သက်ခိုင် – ထောက်လှမ်းရေးချင်း ရန်တိုက်ပေးတဲ့အောင်ဖေနဲ့ မပျော်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးည

January 19, 2015

 

သက်ခိုင် – ထောက်လှမ်းရေးချင်း ရန်တိုက်ပေးတဲ့အောင်ဖေနဲ့  မပျော်ဖြစ်ခဲ့တဲ့ လွတ်လပ်ရေးည

 (မိုးမခ၊ အောင်ဖေအခန်းဆက် ၂၀) ဇန်န၀ါရီ ၁၉ ၊ ၂၀၁၅

(၁)

အောင်ဖေ့ကို ထောက်လှမ်းရေး (၁၂)က ဖမ်းသွားတဲ့ညက မှတ်မှတ်ရရ အောက်တိုဘာလ(၁၁)ရက် သောကြာနေ့ ၁၉၉၁ခုနှစ်။ ကားပေါ်မှာ မျက်နှာကိုလည်း အဝတ်စည်းထား၊ နောက်ပြန်လက်ထိပ်ကလည်း ခတ်ထားတာဆိုတော့ ဘယ်ကိုသွားနေသလဲဆိုတာ စိတ်နဲ့ပဲမှန်းရတော့တာပေါ့၊ ကိုယ်ကလည်း ရန်ကုန်ကိုတော့ အကျွမ်းတဝင် ရှိထားသူတယောက်ဆိုတော့ ဘယ်လမ်းကနေ ဘယ်ကိုသွားနေတယ်ဆိုတာ အောင်ဖေစိတ်ထဲက တွက်လာတယ်၊ ကားစထွက်တယ် ဟုတ်ပြီကျောက်မြောင်းဈေး အရှေ့ကသွားတယ်၊ ရွှေဗဟိုလ် (တာမွေအိုးစုအနား) ရုပ်ရှင်ရုံနားရောက်တော့ ဘယ်ဘက်ချိုးပြီ၊ တာမွေအဝိုင်းပတ်တယ် ဟုတ်ပြီ ဦးချစ်မောင်လမ်းတလျှောက် မောင်းသွားပုံရတယ်၊ ဟာမြေနီလမ်းအတိုင်း ဆင်းသွားပုံထောက်တော့ ဒါအခုမှစ လမ်းဖောက်နေတဲ့ နောင်မှာ စက်မှု(၁)လမ်း ဖြစ်ရမယ်ပေါ့၊ ဟောမကြာပါဘူး ကတ္တရာခင်း ကားလမ်းမပေါ် ပြန်ရောက်ပြီဆိုတော့ ဒါအင်းယားဘေး ရောက်လောက်ပြီ၊ သေချာတာတခုကတော့ ငါ့ကိုဘူးသီးကြော်ကျွေးဖို့ ခေါ်လာတာတော့ မဟုတ်ဘူးပေါ့လေ အောင်ဖေစဉ်းစားနေတာ၊ ခဏလောက် ဆက်မောင်းပြီးတော့ ညာဘက်ကို ချိုးချသွားပါလေကော ဒါလည်း မြေနီလမ်းပဲ၊ ဒါတော့ အောင်ဖေ မသိတော့ဘူး၊ ခန့်မှန်းချေ ကမ္ဘာအေးဘုရား အရှေ့ဘက်ခြမ်း ဝန်းကျင်လောက်တော့ ရှိမယ်ထင်ပါရဲ့ပေါ့လေ။

ကားရပ်သွားတော့ အောင်ဖေ့ဘေးမှာ ပါလာတဲ့ အသက် ၂၆-၂၇ အရွယ် ထောက်လှမ်းရေး နှစ်ယောက်က “ညီလေးဖြည်းဖြည်းဆင်းကွ” ဆိုပြီးလက်မောင်းကိုတွဲပြီး ကားပေါ်က ဆင်းခိုင်းပါရော။  နင်းမိတဲ့ မြေကတော့ မြေသားသက်သက်ချည်းပဲ။ သူတို့ထောက်လှမ်းရေးဝင်း နေမယ်၊ ပြီးတော့ အဆောက်အဦးတခုအပေါ်ကို သူတို့ကိုတွဲပြီး၊ တက်ခိုင်းပါလေကော။ ခဏလမ်းလျှောက်ပြီးတော့ အခန်းဘယ်လောက်လဲဟေ့ ဘာညာမေးပြီး အခန်းတခုကိုဖွင့်ပြီး ဝင်လိုက်ရကော၊ အဲဒီမှာ ပလပ်စတစ်ထိုင်ခုံတခုအပေါ်ကို ထိုင်ခိုင်းတယ်။ ပြီးတော့မှ မျက်နှာကို စည်းထားတဲ့ အဝတ်ချွတ်ပေးလိုက်တယ်၊ ဒီကျမှ ၁၀ပေပတ်လည် အခန်းကျဉ်းလေးထဲ ရောက်နေတာ သိလိုက်ရတယ်၊ အောင်ဖေထိုင်နေတဲ့ ခုံရှေ့မှာ စားပွဲကြီးတခု အဲဒီနောက်မှာက သစ်သား ကုလားထိုင်တလုံး။

အောင်ဖေက ခြေတလင်းချိတ်ထိုင်နေတာကို မျက်နှာဖြေပေးတဲ့ ထောက်လှမ်းရေးက သတိထားမိသွားပြီး။

“ဟေ့ကောင် ခြေချထိုင်စမ်း”

ဆိုပြီး အပေါ်ကချိတ်ထားတဲ့ ဘယ်ခြေကို မိတ်ဖြစ်ဆွေဖြစ်သဘော ကန်ချလိုက်ပါလေကော၊ အဲဒီအချိန်မှာပဲ လူ၃ယောက် ထပ်ဝင်လာတယ် တယောက်ကတော့ အသက်၄၅ လောက်ရှိမယ်၊ ကျန်တဲ့ ၂ယောက်ကတော့ အသက်၃၀ကျော်ဝန်းကျင်တွေ၊ အောင်ဖေ့ကို စောင့်နေတဲ့ ကားပေါ်မှာကတည်းက ပါလာတဲ့ ထောက်လှမ်းရေးငယ် ၂ယောက်ကတော့ အပြင်ကို ထွက်သွားပါလေကော။

အဲဒီမှာ အသက်အကြီးဆုံးတယောက်က အောင်ဖေ့ကိုကြည့်ပြီး၊ ပြုံးဖြီးဖြီးနဲ့ ပြောတာက။

“အောင်ဖေ၊ အောင်ဖေနဲ့ နာမည်ကြီးနေတာ၊ မင်းကအကောင် ခပ်သေးသေးပဲကိုးကွ” တဲ့။

သူတို့ဘာသာ သူတို့ကြီးနေသလားတော့ မသိဘူး၊ အခုမှ ကိုယ်လည်းသူတို့ဆီမှာ နာမည်အတော်ပေါက်မြောက် နေပါလားဆိုပြီး အောင်ဖေလည်း ရယ်ချင်စိတ်တော့ ပေါက်သွားတယ်။ ပြီးတော့ သူကဆက်ပြောတယ်။

“အေးကွာ၊ ငါတို့ကတော့ မင်းအကြောင်း အကုန်သိပြီးပြီ၊ လိမ်ဖို့တော့ မကြိုးစားနဲ့၊ မင်းဖြေတဲ့ အဖြေပေါ်မှုတည်ပြီး မင်း life  (ဘဝ) ကတော့သွားမှာပဲ၊ လက်ထိပ် ဖြေပေးလိုက်ပါကွာ” လို့ပြောပြီး ထွက်သွားပါလေကော။

အဲဒီကြတော့မှ စစ်မယ့်ဆေးမယ့် ဘသားချောနှစ်ယောက်နဲ့ စခန်းစ သွားရတော့တာပဲ။

အရပ်နည်းနည်းပြတ်ပြတ်တယောက်က အောင်ဖေ့ရှေ့ စားပွဲခုံကြီးနောက်က ကုလားထိုင်မှာ ထိုင်တယ်၊ အရပ်မြင့်မြင့် ပုံဆိုးပန်းဆိုးနဲ့ တယောက်ကတော့ အောင်ဖေ့ဘေးမှာ မတ်တပ်ကြီးရပ်လို့ “ပေါက်ကရ ဖြေလို့ကတော့ အမဲသားလေး ကျွေး(တီး)ထည့်လိုက်မယ်” ဆိုတဲ့အထာနဲ့။

ရှေ့မှာထိုင်တဲ့ ကိုယ်တော်ချောက စပြီးမေးတော့တာတာပဲ၊ နာမည်၊ အသက်၊ မိဘ၊ ဆွေမျိုး၊ သားချင်း၊ ဘာညာဆွေတကာမျိုး စုံနေကော။ အောင်ဖေကလည်း ရွေးကောက်ပွဲ မတိုင်ခင် နိုင်ငံသား စိစစ်ရေး ၈၉ မှာလုပ်ကတည်းက လဝက ကနေခေါ်ပြီး စစ်တာ ခံရဖူးထားတော့၊ မှတ်မိနေသေးတယ် အားလုံးနီးပါး၊ လိမ်စရာမှ မရှိတာ အမှန်ပဲပြောတာပေါ့၊ ကိုယ့်ဘဝမှန်ပဲဟာ။ ဒီအထိပြဿနာက ဘာမှမရှိသေး ဘေးက မောင်ရုပ်ဆိုးကတော့ ဘုကြည့် တကြည့်ကြည့်နဲ့။

နောက်ကြတော့ မေးခွန်းလိုင်းကြောင်း ဗြုန်းကနဲဆို ပြောင်းသွားပါလေကော။

“မင်းဘာလို့ နိုင်ငံရေး လုပ်တာလဲ” တဲ့။ အဲ မထင်မှတ်ပဲ ဆွေစဉ်မျိုးဆက် မေးနေရာကနေ နိုင်ငံရေးဘက် ပြောင်းသွားတော့၊ အောင်ဖေလည်း။

“ဘာရယ် မဟုတ်ပါဘူးအကိုရာ၊ ကျနော်လည်း သူများတွေလုပ်လို့ လိုက်လုပ်တာပါ” လို့ဖြေလည်းပြီးရော။

“ဖြောင်း” ကနဲအသံနဲ့ အောင်ဖေ့ခေါင်းတခုလုံး ပူထူသွားတော့တာပဲ၊ အမှန်က ဘေးကမောင်ရုပ်ဆိုးက အခုမှ ခွင်ဝင်ပြီဆိုပြီး အောင်ဖေ့ကို ဇက်ပိုးအုပ် ကျွေးထည့်လိုက်တာကိုး၊ ဟာ ငါတော့စအတွယ်ခံရပြီကွ ဆိုပြီး၊ နည်းနည်းတော့ အိပ်ချင်ပြေသွားတယ်၊ ဟုတ်တယ်လေ အချိန်က တွက်ကြည့်ရင် စဖမ်းလာတာနဲ့ ဘာညာ သာရကာတွေ တောင်မေးမြောက်မေး မေးနေတာနဲ့တင် ည၁၂နာရီကျော်လောက် ရှိလာပြီကိုး။

“ဟေ့ကောင် ပြန်ပြင်ဖြေစမ်း” တဲ့၊ မောင်ရုပ်ဆိုးဆီက အသံထွက်လာတယ်၊ အတော်ကို သောက်ညင်ကပ်စရာအသံ တယောက်မေတ္တာ တယောက်မှာဆိုတာ ဒါမျိုးနေမယ် “သူတောင်းစား ဓါးပြနောက်လိုက်သံနဲ့” (ဒါကတော့ အောင်ဖေစိတ်ထဲက ပြန်ဆဲထည့်လိုက်တာ)။ အောင်ဖေလည်း သွေးလေမှန်သွားတော့၊ အဖြေပြောင်းလိုက်ရတယ်။

“တကယ်တော့ အကိုရာ ကျနော်တို့လူငယ်တွေ နိုင်ငံရေး လုပ်တယ်ဆိုတာဟာ၊ တိုင်းပြည်ကို တိုးတက်စေချင်လို့ပါ၊ ဘာလို့ဆို အကိုတို့စဉ်းစားကြည့်၊ ကျနော်တို့ အိမ်နီးချင်း နိုင်ငံတွေက အခုဆိုရင် အများကြီး တိုးတက်သွားပြီး၊ ကျနော်တို့နိုင်ငံက ကမ္ဘာ့အဆင်းရဲဆုံး ၁၀နိုင်ငံစာရင်းကို ဝင်သွားခဲ့ရပြီလေ။ ကျနော်ကြားဖူးတာ တခုပြောပြမယ်၊ ဟိုးအရင် ပါလီမန်ခေတ်က စင်ကာပူဝန်ကြီးချုပ်က မြန်မာပြည်ကို လာလည်တော့ ပြောသွားဖူးတယ်၊ ကျနော်တို့နိုင်ငံဟာ အလွန့်အလွန်ကြိုးစားမှ နောင်အနှစ်နှစ်ဆယ်ကြာရင် မြန်မာပြည်ကို မှီအောင်လိုက်နိုင်မှာလို့ ပြောဖူးတယ်ခင်ဗျ၊ အခုတော့ ကျနော်တို့နိုင်ငံက ပြောင်းပြန်ဖြစ်ပြီး သူတို့ကို ပြန်လိုက်နိုင်ဖို့တောင် အခြေအနေ”

“ဖြောင်း၊ ဖြောင်း” နဲ့ သေနာ ရုပ်ဆိုး တီးပြန်ပါလေကော။ နှစ်ချက်ကို ဆင့်တီးထည့်လိုက်တာ၊ လူလည်း သေချင်စော်နံသွားတယ်၊ ဘယ်လိုဖြေရမှန်းတောင် မသိတော့ဘူးပေါ့လေ။ အမှန်ကသွားပြီးတော့ သူတို့ကို ရိသလို ကလိသလို သွားဖြေတာကိုး၊ ဟိုကဆော်မှာပေါ့ အောင်ဖေ လျှာရှည်ပုံကိုက။

“မသာလေး လျှာမရှည်နဲ့ မေးတာကို သေချာဖြေ” တဲ့၊ အောင်မယ် ရုပ်ဆိုးက ဆရာဝင်လုပ်ပြောတာ။

လူက ပြောချင်တာ ပြောပြီးသွားပြီဆိုတော့ ဆက်ပြောစရာ မလိုတော့ဘူးပေါ့လေ၊ အောင်ဖေ ဒီအတိုင်းပဲ နေနေလိုက်တယ်၊ အိပ်ချင်စိတ်ကတော့ ပြေရုံမက ပျောက်ပါပျောက်သွားပါလေကော။

အဲဒီမှာ ရှေ့ကနေမေးနေတဲ့ ပုဂ္ဂိုလ်က။

“ခင်ဗျား သွားအိပ်ချင် အိပ်တော့လေ၊ ကျနော် ဆက်လုပ်ထားလိုက်မယ်” လို့ပြောတော့၊ ရုပ်ဆိုးရယ်လေ လူကို ဘုကြည့်ကြည့်ပြီး အခန်းထဲက ထွက်သွားပါလေကော။

အောင်ဖေလည်း နည်းနည်းတော့ စိတ်သက်သာရာ ရသွားတယ်၊ မသာကြီး မရှိတော့ဘူးပေါ့လေ။ အဲဒီမှာ ဆက်မေးတော့တာပဲ တခါတခါလည်း “နိုင်ငံတော် အကြီးအကဲတွေက၊ နိုင်ငံတော် အကြီးအကဲတွေက” နဲ့ သူတို့ လူကြီးတွေ ဘယ်ရွေ့ဘယ်မျှ တိုင်းနိုင်ငံအတွက် စေတနာထား လုပ်ဆောင်ထားကြောင်း သူကပြန်ပြန် တရားဟောနေသေးတော့တာပဲ။

တခါမှာတော့ “ကန်တော်ကြီးစောင်းကအိမ်မှာ မင်းတို့ဘာအစည်းအဝေး လုပ်သလဲ” တဲ့။

အဲဒီမှာ အောင်ဖေ ဗြုန်းကနဲ ဒီလူကို မှတ်မိသွားတယ်၊ အဲဒီအစည်းအဝေးက ဗကသ အစည်းအဝေး သာမာန်သဘော အစည်းအဝေးပါပဲ ညီလာခံပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေကို ဆွေးနွေးကြတာ။ ပြီးလို့ အဲဒီအိမ်ကနေ အောင်ဖေတို့ ထွက်လာကြတော့ ဒီလူက တဘက်ကနေ လမ်းလျှောက်လာပြီး အောင်ဖေတို့ ဘေးကနေ ဖြတ်သွားတာ၊ ဟာ ဒီလူကိုး သွားပြီ ဒါဆို လိမ်လို့ မရဘူး၊ ငါတို့ကို ဒီလူမြင်ထားပြီးသား ကြည့်ကျက်ရွှီးမှ ရမယ်ပေါ့လေ။

“အော် ဒါက ရှေ့လုပ်ငန်းစဉ် အစည်းအဝေးပါ သူတို့ ဖိတ်တာနဲ့ ကျနော်သွားတာပါ၊ သိပ်တော့ အထွေအထူး မပါပါဘူး” ပေါ့လေ။ အလဲ့ ဒီလူက ဘာမှထပ်မမေးပဲ၊ ဘယ်သူတွေ တက်လဲပေါ့၊ အောင်ဖေလည်း မှတ်မိသလောက် သူတွေ့သွားနိုင်ခဲ့တဲ့ လူတွေ ၄-၅ ယောက် နာမည်ပြောလိုက်တယ်၊ အဲဒီအချိန်က ဒီလူတွေ အကုန်လုံး အင်းစိန်မှာ ဗိုလ်ခင်ညွန့် စကောလားရှစ်ရတဲ့ စာသင်သား (ထောင်ကျ) ဖြစ်နေပြီလေ။ အဆင်ပြေအောင် ကြည့်ပြောရတာ။

ဒီလိုနဲ့ တောင်မေး မြောက်မေးတွေ မေးနေရင်းက၊ မိုးလင်းပိုင်း ရောက်တော့မယ်။ သူလည်းသမ်း ကိုယ်လည်း သမ်းပေါ့လေ။ အဲဒီမှာ ရုတ်တရက်။

“မင်း ဟိုရက်က ဘယ်သွားနေတာလဲ” တဲ့၊ ဟာသွားပြီ၊ ဒါကို အဓိက သူတို့သိချင်နေတာကိုး ငါတော့လိမ်မှရမယ် မဟုတ်ရင် ပေါ်တော့မယ်ပေါ့။

“အော် ဒီလိုအကိုရ၊ ကျနော်ဘယ်မှ မသွားဘူး ဌာနချုပ် (ရန်ကင်း)  ရုံးမှာပဲ ရှိနေတယ်ခင်ဗျ” ပေါ့လေ၊ အောင်ဖေ ခပ်တည်တည် ရွှီးတော့တာပဲ။ သူလည်း ဟေ့ကောင် မင်းမဟုတ်တာ မဖြေနဲ့နော်၊ ငါ ဟိုဆရာ ပြန်ခေါ်လိုက်ရမလား တဲ့ ခြိမ်းခြောက်တယ်၊ ရုပ်ဆိုးကိုပြောတာ။

ဟာ မဟုတ်ပါဘူးအကိုရာ အကိုမေးတာတွေ အကုန်လုံး ကျနော်သေချာ ဖြေထားပေးခဲ့တာပဲ ဘာညာနဲ့အတည်ပဲ ပြောတော့တာပဲ၊ သူကလည်း ဒါပဲထပ်ခါတလဲလဲမေး အောင်ဖေကလည်း ရန်ကင်းမှာပဲ ရှိနေတယ်ဆိုတာကို အိပ်ငိုက်တဲ့ကြားကနေ ထိန်းပြော၊ ဒါနဲ့သူလည်း ကြံရာမရ ဖြစ်သွားပုံရပါတယ်။

“ဒါဆို မင်းအဲဒီမှာ ရှိနေတယ်ဆိုတာ ဘာနဲ့သက်သေပြမလဲ” တဲ့၊ ရောခက်ပြီ ဘယ်လိုဖြေရပါ့။ ပေါက်တဲ့နဖူး မထူးဘူးဆိုတဲ့အထာနဲ့ အောင်ဖေ စဉ်းစားမိတာ တခုကိုပြောလိုက်တယ်။

“ကျနော်တို့ မဝတရုံးမှာ ဧည့်စာရင်း တိုင်ထားတယ်၊ ထောက်လှမ်းရေး (၆)လည်းသိတယ်၊ သူတို့ကို မေးလို့ရတယ်” လို့ အောင်ဖေ ရမ်းသမ်းရွှီးလိုက်ကော၊ မောင်မင်းကြီးသား တွေဝေသွားပုံရတယ်။ ဒါကို အောင်ဖေက ရိပ်မိသွားတော့ အကိုမယုံရင် ထောက်လှမ်းရေး (၆)ကိုသာမေး ကျနော်တို့ဘယ်မှာ ရှိတယ်ဆိုတာ သူတို့သိတယ်ဗျ နဲ့ ဖိပြီး ပြောပါလေကော။ အမှန်က ဘိုကလေး ကိစ္စနဲ့ ဆက်စပ်လား မဆက်စပ်လား သူတို့ သိချင်ပုံရပါတယ်၊ အောင်ဖေက ထောက်၆ ကိုမေးဆိုတော့ သူလည်းခွကျသွားပုံရတယ်၊ ဒါမှမဟုတ် ထောက်လှမ်းရေး အချင်းချင်း လှမ်းမေးဖို့လည်း အဆင်မပြေဘူးလားမသိ၊ ဒါနဲ့ မနက်(၈)နာရီကျော် (၉ ) နာရီလောက် ရောက်လောက်ပြီ ထင်ပါရဲ့ သူအခန်းပြင်ကို ထွက်သွားပါလေကော၊ ငြိမ်ငြိမ်ထိုင်နေ မင်းမလှုပ်နဲ့လို့တော့ မှာသွားတယ်။ သူထိုင်ခဲ့တဲ့ နောက်ကျောမှာက ပိတ်ထားတဲ့ သစ်သား  ပြတင်းပေါက်တခုရှိတယ်၊ အခန်းထဲမှာ တညလုံး မီးထွန်းထားတယ် ဆိုပေမယ့် အဲဒီပြတင်းပေါက် ကြားကနေ အလင်းရောင်လေး စလာကတည်းက အောင်ဖေမှန်းကြည့်တာ ၉ နာရီလောက် ရှိလောက်ပြီကိုး။

ခဏနေတော့ အသက်၂၆ လောက်ရှိမယ့် ခပ်ငယ်ငယ်တယောက် ရောက်လာတယ်၊ ဟေ့ကောင် အောင်ဖေလာ သွားစို့ဆိုပြီး မျက်နှာအဝတ်စည်း ခေါ်သွားပါလေကော၊ တနေရာရောက်တော့ အခန်းတံခါးဖွင့်ဝင်ခိုင်းပြီး မျက်နှာစည်းထားတဲ့ အဝတ်ပါ ဖြုတ်ပေးပြီးတော့။

“အိပ်ဦး၊ မင်းအတွက် ထမင်းစားချိန်ကျရင် ထမင်း ယူလာပေးလိမ့်မယ်၊ မင်းပိုက်ဆံ ငါ့မှာ ၁၂၀ရှိတယ် မင်းလိုချင်တာရှိ ငါ့ကိုမှာ ငါရွာထဲသွားရင်း ဝယ်လာပေးမယ်” လို့ပြောပါလေကော၊ အောင်ဖေရောက်နေတာက အချုပ်ခန်းတခုထဲမှာ အစွန်ဆုံးကြတဲ့အခန်း။ ဒါနဲ့အောင်ဖေလည်း။

“ဒါဆိုအကို ကျနော့်ကို ဌက်ပျောသီး နှစ်လုံးနဲ့ export ဒူးယား ၃လိပ်စီ ဝယ်လာပေးလေ၊ မီးခြစ်ကောပေါ့” လို့ဆိုတော့ အေးအေး ဝယ်လာပေးမယ်တဲ့။

အဲဒီအချိန်က အချုပ်ခန်းကိုစောင့်တဲ့ အောင်ဖေနဲ့ရွယ်တူလောက်ရှိမယ့် စစ်သားလေးတယောက်ပဲ အဆောင်မှာရှိတယ်၊ တခြားဘယ်သူမှ ချုပ်ထားတာ ရှိပုံမရဘူး။ သူက တခါတခါ လာချောင်းကြည့်တယ်၊ ဟေ့ကောင် မင်းကဘာမှုနဲ့လဲတဲ့၊ အောင်ဖေက ပြန်ပြောတယ်၊ ငါက နိုင်ငံရေးမှုကွ ၅ည လို့ဆိုတော့ သူလည်း ဘာမှမပြောတော့ဘူး။

အိပ်လို့ မဝသေး ၁၂နာရီလောက် ရှိမယ်ထင်ပါရဲ့ ထမင်းလာကျွေးတယ်၊ ဟင်းတွေကို ထမင်းနဲ့ရောပြီး ပန်းကန်ထဲ ပုံပြီးထည့်လာပေးတယ် အတော်ကို ဝဝလင်လင်တော့ ကျွေးပါတယ်။ အစားအသောက်ကတော့ သူတို့စားသလိုပဲ။ ညကျတော့ ၈နာရီလောက်ရှိမယ် အဝတ်မျက်နှာစည်း ခေါ်သွားပါလေကော၊ တညလုံး ထပ်စစ်ပြန်ကော ပထမရက်ကအတိုင်းပဲ ဘာများကွဲလွဲမှု ရှိမလဲ စစ်တဲ့သဘော၊ အောင်ဖေကလည်း ဖြေပြီးသားအတိုင်းပဲ ဖြေတာပဲ၊ မနက်၉ နာရီလောက်ပြန်ပို့ ထမင်းမစားခင်အချိန် ပိုက်ဆံကို သိမ်းထားတဲ့ တယောက်က ဆေးလိပ်နဲ့ ဌက်ပျောသီးလာပို့၊ ထမင်းစားပြီး ဒူးယားလေးခဲနဲ့ အောင်ဖေတို့ အဆင်ကို ပြေနေကော။ ၂ညဆက်တိုက်စစ်ပြီးတော့ မစစ်တော့ပြန်ဘူး၊ ကွိုင်ပဲ ဒီဘဲတွေ ဘာလုပ်ဦးမလဲ မသိပေါ့လေ။

(၂)

ညက စစ်တာဆေးတာ မလုပ်တော့ အောင်ဖေလည်း ကောင်းကောင်းအိပ်ရတာကြောင့် လန်းနေတယ်၊ မနက်လင်းတော့ အစောင့်စစ်သားကို ခေါ်ပြီး အိမ်သာတွေဘာတွေတက် မျက်နှာသစ်ပေါ့လေ၊ အိမ်သာတက်တယ်ဆိုတာ သူတို့အချုပ်ခန်းဘေးမှာ အိမ်သာဆောက်ထားတယ် အဲဒီမှာသွားတက်ရတာ မျက်နှာကိုအဝတ်စည်း၊ တွဲခေါ်သွား အိမ်သာထဲရောက်မှ မျက်နှာကအဝတ်ကိုချွတ်၊ ကိစ္စဝိစ္စပြီးရင် မျက်နှာပြန်ပြီး ကိုယ်ဘာသာစည်း အပြင်မှာစောင့်နေတဲ့ အစောင့်က တံခါးဖွင့်ပေး မျက်နှာကို သေချာပြန်စည်း၊ အချုပ်ခန်းပြန်ပို့ အဲဒီလိုလုပ်ရတာ၊ အဲဒီမှာတခုရှိတာက ဒီစစ်သားလေးကပြောတယ်၊ “ဟေ့ကောင် မင်းအဲဒီမျက်နှာစည်းတဲ့ ပိတ်စမှာ အပေါက်ကလေးပါနေတယ် တွေ့တယ်မှတ်လား အဲဒီအပေါက်နဲ့ မင်းဘာသာမြင်ရအောင် ချိန်ပြီး စည်းပေတော့ မဟုတ်ရင် ချော်လဲနေဦးမယ် ဘယ်သူ့မှတော့ မပြောနဲ့” တဲ့။ အဲဒီလို အပေးအယူလုပ်တော့ သူလည်း ထိန်းရသက်သာ ကိုယ်လည်း လမ်းဖြောင့်ဖြောင့် သွားရတာပေါ့။ အဲဒီမြင်ရတဲ့ အပေါက်ကလေးကနေ ချောင်းကြည့်မှ စစ်တပ်ဝင်းပုံသဏ္ဍန် ဆောက်ထားတဲ့ တထပ်အဆောက်အဦးတွေ အများကြီးဆိုတာ တွေ့ရတော့တာပဲ။ နောက်တခုကလည်း ရှိသေးတယ်၊ ဒါကအရင်က ရန်ကင်းလူ့ဘောင်သစ် တိုင်းရုံးနဲ့ မဝေးလောက်ဘူးဆိုတာကို ဘာလို့ဆိုညက နာရီစင်က အသံကြီးနာရီတိုင်း ကြားနေခဲ့ရတာကိုး၊ ဒါကိုအရင်က တိုင်းရုံးမှာ အိပ်တိုင်း အောင်ဖေတို့ ကြားဖူးနေကြကိုး။

မနက်၉ နာရီလောက်ကြတော့ မျက်နှာအဝတ်စည်းပြီး လာခေါ်သွားပါလေကော၊ ကားပေါ်တက်ပြီး အောင်ဖေတို့ လာခဲ့တဲ့ မြေနီလမ်းအတိုင်း မောင်းထွက်လာပါလေကော၊ အောင်ဖေ့ကိုတော့ ခေါင်းငုံ့ပြီး ကားပေါ်ငုတ်တုတ်ထိုင် လိုက်ခိုင်းလာခဲ့တယ်၊ တနေရာရောက်တော့ ကားကိုရပ်ပါလေကော၊ အဲဒီမှာ အောင်ဖေ့ကို တခြားကားတွေက မမြင်အောင် မတ်တပ်ရပ် ကာထားပုံရတဲ့အထဲက အောင်ဖေ့ကိုစစ်တဲ့ တယောက်အသံထွက်လာတယ်။

“ဟေ့ကောင် အောင်ဖေ ဒါဘယ်နားဖြစ်မယ်၊ မင်းထင်သလဲ” တဲ့။ အောင်ဖေက ပြန်ပြောလိုက်တယ်။

“ကျနော်ထင်တာ အင်းယားဘေးလောက်လို့ ထင်တာပဲ” ဆိုတော့၊ မျက်နှာအဝတ် ချွတ်ပေးပြီး၊ မင်းဘယ်လို သိတာလဲတဲ့ တအံ့တသြ မေးပါလေကော၊ လူလည်း ကားပေါ်က ဘေးထိုင်းခုံတန်းမှာ သူ့ဘေးကပ် ထိုင်လို့ရသွားပြီး ဘေးကိုကြည့်လိုက်တော့ အော အင်းယားဘေးမှာ တကယ်ကို ကားရပ်ထားတာကိုး။ ကျနော့်ကို ဖမ်းလာကတည်းက စိတ်မှန်းနဲ့ တွက်ကြည့်တာဗျ ဆိုတော့ သူတို့လည်း ဘာမှမပြောတော့ဘူး၊ ကားပေါ်မှာတော့ ထမင်းဘူးလေးတွေ ကိုယ်စီကိုယ်စီနဲ့ ထောက်လှမ်းရေးတွေရယ်လေ၊ ပုံသဏ္ဍန်မျိုးစုံ၊ အရွယ်မျိုးစုံ၊ ဘေးလွယ် ပုခုံးလွယ် အိတ်မျိုးစုံ၊ သူတို့မှာ တူနေတာ တခုကတော့ ရုပ်တွေက သာမာန်ရုပ်မျိုးတွေ။ ထူးခြားတဲ့ရုပ် ရှိတဲ့သူကိုမှ ထောက်လှမ်းရေး ခန့်တာနေမယ်။ ဆိုလိုတာ ဗြုန်းကနဲ မှတ်မိလောက်တဲ့အထာ မရှိကြဘူး။

ကားက ဆက်ထွက်တော့ ဒေါ်စုအိမ်ရှေ့ သွားရပ်ပါလေကော၊ မသိရင် အောင်ဖေလည်း စစ်တပ်ရိန်းဂျားကားကြီးပေါ် ပါလာတာဆိုတော့ စစ်သားလို့ပဲ လူတွေ မှတ်သွားနိုင်လောက်တယ်၊ ဒီလိုနဲ့ လမ်းဆုံလမ်းခွတွေမှာ ဟိုနေရာတယောက်ဆင်း၊ ဒီနေရာ တယောက်ဆင်းနဲ့ နောက်ဆုံးတော့ တာမွေအချုပ်ထဲ ရောက်သွားပါကော။

ရောက်ရောက်ချင်းပဲ စခန်းထဲက ကုလားထိုင်တခုမှာ တချက်ထိုင်ခိုင်းပြီး ခဏနေတော့ အချုပ်ထဲ ထည့်လိုက်တော့တာပဲ၊ အချုပ်ထဲရောက်တော့ တန်းစီးလုပ်တဲ့သူက ရဲကြီးလို့ ခေါ်တဲ့သူ နတ်ချောင်းဘက်က သူကဘာမှုလဲတဲ့ ကျနော် ၅ညပေါ့လေ၊ “အေးဒါဆို ဟိုမှာရေးထားတဲ့ စည်းကမ်းချက်တွေ အတိုင်းနေ မင်းက ကျောင်းသား ဆိုတော့” တဲ့၊ ဆိုလိုတာက ည၇နာရီ ဘုရားရှိခိုးရမယ်၊ အိမ်ကလာတွေ့ရင် ပိုက်ဆံ ၂၀တောင်းပေးရမယ်၊ ဘာလို့ဆို အချုပ်ခန်း အိမ်သာသန့်ရှင်းရေးနဲ့ သောက်ရေဖြည့်ပေးတဲ့ ကုလားအဘိုးကြီးကို ပေးဖို့တဲ့၊ သူကတော့ ၁၀ ယူတယ်နဲ့ တူပါရဲ့။ အချုပ်ခန်းမှာ ဖင်တောင်မနွေးလိုက်ဘူး ပန်းဆိုးတန်းက ခရိုင်တရားရုံးမှာ ချုပ်မိန့် (ရမန်)တောင်းဖို့အတွက် အချုပ်ကားနဲ့ အခြားအကျဉ်းသားတွေပါရောပြီး ပါသွားပါလေကော။

ရမန်မယူခင် နှစ်ယောက်တတွဲကို ကြိုးတွေနဲ့ချည်ထားပြီး ၁၂-၁၃တွဲလောက် လူတန်းကြီးက ကားပေါ်ကဆင်းပြီး ပုံစံထိုင်နေတုန်း။ အကိုဝမ်းကွဲတယောက်ကတွေ့သွားပြီး၊ အိမ်တွေကို ဖုန်းဆက်လိုက်တော့ အောင်ဖေ့အမ ဟိုစုံစမ်း ဒီစုံစမ်းနဲ့ ရောက်လာတယ်၊ အချုပ်ခန်းထမင်း မစားခဲ့တော့ သူတို့ဝယ်ကျွေးတဲ့ ထမင်းစားပြီး အမတယောက်ကိုမှာရတယ်၊ ဌာနချုပ်က ကျန်တဲ့သူတွေကို အမြန်သွားပြောချေ။

“ငါတော့ ဖမ်းထားပြီ၊ လုပ်စရာရှိတာ အမြန်ဆက်လုပ်ကြ”ပေါ့လေ။ ရမန်ယူပြီး ညနေပိုင်းကြတော့ ထောက်လှမ်းရေးက လာခေါ်သွားပြန်ပါကော၊ ထုံးစံအတိုင်း မျက်နှာအဝတ်စည်း၊ လက်ထိပ်နောက်ပြန် ခတ်ပြီးတော့ပေါ့၊ ဟိုရောက်တော့ ထုံးစံအတိုင်း စစ်ပြန်ပါလေကော၊ ဒီအခေါက်တွေကြတော့ မိုးမလင်းတော့ဘူး၊ မနက် ၂-၃ နာရီဆို ပြန်အိပ်ရကော၊ တခါတလေလည်း အစောင့်စစ်သားလေးမရှိဘူးနဲ့ တူပါရဲ့ စစ်ကြောရေး အခန်းထဲမှာပဲ သောက်ရေအတွက် ပေးထားတဲ့ ရေခွက်ကို ခေါင်းဦး အိပ်ရတယ်၊ တရက်တော့ အချုပ်ခန်းထဲမှာ နံရံကိုမှီပြီး ဇောက်ထိုးဆွဲ ကင်းမြှီးကောက် ထောင်နေတော့ အစောင့်စစ်သားလေးက အသံမကြားလို့ လာချောင်းကြည့်တာ တွေ့သွားပါလေကော၊ အဲဒီမှာ လန့်သွားပြီး “ဟေ့ကောင် မင်းဘာလုပ်နေတာလဲ” ပေါ့၊ အောင်ဖေက “ငါဆံပင်ဖြူမှာ စိုးလို့ကင်းမြှီးကောက် ထောင်နေတာ” ပေါ့၊ အဲဒီကြမှ သူလည်းရယ်ကျဲကျဲနဲ့ “ငါ့ဖြင့်မကြားဖူးပေါင်ကွာ” တဲ့။ တခုခုဖြစ်ရင် သတင်းပို့ရမယ် ထင်ပါရဲ့။

ထောက်လှမ်းရေးက စစ်ကြောရေးကို ပြန်ရောက်ပြီး ၃-၄ ရက်လောက်ပဲ စစ်လိုက်တယ် ထပ်မစစ်တော့ဘူး၊ တရက်တော့ သူတို့စစ်ကြောထားတာကို အောင်ဖေဖြေဆိုထားတာ မှန်ကန်ကြောင်း လက်မှတ်ထိုးခိုင်းတယ်၊ “ဒီအထဲမှာ ရေးထားတာတွေ အကုန်လုံးက မင်းပြောတာတွေချည်းပဲ၊ ငါဘာမှအပို မရေးထားဘူး လက်မှတ်ထိုး” ဆိုတာနဲ့ အောင်ဖေလည်း လက်မှတ်ထိုးပေးလိုက်ရတာပါပဲ၊ အဲဒီနောက်မှာ အောင်ဖေ့ကို တာမွေ အချုပ်ခန်းကို ပြန်ပို့ထားလိုက်ပါလေကော။

မှတ်မိသလောက်အရတော့ အောက်တိုဘာ လကုန်လောက်ထင်ပါရဲ့၊ တရက်မှာ သက်ဝင်းအောင် ကုပ်ကုပ် ကုပ်ကုပ်နဲ့ အချုပ်ခန်းထဲ ရောက်လာပါလေရော။ ဒါနဲ့အောင်ဖေက။

“မင်းက ငါ့ကို လွမ်းလို့ လိုက်လာတာလား” လို့ မေးတော့ ဒီကောင် မကျေမချမ်းနဲ့။

“မင်းအဘတွေက ငါ့ကို လက်နောက်ပြန်လိမ်ပြီး ဖမ်းလာတာကွ၊ ချီးပဲ နာလိုက်တာကွာ” တဲ့၊ ဒါနဲ့ အောင်ဖေက မင်းကလည်း ကောင်းကောင်း လိုက်မယ် ပြောလိုက်ရောပေါ့ကွ ဆိုတော့၊ မင်းအဘတွေက ဘယ်တုန်းက လူလိုနားလည်ဘူးလို့လဲကွ တဲ့။

အောင်ဖေက အချုပ်သက်တမ်းရှည်နေတော့ သက်ဝင်းအောင်ကို ရှင်းပြတယ်၊ ဟေ့ကောင် ငါကတော့ ဘယ်လိုလာမလည်း မသိဘူး ရက်တော့ကြာနေပြီ၊ ရမန်ပဲ ယူထားတယ်၊ ထောင်တော့ မပို့သေးဘူးဆိုတော့။ သူကလည်း ပြောပြတယ် အားရစရာပါပဲ။ “ငါတော့ လွတ်လမ်း မမြင်ဘူးကွ” တဲ့၊ သူပြောတဲ့အတိုင်းပါပဲ၊ ၄- ၅ရက်နေတော့ သူ့ကိုထောင်ကို ပို့လိုက်ပါလေကော၊ သူလည်းနှစ်ရှည် ထောင်ကျသွားတယ်၊ တောထဲက ပြန်လာတဲ့ တယောက်က သူ့လာဆက်သွယ်တာမှာ ငြိသွားတယ် ထင်ပါရဲ့။

မှတ်မှတ်ရရပြောရရင်၊ အောင်ဖေ့ကို ဒုတိယအခေါက် ရမန်ယူတဲ့အခါကြတော့ ပထမအခါလို ပုဒ်မ ၅ညနဲ့ တရားစွဲဆိုရန်ရှိတယ်လို့ မဟုတ်တော့ဘဲ၊ ပုဒ်မ (၃၈၀/၅၄) ခိုးမှု မသင်္ကာနဲ့ တရားစွဲဆိုရန်ရှိတယ်ဆိုတော့၊ အောင်ဖေစိတ်ဆိုးသွားပြီး၊ တရာသူကြီး လုပ်တဲ့သူကို။

“နိုင်ငံရေး လုပ်နေတဲ့သူတယောက်ကို အခုလိုခိုးမှု မသင်္ကာဆိုတဲ့ ပုဒ်မနဲ့ ချုပ်မိန့်တောင်းတာတော့ မဖြစ်သင့်ဘူးနဲ့ တူတယ်”

လို့၊ တရားသူကြီး ဒေါ်နုနုရီ လားမသိ မမှတ်မိတော့ ပြန်ပြောတော့ တရားရုံးထဲမှာ ရှိနေတဲ့ ရဲတွေကော အောင်ဖေ့အမှုအတွက် ဝိုင်းကူမယ်ဆိုပြီး တရားရုံးရောက်နေတဲ့ အကို့သူငယ်ချင်း NLD က ရှေ့နေတွေကော လှုပ်လှုပ် ရွရွ ဖြစ်ကုန်ကြပါလေကော၊ တရားသူကြီးကတော့ ရှင့်ကိုရဲက ချုပ်မိန့်တောင်းလို့ ကျမက ချုပ်မိန့်ပေးရတာပဲတဲ့။

ဒီလိုနဲ့ နိုဝင်ဘာ လလယ်လောက်ဖြစ်မယ်၊ ထောက်လှမ်းရေးက တခါ၊ လာခေါ်သွားပြန်ပါကော၊ အချုပ်ခန်းထဲတော့ ထည့်မထားတော့ဘူး၊ စစ်ကြောရေးခန်းထဲ ထည့်ထားပြီး၊ မင်းရေချိုးချင်လား၊ ချိုးချင်ရင် ပြတင်းပေါက်တွေတော့ မဖွင့်ရဘူး၊ ရေဝင်ချိုးချေ ပြီးရင်ပြန်ခေါ်လိုက် တံခါးလာဖွင့်ပေးမယ်တဲ့၊ ဒါနဲ့ ရေမိုးချိုးခွင့်တော့ ရသွားတယ်၊ အချုပ်ခန်းထဲမှာလည်း တခါတလေ အလှည့်ကျ ရေချိုးလို့တော့ ရပါရဲ့ ဒါပေမယ့် တယောက် ရေလောင်းပေးတာကို ချိုးရတာ အဆင်မပြေလှဘူးကိုး။

အဲဒီညနေမှာပဲ စစ်ကြောရေးခန်းထဲမှာ ညစာထမင်းကို သေချာကျွေးပြီး စစ်ကြောရေး ပထမဦးဆုံးရက်က တွေ့ခဲ့ရတဲ့ အသက်၄၅လောက်အရွယ် ပုဂ္ဂိုလ်က လိမ်လိမ်မာမာနေဖို့၊ ကျောင်းပြန်တက်ဖို့ တရားတွေဟောပြီး အောင်ဖေ့ဆီက သိမ်းထားတဲ့ ပစ္စည်းတွေ လွှဲပါလေကော၊ ပြီးတော့ ရိန်းဂျားကားကြီးစီး၊ မျက်နှာအဝတ်စည်း လမ်းရောက်တော့ ဖြုတ်ပေးပြီး၊ ထောက်လှမ်းရေးကနေ အပြီးတိုင်ပြန်လာရပါလေကော၊ အဲဒီညက တန်ဆောင်မုန်းလပြည့်ည၊ လူကလွတ်ပြီ ကျွတ်ပြီဆိုတော့ ပျော်နေတာပေါ့လေ။

ဘယ်ဟုတ်မလဲ ကားကမဝတရုံးထဲ ဝင်သွားတာ မဟုတ်ဘဲ တာမွေအချုပ်ထဲကို မောင်းဝင်သွားပါလေကော၊ ပြီးတော့ အောင်ဖေ့ကို အချုပ်ထဲ ထပ်ထည့်ထားလိုက်တော့တာပဲ၊ ရင်းနှီးနေပြီဖြစ်တဲ့ ရဲသားတွေကမေးတယ်။

“ဟေ့ကောင် အောင်ဖေ မင်းလောက် အချုပ်သက်တမ်းကြာတာ ငါမတွေ့ဖူးဘူး၊ မင်းကိုဘာလို့ ဒီလောက် ချုပ်လိုက်၊ ခေါ်သွားလိုက် လုပ်နေရတာလဲ” တဲ့။ အောင်ဖေလည်း မသိဘူးပဲ ပြောရတော့တာပေါ့လေ။ ဒီလိုနဲ့ ၄-၅ ရက်ကြာတော့ တမနက်မှာ ရဲက အောင်ဖေ့ကို အချုပ်ကနေ လာခေါ်ထုတ်ပါလေကော၊ စခန်းထဲကို ကွေ့ဝင်လိုက်တော့ အားပါး ထောက်လှမ်းရေး တယောက် ပြုံးပြုံး ပြုံးပြုံးနဲ့ လာအောင်ဖေတဲ့ ပြီးတော့ စခန်းမှူး အခန်းထဲ ခေါ်သွားပါလေကော။

အခန်းထဲက စခန်းမှူး ခုံမှာ အခန့်သား ထိုင်နေတာက ဗိုလ်ကြီး အောင်ခိုင်ထွန်း။

“အောင်ဖေ့အတွက် ကျစိမ့်လေးဘာလေးနဲ့ ဒူးယားလေးဘာလေး လုပ်ပါဦးကွ” ဆိုပြီး ထောက်လှမ်းရေး တပ်ကြပ်ကြီးကို မှာလိုက်ပြီးတော့၊

“မင်းကိုတော့ ကိုယ်တို့လွှတ်ပေးလိုက်ပြီ၊ မင်းဆက်ပြီး ဘာလုပ်မယ်ဆိုတာအပေါ်မူတည်ပြီး မင်းဘဝကတော့ သွားမှာပဲ၊ ဒါမှမဟုတ် မင်းသူငယ်ချင်းတွေနောက် လိုက်ရင်လည်း လိုက်သွားပေါ့ကွာ” တဲ့၊ သူပြောတာကို အောင်ဖေ ရိပ်မိလိုက်တယ်၊ ဌာနချုပ်က ကျန်တဲ့သူတွေ တောခိုသွားကြပြီဆိုတာကို။ အဲဒီနေ့က မှတ်မှတ်ရရ နိုဝင်ဘာလ (၂၆)ရက်၊ ၁၉၉၁ခုနှစ်၊ အောင်ဖေတခု ဖျတ်ကနဲ သတိရလိုက်မိတယ်၊ အော် ၄၅ရက်တိတိကိုး၊ ဒါကြောင့် ၄၅ရက်အတွင်း ရွှေငွေဝင်စရာ မရှိဘူးလို့ ဗေဒင်ဆရာမဟောတာ ဟုတ်နေပါလားလို့။

အောင်ဖေ့ကို ထမင်းလာပို့တဲ့ အကိုနဲ့ပဲ အိမ်ပြန်လိုက်လာခဲ့တယ်၊ ကျောက်မြောင်းကအိမ် မဟုတ်တော့ဘူး၊ အိမ်က အောင်ဖေ အဖမ်းခံနေရတုန်းမှာပဲ ရောင်းလိုက်ပြီ၊ အခုက အကိုငှားနေတဲ့  သင်္ကန်းကျွန်းကအိမ်ကို သွားကြတာ၊ ဆံပင်သွားညှပ်၊ ရေမိုးချိုးပြီးတော့ အောင်ဖေ အနီးအနားက လက်ဘက်ရည်ဆိုင်ကို သွားထိုင်စဉ်းစားတယ်။ ငါဘာလုပ်မလဲပေါ့၊ အဆက်အသွယ်တွေလည်း ပြတ်ကုန်ပြီ၊ ငါတယောက်ထဲ ကျန်ခဲ့ပြီဆိုပြီး။

နောက်ရက်မှာတင်ပဲ ညောင်တုန်းကို အောင်ဖေ့အမေခေါ်လာတာနဲ့ အောင်ဖေ လိုက်လာခဲ့ရတော့တာပဲ။

(၃)

ညောင်တုန်းရောက်တော့ အောင်ဖေတို့အဖွားက တဘက်ကမ်း စက္ကော့ဘက်မှာ ဆန်ဂိုဒေါင်ဆောက်ထားပြီး ဆန်အရောင်း အဝယ်လုပ်နေပြီ၊ အကိုလုပ်သူနဲ့ ဦးလေးတယောက် ဦးစီးလုပ်ကြတာ၊ အောင်ဖေကတော့ ဝိုင်းကူတဲ့အနေနဲ့ ဂိုဒေါင်ကို မနက်သွား ညနေမှ ဇက်ကူးပြီး အိမ်ပြန်လာ၊ တခါတခါတော့လည်း ဂိုဒေါင်မှာ အိပ်ပေါ့လေ။

ဒီလိုနဲ့ ဒီဇင်ဘာလထဲမှာ ရန်ကုန်ကို ခဏတဖြုတ်သွားလည်၁-၂ရက်ပေါ့၊ အဲဒီအချိန်က ဒီဇင်ဘာလ (၇)ရက်နေ့မှာ လူ့ဘောင်သစ် ပါတီကို စစ်အစိုးရက ဖျက်သိမ်းလိုက်ပြီ၊ ဘာလို့ဆို တောထဲရောက်သွားတဲ့ ကိုမြင့်ဇော်တို့က ပါတီအလံကို လွတ်မြောက်နယ်မြေ မာနယ်ပလောကို ပြောင်းရွှေ့ရပ်တည်လိုက်ပြီ ဖြစ်ကြောင်း ၁၉၉၁ခု၊ နိုဝင်ဘာလ (၁၄)ရက်လောက်မှာ သတင်းထုတ်ပြန်လိုက်တာကိုး။ အောင်ဖေအဆက်အသွယ် ပြန်ရအောင် ရှာရတော့တာပေါ့၊ (၁၀)ရက်နေ့ နိုဘယ်ဆုပေးပွဲနေ့မှာ ကိုကိုကြီးတို့၊ ကိုသက်ထွန်းတို့၊ ကိုဇေယျတို့တွေ အဖမ်းခံရတယ်ဆိုတဲ့ သတင်းကလည်း ကြားရပြန်တော့၊ ရလိုရငှား ကျန်တဲ့ အဆက်အသွယ် ရှာရတော့တာပေါ့၊ အဲဒီမှာ အဆက်အသွယ်တခု ပြန်ရတယ်၊ သူစီစဉ်မယ်ပေါ့၊ မင်းပြန်နေဦး အဆင်ပြေရင် ဖုန်းဆက်လိုက်မယ်တဲ့ အလွန်ဆုံးကြာ တလပဲတဲ့၊ ဒါနဲ့ ရန်ကုန်မှာ ဘယ်သူတွေ ကျန်သလဲ စုံစမ်းတော့ ကိုအေးမြင့်ကျန်တယ်၊ ဟုတ်ပြီ ဒါဆို သူ့ခေါ်သွားမယ်ဆိုပြီး သွားတိုင်ပင်တယ်၊ အိုကေပေါ့လေ။ ဒါနဲ့ ညောင်တုန်းပြန်လာ နားနားနေနေ ဆန်ဂိုဒေါင်ဘက်ကူးလိုက်၊ စာဖတ်လိုက် ညနေပြန်လာလိုက်၊ တခါတလေတော့ မယ်ညိုလို့ခေါ်တဲ့ ရေကြက်တမျိုးကို မြည်းရင်း ယမကာလေးဘာလေး ဂိုဒေါင်မှာ မှီဝဲရင်း စာဖတ် ညအိပ် နေနေဖြစ်ပါလေကော သတင်းစောင့်ရင်းကိုး။

တညနေ ဂိုဒေါင်အပေါက်ဝမှာ ရပ်နေရင်း ငါညောင်တုန်းဘက်ကမ်း ပြန်ရင်ကောင်းမလား၊ မပြန်ရင်ကောင်းမလား စဉ်းစားနေတုန်း ဝင်းနိုင်ရယ်လေ ခြင်းကြားကြီးတလုံး လက်ကဆွဲပြီး ဂိုဒေါင်တွေဘက် ငေးငေး ငေးငေးနဲ့ လျှောက်လာပါလေကော၊ ဘုရား ဘုရား ဒီကောင် ဘယ်လိုဖြစ်ပြီး ညောင်တုန်း ရောက်လာပါလိမ့် သူအမျိုးတွေများ ရှိနေသလားပေါ့။ အသာကြည့်နေမိတယ်၊ ဒီကောင်က အောင်ဖေ လူတယောက်လုံး ရပ်နေတာကို မတွေ့ဘူး၊ ဟိုးအဝေးက ဂိုဒေါင်တွေကို စိတ်ဝင်စားနေပုံပဲ၊ ဒါနဲ့အောင်ဖေ လှမ်းခေါ်မှ “ဟကောင်ရ မင်းဆီ သက်သက် ငါလာတာဟ” တဲ့။

အဲဒီညက အတူအိပ်လေ့ အိပ်ထရှိတဲ့ ညီတယောက်ကို အောင်ဖေ ပြန်ခိုင်းလိုက်ပြီး ဝင်းနိုင်နဲ့ နှစ်ယောက်သား စကားပြောဖြစ်တယ်။ မင်းက ဘာကိစ္စ ထူးထူးဆန်းဆန်း ရောက်လာရတာလည်းပေါ့၊ အဲဒီမှာဝင်းနိုင်ရယ်လေ။

“ဟေ့ကောင် မင်းကို ငါပြတ်ပြတ်ပဲပြောမယ်၊ ဒီအစိုးရနဲ့ ငါနဲ့တော့ မရတော့ဘူးကွ၊ ငါတောခိုမယ် မင်းလိုက်မလားလို့ လာခေါ်တာ” တဲ့၊ ဘုရားဘုရား သူကကျောင်းပြန်တက်နေရင်းကနေ ဘယ်လိုစိတ် ကပြောင်းကပြန် ပြန်ဖြစ်သွားရတာပါလဲပေါ့။

“မဟုတ်ဘူးကွ၊ ရှင်းရှင်းပြောရရင် ဒီဇင်ဘာ၁၀ရက် အရေးအခင်းမှာ တချို့ကောင်တွေ အဖမ်းခံရတာ မကျေနပ်လို့” တဲ့။

ဒါနဲ့အောင်ဖေက ပြန်ရှင်းပြရတယ်၊

“ဟေ့ကောင် မင်းတယောက်ထဲ သွားလို့တော့ အဆင်ပြေမှာ မဟုတ်ဘူး ငါစီစဉ်ထားတာရှိတယ်၊ ငါရန်ကုန်တက်လာမယ်၊ အဲဒီကြမှ အတူသွားကြမယ်၊ မင်းသူများတွေနဲ့ သွားမယ်ဆိုလည်း ငါစိတ်ချမှာ မဟုတ်ဘူး” လို့ပြောပြီး နောက်ရက်မှာ သူ့ကို အတင်းပြန်ခိုင်းလိုက်ရတော့တယ်။

၁၉၉၂ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့ လွပ်လပ်ရေးနေ့မှာတော့ ညောင်တုန်းမှာ ပျော်ပွဲရွှင်ပွဲ၊ စတိတ်ရှိုးတွေ ရှိနေတော့ မနက်အစောကြီးကတည်းကထ၊ စက္ကော့ဘက်ခြမ်းသွားမလိုလုပ်ပြီး ရန်ကုန်ကို အောင်ဖေ ထွက်လာခဲ့တယ်၊ အကြောင်းကတော့ ခရီးစဉ်အတွက် နောက်ဆုံးပိတ် အခြေအနေ စနည်းနာရင်း ညောင်တုန်းကလူတွေက ကြည့်မြင်တိုင်က မဝါတို့၊ မညိုတို့တွေကိုလည်း အလည်လာဖို့ သွားခေါ်ပေးပါ ပြောတာနဲ့ တချက်ခုတ် နှစ်ချက်ပြတ် ထွက်လာခဲ့တယ်။ ရန်ကုန်ရောက်တော့ ခရီးစဉ်ကတော့ အဆင်ပြေပြီ တပတ်နှစ်ပတ်အတွင်း ထွက်ဖြစ်အောင် စီစဉ်မယ်၊ အဆင်သင့် ပြင်ထားဖို့ လိုပြီ ဆိုတာ သိရသလို၊ အလည်လိုက်မယ့် မဝါတို့ ညီအမကလည်း အဆင်သင့်ဖြစ်နေတော့ သူတို့ကို အောင်ဖေ ခေါ်လာခဲ့တော့တယ်။

အိမ်ရောက်လို့ ရေမိုးချိုးပြီး ဟိုလိုလို ဒီလိုလို ရှိနေတုန်း အောင်ဖေ့ကို အဖွားကခေါ်တယ်။

“သား နိုင်ငံရေးကို စိတ်မကုန်သေးဘူးလား၊ တခြားစိတ်ဝင်စားတာများ ရှိလား” ပေါ့လေ။ စိတ်မကုန်ပါဘူး စိတ်ကုန်စရာမှ မဟုတ်တာ၊ ကျနော်ကတော့ ဆက်လုပ်ဦးမှာပဲပေါ့ အောင်ဖေ ဖြေလိုက်တယ်။

“ဒါနဲ့ သားဒီနေ့ဘယ်သွားလဲ” ပေါ့၊ အဖွားက ဆက်မေးတယ်။ ကျနော် စက္ကော့ဘက် ဂိုဒေါင်သွားနေတာပေါ့လေ။

အဲဒီကြမှ ကြီးတော်ကြီးက ဝင်ပြောတယ်။

“မင်းရန်ကုန်သွားတယ် မဟုတ်လား၊ မင်းသူငယ်ချင်းမလေးတွေနဲ့ ပြန်လာတာ ကားပေါ်မှာ ကုန်သည်တွေက တွေ့လို့ ငါ့ကို ပြောပြီးပြီ” တဲ့၊ အဲဒီကြမှ အောင်ဖေလည်း ရယ်ကျဲကျဲနဲ့ ဟုတ်တယ်သူတို့ကို ဒီကလူတွေ အလည်ခေါ်လို့ သွားခေါ်ပေးလာတာလို့ ပြောရတော့တာပါပဲ။

လွတ်လပ်ရေးနေ့ဆိုတော့ စတိတ်ရှိုးပွဲမှာ အောင်ဖေ့အမျိုး အကိုတွေ၊ အမတွေနဲ့ ဘော်ဒါတွေလည်း ဆိုသူဆို တီးသူတီး ပါနေပေမယ့်၊ အောင်ဖေ လှိုက်လှိုက်လှဲလှဲ မရှိတော့ဘူး၊ ဘာလို့ဆို ဒီမြေဒီရေ၊ မြို့ပြကနေ တောတောင်တွေရှိရာ ဒေါနအရပ်ကို မကြာခင် သွားရတော့မယ်ဆိုတာကို စိတ်ကသိနေပြီဆိုတော့ တခုခုကို လွမ်းနေသလို ခံစားနေရတယ်။

သီချင်းဆိုပြီးလို့ အိမ်ပြန်လိုက်ပို့ခိုင်းတဲ့အမက နင်နေမကောင်းဘူးလား လန်းလန်းဆန်းဆန်း မရှိဘူးပေါ့လေ၊ မဟုတ်ပါဘူး ချမ်းလို့ပါဗျာလို့ပဲ အောင်ဖေဖြေလိုက်မိတယ်၊ အဲဒီညက စတိတ်ရှိုး ရှိရာကို ပြန်မသွားတော့ဘဲ အိမ်အနီးအနားက သူငယ်ချင်းတယောက် ရှာလာတဲ့ ယမကာသောက်ပြီး အိမ်ပြန်အိပ်လိုက်တော့တာပါပဲ။

ဒီလိုနဲ့ ဇန်နဝါရီလ (၁၀)ရက်နေ့ရောက်တော့ အမတယောက်စီက လက်စွပ်ကို သူငယ်ချင်းမွေးနေ့ပွဲ သွားမလို့ ခဏငှားလိုက်ပြောနေတာကို ကျန်အမတယောက်ကလည်း သဘောကောင်းပြီး သူ့ဆွဲကြိုးပါ ယူသွားချေ ဆိုတာနဲ့ ဆွဲကြိုးကိုရောင်း လမ်းစားရိတ်လုပ်ပြီး ညောင်တုန်းကနေ ရန်ကုန်ကို အပြီးတိုင် ထွက်လာခဲ့တော့တာပဲ။

အမေကိုတော့ စာရေးခဲ့တယ်။

“ယုံကြည်ချက်တွေ အလေးသာစေမယ့် နေရာရပ်ဝန်းတခုကို သားထွက်သွားခဲ့ပြီအမေ၊ ငိုခြင်း မငိုခြင်း အမေရင်ဆိုင် ရခြင်းတွေအတွက်၊ သားလည်းခံစား အမေ့ကိုထားသွားပါရစေ” ဆိုပြီး ကန်တော့ခဲ့ကြောင်း စာမှာရေးပြီး အောင်ဖေထားခဲ့တော့တယ်။

သက်ခိုင်

(၁၉း၃၀) နာရီ

 

၃.၁.၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သက်ခိုင်, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်