ကိုသန်းလွင် – ဗုဒ္ဓဂါယာ

January 20, 2015

ကိုသန်းလွင် – ဗုဒ္ဓဂါယာ

(မိုးမခ) ဇန်န၀ါရီ ၂၀၊ ၂၀၁၅

(၁)

ဂါယာလေဆိပ်မှာ နှင်းတွေထူထပ်စွာကျနေသောကြောင့် ရန်ကုန်မင်္ဂလာဒုံလေဆိပ်မှ ထွက်မည့်လေယာဉ်သည် အချိန်မှန် မထွက်နိုင်၊ မနက် ၉း၃၀ တွင် ထွက်မည်ဆိုကာ ကျွန်တော်တို့သည် လေဆိပ်သို့ ၇း၃၀ တွင်အရောက်လာကြရပါသည်။ တစ်နာရီခန့်နောက်ကျပြီးမှလေယာဉ်ထွက်ခွင့်ရသည်။ သူတို့ အချိန် ၁၁း၃၀ ခန့်တွင် ဂါယာလေဆိပ်ကို ကျွန်တော်တို့ရောက် သွားတော့လေဆိပ်မှာ နှင်းတွေဝေနေဆဲ ဖြစ်ပါသည်။ နေကိုကောင်းကောင်းမြင်နေရသော်လည်း စင်တီဂရိတ် ၄-၅ ဒီဂရီ ခန့်သာရှိမည်ထင်သည်။ ဂါယာမြိုသည် မြောက်လတ္တီတွတ် ၂၅ဒီဂရီတွင်ရှိရာ မြောက်ဘက် ဥတ္တရ ယဉ်စွန်းတန်းထက် မြောက်ဘက်ပိုကျသေးသည်၊ မြစ်ကြီးနားမရောက်မှီ အင်းတော်ကြီးအိုင် နှင့် ရာသီဥတု ဆင်ဆင်တူပါသည်၊ လေဆိပ် အဆောက်အဦးထဲဝင်တော့လည်း နွေးမသွား အနွေးထည်တွေကို ကဗျာကရာ ထုတ်ပြီးဝတ်ကြရသည်။

 

၂၀၁၄ ဒီဇင်ဘာလ (၁ရ)ရက်တွင် ကျွန်တော်တို့ ဗုဒ္ဓဂါယာသို့ ဘုရားဖူးရောက်သွားရခြင်းဖြစ်ပါသည်။ ကျွန်တော် သည် ဤခရီးကိုသွားရန် လွန်ခဲ့သောအနှစ် ၃၀ခန့်ကလည်း ကြိုးစားခဲ့ဘူးသည်၊ စင်္ကာပူရှိ အိန္ဒိယသံရုံးမှာပင် အဆုံးသတ် သွားခဲ့သည်။ ဗီဇာကို လွယ်လွယ်ကူကူမရနိုင် အခုတော့ အိန္ဒိယ နှင့်နီပေါ ဗီဇာတွေမှာ မခက်ခဲတော့ပါ ဗီဇာရပြီဆိုသည်နှင့် ရန်ကုန်ရှိ ဘုရားဖူးအဖွဲ့တွေနှင့် ဆက်သွယ်လိုက်ရုံသ၊ာ ကျွန်တော်တို့သည် ပဌမ ရန်ကုန်သို့ပြန်ကြရသည်။ ထိုမှတစ်ဆင့် ဘုရားဖူးအဖွဲ့ နှင့် လိုက်ကြရသည်။

အပြင်ကအေးသော်လည်း ကျွန်တော်တို့ ရင်ထဲမှာကားနွေးနေသည်။ မြတ်စွာဘုရားပွင့်တော်မူခဲ့သည့် နေရာကို ရောက်လိုကြည့်လိုလှပေပြီ၊ တည်းခိုရာ မြန်မာဘုန်းကြီးကျောင်းမှာ မဟာဗောဓိ စေတီတော်ကြီးနှင့်ဘာမှ မဝေး၊ လမ်းလျှောက် သွားလျင် ဆယ်မိနစ်ခန့်သာကြာမည်။ မဟာဗောဓိ စေတီတော်ကြီး၏ ခြေတော်ရင်းသို့ ညနေ ၅နာရီခန့်တွင် ကျွန်တော်တို့ ရောက်ရှိသွားပါသည်။ ဓာတ်ပုံတွေထဲတွင် မြင်တွေ့ဘူးနေသော စေတီတော်ကြီးမှာ လက်တွေ့တွင် သပ်ရပ်လှပပြီး ကြည်ညှိ စရာ ခန့်ညားလှပါပေသည်။

 

စေတီကြီး၏ ပတ်ဝန်းကျင်မှာ လူပင်လယ်ကြီးကိုတွေ့လိုက်ရသည်။ ဘုရားဖူးရာသီမှာ မိုးကုန်ပြီးစ အောက်တိုဘာလ တွင်စသည်။ ဆောင်းမကုန်မီ ဖေဖော်ဝါရီလကုန် မတ်လနောက်ပိုင်းတွင်တော့ နေပူသောကြောင့် ဘုရားဖူးတွေမလာ ကြတော့ဟု ဆိုသည်။ ကျွန်တော်တို့ရောက်ချိန်မှာ အအေးလွန်ကဲနေချိန်ဖြစ်သည်။ ကျွန်တော် မြင်နေသော ပရိသတ်မှာ တိဗက်ကုန်းမြေမြင့်မှ ဆင်းသက်လာကြသော ပရိတ်သတ်ဖြစ်ပါသည်။ သူတို့သည် လူအုပ်စု ထောင်သောင်းချီကာ တိဗက် နိုင်ငံမှ ခြေလျင်လာကြသည်ဟု ဆိုသည်။ ဟိုရှေးက လမ်းပန်းဆက်သွယ်ရေး မကောင်းမီ ခြေလျင်ဆင်းလာကြတာ သဘာဝ ကျပါသည်။ ၂၁ရာစု ဟိုက်ဝေးလမ်းမကြီးတွေ ဥဒဟို ဖောက်နေကြပြီဖြစ်ရာ ကား၊ ရထား၊ လေယာဉ်ပျံတွေ လည်းရှိနေပြီး ဖြစ်ရာ ခြေလျင်လာသူ ရှိမရှိ ကျွန်တော်မသိပါ၊ မေးရမည့်လူလည်း မရှိပေ၊ သူတို့မျက်နှာတွေမှာ အထင်းသားပေါ်နေသည်မှာ ဗုဒ္ဓရှင်တော်ဘုရားကို ကြည်ညှိသဒ္ဒါစိတ်ဘဲ ဖြစ်ပါသည်။ 

 

သူတို့ဘုရားဝတ်ပြုပုံမှာ အမြင်တွင်ဆန်းနေသည်။ ဒိုက်ထိုးချပြီး ခေါင်းနောက်မှာ လက်အုတ်ချီနေကြခြင်းပင်၊ လေ့ကျင့်ခန်းလုပ်နေသလား ထင်ရသည်။ လူအုပ်ထဲတွင် တရုတ်ပြည်မှလာသူတွေ၊ ဂျပန်တွေ အနောက်နိုင်ငံက မျက်နှာဖြူ တွေကိုလည်း တွေ့နေရသည်။

၂၀၁၃ ဇူလိုင်လ ၇ ရက်နေ့က စေတီကြီး၏ အနီးတ၀ိုက်တွင် ဗုံးဆယ်လုံးပေါက်ကွဲခဲ့သည်။ သေဆုံးသူမရှိ သော်လည်း ရဟန်းတော်တွေ ဘုရားဖူးဥပသကာတွေ ဒဏ်ရာရခဲ့ကြသည်။ လုံခြုံရေးကို တင်းကြပ်ထားပါသည်။ ချိန်ကိုက်ဗုံး တွေဖြစ်သောကြောင့် ဘုရားထဲကို လက်ကိုင်ဖုန်းမယူရဘူး တားမြစ်ထားသည်။ ဂိတ်ဝတွင် ယောင်္ကျားကတတန်း မိန်းခလေးက တတန်း တန်းစီပြီးဝင်ကြရသည်။  ကင်မရာအတွက်မူ ရူပီး ၁၀၀ ပေးရသည်။ 

 

အိန္ဒိယရှေးဟောင်းဌာနက ထိမ်းသိန်းစောင့်ရှောက်ထားသော အခြားဗုဒ္ဓဌာနများတွင် ခြံမြေအကျယ်ကြီး နံရံခတ်ခါ မြက်ခင်းပြင်၊ ပန်းပင်၊ သစ်ပင်တွေကို ထိန်းသိမ်းထားပါသည်။ မဟာဗောဓိစေတီတော်ကြီးမှာ သည်လိုမဟုတ်၊ အိမ်ခြေ ထူထပ်၊ လူစည်ကားသော ရပ်ကွက်နေရာမှာ တည်ထားရသော စေတီလိုဖြစ်နေသည်။ ဘုရားသို့ရောက်ရန် ဈေးရောင်း သူတွေ၊ အလှူခံသူတွေ၊ တောင်းစားသူတွေ၊ ဆိုက်ကားတွေ၊ ယာဉ်တွေကားတွေကြားမှ ဖြတ်ပြီး သွားကြရသည်။ မိုးချုပ် နေ၀င်တော့မှာမို့ ခြင်လိုဖြုတ်ကောင်တွေက ခေါင်းပေါ်မှာဝဲနေကြသည်။ အနီးကနေရဉ္စရာမြစ် သည်တခါတရံ ရေလျံတတ် သည်၊ ရေလျံသော် ဘုရားခြေရင်းသို့တိုင်ရေတက်လာတတ်သည်၊ ထိုရေအန္တရာယ်ကိုကာကွယ်ရန် စေတီ ပါတ်ပါတ်လည် တွင်မြေဖို့၍တာတမံလုပ်ထားရပါသည်၊ဘုရားရှေ့သို့ရောက်ရန်တာဘောင်ပေါ်မှ လှေခါးထစ်များအတိုင်း ဆင်းသွားရပါ သည်၊

 

တစ်ခါတုန်းကတော့ အိန္ဒိယအစိုးရက ဧက ၃၀၀မျှရှိသော မြေနေရာကို ဘုရားဖူးတွေ စိတ်အေးလက်အေး ဖူးနိုင်အောင်စေတီတ၀ိုက်တွင် ရှင်းပေးမည်ဟု ပြောခဲ့ဘူးသည်။ ထိုကိစ္စအောင်မြင်ဟန်မတူ။

ကျွန်တော်တို့သည် ဇေတ၀န်ကျောင်းတော်ကြီးသို့ ၀င်သွားသောအခါ ရဟန်းတွေ ထောင်သောင်းချီ၍ ရှိနေကြသော် လည်း တိတ်ဆိတ်နေသည်၊ ချောင်းဟန့်သံ၊ ဇွန်းသံ၊ ပုဂံသံ ဘာမှမကြားရဖူးဟု စာတွင်ဖတ်ရဘူးသည်။ အခုမဟာဗောဓိ စေတီတော် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်ခြင်းလုံးဝမရှိ အသံပေါင်းစုံနေသည်။ ရွတ်ဖတ်သံ ပေါင်းစုံကြားရသလို တခါတခါမှာ လော်စပီကာဖြင့် အော်လိုက်သော အလ္လာ အရှင်မြတ်ဘုရားရှိခိုးသံကို လည်းကြားရသည်။ 

 

ဤနည်းဖြင့် မဟာဗောဓိစေတီတော်ကြီးမှာ ဗုဒ္ဓဘာသာဝင်များ၏ အုပ်ချုပ်မှုအောက်တွင် မရှိပုံကို ကြားသိ လာရ သည်။ ဤစေတီတော်ကြီး၏ အ၀န်းအ၀ိုင်းမြေကိုဟိန္ဒူ မဟန့်ဆိုသူကပိုင်သည်။ သူပိုင်မြေထဲသို့ ဗုဒ္ဓဘာသာဝင်တွေ ၀င်ကာ ဘုရားဝတ်ပြုနေရပုံများကို တစတစ ကြားလာရလေသည်။

(၂)

 

ကျွန်တော်တို့သည် ၂၀ရာစုတွင် လူဖြစ်လာသောကြောင့် အခုလို မဟာဗောဓိစေတီတော်သို့ အလွယ်တကူရောက် လာနိုင် ကြသော်လည်း မြတ်စွာဘုရားပွင့်တော်မူစဉ်က၎င်း၊ နောက်ခေတ်အဆက် ဗုဒ္ဓဘုရားဖြစ်တော်မူရာ နေရာသို့ ရောက်လာ ကြရန် ကြိုးစားသူတွေအတွက်၎င်း လမ်းပန်းဆက်သွယ်ရေးက မလွယ်ကူလှပေ၊ အေဒီ ၄ရာစုတွင် အိန္ဒိယသို့ရောက် လာသော တရုတ်ဘုန်းတော်ကြီး ဖါဟီရန် မှာ လမ်းခရီးတွင် နှစ်နှစ်ကျော်အချိန်ကြာခဲ့သည်။ ဂိုဘီ သဲကန္တာရကို ဖြတ်ရသည်။ တိဗက်နှင့် ဟိမ၀န္တာတောင်ကို ခြေလျင်ကျော်ရသည်။

 

ရေကြောင်းဖြင့်လာသူတွေအတွက်မူ သီဟိုဋ္ဌ်ကျွန်း (သီရိလင်္ကာ) သို့ပဌမသွားကြရသည်။ ထိုမှတစ်ဆင့်  အိန္ဒိယ အနောက်ဖက်ကမ်းခြေတစ်လျှောက် ရေကြောင်းဖြင့်သွားပြီးမှ ကုန်းပိုင်းခရီးဖြင့်လာကြရသည်။ ကုန်းအတန်တန် ရေအတန် တန်ဖြစ်ပါသည်။ လမ်းခရီးမှာ ခက်ခဲပင်ပမ်းကြရသည့်အပြင် သူခိုးသူဝှက်တွေ၏ အန္တရာယ်ကရှိသေးသည်။

 

အိန္ဒိယနိုင်ငံသည်ဘုရားပွင့်ရာဌာန ဖြစ်သည့်တိုင် ဗုဒ္ဒသာသနာသည် အမြဲတစေ ထွန်းကားနေခဲ့သည်မဟုတ်ချေ။ သာသနာပ ကာလတွေရှိခဲ့သည်။ သမိုင်းတစ်လျှောက် အကြိမ်ကြိမ်အခြားဘာသာများကြီးစိုးရာနေရာဖြစ်ခဲ့သည်။ ဂရုဏာနှင့် မုဒိတာပွားခြင်းကို အားမပေးသော ဘာသာတွေကြီးစိုးချိန်များတွင် ရန်လိုသည့်လူတွေရှိကြသည်။ အခါခပ်သိမ်း ဘုရားဖူး ဥပဿကာ များသည် ပတ်ဝန်းကျင်၏ အကူအညီကို မရခဲ့ကြပေ။

 

ဗုဒ္ဓဘုရားရှင် ဖြစ်လာမည့် သိဒ္ဓထ္ထမင်းသားကို ဘီစီ ၆၂၄ ခုနှစ်ခန့်တွင် မွေးဖွားသည်ဟု ယုံကြည်ကြသည်။ သက်တော် ၈၀ ဘီစီ ၅၄၄ ပတ်ဝန်းကျင်တွင် ပရိနိဗ္ဗာန်ပြုခဲ့သည်။ ဗုဒ္ဓဘုရားရှင် မာန် ၅ ပါးကို အောင်မြင်ပြီး ဘုရားဖြစ်တော် မူသည့် ဗောဓိပင်ရှိရာ ဗောဓိမဏ္ဍိုင် နေရာမှာ ဥရုဝေလရွာနှင့် နီးသည်။ ဥရုဝေလဆိုသည်မှာ သဲတွေ ပေါသောနေရာဟု  အဓိပ္ပါယ်ရသည်။ လူများ မကောင်းမှုပြုလုပ်သော် ဘေးလူတွေက မြင်နိုင်ကြသည်။ စိတ်ဖြင့် အမှားကိုတွေးသော် ပြင်ပလူတွေက မမြင်နိုင်ကြချေ။ မကောင်းစိတ်ကို မွေးမြူမိပါက သဲတဆုပ်ကို သစ်ရွက်နှင့်ထုပ်ယူလာပြီး နေရာတစ်ခု၌ ပုံထားရမည်ဟု သဘောတူညီ ထားကြသည်။ မကြာမီ ထိုနေရာမှာ သဲတွေနှင့် ပြည့်လာသည်ဟု ဆိုသည်။

ဗုဒ္ဓသည် ကဆုန်လပြည့် ဘုရားအဖြစ်ကို ရောက်တော်မူပြီး ဗောဓိမဏ္ဍိုင်တွင် ၇ ရက် ၇လီ ၄၉ ရက်ကြာအောင် သတ္တဌာန ခုနှစ်နေရာ၌ နေတော်မူခဲ့သည်။ တရားဟောရမည့် သူများကို ကြည့်သော် မိမိကို သင်ကြားပေးဘူးသည့် အာလာရကလမနှင့် ဥဒကရာမ တို့ကို သတိရသည်။ သူတို့သည် မရှိရှာကြတော့ပေ။ သို့နှင့် ပဉ္စဝဂ္ဂီ ၅ ဦးရှိရာ မိဂဒါဝုန်သို့ ကြွတော်မူသည်။ မိဂဒါဝုန်၌ ပဉ္စဝဂ္ဂီငါးဦးမှ စတင်ပြီး ရသ သတို့သား အပေါင်းအဖေါ်များ အပါအ၀င် ရဟန္တာ ၆၀ ကျော်ကို စုစည်းမိသည်။

သူတို့ကို တစ်ကြောင်းတည်း ၂ယောက်မသွားစတမ်း ဟုဆိုကာ ဗုဒ္ဓဘာသာ သာသနာတော် ပြန့်ပွားရေး ဓမ္မဘီးကို စတင်လည်ပတ်စေခဲ့သည်။ မိမိကိုယ်တိုင် ဥရုဝေလတောသို့ပြန်လာခါ ဥရုဝေလ ကဿဖ ရသေ့ညီနောင်များနှင့် နောက်လိုက်များကို ချေချွတ်တရားပြတော်မူသည်။ ထို့နောက် ဗုဒ္ဓသည် ရာဇဂြိုလ်သို့ကြွချီတော်မူသည်၊ ဥရုဝေလတောသို့ နောက်တစ်ကြိမ်ထပ်မံကြွရောက်သည်ဟု မတွေ့ရတော့ပေ။

 

(၂၆၂-၂၃၃ဘီစီ) တွင်အသောကမင်းကြီးသည် အိန္ဒိယတနိုင်ငံလုံးကိုစည်းရုံးသိမ်းသွင်းနိုင်ခဲ့သည်။ သူသည် ဗီဇအား ဖြင့် ရက်စက်ကြမ်းကြုတ်သူဖြစ်သည်။ သူသည် ကလိင်္ဂတိုင်းကိုသိမ်းပိုက်နိုင်ရန် ကြမ်းကြုတ်ရက်စက်သောစစ်ကိုခင်းသည် သူသည် အကျဉ်းထောင်တစ်ခုကိုဆောက်လုပ်ပြီး ထောင်ထဲသို့ရောက်လာသူသည် အသက်ရှင်လျက်ပြန်မထွက်ရဟု အမိန့်ထုတ်ခဲ့ဖူးသည်၊ တစ်နေ့သော် ထောင်မှူးလုပ်သူကဗုဒ္ဓရဟန်းတော်တစ်ပါးကို အကြောင်းမဲ့ဖမ်းဆီးပြီး ရေနွေးပူအိုးတွင် နှစ်ခါသတ်ရန်ကြံစည်သည်။ ဗုဒ္ဓရဟန်းတော်၏ တန်ခိုးတော်ကြောင့် ရေနွေးအိုးသည် ဆူပွက်၍မလာဟုဆိုသည်။ ထောင်မှူး ကဘုရင်ကို သံတော်ဦးတင်သော် ဘုရင်သည် ကိုယ်တိုင်လာ၍ကြည့်သည်။ ရဟန်း၏သီလစင်ကြယ်ပုံကိုတွေ့သော် ဗုဒ္ဓဘာသာကို မင်းကြီး စိတ်ဝင်စားကြည်ညိုသွားသည်ဟုဆိုသည်။ ရဟန်းက “အသင်မင်းကြီး သင်ထုတ်သောအမိန့်အတိုင်း သင်လည်း ဤထောင်မှ အသက်ရှင်လျက်ထွက်ရန် အကြောင်းမရှိပြီ” ဟုမိန့်သော် အံ့သြထိတ်လန့်ပြီး ဗုဒ္ဒဘာသာဝင် ဥပသကာ ဖြစ်လာလေသည်။

 

အသောကဘုရင်သည် ဘုရားရှင်ဖွားတော်မူရာ ပွင့်တော်မူရာ တရားဦးဟောရာနေရာ၊ နေရာတွေအားလုံးသို့ လှည့် လည်ကြည့်ရှုခဲ့သည် ရောက်လေရာမှာ စေတီပုထိုးတွေတည်သည်၊ ရေတွင်းရေကန် ၈၄၀၀၀ကျော်အောင်တူးသည်ဟုလည်း ဆိုသည်။ ရောက်လေရာနေရာတိုင်းမှာ ကျောက်စာတွေရေး၊ ကျောက်တိုင်တွေထူခဲ့သည်။ ဗုဒ္ဓဘာသာပြန့်ပွားရအောင် ဘုန်းကြီးရဟန်းတွေကို အိန္ဒိယတပြည်လုံးနှင့် အိမ်နီးချင်းနိုင်ငံတွေသို့ သာသနာပြုခရီးလွှတ်ခဲ့သည်။

 

ဗောဓိညောင်ပင်သို့ မကြာမကြာသွား၍ တရားထိုင်ခြင်း အလုပ်ကိုလုပ်သော် မိဖုရားလုပ်သူက သည်းညည်းမခံနိုင် တော့ပေ၊ ဘုရင်ကြီးမသိအောင် ဗောဓိပင်၏အမြစ်ကိုတူး၍ မီးရှို့ဖျက်ဆီးသည်ဟုဆိုကြသည်။ ဘုရင်ကြီးကပင် ဗောဓိပင် အသစ်ကို ထိုနေရာမှာပြန်၍စိုက်သည်။ မဟာဗောဓိစေတီတော်ကြီးကို သူကိုယ်တိုင်တည်တော်မူသည်ဟု ဆိုကြသော်လည်း ပုံစံနှင့် အရွယ်ပမာဏကို နှောင်းလူတို့ မသိကြပေ။ အိန္ဒိယရှေးဟောင်းဌာန၏အဆိုအရမူ အနည်းဆုံး နှစ်ကြိမ် (သို့မဟုတ်) သုံးကြိမ်ထက်မနဲ စေတီကို ပြုပြင်တည်ပြီးခါမှ ယခုကျွန်တော်တို့မြင်ကြရသည့် စေတီပုံပေါ်လာသည်ဟု ခန့်မှန်းကြသည်။

 

သက္ကရာဇ် ၁၁၉၉ တွင် အနောက်တိုင်းမှ မွတ်စလင်များ ကျူးကျော်ဝင်ရောက်လာပြီး ဘုန်းကြီးများကိုသတ် သာသနာဆိုင်ရာပစ္စည်း တွေကို ဖျက်ဆီးမှုများပေါ်ပေါက်ခဲ့သည်။ ဘုန်းတော်ကြီးစာသင်ကျောင်းများလည်း မီးရှို့ဖျက်ဆီးခံခဲ့ ကြရသည်။ ပူဇော်ပသ ထားသောရတနာတွေကိုခိုးယူကြသည်။

သီဟိုဠ်ကျွန်း မဟာဝနဘုရင်လက်ထက် (၃၀၄)တွင် ဘုရင်၏ညီတော်သည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးရောက်ခဲ့သည် တည်းခိုစရာနေရာထိုင်ခင်းက ခက်ခဲလှသည်။ သူသည် ညီဖြစ်သူဘုရင်ကို မေတ္တာရပ်ခံလေသည်။ ဘုရင်က အိန္ဒိယအစိုးရ ကိုမေတ္တာရပ်ခံသော် စေတီတော်ကြီးမြောက်ဘက်အရပ်တွင် မဟာဗောဓိဘုန်းကြီးကျောင်းတော်ကြီးကိုတည်ဆောက်ခွင့် ရကြသည်။ ထိုကျောင်း၏မုခ်ဦးတွင် “ဘုရားဖူးလာသူများကို ယဉ်ကျေးပျူငှာစွာ ကြိုဆိုရမည်” ဟု စာတမ်းရေးသားထား သည်။ ထိုဘုန်းတော်ကြီးကျောင်းသည် နာလန္ဒ တက္ကသိုလ်ကြီးကဲ့သို့ ဗုဒ္ဓစာပေသင်ကြားပို့ချရာနေရာဖြစ်လာလေသည်။ ဆရာတော် အရှင်ဗုဒ္ဓဃောသသည် ကမ္ဘာတည်မည့် ကျမ်းတွေကို ဤကျောင်းပေါ်မှာရေးသည်ဟုဆိုသည်။ ယခုအခါ စေတီတော်ကြီး၏ ပါတ်လည် စတုရန်း ၁၅ ကီလိုမီတာ အတွင်း ဘုန်းတော်ကြီးကျောင်း ၃၀ မျှရှိနေပေပြီ။

 

၁၂၉၈ ခုနှစ်တွင် မြန်မာဘုရင်များက ဗုဒ္ဓဂါယာစေတီတော်ကြီး အပျက်အစီးများကိုပြုပြင်ပေးခဲ့ကြသည်ဟုဆိုသည်။ ၁၆ နှင့် ၁၇ ရာစုနှစ်များသို့ရောက်သော် ဟိန္ဒူဆွာမိကြီးများသည် ဘုရား၏ပတ်ဝန်းကျင်သို့ အတည်တကျနေထိုင်ရန်ရောက် လာကြသည်။ သူတို့သည် အပျက်အစီးပုံထဲမှ ဆင်းတုတော်၊ ရုပ်ပွားတော်တွေကို သူတို့၏ ဟိန္ဒူနတ်ဘုရားအမှတ်ဖြင့် ကိုးကွယ်ခဲ့ကြသည်။ ထိုဆွာမိကြီးများ၏အဆက်အနွယ် မဟန့် ဆိုသူသည် အလွန်ကြွယ်ဝသောသူဌေးကြီးဖြစ်လာပြီး ဘုရား နှင့်အနီးတ၀ိုက်မြေမှာ သူပိုင်သည်ဟုဆိုခဲ့သည်။

၁၈၇၇ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် အုပ်ချုပ်သူကိုလိုနီအင်္ဂလိပ်အစိုးရထံမှ မဟာဗောဓိစေတီကြီးပြင်ဆင် ခွင့်နှင့် ဘုန်းတော်ကြီးများအတွက် နှစ်ထပ်အုတ်ကျောင်းဆောင်တည်ဆောက်ခွင့်ရခဲ့သည်။ မင်းတရားကြီးက လူအမြောက် အများပါဝင်သော ပန်းရံတွေ အနုပညာသည်တွေကိုလွှတ်လိုက်ရာ နောင်တွင် ရှေးဟောင်းအမှတ်အသား တွေကို မမှတ်မိနိုင် လောက်အောင် ဗမာတွေက ပြုပြင်ပစ်သည်ဟုစွပ်စွဲခံရသည်။

 

၁၈၉၁ ခုနှစ် ဇန်န၀ါရီ ၂၂ ရက်တွင် သီဟိုဠ်ကျွန်းမှ ဘုန်းတော်ကြီး အနာဂါရိကဓမ္မပါလ သည် ဂျပန်ဘုန်းတော်ကြီး တစ်ပါးနှင့်အတူ မဟာဗောဓိစေတီတော်ကြီးကို ဖူးမြော်ရန် လှည်းတစ်စီးဖြင့်ရောက်လာခဲ့သည်။ တစ်ပိုင်းတစ်စ အကျိုးအပဲ့ တွေပြန့်ကျဲနေသော စေတီတော်ကို ဖူးတွေ့ရသောအခါ သူသည် ရင်ဆို့မတတ်ဝမ်းနည်းသွားရလေသည်။ ကျောင်းတော်ကြီး ကို ဗုဒ္ဓဘာသာဝင်မဟုတ် သူတွေက ကြီးစိုးထားကြသည်။ သူသည် စေတီကြီးရှေ့မှာထိုင်ကာ ၀တ်ပြုပြီးသည်နှင့် စေတီတော်ကြီးကို ဗုဒ္ဓဘာသာဝင် တွေလက်ထဲ ပြန်ရောက်စေရမည်ဟု သံဓိဋ္ဌာန်ချမှတ်လိုက်လေသည်။ ဗုဒ္ဓဘုရားရှင် သဗ္ဗင်ညုတဥာဏ်တော်ကိုရခဲ့သောနေရာသည်ကမ္ဘာပေါ်၌ အခြားမည်သည့်နေရာနှင့်မျှမတူသော မနှိုင်းယှဉ်နိုင် သောနေရာ ဖြစ်သည်ဟု သူသဘောပေါက်လိုက်သည်။

 

သူသည် သီဟိုဠ်ကျွန်းသို့ပြန်ကာ မဟာဗောဓိအသင်းကြီးကို ထူထောင်ခဲ့သည်။ မြန်မာ၊ သီဟိုဠ်၊ ဂျပန် နိုင်ငံမှ အထင်ကရပုဂ္ဂိုလ်များထံ စာ အစောင်စောင်ရေးသည်။ ရံပုံငွေရအောင် အမေရိကား၊ ဂျပန်စသည်ဖြင့် ကမ္ဘာပတ်၍ နှိုးဆော်ခဲ့ သည်။ သူသည် ဂျပန်ပြည်မှသယ်ဆောင်လာသောရုပ်ပွားတော်ကို အနယ်နယ်အရပ်ရပ်မှ ဗုဒ္ဓဘာသာဝင် ဥပသကာများ ကလက်ခံနိုင်သော မုဒြာကို ရွေးချယ်နိုင်ခဲ့သည်၊ ဗုဒ္ဓဂါယာ သို့ရောက်သော် ဆင်းတုတော်ကို ပဌမ တည်းခိုရာ မြန်မာဇရပ်မှာဘဲထားရသည်၊ နောင်စေတီကြီးမှာ ထားရှိဖို့ကြိုးစားရင်း မဟန့် ၏ လူများမှ ကိုယ်ထိလက်ရောက် တိုက်ခိုက် ခံခဲ့ရသည်၊ ဟိန္ဒူများ၏ ရုန့်ရင်းကြမ်းတမ်းမှုကို ရုံးတော်သို့တိုင်ကြားခဲ့သည်။ အောက်ရုံးတွေက သူ့ကို အနိုင်ပေးကြသော် လည်း အယူခံတွင်ရှုံးရသည်။ 

 

နောက်ပိုင်း မဟန့်က တရားနိုင်သောအခါ မင်းတုန်းမင်းကြီး၏ နှစ်ထပ်ကျောင်းတော်နှင့် ရေးထိုးထားသော ကျောက်စာတွေမှာ အဖျက်စီးခံရသည်။ ဖျက်စီးထားသော နှစ်ထပ်ကျောင်းနေရာမှာ တထပ်တိုက်တစ်ခုတွေ့ရပါသည်။ အိမ်မဲ့ ယာမဲ့တွေနေကြသည်။ ကောက်ရိုးတွေ၊ နွားစာခွက်တွေ မြက်ပင်တွေကြားမှာ မင်းတုန်းမင်း၏ဇရပ်ကို ၀မ်းနည်းဖွယ် တွေ့ ခဲ့ရပါသည်။

 

ဗုဒ္ဓဂါယာသို့ ဘုရားဖူးလာသူများတွင် သီဟိုဠ်နိုင်ငံသားတွေကပဌမ စွဲသည်။ ဗောဓိယက္ခသီလ ဆရာတော်သည် အေဒီ ပထမဆုံးရာစုတွင် ကျောက်စာတစ်စောင်ရေးခဲ့ဖူးသည်။ အေဒီ ၅၁၈-၅၇၁ တွင် စိုးစံခဲ့သော ဘုရင်ကီလကာလမှာ ငယ်စဉ် ကလေးဘ၀က ဗုဒ္ဓဂါယာတွင် ဘုန်းကြီးအဖြစ်နေခဲ့ဖူးသည်။ သီရိလင်္ကာနိုင်ငံသားတို့မှာ ဗုဒ္ဓနေရာကို နေချင်စဖွယ်ဖြစ်အောင် တိုးတက်ခမ်းနားအောင်ပြုလုပ်လိုစိတ်ရှိသည်ဟု ကြားရဖူးသည်။

 

ဗုဒ္ဓဘာသာအတွက် ကံကောင်းစေသောအချက်မှာ ကိုလိုနီ အင်္ဂလိပ်တွေရောက်လာခြင်းနှင့် သူတို့တွင် ရှေးဟောင်း အနှစ်သာရရှိသောပစ္စည်းတွေကိုဖော်ထုတ်ထိန်းသိမ်းလိုသောစိတ်ဓာတ်ရှိခြင်းပင်ဖြစ်သည်။ ရှေးဟောင်းသုတေသနအရာရှိ ကန်နင်ဟမ်မှာ ဗုဒ္ဓ၏နေရာဌာနများကို ရှာဖွေထုတ်ဖော်ထိန်းသိမ်းရေးလုပ်ငန်းများကြောင့် ယနေ့ယခုထိုဗုဒ္ဓ၏ သံဝေဇနိယ ဌာန  တွေကို ဘုရားဖူးသွားနိုင်ကြခြင်း ဖြစ်ပါပေသည်။ ၁၈၈၀ ခုနှစ်တွင် ကမ်နင်ဟန်က မဟန့်ပိုင် ၀င်းထဲသို့ရောက်နေသော ရုပ်ပွါးတော်ကိုပင့်ပြီး မဟာဗောဓိစေတီတွင် တည်ထားနိုင်ခဲ့သည်။

၁၈၈၆ ခုနှစ်တွင် ဒေလီတယ်လီဂရပ်  သတင်းစာအယ်ဒီတာ  Edwin  Arnold  ရောက်လာပြီးစိတ်ပျက်ဖွယ်ရာ အခြေအနေတွေကို တွေ့မြင်ခဲ့သည်။ နာမည်ကျော် The Light of Asia  ကဗျာရှည်ကြီးကို ရေးဖွဲ့ခဲ့သည့် နည်းတူ သီဟိုဠ် ကျွန်း၊ ယိုးဒယား၊ မြန်မာ၊ အိန္ဒိယ အစိုးရတာဝန်ရှိသူများထံသို့စာအစောင်စောင်ရေးခဲ့သည်။ ဗုဒ္ဓဘာသာဝင်များအတွက် ဗုဒ္ဓတရားထူးရခဲ့ရာ နေရာမှာ အထွတ်မြတ်ဆုံးနေရာတခုဖြစ်ပေရာ ထိုအထွတ်အမြတ် နေရာနှင့်ထိုက်တန်စေရန် အစီအစဉ် များကို  ဗုဒ္ဓဘာသာဝင်တွေက စီမံဆောင်ရွက်ပိုင်ခွင့် ရှိရမည်ဟုတောင်းဆိုခဲ့သည်၊ သို့ပါသော်လည်း ဗုဒ္ဓဘာသာဝင်တို့အရေး ကို ဗုဒ္ဓဘာသာဝင် ဥပသကာများက တောင်းဆိုလျှင် ပိုကောင်းသည်ဟူသော မှတ်ချက်ကိုသာရခဲ့ပြီး ဘာမှဖြစ်မလာပေ။

 

ဂန္ဓီကြီးထံ မြန်မာအမတ်တွေက ချဉ်းကပ်သောအခါ “ကျုပ်တို့ လွတ်လပ်ရေးရလျှင်ခင်ဗျားတို့ဖြစ်ချင်တာကိုချက်ချင်း

လုပ်ပေးနိုင်ပါတယ်” ဟုဖြေသည်။ အဓိက ကတော့ ဗုဒ္ဓပွင့်တော်မူရာနေရာကို ဗုဒ္ဓဘာသာတွေ ပါသောအဖွဲ့ကစီမံခန့်ခွဲ နိုင်ရေးဘဲဖြစ်သည်။ လွှတ်လပ်ရေးရ၍ တစ်ဖန် သွားကြပြန်သောအခါ  ဂန္ဓီကြီးကိုယ်တိုင်က  “ကျုပ်တတ်နိုင်တဲ့  ကိစ္စဆိုရင် အခုဘဲပေးလိုက်ပါတယ်” ဟုသာဖြေလိုက်သည်။ မဟန့်၊အိန္ဒိယအစိုးရ၊ ဗုဒ္ဓဘာသာဥပသကာများက သုံးပွင့်ဆိုင် တောင်းဆို နေကြရာပြဿနာမှာ ပြေလည်သွားသည်ဟု မရှိခဲ့ပေ။

 

မဟာဗောဓိစေတီတော်၏ ပုံတူကို နိုင်ငံအများအပြားက တည်ဆောက်ကိုးကွယ်ကြသည်။ ကျန်စစ်မင်းကြီးက လွှတ်လိုက်သော သံတမန် အဖွဲ့က ယူလာသည့် ပုံစံအတိုင်း  ပုဂံတွင် ပုံတူစေတီတဆူတည်ခဲ့ကြသည်။ တိဗက်တွင်  ၁၄၅၂ တွင် တည်ခဲ့သည်။ ဓမ္မစေတီမင်းသည် ၁၄၇ဂ  ခုနှစ်တွင် ပဲခူးတွင် ရွှေဂူကြီးဘုရားကို တည်ခဲ့သည်။ ၁၄၇၃ ခုနှစ် တွင် တစ်ကြိမ်၊ ၁၄၇၂ ခုနှစ်တွင်တစ်ကြိမ် တရုတ်တို့သည် ပီကင်းမြို့ပြင်တွင် တည်ဆောက်ကြသည်။ နိပေါနိုင်ငံသား အဘရာရာခ်ျသည် ဗုဒ္ဓဂါယာဘုရားဖူးမှ အပြန် စေတီတည်ခဲ့သည်။ ယိုးဒယားနိုင်ငံတွင်မူ ချင်းရိုင် တွင်တစ်ဆူ Wat Jet  Yot ဆိုသည့်နေရာတွင် တစ်ဆူ တည်ကြ သည်။ နောက်တည်သောစေတီမှာ အိန္ဒိယပြည်ရှိ  မဟာဗောဓိစေတီသာမက ပတ်ဝန်း ကျင်တွေပါ တူအောင် တည်ဆောက်ကြသည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံပြင်ပ၌ တစ်ခုတည်းသော ပုံတူစေတီဖြစ်လာသည်။ ထိုစေတီသည် ရောဟီနီ မြစ်ကမ်းပါး တွင်ရှိသည်ဟုဆိုသည်။

(၃)

ပင်လယ်ရေသည်ငံ၏၊ ပင်လယ်သမုဒ္ဒရာကြီး၏ကြီးမားသောရေထုသည်ဘယ်နေရာရောက်ရောက် ငံသော အရသာ ကိုသာပေးသည်။ ထိုနည်းအတူဗုဒ္ဓ၀ါဒ၏ အနှစ်သာရမှာ လူကိုလွှတ်မြောက်စေခြင်း (၀ိမုတ္တိရသ) ဖြစ်ပါသည်။ 

 

လူဘ၀ လူ့အဖြစ်ကိုရသည်နှင့်တစ်ပြိုင်နက် မွေးဖွားခြင်း၊ အိုမင်းရခြင်း၊ နာခြင်း၊သေခြင်း၊ စသောပြင်ပမှမြင်ရသည့် ဒုက္ခတို့ရှိသည်နည်းတူ စိတ်ဝေဒနာဟုဆိုအပ်သော ၀မ်းနည်းခြင်း၊ ယူကြုံးမရဖြစ်ရခြင်း၊ စိတ်အားငယ်၊ စိတ်ပျက်ရခြင်း၊ ပူပန်ခြင်း၊ စသော ဆင်းရဲ ဒုက္ခတွေရှိသည်။ သံသရာလည်ပတ်ရခြင်း၌ ထိုဆင်းရဲဒုက္ခတို့သည် လျော့ပါးသွားရန်မရှိ ပို၍ပို၍ များလာဘို့ဘဲရှိသည်။ 

ရှင်တော်ဗုဒ္ဓသည် မဟာဗောဓိပင်တည်ရှိရာ နေရာတွင် ထိုဆင်းရဲဒုက္ခများ မှ လွှတ်မြောက်စေရန် ကို လည်းကောင်း၊ ထိုဆင်းရဲ ဒုက္ခတို့ အဘယ့်ကြောင့်ဖြစ်ပေါ်ရပုံကိုလည်းကောင်း၊ ကိလေသာတဏှာနှင့် ထိုဘ၀သံသရာမှ  ဘယ်သို့ဘယ်ပုံ ရုန်းထွက် ရမည်ဆိုသည့် မဂ္ဂင် ရှစ်ပါးတရား ကိုလည်းကောင်း၊ သိတော်မူခဲ့လေသည်။  ရှင်တော်ဗုဒ္ဓသည်ထို သဗ္ဗေင်ညုတ ဥာဏ်တော်ကို ရရှိချိန် ဘုရားဖြစ်တော်မူသည့်အချိန်မှ မှစပြီး ၄၅ ၀ါပါတ်လုံးသတ္တ၀ါတို့ကို  သံသရာဆင်းရဲမှ လွှတ်မြောက် စေကြောင်း တရားကိုနည်းပြ ဟော တော်မူသည်။

 

ဗောဓိပင်ခြေရင်းတွင်ရရှိခဲ့သော သစ္စာလေးပါးတရားတော်များသည် သတ္တ၀ါ အပေါင်းချမ်းသာမှု သန္တိသုခ ကို ရရှိစေ

ရန်ဖြစ်သည်။ မဟာပရိနိဗ္ဗာနသုတ် တွင် ရှင်အနန္ဒာက ဘုရားမရှိတော့ပြီဆိုသောအချိန်တွင် ဘာကို ကိုးကွယ်ကြရ ပါမည်နည်းဟု မေးသည်၊ ထိုအခါ ဘုရားရှင်က သံဝေဇနိယ လေးဌာန ကိုဟောတော်မူသည်၊ ဖွားတော်မူရာနေရာ၊ သဗ္ဗင်ညုတ ဥာဏ်တော်ကို ရရှိခဲ့သည့် နေရာ၊ တရားဦးဟောတော်မူရာ၊ ပရိနိဗ္ဗာန် ပြုရာနေရာတွေမှာ ဗုဒ္ဓတရားတော်ကို ကြည်ညိုသော ဥပသကာတို့သည် ကြည်ညိုသဒ္ဒါပွားများ နိုင်သည့်နေရာများဖြစ်လိမ့်မည်ဟု အာနန္ဒာ မထေရ်မြတ်ကို ဟောပြခဲ့ပေသည်၊ ကြည်ညိုစိတ်ဖြင့် ထိုနေရာများကို လှည့်လည်ပါသော် ထူးခြားသောအကျိုးကျေးဇူးများ ရရှိကြလိမ့်မည် ဟုလည်းဟောတော်မူသည်၊

 

သံဝေဇနိယဆိုသည့်သဘောမှာ ဤဌာနသို့ရောက်လာသူများသည် သံဝေဂ ရကြလိမ့်မည်ဟုလည်းဆိုလိုပါသည်၊ ကျွန်တော် တို့အလေးအမြတ်ထားရာဤစေတီကြီးသည် ခေတ်မျိုးစုံကို ကြုံခဲ့ရလေသည်၊ ဘာသာကို မလေးစားသူတို့ မဖွယ်မရာ ပြုခြင်းကို အကြိမ်ကြိမ်ကြုံခဲ့ရပါသည်၊ သို့ပါသော်လည်း အသောက မင်းကြီးမှအစပြု၍ သီဟိုဠ်နိုင်ငံသားများ အင်္ဂလိပ် အစိုးရလက်ထက် မစ္စတာကန်နင်ဟန် အပါအ၀င် ရှေးဟောင်းသုတေသနဌာန၀န်ထမ်းများ ဓမ္မပါလမထေရ် စသူတို့၏ ကိုယ်ကျိုးစွန့် ကြီုးစားအားထုတ်မှုများကြောင့် စေတီတော်ကြီးကို လက်ရှိအခြေအနေနှင့် ဖူးမျှော်နိုင်ကြခြင်း ဖြစ်ပါသည်၊ သို့တစေ စေတီအုပ်ချုပ်မှုအဖွဲ့ ကော်မီတီတွင် ဟိန္ဒူတွေပါနေဆဲဖြစ်သလို ဗုဒ္ဓဘာသာဝင် လေးဦးသာပါနိုင်သည်၊ ထိုရဟန်းတော်များတွင် မြန်မာရဟန်းတော်ကိုယ်စားလှယ်မပါသေးပေ၊

 

ကျွန်တော်တို့သည် ဗုဒ္ဓဂါယာမှမပြန်မှီ အိန္ဒိယ ရှေးဟောင်းသုတေသနပြတိုက်သို့သွားကြည့်ကြသည်၊ ၀င်ကြေး ရူးပီးငွေ တဆယ်ပေးရသည်၊ စိတ်ချမ်းသာစရာကားမရှိ၊ ခေါင်းမရှိသောကိုယ်တော်၊ ချိုးဖဲ့ဖျက်ဆီးခံရသော ဆင်းတုတော် ပေါင်းများစွာ ကိုပြထားသည်၊ သဲကျောက်ဖြင့်ပြုလုပ်ထားသော အသောကခေတ်က ကျောက်တိုင်၊ ကျောက်တန်း တွေကိုလည်းပြသ ထားသည်၊ မဟာဗောဓီစေတီကြီးကို ၁၈၆၅ ခုနှစ်က တွေ့မြင်ရပုံ ဓါတ်ပုံကိုလည်းတွေ့ရသည်၊

 

ဘုရားဖူးပရိတ်သတ်တွေများသောကြောင့် စိတ်ပျက်နေရချိန်တွင် ဘုန်းတော်ကြီးဓမ္မပါလ၏ မဟာဗောဓိစေတီတော် ကြီးဗုဒ္ဓဘာသာဝင်တွေ၏ လက်ထဲသို့ပြန်ရောက်အောင် ကျိုးစားရမှုများကို ဘုရားဖူးဖေါ်တယောက်က ကျွန်တော့်အားပြောပြ လေသည်၊ ယခုချိန်တိုင်အောင် စေတီတော်ကြီး၏ ဆင်းတုတော်ရှေ့တွင် ဟိန္ဒူတွေက လေးထောင့်ကွက်တခုချခါ အမြဲ ရောက်လာပြီး သူတို့နဖူးနှင့်ထိကာရှိခိုးနေကြတုန်းဖြစ်ပါသည်၊ ဘုန်းတော်ကြီးဓမ္မပါလ၏ ခက်ခက်ခဲခဲ ကြိုးပမ်းရမှုများကို ရေးထားသည့် သမိုင်းကြောင်းကို စေတီကြီးထွက်ပေါက် အနီးမှ စာအုပ်ဆိုင်တွင် ၀ယ်ရနိုင်ပါသည်ဆို၍ ကျွန်တော့်အား ခေါ်သွားပါသည်၊ စာအုပ်ဈေးက အလွန်ချိုပါသည်၊ စင်္ကာပူဒေါ်လာ ၂၀မျှ အကုန်ခံပါသော် အိပ်နှစ်လုံးဖြင့်ထည့်ယူရသည့် စာအုပ်တွေကို ရသည်၊ အိန္ဒိယ နိုင်ငံသမိုင်းကြောင်းနှင့်ူဗုဒ္ဓဘာသာသမိုင်းကြောင်းစာအုပ်တွေများစွာတွေ့ခဲ့ရသည်၊

 

ဘုရားရှင်က သာသနာ သုံးမျိုးထားခဲ့သည်ဟုဆိုရာတွင် ပရိယတ္တိ၊ ပရိပတ္တိ နှင့် ပရိဝေဓ သာသနာ သုံးမျိုးတွင် သူ၏ တရားဦးရခဲ့ရာနေရာကိုထိုက်ထိုက်တန်တန်ထားရှိကြရမည်ဟု သတ်မှတ်ခဲ့ခြင်းမရှိပါ၊ ဤကိစ္စကို ဘယ်သာသနာ အမျိုး အစားတွင် ထည့်သွင်းရမည်ဟုလည်းကျွန်တော်မဝေခွဲတတ်ပါ၊ သူပိုင် ကိုယ်ပိုင် အငြင်းပွားရခြင့်ဖြင့် ဘုရားရှင်ထားရစ်ခဲ့ သော အမွေ အနှစ် ဂုဏ်သိက္ခာမှာ လျော့ပါးသည်ဟုလည်းကျွန်တော်မယူဆပါ၊

 

မဟာဗောဓိစေတီတော်ကြီး၏  သမိုင်းကြောင်းသည်အနည် အမှိုက်တို့ဖြင့် ရှုတ်ထွေးခဲ့သည်ဆိုစေ ဗုဒ္ဓဟောပြော ခဲ့သော၊ သင်ကြားပို့ချခဲ့သောဆင်းရဲမှလွတ်မြောက်ကြောင်းတရား၏ လေးနက်လှသော အဓိပ္ဂါယ်သည် ဘယ်သောအခါမှ လျော့နည်း သွားမည်မဟုတ်ပါ၊ ကျွန်တော့် စိတ်ထဲမှာတော့ စေတီနံဘေးမှ ညောင်ပင်အောက်တွင် ထိုင်ရင်း ဘယ်တုံးကနှင့် မျှမတူသော အေးချမ်းမှု မွေ့ပျော်မှု သဘော ကိုခံစားခဲ့ရသည်ဟု ဆိုချင်ပါသည်။ 

ကိုသန်းလွင်

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, ရေခြားမြေခြား မြန်မာများ

2 Responses to ကိုသန်းလွင် – ဗုဒ္ဓဂါယာ

  1. UN-NC on January 20, 2015 at 6:24 pm

    ကောင်းတယ်။ ဗဟုဿု တွေစုံလို့။ ကျေးဇူးပါဘဲ။

  2. Ye Sint on January 20, 2015 at 10:44 pm

    Thanks,Ko Than Lwin. It is a good one.Ye Sint

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်