ကိုသန်းလွင် – မဟတ္တမဂန္ဓီ

February 3, 2015

ကိုသန်းလွင် – မဟတ္တမဂန္ဓီ
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၅

(၁)

ကျွန်တော်တို့သည်အိန္ဒိယနိုင်ငံ၏ ဖခင်ကြီးသဖွယ်ဖြစ်သောခေါင်းဆောင်ကြီးမဟတ္တမဂန္ဓီ၏ အိမ်ရှေ့သို့ ၂၀၁၄ခု ခရစ္စမတ် နေ့တွင်ရောက်ရှိသွားကြပါသည်။ ဂိတ်မှ အရာရှိက ပြတိုက်ပိတ်သည်ဟု ဆိုခါကျွန်တော်တို့ကို ၀င်ခွင့်မပြု၊ ကျွန်တော်တို့ သည် မနက်ဖြန် မနက်အစောစော ဒေလီမြို့မှပြန် ထွက်ရမည်ဖြစ်ရာ ချွင်းချက်အနေဖြင့် ခေတ္တ၀င်ခွင့်ပြုပါရန် တောင်းပန်ကြရပါသည်၊ ကျွန်တော်တို့သည် ဗမာပြည် မှ လာကြသောဧည့်သည်တွေဖြစ်ပါသည်။ အချိန်ကမရှိတော့သဖြင့် အိမ်ထဲသို့မ၀င်ရလျင်ရှိစေ၊ ခဏလေးဝင်းထဲမှာလမ်းလှေျုာက်ကြည့် ခွင့်ပေးပါဆိုတော့လည်းခွင့်မပြု၊ ကျွန်တော်တို့သည် ထိုအရာရှိအနီးမှ လေးငါးလှမ်း ဘေးကိုလျှောက်ခါ အိမ်ကို မြင်နိုင်သမျှသာ ဓါတ်ပုံတွေရိုက်ခဲ့ရပါသည်။

ဂန္ဓီကြီးသည် ဤအိမ်မှာနေရင်းလုပ်ကြံခံခဲ့ရခြင်းဖြစ်သည်။ ၁၉၄၈ ခု ဇန်န၀ါရီလ ၃၁ရက်နေ့၊ သေနပ်သမားက သူဘုရားဝတ်ပြုဖို့အလာ သူ့ရှေ့မှာရပ်ခါ အနီးကပ်ပြစ်ခတ်သွားခြင်း ဖြစ်ပါသည်။ ၀န်ကြီးချုပ်နေရူးက “အိန္ဒိယနိုင်ငံအဖို့ နည်း ပေးလမ်းပြ အလင်းရောင်ကြီး ပျောက်ကွယ်သွားပါပြီ” ဟုပြောခဲ့သည်။ အခက်အခဲ ပြဿနာတွေတွေ့တိုင်း ဂန္ဓီကြီးထံသွားခါ အကြံဥာဏ်တွေ ယူကြရပါသည် ဟုဆိုသည်၊

ဂန္ဓီကြီးသည် ကိုလိုနီနယ်ချဲ့ အစိုးရကို အကြမ်းဖက်နည်းဖြင့် မဟုတ်ဘဲ ပြည်သူတွေ၏ အင်အားကိုသုံးခါ အနုနည်း တော်လှန်ခဲ့ပါသည်။ ကိုယ်ကျိုးမဖက်၊ တိုင်းပြည် လွတ်လပ်ရေးအတွက် ထောင်အကြိမ်ကြိမ် ကျခံခဲ့ရပါသည်။ အင်အားသုံးပြီး တပြည်လုံး ရာစုနှစ်ချီ၍ ကြီးစိုးထားသော အင်္ဂလိပ်အစိုးရကို နိုင်ငံအတွင်းမှ အသာတကြည် ထွက်သွား အောင် ပြုနိုင်ခြင်းမှာ ဂန္ဓီကြီး၏ “စင်္ကြာဂရာဟ” ခေါ် အနုနည်းဖြင့် တော်လှန်ပုန်ကန်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပါသည်။

အချို့ကလည်း ဂန္ဓီကြီး၏ ၀ါဒသည် အင်္ဂလိပ်လို အစိုးရမို့ တော်လှန်နိုင်ခြင်းဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ပြီး စဉ်း စားဆင်ခြင် ဥာဏ်ချို့တဲ့သော အစိုးရမျိုးဖြစ်ခဲ့လျှင် သူ၏ အနုနည်းမှာ မအောင်မြင်နိုင်ပါဟု ဝေဖန်သူက ဝေဖန်ကြသည် Passive Resistance နှင့် Non Resistance မှာ မတူပါ။ Passive Resistance ယဉ်ကျေးသိမ်မွေ့စွာ ပုန်ကန်ခြင်းဟု အဓိပ္ပါယ်ရမည် ထင်ပါသည်။ ဖိနှိပ်ခံရသူက ဖိနှိပ်သူကို လက်တုန့်မပြန်ရေးသည် ဂန္ဓီကြီး၏ မူဝါဒ ပင်ဖြစ်ပါသည်။ ဖိနှိပ်သူ မတရား လုပ်သူသည် မိမိဖာသာ အမှားကိုမြင်ပြီး တချိန်တွင် အရှုံးပေးလာရမည်ဟု ယုံကြည်ချက်ဖြစ်ပါသည်။

သူ၏အယူအဆမှာ လူသည် အမှန်တရားကို သိနိုင်စွမ်းမရှိပေ။ ထို့ကြောင့် တစ်ယောက် ကိုတစ်ယောက် အပြစ်ပေး ခြင်းကို မလုပ်သင့် မလုပ်ထိုက်ပေ။ ဂန္ဓီကြီးသည် တရားရုံးတွေ၊ ရဲနှင့် တရားစီစဉ်ရေးစနစ်ကြီးကို ဖျက်သိမ်းရမည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မိမိဖာသာ အမှန်တရား ကို မသိနိုင်ဘဲ တဖက်လူကို အလွန်အကျွံ မလုပ်သင့်ကြောင်း သိသာအောင် high light လုပ်သည်ဟုသာ ကျွန်တော် ယူဆ ပါသည်။ ထောင်အကြိမ်ကြိမ်ချခဲ့သော အင်္ဂလိပ်အစိုးရကို သူစိတ်မဆိုးခဲ့ပေ။ ဆယ်စုနှစ်ပေါင်းများစွာ အတူနေခဲ့ကြသည့်ဇနီးသည်မှာ ထောင်ထဲ သူ့လက်ပေါ်မှာပင် ကွယ်လွန်သွားရှာသည်၊ အစိုးရက သူ့ကို အသုဘကိစ္စ ဆောင်ရွက်နိုင်ရန် ခွင့် ၅ ရက်ပေးခဲ့သည်၊ တကြိမ်တွင် သူ့ကိုတရားရုံးက နိုင်ငံတော်ပုန်ကန်မှုနှင့် စွဲချက်တင်ရန် ပြင်ဆင်လေသည်။ သူက သူ့မှာ အပြစ်ရှိပါသည်ဟု ၀န်ခံမည်ဆိုသောအခါ အစိုးရက စွဲချက်တင်ရန် ကိစ္စကို ရုပ်သိမ်းပေးရလေသည်။

ဖိနှိပ်ခံရသော ပြည်သူတွေက အင်အားသုံး တုန့်ပြန်မှုမရှိဘဲ ရိုက်နှက်နှိပ်စက်ခြင်းကို ခါးစည်းခံနိုင်ကြလျှင် ဖိနှိပ်သူကို သာအရှက်ရစေလိမ့်မည်ဟု သူယုံကြည်လေသည်၊ သူတို့သည်နလဗိန်းတုံး ခါးစည်းခံကြခြင်းမဟုတ်။ အုပ်ချုပ်သူကို စိတ် မဆိုး ဒေါသမပွား၊ မေတ္တာထားကာ သည်းညည်းခံကြခြင်းသည်နောက်ဆုံးတွင် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးကို ဆောင်ကျဉ်း ပေးခဲ့လေသည်။

(၂)

မနေ့က မိုးကြီးချုပ်မှ နယူးဒေလီမြို့သို့ ကျွန်တော်တို့ ရောက်လာခြင်းဖြစ်သည်။ ဒေလီမြို့ ဘယ်လောက်ကြီးသည်ကို ကျွန်တော်မခန့်မှန်းတတ်ပေ။ ဗုဒ္ဓဂါယာမှ စတင်မောင်းလာသော ကျွန်တော်တို့ကား ဒရိုင်ဘာမှာ ဒေလီမြို့အ၀င်မှ ဟော်တယ် အထိ ကားမမောင်းတတ်ဟု ဆိုသည်။ ဤခရီးကို အကြိမ်ကြိမ်သွားနေကြသော ဘုရားဖူး Guide တွေမှာလည်း လမ်းမပြနိုင်၊ ဒေလီမြို့အ၀င်မှာ လမ်းပြတစ်ယောက် တက်လာရသည်။ ထိုသူ လမ်းပြသည့်အတိုင်း ဒရိုင်ဘာက မောင်းရလေသည်။ ပင်လယ် ကူးသင်္ဘောတွေ ရန်ကုန် ဆိပ်ကမ်းသို့ ၀င်လိုလျင် ရေကြောင်းပြကာ ပင်လယ်ဝမှ စောင့်ပြီး သင်္ဘောပေါ် တက်လာခါ ပဲ့ကိုင်ရတာ ကိုသွားပြီး သတိရမိသည်။

နောက်တစ်နေ့ နံနက်စောစောတွင် ဂန္ဓီကြီးကို မီးသင်္ဂြိုလ်ရာနေရာ Rajghat သို့  ကျွန်တော်တို့ ရောက်သွားကြသည်။ မနက် ၇နာရီဆိုတော့ နေကိုလည်းမမြင်ရသေး၊ နှင်းတွေကလည်း ထူထပ်စွာ ကျနေတုန်း ချမ်းလိုက်သည် မှာ အင်္ကျီလေးငါးထပ်၊ ခေါင်းစွတ်၊ လက်အိပ်၊ မာဖလာနှင့် ခြေအိတ၊် ရှုးဖိနပ်တွေကို ၀တ်ထားသည်တိုင် အအေးဓါတ်ကို လုံလောက် အောင် မကာကွယ်နိုင်ဘူးထင်သည်။

ခရစ္စမတ်နေ့မှာ ကျောင်းတွေ၊ ကျောင်းတွေက ကျောင်းသားလေးတွေကို ကျောင်းယူနီဖေါင်းတွေနှင့် လာကြတာကို တွေ့ရသည်။ ကလေးတို့ ဘာဝ အော်ကြ၊ ဟစ်ကြ ကျွန်တော်တို့ကို နိုင်ငံခြားသားမှန်းသိတော့ ဟလို ဟလို နှုတ်ဆက်ကြ သည်။ ဓါတ်ပုံရိုက်ပါဦးဆိုပြီး ခုန်ကြပေါက်ကြနှင့် ပို့(စ်)ပေးကြသည်၊ ဂန္ဓီကြီးကွယ်လွန်သွားသည်မှာ ယခုဆိုလျင် ၆၆ နှစ်ရှိပါပြီ၊ ယနေ့ အသက်၆၀ကျော် လူတွေမှာလည်း ဂန္ဓီကြီးကို မသိမမှိလိုက်ကြတော့ပေ၊ သို့ပါသော်လည်း ဂန္ဓီကြီး ညွှန်ပြခဲ့သောလမ်း နှင့် ဂန္ဓီကြီး၏ စိတ်ဓါတ်တွေမှာ အိန္ဒိယပြည်ကြီးမှာ ရှင်သန်နေဆဲ ဖြစ်ပါသည်၊

ဂန္ဓီကြီး၏ မီးသင်္ဂြိုလ်ရာ နေရာကို ထူထဲသော နံရံကြီးများနှင့် တခမ်းတနား ၀န်းရံထားလေသည်။ ၀န်ကြီးချုပ်သစ် မိုဒီမှာ မဲနိုင်ပြီးဝန်ကြီးချုပ်သစ် ဖြစ်လာတော့မည်ဟု သိသည်နှင့် တပြိုင်နက် ဤနေရာသို့လာခါ ပန်းခွေချခဲ့ဘူးသည်။ ဂန္ဓီကြီးအထိမ်း အမှတ်နေရာမှာ ဘယ်သောအခါမှ မီးမငြိမ်းအောင် မီးတိုင်တွင် မီးထွန်းညှိထားသည်။ နေရာအ၀င်မှာ ဖိနပ်ချွတ် ရသည်။ ဖိနပ်ချွတ်ရခြင်းမှာ ရိုသေလေးစားခြင်း အထိမ်းအမှတ်ဟု ကျွန်တော်ယူဆပါသည်။ အိန္ဒိယတွင် ထုံးစံရှိသည် မှာ လူသေလျှင် ဂင်္ဂါမြစ်အပါအ၀င် မြစ်ကမ်းပါးတွေ အနီးမှာ မီးသင်္ဂြိုလ်၍ ပြာကို မြစ်ရေထဲသို့ မျှောချရခြင်း ဖြစ်သည်။ ဂန္ဓီကြီး၏ မီးသင်္ဂြိုလ်ရာ နေရာမှာ ယမုံနာမြစ်ဘယ်ဘက်ကမ်းဘောင်အနီးမှာရှိသည်။ သေနတ်သမားက ပစ်ပြီဟု သိလိုက်ရချိန်တွင်ဂန္ဓီကြီးက “Hey Ram” ဟု နောက်ဆုံးစကားကို ပြောသွားနိုင်သည်။ ဤစာသားကို အောက်မေ့ဖွယ် နံရံတွင် ရေးသားထားလေသည်။

ဂန္ဓီကြီးက ကမ္ဘာကြီးကို သင်ပြခဲ့သော သင်ခန်းစာမှာ လူတစ်ဦးတစ်ယောက်၏ ကိုယ်ကျင့်တရား အသိဥာဏ်တို့ကို အသုံးပြုတတ်လျှင် အင်ပါယာကြီးတစ်ခုလုံးကို ဒူးထောက်အညံ့ခံရအောင် ပြုလုပ်နိုင်သည်ဟူ၍ ဖြစ်ပါသည်။ “ကျုပ် ဘ၀ဟာ ကျုပ်ပေးတဲ့ သင်ခန်းစာပါဘဲ” ဟုသူပြောခဲ့သည်။ သူ့ဘ၀မှာ သူကသင်ပြပေးခဲ့သော အကြောင်းအရာ တွေမှာ များမြောင်လှ ပါသည်။

တောင်အာဖရိကတွင် ရှေ့နေလုပ်ရင်း နိုင်ငံရေး၏ သဘောသဘာဝရှုတ်ထွေးပုံ၊ အဖြူတွေက အသားရောင်ရှိသူကို ဖိနှိပ်ချုပ်ချယ်ကြပုံ လောကကြီး၏ တရားမျှတခြင်းမရှိပုံတို့ကို လက်တွေ့ နားလည်ခဲ့သည်။ ဂန္ဓီရုပ်ရှင်ကားတွင် အဖြူစီးရမည့် နေရာတွင် သူစီးမိ၍ ရထားပေါ်မှ မောင်းချခံရပုံကို ကျွန်တော်တို့ တွေ့ဖူးကြပါသည်။ တောင်အာဖရိကတိုက်ရှိ အိန္ဒိယလူမျိုး များ၏ သူတို့ အခွင့်အရေးအတွက် တိုက်ပွဲဝင်ရာတွင် လက်တွေ့ ပါဝင်ကူညီခဲ့သည်။ ၁၉၁၅ ခုနှစ် အိန္ဒိယသို့ ပြန်ရောက်သော် Untonchable ခေါ်အပြစ်ပယ်ခံ လူတန်းစားနှင့် တပြည်လုံးရှိ ဆင်းရဲကြသော လူတန်းစားတစ်ရပ်လုံး၏ အခြေ အနေကို တိုးတက်အောင် ကူညီရမည်ဟု သန္ဓိဋ္ဌာန်ချခဲ့လေသည်။

အိန္ဒိယနိုင်ငံ လုံးဝလွတ်လပ်ရေးအတွက် ကြိုးပမ်းနေသော ကွန်ဂရက်ပါတီဝင်များနှင့် ပူးပေါင်းခဲ့သည်။ အိန္ဒိယ တနိုင်ငံလုံး ပြဲပြဲစင်အောင် ခရီးသွားခဲ့ပြီး လူတန်းစားပေါင်းစုံတို့၏ အခြေအနေမှန်ကို သိအောင်လုပ်ခဲ့သည်။

ဂူဂျရတ်ခေါ် သူ၏ ဇာတိနယ်မြေမှာ ဆင်းရဲနုံချာပြီး အောက်ကျနောက်ကျဖြစ်နေသော အခြေအနေကို သူမနှစ်မြိ့နိုင် ပေ၊ ပါတ်ဝန်းကျင် သန့်ရှင်းရေးကို တိုးတက်အောင်လုပ်ရမည်ဟုလူထုကိုစည်းရုံးသည်၊  မလိုသူတွေကသူ့ကို  ထောင်ကျ အောင် တွန်းပို့ ကြသည်။ သူ၏ အနစ်နာခံ ကြိုးစားမှုများကြောင့် သူ့ကို “ဘာပူ” ဟုခေါ်ကြသည်။ ဖခင်ဟု အဓိပ္ပါယ်ရသည်။

ဂန္ဓီကြီးသည် ဖြတ်ထိုးဥာဏ်ကောင်းသည်။ တင်္ခနုပ်ပတ္တိဥာဏ်က ရွှင်သည်။ ထောင်ထဲမှာသူသေသွားလျှင် အိန္ဒိယ နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှုမှာ အရှိန်အဟုန် ပိုကောင်းမည်ဟုဆိုကာ အစာငတ်ခံ ဆန္ဒ ပြခဲ့သည်။ သူသေမည်ကို စိုးရိမ် သောကြောင့် ဗြိတိသျှအစိုးရက လွှတ်ပေးရသည်။

အစိုးရနှင့် မပူးပေါင်းရေး၊ အစိုးရကို မကူညီရေး လှုပ်ရှားမှုကို ၁၉၂၀ သြဂုတ်လတွင် စတင်ခဲ့သည်၊ ထိုစီမံချက်တွင် အဆင့်လေးဆင့်ပါဝင်ခဲ့သည်၊

ပဌမ အဆင့်မှာဗြိတိသျှ အစိုးရက ချီးမြှင့်ခဲ့သော ဘွဲ့ထူးဂုဏ်ထူးတွေက်ု ပြန်အပ်ရမည်၊ ဒုတိယအဆင့်မှာ မြို့ပြ အုပ်ချုပ်ရေး ရာထူးတွေမှ အိန္ဒိယနိုင်ငံသားတွေ နှုတ်ထွက်ပေးကြရမည်၊ နောက် ပုလိပ်နှင့် စစ်တပ်ရာထူးတွေမှ နှုတ်ထွက် ကြရန်ဖြစ်သည်၊ နောက်ဆုံးအဆင့်မှာ အစိုးရကို ပေးရန်ရှိသော အခွန်တော်ကို မပေးရန်ဖြစ်သည်၊ တရားရုံးများကို အသိအမှတ်မပြုဘဲနေခြင်း၊ ကျောင်းများ၊ ရွေးကောက်ပွဲများ ကိုသပိတ်မှောက်ခြင်း၊ အင်္ဂလန် နိုင်ငံလုပ်ပစ္စည်း အပါအ၀င် နိုင်ငံခြားဖြစ် ကုန်ပစ္စည်းမှန်သမျှကို မသုံးစွဲကြရန်ဖြစ်သည်၊ ၁၉၂၂ ခုဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဂူဂျာရတ်ပြည်နယ် အစိုးရ သို့ သူပေးရန်ရှိသော အခွန်ငွေကို ပေးဆောင်ရန်ငြင်းပယ်ခဲ့သည်၊

၎ရက်အကြာတွင် Utta Pradash  တွင်ဆန္ဒပြသော လူအုပ်စုကို ပုလိပ်က ပစ်သဖြင့် လူ၃ဦးသေဆုံးခဲ့ရသည်၊ လက်စားချေသော လူအုပ်ကြီးက ရဲစခမ်းကို ၀ိုင်းပိတ်မီးရှို့ခါ တွေ့သမျှရဲတွေကို အသေသတ်ဖြတ်ကြသည်၊ ဂန္ဓီကြီး၏ သင်ပြ ချက်မှာ ထိုသို့ အကြမ်းဖက်မှုများမပါဝင်ပေ၊ ဂန္ဓီကြီးမှာစိတ်ထိခိုက်ခါ ဘေးမှ ၀ိုင်းပြီး ကန့်ကွက်သည့်ကြားမှ သပိတ်လှန် ရန် ဆုံးဖြတ်ခဲ့သည်၊ သူ့လူတွေက သူ၏ငြိမ်းချမ်းရေးသဘောတရားများကို နားမလည်နိုင်ကြဘူးဟု ငြီးတွားခဲ့သည်၊ အကြမ်း ဖက်မှုများရပ်ဆိုင်းသွားရန် ၅ ရက်ကြာ အစာငတ်ခံ ဆန္ဒပြခဲ့သည်၊

ပြည်တွင်းဖြစ် ချည်ထည်ကို ၀တ်ရန်ဟူ၍ လွန်းကို ကိုယ်တိုင်လှည့်ခါ ပြည်တွင်းဖြစ်အားပေးရေးကို လှုံ့ဆော်ခဲ့သည်။ ဗြိတိသျှဆီမှ အကူအညီ ဘာမှမယူဘဲ ပြည်တွင်းဖြစ်ပစ္စည်းများနှင့်သာဖြစ်အောင် နေကြရမည်ဟု လမ်းညွှန်ခဲ့သည်။ ဆား ထုတ်လုပ်ရေးကို အခွန်ကောက်ရန် စီစဉ်သည့် ဗြိတိသျှတို့၏ ဆားဥပဒေကို ဆန္ဒပြရန် မိုင် ၂၅၀ ကျော် ခရီးကို ခြေလျင် လျှောက် ဆန္ဒပြခဲ့ရာ တပြည်လုံးအာရုံစိုက်လာကြရသည်၊ ဤနည်းဖြင့် ဂန္ဓီသည် အိန္ဒိယတနိုင်ငံလုံး လွတ်လပ်ရေးလှုပ်ရှားမှု ၏ ဖခင် ကြီးဖြစ်လာခဲ့လေသည်၊

အင်္ဂလိပ်ထံမှ ၁၉၄၇ ခုနှစ်တွင် လွတ်လပ်ရေးရတော့ ဂန္ဓီကြီးမှာအသက်(၇၈)နှစ်ရှိပါပြီ၊ သမိုင်းဆရာတွေက ဒုတိယ ကမ္ဘာစစ်အပြီး စီးပွားရေးကျဆင်းလာသော အင်္ဂလန်သည် အိန္ဒိယကို လွတ်လပ်ရေးပေးကို ပေးရမည်ဟု ဆိုသူများရှိကြပါ သည်။ သို့ပါသော်လည်း ဂန္ဓီကြီးက မွေးဖွားပေးလိုက်သည့် မျိုးချစ်စိတ်ဓါတ်၊ နိုင်ငံချစ်စိတ်၊ အင်္ဂလိပ်ကို ပုန်ကန်လိုစိတ်သာ မရှိခဲ့လျှင် ဤလွတ်လပ်ရေးသည်ဖြစ်ကောင်းမှ ဖြစ်မည်ဟု ယုံကြည်သူတွေလည်း ရှိကြပါသည်။ သို့သော်လည်း လွတ်လပ်ပြီ ဆိုသည့်နှင့် ငြိမ်းချမ်းရေး သံတမန်ကြီးမှာ သေနတ်သမား လက်ချက်ဖြင့် အသက်ဆုံးခဲ့ရပါသည်။

(၃)

ဂန္ဓီကြီး၏အိမ်သို့ဝင်ခွင့်မရကြသော ကျွန်တော်တို့သည် ဂန္ဓီပြတိုက်ဆီသို့ သွားကြရပါသည်။ ဂန္ဓီပြတိုက်က ခရစ္စမတ် နေ့မှာ မပိတ်၊ တနင်္လာနေ့တိုင်းသာ ပိတ်သည်ဟုဆိုသည်။ ၃ ထပ်အဆောက်အဦးတွင် ပင်မ အဆောင်ကြီး ငါးဆောင်ခွဲ ကာ ဂန္ဓီကြီးသုံးစွဲခဲ့သော ပစ္စည်းတွေကို ထိန်းသိမ်းပြသထားပါသည်။

ပြတိုက်မှူးက ကျွန်တော်တို့ကို မြင်သော် နိုင်ငံခြားသားတွေဘဲဟု အကဲခတ်မိခါ မှတ်တမ်းစာအုပ်တွင် လက်မှတ် ထိုးခိုင်းပြီး နှုတ်ဆက်စကားပြောလေသည်။ ကျွန်တော်တို့မှာ ဗမာတွေဆိုတာသိတော့ ၀န်ကြီးချုပ် ဦးနုက ဂန္ဓီထံ လက် ဆောင်ပေးသော ခမောက် တစ်ခုကို မှန်ဘီဒိုသွင်းပြီး ပြသထားရာ နေရာကို အရောက်ခေါ်ပြီး ပြရှာပါသည်။

သူတို့သည် ကွယ်လွန်သွားရှာပြီးဖြစ်သော ဖခင်သဖွယ် ခေါင်းဆောင်ကြီး၏ မှတ်တမ်းမှတ်ရာတွေကို အမြတ်တနိုးပြသ ထားသည်။ အိန္ဒိယ နိုင်ငံတလွှားက ပြည်သူတွေသည် သူတို့ဖခင် ဂန္ဓီကြီး၏ ပစ္စည်းတွေကိုလာ ကြည့်ကြ သည်မှာ တဖွဲဖွဲ ဖြစ်ပါသည်၊ ဤနေရာသို့နိုင်ငံရပ်ခြားမှ ကျွန်တော်တို့လာသလို အမေရိကန် သမ္မတကြီး အိုဘားမားလည်း လာရောက် ကြည့်ရှုသွားသည်၊ တခြားခေါင်းဆောင်ကြီးတွေလည်းလာကြည့်ကြမှာသေချာပါသည်၊

သူသုံးစွဲသွားသော မျက်မှန်၊ သူ့အလောင်းကို နောက်ဆုံး အုပ်ခြုံပေးသည့်အ၀တ်၊ သူ့ဖိနပ်၊ ဓါတ်ဗူး၊ ဖေါင်တိန် စသည်ဖြင့်ပစ္စည်းမျိုးစုံကိုမြင်သော် ဂန္ဓီကြီးသာရှိသေးလျင် အခုတိုင်သုံးစွဲနေမှာဘဲဟု တွေးကြည့်မိသည် သူ့အိပ်ရာမှာ မွေ့ရာ တချပ်သာ၊ နှစ်ခေါက် ခေါက်ပြီး တနေရာပို့လိုက်လျှင် ထိုအိပ်ရာနေရာသည် သူ့အလုပ်လုပ်ရာနေရာ ဖြစ်သွားလေသည်။

ပရော်ဖက်ဆာ နီမာဘို့(စ်)၏ ဂန္ဓီနှင့် နေခဲ့ရသောရက်များအကြောင်း စာအုပ်ကို ကျွန်တော် သွားသတိရမိသည်။ သူ သည်တပတ်လျှင်တရက် စကားလုံးဝမပြောဘဲ ၀စီပိတ် နေသည်၊ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် အကြံဥာဏ်ပေးရမှု၊ ညွှန်ကြားရမှုများမှာ မကုန်နိုင်အောင် များပြားလှပေရာ သူ့ ၀စီပိတ်နေ့တွင် စာရွက်ပေါ်မှာ ရေး၍ဖြစ်ချင်သည်တို့ကို ပြောကာ ဆက်သွယ်ကြရသည်၊ သူ့သွားတိုက်တံမှာ တမာကိုင်းလို သစ်ကိုင်းကိုချိုးပြီး တဖက်ကိုပြားနေအောင် ထုထားသော ဒုတ် ချောင်းသာဖြစ်သည်။ သွားတိုက်ဆေးမှာ မီးသွေးခဲမှုန့်များဖြစ်သည်။ သူသည် အိမ်တွင်းတွင် သစ်သားဖိနပ် (ခုံဖိနပ်)ကို စီး၍ လမ်းလျှောက်သွားလျှင် တာယာရာဘာကို ပြုလုပ်ထားသော ညှပ်ဖိနပ်ကို စီးလေသည်။

ဂန္ဓီကြီးသုံးသွားဘူးသော ကြိုးရက်လုပ်သည့် လွန်းအိမ်ဘီးအ၀ိုင်းတွေကို အဆောင်တဆောင်မှာ စီပြီးချပြထား လေ သည်။ သူသည်အိန္ဒိယနိုင်ငံသားတွေသည် ပြည်တွင်းဖြစ်ကိုသာ သုံးပြီး အင်္ဂလိပ်ကို တော်လှန်ကြရမည်ဟူသော သဘောကို ဦးဆောင်လမ်းပြခဲ့ခြင်းပင်၊ သူ့အတွက် ဆောက်လုပ်ပေးသော နှစ်ထပ်တိုက်ပုံစံကို ပြတိုက်တွင် မြင်ခဲ့ရသည်။ သူ့မှာထိုတိုက်၊ ထိုမြေနေရာမှ လွဲ၍ဘာပစ္စည်းမှ ရှိဟန်မတူခဲ့ပေ။ အတုယူဖွယ်ပင်။

သူသည် သားသမီးတွေကို ကွန်ဂရက်ပါတီ အရာရှိများအဖြင့် မခန့်အပ်ခဲ့ပေ။ သူကိုယ်တိုင် အစိုးရသစ်တွင် သြဇာအာဏာရှိသည့်နေရာ၊ လခအများကြီးရခဲ့သည့်နေရာ ကို မယူခဲ့ပေ၊ သူပိုင်ပစ္စည်းအမွေဟူ၍လည်း မိမိ သားသမီးများ ကို ပေးနိုင်ဟန်မတူ၊ သူရေးခဲ့သော စာအုပ်များ၏ ရပိုင်ခွင့် Royalty ကိုပင် Gandhi Trust ရံပုံငွေအဖွဲ့ သို့လှုခဲ့သည်၊ သူကွယ်လွန်ပြီး မကြာမှီမှာပင် ထိုရံပုံငွေမှာ ဒေါ်လာ သန်း ၃၀၀ ခန့်ရှိလာပေရာ သူ့ကို ချစ်မြတ်နိုး ကြသည့် လူထုကြီး၏ အလှုငွေများပင်ဖြစ်ပေသည်၊

ပြတိုက် အောက်ဆုံးထပ်စာအုပ်ဆိုင်မှာ ဂန္ဓီကြီးရေးခဲ့သော စာအုပ်တွေကို တစုတည်းတွေ့ရသည်၊ စာအုပ်တွေမှာ ဈေးချိုပါသည်၊ အစိုးရက အမြတ်ကိုဦးစားမပေးဘဲ သူ့စာအုပ်တွေကို ထုတ်ဝေပေးဟန်တူသည်၊ ဂန္ဓီကြီးအမှတ်တရပစ္စည်း များကိုလည်း ရနိုင်သည်၊

ဂန္ဓီကြီးကအိန္ဒိယသည် တခုတည်းသာရှိသည့် နိုင်ငံဟုဆိုသည်။ တစည်းတလုံး တသံထည်းသာထွက်သည်၊ သက်တမ်းနှစ်ပေါင်း ၅၀၀၀ကျော်ခဲ့ပြီ၊ အသောက မင်းကြီး သည် တစ်ချိန်က သွေးချောင်းစီးအောင် တိုက်ပွဲတွေ ခင်းကျင်း၍ အိန္ဒိယနိုင်ငံတော်ကို သိမ်းသွင်းခဲ့ရသော်လည်း ဂန္ဓီကြီးသည် ပစ္စတိုတလက်မှ ခါးမှာထိုးချိတ်ခြင်းမရှိဘဲ သူ့စကားကို တစ်နိုင်ငံလုံး နားထောင်အောင် သြဇာညောင်းခဲ့ပေသည်။

အင်္ဂလိပ်အရာရှိကြီး မောင့်ဘက်တန်က ဟိန္ဒူတွေ မွတ်စလင်တွေ ပဋိပက္ခမှာ ဂန္ဓီကြီးက အစာငတ်ခံ ဆန္ဒပြခြင်းဖြင့် ညီညွတ်ငြိမ်းချမ်းရေးရအောင် လုပ်ပြသောအခါ စစ်သား ငါးသောင်းလောက် သုံးပြီး နှိမ်နင်းရမဲ့ ကိစ္စတစ်ခုကို ဘာလက်နက် မှ ကိုင်မထားတဲ့ လူတစ်ယောက်က ဖြေရှင်းပေးခဲ့တာဘဲဟု ထောပနာပြုခဲ့သည်။

အမေရိကန်ဘတ်(စ)ကားများတွင် လူမဲများမှာ လူဖြူတို့နှင့်အတူတကွ မစီးရဟူ၍ စည်းကမ်းသတ်မှတ်သောအခါ မာတင်လူသာကင်းက ဦးဆောင်ပြီး လူဖြူကားကို မစီးကြရေးသပိတ်မှောက်လေသည်။ အကြမ်းမဖက်ရေး၊ မိမိဆန္ဒကို ထုတ်ဖော်ရေး နည်းလမ်းကို ဂန္ဓီကြီးဆီကအတု ယူရပါသည်ဟု မာတင်လူသာကင်းက ၁၉၁၆ခု ဒီဇင်ဘာ ၂၁ ရက်နေ့ သပိတ်ကြီး အဆုံးသတ်ချိန် တွင် ပြောကြားခဲ့သည်။ ကမ္ဘာကြီးပေါ်တွင် ပေါ်ပေါက်ဘူးသမျှ အမွန်မြတ်ဆုံးပုဂ္ဂိုလ် ၆ ဦးသာ ရှိသည်ဆိုလျှင်၊ ဂန္ဓီကြီးမှာ တစ်ယောက်အပါအ၀င်ဖြစ်ပါသည်ဟု ပြောခဲ့သည်၊ ရာဘင်ဒြာနတ် တဂိုးက သူ့ကို ချစ်မြတ်နိုးစွာ ဖြင့် မဟတ္တမ ဟုခေါ်ခဲ့သည်၊

ဂန္ဓီကြီးသည် မြန်မာနိုင်ငံနှင့် တချိန်တည်းတွင် အင်္ဂလိပ်ကို တော်လှန်၍ လွတ်လပ်ရေးကို အရယူခဲ့ခြင်း ဖြစ်ပါသည်။ အင်္ဂလိပ် တို့၏အပြုအမူမှာ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံကိုဆက်ဆံပုံမှာ ဆင်ဆင်တူပါသည်။ ဂန္ဓီကြီး၏ ခေါင်းဆောင်မှု အနစ်နာခံမှုတွေ အံမခန်းဖြစ်ပါသည်။ သူ့ခေါင်းဆောင်မူမှာ ကမ္ဘာကျော်ခဲ့သလို သူ၏အကြမ်းမဖက်ရေး အယူအဆမှာလည်း ခေတ်ရှေ့ပြေးပြီး အကျိုးသက်ရောက်မှုရှိခဲ့ပါသည်။ ကိုယ်ကျိုးကို မငဲ့ကွက်သော၊ အနစ်နာခံသော ခေါင်းဆောင်များတွင် သူသည်စံပြဖြစ်ပါသည်၊ ကျွန်တော်တို့သည် ဂန္ဓီကြီးအကြောင်းကို ပို၍ ပို၍ သိလာအောင် ကြိုးစားကြရပါလိမ့်မည်၊

ကျောင်းသင်ခန်းစာများတွင် ဂန္ဓီကြီး အကြောင်းတွေထည့်သွင်းဘို့လိုသလို တက္ကသိုလ်ကျောင်းများမှ ဘွဲ့ယူစာတမ်း ရေးရာတွင် ဂန္ဓီကြီး၏ အကြောင်းသုတေသန ခေါင်းစဉ်များချပေးသင့်ပါသည်၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများပြုလုပ် သင့်ပါသည်၊ ဂန္ဓီကြီးကပေးခဲ့သော သူ့ဘ၀အဓိပ္ပါယ် သင်ခန်းစာများမှာ နောင်နှစ်ပေါင်းများစွာကြာအောင် လေ့လာဆည်းပူး ကြရမည့် အကြောင်းအရာတွေဖြစ်ကြပါသည်၊ သူ့ကို အတုခိုးနိုင်လျင်ကား ကမ္ဘာကြီးတွင် ငြိမ်းချမ်းမှု၊ သာတူညီမျှမှုများ ဗြမ္မာစိုရ်တရား များ တိုးတက်ပြန့်ပွားလာမည်ဖြစ်ပါသည်၊

Xxxx


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ကိုသန်းလွင်, အတွေးအမြင်, ရေခြားမြေခြား မြန်မာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်