တူမောင်ညို – တွေ့ဆုံဆွေးနွေးရေး ၊ လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၁၆၈ ချက်

January 14, 2015

10856464_10202628593716182_188231176672842519_o
တူမောင်ညို  – တွေ့ဆုံဆွေးနွေးရေး ၊ လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၁၆၈ ချက်
(၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်)
 
တွေ့ဆုံဆွေးနွေးရေး
 
မြန်မာ့နိုင်ငံရေးပြေလည်မှုအတွက် သော့ချက်သည် “တွေ့ဆုံဆွေးနွေးရေး” ဖြစ်သည်ဟု အားလုံးက လက်ခံထားကြသည်။
 
တွေ့ဆုံဆွေးနွေးရေး မည်သည့်အခါ ပေါ်ပေါက်လာမည်နည်းဟူသော မေးခွန်းကိုဖြေဆိုရာ၌   ယေဘုယျအားဖြင့် တွေ့ဆုံဆွေး နွေးရေး၏ အာဏာပိုင်နှင့် အတိုက်အခံဆိုသည့် ဘက် နှစ်ဖက်အနက် အဓိကဘက်ဖြစ်သည့် အုပ်စိုးသူအာဏာပိုင်များဘက်မှ မလိုက် လျောသ၍ တွေ့ဆုံဆွေးနွေးရေးသည် မည်သို့မျှ ပေါ်ပေါ်လာနိုင်စရာအကြောင်းမရှိချေ။
 
 သို့ပါ၍ အုပ်စိုးသူများသည် တွေ့ဆုံဆွေးနွေးရေးကို လုံးဝမလိုလားသလော။ 
 
မဟုတ်ပါ။ အုပ်စိုးသူများသည် သူတို့ရင်ဆိုင်နေရသည့် အခြေအနေ၏ လိုအပ်ချက်အပေါ်မူတည်၍ တွေ့ဆုံဆွေးနွေးရေးကို အသုံးချရန် လက်နှေးနေမည်တော့ မဟုတ်ချေ။ အုပ်စိုးသူအာဏာပိုင်များ၏ လက်ရှိအုပ်စိုးမှုအပေါ် ပြည်တွင်းပြည်ပမှ ဖိအားပေးမှုများ စုံပြုံ သက်ရောက်လာသောအခါ (သို့မဟုတ်) အုပ်စိုးသူအာဏာပိုင်များက ပြည်တွင်းပြည်ပအား တစုံတရာလှည့်ဖြားရန် လိုအပ်ချက်ရှိ သောအခါ (သို့တည်းမဟုတ်) အတိုက်အခံအင်အားစုများအကြား ညီညွတ်မှုပြိုကွဲသွားစေလိုသည့်အခါများတွင် “ဟန်ပြဆွေးနွေးပွဲ (သို့မဟုတ်) အတုအယောင်ဆွေးနွေးပွဲများ”ကို အာဏာပိုင်များဘက်မှယာယီထွက်ပေါက်အဖြစ်လည်းကောင်း၊ လမ်းလွှဲရန်အဖြစ်လည်း ကောင်း အသုံးချလေ့ရှိသည်။
 
 ၁၉၆၂ ခုနှစ် စစ်အုပ်စု အာဏာသိမ်းသည်မှ ၂၀၁၅ ဇန်နဝါရီ ၁၂ ရက်အတွင်း ပေါ်ပေါက်ခဲ့သော [“၄၈ ပွင့်ဆိုင်” အထိ] တွေ့ဆုံမှုများသည် “ဟန်ပြတွေ့ဆုံမှု သို့မဟုတ် အတုအယောင်တွေ့ဆုံမှုများ” သာဖြစ်သည်။ 
 
အုပ်စိုးသူများသည် အတိုက်အခံအင်အားစုများ၏ တွေ့ဆုံဆွေးနွေးရန်တောင်းဆိုသည်များကို ယခင်ကလို ဗြောင်လျစ်လျူ ရှုငြင်းပယ်သည့်နည်းလမ်းထက် ယခုအခါ အတိုက်အခံများ၏ ပင်မတောင်းဆိုချက် ပျက်ပြားသွားစေရန် အတိုက်အခံများအကြား ရှင်း လင်း၍မဆုံးနိုင်သော ရှုပ်ထွေးမှုများ တသီတတန်းကြီးဖြစ်ပေါ်စေရန်အတွက်  တွေ့ဆုံဆွေးနွေးရေးကို တန်ပြန်အဆိုပြုမှုများဖြင့် အသုံးချ လာနေသည်။ 
 
“မီဒီယာကို မီဒီယာနဲ့တိုက်” သကဲ့သို့ “ တွေ့ဆုံဆွေးနွေးမှု ကိုလည်း တန်ပြန်တွေ့ဆုံဆွေးနွေးမှုဖြင့် တိုက်ခိုက်” လာနေသည်။ ဒီချုပ်ပါတီ၏ “၄ ပွင့်ဆိုင်” တောင်းဆိုမှုကို အုပ်စိုးသူအာဏာပိုင်များဘက်မှ “အမျိုးသားနိုင်ငံရေးအင်အားစု ငါးဖွဲ့တွေ့ဆုံပွဲ (သို့မဟုတ်)  ၆ ပွင့်၊ ၁၂ ပွင့်၊  ၁၄ ပွင့် ၊ ၁၈ ပွင့်၊ ၄၈ ပွင့်” စသော ဟန်ပြတွေ့ဆုံဆွေးနွေးရေးမှုများ/တန်ပြန်အဆိုပြုမှုများဖြင့် ပြန်လှန်တိုက်ခိုက်သည် သာမက အတိုက်အခံများ၏ ပင်မတောင်းဆိုချက်ဝေဝါးပျက်စီးသွားစေပြီး အတိုက်အခံများအကြား ရှင်းလင်း၍ မဆုံးနိုင်သောရှုပ်ထွေးမှု များ တသီတတန်းကြီးဖြစ်ပေါ်စေလာရန်အထိပင် ပစ်မှတ်ထားခြင်းဖြစ်သည်။ 
 
သို့ပါ၍ အုပ်စိုးသူအာဏာပိုင်များသည် ၎င်းတို့ရင်ဆိုင်နေရသည့် ပြည်တွင်းပြည်ပအခြေအနေများအပေါ်မူတည်၍  တွေ့ဆုံ ဆွေးနွေးရေးတောင်းဆိုမှုကို ဗြောင်ငြင်းပယ်နိုင်သည်။ လိုအပ်မှုရှိလာသည့်အခါများတွင် ယာယီထွက်ပေါက်အဖြစ် အသုံးချနိုင်သည်၊ ထို့အပြင် တန်ပြန်အဆိုပြုမှုများ (အမျိုးသားနိုင်ငံရေး အင်အားစု ငါးဖွဲ့ တွေ့ဆုံပွဲ (သို့မဟုတ်) ၆ ပွင့်၊ ၁၂ ပွင့်၊  ၁၄ ပွင့် ၊ ၁၈ ပွင့်၊ ၄၈ ပွင့် ) ဖြင့်ထိုးနှက်နိုင်သည်ကိုသတိရှိကြရပါလိမ့်မည်။ ထို့အပြင် အခြားပုံစံမျိုးစုံဖြင့်လည်း လုပ်ကြံဖန်တီးလာနိုင်သေးသည်ကို ကြိုတင်တွက်ဆ ထားရမည်။ 
 
အုပ်စိုးသူများသည် “ဖွဲ့စည်းပုံအခြေခံဥပဒေ၊လွှတ်တော်” စသဖြင့် ၎င်းတို့စိတ်ကြိုက်ဖန်တီးထားနိုင်သကဲ့သို့ပင် တိုင်းရင်းသား များ အင်မတန်နှစ်သက် လိုလားတောင်းဆိုနေသည် “ပင်လုံကဲ့သို့ ညီလာခံ” ကိုပင် အတုအယောင်ပြုလုပ်လာနိုင်စရာ အလားအလာရှိနေ သည်။ အမျိုးသားညီလာခံ(ကျိက္ကဆံ/ညောင်နှစ်ပင်) အတုအယောင်ပြုလုပ်ခဲ့ဖူးသောအုပ်စိုးသူများအတွက် “ပင်လုံညီလာခံအတု”ဖန်တီး ရန် အခက်အခဲမရှိနိုင်၊ “ဖက်ဒရယ်” ကို စကားလုံးအဖြစ်သာအသုံးချ၍ (UNFC) ထဲမှ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ကို လှည့်စားခဲ့ပြီမဟုတ်ပါလား။ 
 
ယနေ့အုပ်စိုးသူများ၏လုပ်ရပ်သည် “ အဖြူကြားမှ၊ အဖြူရှာရ ၊ အနက်ထဲမှ၊ အနက်ရှာရ၊ ခက်လှပါဘိ” ဟူသော ဆရာဒဂုန် တာရာ၏ မာယာကဗျာထဲက စာပိုဒ်ကဲ့သို့ပင်၊ အုပ်စိုးသူများသည် ဉာဏ်နီဉာဏ်နက်မျိုးစုံဖြင့် ပရိယာယ်ဝေဝုစ်များ လှသည်။ သို့အတွက် တော်လှန်ရေးသတိမပြတ်ရှိကြရလိမ့်မည်။ သို့မဟုတ်လျှင် အုပ်စိုးသူအာဏာပိုင်များ၏ အသုံးတော်ခံဘဝသို့ သက်ဆင်းကျရောက်သွား ပေလိမ့်မည်။ 
 
“လွှတ်တော်၊ဖွဲ့စည်းပုံအခြေခံဥပဒေ”
 
“လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ” ဟုဆိုလိုက်လျှင် ပြည်တွင်းပြည်ပလေ့လာသူများအဖို့ ကမ္ဘာ့တက္ကသိုလ်ကြီးများမှ ပြုစု ထုတ်ဝေသောနိုင်ငံရေးနှင့်ဥပဒေရေးရာစာအုပ်ကြီးများထဲမှ ပါဝင်ဖွဲ့စည်းရာလက္ခဏာအင်္ဂါရပ်များ၊ ဖွင့်ဆိုရှင်းလင်းချက်များနှင့် လက်တွေ့ ကျင့်သုံးမှုအပိုင်းတွင်လည်း အင်္ဂလန်၊ အမေရိကန် အစရှိသော နိုင်ငံကြီးများ၏ လွှတ်တော်များကို သမရိုးကျအားဖြင့် ပြေးပြီး မြင်ယောင် မိကြပေလိမ့်မည်။
 
ရွှေပြည်ကြီး၌ကား ထို့သို့မဟုတ်ချေ။
 
“လွှတ်တော်၊ဖွဲ့စည်းပုံအခြေခံဥပဒေ” တို့ကို စကားလုံးအဖြစ်၊သဏ္ဍာန်အဖြစ်သာယူ၍သုံးထား ခြင်းဖြစ်ပြီးအနှစ်သာရနှင့် လက် တွေ့မှာမူ “ကိုယ့်အရပ်နှင့်ကိုယ့်ဇာတ်” ဆိုသည့်စကားကဲ့သို့ပင် “မြန်မာ့ဟန်လွှတ်တော်၊ မြန်မာ့နည်းဖွဲ့စည်းပုံအခြေခံဥပဒေ” တို့၏ သီးခြားအသွင်သဏ္ဍာန်နှင့်အနှစ်သာရကို မြင်အောင်ကြည့်တတ်ဖို့လိုပါလိမ့်မည်။
 အုပ်စိုးသူတို့သည် သိပ္ပံနည်းကျဆိုရှယ်လစ်ဝါဒကိုပင် “ မြန်မာ့နည်းမြန်မာ့ဟန်ဆိုရှယ်လစ်” ခဲ့ကြဖူးသည်မဟုတ်ပါလော။ 
 
ထိုနည်းတူပင်  “ဒီမိုကရေစီဖက်ရှင်” ဖြစ်နေသော ယနေ့ကာလ၌ “လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ” တို့ကိုလည်း “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ဟူ၍ မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာမှုပြုခဲ့ကြပြီ။ 
 
 အနှစ်သာရနှင့်လက်တွေ့အရပြောရလျှင် “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” ဆိုသည်မှာ စစ်အုပ်စုအတွက်ဒီမိုကရေစီအပြည့် အဝရှိနေပြီး၊ ပြည်သူများအတွက် ဖိနှိချုပ်ချယ်သော စည်းကမ်းများအပြည့်အဝတည်ရှိနေခြင်းပင်ဖြစ်သည်။
 
 “အမိန့်နာခံဒီမိုကရေစီ/ လမ်းညွန်ခံဒီမိုကရေစီ” ဟု ဆိုပြန်လျှင်လည်း “ဂလိုဘယ်ဒီမိုကရေစီဈေးကွက်ကြီး” တွင် မျက်နှာပန်း မလှနိုင်သဖြင့် “စည်းကမ်းပြည့်ဝသော” ဟူသည့် စကားလုံးကိုသုံးထားခြင်းဖြစ်သည်။ အရင်းစစ်လိုက်လျှင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ်စုံတွင် စစ်အုပ်စု၏ဗိုလ်ကျလွှမ်းမိုးချုပ်ကိုင်ထားမှုကို “စည်းကမ်းပြည့်ဝသောဒီမိုကရေစီ” စကား လုံးသုံး၍ အရေခြုံထားခြင်းသာလျှင်ဖြစ်သည်။ သို့ပါ၍ လွှတ်တော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတို့သည် စစ်အုပ်စု၏အကျိုးစီးပွားကို ထိန်း သိမ်းစရာ၊ ကာကွယ်စရာ၊ ဖော်ဆောင်စရာ၊ တိုးချဲ့စရာ အလုပ်စားပွဲ၊အဆွယ်အပွားမျှသာဖြစ်လေသည်။ ပြည်သူများအတွက်မှာမူ လိမ်ညာလှည့်စားမှုနှင့်အကြမ်းဖက်မှုကို အပြန်ပြန်အလှန်လှန်ကျင့်သုံး၍ ဖိနှိပ်အုပ်စိုးခြင်းဖြစ်သည်။ 
“လွှတ်တော်” အား နိုင်ငံရေးညှိနှိုင်းဆွေးစရာနေရာဟု ပြောနေကြသည်။ 
 ဤပြောဆိုချက်သည်လည်း လိမ်ညာပြောဆိုမှုသက်သက်သာဖြစ်သည်။ ယေဘုယျအားဖြင့် လွှတ်တော်ဆိုသည်မှာ (၄ နှစ် သို့မဟုတ် ၅ နှစ် တစ်ကြိမ်) အနိုင်ရပါတီ ပိုင်စင်မြင့်တစ်ခုမျှသာဖြစ်သည်။ ထိုစင်မြင့်သို့တင်လာသမျှကို အနိုင်ရပါတီ ကိုယ်စားလှယ်များ ၏ များရာမဲဖြင့်သာ ဆုံးဖြတ်အနိုင်ယူခြင်းဖြစ်သည်။
ယနေ့ ကြံ့ဖွံ့လွှတ်တော်တွင်းအခင်းအကျင်းမှာ ကြံ့ဖွံ့ပါတီအမတ်များနှင့်ကာချုပ်၏ စစ်သားအမတ်အများစုက လွှမ်းမိုးချုပ်ကိုင် ထားသည် မဟုတ်လော။
 
 သို့ပါ၍ လွှတ်တော်အဆုံးအဖြတ်ဆိုသည်မှာ ၎င်းတို့၏ အဆုံးအဖြတ်သာဖြစ်သည်။ လွှတ်တော်အဆုံးအဖြတ်ခံယူမည်ဟု ဆို သည်မှာ  ကြံ့ဖွံ့ပါတီအမတ်များ နှင့်စစ်သားအမတ်များ၏ အဆုံးအဖြတ်ကိုနာခံမည်ဟု ပြောခြင်းသာဖြစ်သည်။ သို့ပါ၍ လွှတ်တော်သည် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန် နေရာလုံးဝ မဟုတ်ချေ။ 
 
လွှတ်တော်သည် နိုင်ငံရေးဆွေးနွေးညှိနှိုင်းရန် နေရာမဟုတ်၍ ဒီချုပ်ပါတီက “၄ ပွင့်ဆိုင်” တောင်းဆိုနေခြင်းလည်းဖြစ်သည်။
 
“ ၄ပွင့် ဆိုင်ဆွေးနွေးရေး”သည် လွှတ်တော်ဥက္ကဋ္ဌနှင့်လွှတ်တော်ကိုယ်စားလှယ်အချို့ပါနေသော်လည်း လွှတ်တော်ဆွေးနွေးပွဲမဟုတ်၊ လွှတ်တော်အတွင်းကျင်းပမည်လည်းမဟုတ်။ ပြည်ထောင်စုလွှတ်တော်က “ ၆ ပွင့်ဆိုင်” အဆိုတင်သည်မှာပင် လွှတ်တော်တွင်းဆွေး နွေးရန် မဟုတ်၊ လွှတ်တော်ပြင်ပဆွေးနွေးရေးသာဖြစ်သည်။
“လွှတ်တော်က ခြွင်းချက်မရှိ အတည်ပြုပေးရမည်”
 
 အကယ်၍လွှတ်တော်ပြင်ပဆွေးနွေးရေးပွဲဖြစ်ပေါ်လာပြီးနောက် ရရှိလာသည့်ဆွေးနွေးပွဲရလဒ်ကို လွှတ်တော်က ခြွင်းချက်မရှိ လက်ခံအတည်ပြုရမည်။ ယင်းသို့မဟုတ်ဘဲ လွှတ်တော်ပြင်ပဆွေးနွေးပွဲရလဒ်ကို လွှတ်တော်သို့တင်ပြီး လွှတ်တော်၏အဆုံးအဖြတ်ကို ထပ်မံခံယူရဦးမည်ဆိုလျှင်ဘာမျှအဓိပ္ပာယ်ရှိမည်မဟုတ်၊  အပြင်မှာမည်သို့ဆွေးနွေး၍မည်သည့်ရလဒ်ကိုရရှိထားသည်ဖြစ်စေ၊ လွှတ်တော် က အတည်မပြုပေးလျှင် ဘာမျှဖြစ်လာမည်မဟုတ်ချေ။ ယခုလည်း တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် ဆွေးနွေးပွဲကို ယင်း ကဲ့သို့ အချိုးမျိုး ချိုးနေသည်ကို မြင်တွေ့နေရသည်။
 
 အုပ်စိုးသူများသည် အစပထမတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအား “လက်နက်ချ/တပ်ဖျက်/ပါတီမှတ်ပုံတင်/ ရွေးကောက်ပွဲဝင်/လွှတ်တော်ထဲမှာဆွေးနွေး” ဆိုသည့် လမ်းကြောင်းအားလက်ခံခိုင်းသည်။ အဖွဲ့အစည်းအချို့လက်ခံကြပြီး၊ (BGF) ဖြစ်သွားသော်လည်း အများစုက လက်မခံကြသည့်အခါ “လွှတ်တော်ပြင်ပ၌ဆွေးနွေးပြီး/ဆွေးနွေးရရှိလာသည့်အချက်ကို လွှတ်တော်က ဆုံးဖြတ်အတည်ပြု” ဆိုသည့် လမ်းကြောင်းအား “တပ်မတော်၏ ငြိမ်းချမ်းရေးမူ ၆ ရပ်” ကို အပစ်အခတ်ရပ်စဲရေးစာချုပ်(NCA) ချုပ်ဆို သည့် အဆင့်မှာ လက်ခံစေခြင်းဖြင့် ကျုံးသွင်းနေပြန်သည်။ 
သို့ပါ၍  ဒီချုပ်ပါတီက တောင်းဆိုနေသည့် “၄ ပွင့်ဆိုင်ဆွေးနွေးပွဲ” ဖြစ်စေ၊တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများနှင့် နိုင်ငံရေးဆွေးနွေးပွဲပင်ဖြစ်စေ လွှတ်တော်ပြင်ပတွင်ဆွေးနွေးညှိနှိုင်း၍ရရှိလာသည့် ရလဒ်ကို လွှတ်တော်ကခြွင်းချက်မရှိအတည်ပြုပေးရ မည်။ 
 
အထက်ပါအချက်နှင့်ပတ်သက်၍ ဒီချုပ်ပါတီတောင်းဆိုနေသည့် “၄ ပွင့်ဆိုင်ဆွေးနွေးရေးကို ” ပမာပြုပြောရလျှင် ဆွေးနွေးပွဲ ရလဒ်ကို လွှတ်တော်အတွင်း ခြွင်းချက်မရှိအတည်ပြုပါမည်ဆိုသည့် ကတိကဝတ်ကို ၄ ပွင့်ဆိုင်တွင်ပါဝင်ဆွေးနွေးသည့် “သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် ကာချုပ်” တို့က လေးနက်တည်ကြည်စွာပေးရလိမ့်မည်။ ထိုကတိကဝတ်မရှိဘဲ ဆွေးနွေးနေလျှင် ဘာမျှအကျိုး သက်ရောက်မှုရှိမည်မဟုတ်ပါ။ 
 
 ဒီချုပ်ပါတီက “ ၄ပွင့်ဆိုင်ဆွေးနွေးရေး”ကို “၂၀၀၈ အခြေခံဥပဒေ” ပြင်ဆင်ရေးကိစ္စများလွှတ်တော်တွင်း အပြီးသတ်ဆုံးဖြတ် ချက်မချမှတ်မီ ဖြစ်စေချင်နေသည်။ ဖြစ်နိုင်မည်လော။ 
၁၆၈ ချက် 
 
ဤ ၁၆၈ ချက်ဆိုသည်မှာဒီချုပ်ပါတီက ညှိနှိုင်းပြင်ဆင်စေလိုသည့် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်လေ့လာရေးသုံးသပ် အကြံပြုချက်စာတမ်း ” တွင်ပါရှိသော အချက်အလက်များဖြစ်ပါသည်။ 
ထိုအချက်များကို လက်ရှိလွှတ်တော်တွင်း၌ ပြုလုပ်နေသည့် ပြင်ဆင်ရေးဆိုင်ရာကိစ္စများ အပြီးသတ်ဆုံးဖြတ်ချက်မချမှတ်မီ  ဒီချုပ်ပါတီက ညှိနှိုင်းလိုသည်။ ဤကိစ္စများ ညှိနှိုင်းရန် သမ္မတ၊ ကာချုပ်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒီချုပ်ဥက္ကဋ္ဌတို့ ပါဝင်သော “၄ ပွင့်ဆိုင်တွေ့ ဆုံဆွေးနွေးရေး”  အဆိုပြုနေခြင်းဖြစ်သည်။ 
တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးသည် “ဥပဒေ” ပြဿနာမဟုတ်၊ “နိုင်ငံရေး” ပြဿနာဖြစ်သည်။
 
ထိုနိုင်ငံရေးပြဿနာ၏ အဓိကအနှစ်သာရမှာ “လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များကို ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒနယ်များမှ ပြည်သူလူထု၏ မဲဆန္ဒဖြင့်ရွေးကောက်သူသာဖြစ်ရမည်” ဆိုသည့်အချက်ပင်ဖြစ်သည်။
 
 ဤအချက်သည် ဒီမိုကရေစီ၏စံချိန်၊ စံနှုန်းဖြစ်သည်ဟု ဒီချုပ်ပါတီက ဆိုသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဋ္ဌာန်းထားသည့် “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည်နိုင်ငံသားများထံမှဆင်းသက်သည်” ဆိုသောသဘောတရားနှင့် ရှေ့နောက်ညီညွတ်ရန် လိုအပ် သည်။
၂၀၀၈အခြေခံဥပဒေ၌ ထိုအချက်ကို ပုဒ်မ ၄ ၌ သဏ္ဍာန်အရ ဟန်ပြအဖြစ်သာပြဋ္ဌာန်းထားပြီး၊  ပုဒ်မ ၁၄ ၊ ပုဒ်မ ၁၇ (ခ)၊ ပုဒ်မ ၁၀၉ (ခ) ၊ ပုဒ်မ ၁၄၁ (ခ) ၊ ပုဒ်မ ၂၃၂ ပုဒ်ခွဲ (ခ) ပုဒ်ခွဲငယ် (၂) (၃) တို့တွင်ပြဋ္ဌာန်းထားချက်များသည်  “နိုင်ငံတော်၏ အချုပ်အခြာ အာဏာသည်နိုင်ငံသားများထံမှ ဆင်းသက်သည်” ဆိုသောသဘောတရားနှင့်ရှေ့နောက်ညီညွတ်ခြင်းလည်းမရှိသကဲ့သို့   “လွှတ်တော် ကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင်များကို ရွေးကောက်ပွဲများတွင် သက်ဆိုင်ရာမဲဆန္ဒနယ်များမှ ပြည်သူလူထုဆန္ဒမဲဖြင့် ရွေးချယ်သူ များသာဖြစ်ရမည်” ဟူသော ဒီမိုကရေစီအခြေခံစံနှုန်းကိုလည်း တိတိလင်းလင်းချိုးဖောက်ထားပါသည်။ 
 
ဥပဒေပြုလွှတ်တော်ကို ရွေးကောက်ပွဲတွင်သက်ဆိုင်ရာမဲဆန္ဒနယ်များမှ ပြည်သူလူထု၏ဆန္ဒမဲဖြင့် ရွေးချယ်ထားသူများဖြင့် သာဖွဲ့စည်းရမည်။  ဥပဒေပြု လွှတ်တော်သည် နိုင်ငံ၏အမြင့်ဆုံးအာဏာအဆောက်အအုံလည်းဖြစ်ရမည်။ နိုင်ငံ့အရေးအရာတိုင်းကို စီမံခန့်ခွဲနိုင်ရမည်။ အဆုံးအဖြတ်ပြုနိုင်ရမည်ဖြစ်သည်။
၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်များဖြင့် ဖွဲ့စည်းထားသည့်လွှတ်တော်သည် ထိုအခွင့်အရေးမျိုးချို့တဲ့နေသည့် မရှိသည့်လွှတ်တော်ဖြစ်သည်။ သာဓကအားဖြင့် ပုဒ်မ ၂၀ (ခ) နှင့် (င) (စ) ကို ထောက်ပြလိုသည်။ [ဒီချုပ်ပါတီ၏ “၁၆၈ ချက်” တွင် ပုဒ်မ၂၀၏ ပုဒ်မခွဲများဖြစ်သော  (ခ)၊(င)၊ (စ)တို့မပါရှိဘဲ၊ (ဂ)တစ်ခုသာပါရှိသည် ]
ပုဒ်မ ၂၀ (ခ) ၌ ပြဋ္ဌာန်းထားသည်မှာ စစ်တပ်သည် “တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို လွတ်လပ်စွာစီမံခန့် ခွဲစီရင်ဆောင် ရွက်ပိုင်ခွင့်ရှိသည်” ဟူသောအချက်မှာ အမြင့်ဆုံးဖြစ်သည့် ပြည်ထောင်စုလွှတ်တော်သည်တပ်ပိုင်းဆိုင်ရာကိစ္စမှန်သမျှ လုံးဝ ဝင်ရောက် စွက်ဖက်ခွင့်မရှိခြင်းပင်ဖြစ်သည်။ 
 
တကယ်တန်း ဒီမိုကရေစီနည်းကျဖြစ်ရမည်မှာ စစ်တပ်ဆိုင်ရာကိစ္စအားလုံး (ကြည်း၊ရေ၊လေတပ်ဖွဲ့ရေးရာအားလုံး)၏ အဆုံးအဖြတ်သည် အမြင့်ဆုံးဖြစ်သည့် လွှတ်တော်၌သာရှိရမည်။ ယခုတော့ (ကြည်း/ရေ/လေ) စစ်တပ်သည် မည်သူမျှအထိမခံသော စစ်အုပ်စု၏ထာဝစဉ် အပိုင်စားနယ်မြေဖြစ်နေသည်။ ထိုသို့ဖြစ်နေခဲ့သည်မှာ (၁၉၆၂ – ၂၀၁၅) ရာစုနှစ်ဝက်ပင်ကျော်ခဲ့ပြီ။ စစ်အုပ်စုနှင့် စစ်အာဏာရှင်စနစ် သည်မြန်မာ့နိုင်ငံရေးကို ပုံပျက်ပန်းပျက်ဖြစ်အောင် အမြစ်တွယ်လှိုက်စားနေခဲ့သောကင်ဆာရောဂါဆိုးလည်းဖြစ်သည်။ 
 
ပုဒ်မ ၂၀ (င) ၌ ပြဋ္ဌာန်းထားသည်မှာ “ပြည်ထောင်စုမပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့်အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိသည်” ဟူ၍ ဖြစ်သဖြင့် တကယ့်အာဏာ သည် စစ်တပ်တွင်သာရှိသည်ဟူသောအချက်မှာ မည်သည့်မှတ်ချက်မျှပြုစရာမလိုအောင်ရှင်းလင်းနေပါသည်။ 
 
“စစ်တပ် ၂၅ ရာခိုင်နှုန်းပါနေတာက ပြောကြေးဆိုရင် အာဏာပြန်မသိမ်းနိုင်အောင်၊ အာဏာပြန်မသိမ်းဖြစ်အောင် လွှတ်တော် ထဲမှာ ဝင်ပြီးထိန်းပေးမယ်ဆိုတဲ့ သဘောနဲ့ ကျွန်တော်တို့ပါခဲ့တာပါ” ဟုဆိုသော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး ပြောသည့် အချက်မှာ “ခဏခဏ အာဏာမသိမ်းရအောင်  စစ်တပ်က ထာဝစဉ်အာဏာသိမ်းထားခြင်းဖြစ်သည်”ဟု ဆိုလိုခြင်းဖြစ်သည်။ 
 
ထိုပြဋ္ဌာန်းချက်များထိုသို့ပြောဆိုနေကြသည်များနှင့် ၂၀၀၈အခြေခံဥပဒေ၊ ပုဒ်မ ၆ (စ) ကို ပေါင်းစပ်ကြည့်လိုက်လျှင် ၂၀၀၈ အခြေခံဥပဒေ၏ အနှစ်သာရသော စစ်အုပ်စု၏ အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်နှင့်တိုးချဲ့ရန်သာဖြစ်သည်ဟူသောအချက်သည် မှောက်ထားသည့်ခွက်ကို လှန်ပြ ဘိသကဲ့သို့ ရှင်းလင်းလှပါသည်။ 
 
အခြေခံဥပဒေပြင်ဆင်ရေးသမားများ ရှေ့ရှုကြရမည့် ပြင်ဆင်ရေးသည် ထိုအနှစ်သာရကို ပြင်ဆင်ရေးဖြစ်ရပါမည်။ ယင်း အချက်များကို ပြင်ဆင်နိုင်ခြင်းမပြုနိုင်သော ပြင်ဆင်ရေးသည် အပေါ်ယံပြင်ဆင်ရေး၊ စစ်အုပ်စုအလိုကျပြင်ဆင်ရေး၊ အတုအယောင် ပြင် ဆင်ရေးသာဖြစ်လိမ့်မည်။ 
ဒီချုပ်ပါတီလွှတ်တော်ကိုယ်စားလှယ်များကလည်း  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆုံးဖြတ်ချက်များ မချမှတ်မီ တွေ့ဆုံ ဆွေးနွေးရေး(၄ ပွင့်ဆိုင် သို့မဟုတ် ၆ ပွင့်ဆိုင်)  ပေါ်ပေါက်လာစေရန်  အုပ်စိုးသူများထံအကြိမ်ကြိမ် တောင်းဆို၊ ပန်ကြား၊ တိုက်တွန်း၊ ဖျောင်းဖျ၊ နားချနေကြသည်။ 
 
အကယ်၍ ဒီချုပ်ပါတီ၏ လိုလားသော တင်ပြတောင်းဆိုမှုများ၊ ပြင်ဆင်ရေးအဆိုပြုမှုများကို ထုံးစံအတိုင်းလျစ်လျူရှုပြီး လက်ရှိ အုပ်စိုးသူများက ၎င်းတို့စိတ်ကြိုက် ပြင်ဆင်ရေးကိစ္စများ ချမှတ်လုပ်ဆောင်လာခဲ့ပြီဆိုပါက ဒီချုပ်ပါတီအပါအဝင် အတိုက်အခံအင်အားစု များသည် မည်သို့ဆက်လက်ဆောင်ရွက်ကြမည်နည်း။ 
၂၀၁၅ သည် ဗိုလ်ချုပ်အောင်ဆန်းရာပြည့်အထိမ်းအမှတ်နှစ်ဖြစ်သကဲ့သို့ အခြေခံဥပဒေပြင်ဆင်ရေး၊ ရွေးကောက်ပွဲ စသည့် နိုင်ငံရေးကိစ္စရပ်များ၊ အခြားနိုင်ငံရေး၊ စီးပွားရေးဖြစ်နိုင်ဖွယ်ရာများလည်း စုဆုံနေသည့်နှစ်ဖြစ်ပါသည်။ 
သို့ပါ၍ “ တတိယအရေးတော်ပုံ” နှင့် “သပိတ်စုံ-အကုန်ရ”  ဟူသည့် အကြောင်းအချင်းအရာများ၏ ဖြစ်နိုင်ဖွယ်ရာ အလား အလာများကို ကွယ်လွန်သူဆရာဦးဝင်းတင်သည် ၂၀၁၅ခုနှစ် အတွက်ကြိုတင်မြော်မြင်ခဲ့လေသလောဟူ၍ယူဆတွေးတောနေမိပါသည်။ 
ညွန်း 

Photo Credit – Kyaw Swar Myint, Facebook

  • ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ
  • အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပေါ်လေ့လာရေးသုံးသပ် အကြံပြုချက်စာတမ်း 
  • ဒဂုန်တာရာ၏ မာယာကဗျာ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:တူမောင်ညို, သူတို့အာဘော်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်