီးရဲ့ အာဏာရှင်ရဲ့ မတရားဖိနှိပ်မှုတွေကို ပြန်လည် တွန်းလှန်တုံ့ပြန်အန်တုတဲ့ ဆန္ဒပြပွဲတွေ၊ သပိတ်တွေ၊ လှုပ်ရှားမှုတွေ နိုင်ငံအနှံ့အပြားမှာ ဖြစ်ပေါ်လျက်ပါပဲ။  ဆို တော့ အမြဲတမ်းတာဝန်ကျေတဲ့ လူထုကတော့ ဇွဲမလျှော့၊ စိတ်မပျက်ဘဲ၊ “ကိုယ့်ဘာသာ ကိုယ်ထူမှသာ ငါဒို့ထနိုင်မှာပဲ” ဆိုတဲ့ စိတ်ဓာတ်နဲ့ လူထုလုပ်ရမယ့်အလုပ်တွေကို ဆက်လုပ်ဖို့ပါပဲ။

၉) စာနယ်ဇင်းရဲ့ အလုပ်
ခေတ်မီလက်နက်အပြည့်အစုံနဲ့ အာဏာရှင်ဒေါက်တိုင် အင်အားကြီး စစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို လက်နက်နဲ့ ပြန်လည်တိုက်လို့ကတော့ ဘယ်လိုမှ အရာမရောက်နိုင်ပါ။ ဒါကြောင့် လူထုကြား လှုပ်ရှားမှုတွေ ပြန့်ပွားအောင်၊ အာဏာရှင် ရဲ့ လုပ်ရပ်ဆိုးတွေ တိုင်းသိ၊ ပြည်သိ၊ ကမ္ဘာသိအောင် ခေတ်မီဆက်သွယ်ရေး နည်းပညာရပ်တွေကို အသုံးချပြီး လှုံ့ဆော်၊ ဖြန့်ဝေ၊ တင်ပြတဲ့ မီဒီယာဆိုတဲ့ လက်နက်နဲ့ တိုက်မှသာ အာဏာရှင်တွေ၊ သူတို့ရဲ့ လက်ပါးစေ “ဘယ်သူသေသေ ငတေမာ” ရင်ပြီးရော လူတန်းစား စီးပွားသောင်းကျမ်း၊ ရမ်းကားတဲ့ လက်တဆုပ်စာခရိုနီတွေ အထိနာမှာ ဖြစ်ပါတယ်။  လူထု သပိတ် တိုက်ပွဲ သတင်းတွေတင်မကဘဲ အာဏာရှင်တွေနဲ့ အပေါင်းအပါတွေရဲ့ အကျင့်ပျက်၊ ခြစား၊ ကိုယ်ကျိုးရှာ ထင်ရာဆိုင်း နေတဲ့ အကြောင်းအရာ၊ အဖြစ်အပျက်တွေကို စုံစမ်း၊တူးဖော်၊ရှာဖွေ၊တင်ပြတဲ့ “Investigative Journalism” စာနယ်ဇင်း အလုပ်တွေလည်း အများအပြား ပိုမိုလုပ်နိုင်လာဖို့ (၂၀၁၅) မှာ လိုနေပါတယ်။

၁၀) နိဂုံး

ဆွေးနွေးခဲ့တဲ့ တိုင်းပြည်ရဲ့အုပ်စုအသီးသီးဖြစ်တဲ့ လူထုခေါင်းဆောင်၊ နိုင်ငံရေး အဖွဲ့အစည်း၊ ပြည်သူနဲ့ သတင်းမီဒီယာတွေ ကိုယ့်တာဝန် ကိုယ်ကျေ၊ တက်ညီလက်ညီ ဝိုင်းဝန်း ဖိအားပေး (Force) လုပ်နိုင်မှသာ တိုင်းပြည်ရဲ့ အဓိကပြဿနာ လူတစ်စု ကောင်းစားရေး စစ်အာဏာရှင်စနစ် အလုံးစုံပျက်သုဉ်းပြီး ဒီမိုကရေစီ အသီးအပွင့်တွေ လူအများစု တန်းတူခံ စားနိုင်မှာ ဖြစ်ပါတယ်။  လူမှုတရားမျှတမှု အခြေပြု တင်းပြည့်၊ ကျပ်ပြည့် ဒီမိုကရေစီစစ်စစ် တိုင်းပြည်မှာ မရှင်သန်သရွေ့ လူထုအများခမျာ နိုင်ငံရေးသမားများ၊ လူမလိုင်များ စစ်အုပ်စုနဲ့ပေါင်း သာယာနေတဲ့ နိုင်ငံရေးအဖြည့်ခံလမ်းစဉ်မှာ “ကျွန် ဝယ်ရာ အဆစ်ပါ” ရင်း ဒီမိုကရေစီအမည်ခံ အစိုးရရဲ့ မြေသိမ်း၊ လူသတ်၊ ထောင်ချ၊ အကြမ်းဖက် မတရားမှုအစုံစုံကို လှိမ့်ခံနေရတဲ့ဘဝက လွတ်မှာမဟုတ်ကြောင်း နှစ်သစ်မှာ ထပ်လောင်း မောင်းခတ်လိုက်ကြောင်းပါခင်ဗျာ။

ငြိမ်းချမ်းအေး
ဇန်နဝါရီ ၀၁၊ ၂၀၁၅

(ဇန်နဝါရီ ၀၂၊ ၂၀၁၅၊ သောကြာနေ့ထုတ် သည်လေဒီးစ် နယူးစ် ဂျာနယ်၊ အတွဲ (၂) အမှတ်စဉ် (၄၆)  တွင် မူလ ပုံနှိပ်ခဲ့သည်။  မိုးမခတွင် ယခု အွန်လိုင်းဖြန့်ချိသည်။ ဆောင်းပါးပါ အာဘော်ကို ဝေဖန်ထောက်ပြရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်