မောင်သာမည – နေရာပျောက်နေတဲ့ စာအုပ်များနဲ့ ဂုဏ်ရည်မဲ့ စာကြည့်တိုက်များ

January 23, 2015

 

– နေရာပျောက်နေတဲ့ စာအုပ်များနဲ့ ဂုဏ်ရည်မဲ့ စာကြည့်တိုက်များ

(သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၂၄၊ ၂၀၁၅

နိုဘယ်မြန်မာစာပေပွဲတော်ကျင်းပတဲ့ ရက်သုံးရက်လုံးမှာ အချိန်ရတဲ့အခါတိုင်း စာအုပ်ဆိုင် တွေဘက်ကို သွားပြီး စာအုပ်တွေကို ကြည့်ဖြစ်ပါတယ်။ စာအုပ်ဆိုင်တွေက တရာလောက် ရှိတဲ့အတွက် စာအုပ်တွေ စုံလင်အောင် ကြည့်ဖို့ တော့ မဖြစ်နိုင်ပါ။ စာချစ်သူတွေကြားမှာ တိုးဝှေ့ ကြည့်ရတဲ့အတွက် စာအုပ်ကို သေသေချာချာ လှန်လှောကြည့်ဖို့ လည်း ခက်ပါ တယ်။

ကျနော်က စိတ်ဝင်စားတဲ့ စာအုပ်ဆိုရင် မျက်နှာဖုံးကို ဘယ်သူ ရေးဆွဲသလဲ၊ဘယ်တိုက်က ထုတ်သလဲ စတဲ့ ပုံနှိပ်မှတ်တမ်းတွေကိုရော၊ မာတိကာတွေရော ကြည့် တတ် ပါတယ်။ ကျနော့် အတွက် မျက်နှာဖုံးက ဆွဲဆောင်မှု တခုဖြစ်သလို ထုတ်ဝေတိုက် အမည်ကလည်း အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ စာအကျအပေါက်၊ စာသား အထားအသို စတာတွေက ထုတ်ဝေတိုက်အပေါ် မူတည်နေလို့ ပါ။ တချို့ ထုတ်ဝေရေး တိုက်တွေက စာအကျအပေါက်များပါတယ်။ အကုန်အကျသက်သာအောင် စာတွေကို ပြွတ်သိပ်ပြီး စီထည့်တတ်ပါတယ်။ ဒီလိုထုတ်ဝေရေးတိုက်က ထုတ်တဲ့ စာအုပ်ဆိုလျှင် မဖြစ်မနေ ဖတ်ရမယ့် စာအုပ်မျိုးလောက်ပဲ ၀ယ်ပါတယ်။ စိတ်ချရတဲ့ ထုတ်ဝေရေးတိုက် က ထုတ်ရင် ကိုယ့်မှာ ရှိပြီးသားစာအုပ်ပေမယ့် ထပ်ဝယ်ပါတယ်။

နိုဘယ်မြန်မာစာပေပွဲတော်မှာ ကျနော် စိတ်အ၀င်စားဆုံးစာအုပ်တွေက စာပေနိုဘယ်ဆုရ စာရေးဆရာများရဲ့ စာအုပ်တွေကို မြန်မာပြန်ထားတဲ့ စာအုပ်တွေပါ။ စာပေပွဲတော် ဖြစ် မြောက်ရေး အတွက် ပထမဆုံးအစည်းအဝေးတုန်းက ထုတ်ဝေသူနည်းနည်းပဲ ပါပါ တယ်။ သူတို့ နဲ့  ဆွေးနွေးကြရာမှာ ဘာသာပြန်ပြီးသား စာအုပ်စာရင်းကို ပြုစုပြီး ကောင်းနိုးရာရာ စာအုပ်တချို့ ကို ထုတ်ဝေကြမယ်လို့  ဆုံးဖြတ်ခဲ့ကြပါတယ်။

စာပေနိုဘယ်ဆုရ စာရေး ဆရာများရဲ့  လက်ရာတွေကို မြန်မာဘာသာပြန်ဆိုပြီးသား စာအုပ်တွေက နှစ်ရာ လောက် ရှိပါတယ်။ စာအုပ်ဈေးကွက်က သိပ်မကောင်းတော့ ဖြစ်ဖြစ်ညှစ်ညှစ် ထုတ်မယ်ဆိုရင်တောင် အုပ်ငါးဆယ်လောက်ပဲ ထွက်နိုင်မယ်လို့  ခန့် မှန်း ခဲ့ကြပါတယ်။

သို့ ပေမယ့် စာအုပ်ထုတ်ဝေရေးသမားများရဲ့  စိတ်အားထက်သန်မှုကြောင့် နိုဘယ်မြန်မာ စာပေပွဲတော်မှာ စာအုပ်တရာကျော်အထိ ထုတ်ဝေရောင်းချပေးနိုင်ခဲ့ပါတယ်။ ထုတ်ဝေ ရေး တိုက်တချို့ က လေးငါးအုပ်ထုတ်ကြပါတယ်။ စာအုပ်တိုက်တတိုက်ကဆိုရင် အမျိုးပေါင်း လေးဆယ်အထိ ထုတ်တယ်လို့  သိရတယ်။ သာဓုခေါ်စရာ လုပ်ရပ်တွေပါပဲ။

သက်လတ် ပိုင်းစာရေးဆရာမတယောက်က စာပေနိုဘယ်ဆုရ စာရေးဆရာတွေရဲ့ လက်ရာတွေကို မြန်မာပြန်ဆိုထားတဲ့ စာအုပ်တွေ ဒီလောက်များမှန်း သူမသိဘူးလို့  ဆိုပါတယ်။ စာအုပ် တရာကျော်ကို တစုတစည်းတည်း မြင်ရတော့ အံ့သြ၀မ်းသာမိတယ် လို့ လည်း ပြောပါ တယ်။ ဟုတ်မှာပါ။ ဒါကြောင့် မူရင်းရော ဘာသာပြန်ရော တွဲပြီး ပြတဲ့ ပြခန်းမှာ လူတွေ ကျိတ်ကျိတ်တိုးကြည့်နေတာ ဖြစ်မှာပါ။

ယခု ကျင်းပတဲ့ နိုဘယ်မြန်မာစာပေပွဲတော်မှာ ဒီဘာသာပြန်တွေကို တစုတစည်းတည်း ၀ယ်နိုင်အောင် ပွဲတော်ကျင်းပရေးကော်မတီကလည်း ပြင်ဆင်ထားပါတယ်။ စာအုပ် ထည့်တဲ့ ကတ်သေတ္တာတွေနဲ့  စီစဉ်ထားပါတယ်။ စာအုပ်ပေါင်းတရာကျော်အတွက် ကျပ်ငွေ နှစ်သိန်းဝန်းကျင်ကျသင့်တယ် ပြောတယ်။ ဒီလို အတွဲလိုက် ၀ယ်မယ့်သူရှိပါ့ မလားလို့  ကျနော် သံသယ ရှိခဲ့ပါတယ်။ ကော်မတီကလည်း သိပ်ရောင်းရမယ်လို့ မျှော် လင့်မထားပါ။ ဒါပေမယ့် ရောင်းရပါတယ်။ တအုပ်ချင်းဝယ်သူတွေ များသလို အစုံလိုက် ၀ယ်သူတွေလည်း မနည်းပါ။

အစုံလိုက်ရောင်းနိုင်အောင် ထုတ်ဝေသူတွေဆီက စာအုပ်ထပ်တောင်းထားရဦးမယ်လို့  ကော်မတီ ၀င်တဦးက ပြောပါတယ်။ ကျနော့်အတွက်လည်း တစုံ ချန်ထားပေးပါဦးလို့  ပြောထားရတယ်။ ဘာကြောင့်လဲဆိုတော့ စာပေနိုဘယ်ဆုရ စာအုပ်တွေကို ရောင်းတဲ့ ဆိုင်ခန်းမှာ တချို့ စာအုပ်တွေ မရှိတော့တာ သတိထားမိလို့ ပါပဲ။

ကျနော်က “နေဦးဗျ။ အစိုးရကကော မ၀ယ်ဘူးလား” လို့  တဆက်တည်း မေးမိပါတယ်။ “အခု အထိတော့ ဒီစာအုပ်တွဲတွေကို ၀ယ်ယူဖို့  အစိုးရဘက်က ဘာမှ မဆက်သွယ် သေးဘူး၊ နောက်မှပဲ တိုက်တွန်းရဦးမယ်” လို့  သူက ပြောပါတယ်။

ကျနော့်အမြင်မှာတော့ အနည်းဆုံးအားဖြင့် ၀န်ကြီးဌာနတိုင်း တစုံစီ ၀ယ်ယူအားပေး သင့် ပါတယ်။ ဖြစ်နိုင်ရင် တိုင်းဒေသကြီးနဲ့  ပြည်နယ်က ၀န်ကြီးဌာနတွေပါ ၀ယ်ယူသင့် တာပါ။ အစိုးရစာကြည့်တိုက်တွေရော အများပြည်သူဆိုင်ရာ စာကြည့်တိုက်တွေရော တက္ကသိုလ် ကောလိပ် စာကြည့်တိုက်တွေရော တစုံတော့ ၀ယ်ထားသင့်ပါတယ်။ ကမ္ဘာတခုလုံးက ရတနာလို တန်ဖိုးထားနေတဲ့ စာအုပ်တွေကိုမှ မထားရင် ဒီစာကြည့်တိုက်တွေက ဘာ ဂုဏ်ရည် ရှိမှာလဲ။

ပွဲတော် တတိယရက် နေ့ လည်စာစားချိန်မှာ ကိုသန့် သော်ကောင်းနဲ့  တွေ့ တော့ စာကြည့်တိုက်တွေ ဘယ်လောက် ကျန်သေးလဲလို့  ကျနော် မေးပါတယ်။ သူက ဆရာကြီး ဦးသော်ကောင်းရဲ့  သား ဖြစ်တဲ့အတိုင်း စာကြည့်တိုက်လုပ်ငန်းတွေကို ဆက်လုပ်နေသူပါ။ ငါးထောင်ကျော် တော့ ကျန်သေးတယ်လို့  သူက ပြန်ဖြေပါတယ်။ အရင်က တသောင်းခွဲ လောက် ရှိတယ်ဗျ လို့  သူက ဆက်ပြောတယ်။

ကျနော် အံ့သြသွားပါတယ်။ စာကြည့်တိုက်ငါးထောင်လောက်ရှိနေလျက်နဲ့  ဘာကြောင့် စာအုပ်တွေ မရောင်းရပါလိမ့်၊ ဒီစာကြည့်တိုက်တွေမှာ ဘယ်လိုစာအုပ်မျိုးတွေ ထားပါ လိမ့် လို့ လည်း တွေးမိပါတယ်။ စာကြည့်တိုက်မှူးတွေနဲ့ တွေ့ ရင်တော့ မေးကြည့်ရပါဦးမယ်။

ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းမှာ စာကြည့်တိုက်လုပ်ငန်းကို အလွန်အလေးထားပါတယ်။ စာကြည့်တိုက်ဆိုတာက လူထုတက္ကသိုလ်ပါ။ အများပြည်သူရဲ့  ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာအောင် လုပ်ပေးတဲ့ နေရာပါ။ အစိုးရက လူအရင်းအမြစ်ဖွံ့ ဖြိုးဖို့ အတွက် စာကြည့်တိုက်တွေ ထွန်းကားစည်ပင်အောင် လုပ်ပေးရပါတယ်။ ထွက်သမျှစာအုပ်တွေ ထဲက ဖတ်သင့်ဖတ်ထိုက်တဲ့ စာအုပ်တိုင်းကို ၀ယ်ယူပြီး အများပြည်သူစာကြည့်တိုက်များ မှာ တင်ထားပေးရပါတယ်။ လူထုက ဖတ်ချင်တဲ့ စာအုပ်ဆိုရင်လည်း ၀ယ်ပေးရပါတယ်။ ကျနော်နေတဲ့ ချင်းမိုင်မှာဆိုရင် တက္ကသိုလ်စာကြည့်တိုက်က သူတို့  စာကြည့်တိုက် အတွက် ၀ယ်သင့်တဲ့ စာအုပ်စာရင်းကို စာအုပ်ပွဲတော်လာသူများထံမှာ တောင်းခံ တတ် ပါတယ်။ နောက်ဆုံးလုပ်တဲ့ စာအုပ်ပွဲတော်မှာ ကျနော်က ပန်ချီဆရာကြီး ပီကာဆို အကြောင်း နောက်ဆုံး ထုတ်ဝေတဲ့ စာအုပ်တွေ ၀ယ်ဖို့  စာရင်းထဲမှာ ထည့်ရေးပေးလိုက် ဖူးပါတယ်။

နောက်ပြီး စာကြည့်တိုက်တွေက စာအုပ်ကောင်းတွေ ထုတ်ဝေနိုင်အောင် ထုတ်ဝေသူ များကို ပံ့ပိုးပေးရပါတယ်။ စာကြည့်တိုက်တွေက ၀ယ်ရင် ထုတ်ဝေသူတွေက အမြတ် အစွန်း မရှိနိုင်တဲ့ စာအုပ်ကောင်းတွေကို အလွယ်ထုတ်နိုင်ပါတယ်။ နိုင်ငံခြား တိုင်းပြည် တွေမှာတော့ စာအုပ်တအုပ်ကို ထုတ်တော့မယ်ဆိုရင် ပထမဆုံး စာကြည့်တိုက်တွေ အတွက် ရည်စူးပြီး အဖုံးမာစာအုပ်တွေ ထုတ်ပါတယ်။ စာကြည့်တိုက်တွေကလည်း ၀ယ်ပါတယ်။ဒါဆိုရင် အရင်းကျေပြီ။ နောက်မှ အဖုံးပျော့တွေနဲ့  ထုတ်ပါတယ်။

ကျနော်က စာအုပ်စာပေထုတ်ဝေရေးအတွက် စာကြည့်တိုက်များရဲ့ အခန်းကဏ္ဍကို ပြောပြတဲ့အခါ မိတ်ဆွေ ထုတ်ဝေသူတယောက်က “ ဒါဆိုရင် ကျနော်တို့ နိုင်ငံနဲ့ တော့ ပြောင်းပြန်ဖြစ်နေပြီ။ ဒီက စာကြည့်တိုက်တွေက စာအုပ် မ၀ယ်ဘူးဗျ။ အလှူခံတာ” တဲ့။

ဟုတ်မှာပါပဲ။ လွန်ခဲ့တဲ့ နှစ်လောက်က သတင်းစာထဲမှာ စာအုပ်အလှူခံကြော်ငြာတွေ မြင်လိုက်ရပါသေးတယ်။ စာရွက်နဲ့ ချုပ်ထားတဲ့ စာအုပ်သာမက အီလက်ထရွန်နစ်စာအုပ် တွေကိုပါ တပါတည်း ထည့်လှူဖို့  ရေးထားလို့  ကျနော်တို့  စာပေသမားများ မခံချိမခံသာ ဖြစ်ခဲ့ရပါသေးတယ်။

ပြီးခဲ့တဲ့ တပတ်က ပြည်သူ့ ခေတ် ပွဲမှာ မိတ်ဆွေဟောင်းတယောက်နဲ့  ပြန်တွေ့  တယ်။သူက မဆလခေတ်က အစိုးရသတင်းစာမှာ အယ်ဒီတာလုပ်ခဲ့သူပါ။ စာရေးဆရာ တယောက်လည်း ဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေရေးလည်း လုပ်ပါတယ်။ ကျနော်က ဘာရေးနေသလဲ လို့ မေးတော့ သတင်းစာပညာ နဲ့ ပတ်သက်တဲ့ စာအုပ် တအုပ်ရေးနေ တယ်လို့  သူက ပြန်ပြောတယ်။ စာကော ဖတ်ဖြစ်သလားဆိုတော့ ဖတ်ဖြစ်ပါတယ် ၊ အမျိုးသားစာကြည့်တိုက်မှာ ရံဖန်ရံခါ သွားဖတ်တယ် လို့  ပြောပါတယ်။ အဲဒီ စာကြည့် တိုက်က ဘယ်ရောက်သွားသလဲဗျလို့  ကျနော်မေးတော့ မီကာဆာဟိုတယ်နားက အစိုးရ ပိုင်အဆောက်အဦးတခုဆီ ရောက်သွားတယ်လို့ ပြန်ဖြေတယ်။ ထိုနေရာကို ကျနော် မသိ ပါ။

စာလာဖတ်တဲ့သူ များသလားလို့ ကျနော်က ဆက်မေးတော့ တရက်ကို သုံးယောက် လောက်တော့ လာကြည့်တယ်လို့ သူက ပြောပါတယ်။ အမျိုးသား စာကြည့်တိုက်မှာ တရက်သုံးယောက် စာလာဖတ်တယ်ဆိုတဲ့စကားကို နိုင်ငံတနိုင်ငံရဲ့ ဂုဏ်သိက္ခာနှင့် တွဲစပ်ပြီး ကြည့်ရင် တော်တော် ရှက်စရာကောင်းပါတယ်။

ရှေးယခင်က အမျိုးသားစာကြည့်တိုက်ဟာ ယခု မြို့ တော်ခန်းမတည်ရာမှာ ရှိခဲ့ပါတယ်။ နောက်တော့ ကမ်းနားလမ်းဘက် လူဝင်မှုရုံးရှိရာကို ရောက်သွားပါတယ်။ စစ်အစိုးရ လက်ထက်မှာ တာမွေသင်းချိုင်းကို ရွှေ့ သွားပြန်ပါတယ်။ နောက်တော့ နေပြည်တော် တ၀က် ရန်ကုန်တ၀က်ဆိုပြီး အမွေခွဲသံ ကြားရပြန်တယ်။ လွှတ်တော်စာကြည့်တိုက် ရှိရမယ့် နေပြည်တော်က အများပြည်သူအတွက် ရည်ရွယ် ထားတဲ့ အမျိုးသား စာကြည့်တိုက်ကို ခွဲဝေယူတာ အလွန်မသင့်မြတ်တဲ့ အလုပ်ပဲလို့  မြင်မိပါတယ်။

ရန်ကုန်မှာ ကျန်ရစ်ပြီး ချောင်ထိုးထားခံရတဲ့ အမျိုးသားစာကြည့်တိုက်မှာ ဘာစာအုပ်တွေ ကျန်နေခဲ့သေးလဲ။ ယခင်က အမျိုးသားစာကြည့်တိုက် ဆိုတာက အလွန်တန်ဖိုးကြီးတဲ့ ရှားပါးစာအုပ်များရှိသလို စာအုပ်သစ်ကောင်းကောင်းတွေလည်း ရှိတဲ့အတွက် စာပေ ချစ်သူများ ထုတ်ဝေသူများ ပညာရှင်များ အားကိုးရာ စာကြည့်တိုက်ကြီး ဖြစ်ခဲ့ပါတယ်။ ယခုတော့ သွားလို့ လာလို့ ခက်ခဲတဲ့ လူမသိသူမသိနေရာကိုရောက်သွားပြီ။

 

စစ်အစိုးရလက်ထက်မှာ ရှားပါးစာအုပ်ကောင်းတွေ တော်တော် ပျောက်ရှ ကုန်တယ်လို့  လည်း ပြောကြတယ်။ ဒါတွေ ဘယ်ရောက်ကုန်သလဲ။ စစ်အစိုးရလက်ထက်မှာ လူကြီး မင်းများ “ဖျောင်” သွားတဲ့ စာအုပ်တွေလည်း တော်တော်များတယ် ပြောကြတယ်။ ဘယ်လူကြီးမင်းတွေလဲ။

အမျိုးသားစာကြည့်တိုက်မှူး လုပ်ခဲ့တဲ့ မောင်ဇေယျာကတော့ ကောင်း ကောင်း သိမှာပဲ။

အမျိုးသားစာကြည့်တိုက်ကနေ အလှူခံဌာနတခုကို ပြောင်း ရွှေ့ ခံရတာကြောင့် အလုပ် ထွက်လိုက်ရတဲ့ မောင်ဇေယျာကို စာအုပ်မရှိတဲ့ စာကြည့်တိုက် တွေအကြောင်း၊ စာကြည့်တိုက်မှူး ကောင်းကောင်းမရှိတဲ့ စာကြည့်တိုက်တွေအကြောင်း သုတေသနလုပ်ဖို့ လည်း တိုက်တွန်းရဦးမယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ခေတ်ပြိုင်အတွေ့အကြုံ

One Response to မောင်သာမည – နေရာပျောက်နေတဲ့ စာအုပ်များနဲ့ ဂုဏ်ရည်မဲ့ စာကြည့်တိုက်များ

  1. Catwoman on January 24, 2015 at 5:40 am

    Nobel prize is a trademark . I don’t think we can use it however the way we want it.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments