စပယ် – ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း သုံး)

January 14, 2015

– ရကောက် ရထားကြီး ပျော်ပျော်စီး (အပိုင်း သုံး)
(မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၅

“ရင်ခုန်စိတ်လှုပ်ရှားဘွယ်တွေမြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပြီ” ဆိုသော အော်ရီဒူးကြော်ငြာရထားကြီးက တဖက်ရထားလမ်း မှဖြတ်သွားချိန် ကျမရဲ့ဖောက်သည် အပြာကောင်ကြီးက ဒီဖက်ရထားလမ်းမှာ ဆိုက်ကပ်လာသည်။ ပန်းလှိုင်ဘူတာလေးဆီမှ ရထားပေါ် ကျမလှမ်းတက်လိုက်သည်။
***

“ရွှေမှုန်ရတီစုပ်လုံးလေးတွေ ၅၀၊ နားကြပ်တံ ၁ ထုတ် ၁၀၀”
“သွားကြားထိုးတံ ၁ ထုတ်ထဲယူရင် ၅၀ ၊ နှစ်ထုတ်ယူရင် ၁၀၀ နဲ့ ပေးမယ်”
“ပရုပ်လုံး အလုံးအစိတ်ပါတာက ၅၀၀၊ (ဟိုနားက အပျိုကြီးဝယ်ထားလေ၊)”
“မှတ်စုနဲ့ဘောပင် အတွဲလိုက် ၂၀၀၊ မေ့တတ်သူများ ဆောင်ထားနိုင်ပါတယ်။”
“၂၄ မျိုးပါတဲ့ အပ်ဗူးအ၀ိုင်းလေး၁ခု ၂၀၀ ပါ။ ခေါက်ဒါးလေးတွေ ၁၀၀ ဘိုး ၃ ချောင်း။”

လည်မှာကြိုးသိုင်းထားတဲ့ ဗန်းလေးထဲက စုံစီနဖာပစ္စည်းတွေကို ခရီးသည်တွေစိတ်ဝင်စားအောင် အမျိုးမျိုး ပြောဆိုရောင်း ချနေတဲ့ ရထားဈေးသည်ရဲ့အသံကို နားထောင်ရင်းပြုံးမိသည်။ ရထားထောင့်ခုံမှာ တွတ်ထိုးနေတဲ့အတွဲကို ပြုံးပြရင်း အော် ပြန်သည်။

“စူပါဂလူး ၁ ဘူး ၅၀၊ စုံတွဲတွေအတွက် မကွာမကွဲရလေအောင် ၀ယ်ထားနော်”

ရထားစီးခရီးသည်တွေ အသုံးများ၊ အရောင်းသွက်သော ပစ္စည်းလေးတွေက သူ့ရဲ့ ပလပ်စတစ်ဗန်းငယ်လေးထဲမှာ စုံလင်လှ သည်။ အော်လိုက်သေးသည်။

“တစ်သောင်းဖိုးပြည့်အောင်ဝယ်တဲ့သူ ကျနော်နဲ့ ဓာတ်ပုံတွဲရိုက်နိုင်ပါတယ်”  ဆိုပဲ။

ဟေ့ကောင် ငါ့ကို မှတ်စုစာအုပ် ပေးစမ်းကွာဆိုတဲ့အသံကို လိုက်ကြည့်မိသည်။ လက်သမားပစ္စည်းကိရိယာတွေ ဘေးမှာ ချပြီးရထားတွဲရဲ့ အမှိုက်ပုံးကို ထိုင်ခုံလုပ်လိုက်ပါလာတဲ့ အမျိုးသားကြီးတယောက်က ပိုက်ဆံ ၁၀၀ တန်အနွမ်းလေးတခု လှမ်းပေးရင်း “နက်ဖြန်သစ်တွေရောက်လာရင် တွက်ရမယ်” တဲ့။

“၀ါးမယ်၊ ၀ါးမယ်” ဆိုတဲ့ ခပ်သာသာအသံနဲ့ မနားတမ်းရောင်းနေရသူကတော့ ခုနလိုပဲ လည်သိုင်းကြိုးနဲ့ ပလပ်စတစ်ဗန်းလွယ် ထားတဲ့ ကွမ်းယာသည်။ ခပ်တိုတိုဝတ်ထားတဲ့ ပုဆိုးခါးကြားထဲမှာ လက်ကိုင်ဖုန်းလေးကိုချိတ်ထားပြီး လက်တွေကို ခပ် သွက်သွက်လှုပ်ရှားနေလေရဲ့။ အမျိုးသား ၁၀ ဦးမှာ ၉ ဦးလောက်က သွားတွေရဲ၊ ပါးစပ်တွေရဲ။ ပတ်ဝန်းကျင်တွေမှာလည်း ကွမ်းတံတွေးတွေက တရဲရဲ။ ကွမ်းယာသည်ဖြတ်သွားပြီးတာနဲ့ စီးကရက်မီးခိုးလေးတွေလည်း ရထားတွဲပေါ်မှာ တဝေ့ဝေ့ တ၀ဲဝဲ။ သရဲကားတွေရိုက်ချင်တဲ့ ဒါရိုက်တာတွေအတွက်တော့ မြန်မာပြည်မှာ သရဲ (သွားရဲ) တွေ ပေါများလှသည်။

တစ်ဘူတာနဲ့တဘူတာကြား ၅ မိနစ်လောက်အတွင်းမှာ တွဲတတွဲတွင် ခပ်မြန်မြန်ရောင်းပြီး နောက်တွဲတွေဆီ ဈေးသည်များ ခရီးဆက်ကြသည်။ ဒါမှနေ့တွက်ကိုက်ပေမည်။ ဟော .. တက်လာပြန်ပါပြီ ။ အသက် ၆၀ ကျော်လောက်ရှိသည့် အဖိုးအိုက ဗန်းလေးကို လက်မှာကိုင်ပြီး ငုံးဥကျော် အချောင်းလေးတွေ တစ်ချောင်း ၁၀၀ ကျပ်ပါတဲ့။ အသံခပ်တိမ်တိမ်မို့ လူက အားမရှိသလို ငုံးဥကျော်ချောင်းလေးတွေကလည်း ခပ်ပျော့ပျော့။ သူ့နောက်က ကပ်ပြီးတက်လာတဲ့ လွယ်အိတ်လွယ်ထားတဲ့ အမျိုးသမီးကတော့ အသံအောင်လှသည်။ ဈေးသည်မလုပ်ခင်က ဆိုင်းအဆိုတော်များဖြစ်ခဲ့သလားမသိ။

“သန့်ရှင်းသွားတိုက်ဆေး ၁ ဘူးမှ ၂၀၀ ပါ။ တခြားဘယ် …. ရောဂါမှ မပျောက်ဘူး၊ သွားရောဂါတစ်ခုတည်း—ပဲ ပျောက်ပါ တယ်၊ သွားနာ၊ သွားကိုက်၊ သွားဖုံးပြည်တည်တာတွေ လက်ကလေးပေါ် ဆေးမှုန့်လေးတင်၊ အသာလေး နာတဲ့နေရာဖိလိုက်”

ဈေးရောင်းတယ်ဆိုတာကလဲ အပြောအဆိုက တော်တော်အရေးပါလှသည်။ သူပြောတာက နားထဲတင်မက မျက်စိထဲပါ ရောက်အောင်ပြောသည်။

“ကွမ်းတွေစားလို့ သွားဂျိုးကပ်နေသူတွေ သန့်ရှင်းဆေးမှုန့်လေးနဲ့ သန့်ရှင်းပေးပါ၊ ကျန်းမာရေးနဲ့ ညီညွတ်အောင်ပေါ့”
“မြန်မာလူမျိုးတွေ ကျန်းမာရေးကို ဂရုစိုက်ကြနော်”  နှလုံးသားထဲထိပါ ရောက်သည့် စကားပင်။

သစ်သီးရောင်းသူတွေကတော့ တောင်းအလေးကြီးကို ၂ ယောက်ထမ်းပြီး တစ်ဘူတာနှင့် တစ်ဘူတာကြား ဆင်းကြတက် ကြသည်မှာ ဂျိန်းစ်ဘွန်းကားကြည့်ရသလို ရင်ဖိုလှသည်။ အတက်အဆင်းတံခါးပေါက်မှာ ပိတ်ဆို့ရပ်နေသူတွေကို ကျော်လွှားရင်းအရှေ့ဆုံးနှင့် နောက်ဆုံးတွဲကိုပြေးကြရသည်။ (ရှေ့ဆုံးတွဲနှင့် နောက်ဆုံး ၂ တွဲက ရိုးရိုးတွဲမို့ဈေးသည်တွေတက်ရောင်းနိုင်ကြသည်။ အလယ်တွဲ ၃ တွဲလောက်က ၂၀၀ ကျပ်တန်တွဲမို့ လူသွားလမ်းကလည်း မကျယ်လေတော့ ဈေးသည် တွေ သိပ်မတက်ကြပေ။)

ဒီတခါတက်လာသူတွေကတော့ ငါးမုန့်ကျော်(စစ်မစစ်တော့မသိ)၊ တို့ဟူးကျော်ထုတ်လေးတွေကို ပီနန်ကြိုးတခုမှာ ပန်းပွင့် ကြီးနှယ်ချိတ်တွဲပြီး ကွင်းကို လွယ်ထားတဲ့ ၁၀ နှစ်ကျော် ကလေး ၂ ဦးနှင့် ရေသည်။

“တထုတ်မှ ၅၀ ပါ။ အဆာပြေလေးတွေ”

အားပေးသူများလှသည်။ ဟိုဘက်က ၁၀၀ ဘိုး၊ ဒီဘက်က ၂၀၀ ဘိုးနှင့် အဆာဖြေကြသည်။

“အဖြူ ယူမလား၊ အ၀ါ ယူမလား”

ကောင်ကလေးက သွက်သွက်မေး၊ သွက်သွက်ရောင်း၏။ တစ်ရက်ဒီဈေးသည်လေး ကိုယ့်ခုံနံဘေး မုန့်ထုတ်ခဏချပြီး ပုဆိုး လေးပြင်ဝတ်တုန်း စပ်စုမိခဲ့သေးသည်။

“သား ကျောင်းနေသေးလား” သူက ကိုယ့်ကို အူကြောင်ကြောင်လေးပြုံးပြရင်း … “အမေကြီးက အကြွေးတွေထူလို့ မနှစ် ထဲက ကျောင်းထုတ်လိုက်တာ” နှပ်တချက်သုတ်ရင်းဖြေ၏။ “ဘယ်အတန်းထိနေခဲ့လဲ” လက် ၃ ချောင်းထောင်ပြရင်း သူ့စီး ပွားရေး မထိခိုက်ရလေအောင် ရှေ့ဆက်လေတော့သည်။

ငါးမုန့်ကျော် အတော်လေးရောင်းပြီးချိန်မှာတော့ ရေသည်အလှည့်ရောက်ပါပြီ။ မုန့်စားပြီး ရေသောက်ချင်တတ်သည့် လူ တွေ၏သဘောကို ဈေးကွက်ကျွမ်းကျင်သူ ရေသည်က ကောင်းကောင်းအသုံးချတတ်သည်။

“ရေခဲရေတွေ၊ တခွက်မှ ၅၀ ပါ။ ၁၀၀ ဘိုး ၃ ခွက်”

နောက်တစ်ဘူတာရောက်လို့  ကောင်ကလေး ဆင်းသွားတာတောင်  သူရောင်းမပြီးသေးလို့ ကျန်နေခဲ့သည်။ အဖုံးလေးပေါ် တွင် ကုလားစတီးခွက်လေး ၃ ခွက်နှင့် ရေစုပ်သည့် ရေမြှုတ်လေးတခု တင်ထားသည့် ပလပ်စတစ်ရေပုံးလေးသည် သူ၏ ရေဆိုင်လေးပင်။ ဟိုက တခွက်၊ ဒီဘက်က တခွက်နှင့် ၀ယ်သူတွေ စည်ကားနေသည်။ ဆောင်းဟုဆိုသော်လည်း ဆောင်း အငွေ့အသက်မရနိုင်သေးသည့် ရန်ကုန်မြို့ပြ၏ မွန်းကြပ်အိုက်စပ်မှုတွေက ရထားပေါ်မှ အိမ်အပြန် ခရီးသည်တို့ထံ ရိုက် ခတ်နေသည်ဆိုတော့ ရေလည်း ရောင်းကောင်းသည်ပေါ့။

နောက်တစ်ဘူတာကျဆင်းပြီး တွဲပြောင်းနိုင်ဖို့ ရေသည်က အပေါက်နားထိုင် အမောဖြေရင်း ရေခွက်လေးနှင့် ပလပ်စတစ် ရေပုံးကို တဂွမ်ဂွမ်ခေါက်နေသည်။ နေ့စဉ်ကြုံနေရလို့ ရင်းနှီးနေသလားမသိ အနားကလူကို “ဒီနေ့ ၂၅၀၀ ကျော်သွားပြီ၊ ထမင်းစားလို့ရပြီကွ”။ ခါးပုံစထဲက ကွမ်းယာလေးတယာ ပါးစပ်ထဲထည့်လိုက်ရင်း ပျော်ပျော်ကြီးပြောလိုက်သည်။

ကမာရွတ်ဘူတာပဲ။ ခရီးသည် အတက်အဆင်းများသလို ဈေးသည်တွေလဲတက်လာကြသည်။ ကြက်ဥပြုတ်သည်က ၃ လုံး ၂၀၀ တဲ့။ ရထားစီးစက တန်လိုက်လေဆိုပြီး အံ့သြမိသေး။ ဘေးနားကကောင်ကလေး အခွံနွာတော့မှ သိပ်မလတ်လှတဲ့ ကြက်ဥလေးတွေမို့ ဒီဈေးနဲ့ရတာပဲဆိုတာ သဘောပေါက်လိုက်သည်။

နောက်တစ်သည်က ပလပ်စတစ်ခုံပုလေးကို လက်တဖက်က ကိုင်၊ နောက်တဖက်က ဗန်းကို ရထားအလယ်က လက်ကိုင် တန်းနှင့် မတိုက်မိအောင်ထိမ်းရင်း ခပ်ကိုင်းကိုင်းတက်လာသည့် ပဲပြားသုပ်သည်မလေး။ ဗန်းထဲမှာတော့ ဂေါ်ဖီမျှင်လေး တွေညှပ်ထည့်ထားတဲ့ ပဲပြားကျော်များ၊ အချဉ်ရေဗူးများနှင့် စုံလင်လှသည်။ ချွေးကွက်နေသည့် သနပ်ခါးဘဲကျားက သူမ ရဲ့အသားတွေကို နေရောင်ဒဏ်က အနည်းအပါးတော့ ကာကွယ်ပေးနေသည်။ သူ့ရဲ့ ပလပ်စတစ်ခုံလေးကိုချထိုင်ပြီး ဒူး ပေါ်ဗန်းတင်ကာ စတင်ရောင်းပါတော့သည်။ သူလည်း အားပေးသူ မနည်းမနောပါပဲလား။

ကျမစိတ်ဝင်စားသည်က နောက်ဆုံးမှစာရွက်တထပ်ပိုက်ကာတက်လာသည့် ၁၃ နှစ်အရွယ်သာသာ ကောင်ကလေး။ သူဘာများရောင်းမှာပါလိမ့်။ စကားတစ်ခွန်းမှမပြောပဲ စာရွက်တွေကို ခုံမှာထိုင်နေသူများကို တရွက်ချင်းလိုက်ဝေသည်။ ကျမလည်း တစ်ရွက်ရ၏။ စာရွက်ဖတ်ကြည့်တော့ …   မိသားစုအခက်အခဲတွေ ရေးထားပြီး ဆေးကုသရန် စရိတ်တောင်းသော စာလေးဖြစ်သည်။ သူလေး၏နောက်ကွယ်က ဘယ်သူတွေက စာစီပြီး၊ ဘယ်သူတွေကစာရွက်တွေ မိတ္တူကူးပေးလေသလဲ၊ ကျောင်းကော နေဖူးရဲ့လား …  ဆိုတဲ့အတွေးတွေကြားထဲ ထိုကလေးရဲ့ ခပ်တင်းတင်းမျက်နှာက ၀င်ဝင်နှောက်နေသည်။ အင်း … ဒီကလေးလည်း သူတောင်းစား သင်တန်းလေးဘာလေးရှိရင် တက်သင့်တယ်လို့ အကြံပေးချင်လာသည်။ customer ကို အလေးထားသင့်တယ် မဟုတ်လား။ ဒါမှမဟုတ် ဒီပုံစံကိုက သူတို့ကုမ္ပဏီရဲ့ စတိုင်ထင်ပါရဲ့။

အရင်တခေါက်စီးတုန်းက တက်လာသည့် တောင်ဝှေးတချောင်းနှင့် အဖိုးကြီးကို သတိရသွားသေးသည်။ လူတွေကြားထဲ ခြေတုန်၊လက်တုန်၊ အသံပါတုန်နေရှာသည့် အဖိုးကြီးကို သနားသူများကြသည်။ ဘူတာရပ်လို့ တွဲအကူးအပြောင်းတွင်မတော့ သူ့ခင်မျာတောင်ဝှေးကိုမထောက်အားတော့ပဲ လက်ထဲကိုင်ကာ ခပ်သွက်သွက်လေး နောက်တွဲဆီအပြေးကလေးသွားလေ သည်။ ဘာပဲဖြစ်ဖြစ် သက်ကြီးရွယ်အိုတစ်ဦးဆိုတော့ ဈေးသည်တွေထက်တောင ၀င်ငွေပိုနိုင်သည်။

အစွန်းချွတ်ဆေးရောင်းသူတွေ၊ အကြောပြေဆေးရောင်းသူတွေတက်လာရင်တော့ သူတို့ပြောဆိုတာ နားထောင်ရင်း မျက် လုံးမှိတ်ထားသည်။ လက်ထဲ ဆေးနမူနာတွေထည့်မှာစိုးသည်။ ငယ်ငယ်တုန်းက အဖိုး၊ အဖွားနှင့် ရထားစီး ခရီးသွားကြတော့ အဖိုးက ရထားပေါ်က ရောင်းတာမှန်သမျှဝယ်တတ်လွန်းလို့ အဖွားနှင့်ရန်ဖြစ်တာ သတိရမိပြီး ပြုံးမိသေးတော့၏။

မနက်အစောကြီးထ အိမ်ကထွက်၊ တနေ့တာလုံးအလုပ်လုပ်၊ ညနေအိမ်အပြန်ကားတန်းတွေ ပိတ်ကျပ် တော့ အိမ်ကိုမှောင်မှ ရောက်ကြ၊ ရထားနှင့် လှော်ကားဘက်ထိပြန်ရတဲ့သူတွေ ဘယ်အချိန် အိမ်ပြန်ရောက်ကြလဲမေးကြည့်တော့ ၇ နာရီတဲ့။ တနေကုန် မောပန်းလာကြသည့် ဒီလိုလူတွေအတွက် အပန်းဖြေစရာအချိန်ဆိုတာ နတ္ထိလို့ တွေးနေတုန်းမှာပဲ ကျမအတွေးကို သိလို့များ သိကြားမင်း ရထားဈေးသည်ယောင်ဆောင် လာသလားမသိ။

“ဟား ၅ ကောင်အဖွဲ့ရဲ့ နောက်ဆုံးအခွေသစ်။ ခွေထိုးတဲ့အချိန်ကစလို့ ရီရတာ ပြီးတဲ့အချိန် ဗိုက်ကြောတွေနာနေရတဲ့အခွေ ”
“နောက်တခွေက ယောက်ျားရင့်မာကြီးတွေတောင် ကြည့်ရင်း သေးဖျန်းဖျန်းထွက်လောက်တဲ့ ယိုးဒယားသရဲကား၊ သရဲမက —– ”
“ဒီအခွေကတော့ ခုသမတမှာရုံတင်နေတဲ့ အသစ်စက်စက် သိပ္ပံလူသားက ကမ္ဘာကြီးကိုကယ်ဖို့ ဘယ်လိုလုပ်သလဲ အရမ်း စိတ်ဝင်စားစရာကောင်းတယ်။ တခွေ ၄၀၀ ပါ။ တထောင်ဘိုး ၀ယ်ရင် ၃ ခွေ၊ ထစ်ရင်ငွေပြန်အမ်းမယ်”

ဗွီဒီယိုကားတွေကို ရထားပေါ်ကလူတွေစိတ်ဝင်စားစေဘို့ ညွှန်းရင်းရောင်းနေတဲ့ ဗွီဒီယိုအရောင်းသမား။ လူသွားလမ်းအလယ် ချထားသည့် မုန့်ဗန်းဘေးမှာ စိမ်ပြေနပြေထိုင်နေတဲ့ မုန့်သည်တယောက်က လှမ်းအော်လိုက်သည်။ “ငါတနေ့က၀ယ်သွားတဲ့ မိုးယုစံကားက ထစ်လိုက်တာ ပေး ပိုက်ဆံပြန်အမ်း” အချင်းချင်းတွေ သိပုံရကြသည်။ အခွေရောင်းသူက စပ်ဖြီးဖြီးနှင့် ပြန် တော့ မဖြေအားပေ။ အမျိုးသားတဦးက လှမ်းခေါ်ပြီး ဈေးသည်ဆီ သူလိုချင်သောအခွေကို ကပ်မေးနေသည်။ သိကြားမင်းမ ဟုတ်တာတော့ သေချာသွားပြီ။ အငြိမ့်ခွေက လူကြိုက်များသည်။ တခဏချင်းမှာပင် ၄-၅ ခွေလောက် အားပေးကြသည်။ အော် … ဒီလိုနည်းနဲ့ ဘ၀အမောတွေဖြေကြတာကိုး။

ကျမဆင်းရမည့်ဘူတာရောက်တော့မည်။ ၅၀၀ ဘိုး ၆ လုံးနှင့်ဝယ်ထားသော လိမ္မော်သီးကို ခြင်းထဲ သပ်သပ်ရပ်ရပ် ၀င် အောင်ပြင်လိုက်ရင်း ထလိုက်သည်။ ရှေ့မှာရပ်နေသော လွယ်အိတ်လွယ်ထားသည့် လူကြီးတစ်ဦးက ထိုင်ရန်ဟန်ပြင်ဆဲမှာ ပင် သူ့ဘေးမှအမျိုးသားတစ်ဦးက အတင်းဝင်တိုးထိုင်လိုက်သည်။ ဟန်ချက်ပျက်သွားသည်ကိုထိမ်းရင်း အဆင်းပေါက် နားတိုးခဲ့သည်။ ဦးရာလူထိုင်ပစေတော့။ ကိုယ်လည်း မတတ်နိုင်။ နေရာကိုအတင်းလုတတ်တဲ့သူမျိုးတော့ စေတနာ မရှိချင်လှ။ တွဲပေါက်ဝက အလုပ်သမားလူငယ်တသိုက်၏ စီးကရက်မီးခိုးများကို ရှိုက်မိရင်း ညနေစောင်း မိုးကောင်းကင် ပေါ်ကဆင်းသွားတဲ့ နေလုံးရဲ့ ရောင်ခြည်တန်းတွေကို ငေးမောမိသည်။ ငှက်တစ်အုပ်လည်း အိပ်တန်းပြန်နေကြသည်။ ငှက်ကလေးတွေအိပ်တန်းပြန်တာ ချစ်စရာကောင်းလိုက်တာ။ ကျမတို့လူတွေ အိပ်တန်းပြန်တာကတော့ လောဘ၊ ဒေါသ၊ မောဟ တွေတွဲလို့ပင်။ မျက်နှာတွေက ပန်းလျှ၊ မျက်လုံးတွေက အရောင်မှိန်၊ မျှော်လင့်ချက်မနက်ဖြန်ဆိုတာထက် ဒီနေ့ထက် မပိုတဲ့ ပုံမှန်မနက်ဖြန်တွေကို ဖြတ်သန်းဖို့ အားတွေလျှော့နေကြသလိုပင်။

အရင်းစစ်တော့ စီးပွားရေးချွတ်ခြုံကျတဲ့ တိုင်းပြည်ကလူတွေပဲလေ။ စနစ်ကြီးမကောင်းသရွေ့၊ ဒင်းတို့မပြောင်းသရွေ့ …. ကိုယ့်အတွေးတွေကို အမြန်ဘရိတ်အုပ်ရင်း အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြဆိုသောစကားကို ကြားယောင်လာသည်။ ရထား ကြီးဆိုက်လေပြီ။ ခြေနင်းခုံနဲ့ ပလက်ဖောင်းက တော်တော်အလှမ်းကွာလှတာကြောင့်သတိထားဆင်းရင်း အပြေးအလွှားနဲ့တက်ဘို့ကြိုးစားလာတဲ့ ကြက်ဥပြုတ်သည်ကို မနည်းရှောင်လိုက်ရသည်။ လူတွေ လူတွေ အသိနည်းလို့ဆင်းရဲတာလား– ဆင်းရဲလို့အသိနည်းတာလား။ အင်း … ချမ်းသာလွန်းရင်ကော အသိများလာရဲ့လားလို့ အဆိုးမြင်ဝါဒီ ကျမတွေးမိပြန်သည်။ ရထားလမ်းတဘက်ခြမ်းကို ကူးဘို့ပြင်ဆဲ အင်းစိန်ဘက်မှ ရန်ကုန်သို့သွားသောရထားကြီးတစီးက ဆိုက်လာသဖြင့် ခေတ္တရပ်ကာ စောင့်လိုက်သည်။

တဖက်ရထားကြီး စထွက်တော့ သူ့ရဲ့ကိုယ်ထည်တွေမှာ ရေးထားတဲ့ စာလုံးတွေကို မရပ်မနား မြင်နေရသည်။

“အကောင်းမြင်မှုတွေဖြည့်ဆည်းပေးတာ တို့မြန်မာ” တဲ့။

အိမ်ရောက်ရင်ကျမ ဘီယာ သောက်ချင်သည်။ တိုက်ဂါးဘီယာဆို မဖြစ်၊ မြန်မာဘီယာမှဖြစ်မည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်