ငြိမ်းချမ်းအေး – ‘ရှိန်း’ ပြန်လာပါ

January 8, 2015

 
ငြိမ်းချမ်းအေး – ‘ရှိန်း’ ပြန်လာပါ
ဇန်န၀ါရီ ၈၊ ၂၀၁၅
(သည်လေဒီးစ်နယူးစ်)

ဒီဆောင်းပါးကတော့ လက်ပံတောင်းက ယာသူမကြီး အရီးမယ်ခင် လိပ်ခွံတောင်မှာပစ်သတ်ခံရချိန်က ရေးခဲ့တာပါ။  အခု တော့ ဦးခေါင်းကို တည့်တည့်ဝင် ဦးနှောက်အလိပ်လိုက်ထွက်စေတဲ့ ကျည်ဆန်ဟာ တရားဝင်ကြောင်း စစ်တပိုင်းအစိုးရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင်အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မီတီဆိုတာက ကြေညာချက် ထုတ်ပြန်ခဲ့လေရဲ့။  အဲဒီကော်မတီကို သမ္မတရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်တယ်၊ အစိုးရအရာရှိကြီးတွေနဲ့ အဓိကဖွဲ့စည်းထားတယ်ဆိုပေမဲ့ အမှတ်မမှားရင် အရပ်သားပညာရှင်တချို့လည်း ပါတယ် ထင်ပါတယ်။ အခုအချိန်ထိ စာ နယ်ဇင်းမှာ သူတို့ထဲက တယောက်ယောက်နဲ့ တိုက်ရိုက်မေးမြန်းတာမျိုး မကြားရသေးဘူး။

လျော်ကြေးငွေ အားလုံးယူပြီးပြီဆိုတဲ့ကိစ္စမျိုးက စာရင်းဇယားနဲ့ ချပြ အလွယ်ကလေးထောက်ပြနိုင်တဲ့ ကိစ္စမျိုးပါ။  စုံစမ်းရေး ကော်မရှင်ရဲ့ အကြံပြုချက် (၉၆) ချက်ကို အပြည့်အဝ အကောင်အထည်ဖော်မှုမရှိဘူးဆိုပြီး စုံစမ်းရေး ကော်မရှင်ဘက်က လည်း ပြန်ထောက်ပြတယ်။  ယေဘုယျ သိပ်ဆန်ပါတယ်။ ဘယ်အချက်တွေတော့ ပျက်ကွက်နေတယ်၊ စီမံကိန်းက ထောက်ပြချက်ထဲက ဘယ်အချက်တွေကို မျက်ကွယ်ပြုပြီး ဆက်လက်လုပ်နေတယ်၊ ခြံစည်းရိုးတွေ ဆက်ခတ်နေတယ် ဆိုတာ အသေအချာ သတင်းစာရှင်းလင်ပွဲခေါ် လူထုကို ချပြသင့်ပါတယ်။

တိုင်းပြည်ရဲ့ ရာခိုင်နှုန်းအများစု ကျေးရွာတွေက အခြေခံလူထုအများဟာ ဒီလက်ပံတောင်း တနေရာမှာတင်မဟုတ် နေရာ အနှံအပြားမှာ ဒီလို မြေယာပြဿနာ ရင်ဆိုင်နေရတာပါ။  လိုက်နာရမယ့် စည်းကမ်းချက်၊ အကြံပြုချက်တွေ ထုတ်ပြန်ပြီးပြီ၊ လိုက်မလုပ်တာတော့ စုံစမ်းရေးကော်မရှင်နဲ့ မဆိုင်ဘူး၊ အကောင်အထည်ဖော်ရေး ကော်မတီနဲ့ပဲဆိုင်တယ်ဆိုပြီး မျက်နှာလွှဲ ခဲပစ် မလုပ်ကြပါနဲ့။  လူထုကတကယ် ငတ်နေ၊ ခံနေရတာပါ။  မွဲရတဲ့ကြားထဲ အခု မြေမဲ့၊ ယာမဲ့၊ အသံမဲ့၊ အရာရာမဲ့တဲ့ ရွာသူရွာသား မျက်နှာမွဲများခမျာ ပြင်ပပယောဂ နားယောင်သူများ၊ အကြမ်းဖက်သူများအဖြစ်ပါ စွပ်စွဲခံရသေးတယ်။  ဒါမျိုး တွေ မြင်ရ၊ ကြားရ ဖန်များလေ “‘ရှိန်း’ ပြန်လာပါ” လို့ အသံကုန် ဟစ်ချင်လေပါပဲ။
×××××××××

အိမ်တွေ ဖျက်ခံရ၊ မြေတွေသိမ်းခံရ စတဲ့ မတရားမှုသတင်းတွေကြားရတိုင်း ကလေးဘဝက စွဲလမ်းခဲ့ရတဲ့ ‘ရှိန်း’ ကို သတိ ရတယ်။ ငယ်စဉ်က နှစ်နှစ်ခြိုက်ခြိုက်ကြည့်လေ့ရှိတဲ့ သေနတ်ပစ်ကားတွေထဲမှာ “ဒေါ်လာ လက်တဆုပ်စာ (၁၉၆၅)”၊ “လူ ကောင်း လူဆိုးနှင့် ကိုရုပ်ဆိုး (၁၉၆၆)” အစရှိတဲ့ အမေရိကန်-အီတာလျံ ဖက်စပ် စပါ (ဂ်) တီ တတိယတန်းစား နွား ကျောင်းသား ရုပ်ရှင်တွေလို အသတ်အဖြတ်တွေ တင်းကျမ်းပြည့်မနေတဲ့ သဘာဝကျကျ ရုပ်ရှင်ကား “ရှိန်း (၁၉၅၃)” ထဲက ဇာတ်ကောင် ‘ရှိန်း’ ဟာ ဆရာကြီးရွှေဥဒေါင်းရဲ့ စွန့်စားခန်းဝတ္ထုတွေထဲက မဟုတ်မခံစိတ်အပြည့်နဲ့ တရားမျှတမှုကို မြတ် နိုးကြောင်း အမြဲပြတတ်တဲ့ ဇာတ်လိုက်တွေလိုပဲ ကလေးဘဝမှာ အားကျအတုယူစရာ ဖြစ်ခဲ့တယ်။

‘ရှိန်း’ ဇာတ်ကားမှာ (၁၉) ရာစု အမေရိကန်အနောက်ပိုင်း နယ်ခြားဒေသတွေက ဓားမဦးချ လုပ်ကိုင်စားသောက်ခဲ့သူ မိသား စုတွေနဲ့ ကျွဲ၊ နွား၊ ခြံမြေ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ထိပ်တိုက်တွေ့မှုကို ဇာတ်ကွက်ယူထားတယ်။  ရေကြည်ရာမြက်နုရာ စားကျက်မြေတွေမှာ အခြေချနေထိုင် တနိုင်ဝမ်းကျောင်းနေသူ သာမန်မိသားစုတွေကို စီးပွားလုပ်ငန်းရှင်ကြီးများက ကြေး စားသေနတ်သမားတွေငှား ခြိမ်းခြောက် မြေနေရာတွေကဖယ်ခိုင်းတတ်တဲ့ အင်အားကြီးသူနိုင်စတမ်း တောရိုင်းဥပဒေသာ ကြီးစိုးရာ “ကြမ်းတမ်းတဲ့ အနောက်ပိုင်းဒေသ” ကို ပုံဖော်ထားတယ်။

အဲဒီလို မတရားမှုတွေကြီးစိုးနေရာ ဝိုင်အိုမီပြည်နယ် တောင်ကြားဒေသတခုကို ‘ရှိန်း’ ဆိုတဲ့ မြင်းစီးသေနတ်သမား လူစိမ်းတ ယောက် ရောက်လာတယ်။  သူဟာ ယာတောအိမ်လေးတခုမှာ ရေဝင်သောက်ရင်းကနေ အိမ်ရှင်မိသားစုနဲ့ ရင်းနှီးသွားပြီး အကူအလုပ်သမားအဖြစ် ခေတ္တဝင်လုပ်ဖို့အထိ ဖြစ်သွားတယ်။  အိမ်ရှင်ရဲ့သားငယ် ‘ဂျိုဝီ’ ကလေးဟာ တစိမ်း သေနတ် သမားရဲ့ ယောက်ျားပီသတဲ့အမူအရာနဲ့ သေနတ်ပစ်ဟန်ကို သိပ်သဘောကျတယ်။  ရိုးရိုးတောင်ယာလုပ်ကိုင် ဝမ်းကျောင်း နေရတဲ့ ဖခင်ရဲ့ဟန်ပန်ကို ‘ရှိန်း’ နဲ့ ယှဉ်ကြည့်ပြီး ကလေးဟာ ဖခင်အရင်းကိုတောင် အားမလိုအားမရ ဖြစ်လာတယ်၊ ‘ရှိန်း’ ကိုလည်း ပိုသံယောဇဉ် တွယ်လာတယ်။  ‘ရှိန်း’ ကလည်း မိသားစုနဲ့ တဖြည်းဖြည်းရင်းနှီးလာပြီး ဒေသတဝိုက် ယာသမားတွေ ရင်ဆိုင်နေရတဲ့ စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ ခြိမ်းခြောက်မှုအန္တရာယ်ကိုပါ သိလာတယ်။

နောက်ဆုံး ဇာတ်သိမ်းမှာ လုပ်ငန်းရှင်ကြီး ငှားထားတဲ့ ကြေးစားလူသတ်သမားတွေကိုရင်ဆိုင်ဖို့ ယာသမားဖခင်က သွားမယ် လုပ်တော့ ‘ရှိန်း’ က မသွားနိုင်အောင် နောက်ကောက် အလဲထိုးလိုက်တယ်။  သူက ကိုယ်စားသွားပြီး သေနတ်သမားတွေကို ရင်ဆိုင် အနိုင်ယူခဲ့တယ်။

ဒီဇာတ်လမ်းမှာ ယောက်ျားပီသမှုဆိုတာ သေနတ်တလက်ခါးချိတ်ပြီး တဒိုင်းဒိုင်းပစ်နေမှမဟုတ်၊ ဇနီး၊ သားသမီးတာဝန်ကို ပုခုံးထမ်းယူနေတဲ့ ဖခင်တယောက်ရဲ့သတ္တိဟာ သူ့လို တကိုယ်တော်သေနတ်သမားထက် အများကြီးသာကြောင်း၊ မိသားစု တာဝန်ကို ယူရဲ၊ တာဝန်ခံရဲတဲ့ သတ္တိရှင် သာမန်ဖခင်များဟာ ယောက်ျားအပီသဆုံးသူတွေ ဖြစ်ကြောင်းကို ‘ရှိန်း’ က ‘ဂျိုဝီ’ ကလေးကို မပြောဘဲနဲ့ သိစေခဲ့တယ်။ ဝမ်းရေးအတွက် ရိုးသား အေးဆေးစွာ ငြိမ်းငြိမ်းချမ်းချမ်း သမ္မာအာဇီဝ လုပ်ကိုင် စားသောက်နေသူ အားနည်းသူ လူတန်းစားတွေဘက်က ရပ်တည်ရမယ်ဆိုတာကိုလည်း ‘ရှိန်း’ က ကျနော်တို့ကို သိစေခဲ့ တယ်။  မတရားမှုကို ဆန့်ကျင်ရမယ်၊ အင်အားမဲ့သူကိုဖေးကူရမယ်၊ အားကြီးသူ အနိုင်ရတဲ့ တောရိုင်းဥပဒေကို တိုက်ဖျက်ရ မယ် ဆိုတာတွေကို ‘ရှိန်း’ က လမ်းပြခဲ့တယ်။

မျက်မှောက်ခေတ်သစ်ရဲ့ကမ္ဘာလုံးဆိုင်ရာဖြန့်ကြက် စီးပွားလုပ်မှုသဘောမှာလည်း လုပ်ငန်းအရင်းရှင်ကြီးများဟာ ကမ္ဘာအနှံ့ မှာ အုပ်စိုးသူအာဏာရအစိုးရများနဲ့ပူးပေါင်းပြီး ဒေသခံတွေရဲ့ အိုးအိမ်စည်းစိမ်တွေကို စက်မှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ် အမျိုးမျိုးအောက်မှာ အဓမ္မသိမ်းနေကြတယ်။  ပုဂ္ဂလိကအကျိုးစီးပွား “ငါ့ဘို့(ဖို့)” တခုတည်း အတွက် မျက်နှာမွဲနင်းပြားများရဲ့ မိရိုးဖလာအသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ စတေးခံနေရတယ်။  ရိုးရာ ထုံးတမ်း စဉ်လာဓလေ့တွေ ပျက်စီးရတယ်။  အခြေခံ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။  စီးပွားလုပ်ငန်းကြီးများရဲ့ စက်ရုံအ လုပ်ရုံများ၊ သယံဇာတတူးဖော်ရာ မိုင်းတွင်းများက အန္တရာယ်ရှိ ဓာတုစွန့်ပစ် ဓတ်ပစ္စည်းများကြောင့် ကျန်းမာရေး တွေ ထိခိုက်ရတယ်။  သဘာဝပတ်ဝန်းကျင်လည်း ပျက်စီး၊ ဂေဟစနစ်ပျက်ယွင်း ရာသီဥတုတွေ ဖောက်ပြန်ကုန်တယ်။  ဒေသခံ လူအများရဲ့ လူမှုစီးပွားကျန်းမာ အရာရာ ဆုံးရှုံးနစ်နာကြရတယ်။

ဒီလိုနဲ့ ညစ်ညမ်းနေတဲ့ လေထု၊ ခဲဆိပ်သင့်နေတဲ့ ရေ၊ အဆိပ်ဓာတ်မြင့်မားနေတဲ့ ငါး၊ ခမ်းခြောက်နေတဲ့ မြစ်၊ ပြုန်းနေတဲ့ တော၊ တုံးနေတဲ့တောင်နဲ့ ဆင်းရဲနုံခြာ လူစဉ်မမီဖြစ်နေတဲ့ လူအများစုဆိုတဲ့ တဖက်စောင်းနင်း လူမှုလောကရှုခင်းဟာ အားကြီးသူရာ အရာရာအောင်နိုင် အနိုင့်အထက်ပြုရာပဲ ဖြစ်နေသေးတဲ့ ခေတ်သစ် အရင်းရှင်စီးပွားရေးစနစ်ဆိုးနဲ့အတူ ကမ္ဘာအနှံ့မှာ ကျယ်ပြန့်နေတယ်။  အထူးသဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကူအညီနဲ့ ဆင်းရဲတွင်းက ရုန်းထွက်ဖို့ ကြိုးစားနေရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများက ပြည်သူများဟာ လှိမ့်ခံနေရတယ်။

ဗမာပြည်အနေနဲ့ မြင်သာတဲ့ ဥပမာ တခုကတော့ လတ်တလောမှာ အာဏာပိုင်ရဲ့ (၂) ရက်ဆက်တိုက် ပစ်ခတ်မှုကြောင့် ယာသိမ်းခံ တောင်သူတဦး သေဆုံး၊ အများအပြား ဒဏ်ရာရတဲ့အထိ ဖြစ်ခဲ့ရတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပါပဲ။  ပြီးခဲ့တဲ့ (၂) နှစ်ကလည်း ဒီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြနေကြတဲ့ သပိတ်စခန်းကို လုံထိန်းတပ်က အကြမ်းဖက် ဝင်ရောက် မီးဗုံးပစ် ဖြိုခွင်းခဲ့လို့ ရဟန်းရှင်လူ လူအများ ဒဏ်ရာအနာတရ အကြီးအကျယ်ရခဲ့သေးတယ်။  အခုတော့ လူပါသေခဲ့ရပြီ။

ဒီစီမံကိန်းကို အားလုံးသိကြတဲ့ အတိုင်း တရုတ် နိုင်ငံပိုင် “China North Industries Corporation” လက်နက်ကုမ္ပဏီကြီးတခုရဲ့ လက်အောက်ခံ ဝမ်ပေါင်သတ္တုတွင်းတူးမိုင်းကုမ္ပဏီ နဲ့ ဗမာပြည်က စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ပူးပေါင်းလုပ်ငန်းဖော်ဆောင်နေကြတယ်။  လွန်ခဲ့တဲ့ (၂) နှစ် အကြမ်းဖက်မှုအပြီးမှာ အစိုးရက ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ ဒီစီမံကိန်း ရှေ့ဆက် သင့်/မသင့် လေ့လာသုံးသပ်စေတယ်။   ကော်မတီက ဒေသခံတွေရဲ့ အကျောက်အကန် ကန့်ကွက်မှုတွေကို လျစ်လျူရှုပြီး ထိုက်သင့်တဲ့ တာဝန်ယူမှု၊ လျော်ကြေး ပေးမှုတွေ ပြုလုပ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက် တချို့နဲ့အတူ စီမံကိန်းဆက်ဖို့ ဆုံးဖြတ် အစီရင်ခံစာထုတ်ခဲ့တယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ ဒီကော်မရှင်ဟာ အသုံးချခံသက်သက်သာ ဖြစ်သွားခဲ့ပြီး ဒေသခံတွေ ဘာသာရေးယုံကြက်ချက်အရ အလေးထားတဲ့ လယ်တီသိမ်နဲ့ တောင်ကြားစေတီ အဖျက်ခံရခြင်းလို ကိစ္စတွေအပါအဝင် အဓမ္မအမှုတွေဟာ ပိုသာတိုးလာခဲ့ တယ်။  ဒေသခံရွာသားတွေရဲ့ မကျေနပ်မှု ခံစားချက်တွေလည်း ပိုမိုပြင်းထန်လာခဲ့ပြီး ဆန္ဒပြကန့်ကွက်မှုတွေ ဆက်တိုက် မပြတ်ဖြစ်နေတယ်။  လျော်ကြေးငွေမယူဘဲ အခု အသေခံတဲ့အထိ ကိုယ့်မြေအတွက် ဆက်လက်တောင့်ခံနေသူ ကျေးရွာ တွေလည်း အများအပြား ရှိနေတယ်။

တကယ်တော့ မြေကိုရင်း လုပ်ကိုင်စားသောက်နေရသူ တောင်ယာသမားအတွက် လျော်ကြေးငွေ အလျှံပယ်ပေးရင်တောင်မှ ရေရှည် ဝမ်းရေးအတွက် ထည့်သွင်းစဉ်းစားစရာ အခြားအချက်အလက်များ အများအပြားရှိတာပါ။  အခုသူတို့ခမျာ အများစု ရတဲ့ငွေက (၁) ဧက ကို (၇၀၀-၁၂၀၀) ဒေါ်လာပဲရှိတယ်။  ခိုင်းနွားကောင်းကောင်း တရှဉ်းကို မြန်မာငွေ သိန်းအစိတ်၊ သုံး ဆယ် ပေးနေရတဲ့ခေတ်မှာပေးတဲ့ မြေတန်ဖိုးက ဘာမှမပြောပလောက်တဲ့အပြင် တသက်လုံး ရင်းနှီးလုပ်ကိုင်စရာ မြေမဲ့ဘဝ အဖြစ်က တွေးကြည့်ဝံ့စရာမရှိပါ။  ကုလသမဂ္ဂကချမှတ်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကျင့်ဝတ်တွေကို အခု ဝမ်ပေါင်က အပြည့်အဝမလိုက်နာတဲ့အပြင် ဒေသခံတွေရဲ့ လိုလားကြည်ဖြူမှုအခြေခံအချက်ကို သူတို့အပြည့်အဝမရဘဲ အစိုးရအားကိုးနဲ့ မီးဗုံးခွဲလိုက်၊ သေနတ်နဲ့ပစ်လိုက်၊ နံပါတ်တုတ်နဲ့ ရိုက်လိုက်လုပ်ရင်း စီမံကိန်းကို မဖြစ်ဖြစ်အောင် ရှေ့ဆက်နေတာပါ။

ဒါမျိုးဖြစ်စဉ်တွေဟာ ဗမာပြည်မှာ အဲဒီဒေသတခုတည်း၊ တရုတ်ကုမ္ပဏီတခုတည်း၊ စစ်တပ်ဦးပိုင်တခုတည်း ထင်တိုင်းကြဲခွင့် ရနေတာမျိုးလည်း မဟုတ်ပါ။  အရင် နဝတ၊ နအဖစစ်အစိုးရခေတ်ကတည်းက အစဉ်အဆက် အစိုးရနဲ့ ပုလင်းတူဘူးဆို့ ပေါင်းစားနေသူ စီးပွားလုပ်ငန်းရှင် ကုဋေကြွယ်သူဌေး ခရိုနီကြီးများအားလုံး လုပ်ပိုင်ခွင့်တွေရ၊ တောခုတ်၊ တောင်ဖြို၊ ကျောက်တူး၊ မြေသိမ်း၊ ယာသိမ်းရင်းနဲ့ သဘာဝကို မုဒိမ်းကျင့်၊ “လူအများ” မျက်ရည်တွေ စတေးကာ “လူတစု” ဓနအင်အား ကို တည်ဆောက်လာခဲ့ကြတာပါ။

အခု ဥပဒေပြုလွှတ်တော်ကို စစ်တပ်ထောက်ခံမှုရ အာဏာရပါတီကိုယ်စားပြုအဖြစ်ရောက်နေသူ ဦးခင်ရွှေ (ဇေကမ္ဘာ)၊ ဦး ဌေးမြင့် (ယုဇန) တို့လို ပြည်သူ့ကိုယ်စားလှယ်အမည်ခံ စီးပွားရေးသမားကြီးများကအစ အခြားနာမည်ကျော် ဦးတေဇ (ထူး) ၊ ဦးဇော်ဇော် (မက်စ်မြန်မာ) အစရှိတဲ့ သူကြွယ်ကြီးများအားလုံးရဲ့ စီးပွားလုပ်ငန်းတိုင်းဟာ ဒီလိုဒေသခံတွေရဲ့ အကျိုးစီးပွား ပျက်စီးမှု အနည်းအများကို အရင်းတည်ခဲ့ကြတာချည်းပါပဲ။  နိုင်ငံခြားကုမ္ပဏီဆိုလည်း စစ်အစိုးရအဆက်ဆက်နဲ့ အကြောင်း အပေါင်းသင့်တဲ့ တရုတ်နိုင်ငံ စီးပွားများ လွှမ်းမိုးနေတာမှန်ပေသည့်၊ အခြား ကိုရီးယား၊ ထိုင်းလို ဒေသတွင်းနိုင်ငံတွေရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတိုင်းမှာ ဒေသခံလူအများ နစ်နာရမှုတွေ အပြည့်ပါပဲ။ လူ့အခွင့်အရေးကို မြတ်နိုးလှ၊ ဒီမိုကရေစီရှိလှဆိုတဲ့ အမေရိကန်၊ ပြင်သစ်လိုနိုင်ငံကြီးတွေက Unocal, Chevron, Total လို ရေနံနဲ့သဘာဝဓာတ်ငွေ့ လုပ်ငန်းစုကြီးတွေရဲ့ ဗမာ ပြည်က စီးပွားလုပ်ကွက်တွေနဲ့ အကျိုးအမြတ်တွေမှာပါ အငြင်းပွားဖွယ်ရာ မတရားမှု ဖြစ်စဉ်တွေ ရှိခဲ့ဖူးတာပါပဲ။

ဒါတွေအားလုံးရဲ့ လက်သည်တရားခံကတော့ “အစိုးမရတဲ့ အစိုးရ”၊ “အကျင့်ပျက်ခြစားနေတဲ့ အစိုးရယန္တရား”၊ “လူတစု အကျိုးစီးပွားကိုသာ ကာကွယ်တဲ့ စနစ်အဖွဲ့အစည်း” ကြောင့်လို့ တိုတို ဆိုနိုင်ပါတယ်။  အခု ဝမ်ပေါင်က ပြန်လည်ဖြေရှင်းရာမှာ အဓိက အကြောင်းပြတာကိုက အစိုးရခွင့်ပြုလို့ ယာမြေတွေကို ကုမ္ပဏီပိုင်အဖြစ် ခြံစည်းရိုးခတ်တယ်၊ ကြေးနီတူးဖော်ရေး စီမံကိန်းလည်း ဆက်လုပ်မယ် ဆိုထားတာပါ။ ကြေးနီစီမံကိန်းစုံစမ်းရေးကော်မရှင်ကလည်း သူတို့တင်ပြချက်တွေ အပြည့် အဝ ဖော်ဆောင်မပေးတဲ့ အစိုးရနဲ့ ဖော်ဆောင်ရေးကော်မတီရဲ့ ချို့ယွင်းပျက်ကွက်မှုကိုပဲ ထောက်ပြခဲ့တယ်။

ရင်းမြစ် ပြဿနာကတော့ ပြည်တွင်း ပြည်ပ ဘယ်လုပ်ငန်းကြီးများမဆိုဟာ အစိုးရနဲ့ လုပ်ပိုင်ခွင့် ချပေးနိုင်သူ လူတစုကိုသာ နားလည်မှုယူ အကျိုးအမြတ်ခွဲပေးနိုင်ရင် မြေနေရာအပါအဝင် စီးပွားရေး ထင်တိုင်းကြဲလုပ်နိုင်ခွင့်ကို အလွယ်တကူ ရနေတယ်။  ဆန္ဒထုတ်ဖော်ခွင့် မရှိ၊ သတင်းလွတ်လပ်ခွင့်မဲ့၊ သတင်းစီးဆင်းမှု နှေးကွေးတဲ့ အရင်ခေတ်ကဆို ပိုသာဆိုးခဲ့ တယ်။  ပြည်သူခမျာ ပြားပြားဝပ် နင်းခံခဲ့ရတယ်။ မျက်မှောက်မှာလည်း အထိုက်အလျောက် မကျေနပ်ချက်တွေ၊ မတရားမှု တွေ ထုတ်ဖော်ခွင့်ရနေပေမဲ့ အဆုံးသတ်ရလဒ် လှိမ့်ခံနေရမှုကတော့ မပြောင်းလဲသေးပါဘူး။

လွှတ်တော်၊ ရွေးကောက်ပွဲ၊ နိုင်ငံရေးပါတီ အပေါ်ယံအမည်ခံတွေနဲ့ ဒီမိုကရေစီစနစ် ကြွေးကြော်နေပေမဲ့ လုပ်နည်း၊ လုပ် ဟန်၊ အကျင့်၊ စရိုက်၊ အတွေးအခေါ် အပုပ်အဆွေးအဟောင်းတွေက အရင် စစ်အာဏာရှင်စနစ် အတိုင်း မပြောင်းလဲသေးပါ။  “တရားမျှတမှု အမှန်တရားသည်သာ အင်အား — Right is Might” မဖြစ်၊ “အင်အားသည်သာ အမှန်တရား — Might is Right” ဖြစ်နေဆဲပါပဲ။  ကြီးနိုင် ငယ်ညှဉ်း အင်အားကြီးသူသာ အမြဲတမ်းအသာရတဲ့ “The Law of the Jungle — တောတွင်း ဥပဒေသ တိရစ္ဆာန်ဝါဒ”သာ ကြီးဆိုးနေဆဲပါ။  အာဏာရှိသူနဲ့ အပေါင်းအပါ လူတန်းစားတခုသာ အခွင့်ထူးခံ မင်းမူနေဆဲပါ။  အာဏာ စီးပွား ကိုယ်ကျိုး အတွက် လိုအပ်တဲ့ အခါတိုင်းလည်း လက်နက်ထုတ်သုံး၊ သေနတ်ပစ်ပြ၊ မီးဗုံးခွဲ၊ အမြောက်ထု လူသတ်၊ အကြမ်းဖက်၊ ဘုရားဖျက်၊ ကျောင်းဖျက်၊ သိမ်ဖျက်၊ အိမ်ဖျက် ဘူဒိုဇာထိုးနည်းနဲ့ ပြဿနာအစုံစုံကို ဖြေရှင်းလိုဆဲပါပဲ။

အခု လတ်တလောတင် ဖြစ်စဉ်များကိုပဲ ကြည့်ပါ။  နော်ဝေဘုရင်ခရီးစဉ် မန္တလေး ဂေါဝန်မှာ ဆင်းရဲသာတဲဖျက်ရေးကို အစိုးရကိုယ်တိုင် ရက်ရက်စက်စက် ကျူးလွန်ခဲ့တယ်။ လှိုင်သာယာကျူးကျော်တဲဖြစ်စဉ်မှာ ငွေရှင် ပုဂ္ဂလိက ဝါဝါဝင်းကုမ္ပဏီ က ဥပဒေလက်လွတ် စိတ်ကြိုက်လူမိုက်တွေငှားပြီး ဆင်းရဲသားနင်းပြားတွေရဲ့ တဲတွေကို ဖျက်ခဲ့တယ်။  စစ်တပ်ရဲ့ အဓမ္မမြေ သိမ်းခံ မိကျောင်းကန်သပိတ်စခန်းကို ဝင်စီး ဆန္ဒပြသူတွေကို တရားစွဲတယ်။

ဆရာကြီး ဒဂုန်တာရာ မျှော်လင့်ရည်မှန်းခဲ့တဲ့ သာတူညီမျှ “လောကအမွန်” (၁၉၃၉ အိုးဝေ မဂ္ဂဇင်း ကဗျာ) ဟာ စိန်ရတုတိုင်ခဲ့၊ ကိုယ့်မင်းကိုယ်ချင်းဖြစ်တာလည်း နှစ်ပေါင်း ခြောက်ဆယ်ကျော်ခဲ့ပေမဲ့ လက်ရှိတိုင် “အားပြည့်သူက အားငယ်သူကို နိုင်ရာ စားတယ်၊ ဖားမျိုသည့် မြွေပမာ” ဖြစ်နေဆဲပါပဲ။  ကိုယ့်လူမျိုးအချင်းချင်း မတရား ကျွန်ပြုခံ ဖြစ်လျက်၊ လူမျိုးခြားနိုင်ငံများရဲ့ ခေတ်သစ်စီးပွားနယ်ချဲ့ခံလည်း ဖြစ်လျက်ပါပဲ။  ဗိုလ်ချုပ် အမြော်အမြင် ကြီးကြီး ကြိုမြင် ထောက်ပြခဲ့တဲ့ ဟိုလူ့မျက်နှာချိုသွေးရ၊ ဒီလူ့အောက်ကျို့ရတဲ့ နိုင်ငံလည်း ရေတဖြန်းဖြန်း ဆေးရင်း ဖြစ်နေခဲ့တာ ကြာပါပြီ။  ကိုယ့်နိုင်ငံသားများလည်း လူသတ်၊ မု ဒိမ်း ရာဇဝတ်သမားများအဖြစ် မတရားယိုးစွပ်ခံရင်း အိမ်နီးချင်းနိုင်ငံတွေမှာ မျက်နှာငယ်ငယ်နဲ့ ကျွန်ခံနေရတာ အတော် တောင် အသားကျနေရရှာပါပြီ။

တိုင်းပြည်ရဲ့ နိုင်ငံရေး စနစ်ဆိုး၊ အစိုးရ အုပ်ချုပ်ပုံညံ့ဖျင်းမှုနဲ့ အကျင့်ပျက်မှု ဆိုးကျိုးဆက်ဟာ ဆိုရှယ်လစ်၊ ဒီမိုကရေစီ မျက်နှာဖုံး အမျိုးမျိုး၊ နာမည်အဖုံဖုံ၊ အသုံးတော်ခံ အစုံစုံနဲ့ ရာစုဝက်ကျော် သက်ဆိုးရှည် လည်ပတ်နေတယ်။  အမေရိကန် အနောက်ပိုင်းဒေသကြမ်း ခေတ်တုန်းကတော့ မသူတော်တွေဟာ သူတို့လိုဘပြည့် စီးပွားဖြစ်ဖို့အတွက် ကြေးစား သေနတ် သမားတွေကို အသုံးချခဲ့တယ်။ အခုခေတ် ဗမာပြည်မှာတော့ ဒီမိုကရေစီ၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ ဥပဒေပြုမှု ကနေ သေနတ်ကျည်ဆန်အထိ အသုံးချ လူတစု ကောင်းစားရေးကို လုပ်ခွင့်သာနေတယ်။ လူသတ်၊ အကြမ်းဖက် မတရားမှု တခုဖြစ်လိုက် အသုံးချခံ စုံစမ်းရေးကော်မရှင်ဖွဲ့လိုက်၊ အချည်းအနှီး အစီရင်ခံစာတွေထုတ်လိုက် သံသရာကလည်း မဆုံး နိုင်ဖြစ်နေတယ်။

စီးပွားရေးလုပ်ငန်းကြီးများရဲ့ CSR (Corporate Social Responsibility) ဆိုတဲ့ လူမှုရေးလုပ်ငန်းများကလည်း စားကောင်း သောက်ကောင်း ပါးပါးလှီး ခေါင်းပုံဖြတ်ကောင်းအောင် ဟန်ပြလုပ်ပြရုံသက်သက်ဖြစ်နေတယ်။ အခု ဗမာပြည်က ခရိုနီတိုင်း မှာ လူမှုရေးရန်ပုံငွေဖောင်ဒေးရှင်းတွေ ရှိတယ်၊ လူမှုလုပ်ငန်းတွေ၊ အလှူတွေ အားတက်သရော လုပ်နေကြတယ်။  ဒါပေမဲ့ နိုင်ငံရေးစနစ်မပြောင်းဘဲ ဒီမိုး ဒီလေ ဒီလူတွေ အခွင့်သာနေသမျှ တိုင်းပြည်ရဲ့ ဆင်းရဲချမ်းသာကွာဟာမှု ပြဿနက ပျောက်သွားမှာမဟုတ်၊ လူအများစု ဆင်းရဲတွင်း နက်သထက်နက်ဦးမှာသာ ဖြစ်တယ်။

ဒီအတွက် လူသတ်ကောင်တွေကို သုတ်သင်ခြင်း၊ သူခိုးဓားပြအကြီးစားတွေဆီက ပြန်လည်လုယူခြင်း၊ ဖိနှိပ်သူ အာဏာရှင် တွေကို တော်လှန်ခြင်းဆိုတဲ့ “လူမှုတရားမျှတရှာမှု” တန်ပြန်အလုပ်တွေ လိုနေပါတယ်။  ဒါပေမဲ့ Wild West ခေတ်က ‘ရှိန်း’ လို  အဖိနှိပ်ခံ လယ်သမား၊ ယာသမားတွေဘက်က ရပ်တည် လူဆိုးတွေကို ‘ဓား’ ‘ဓား’ ချင်း၊ ‘လှံ’ ‘လှံ’ ချင်း စိန်ခေါ် အန်တုလို့တော့ မရတော့ပါ။  အဖိနှိပ်ခံပြည်သူအများရဲ့ ပဋာမြေလူး ဒုက္ခ ငိုကြွေးသံတွေကို စာနာနားလည်ခံစားတတ်ကာ တရားမျှတမှုကို ဦးထိပ်ထားတဲ့ “ရှိန်း စိတ်ဓာတ်” ကိုသာ လူအများကြားမှာ တိုးပွားစေပြီး အားကြီးသူ အဓမ္မပြုခွင့်သာနေတဲ့ စနစ်ဆိုးကြီးကို “အကြမ်းမဖက်” လူထုအားနဲ့ တိုက်ဖျက်ရမှာပါ။

ဒါကြောင့် လက်ပံတောင်း အကြမ်းဖက်လူသတ်မှုအပါအဝင် တရားမဲ့မှုအစုစုကို ဆန့်ကျင်ကန့်ကွက်ပွဲများ နိုင်ငံတဝှမ်း အင်တိုက်အားတိုက် ယခုထက်ပိုပြုလုပ်ဖို့လိုနေပါတယ်။  မတရားမှုကို မီးမောင်းထိုးပြမယ့် ‘ရှိန်း’ စာနယ်ဇင်းတွေလည်း များ များ ပိုလိုနေပါတယ်။  တရားမှုဘက်က ရပ်တည်မယ့် ဥပဒေသမား ‘ရှိန်း’တွေ အများကြီးလိုနေပါတယ်။  ကြီးနိုင်ငယ်ညှဉ်းမှုကို အသံထွက်မဲ့ တက်ကြွလှုပ်ရှားသူ ‘ရှိန်း’ လူမှုရေးသမားတွေလည်း များများလိုနေပါတယ်။  နိုင်ငံရေးသမားတွေ နိုင်ငံရေး ပီပီပြင်ပြင် လုပ်ဖို့ကတော့ မရှိမဖြစ် အလိုအပ်ဆုံးအချက်ပါပဲ။  ပြည်သူ့ဘဝ ဆင်းရဲတွင်းကျွတ်၊ မင်းအပါအဝင် ရန်သူမျိုးငါးပါး ဘေးက လွတ်ဖို့ရာ နိုင်ငံရေးကုထုံးမှလွဲလို့ လူမှုရေး အပါအဝင် အခြားဆေးမြီးတိုများ ဆေးမတိုး၊ ဆေးမမီတော့ပါ။  အထူးသဖြင့် အို၊ နာ၊ သေ လက္ခဏာရေး သုံးပါး မကြား၊ မမြင်ရတဲ့ ကျတ်ပြေးအရပ်က ဆင်စွယ်နန်းတော် စင်မြင့် နိုင်ငံရေး ထက်မှာ ဒီမိုကရေစီ ပေါက္ခရ ဝဿမိုးရွာကာ လူတစုအတွက် သက်သက် လောကနိဗ္ဗာန် တည်ဆောက် သာယာမိန်း မောနေကြတဲ့ လွှတ်တော်နိုင်ငံရေးသမားများ “ရှိန်းစိတ်ဓာတ်” ကို အတုယူ အလုပ်ကောင်းတွေလုပ်ပြဖို့ အရေးတကြီးလို နေပါတယ်။

နိဂုံးချုပ်ရရင် ‘ရှိန်း’ ဇာတ်ကား အဆုံးမှာ ဂျိုဝီကလေးက မြင်းစီးထွက်သွားတဲ့ ‘ရှိန်း’ ကို “ပြန်လာပါ ‘ရှိန်း’ ရေ” တကြော်ကြော် အော်သလိုပဲ အခု အော်ချင်ပါတယ်။  (၂၀၁၅) နှစ်သစ်မှာ “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ ဒို့ပြည်၊ ဒို့မြေ” အမှန်တ ကယ်ဖြစ်ဖို့ မတရားမှုကို ရဲရဲဝံ့ဝံ့တွန်းလှန်ဝံ့တဲ့ ဗမာပြည်က “ရှိန်းများ” လူထုရင်ခွင်ဆီ များများ မြန်မြန် ပြန်လာစေချင်ကြောင်း အသံကုန် အော်လိုက်ကြောင်းပါခင်ဗျာ။

ငြိမ်းချမ်းအေး
ဒီဇင်ဘာ ၂၃၊ ၂၀၁၄ (စာပြီးရက်စွဲ)

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၄၅)၊ ဒီဇင်ဘာ (၂၆) သောကြာနေ့ထုတ်တွင် မူလ ပုံနှိပ်ခဲ့သည်။  ယခု မိုးမခတွင် ထပ်မံ အွန်လိုင်းဖြန့်ချိသည်။  ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

One Response to ငြိမ်းချမ်းအေး – ‘ရှိန်း’ ပြန်လာပါ

  1. nyeinchanaye81 on January 8, 2015 at 8:38 am

    နောက်ဆက်တွဲ ဖြည့်စွက် မှတ်ချက် – MRTV က လွှင့်တဲ့ ကော်မတီရဲ့ ထုတ်ပြန်ကြေညာချက် ရုပ်သံကို ကြည့်ပြီး အွန်လိုင်းက မကျက်တကျက်များ အသံလည်း ဒီစာရေးပြီးမှ ဖြတ်ခနဲ မြင်လိုက်၊ ကြားလိုက်ရသေးတယ်။ စစ်လော်ဘီများ မဟုတ်၊ လူအများ ပြောတဲ့ (ကျနော့် ဘယ်တော့မှ မသုံးတဲ့ စကားလုံးပါ) စစ်ခွေး မဟုတ်၊ အွန်လိုင်းသုံးနိုင်တဲ့ သူလိုငါလို သာမန် လူလတ်တန်းစားကပေါ့။ ဒီရုပ်သံကို (၃) ခေါက် ကြည့် သေချာနားထောင်ပြီးပြီတဲ့၊ လျော်ကြေး (၃) ခါတောင် ပေးပြီးပြီ။ နှစ်ဖက်စလုံးမှန်နိုင်ပါတယ်တဲ့။

    ကျနော် စာတွေမှာ ကိုယ့်ဘာသာ ပညာတတ် အလယ်လတ်တန်း လူတန်းစား လို့ ထင်နေကြသူ ဗမာ့ အွန်လိုင်းလောက က ဆရာများကို လူတန်းစားပျက်တို့၊ မကျက်တကျက်တို့ ဆိုပြီး အမြဲ ညွှန်းဆိုမိတယ် ဆိုတာ ဒါမျိုး လေသံတွေကြောင့်ပါ။

    ပြောရရင်လည်း မကောင်းပါ။ တကယ်တော့ သူတို့ခမျာ ဘာပညာမှ တကယ် မတတ်ပါ။ အတန်းပညာတော့ ရှိတာပေါ့။ ဒါပေမဲ့ အကြောင်းရင်းရှာနိုင်၊ ကျိုးကြောင်း ဆက်နိုင်တဲ့ ဆင်ခြင် ဉာဏ် မရှိကြဘူး။ ဒီတော့ ဝါဒဖြန့် မှိုင်းတိုက်သမျှ လက်ခံတာပေါ့၊ အနည်းဆုံး ဟုတ်နိုးနိုး ထင်တာပေါ့။ အဓိက ဆင်ခြင်ကြည့်လိုတဲ့ စိတ်အခံ မရှိတာ၊ စာနာနားလည် ခံစားပေးနိုင်တဲ့ နှလုံးသား မရှိကြတာလည်း အဓက ပါတယ်။

    ငါဒို့ အနေအစား ချောင်တန်သလောက် ချောင်နေတယ်၊ ဒါဟာ နေပျော်တယ် ဆိုပြီး လူအများ ငတ်ပြတ်နေတာကို မျက်ကွယ်ပြု နှင်းဆီရောင်သွေး မျက်မှန်တပ် သာယာနေချင်ကြတယ်။ မစို့မပို့ ရနေတဲ့ အခွင့်အရေး ကို လက်မလွှတ်လိုဘဲ တုံးအောက်က ဖားချင်း အ တူတူ ဖောင်းတဲ့ ဖား ဖောင်း တွေက ပြားချပ် ပြားကပ်နေတဲ့ ဖားတွေကို ကိုယ်ချင်းစာ မပေးလိုကြဘူး။ ဗြဟ္မစိုရ်တရား ခေါင်းပါးနေကြတယ်။

    လူမှန်ရင် အဖိနှိပ်ခံတွေရဲ့ အားနည်းတဲ့ အသံတွေကို ရှာ နားထောင်၊ အသံကူ ထွက်ပေးရမှာပေါ့။ ပညာတတ် ဆိုရင် ပိုလို့ အရှည်ကို မြင်ကြည့်နိုင်၊ အကြောင်းအကျိုး ဆက်စပ်နိုင်တော့ ပိုလို့ ဖိနှိပ်ခံ ဘက်က ရပ်ကူ ဝိုင်းဝေး ဖေးမ ရမှာပေါ့။

    ကျနော် ဒီလို လူတွေကို စနစ်ဆိုးရဲ့ သားကောင်တွေပဲလေ ဆိုတဲ့ စိတ်အခံနဲ့ မနှစ်မြို့၊ မမုန်းမိစေဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ဖိနှိပ်သူ ရန်သူ၊ မကောင်းဆိုးဝါး မိစ္ဆာ ထက်၊ အဲဒီလို ဓမ္မနဲ့ အဓမ္မ ကြား၊ တရားမှုနဲ့ မတရားမှုကြား၊ အဖိနှိပ်ခံနဲ့ ဖိနှိပ်သူကြားမှာ ကြားနေချင်တာလောက်၊ ရွှေပြည်အေး တရား ဟောချင်တာလောက် မုန်းတာ မရှိဘူး။ အဲဒီလို အသံတွေ ကြားလေ “‘ရှိန်း’ ပြန်လာပါ” ဆိုပြီး ထပ် ကျယ်ကျယ်လောင်လောင် အော်ဟစ်ချင်လေပါပဲ။

    ငြိမ်းချမ်းအေး
    ဇန်နဝါရီ ၀၈၊ ၂၀၁၅

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်