ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ်

January 10, 2015
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

– ပျင်းတောင် ပျင်းသေးတယ်

(မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅

အခန်း (၁)

န၀တ နဲ့ နအဖ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ကျေးဇူးကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဟာ ကြိုးပြတ်သွားတဲ့ပုတီးကုန်းလေးလို ကမ္ဘာ့နေရာအနှံ့ကို တစစီလွင့်စင်ခဲ့ကြရပါတယ်။ အခုအစိုးရ လက်ထက်မှာလည်း ပြည်သူတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေကြ ရတုန်းပါ။ လက်ပတောင်း တောင်က ပြည်သူတွေဒုက္ခပင်လယ်ဝေနေသလို၊ ဆရာလူထုဦးစိန်ဝင်းသာ ကွယ်လွန်သွားခဲ့တယ်၊ တောင်တန်းတွေပေါ်မှာ ဂျိုးကူသံတွေလည်း မကြားရသေးပါဘူး။ အခုချိန်မှာ- ဗမာ မရှိတဲ့နေရာ ဆိုလို့ မြောက်ဝင်ရိုးစွန်းတနေရာပဲရှိတော့မယ်လို့ထင်ပါတယ်။

ဘယ်အရပ်၊ ဘယ်နိုင်ငံကိုပဲရောက်ရောက်၊ နေရာအသစ်မှာ စိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်ကြရမှာကတော့ မြေကြီး လက်ခတ်မလွဲပါ။ တယောက်နဲ့တယောက်ကြုံရတဲ့အခက်အခဲပုံစံချင်းသာကွဲချင်ကွဲမယ်၊ ပန်းခင်း လမ်းတွေ မဟုတ်ကြတာတော့သေချာပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့သူလည်း လုပ်ငန်းခွင်မှာ အခက်အခဲ တွေကိုရင်ဆိုင်ကြရသလို၊ စာသင်တဲ့သူလည်း ကျောင်းခန်းထဲမှာ စိန်ခေါ်မှုတွေကို တွေ့ကြုံကြရပါတယ်။

ဒါပေမယ့်၊ စာရေးသူတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ အဲ့ဒီ့အခက်အခဲ၊ အတားအဆီး တွေကို အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်နဲ့ အောင်မြင်စွာကျော်ဖြတ်ခဲ့ကြတယ်၊ ကျော်ဖြတ် နေကြ တယ်ဆိုတာ သိပ်ကိုသေချာတဲ့အချက်တချက်ပါပဲ။

ဒီနေရာမှာ ကျောင်းသားတယောက်ဖြစ်တဲ့ စာရေးသူကတော့- ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ ကျောင်းခန်း အတွင်းက စိန်ခေါ်မှုလေးတွေကို စာရှုသူများအားပြန်လည်ဝေမျှချင်ပါတယ်။

+++++

အခန်း (၂)

နယူးဇီလန်နိုင်ငံ Waikato Institute of Technology ကျောင်းမှာ၊ စာရင်းအင်းနဲ့ စီမံခန့်ခွဲမှုပညာ ပထမနှစ်စတတ်တော့ ဦးဆုံး တယောက်နဲ့တယောက်မိတ်ဆက်ရပါတယ်။ ကိုယ့်နာမည်နဲ့ ကိုယ်ဘယ်နိုင်ငံကနေလာတယ် ဆိုတာ တယောက်ချင်းစီပြောကြရပါတယ်။ စာရေးသူအလှည့်မှာ တော်တော်ပြောယူလိုက်ရပါတယ်။ မြန်မာ ဆိုတဲ့ နာမည်ကို အခန်းထဲကကျောင်းသား အကုန်လုံး မသိကြပါဘူး။
ဘားမား (Burma) လို့ပြောတာတောင် သိတဲ့သူဆိုလို့ ဆရာနဲ့ အိန္ဒိယကကျောင်းလာတတ်တဲ့ ကျောင်းသား (၂) ယောက်၊ စုစုပေါင်း မှ သိတဲ့သူ(၃) ယောက်ပဲရှိပါတယ်။ ရင်နာဖို့ကောင်းတာက အင်ဒိုနီးရှား၊ မလေးရှား၊ ဘရူနိုင်း၊ စင်္ကာပူ၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နာမ်နိုင်ငံတွေကို သိကြတယ်။ ကိုယ့်နိုင်ငံ မှ ကွက်ပြီး မိုးခေါင်းနေသလိုပါပဲ။

အတန်းထဲမှာ နှစ်ယောက်တတွဲ၊ သုံးယောက်တတွဲ သင်ခန်းစာကိုဆွေးနွေးဖို့ဆရာကပြောရင်၊ ဒေသခံ အဖြူ (ကီဝီ) ကျောင်းသားတွေက သူတို့အဖြူအချင်းချင်းပဲ တွဲတယ်။ ပေါက်ဖော်ကြီးတွေကလည်း သူတို့ အချင်းချင်းပဲတွဲတယ်။ သူတို့နိုင်ငံကို ဒီလောက်ကောင်းကျိုးပြုနေတဲ့ နိုင်ငံကလာတဲ့
ကျောင်းသားကို မတွဲချင်ကြဘူး။ အရှေ့အလယ်ပိုင်းကလာတဲ့ကျောင်းသားတွေကလည်း ထိုနည်း လည်းကောင်းပါပဲ။

စာရေးသူနဲ့ အမြဲဆွေးနွေးတိုင်ပင်ဖြစ်တာကတော့ အိန္ဒိယကျောင်းသားနှစ်ယောက်ပါပဲ။ ဒါဟာလည်း စာရေးသူက စပြီး သူတို့ကို ကမ်းလှမ်းတာလည်းပါတာပေါ့။

ဆွေးနွေးပြီးတာနဲ့ချက်ချင်း၊ အဖွဲ့တိုင်းရဲ့ခေါင်းဆောင်တယောက်ချင်းစီက ကိုယ့်အဖွဲ့က ဘယ်လို သုံးသပ်တယ်၊ ဘာတွေကို သဘောတူပြီး၊ ဘာတွေကိုတော့ သဘောမတူဘူး၊ ဘာကြောင့်ဆိုတာကိုပါ အပြည့်အစုံ အတန်းသား တွေကို ပြောပြရပါတယ်။ ကျန်တဲ့အဖွဲ့တွေကလည်း ငြိမ်ပြီးနားထောင်ကြ
သလို လိုအပ်ရင်လည်း ငြင်းခုံကြပါတယ်။ ငြိမ်ပြီးနားထောင်တဲ့နေရာမှာ ဒေသခံအဖြူတွေက  ထိပ်ဆုံး ဖြစ်သလို၊ ဆွေးနွေးငြင်းခုံမှုတွေလုပ်တိုင်းလည်း သူတို့ရှေ့ဆုံးက တတ်ကြွစွာပါဝင်လေ့ရှိပါတယ်။ ပေါက်ဖော်တွေကတော့ သူများအဖွဲ့ဆွေးနွေးနေပြီဆို သူတို့ဘာသာစကားနဲ့ တီးတိုးတမျိုး၊ ကျယ်ကျယ် တဖုံ လှုပ်လှုပ်ရွရွအမြဲဖြစ်သလို၊ သူတို့ထဲကတယောက်ထဆွေးနွေးရမယ့်အလှည့်ဆို အမြဲတမ်း ထိုင်ခုံမှာကော်ကပ်ထားသလိုဖြစ်နေလေ့ရှိပါတယ်။ နောက်ဆုံး၊ ဆရာက တယောက်ထ ဆွေးနွေးပါလို့ ပြောလာတဲ့အချိန်ကျမှ လက်ကိုင်ဖုန်း၊ ဒါမှမဟုတ် ကွန်ပြူတာကို ကြည့်ပြီးပြောလေ့ ရှိပါတယ်။

စာရေးသူတို့အဖွဲ့အလှည့်မှာတော့၊ အိန္ဒိယကျောင်းသာနှစ်ယောက်ကစာရေးသူကို ခေါင်းဆောင် တင်တဲ့ အတွက်စာရေးသူက ထဆွေးနွေးရပါတယ်။ မြန်မာပြည်မှာတခါမှ အဲ့လိုမျိုး အတန်းထဲမှာ မတ်တပ်ထရပ်ပြီး ဆွေးနွေးငြင်းခုံမှုတွေ မလုပ်ခဲ့ဘူးတော့၊ အစမှာ ဒူးတုန် အသံတုန်တော့ဖြစ်ခဲ့ ပါတယ်။

+++++

အခန်း (၃)

စာသင်နှစ်ဝက်တခုစီမှာ မော်ကျူး(၄) ခုယူရပါတယ်။ တနှစ်ဆိုတော့ မော်ကျူး (၈) ခုပေါ့။ ဘာသာရပ်တော်တော်များများမှာအဖွဲ့လိုက် ပရောဂျက်တွေ၊ Assignments တွေလုပ်ရပါတယ်။ အဲ့လို အုပ်စုလိုက် ပရောဂျက်တွေ၊ Assignments တွေလုပ်တော့လည်း၊ ပထမနှစ်မှာတော်တော် မျက်နှာ ငယ်ခဲ့ ရပါတယ်။ အဖွဲ့တဖွဲ့မှာ (၃) ယောက်အထိ ပါဝင်ခွင့်ရှိပေမယ့်၊ မြန်မာပြည်ကလာတဲ့ ကျောင်းသားကို ဘယ်သူမှ အထင်မကြီးပါဘူး။ အဖွဲ့ဝင်အဖြစ်လက်ခံလိုတဲ့သူမရှိပါဘူး။

ဒါလည်းတရားပါတယ်လေ။ အမှတ် ကောင်းကောင်းရဖို့ဆိုတာ အားလုံးတတ်ညီလက်ညီနဲ့ ၀ိုင်းပြီး ကြိုးစားမှရတာလေ။ သူတို့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပေါ့။ နောက်ဆုံး ဆရာ၊ ဆရာမတွေက သူတို့အဖွဲ့ရှာပေးရမလား၊ ဒါမှမဟုတ် ကိုယ်ဟာကိုယ် တယောက်တည်းပဲ လုပ်မလားလို့မေးလာတော့၊ မခံချင်စိတ်နဲ့- ကိစ္စမရှိဘူး။ ငါ့ဟာငါ တယောက်တည်း လုပ်မယ်လို့ပြောလိုက်ပါတယ်။

သူများတွေက ခေါင်း (၃)လုံးလောက်နဲ့ လုပ်နေတဲ့အချိန်မှာ၊ စာရေးသူကတော့ ဘုန်းမောင် တကိုယ်တည်းပေါ့…..

မခံချင်တဲ့စိတ်နဲ့ အားတင်းရင်း၊ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ ကိုယ်ဟာကိုယ်တယောက်တည်း အစအဆုံးဖတ်ရ၊ မှတ်ရ၊ လေ့လာရဆိုတော့ နည်းနည်းတော့ပင်ပန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း  များများဖတ်တော့ ပိုသိတာပေါ့။ ပိုနားလည်တာပေါ့လေ။

ဒီလိုနဲ့ ကျောင်းဖွင့်ပြီး(၃)လလောက်၊ အားလပ်ရက်မပေးခင်အချိန်မှာ- စာမေးပွဲတွေဖြေရပါတယ်။ စာမေးပွဲတွေဖြေပြီးတော့ကျောင်း (၂) ပတ်ပိတ်ပါတယ်။ သူများနိုင်ငံကကျောင်းသားတွေ အားလပ်ရက်မှာ အနားယူ အပန်းဖြေခရီးတွေ ထွက်နေချိန်၊ စာရေးသူကတော့ Assignments တွေ ကျောင်းပြန်ဖွင့်ရင် အချိန်မီ တင်နိုင်ဖို့အတွက် စာအုပ်ပုံတွေကြားအချိန်ကုန်နေခဲ့ပါတယ်။

+++++

အခန်း (၄)

ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာ၊ ဆရာတွေက စစ်ပြီးသားအဖြေလွှာတွေကို အတန်းအ၀င်ဝ ခုံပေါ်မှာ တင်ထားပြီးပြန်ပေးပါတယ်။ ကျောင်းသားတွေက ကိုယ့်အဖြေလွှာကို ကိုယ်ရွှေးယူရုံပါပဲ။ ဘယ်သူတွေ အောင်တယ်၊ ဘယ်သူတွေကျတယ်ဆိုတာမသိရပေမယ့်၊ ဂုဏ်ထူးနဲ့အောင်တဲ့ ကျောင်းသား တွေရဲ့ နာမည်တွေကိုတော့ ဆရာတွေက ဖတ်ပြလေ့ရှိပြီး၊ ဒီကျောင်းသားတွေရဲ့ ကြိုးစားမှုကို အသိအမှတ် ပြုကြောင်း၊ ဂုဏ်ယူကြောင်းပြောလေ့ရှိပါတယ်။

အဲ့လိုပြောပြီဆိုရင်၊ အခြားဂုဏ်ထူးထွက်တဲ့ကျောင်းသားတွေရဲ့နာမည်ကိုဖတ်ပြတဲ့အချိန်မှာ အခက် အခဲ မရှိပေမယ့်၊ စာရေးသူရဲ့နာမည်ကို ဖတ်တဲ့အခါမှာတော့ ဆရာတွေအခက်အခဲ တွေ့ရလေ့ ရှိပါ တယ်။

ဒီကျောင်းသားနာမည်ကို သူတို့မခေါ်တတ်ကြောင်း၊ သူတို့ ဖတ်လိုက်လို့ အသံထွက်မှားသွားပြီး၊ တစုံတခု ထိခိုက်နစ်နာသွားရင် ကြိုပြီးတောင်းပန်ထားကြောင်း အရင်ပြောလေ့ရှိပါတယ်။ နောက် စာရေးသူရဲ့နာမည်ကိုဖတ်ပြပြီး၊ မတ်တတ်ရပ်ပြစေလိုကြောင်း ပြောပါတော့တယ်။ စာရေးသူ မတ်တတ်ထရပ်ပြတော့မှ၊ သူခေါ်တဲ့အသံထွက်မှန်လား၊ ဒါမှမဟုတ် နီးစပ်လား၊ နောင်ကို ဒီအတိုင်းခေါ်ရင်ကော အဆင်ပြေလားမေးပါတယ်။

သက်ဆိုင်ရာ ဘာသာရပ်ဆရာတွေက ဒီလိုမျိုး- ဒီကျောင်းသားနာမည်ကို သူတို့မခေါ်တတ်ကြောင်း အစပျိုးလာပြီဆို အတန်းသားတွေရဲ့မျက်လုံးတွေက စာရေးသူဆီ ရောက်ရောက်လာပါတယ်။ ပထမနှစ်ရဲ့ စာသင်နှစ်ကုန်ခါနီးတဲ့အချိန်မှာ ဆရာတွေက စာရေးသူရဲ့ ဗမာနာမည်ကို ကောင်းကောင်း ခေါ်တတ်နေပြီဖြစ်သလို၊ Assignments တွေတင်ပြီးလို့၊ အမှတ်တွေပြန်ရတော့လည်း၊ ဒီ ဗမာလေး ရတဲ့ အမှတ်ကထိပ်ဆုံး စာရင်းထဲဝင်နေပြန်ပါတယ်။

+++++

အခန်း (၅)

ဒုတိယနှစ်ရောက်တော့၊ စာရေးသူနဲ့အတူဆွေးနွေးချင်တဲ့ကျောင်းသားတွေရှိလာသလို၊ Assignments အတူတူ တွဲလုပ်ချင်တဲ့သူတွေလည်းရောက်လာပါတယ်။ တတိယနှစ်အတွက် မော်ကျူးတွေ အတူတူယူပြီး၊ အလုပ်တွေ တွဲလုပ်ချင်တဲ့သူတွေလည်းတွေ့လာရပါတယ်။

တကယ်တော့- ရိုးရိုးသားသားဝန်ခံရရင်၊ ပထမနှစ်စတတ်တဲ့အချိန်မှာ စာရေးသူ စိတ်ကျ ရောဂါ ဖြစ်ချင်ခဲ့တယ်။ ကိုယ့်ကိုကိုယ်သတိထားမိတဲ့အချိန်မှာ လေ့ကျင့်ခန်းတွေပြန်လုပ်၊ အိပ်ယာဝင်ခါနီး တိုင်း စိတ်တည်ငြိမ်အောင် နာရီဝက်လောက် တရားမှတ်ခဲ့တယ်။

နောက် မြန်မာပြည်စက်မှုတက္ကသိုလ်က ပါမောက္ခဟောင်း ဆရာဦးတင်ဝင်းရဲ့စကားကို နားထဲမှာ ပြန်လည်ကြားယောင်ခဲ့ပါတယ်။ စာရေးသူ မလေးရှားမှာနေခဲ့စဉ်က – ဆရာနဲ့ဆုံခဲ့ဖူးတာပါ။ အဲ့လို
ဆုံတွေ့တဲ့အခိုက်ကလေးမှာ – ဆရာက ဘာပြောခဲ့လည်းဆို တော့ “လူတိုင်း လူတိုင်း၊ အထူးသဖြင့် ကျောင်းသားတိုင်း၊ ကျောင်းသားတိုင်း ဥာဏ်ရည်ဥာဏ်သွေး သိပ်မကွာလှဘူး။ ဒါပေမယ့်လို့ ကြိုးစား အားထုတ်မှုပေါ်မူတည်ပြီး၊ ရလဒ်တွေက ကွဲပြားသွားကြတာ။ အဲ့တော့ ကြိုးစားအားထုတ်မှုသာလျှင် အဓိက၊ ဘာသာရပ်တခုမှာ တကယ် ဂုဏ်ထူးထွက်ချင်ရင် တနေ့ကို အနည်းဆုံး (၈) နာရီ စာဖတ်ချိန် ထားပါ” လို့ ဆရာက ပြောခဲ့တယ်။

နောက်ဆုံးအချက်ကတော့၊ စာရေးသူတို့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေက ဘ၀ဖြတ်သန်းမှု အားကောင်းကြတယ်။ အများစုက အမှောင်ခေတ်ကို ဖြတ်သန်းကျော်ဖြတ်ခဲ့ကြတဲ့သူတွေချည်းပါပဲ။ အဲ့တော့၊ နိုင်ငံတကာကျောင်းသားတွေက သီအိုရီတွေကိုကျောင်းမှာသင်ပြီးမှ၊ အပြင်မှာလက်တွေ့ လိုက်လေ့လာနေရတဲ့အချိန်မှာ၊ ဗမာ ကျောင်းသားတွေကတော့ ခါးသီးနာကျင်ဖွယ်ကောင်းလှတဲ့ လက်တွေ့သင်ခန်းစာတွေကို ပေါ်တာလိုက်ရင်း၊ လုပ်အားပေးရင်း၊ ဆိုက်ကားနင်းရင်း၊ ဈေးထဲမှာ ရတဲ့အလုပ်ဝင်လုပ်ရင်း ဒါမှမဟုတ်၊ ကုမ္ပဏီတွေမှာ အရောင်း စာရေးဝင်လုပ်ရင်း သင်ယူနေသလို၊ တချို့ဆို ယုံကြည်မှုအတွက်အုတ်ရိုးကြားမှာ နှစ်ပေါင်းများစွာ နေခဲ့ပြီး၊ လက်တွေ့ သင်ခန်းစာတွေကို ကြေညက်နေပြီးသားပါ။

ဒီလိုမျိုး ဘ၀တက္ကသိုလ်က စာမေးပွဲ တွေကို အောင်ခဲ့ပြီးမှ၊ စာသင်ခန်း ထဲမှာ သီအိုရီတွေကို ပြန်သင်နေရတော့၊ စာရေးသူတို့လို ကျောင်းသားတွေက နိုင်ငံတကာက ကျောင်းသား တွေကို တွံ့တေးသိန်းတန်သီချင်းသာဆိုပြလိုက်ချင်တော့တယ်- “ပျင်းတောင်ပျင်းသေးတယ်ဟေ့၊ ပျင်းတောင်ပျင်းသေးတယ်” လို့။

ထူးထူး (တောင်ငူ)

Photo – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်