နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၃)

January 15, 2015

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၃)

(မိုးမခ) ဇန်န၀ါရီ ၁၅၊ ၂၀၁၅

ပျူသင်္ချိုင်းတွေက  ထွက်လာခဲ့ ပြီ..။  နောက်ထပ်တွေ့ရတာကတော့  ရဟန္တာဂူဘုရားနဲ့  ရဟန္တာကန်တော်တဲ..။ရဟန္တာကန်တော်က  ရှေ့ဟောင်းကန်တခုဖြစ်ပြီး  အောက်ခြေမှာ ရစ်ခွေတွယ်ပတ်တတ်တဲ့  နွယ်ရှင်တွေ  ရှိတယ်လို့  လုံခြုံရေးဝန်ထမ်းကလေးက  ပြောပြတယ်…။ရဟန္တာကန်တော်ကနေ လှမ်းမျှော်ကြည့်လိုက်တော့ ဟိုးခပ်ဝေးဝေးက  ဘောဘောကြီး  ဘုရားကြီိးကို  ကြည်ညိုဖွယ်ရာ  လှမ်းဖူးရတယ်..။

ဒီမှာဘက်မှာတော့  အ၀င်မုခ်ပေါက်သုံးဖက်ပါတဲ့   ရဟန္တာဂူဘုရားကို  တွေ့ ရတယ်..။အဆောက်အဦက ခပ်သေးသေးမို့ အထဲကို  ၀င်တော့  ခေါင်းငုံ့ ဝင်ရတယ်..။

အထဲမှာတော့  သရေခေတ္တရာမြို့ ဟောင်းဘက်ကို  မျက်နှာမူထားတဲ့  နံရံပေါ်မှာ တန်းလျှက် စံပါယ်နေတဲ့  ရုပ်လုံးကြွ ဗုဒ္ဒဆင်းတုတော် ခုနစ်ဆူကို  ကျဉ်းကျဉ်းကျပ်ကျပ်  ဖူးတွေ့ ရတယ်..။ မူလက ရှစ်ဆူရှိပုံရပြီး..တဆူနေရာမှာ ကွက်လပ်ဖြစ်နေတာကိုး..။

ဂူဘုရားက တကယ့်ကို  သေးသေးလေးပေမဲ့  ပျူခေတ်ဗိသုကာလက်ရာကတော့  မသေးပေဘူး..။ ဂူဘုရားထဲမှာ   လေကလေး တသုန်သုန်သွေးလို့..။ မုခ်ပေါက်တွေရဲ့အနေအထားက  လေ၀င်လေထွက်ကို  ကောင်းစေပုံပဲနော်..။

အမိုးမျက်နှာကျက်က  အုတ်တွေကို   စီတန်းယှက်သွယ်ဆောက်လုပ်ထားပုံကလည်း လက်ရာမြောက်လှပေရဲ့ ..။

ရဟန္တာဂူဘုရားနဲ့  ရဟန္တာကန်ဆိုတဲ့  အမည်တွေကြောင့်  ပျူခေတ်က ထင်ရှားတဲ့  သရေခေတ္တရာပျူ မြို့ တော်ကို စတင်တည်ထောင်သူလို့  ဒဏ္ဍာရီတွေထဲမှာ ထင်ရှားတဲ့  ဂ၀ံပတေ့  ရသေ့ကြီးကို  သွားသတိရမိရဲ့ ..။ ဒဏ္ဍာရီဆိုလို့  ကလေးတို့  မျက်လုံးလေးတွေ အရောင်တောက်သွားတယ်လား..။တကယ်တော့  သမိုင်းဒဏ္ဍာရီပုံဝတ္ထုတွေဟာ..  ကလေးတွေအတွက်  သမိုင်းဘာသာကို  စိတ်ဝင်စားစေ့ဆော်ရာတွေမို့ မပစ်ပယ်သင့်ဘူးလေ..။ကလေးတို့လည်း   နားထောင်ချင်တယ်မဟုတ်လား..။

မြတ်စွာဘုရားရဲ့  ဗျာဒိတ်တော်အရ..သရေခေတ္တရာပျူမြို့ တော်ကြီးကို  တည်ထောင်ဖို့ ဂ၀ံပတေ့ရသေ့ရယ်….၊ သိကြားမင်းရယ်..၊ နဂါး..၊ ဂဠုန်..၊ ကုမ္ဘာန်..၊စန္ဒီ..၊ ပရမေသွာရ…စတဲ့ သူမြတ်ခုနှစ်ယောက်တို့ စုရုံးတိုင်ပင်တည်ထောင်ခဲ့ ကြသတဲ့ ..။ပျံ့ ပြူးညီညွတ်တဲ့  မြေနေရာကို  ရွေးပြီး  သိကြားမင်းက အလည်ဗဟိုစက်တိုင်မှာ  ရပ်..။နဂါးကို စက်ကြိုးပြုလှည့်ပြီး…စက်ဝိုင်းပုံ  သရေခေတ္တရာမြို့ ကြီးကို တည်ကြသတဲ့ ..။  တံခါးကြီးတံခါးငယ်..၊ကျုံး..၊မြောင်း၊ပစ္စင်..၊ရင်လျှောက် ..၊တန်ဆောင်း..၊ပြအိုး..၊စတဲ့  မြို့ အင်္ဂါခုနစ်ပါးနဲ့  ပြည့်စုံစေသတဲ့..။ နောက်..ဒွတ္တပေါင်မင်းကြီး စံမြန်းမွေ့ လျော်ဖို့  နွေနန်းဆောင်..၊ မိုးနန်းဆောင်.. ၊ဆောင်းနန်းဆောင်တွေကို.. ဘုံ(၇)ဆင့်ပြသာဒ်၊ ဘုံကိုးဆင့် ပြသာဒ်၊ဘုံဆယ်တစ်ဆင့် ပြသာဒ်တွေနဲ့ ..ခုနစ်ရက်အတွင်း အပြီး တည်ဆောက်ပေးသေးသတဲ့..။ ကလေးတို့က  သဘောတကျ..ပြုံးတယ်လား…။ဒွတ္တပေါင်မင်းကြီးက ဘုန်းတော်ကြီးမြတ်လို့  နတ်သိကြားတွေကပါ… ၀ိုင်းကြ၀န်းကြတာပေါ့.နော်.။ ဒီလို မြို့ အဆင်အယင်တွေ အားလုံးပြီးမြောက်တော့ ဒွတ္တပေါင်မင်းကြီးက ရာဇဘိသေက ခံသတဲ့ ..။

      ဒါတင်မကသေးဘူး…။သိကြားမင်းက  ဒွတ္တပေါင်မင်းကြီးအတွက် သီလ၀ံသဓါး အပါအ၀င်..မင်းမြောက်တန်ဆာငါးပါး..၊ဧကရာဇ်မင်းတွေနဲ့  ထိုက်တန်တဲ့  မင်းဆောင်မင်းယောင်တွေ၊ဆင်မြင်းဗိုလ်ပါနဲ့ တကွ..၊တတ်သိလိမ္မာတဲ့ အမတ်တွေ၊သူရဲကောင်းတွေပါ..ရယ်ဒီမိတ်အဆင်သင့်  စီရင်ပေးလိုက်သတဲ့ ..။လူမင်းဘုန်းကြီး  နတ်မင်းမနေသာ..ဆိုသလိုပေါ့နော်..။အဲဒီအထဲက အထူးခြားဆုံးကတော့ အရိန္ဒမာလှံပျံ၊ခေါင်းလောင်း၊စည်ကြီး စတဲ့  ပစ္စည်းတွေပဲ..။

ရှေးဟောင်း တရုတ်မှတ်တမ်းတွေ အဆိုအရ..ဒွတ္တပေါင်မင်းကြီးလက်ထက်မှာ  … ပျူလက်အောက်ခံ နိုင်ငံ(၁၈)နိုင်ငံတောင် ရှိပြီး..ပဒေသရာဇ်တို့ရဲ့  အရှင် ဧကရာဇ်ဘွဲ့ ခံသူတဲ့ ..။ဖြစ်နိုင်တာ မဖြစ်နိုင်တာ  အသာထား..။ဒဏ္ဍာရီတွေ အလိုအရ… ဇမ္ဘူဒီပါ ကျွန်းကစပြီး  အသုရာပြည်..၊နဂါးပြည်တွေတောင် သူ့လက်အောက်ခံတိုင်းပြည်တွေ  ဖြစ်ကြသတဲ့ ..။.စစ်သည်တခေါဘိနီ..ရှိပြီး  ဆင်မြင်းလက်နက် အင်အားတောင့်တင်းလှသတဲ့ ..။သူလဲ…ဗိုလ်ရှုသဘင်တွေ  ဘာတွေ လုပ်ခဲ့ သေးလား မသိဘူးနော်..။

ဒွတ္တပေါင်မင်းကြီး  က  သူ့လက်အောက်ခံတိုင်းပြည်တွေကို အခွန်တောင်းရင်..ဆိုင်ရာ..ဆိုင်ရာ အမှာစာတွေ ရေးပြီး   လှံပျံမှာ ချိတ်ဆွဲ..။လှံထိုးတောင်ကိုတက်ကာ..မင်းကြီးလက်နဲ့ 
လှံပျံကို စေလွှတ်လိုက်သတဲ့..။သက်ဆိုင်ရာ မင်းတွေရဲ့  ဦးခေါင်းမှာ လှံပျံဟာ  ထိုးစိုက်မဲ့ အလား..၀ဲပြီးတော့   နေသတဲ့ ..။မင်းတွေက  ဆောင်သင့်ဆောင်ရာ  အခွန်ဘဏ္ဍာတန်စိုးလက်ဆောင်တွေ  ဆက်သလိုက်မှ  လှံပျံက ထွက်ခွါသွားသတဲ့ ..။စည်ကြီးနဲ့  ခေါင်းလောင်းကြီးကလည်း  ဒီလိုပဲ..တဲ့ ။ လက်အောက်ခံတိုင်းပြည်က မင်းတွေ  အခွန်ဘဏ္ဍာ မဆက်သမချင်း.. နားမခံသာအောင်  မြည်ဟီးနေသတဲ့ ..။ကောင်းလိုက်တဲ့  အခွန်စည်းကြပ်ကိရိယာတွေနော်..။ခုခေတ်များ တို့ပြည်သူတွေ ဆီမှာ..ဒီလိုလှံပျံမျိုး ..စည်ကြီးမျိုး ရှိရင်..ကောင်းမှာနော်..။အခွန်ရှောင်နေတဲ့ သူခိုးကြီးတွေ..သဌေးကြီးတွေ ခရိုနီခရိုနက်ကြီးတွေ  ဆီက  တိုင်းပြည်အတွက်အခွန်တွေ   အကုန်အစင်ရမယ် ထင်ပါရဲ့ ..။

ကဲ…ပြောလည်းကောင်းပေမဲ့ ..ရှေ့ခရီးဆက်ရဦးမယ်..။အော်..တခုတော့  အရေးကြီးတာ ကျန်နေသေးတယ်..။ အဲဒီလောက်  ဘုန်းတန်ခိုးကြီးခဲ့ တဲ့  ဒွတ္တပေါင်မင်းကြီးလည်း  တန်ခိုးအာဏာ မှေးမှိန်ဖို့ အချိန်ကျလာတော့… မလွှဲရှောင်သာဘူး.. ။ကောင်းမှုကုသိုလ်တွေနဲ့   ဘုန်းတန်ခိုးဥာဏ်ပညာကြီးခဲ့တဲ့ .. ဒွတ္တပေါင်မင်းကြီးဟာ.. ပျက်ချိန်ကြလာတော့ အမှားတွေ လုပ်မိလာတယ်..။ အမှားတခုကတော့..မုန့်သည်မတယောက်က  ဆရာရဟန်းကို လှူထားတဲ့   ကျောင်းဝတ်မြေ  လယ်ငါးပယ် (၁ပယ်=၁.၇၅ဧက) မျှကို မတရားသိမ်းယူခဲ့မိသတဲ့ ..။

အဲဒီအချိန်ကစပြီး..သူ့ရဲ့  တန်ခိုးကြီးလှတယ်ဆိုတဲ့   သိကြားမင်းပေးထားတဲ့ လှံပျံ၊ခေါင်းလောင်း၊ စည်ကြီးစတာတွေဟာ   တန်ခိုး ပျက်ပျယ်ပြီး  စေလည်းမသွား.. တီးလည်းမမြည်… အခွန်အခတွေလည်း မှန်မှန်မရတော့ဘူးတဲ့ .. ။နောက်ထပ်  ဆက်တိုက်  တန်ခိုးသြဇာကျဆင်းတာတွေ  လုပ်မိ ၊ဖြစ်မိရင်း.. နောက်ဆုံးတော့  ဒွတ္တပေါင်မင်းကြီးခမျာ..ကျဆုံးပျက်စီးအဆုံးသတ်သွားရသတဲ့ ..။

ကလေးတို့ရေ..ဒဏ္ဍာရီထဲကဆိုပေမဲ့ သင်ခန်းစာယူတတ်ရင်  ယူစရာပေါ့နော် ..။ သူတပါးရဲ့  အထူးသဖြင့် ပြည်သူရဲ့ လယ်တွေမြေတွေကို  မင်းအာဏာနဲ့ မတရားသိမ်းဆည်း အနိုင်ကျင့်မိလို့  မင်းကောင်းမင်းမြတ်တောင်  ပြည်သူ့ ကျိန်စာမိပြီး ပျက်စီးဆုံးရှုံးခဲ့ သေးတာ..။  မင်းဆိုးမင်းညစ်တွေဆိုရင်တော့..…။      ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Ni Ni Mar, ရသဆောင်းပါးစုံ, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်