ငြိမ်းချမ်းအေး – ကျနော် မန်ယူပရိသတ် ဖြစ်ရခြင်း အကြောင်း

January 30, 2015

 

ငြိမ်းချမ်းအေး – ကျနော် မန်ယူပရိသတ် ဖြစ်ရခြင်း အကြောင်း

(မိုးမခ / သည်လေဒီးစ်နယူးစ်) ဇန်န၀ါရီ ၃၀၊ ၂၀၁၅

ပညာစိမ်းလန်းရေး အတွေးများ (၂)

သူ့ခေတ်၊ ကိုယ့်ခေတ် နောက်ခံ စနစ် ကွာခြားပုံကနေ လူငယ်ဘဝတွေ မတူညီပုံ၊ အရည်အသွေး၊ စံတန်ဖိုးတွေ ကွဲပြားပုံ ကို အရင် ရေးဖူးတဲ့ မိုးမခ ဆောင်းပါးဟောင်း ကို မူတည်ပြီး အရင်တပတ်က ပြည်တွင်း ဂျာနယ်မှာ ပုံနှိပ်ဖြစ်ခဲ့ပါတယ်။  ဒါကို ပညာစိမ်းလန်းရေး အတွေးများ (၂) အနေနဲ့ မိုးမခ စာဖတ်ပရိသတ်အတွက် ပြန်လည် တင်ဆက်ချင်ပါတယ်။

မိုးမခ ဝိုင်းတော်သား စာရေးသူများထဲမှာ ကျနော် ညွှန်းဆိုတဲ့ “သူ့ခေတ်” ကို ကောင်းကောင်းမီခဲ့သူတွေ ရှိပါတယ်။  ဥပမာ – ဆရာ မောင်အောင်မွန် (ဦးဝင်းအောင်ကြီး VOA)၊ ဆရာ ဒေါက်တာမောင်မောင်ကြီး၊ ဆရာ ဦးခင်မောင်စော (ဘာလင်) အစရှိတဲ့ လူကြီးများ (လူကြီး စာရေးသူ နာမည်များ ကျန်ပါဦးမယ်) ဒီလို ပညာရပ်ဝန်း စိမ်းလန်းမှု မတူညီမှု အကျိုးဆက်တွေ အကြောင်း ပိုမိုရေးသား ဆွေးနွေးပေးနိုင်ရင် ကျနော်တို့ လူငယ်များနဲ့ စာဖတ်ပရိသတ်အတွက် တန်ဖိုးရှိပါတယ်။  အခြား မိုးမခ စာဖတ်ပရိသတ်များရဲ့ အတွေးအမြင်၊ အတွေ့အကြုံများလည်း ပြန်လည် မျှဝေကြပါ၊ မှတ်ချက်ပြု ကြပါ။  ဖတ်ချင်ပါတယ်။

××××××××

ခင်ဗျားက မန်ယူပရိသတ်လားလို့ အမေးခံရတိုင်း ကျောက်ဘီလူး (ဦး) တင်မောင်ဆွေကို သတိရတယ်။  ဟိုးအရင် ဘီဘီစီရေဒီယို အားကစားကဏ္ဍမှာ (ဦး) တင်မောင်ဆွေ (မဆုံးခင်)၊ (ဦး) ခင်မောင်ထွေး(ပျဉ်းမနား) တို့ အပတ်စဉ် အင်္ဂလိပ်ပရီမီးယားလိဂ် အကြောင်း ဆွေးနွေးကြတယ်။  ဆရာကျောက်ဘီလူးကြီးကတော့ အမြဲတမ်း မန်ယူထောက်ခံသူ၊ (ဦး) ခင်မောင်ထွေး(ပျဉ်းမနား) ကတော့ အမြဲ မန်ယူဆန့်ကျင်သူပေါ့။

ကျနော်က အဖေနဲ့အတူ ဟိုဒီလိုက်ရင်း သူတို့လူကြီးတွေနား မကြခဏ နေဖူးတယ်။  တခါတော့  ဦးတင်မောင်ဆွေက “ကျနော့်ကိုမန်ယူပရိသတ်လို့ပြောကြတယ်၊ တကယ်တော့ ကျနော့် ဘဝမှာ အားပေးခဲ့ဖူးတဲ့ အသင်းဆိုလို့ မန္တလေးတိုင်းဘောလုံးအသင်းနဲ့ တက္ကသိုလ်အသင်းပဲရှိပါတယ်..” ဆိုပြီး ပြောဖူးတယ်။

သူ အားပေးခဲ့တယ်ဆိုတဲ့ နှစ်သင်းမှာ တက္ကသိုလ်အသင်း အကြောင်းတော့ အဖေ့နောက်လိုက်ရင်းနဲ့ သိဖူးခဲ့ပါတယ်။  သူတို့ဆရာကြီး ဆရာငြိမ်း (တက္ကသိုလ်အားကစားအရာရှိ)၊ သူတို့တက္ကသိုလ်အသင်း၊ သူတို့ခေတ်တက္ကသိုလ် အကြောင်းတွေပေါ့။

ဆရာငြိမ်းက တက္ကသိုလ်ကျောင်းသား၊ အထူးသဖြင့် အားကစားဝါသနာကြီးသူ အားလုံးကို ခေါင်းကိုင်ဖခင်ကြီး တယောက်လို ပြုစု၊ ပျိုးထောင်၊ လေ့ကျင့်၊ သင်ကြားပေးခဲ့တယ်ဆိုတယ်။  အားလုံး သိနိုင်တဲ့ ဥပမာတခုပေးရရင် ကောလိပ်ဂျင်နေဝင်းကိုဆို ရေတပ်ကနေ ဆယ်တန်းအောင်ပြီး တက္ကသိုလ်စရောက်လာကတည်းကသူ့အိမ်မှာ တင်ထားပြီး သားတယောက်လို စောင့်ရှောက် ပေးခဲ့တယ်။  တက္ကသိုလ်ဘောလုံး အကျော်အမော်၊ နောက်ဗမာ့လက်ရွေးစင်ကျော် ဖြစ်အောင် ပြုစု၊ ပျိုးထောင်၊ ပံ့ပိုးပေးခဲ့တယ်။  ဒါတင်မက နောက်ပိုင်း ကောလိပ်ဂျင်နေဝင်းရဲ့ အားကစားသမားဘဝ နေဝင်ချိန် ရောက်တော့လည်း ရှေ့ဘဝခရီးအတွက် တသက်လုံး လုပ်ကိုင် စားသောက်စရာ အသက်မွေးဝမ်းကြောင်းအတတ်ပညာ ရုပ်ရှင်နယ်ကို ကူးဖို့ လမ်းညွှန်ကူညီ ပေးခဲ့တယ်။

ဆရာငြိမ်း ကို ဦးစိန်လှိုင်လောက် ရွှေခေတ်ဘောလုံးအတွက် အသိအမှတ်မပြုကြဘူးလို့ ထင်တယ်။  ဒါပေမဲ့ ရွှေခေတ်တခေတ်လုံးက လက်ရွေးစင်မှာကြီးစိုးတာက “Army” က မဟုတ်ရင် “Versity” က ဘောလုံးသမားတွေချည်းပဲ။  “Versity” က သူတွေ အားလုံးကလည်း ဆရာငြိမ်းတပည့်ချည်းပါပဲ။  ဆိုတော့ ရွှေခေတ်ဘောလုံးအတွက် ဆရာငြိမ်း က နောက်ကွယ်က အဓိကပံ့ပိုးခဲ့သူလို့ ဆိုနိုင်ပါတယ်။  သူကိုယ်တိုင် ကာလတချို့မှာ နိုင်ငံလက်ရွေးစင်အသင်းကြီးကို တာဝန်ယူ ကိုင်တွယ် နည်းပြတာတွေလည်းရှိခဲ့တယ်။

ဒါပေမဲ့ တက္ကသိုလ်အသင်းမှာလို သူ့လက်၊ သူ့ခြေ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ်ကိုင်တွယ်ရတဲ့ အခြေအနေနဲ့ မတူဘဲ နိုင်ငံအသင်းကျ အထက်လူကြီးများတယ်။  အထူးသဖြင့် ထုံးစံအတိုင်း (အဲဒီခေတ်ကတည်းက) တိုင်းပြည်၊ အားကစားလောကနဲ့ အဖွဲ့ချုပ်မှာ ခြယ်လှယ်နေပြီဖြစ်တဲ့ ပုခုံးပေါ်ဘားတွေအပြည့်နဲ့ ပုဂ္ဂိုလ်တွေက ဆရာငြိမ်း အပေါ် သိပ်မကြည်ဘူးလို့ ထင်တယ်။  အထူးသဖြင့် ဆရာငြိမ်းရဲ့ ကစားကွင်းပြင်ပ စခန်းသွင်းလေ့ကျင့်မှု အုပ်ချုပ်မှုပုံစံကို သဘောမကျကြဘူးလို့ လူကြီးတွေဆီက ကြားသိရတဲ့စကားတွေ၊ အချက်အလက်တွေကြည့်ပြီး (ကျနော့် အနေနဲ့) သုံးသပ်တယ်။

နွားတွေလို ခိုင်းသမျှလုပ်၊ ပြန်မပြောတတ်၊ ပြန်မပြောနိုင်၊ ပြန်မပြောရဲ၊ ငြိမ်ဝပ်ပိပြား နေတာကိုသာ အရည်အချင်းတခုလို့ သတ်မှတ်တဲ့ ဓလေ့၊ ထုံးတမ်း၊ လုပ်ထုံး၊ စနစ်အဖွဲ့အစည်းနဲ့ အသားကျနေတဲ့ ပုဂ္ဂိုလ်တွေဆိုတော့ နောင်တခေတ်မှာ တိုင်းပြည်ရဲ့ နယ်ပယ် ကဏ္ဍ အသီးသီရဲ့ ခေါင်းဆောင်တွေ ဖြစ်မယ့် တောက်မယ့် မီးခဲ တရဲရဲလို ဖြစ်နေတဲ့ ခေတ်ပညာတတ် လွတ်လပ်တက်ကြွတဲ့ လူငယ်လေးတွေကို ကြီးကြပ်စီမံကွပ်ကဲနေရတဲ့ ဆရာငြိမ်းရဲ့ တပည့်အပေါ် လွတ်လပ်ခွင့်အပြည့်ပေး၊ အခွင့်အရေးအပြည့်ပေး၊ လူပီသတဲ့၊ လူသားဆန်တဲ့ အုပ်ချုပ်မှု ပုံစံကို သဘောမကျနိုင်တာလည်း သဘာဝ ကျပါတယ်။

ဆရာငြိမ်းက သူ့တပည့်တွေ စခန်းသွင်းလေ့ကျင့်စခန်းမှာ သောင်းကျန်းလို့ ဆိုခဲ့တဲ့ ပုဂ္ဂိုလ်ကြီးတွေက မျက်စိစပါးမွှေးစူး ပြစ်တင် ဝေဖန်ထောက်ပြရင် “ကျူပ်တပည့်တွေက စခန်းမှာ ငြိမ်ဖို့မလိုဘူး၊ ကစားတဲ့ကွင်းထဲမှာပဲ ငြိမ်ဖို့ လိုတယ်၊ လူငယ် သဘာဝလွတ်လွတ်လပ်လပ်နေပါစေ” လို့အမြဲ ပြန်ပြောလွှတ်တယ်လို့ ဆိုတယ်။  ဆရာငြိမ်းက သူ့တပည့်တွေ ဖဲရိုက်ချင်ရင် ကိုယ်တိုင် ဖဲထုပ် ဝယ်ပေး၊ ငွေထုတ်ပေးပြီး စခန်းအတွင်းမှာပဲ ကစားစေတယ်။  အရက်သောက်ချင်ရင် ကိုယ်တိုင် ပိုက်ဆံထုတ်ပေးသွားဝယ်စေပြီး စခန်းမှာပဲ သောက်စေတယ်လို့ ဆိုတယ်။  ဒါမှသာ သူ့တပည့်တွေ ဘယ်လောက် အတိုင်းအတာနဲ့ ဘာတွေ လုပ်နေသလဲ ဆိုတာ အမြဲ လက်လှမ်းမီသိနိုင်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့တားနိုင်၊ အားကစားနဲ့ ပညာရေးကို မထိဖို့ ဆုံးမနိုင်တယ်လို့ ဆိုတယ်။

ဆရာငြိမ်းက သူ့တပည့်တွေကို ခန္ဓာကိုယ်ကို အသုံးချပြီးသာ အားကစားနည်းတွေကို ကစားစေတာ မဟုတ်ခဲ့ပါဘူး၊ ဘောလုံးကိုခြေထောက်နဲ့ကန်တတ် ဖို့တင်မကဘဲ ဦးနှောက်နဲ့ ကန်တတ်ဖို့ကို သင်ပေးခဲ့တယ် ဆိုနိုင်တယ်။  ဒါ့အပြင်နှလုံးသားနဲ့ ကန်တတ်ဖို့ပါ သင်ပေးခဲ့တယ်လို့ ပြောရပါမယ်။

အကြောင်းက ဆရာငြိမ်းဟာ သူ့တက္ကသိုလ်အသင်း နဲ့ တပည့်တွေကို လက်ကိုင်ထားခိုင်းတဲ့ဆောင်ပုဒ်က “Play Fair, Play Hard, Never Quit” ဆိုတာပါ။

တရားမျှတခြင်းကို အမြဲ ရှေ့တန်းတင် အလေးထား ဖော်ဆောင်၊ ကြံစည်၊ ကျင့်ကြံဖို့နဲ့ ဘယ်တော့မှ အရှုံးမပေး၊ ဒူးမထောက်၊ လက်မမြှောက်၊ ထွက်မပြေးဖို့ ဆိုတဲ့ လမ်းညွှန်ချက်ဟာ အားကစားအတွက်သာမကဘဲ ဘဝ အတွက်လည်း လက်ကိုင်ထားရမယ့် တရား ဖြစ်ပါတယ်။  ဒီလို စိတ်ဓာတ်၊ အကျင့်နဲ့ တရားရဖို့ အတွက် ဆရာငြိမ်း ပြုစုပေးခဲ့တယ်။  ဒီလိုနဲ့ ဆရာငြိမ်းဟာ သူ့တပည့်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ အသိဉာဏ် ပညာ ပိုင်းဆိုင်ရာ၊ ဦးနှောက် အတွေးအခေါ်ပိုင်းဆိုင်ရာဖွံဖြို့မှုကို ကျင့်ပေးခဲ့ရုံသာမကဘဲ လွတ်လပ်ခြင်း၊ တရားမျှတခြင်းကို မြတ်နိုးတတ်မှုဆိုတဲ့ မွန်မြတ်တဲ့ ကျင့်ဝတ်တရား၊ နှလုံးရည်ကိုပါ မျိုးစေ့ချ၊ ပျိုးထောင်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

ဆရာငြိမ်း သူ့တပည့်တွေကို လမ်းညွှန်လိုက်တဲ့ တရားဟာ ဘောလုံးအသင်းတွေအတွက် ခံယူချက် သက်သက်မဟုတ်ဘဲ ခေတ်ပညာတတ် တက္ကသိုလ်ကျောင်းသား၊ လူငယ် ဆိုတဲ့ လူအုပ်စု တခုလုံးကိုလည်း ကိုယ်စားပြုနိုင်ပါတယ်။  “လွတ်လပ်ခြင်း၊ တရားမျှတခြင်းနဲ့ သေတောင် ခေါင်းမငုံ့၊ အရှုံးမပေးခြင်း” ဆိုတာ အင်္ဂလိပ် ကိုလိုနီ နယ်ချဲ့အရင်းရှင်ကို ဆန့်ကျင်ခဲ့တဲ့ ကျွန်ဘဝလွတ်မြောက်ရေး တိုက်ပွဲတွေကနေစပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်အပါအဝင် မျက်မှောက်ခေတ်အထိ ဖိနှိပ်သူအားလုံးကို ရှေ့တန်းက တော်လှန်ဆန့်ကျင်နေတဲ့ “တက္ကသိုလ်” ဆိုတဲ့ လွတ်မြောက်ရေး တပ်ဦးခံတပ်ကြီး ရဲ့ ဆောင်ပုဒ်၊ ခံယူချက်၊ သဘောထားနဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။  ဒါဟာ “ကျောင်းသားစိတ်ဓာတ်” လည်း ဖြစ်ပါတယ်။  ဒါဟာ “သမဂ္ဂ စိတ်ဓာတ်”လည်း ဖြစ်ပါတယ်။

ကျနော်ဟာ အဖေတို့ ဆရာငြိမ်း မွေးနေ့နဲ့ ဂုဏ်ပြုပွဲတွေမှာ ဆရာငြိမ်းတရား “Play Fair, Play Hard, Never Quit” ရိုက်ထားတဲ့အင်္ကျီတွေဝတ်ရင်း တက္ကသိုလ်ဘောလုံးကွင်းထဲမှာ အသက် ခြောက်ဆယ်ကျော်၊ ခုနှစ်ဆယ်ကျော်တွေ တက်ကြွနေတာကို မြင်တော့ သူတို့ခေတ် တက္ကသိုလ်ဘဝ၊ နောက်ခံ အခြေအနေ၊ လူဖြစ်ကျိုးနပ်၊ တက္ကသိုလ်တက်ရကျိုးနပ်ခဲ့ကြတာကို အားကျခဲ့ရပါတယ်။

ဆိုခဲ့တဲ့အတိုင်း ကျောက်ဘီလူးကြီးက ဘာကြောင့် ကမ္ဘာကျော် မန်ယူဘောလုံးအသင်းကို အားပေးသူလို့ အထင်ခံရတာကို အထင်မခံနိုင်၊ မကျေနပ်နိုင်ဘဲ သူ့ဘဝမှာ သူချစ်မြတ်နိုးခဲ့ရတာဟာ “တက္ကသိုလ်အသင်း” သာ ဖြစ်ပါတယ်လို့ ထုတ်ဖြေရှင်းရသလဲ၊ ထုတ်ဖြေရှင်းဖို့လိုသလဲဆိုတာကို နားလည်သဘောပေါက်ခဲ့ရပါတယ်။

ကျနော် တက္ကသိုလ်စရောက်တဲ့ ခေတ်မှာတော့ ဒေသဆိုင်ရာ တာဝန်ကျ ထောက်လှမ်းရေးက “မင်းနိုင်ငံရေး မလုပ်နဲ့၊ လူမသတ်နဲ့ ကျန်တာ ကြိုက်သလို သောင်းကျန်း၊ ငါတို့ တာဝန်ယူတယ်” ဆိုပြီး တလွဲဆံပင်ကောင်း “နိုင်ငံရေးမလုပ်ဖို့” ကို “လူမသတ်ဖို့” ထက် ရှေ့က အလေးထားပြော သတိပေးရင်း ကျောင်းသားအခွင့်အရေး ကို မဟုတ်တယုတ်၊ အလွဲသုံးစားလုပ်တတ်စေဖို့ အတွက်ပဲ သက်သက် ပေး ဖျက်စီးခြင်းခံခဲ့ရပါတယ်။  တက္ကသိုလ်ကျောင်းသားဘဝမှာ နိုင်သလောက် တက္ကသိုလ် ဘောလုံးပွဲတွေ၊ စာပေဟောပြောပွဲတွေ စတဲ့ ကာယ၊ စိတ္တဖွံ့ဖြိုးစေတဲ့ ကျောင်းသားရေးရာ ကိစ္စတွေ ရှင်သန်လာစေဖို့ ကြိုးစား၊ ဆော်သြ စတင် စီစဉ်ခဲ့ဖူးပါတယ်။  အထိုက်အလျောက်လည်း စ ဖြစ်ခဲ့တယ်လို့ ဆိုနိုင်တယ်။  ဒါပေမဲ့ ရေရှည် ဖြစ်ဖို့နဲ့ ဖွံ့ဖြိုးစည်ပင်ဖို့အတွက်တော့ မလုပ်နိုင်ခဲ့ဘဲ နောက်ဆုံးတော့ ကိုယ့် ပါမောက္ခချုပ်သာ “ခင်ဗျား.. အလုပ်ပြုတ်သွားချင်လို့လား..” ဆိုပြီး စစ်တိုင်းမှူး ဗိုလ်ချုပ်ရဲ့ ခေါ်ငေါက်ခံရခြင်းနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

ဒီလိုနဲ့ ကျနော့်မှာ အဖေတို့ခေတ် မျိုးဆက်လို ကိုယ့် “တက္ကသိုလ်အသင်း” ကိုသာ အသည်းစွဲ ဖြစ်ဖို့ အခွင့်အရေးမရခဲ့ပါဘူး။  ကိုယ်ဘောလုံးပွဲ စကြည့်တဲ့ အရွယ် (၁၉၈၈) မတိုင်ခင်က တိုင်းကြီး ဘောလုံးပွဲတွေ အထိုက်အလျောက် အဆင့်အတန်းရှိ၊ ခေတ်စား၊ ကျော်ကြား၊လူသိ၊ လူကြည့် သေးတယ်ဆိုပေမဲ့ အဖေတို့ခေတ်နဲ့ ယှဉ်ရင် “ကျီးနှင့်ဖုတ်ဖုတ်” သာ ဖြစ်တဲ့အတွက် ကျနော့်မှာ ကိုယ့်တိုင်းနဲ့ ပြည်နယ်အသင်း တသင်းကို တသမတ်တည်း အားပေးဖိုလည်း မဖြစ်ခဲ့ပါဘူး။  ဒီလိုနဲ့ အမေကျော် ဒွေးတော်လွမ်း ပြီး မွေးကတည်းကဆိုသလို မန်ယူအသင်းပဲ အားပေးဖို့ဖြစ်လာခဲ့ရပါတော့တယ်။

ဆိုတော့ “ခင်ဗျားက မန်ယူ ပရိသတ်လား” လို့ မေးခံရရင် ကျနော့်မှာ ဆရာကျောက်ဘီလူးလို ဂုဏ်ယူ ဝံ့ကြွားစွာနဲ့ မဟုတ်တဲ့အကြောင်း၊ တကယ် အားပေးမြတ်နိုးတဲ့ “တက္ကသိုလ်အသင်း” နဲ့ “မန္တလေးတိုင်းအသင်း” ရှိကြောင်း မပြောနိုင်တော့ “ဟုတ်ပါတယ်၊ ကျနော် မန်ယူပရိသတ်ပါ” လို့သာ ဂုဏ်မယူ၊ မဝံ့ကြွားစွာနဲ့ ပြန်ဖြေရုံကလွဲလို့ ကျန်တာ ဖြေစရာ မရှိပါ။

ဒီလို သူ့ခေတ်၊ ကိုယ့်ခေတ် နောက်ခံ အခြေအနေ၊ စနစ်၊ အခွင့်အရေးချင်း၊ လူငယ်နဲ့တက္ကသိုလ်ကျောင်းသားဘဝ ရရှိခဲ့ပုံချင်း မတူညီမှုကြောင့် ကျနော့်နဲ့ အဖေ့ကြား မျိုးဆက်ကွာဟမှုဟာ ကျနော်အဖေ့ လို အင်္ဂလိပ်စကား ပီအောင် မပြောနိုင်ခြင်း ဆိုတဲ့ အပေါ်ယံ မြင်သာတဲ့ အချက်ကစလို့  အလုပ်ကို အလုပ်ပီပီ၊ တာဝန်ကျေကျေ၊ လက်ကြောတင်းအောင် ခါးချိုးလုပ်လိုမှု အားနည်းခြင်း အလယ် အမှန်တရားနဲ့ တရားမျှတမှု အတွက် ကိုယ်ယုံကြည်ရာ ရဲရဲဝံ့ဝံ့၊ နောက်မဆုတ် လုပ်တတ်မှု အားနည်းသွားခြင်းဆိုတဲ့ ကျင့်ဝတ်နဲ့ခံယူချက်ပိုင်းဆိုင်ရာ ကွာခြားသွားမှုအထိ အကျိုးသက်ရောက်စေခဲ့ပါတယ်။

ဒီလို သူ့ခေတ်၊ ကိုယ့်ခေတ် ခြားနားမှုကို ယနေ့ခေတ်နဲ့နောင်တခေတ် လူငယ်တွေ မကြုံတွေ့စေချင်တော့ပါ။  သူတို့ကို လူငယ်ဖြစ်ရကျိုး နပ် စေချင်ပါတယ်။  တက္ကသိုလ်တက်ရကျိုးနပ်စေချင်ပါတယ်။  တနည်းအားဖြင့် လူဖြစ်ရကျိုးနပ်စေချင်ပါတယ်။  ကောင်းမွန်တဲ့ပြုစု၊ ပျိုးထောင်၊ မြေတောင် မြှောက်ပေးမှုတွေခံစားစေချင်၊ လွတ်လပ်ခွင့် ခံစားရရှိစေလိုပါတယ်။  ဆရာငြိမ်းတွေနဲ့လည်း ဆုံစေချင်ပါတယ်။  အဖေ တို့လို ဆရာငြိမ်း တပည့်မျိုးတွေ အဖြစ် တိုင်းပြည် တာဝန်ကို ကျေပွန်အောင်ပြန်ထမ်းနိုင်တဲ့ မျိုးဆက် ဖြစ်စေချင်ပါတယ်။

ပညာရပ်ဆိုင်ရာ ဆန်းသစ်တွေးခေါ်မှု အသီးအပွင့်တွေ၊ ရှာဖွေဖော်ထုတ်နိုင်မှု သုတေသန တွေ၊ အနုသုခုမနဲ့ အားကစား ကဏ္ဍပေါင်းစုံ ဝေဆာနေတဲ့ စိတ္တ၊ ကာယ၊ နှလုံး အဘက်ဘက် ကုံလုံကြွယ်ဝ ရင့်ကျက်တိုးတက်ဖြစ်ထွန်းပြီး ကျင့်ဝတ်၊ သိက္ခာ၊ သီလ၊ သမာဓိ၊ ပညာ ပြည့်စုံစေဖို့ ကျင့်ကြံအားပေးတဲ့ လွတ်လပ်တဲ့ တက္ကသိုလ် အသိုင်းအဝန်းမျိုး၊ ပညာရပ်ဝန်းမျိုးပဲ မျိုးဆက်သစ်ကို ရစေချင်ပါတယ်။  ကျနော့် မျိုးဆက် မရခဲ့သမျှ “လွတ်လပ်ခြင်း၊ တရားမျှတခြင်း” လောကပါလတရားတွေ သူတို့ ရရှိ ခံစားစေချင်ပါတယ်။

တပါတည်း ကျနော့်လို “သူများငါးချဉ်နဲ့ချဉ်” နေရတဲ့ “မန်ယူအသင်းအားပေးသူ” ဖြစ်နေရတဲ့ ဘဝ၊ ခုခေတ်လူငယ်အများစု ကြုံတွေ့နေရတဲ့ ခရိုနီတွေရဲ့ အလကားရသလို အချောင်ရထားတဲ့ ငွေကြေး၊ ဥစ္စာနဲ့ အရင်းတည်ထားပြီး စည်ပင်သလို ဖြစ်နေပေမဲ့ အနှစ်သဘော မပါတဲ့ ပြည်နယ်နဲ့တိုင်း အမည်ခံ ကလပ်အသင်းတွေကို အားပေးနေရတဲ့ဘဝကလည်း လွတ်နိုင်ကြပါစေ။  တိုင်းပြည်ရဲ့ အဖိုးမဖြတ်နိုင်ဆုံး သယံဇာတ အရင်းအမြစ်အဖြစ်တဲ့ လူငယ်လေးတွေရဲ့ အနာဂတ် လွတ်လပ် ငြိမ်းချမ်း စိမ်းလန်းနိုင်ကြပါစေ။

လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေကြတဲ့ လက်ရှိ ကျောင်းသားကလေးများကို လေးစားဦးညွတ်လျက်..။

ငြိမ်းချမ်းအေး

(သည်လေဒီးစ် သတင်းဂျာနယ်၊ အတွဲ (၂)၊ အမှတ်စဉ် (၄၉)၊ (၂၀၁၅) ခုနှစ် ဇန်နဝါရီ (၂၃) သောကြာနေ့ထုတ်၌  ပုံနှိပ်ခဲ့သည်။  မိုးမခ တွင် ထပ်မံ အွန်လိုင်း ဖြန့်ချိသည်။  ဆောင်းပါး ပါ အာဘော် ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေး နိုင်သည်။)

မူလ မိုးမခ “သူ့ခေတ်၊ ကိုယ့်ခေတ် နှင့် နောင်တခေတ်” ဆောင်းပါးဟောင်း 

@ http://gita.cc/archives/34226

 

http://moemaka.blogspot.com.au/2013/04/nyein-chan-eain-football-will-power.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)