ဇွန်မိုး – မြန်မာပြည်သို့ပေးစာ – ရောမပြည် ရောက်ခဲ့ရင်

January 28, 2015

 

ဇွန်မိုး  – မြန်မာပြည်သို့ပေးစာ – ရောမပြည် ရောက်ခဲ့ရင်

(မိုးမခ) ဇန်န၀ါရီ ၂၆၊ ၂၀၁၅

၂၀၁၄ ဒီဇင်ဘာလတစ်လလုံး မင်းတို့ဆီ စာမရေးနိုင်ဖြစ်ခဲ့တယ်။ တခါတလေတော့ ရွှေရီ၊ ကျော်ထင်၊ ဝင်းဆွေတို့နဲ့တော့ Viber နဲ့ စကားပြောဖြစ်ပါတယ်။ ဆင်ခြေပေးရရင်တော့ နှစ်ကုန်မှာ တသက်လုံး သင်ယူလေ့လာမယ် (Lifelong learning) ခံယူချက်နဲ့ ယူထားတဲ့ Online အတန်းတွေအတွက် စာမေးပွဲတွေဖြေရ၊  စာတမ်းတွေ ရေးတင်နေရတာရယ်။ အလုပ်မှာလည်း နှစ်ချုပ်လုပ်ရမယ့် အလုပ်တွေကို လက်စသတ်နေတာရယ်။ ပြီးတော့ မလုပ်မဖြစ် နှမ်းဝင်ဖြူးရတဲ့ ရပ်ရေးရွာရေး သာရေးနာရေးကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် အားလုံးကို အချိန်ပေးပြီး စာမရေးနိုင်၊ ဖုန်းမခေါ်နိုင် ဖြစ်ခဲ့ရတယ်။ ဒီလို ဆင်ခြေပေးလို့ နားလည်ခွင့်လွတ်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ နှစ်သစ်ကူးမှာ ရေးတဲ့စာဆိုတော့ မင်းတို့အားလုံး နဲ့ ရွှေနိုင်ငံသူနိုင်ငံသားတွေ နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ကျန်းမာချမ်းသာကြပါစေ။

 

ဒီစာနဲ့ ပတ်သက်ပြီး တစ်ခု ကြိုတင်ပြောချင်တာက ဒီစာက နည်းနည်းတော့ရှည်တယ်။ အဓိက ပြောချင်တဲ့ အကြောင်းအရာကို ရေးရင်နဲ့ ပြောပြချင်တဲ့ အကြောင်းအရာတွေကို ထည့်ပြောဖြစ်တော့ ပေရှည်သွားတယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့လည်း အချိန်ပေးပြီး ဖတ်ကြည့်ပါ။ ပြောမယ်ဆိုရင် တစ်လနီးပါး စာမလာ အကြောင်းမကြားဆိုတော့ အခု တဝကြီးဖတ်ပေါ့။

 

မနှစ် ၂၀၁၄ ခရစ်စမတ် နဲ့ နှစ်သစ်ကူး ရက်ရှည်ရုံးပိတ်ရက်တွေမှာ ဘယ်မှ မသွားဖြစ်ခဲ့ပါဘူး။ ပုံမှန်အတိုင်းတော့ ရက်ရှည်အားလပ်ရက်တွေမှာ ဟိုသွားဒီသွား လုပ်ခဲ့တယ်။ ဒီတခါတော့ အိမ်မှာနေပြီး ကောင်းကောင်းနား၊ စာဖတ်စာရေး လုပ်မယ်လို့ စိတ်ကူးထားခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ အားချိန်ကို ချောင်းနေတဲ့  ရပ်ကွက်ထဲက အသိမိတ်ဆွေတစ်ယောက်က သူ့ယောက်ျားကို ကားမောင်းသင်ပေးဖို့ တောင်းဆိုတာနဲ့ စိတ်ကူးအစီအစဉ်တွေ ပျက်ခဲ့ရတယ်။ ဒီ ကားမောင်းသင်ပေးရတဲ့ကိစ္စကလဲ ပြောမယ်ဆိုရင်တော့ အုန်းပင်တက်လက်မှတ် ရထားသလိုပါ။ ထစ်ကနဲဆို ရပ်ထဲရွာထဲကလူတွေက သူတို့သွေးသားချင်းတွေကို ကားမောင်းသင်ပေးဖို့ တောင်းဆိုတတ်ကြတယ်။ မင်းတို့ ကြားဖူးသလားတော့ မသိဘူး။ ယောက်ျားက မိန်းမကို ကားမောင်းသင်ပေးတဲ့အခါ စိတ်မရှည်၊ အော်ငေါက်စကားများ ရန်ဖြစ်ပြီး လင်မယားတွေ ကွဲပြဲကြတယ်လို့ အမေရိကန်တွေက ဟာသပြောကြတယ်။ အဲဒါတော့ တကယ်အမှန် ဘယ်ယောက်ျားမှ ကိုယ့်မိန်းမကို ကားမောင်းသင်ပေးတာ မတွေ့ဖူးဘူး။ ဒို့ဗမာစကားမှာတော့ မိသားစုအရေး၊ လင်မယားကြား ဝင်မပါနဲ့ဆိုပေမယ့် ဒီကိစ္စကိုတော့ ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုတတ်ကြတယ်။

 

တကယ်တော့ ငါက ကြီးကြီးကျယ်ကျယ် ပုံချဲ့ ပြီး ကားမောင်းသင်ပေးရတယ်လို့ ပြောပေမယ့် တကယ်တော့ အခုမှ ကားစမောင်းတဲ့ အမောင်းသင် မောင်းတဲ့ကားကို ဘေးကအဖော် လိုက်စီးတဲ့အလုပ်။ စိတ်လှုပ်ရှား ရင်တထိတ်ထိတ်နဲ့ အမှားလုပ်တတ်တဲ့ ကားမောင်းနေသူကို အားပေးစကားပြောဆိုပြီး၊ လေပြေလေးနဲ့ ကားစက်နှိုး၊ ဂီယာထိုး၊ အရှိန်လျှော့ ဖြေးဖြေးမောင်း၊ အရှိန်တင် သွက်သွက်လေးမောင်း၊ ရှေ့ မှာမီးပွိုင့် မီးဝါနေတယ် အရှိန်လျှော့၊ မီးနီမှာ ရပ်၊ မီးစိမ်းပြီ သွား၊ ဘယ်ကွေ့ညာကွေ့၊ မီးအချက်ပြ၊ ရှေ့ ကားနောက်ကားကြည့်၊ ရှေ့ နားမှာရပ်၊ နောက်ဆုတ် ဘာညာပြောဆိုတဲ့ အလုပ်ပါ။  ဒီလို စိတ်အေးလက်အေး၊ စိတ်ရှည်လက်ရှည်၊ အချိန်ပေးပြီး သင်ပေးနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ကားမောင်းလေ့ကျင့်ပေးဖို့၊ ဘေးကလိုက်ထိုင်ပေးဖို့၊ ပြောပြပေးဖို့ တောင်းဆိုခံရတော့တယ်။ ဒီရဲ့  ဥပဒေတစ်ခုက သင်မောင်းလိုင်စင်နဲ့ ကားမောင်းလေ့ကျင့်သူဘေးမှာ ယာဉ်မောင်းလိုင်စင်ရှိသူ တဦးတယောက်ပါမှ ကားမောင်း လေ့ကျင့်နိုင်တယ်။ 

 

ဒီနိုင်ငံမှာ ကားမောင်းလိုင်စင်ရဖို့ ပုံမှန်အားဖြင့် အဆင့်နှစ်ဆင့် ကျော်ဖြတ်ရတယ်။ ပထမအဆင့်က သင်မောင်းလိုင်စင် (Learner Permit) အတွက် လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း လိုက်နာရမယ့် အချက်အလက်တွေကို လိုင်စင်ဌာနက တရားဝင်ထုတ်ထားတဲ့ လမ်းညွှန်စာအုပ်ကို ဖတ်မှတ်ပြီး၊ ရေးဖြေစာမေးပွဲကို လိုင်စင်ရုံးတွေမှာ ဖြေဆိုရတယ်။ အင်္ဂလိပ်စကား မကျွမ်းကျင် အားနည်းတဲ့သူတွေအတွက် အဆင်ပြေအောင်လို့ သက်ဆိုင်ရာဘာသာစကားနဲ့ ဖြေဆိုနိုင်အောင် စီစဉ်ပေးထားတယ်။ မြန်မာဘာသာစကားနဲ့ မြန်မာလူဦးရေများတဲ့ မြို့ တွေမှာ ဖြေဆိုနိုင်တယ်။ မေးတဲ့မေးခွန်းရဲ့  ၉၀-၉၅ ရာခိုင်နှုန်း အဖြေမှန်ဖြေဆိုနိုင်မှ သင်မောင်းလိုင်စင် ရတယ်။ သင်မောင်းလိုင်စင် က ယာဉ်မောင်းလိုင်စင် ဖြေဆိုဖို့အတွက် ကားမောင်းကျင့်၊ လေ့ကျင့်ပြင်ဆင်ဖို့အတွက်ဖြစ်တယ်။ ခွင့်ပြုထားတဲ့ ရက်အချိန်ကာလ ပြည်နယ်အလိုက် ကွဲပြားမှုရှိတယ်။ တချို့ ပြည်နယ်တွေမှာ တရားဝင်ဖွင့်လှစ်ထားတဲ့ ယာဉ်မောင်းသင်တန်းကျောင်းတက်ပြီး လေ့ကျင့်သင်ယူမှုတွေ လုပ်ရတယ်။ ပြည်နယ်မြို့ ရွာအနှံမှာ ကားလိုင်စင်ရုံးတွေရှိပြီး တပတ်မှာ (၆) ရက်ဖွင့်ကာ အချိန်ပြည့် ဝန်ဆောင်မှုတွေကို လုပ်ကိုင်ဆောင်ရွက်ပေးပါတယ်။ တနိုင်ငံလုံးမှာ ကားလိုင်စင်ရုံးကြီး တရုံးတည်းရှိတဲ့ ရွှေပြည်မှာလို ဘာဖိုးညာဖိုးတွေ ပေးကမ်းရ၊ ဟိုမဒီမ လုပ်စရာမလိုဘူး။ သင်မောင်းလိုင်စင်ကို အသက် (၁၆) နှစ်ပြည့်ရင် မိဘအုပ်ထိန်းသူ ထောက်ခံမှုနဲ့ လျှောက်ထားနိုင်တယ်။

သင်မောင်းလိုင်စင်နဲ့ အချိန်ပေးလေ့ကျင့်ပြီး အဆင်သင့်ဖြစ်ရင် ယာဉ်မောင်းလိုင်စင်အတွက် မောင်းဖြေ စာမေးပွဲ ဖြေဆိုနိုင်တယ်။ ကားမောင်းကျွမ်းကျင်မှုကို စစ်ဆေးသူဆရာက ဘေးကထိုင်ပြီး မြို့ အတွင်း လမ်းကျဉ်းလမ်းမတွေပေါ်မှာ တလမ်းဝင်တလမ်းထွက်၊ ဖြေးဖြေးမောင်းရတဲ့နေရာ၊ မြန်မြန်မောင်းရတဲ့နေရာ၊ ရပ်ရမယ့်နေရာ၊ မီးပွိုင့်တွေကို ဖြတ်မောင်းခိုင်းပြီး မီးဝါမှာ အရှိန်လျှော့ ရပ်လား၊ မီးနီကိုရပ်ဖို့ ပြင်ဆင်လား၊ မီးစိမ်းမှာ ပုံမှန်အရှိန်နဲ့ထွက်လား၊ ရပ်ရမယ့်နေရာ (stop sign) လမ်းစုံမှာ ရပ်လား၊ အရှိန်လျှော့ရမယ်နေရာ ကျောင်းရှေ့ ၊ ဆေးရုံရှေ့ တွေမှာ အရှိန်လျှော့လား၊ ဘယ်ကွေ့ညာကွေ့အတွက် မီးအချက်ပြလား။ နောက်ကြည့်မှန်ကနေ ကားအကျော်အတက် အသွားအလာကို ကြည့်လား စတဲ့ အခြေခံလိုက်နာရမယ့် ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာမောင်းနှင်းသလားကို ကြည့်ပြီး အမှတ်ပေးတယ်။ အဲဒီမှာ အမှားတွေလုပ် ချိုးဖောက်ရင် လိုင်စင်ရုံးကို ပြန်မောင်းခိုင်းပြီး မောင်းဖြေကျကြောင်း ပြောပြပြီး၊ ထပ်မံကြိုးစားလေ့ကျင့်ဖို့၊ ပြန်ဖြေဖို့ ပြောဆိုရှင်းပြတယ်။ လမ်းပေါ်မောင်းတာ အကုန်အဆင်ပြေ၊ အမှားအယွင်းမရှိရင် ကားရပ်နေရာမှာ သတ်မှတ်ထားတဲ့ စည်းအတွင်းကို မောင်းဝင်ပြီး ရပ်နိုင်လား။ နောက်ပြန်ဆုတ်ပြီး ကားနှစ်စီးကြားထဲ မောင်းဝင်နိုင်လားစတဲ့ နောက်ဆုံးအဆင့်တွေကို စစ်ဆေးတတ်တယ်။ အားလုံး မမှားမယွင်း မောင်းပြကျော်ဖြတ်နိုင်ရင်တော့ လိုင်စင်ရတာပေါ့။ တချို့ တော့ ပြင်ဆင်လေ့ကျင့်ပြီးဖြေတော့ တကြိမ်တည်းနဲ့အောင်ပြီး လိုင်စင်ရတယ်။ တချို့ တော့ စိုးရိမ်မှု၊ ခြေချော်လက်ချော် အမှားလုပ်မိလို့ အကြိမ်ကြိမ် ပြန်ဖြေရတာတွေရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရက်ချိန်းပြန်ယူပြီး မအောင်မချင်း ဖြေဆိုနိုင်တယ်။ ငါ ညံ့လို့တော့ မဟုတ်ဘူးနော်။ ငါ လိုက်ထိုင်ကြည့်ပေးတဲ့ တချို့ အကိုအမတွေ တနှစ်နီးပါးလောက် အကြိမ်များစွာ မလျှော့ဇွဲနဲ့ ဖြေဆိုပြီးမှ လိုင်စင်ရကြတယ်။

မင်းတို့ သိတဲ့အတိုင်း ဒီနေ့ အောတိုဂီယာထိုးကားကို မောင်းတတ်ဖို့ သိပ်မခက်ပါဘူး။ ဒါပေမဲ့ ဒီမှာတော့ လိုက်နာရတဲ့ တင်းကြပ်တဲ့ ဥပဒေစည်းကမ်းတွေက အလွန်များတယ်။ ပထမဦးဆုံး ကားမောင်းဖို့ တရားဝင် ယာဉ်မောင်းလိုင်စင်ရဖို့ အရင်လုပ်ရတယ်။ လိုင်စင်ရရင် ကိုယ်မောင်းမယ့်ကား ကိုယ့်ကားအတွက် အာမခံကြေး ဝယ်ရတယ်။ ယာဉ်တိုက်မှု ဖြစ်တဲ့အခါဖြေရှင်းဖို့၊ လျော်ကြေးငွေ ပေးဖို့ရဖို့အတွက် အာမခံကို မဝယ်မနေရ ထားရှိရတယ်။ ပြီးရင် လိုင်စင်ဖြေတုန်းက ဖတ်မှတ်ထားတဲ့ အခြေခံ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို လိုက်နာမောင်းနှင်းဖို့ လိုတယ်။ ဒီမှာက ရဲက ခရာမှုတ် အကြံအဖန်လုပ် မဖမ်းဘူး။ ဒါပေမဲ့ စည်းကမ်းဖောက်ပြီး သတ်မှတ်ထားတဲ့ အရှိန်နဲ့ မောင်းရမယ့်နေရာမယ့် အမြန်မောင်းတာ၊ အနှေးမောင်းတာဆိုရင်တော့ ဖမ်းဆီးခံရမယ်။ တားဆီးဖမ်းဆီးတဲ့အခါ “ဆရာရယ် မလုပ်ပါနဲ့၊ ဒီမှာ ဆရာအတွက်ဆိုပြီး” လာဘ်ထိုးပေးကမ်းလို့ မရဘူး။ လုပ်မိရင်တော့ အမှုတစ်မှု ထပ်တိုးမယ်။

အဆိုးဆုံးက တားဆီးအဖမ်းခံရတဲ့အချိန် အရက်သေစာ သောက်စားထားတာ၊ သောက်ထားတဲ့ အဖုံးဖွင့် အရက်ပုလင်း၊ ဘူးခွံတွေ ကားထဲမှာရှိနေရင်။ ဒါမှမဟုတ် ဆေးဝါးသုံးစွဲထားတာ၊ တရားမဝင် ဆေးဝါးတွေ ကားထဲမှာ ရှိနေတယ်ဆိုရင်တော့ အမှုကြီးတာပေါ့။ အရက်သောက်ထားတယ်ဆိုရင် ကားပေါ်က ဆင်းခိုင်းပြီး ဘယ်လောက် သောက်ထားသလဲဆိုတာကို စစ်ဆေးတယ်။ ဒီက ရဲတွေဆီမှာ အရက်ရေချိန် စစ်ဆေးတိုင်းတာတဲ့ စက်ကလေးတွေပါတယ်။ အဲဒါလေးကို ပါးစပ်ထဲထည့်ပြီး မှုတ်ခိုင်းတယ်။ အရက်သောက်နှုန်း သတ်မှတ်ထားတာထက် ကျော်လွန်ရင် ဖမ်းဆီးအရေးယူ၊ ဒဏ်ငွေရိုက်တယ်။ နောက် စစ်ဆေးတဲ့ ပုံစံတမျိုးက ကတ္တရာလမ်း မျဉ်းဖြောင့်ပေါ်အတိုင်း လမ်းလျှောက်ခိုင်းတယ်။ နောက် တခြားနည်းတွေလည်း ရှိပါတယ်။ သိတဲ့အတိုင်း ဒို့မဟာလူသားတွေက ဒီလောက် တားမြစ်ပိတ်ပင်၊  စည်းကျပ်ထားတဲ့ကြားက သောက်စားမူးယစ်ပြီး မောင်းရမ်းကြတော့ တနှစ်ကို ဒီငမူးတွေကြောင့် ကားတိုက်မှုတွေဖြစ်ပြီး လူ့အသက်ပေါင်းများစွာလည်း ဆုံးရှုံးကြတယ်။

ပြောခဲ့သလို ရဲက တားမြစ်ဖမ်းဆီးပြီး ဒဏ်ငွေဆောင်ဖို့ လက်မှတ်ပေးရင် ဒဏ်ငွေဆောင်ရမယ့် ရက်မတိုင်ခင် အွန်လိုင်း၊ ဖုန်းဆက်၊ စာတိုက်ကနေ ဒဏ်ငွေပေးဆောင်နိုင်သလို၊ ဒဏ်ငွေဆောင်ရမယ့်နေ့၊ တရားရုံးချိန်ထားတဲ့နေ့မှာ တရားရုံးကိုသွားပြီး မိမိ မမှားကြောင်း၊ ဆင်ခြေဆင်လက် အကျိုးအကြောင်းနဲ့ လျှောက်လဲနိုင်တယ်။ အဲဒီနေ့မှာ အကယ်၍ ကိုယ့်ကို ဖမ်းဆီးတဲ့ရဲ အကြောင်းအမျိုးမျိုးကြောင့် တရားရုံးကို မရောက်လာခဲ့ရင် အဲဒီဒဏ်ကြေးငွေကို ပေးဆောင်စရာ မလိုဘူး။ ဒါပေမဲ့ မိမိအပြစ်ကျူးလွန်မှုကတော့ ရဲမှတ်တမ်းထဲမှာ ရှိသွားပြီး၊ ကားအာမခံကြေးလည်း တိုးသွားတတ်တယ်။ ပြီးတော့ နောက်တကြိမ် အဖမ်းခံရရင် ရဲမှတ်တမ်းထဲမှာ အရင်ပြစ်မှုရှိနေတော့ အပြစ်ပိုကြီး ပြဿနာ ပိုများတာပေါ့။ မူးပြီးမောင်းသလို နောက် အထူးရှောင်ရမှာက မီးနီဖြတ်မောင်းတာ၊ အရှိန်လျှော့မောင်းရမယ့် စာသင်ကျောင်း၊ ဆေးရုံရှေ့ တွေမှာ အမြန်မောင်းတာ။ အခုနောက်ပိုင်းတော့ အဲဒီနေရာတွေမှာ အော်တိုရိုက်တဲ့ ကင်မရာတွေ တပ်ထားပြီး အမြန်မောင်းတဲ့ကားတွေကို ဓါတ်ပုံရိုက်ပြီး ဒဏ်ငွေပေးဆောင်ဖို့ အိမ်ကိုစာတိုက်ကနေ ရိုက်ထားတဲ့ ဓါတ်ပုံနဲ့ ဘယ်နေရာမှာ၊ ဘယ်လောက် အရှိန်နှုန်းနဲ့ မောင်းသွားတယ်ဆိုတဲ့ အချက်အလက်ပါတဲ့ စာပို့ပေးတယ်။ ပြည်နယ်အလိုက် ပေးဆောင်ရတဲ့ ဒဏ်ကြေးငွေနှုန်းကတော့ မတူဘူးပေါ့။ ကိုယ်ကားမောင်းနေပုံ အမှတ်တရ ဓါတ်ပုံလိုချင်ရင်တော့ ကင်မရာရှိတဲ့နေရာတွေမှာ အမြန်သာမောင်းကြည့် ရက်ပိုင်းအတွင်း စာတိုက်ကနေ ဓါတ်ပုံရတာပဲ။

နောက် အထူးလိုက်နာရတဲ့ စည်းကမ်းဥပဒေက ကားမောင်းနေချိန် မီးနီမီးဝါတွေဖွင့် ဥသြဆွဲပြီး မီးသတ်ကား၊ ဆေးရုံကား၊ ရဲကားတွေ ကိုယ့်ကားရှေ့ နောက်က လာနေတယ်ဆိုရင် ချက်ချင်းဘေးကပ်၊ လမ်းဘေးထိုးရပ်ပြီး သူတို့အသွားအလာကို ဦးစားပေးရတယ်။ တို့ရွှေပြည်မှာ မရှိတဲ့ အထူးခြားဆုံး လိုက်နာရတဲ့ ယာဉ်စည်းကမ်းက ကျောင်းဘတ်စ်ကားတွေ ရပ်ပြီး ကျောင်းသူ/သားတွေကို အတင်းအချ လုပ်နေချိန် ဘယ်ကားမှ ကျော်ဖြတ်ပြီး သွားခွင့်မရှိဘူး။ ကျောင်းဘတ်စ်ကားဘေးက “ရပ်” ဆိုင်ဘုတ်ကလေး ထုတ်တားထားရင် နှစ်ဘက်ယာဉ်ကျောက ကားတွေအကုန်လုံး ရပ်ပြီးစောင့်ရတယ်။ နောက်တခုက အသုဘဈာပနာကို လိုက်လံပို့ဆောင်တဲ့ ယာဉ်တန်းကိုကျော်ဖြတ်ပြီး မမောင်းရဘူး။ အသုဘဈာပနာ လိုက်ပို့ကြတဲ့ ယာဉ်တန်းက အရေးပေါ် အချက်ပြမီးတွေဖွင့်ပြီး မီးနီ၊ မီးဝါ မီးပွိုင့်အားလုံးကို ဖြတ်ပြီးမောင်းနိုင်တယ်။ သူတို့သွားနေတဲ့ ယာဉ်လမ်းကြောင်းထဲကို ရှေ့ ကြားက ဖြတ်ဝင်ပြီး မောင်းခွင့်မရှိဘူး။

အထက်မှာပြောခဲ့တဲ့ ရဲဖမ်းတဲ့ကိစ္စကို ထပ်ဖြည့်ပြောရရင် မြန်မာပြည်မှာလို မီးပွိုင့်တွေ၊ လမ်းစုံတွေမှာ ရဲဂိတ်ထိုးပြီး စောင့်ဖမ်းတာမျိုး မရှိဘူး။ ဒီမှာ လှည့်ကင်းရဲကားတွေက လမ်းဘေး တနေရာကနေ ကားမောင်းကြမ်း၊ အရှိန်တင်မောင်းကြတဲ့ ကားတွေကို စောင့်ကြည့်ဖမ်းကြတာများတယ်။ သူတို့ စောင့်ကြည့်နေတဲ့ရှေ့ က ရမ်းကားမောင်းသွားတဲ့အခါ၊ သင်္ကာမကင်း ဖြစ်တယ်ဆိုရင် နောက်က လိုက်လာပြီး အချက်ပြမီး ဥသြသံပေးပြီး လမ်းဘေးထိုးရပ်ခိုင်းတယ်။ အဲဒီအခါကြရင် ကားမောင်းသူက ကားထဲမှာနေပြီး လက်နှစ်ဖက်ကို ကားစတီယာပေါ်မှာထားပြီး ရဲအလာကို စောင့်ရတယ်။ အဲဒီအချိန်မှာ ဟိုနှိုက်ဒီနှိုက်၊ ဟိုရှာဒီရှာတာတွေ မလုပ်ရဘူး။ ကားအပြင်လက်ထုတ်တာ၊ လူထွက်တာတွေလည်း လုံးဝမလုပ်ရဘူး။ ဒီမှာက လူဆိုးလူပေတွေက သေနတ်၊ လက်နက်တွေ သယ်ဆောင်သွားလာတော့ ဒီလိုလူမျိုးတွေနဲ့ ရဲ ပက်ပင်းတိုးရင် သူတို့တတွေရဲ့  ပစ်ခတ်မှုတွေရှိတော့၊ ရပ်ခိုင်းထားတုန်း ဟိုအိတ်နှိုက် ဒီဟာထုတ် လုပ်နေရင် ရဲက အထင်မှားပြီး ပစ်ခတ်တတ်တယ်။ ဒီလို လက်နက်ကိုင် လူဆိုးလူပေတွေရဲ့  ပစ်ခတ်မှုကြောင့် တနှစ်ကို ရဲ တစ်ရာနီးပါး သေဆုံးကြတယ်။

ဒီအချက်ကတော့ အတော်လေး အန္တရာယ်ရှိတော့ ကားမောင်းသူအနေနဲ့ အတော်သတိထားရတယ်။ ရဲ အမိန့်မရမချင်း ပစ္စည်းရှာတာ၊ အပြင်ထွက်တာမျိုးတွေ မလုပ်ဖို့ ရှောင်ကြဉ်ရတယ်။ ကိုယ်မှာ မတော်တဆ လမ်းစည်းကမ်း ချိုးဖောက်တာကလွှဲရင် အရက်ဆေးဝါး သောက်စားထားခြင်း၊ လက်နက်ဘာညာ မရှိဘူးဆိုရင် ဘာမှ ပူပန်ကြောက်စရာ မလိုဘူး။ အကျိုးအကြောင်းရှင်းပြ၊ ပေးတဲ့ စာရွက်စာတမ်း၊ ဒဏ်ငွေဆောင်ဖို့ လက်ခံပြီး ခရီးဆက်နိုင်တယ်။ ရဲအရာရှိက ဆူငေါက်တာ၊ ငွေတောင်းတာ၊ ပြဿနာလုပ်တာ မရှိဘူး။ ကောင်းကောင်းမွန်မွန် ဘာကြောင့် တားမြစ်ဖမ်းဆီးရတာကို ရှင်းပြတတ်တယ်။ ကိုယ်ကလည်း ကောင်းကောင်းမွန်မွန် သိချင်တာမေး၊ ပြောတာနားထောင်၊ တောင်းတဲ့ စာရွက်စာတမ်း (လိုင်စင်၊ ကားမှတ်ပုံတင်) ပြ၊ ပေးတဲ့ ဒဏ်ငွေပေးဆောင်ရမယ့် စာရွက်စာတမ်းယူပြီး ကိုယ့်ခရီး ကိုယ်ဆက်နိုင်တယ်။

မတော်တဆ ကိုယ့်ကားနဲ့ လူတစ်ဦးတစ်ယောက်ကို တိုက်ခိုက်မှုဖြစ်ရင် တိုက်ပြီးမောင်းပြေးရင် လူသတ်မှုမြောက်၊ အပြစ်အရမ်းကြီးတယ်။ အကောင်းဆုံးက ကားရပ်ပြီး ရဲ၊ ဆေးရုံ၊ မီးသတ်ကား (ဖုန်း ၉၁၁) ကို ဆက်သွယ်အကြောင်းကြားပြီး အတိုက်ခံရသူနဲ့အတူ ရှိနေရမယ်။ အကယ်၍ လူသေသွားတောင် ကိုယ်က မသောက်စားထားဘူး။ မူးရမ်းပြီး လမ်းဘေးရပ်နေသူကို သွားတိုက်တာ မဟုတ်ဘူးဆိုရင် ဘာမှ ကြောက်စရာ စိုးရိမ်စရာ မလိုဘူး။ လမ်းပေါ်မှာရှိနေသူတွေ၊ ရပ်ကွက်ထဲကလူတွေ ထွက်လာပြီး ရိုက်တာနှက်တာ မလုပ်ကြဘူး။

မောင်းနိုင်တဲ့ အရှိန်နှုန်းတွေအကြောင်း ပြောရရင် ပြည်နယ်အလိုက် အနည်းငယ် ကွာခြားပေမယ့် ပုံမှန်အားဖြင့်တော့ လူနေမြို့ ရွာ လမ်းတွေပေါ်မှာတော့ တစ်နာရီကို ၂၀-၄၀ မိုင်နှုန်း၊ ကျောင်းရှေ့ ဆေးရုံရှေ့ တွေမှာဆိုရင် ၁၅-၂၅ မိုင်နှုန်း၊ မြို့ ပတ်လမ်း (beltway, interstate highways) တွေမှာဆို ၅၅-၆၀ မိုင်နှုန်း၊ အဝေးပြေးလမ်းမကြီး (highways) တွေမှာဆို ၆၅-၇၀ မိုင်အထိ မောင်းနိုင်တယ် (လူဦးရေ အလွန်နည်းတဲ့ အိုင်ဒါဟို (Idaho) နဲ့ မွန်တားနား (Montana) ပြည်နယ် လမ်းမကြီးတွေမှာတော့ ၇၅-၈၀ မိုင်အထိ မောင်းနိုင်တယ်)။ တကယ်တော့ အဝေးပြေးလမ်းမကြီးတွေပေါ်မှာ တစ်နာရီကို ၆၅-၇၀ မိုင် သတ်မှတ်ထားပေမယ့် ကားရှင်းလမ်းရှင်းရင်တော့ အနည်းဆုံး ၇၅ မိုင်လောက်ထိ မောင်းနိုင်ပါတယ်။ မင်းတို့ ရုပ်ရှင်တွေထဲ၊ သတင်းတွေထဲမှာ တွေ့ဖူးမြင်ဖူးသလိုပဲ အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံထက် အဆပေါင်း (၄၀) ဆကျော်ကြီးပြီး တနိုင်ငံလုံးကိုဖြတ်ပြီး ကားမောင်းပြီး သွားလာနိုင်တယ်။ လူသူနည်းတဲ့ အထက်မြောက်ပိုင်း တောတောင်ထူထပ်တဲ့ ပြည်နယ်တွေ၊ နယ်စပ်မြို့ ရွာအစွန်းအထိ ကားနဲ့ ကောင်းကောင်းသွားနိုင်တဲ့ ကတ္တရာ လမ်းတွေ အပြည့်ရှိတယ်။

ကားလမ်းတွေနဲ့ ဆက်နွှယ်ပြီး ပေရှည်ပြောချင်တာက နှစ်စဉ် အလွန်အေးတဲ့ နှင်းရေခဲတဲ့ ဆောင်းရာသီ၊ ပူပြင်းတဲ့ နွေရာသီ၊ ရေကြီးတဲ့ မိုးတွင်းကာလတွေမှာ လမ်းတွေ၊ တံတားတွေ ပျက်စီးနိုင်ပေမယ့် ပြည်သူတွေဆီက ကောက်ခံထားတဲ့ အခွန်ဘဏ္ဍာတွေကို ပြည်နယ်အလိုက် ခွဲဝေသုံးစွဲပြီး ပြုပြင်ပြင်ဆင် တည်ဆောက်ရေးတွေကို အချိန်နဲ့ တပြေညီ လုပ်ကိုင်ဆောင်ရွက်တာကို တွေ့နိုင်တယ်။ ဒါကြောင့် တနိုင်ငံလုံးမှာရှိတဲ့ လမ်းတွေက အချိန်ပြည့် ကောင်းမွန်နေတယ်။ အမေရိကန်ပြည်ထောင်စုက တကယ်တော့ ရာသီဥတု အလွန်ဆိုးဝါးတဲ့ တိုင်းနိုင်ငံဖြစ်တယ်။ နှစ်စဉ် ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ တောမီးတွေ အကြီးအကျယ်လောင်တယ်။ မိုးတွင်းကာလမှာ မုန်တိုင်းကျတယ်၊ ရေကြီးမြေပြိုတာတွေ ရှိတယ်။ ဆောင်းတွင်းမှာ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေကျတယ်။ ဒါပေမဲ့ အစိုးရက တာဝန်အပြည့်ယူပြီး ကြိုတင်ကာကွယ်မှုတွေ၊ ကယ်ဆယ်ရေးတွေ၊ ပြန်လည်ထူထောင်ရေးတွေကို လုပ်ပေးပြီး ဆက်သွယ်ရေးလမ်းကြောင်းတွေလည်း ဘယ်တော့မှ ရပ်တန့်မသွားခဲ့ဘူး။

နောက်တခု ဖြည့်ပြောချင်တာက … မင်းတို့ ရုပ်ရှင်တွေထဲမှာ တွေ့ဖူးမြင်ဖူးကြတဲ့ ရှည်လျားကြီးမားတဲ့ တံတားကြီးတွေအကြောင်းပါ။ ဒီနိုင်ငံမှာ တံတားပေါင်း (၆) သိန်းကျော်ရှိတယ်။ အထင်ကရ တံတားကြီးတွေကတော့ နယူးရော့မြို့ ကို ပတ်စီးနေတဲ့ ဟက်ဒ်ဆန်မြစ် (Hudson river) ကို ဖြတ်ကျော်တည်ဆောက်ထားတဲ့ အရှည် (၅၉၈၈) ပေရှည်တဲ့ ဘရုတ်ကလင် ကြိုးတံတား (Brooklyn Bridge)၊ အရှည် (၄၇၅၇) ပေရှည်တဲ့ ဂျော့ခ်ျ ဝါရှင်တန် ကြိုးတံတား (George Washington Bridge)။ ဒဲလ်ဝဲယားပြည်နယ် နဲ့ နယူးဂျာစီ ပြည်နယ်ကို ဆက်ထားတဲ့ အရှည် (၁၀၇၉၆) ပေရှည်တဲ့ ဒဲလ်ဝဲယား အထိမ်အမှတ်တံတားကြီး (Delaware Memorial Bridge)၊ မယ်ရီလန်းပြည်နယ်က အရှည် (၅) မိုင်ရှည်တဲ့ ချက်စပိခ် ပင်လယ်ကွေ့ တံတားကြီး (Chesapeake Bay Bridge)၊ ဆန်ဖရန်စစ္စကိုက အရှည် (၄၂၀၀) ပေရှည်တဲ့ ရွှေတံခါးကြိုးတံတားကြီး (Golden Gate)၊ ဖလော်ရီဒါပြည်နယ် က (၇) မိုင်တံတား (Seven Mile Bridge) တွေကို ဟိုရှေ့ ပဝေသဏီ (မင်းတုန်မင်းလက်ထက်) ခေတ်ကာလထဲက တည်ဆောက်ခဲ့ကြတာ။ မိုင် (၃၀၀၀) ကျော် ရှည်လျားတဲ့ အရှေ့ -အနောက် နဲ့ မိုင် (၂၀၀၀) နီးပါး ရှည်လျားတဲ့ မြောက်-တောင် အဝေးပြေး အပြိုင်လမ်းမကြီးတွေကိုလည်း ဘယ်သမ္မတ၊ ဘယ် အစိုးရ၊ ဘယ်ခေါင်းဆောင်ကမှ ငါတို့ တည်ဆောက်ခဲ့တာဆိုပြီး မာန်တက်ကြွားဝါ ပြောဆိုမနေကြဘူး။ ဒါတွေက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားကူးသန်ရောင်းဝယ်ရေး၊ လမ်းပန်းဆက်သွယ်ရေးအတွက် တိုင်းပြည်အုပ်ချုပ် အစိုးရတွေ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အလုပ်။

ကားအကြောင်း စကားပြန်ဆက်ရရင် တိုင်းပြည်ကကြီး၊ တမြို့ တပြည်နယ် အလွယ်ကူးသန်းသွားလာနိုင်ဖို့ လူ (အိမ်) တိုင်းနီးပါး ကားတစီးလောက်တော့ ရှိကြရတယ်။ ကားပိုင်ဆိုင်ဖို့ကလဲ သိပ်တော့မခက်ပါဘူး။ ကိုယ့်မှာ ပုံမှန်ဝင်ငွေရှိတယ်။ အကြွေးကင်းတယ်။ ဘဏ်တွေက ငွေချေးခွင့်ရရင် ကြိုက်တဲ့ကား (ကားသစ်ကားဟောင်း) ကို ဝယ်ယူနိုင်တယ်။ အရေးကြီးတာက ကိုယ့်မှာ လစဉ်ပေးသွင်းဖို့ ပုံမှန်ဝင်ငွေရှိပြီး၊ ကိုယ်ငွေအပ်၊ ငွေစုထားတဲ့ဘဏ် (ငွေချေးနိုင်တဲ့ တနေရာ) က ငွေချေးနိုင်ရမယ်။ ဒီမှာပြောတဲ့ စကားတခုက ခရက်ဒစ် (Credit) ကောင်းရင် ရောင်းသမျှ ဘာမဆို ဝယ်နိုင်တယ်တဲ့။ ဆိုလိုတာက အကြွေးဝယ်ကဒ်ပြားတွေနဲ့ ပစ္စည်းဝယ်ပြီး အချိန်တန် မပျက်မကွက် ငွေပြန်ဆပ် ငွေပြန်သွင်းတယ်။ အိမ်လခ၊ ကားဖိုး၊ မီးဖိုးရေးဖိုး၊ ဖုန်းဖိုးတွေ အချိန်မီ ပေးသွင်းတယ်။ အလွယ်ပြောရင် ချေးထားတဲ့ ငွေတွေကို သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်း ပြန်ဆပ်တယ်ဆိုရင်တော့ ခရတ်ဒစ် ကောင်းတယ်လို့ ပြောလို့ရတယ်။ အဲဒီလိုဆိုရင် ဘဏ်က အတိုးနဲ့ငွေချေးပြီး ကားဝယ်လို့ရတယ်။ အိမ်ဝယ်လို့ရတယ်။ ရောင်းတဲ့ပစ္စည်းမှန်သမျှ အကုန်ဝယ်လို့ရတယ်။ ဒါကြောင့် ဒီမှာနေကြတဲ့ ရွှေတွေ ရောက်ပြီးသိပ်မကြာ အလုပ်အကိုင်ရှိ၊ ဝင်ငွေရှိတာနဲ့ ကားပိုင်၊ အိမ်ပိုင်ကြတယ်ဆိုတာ သိပ်တော့မဆန်းဘူး၊ အများစုက ခရက်ဒစ်နဲ့ ဝယ်ထားကြတာ။ ရွှေပြည်မှာလို့ တခါတည်း သိန်းပေါင်းများစွာ ပေးစရာမလိုတော့ ဝယ်နိုင်ကြတာပေါ့။ အတိုးမပေးချင်၊ ငွေချေးငွေသွင်း မရှုပ်ချင်လို့ ချက်ချင်းငွေချေပြီး ပစ္စည်းပစ္စယတွေကို ဝယ်နိုင်ဝယ်ချင်ရင်လည်း ဝယ်လို့ရတယ်။ ဒီမှာတော့ အကြွေးကင်းတဲ့လူ မရှိဘူး။ ကားမောင်းသင်၊ ကားလိုင်စင်၊ ကားပိုင်ဆိုင်မှု ပြောရင်နဲ့ ငွေကြေးကိစ္စရောက်သွားတယ်။ ငွေကြေးကိစ္စအကြောင်း ထပ်ပေရှည်နေရင် ပြီးမှာမဟုတ်တော့ဘူး။ နောက်မှ ငွေကြေးကိစ္စကို အသေးစိတ် ဆက်ပြောကြတာပေါ့။

 

ပြောခဲ့သလို ဒီမှာက တနေရာနဲ့တနေရာ အလှမ်းဝေးတော့ ကားရှိမှ အလုပ်ဖြစ်တယ်။ ဘတ်စ်ကား၊ မီးရထားလမ်းကြောင်းတွေ ရှိပေမယ့် နေရာတိုင်းမရောက်၊ သူ့အချိန်ဇယားနဲ့ သွားတော့ အမြဲတမ်း အဆင်မပြေလှဘူးပေါ့။ တက္ကစီ စီးမယ်ဆိုရင်လဲ ခရီးဝေးစီးမယ်ဆိုရင် အရမ်းဈေးကြီးတယ်။ နောက်ဆုံး ကားလေးတစီးလောက်ရှိမှ ဟိုနားဒီနားသွားဖို့၊ ဈေးဝယ်၊ ခရီးသွား၊ အလည်အပတ်အတွက် အဆင်ပြေတော့ ဝယ်ကြရတာပေါ့။ အခုနောက်ပိုင်း မြို့ ကြီးတွေမှာ စက်ဘီးစီးသူတွေ အတော်များလာတယ်။ စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းကြောတွေ ထားရှိပေးတယ်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ကျန်းမာရေးအတွက် လူတွေကို စက်ဘီးစီးဖို့ တိုက်တွန်းလှုံဆော်ကြတယ်။

မြို့ အပြင်ဘက်ပိုင်း အိမ်ပိုင်ခြံဝန်းနဲ့ နေရင်တော့ ကိုယ့်အိမ်ခြံအတွင်းမှာ ကားရပ်ဖို့နေရာ (ကားဂိုဒေါင်၊ ကားဝင်လမ်း) ရှိရမယ်။ ကိုယ့်အိမ်ရှေ့  သတ်မှတ်ပေးထားတဲ့ လမ်းဘေးစပ်မှာလည်း ကားရပ်ထားလို့ရတယ်။ မြို့ ကြီးမြို့ လယ်ခေါင်တွေမှာတော့ ခက်တယ်။ ကိုယ့်တိုက်ခန်းရှေ့  လမ်းမပေါ်မှာ ရပ်ခွင့်မရှိဘူး။ ကိုယ့်အဆောက်အဦး အထဲ၊ မြေအောက်မှာရှိတဲ့ ကားရပ်ဖို့နေရာတွေမှာ ရပ်ရတယ်။ ဈေးကြီးတဲ့နေရာ၊ မြို့ လယ်တိုက်ခန်းတွေမှာ ကားရပ်ခအတွက် ငွေပိုပေးရတယ်။

အပြင်ထွက်သွားလာတဲ့အခါ ကားကို လမ်းပေါ်လမ်းဘေး တွေ့တဲ့နေရာ၊ လစ်တဲ့နေရာမှာ ရပ်ချင်သလို ရပ်လို့မရဘူး။ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ ရုံးတွေ၊ ကျောင်းတွေဆိုရင်တော့ သတ်မှတ်ထားတဲ့ ကားရပ်နားရမယ့် နေရာတွေရှိတယ်။ အဲဒီ ကိုယ်သွားတဲ့နေရာအတွက် သီးသန့်သတ်မှတ်ထားတဲ့ နေရာတွေမှာ ရပ်နိုင်တယ်။ ဥပမာ – ထိုင်းစားသောက်ဆိုင် သွားပြီး၊ တခြားဆိုင်ရှေ့ ၊ လမ်းတွေပေါ်မှာ သွားရပ်ထားလို့ မရဘူး။ တချို့ နေရာတွေမှာတော့ ကားရပ်နားခပေးပြီး ရပ်နားနိုင်တယ်။ မြို့ လယ်နဲ့ လူစည်းကားတဲ့ နေရာတွေမှာတော့ အခကြေးငွေပေးပြီး ရပ်နိုင်တဲ့ ကားဂိုဒေါင်၊ ကားရပ်နိုင်တဲ့နေရာတွေ ရှိတယ်။ တစ်နာရီ ဘယ်လောက်၊ တနေုကုန် (မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ) ဘယ်လောက်၊ ညအိပ်ထား ဘယ်လောက်၊ တစ်ပတ်၊ တစ်လ ဘယ်လောက်ဆိုပြီး ဈေးနှုန်းအမျိုးမျိုးရှိတယ်။ မြို့ ကြီးတွေဖြစ်တဲ့ နယူးရော့၊ အဲလ်အေ၊ ဆန်ဖရန်စစ္စကို၊ ချီကာဂို၊ ဝါရှင်တန်ဒီစီတွေမှာဆို ကားရပ်ခက အတော်ဈေးကြီးတယ်။ ပြောချင်တာက ဘယ်သူဘယ်ဝါဆိုပြီး ကားကို ဟိုထိုးဒီရပ် ထားခဲ့လို့မရဘူး။ ရပ်ခွင့်မပြုထားတဲ့ လမ်းဘေးနေရာတွေမှာ ရပ်ထားရင်၊ ကားရပ်မီတာခ မဆောင်ဘဲ ပိုက်ဆံမထည့်ဘဲ ရပ်ထားရင် ဒဏ်ငွေရိုက်၊ ကားဆွဲသိမ်းခံရမယ်။ ဒီလိုနည်းနဲ့ လမ်းတွေရဲ့  ပိတ်စို့မှုကို တနည်းတလမ်း ရှင်းလင်းထိန်းချုပ်တဲ့ သဘောပေါ့။

လမ်းပိတ်စို့မှုကို ရှင်းတဲ့ တခြားနည်းလမ်းတွေမှာ ကားများကားကြပ်တဲ့ မြို့ ကြီးတွေမှာဆိုရင် မနက်ပိုင်း အလုပ်သွားချိန်၊ ညနေပိုင်း အလုပ်ဆင်းချိန်မှာ မြို့ ပတ်လမ်းမကျယ်ကြီးတွေပေါ်မှာ အမြန်မောင်းနိုင်တဲ့ HOV (High Occupancy Vehicle) ခေါ် အထူးသီးသန့်လမ်းကြောတွေ ရှိတယ်။ အဲဒီလမ်းကြောပေါ် မောင်းဖို့ ကားတစီးပေါ်မှာ အနည်းဆုံး ခရီးသည် (၃) ယောက် လိုက်ပါရတယ်။ ဝါရှင်တန်ဒီစီမှာတော့ အလုပ်ရုံးတွေကို ကားမောင်းသွားတဲ့လူတွေက အဲဒီ အမြန်လမ်းကြောင်းပေါ်က မောင်းချင်လို့ သူတို့ အလုပ်နဲ့အိမ် ခရီးလမ်းကြောင်းအတိုင်း သွားကြတဲ့ တခြားခရီးသည်တွေကို ခေါ်တင်ပြီး သွားကြတယ်။ ဒို့ရုံးက အရာရှိတွေဆို အဲဒီနည်းအတိုင်း သွားလာကြတယ်။ ငါ ကိုယ်တိုင်လည်း ရုံးက လုပ်ဖော်ကိုင်ဖက် တစ်ယောက်နဲ့ အလှည့်ကျ သူ့ကားငါ့ကား မောင်းပြီးသွားကြတယ်။ ပြီးတော့ ရုံး/ကျောင်းတက်ချိန်၊  ရုံး/ကျောင်းဆင်းချိန်တွေမှာ လမ်းပြရဲတွေက လမ်းတွေကို တစ်လမ်းမောင်း၊ နှစ်လမ်းမောင်း လိုအပ်သလို အချိန်နဲ့ကိုက် ဖွင့်ပိတ်ပြီး လမ်းပိတ်မှုကို ဖြေရှင်းပေးကြတယ်။ နောက်ပြီးတော့ ဘယ်အရာရှိ ဘယ်လူကြီးမှ တီတီတော်တော်၊ တဝီဝီနဲ့ ကားတွေကို ဗိုလ်ကျရပ်ခိုင်းပြီး သွားကြလာကြတာ မလုပ်ကြဘူး။

ကား ဘယ်လောက်မောင်း ဖြစ်သလဲဆိုရင် ဒီမှာ နေလာတဲ့ ဆယ်စုနှစ်အတွင်းမှာ အလုပ်ရုံး ရက်ရှည် ပိတ်ရက်တွေမှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ မိုင်ပေါင်းများစွာဝေးတဲ့ နေရာတွေကို အပန်းဖြေခရီးတွေတာ၊ တခြားပြည်နယ် မြို့ ရွာတွေမှာ နေထိုင်ကြတဲ့ သူငယ်ချင်း အသိမိတ်ဆွေတွေဆီ သွားလည်ကြတဲ့အခါ ကားမောင်းသွားရတယ်။ အမေရိကန် အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားကနေ အရှေ့ ဘက်ခြမ်း ဝါရှင်တန်ဒီစီကို တနေ့ (၁၀) နာရီကျော်၊ (၅) ရက်ဆက်တိုက် မိုင် (၃၀၀၀) ကျော်ခရီး ကားမောင်းဖူးတယ်။ ဝါရှင်တန်ဒီစီကနေ မိုင် (၁၀၀၀) ကျော်ဝေးတဲ့ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့ ကိုလည်း ကားမောင်းသွားဖူးတယ်။ အမေရိကန်နိုင်ငံ တနိုင်ငံလုံးနီးပါးကို ကားနဲ့ လျှောက်လည်ဖူးတော့ ကားမောင်းရတာကို ကြိုက်တယ်။ လမ်းတွေကောင်း၊ ခရီးတလျှောက် ကြည့်နိုင်တဲ့ လှပတဲ့ ရှုမျော်ခင်းတွေ၊ အဆင်ပြေစွာ နားနိုင်စားသောက်နိုင်တဲ့ နေရာတွေ၊ တည်ခိုခန်းတွေနဲ့ သက်တောင့်သက်သာ သွားလာနိုင်တော့ မိုင်ပေါင်းများစွာ ပြည်နယ်မြို့ ရွာတွေဖြတ်ပြီး လူတိုင်း ကားမောင်းပြီး ခရီးထွက်ကြတယ်။

ပြောမယ်ဆိုရင် ကားကို ကျွမ်းကျွမ်းကျင်ကျင် မောင်းနိုင်တယ်လို့ ပြောလို့ရတယ်။ ဒီနိုင်ငံမှာ ချမှတ်ပြဌာန်းထားတဲ့ မျှတတိကျသော စည်းကမ်းဥပဒေ (ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း) တွေကို နိုင်ငံသားကောင်းတစ်ဦးအနေနဲ့ သတိထားလိုက်နာလို့ ဒီနေ့အထိ ကားမောင်းကြမ်းလို့၊ မီးနီဖြတ်မောင်းလို့၊ အရှိန်နဲ့ မောင်းလို့၊ ယာဉ်စည်းကမ်း မလိုက်နာလို့စတဲ့ ရဲဖမ်းခံရတာ၊ ဒဏ်ငွေဆောင်ရ၊ တရားရုံးသွားရတာတွေ ဘာညာ မရှိခဲ့ဘူး။ ကြွားတယ်လို့တော့ မထင်လိုက်နဲ့ ပြောချင်တာက စည်းနဲ့ကမ်းနဲ့ လိုက်နာမောင်းခဲ့တော့ ခေါက်ရိုးကျိုးပြီး နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ မွေးဌာနေ ရန်ကုန် ပြန်ရောက်တော့ ကားမောင်းပြီး ဟိုသွားမယ် ဒီသွားမယ်ဆိုတဲ့စိတ် ကြက်ပျောက်ငှက်ပျောက်ဖြစ်ကာ၊  မင်းတို့တွေ့တဲ့အတိုင်း ကိုယ်တိုင်မောင်း မပြောနဲ့ သူများမောင်းပို့တာကို လိုက်စီးရတာတောင် ရင်တုန်ပန်းတုန်နဲ့ အတော်လေး ထိတ်ထိတ်လန့်လန့် ဖြစ်ခဲ့ရတယ်။

 

မပြန်ခင် သူငယ်ချင်းတချို့ ကို ပြောခဲ့တာကို ပြန်ပြောရရင် မြန်မာနိုင်ငံကို ပြန်ရောက်တဲ့နေ့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရသလို မင်္ဂလာဒုံလေဆိပ်ကနေ အိမ်သွားလမ်းတလျှောက်မှာ ဟိုကျော်ဒီဖြတ်၊ မီးနီမီးဝါ ဖြတ်သွားတဲ့ကား၊  လမ်းကူးလာတဲ့ လူအုပ်စု၊ ပလက်ဖောင်းမဲ့ လမ်းဘေး၊ လမ်းလယ်ပေါ် ဘေးမကြည့် ရှေ့ နောက်မကြည့် လျှောက်နေသူတွေ၊ အရပ်ရှစ်မျက်နှာက ဖြတ်ဝင်လာတဲ့ စက်ဘီး၊ ဆိုက်ကားတွေကို ညီငယ်ကတော့ ကျွမ်းကျွမ်းကျင်ကျင် ရှောင်တိမ်ကျော်ဖြတ် သူ့အထာနဲ့သူ မောင်းနေပေမယ့် ငါမှာတော့ ခေါင်းတွေမူးနောက်၊ ရင်တထိတ်ထိတ်နဲ့ နှလုံးရောဂါ ရသလို ခံစားရတယ်။ တောသား မြို့ ရောက်သလို တအံ့တသြ၊ ရင်ခုန်သံ တဒုန်းဒုန်းနဲ့ ဇောချွေးတွေပြန်လို့ – ခြေတွေလည်းညောင်း (ဘရိတ်အုပ်နေရလို့)၊ စကားမပြောနိုင်၊ ဘေးပတ်ဝန်းကျင် မခံစားနိုင် ဖြစ်ခဲ့ရတယ်။ နောက်နေ့တွေ ကားမောင်းဖို့ မပြောနဲ့ ပလက်ဖောင်းမဲ့ လမ်းတွေပေါ် လမ်းလျှောက်တော့လည်း နောက်ကျောမလုံ။ လမ်းကူးရတော့လည်း မီးနီမီးဝါ အရှိန်မလျှော့ ဖြတ်မောင်းလာတဲ့ကားကို ကြောက်လန့်ရ၊ လူကူးမျဉ်းကြား ရှာမရနဲ့ လူတွေလမ်းကူးဖို့ ရပ်မပေးတဲ့ ကားတွေကို တမေ့တမော စောင့်ရ၊ ပြေးရလွှာရ၊ ကားကြိုးကားကြားထဲ ဖြတ်ကူးရနဲ့ (၂၅) နှစ် ဝေးခဲ့တဲ့အဖြစ်က ကမ္ဘာသစ်ကို ရောက်နေသလို ခံစားရတယ်။

 

 “ရောမ ရောက်ရင် ရောမလိုကျင့်” ဆိုတဲ့ ဆိုစကားအတိုင်း ပြုကျင့်ပေါ့လို့ ပြောတဲ့ မြန်မာပြည် ပြန်ရောက်ပြီး … သူကိုယ်တိုင် မကြိုက်ပေမဲ့ အများပြုကျင့်နေတဲ့အတိုင်း ရေစီးမျောလိုက်နေတဲ့ အသိမိတ်ဆွေကို အားနာနာနဲ့ ပြန်ပြောမိတာက ဒီဖက်နိုင်ငံမှာ ပညာသင် မျက်စိပွင့် နားပွင့်ခဲ့ပြီး၊  ကိုယ့်အတွက် အများအတွက် အကျိုးမရှိတဲ့ မကောင်းမှုတွေကို အတုမခိုး၊ လိုက်မလုပ်ဘဲ၊ လွတ်လပ်မျှတတဲ့ တရားဥပဒေ စည်းမျဉ်းစည်းကမ်းတွေ၊ လုပ်ပုံကိုင်ပုံတွေကို သဘောကျ၊ အားကျ လေးစားလိုက်နာ ကျင့်ကြံခဲ့ပြီးမှ ပျက်စီးနေတဲ့ ရောမပြည်ကြီး ပြန်ရောက်တော့ အဲဒီမှာရှိတဲ့ လုပ်ပုံကိုင်ပုံတွေအတိုင်း ပြောင်းလဲ လိုက်မလုပ်နိုင်ဘူးလို့။ အဲဒီလို စဉ်းစဉ်းစားစား ပြောခဲ့ပြီး ကားမောင်းဖို့ကို လက်လျှော့ခဲ့တယ်။

 

မင်းတို့အားလုံး သိတဲ့အတိုင်း ရန်ကုန်မြို့ မှာ နေချင်းညချင်း ကာတွေကြပ်လာတာ အစိုးရ၊ တိုင်းအုပ်ချုပ်ရေး နဲ့ မြို့ နယ်အုပ်ချုပ်ရေးမှုးတွေရဲ့  လုပ်ချင်သလိုလုပ်ကိုင်တဲ့ ဗရမ်ဗတား စီမံကိန်းတွေကြောင့်ဆိုတာ သူတို့ မငြင်းနိုင်ဘူး။ အခြေခံ ဆက်သွယ်ရေး အဆောက်အအုံ လမ်းတံတား မီးပွိုင့်တွေကို စနစ်တကျ ဦးစွာပြင်ဆင်၊ ချဲ့ ထွင်မတည်ဆောက်။ လမ်းစည်းကမ်း ယာဉ်စည်းကမ်း နည်းဥပတွေကို တိတိကျကျ မှန်မှန်ကန်ကန် ပြန်လည်မရေးဆွဲ၊ ပြဌာန်းမှုမရှိဘဲ သူတို့လက်ဝေခံတွေကို ကားတင်သွင်းခွင့် လိုင်စင်တွေ ထုတ်ပေးလိုက်တော့ နိုင်ငံတကာက ကားမျိုးစုံ ရန်ကုန်မြို့  လမ်းတွေပေါ်ရောက် ယာဉ်ပိတ်စို့မှုတွေ၊ တိုက်ခိုက်မှုတွေ၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ကုန်တာပေါ့။ 

တကယ်ပါ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ကြတဲ့ နိုင်ငံခြားသား အသိမိတ်ဆွေတွေက “မြန်မာနိုင်ငံသူနိုင်ငံသားတွေက အလွန်ချစ်ခင်ဖို့ကောင်းတယ်။ သဘောရိုး သဘောကောင်းကြတယ်။ ယဉ်ကျေး ပျူငှာတယ်။ စေတနာကောင်း ဖြူစင်ကြတယ်။ ဒါပေမဲ့ အုပ်ချုပ်သူတွေရဲ့  လုပ်ရပ်ကတော့ မယုံနိုင်လောက်အောင် ညံ့ဖျင်းတယ်၊ အမျှော်အမြင်နည်း၊ အမြင်ကျဉ်းမြောင်းကြတယ်။ တိုင်းပြည်က ချမ်းသာပြီး ကိုယ့်ကျိုးကြည့် အုပ်ချုပ်သူတွေကြောင့် ပြည်သူတွေ မဆင်းရဲသင့် မကြပ်တည်းသင့်ဘဲ နေနေရတာကို တွေ့ရတော့ ဝမ်းနည်းကြောင်း ပြောဆိုကြတယ်။ 

 

သူတို့ပြောတာ မလွန်ပါဘူး။ အခုအချိန်ကာလအထိ ဘာမှတိုးတက်ပြောင်းလဲမှု မရှိတဲ့ နယ်တောမြို့ ရွာတွေကို ထားလိုက်တော့။ အလွယ်ပြုပြင် ပြန်လည်တည်ဆောက်နိုင်တဲ့ လက်ရှိ ရန်ကုန်မြို့  အနေအထား၊ အခြေအနေကိုကြည့် … တိုင်းပြည်နိုင်ငံသားအကျိုး သိပ်ကြည့်တဲ့ မင်းလုပ်သူတွေက ငါတို့တော့ နေရာသစ်မှာ အကောင်းစားတွေနဲ့ သွားနေတော့မယ်။ မင်းတို့ဘဝနဲ့ မင်းတို့ဆိုပြီး ပစ်သွားတဲ့ မြို့ ပျက်ကြီးကို အာဏာရ သက်ဆိုင်ရာ တိုင်းမြို့ နယ် အုပ်ချုပ်သူတွေက ဒီနေ့အထိ စနစ်တကျ ပြုပြင်မတည်ဆောက်နိုင်တော့ ဒီလို ဖရိုဖရဲ၊ စိတ်ပျက်စရာ ကောင်းတယ်လို့ ပြောရတာပေါ့။ ဒါကြောင့် အဆင်ပြေသလို အများ မိုးခါးရေသောက် နေထိုင်သွားလာပေါ့လို့ ပြောဆိုချက်ကို ငြင်းဆိုပြီး ကားမမောင်းခဲ့တာ (မင်းတို့) သူများမောင်းပေးတာကို အခန့်သာ စီးချင်လို့မဟုတ်ပါဘူး။ ရောက်ခဲ့တဲ့ ရောမပြည်ရဲ့  ဗလုပ်ရှုပ်ထွေး နားလည်ဖို့ ခက်ခဲတဲ့ စည်းကမ်းဥပဒေတွေအတိုင်း လိုက်မပျက်ချင်လို့ပါ။ နောက်တခေါက် ပြန်ရောက်ခဲ့ရင် တိုးတက်ကောင်းမွန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ရှိနေရင်တော့ မင်းတို့တတွေကို မြို့ အနှံ ကားမောင်းလိုက်ပို့ပေးပါမယ်။ 

 

တော်ပြီကွာ။ ပြောချင်တာတွေ ပေရှည်ဆက်ရေးနေရင် လုံးချင်းဝထ္ထုစာအုပ် ဖြစ်တော့မယ်။ နောက်မှ တခြားပြောချင်တဲ့ အကြောင်းအရာတွေ ဆက်ပြောကြတာပေါ့။ တို့နိုင်ငံသူနိုင်ငံသားတွေ နှစ်သစ်မှာ ကြပ်တည်မှုအပေါင်းမှ လွတ်ကင်းလွတ်မြောက်နိုင်ကြပြီး၊ ရွှင်လန်းချမ်းမြေ့ကြပါစေ။

 

မင်းတို့ရဲ့ 

 

ဇွန်မိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်