ဒေါက်တာသိန်းလွင် ရေးခဲ့တဲ့ သူ့အကြောင်း တစိတ်တပိုင်း

February 3, 2015

ဒေါက်တာသိန်းလွင် နဲ့ ၇၄-၇၅-၇၆ ရဲဘော်များ

 

ဒေါက်တာသိန်းလွင် ရေးခဲ့တဲ့ သူ့အကြောင်း တစိတ်တပိုင်း

၇၄-၇၅ ကျောင်းသားအရေးအခင်းများကို ပြန်လည်သတိရခြင်း

(ဂါမဏိဖေ့စ်ဘွတ်) ဖေဖော်ဝါရီ ၃၊ ၂၀၁၅

စောလှငွေ(KNU) မဲဆောက်ကနေ ကျနော့်ကိုဖုန်းဆက်ပါတယ်။ ဦးသန့်အရေးအခင်း နှစ်ပတ်လည်မှာ စာစောင်တခုထုတ်ချင်တယ်တဲ့။ ကျနော့်ကို ရေးဖို့ ပြောပါတယ်။ ကျနော်က ချင်းမိုင်မှာနေပြီး ကျောင်းဆရာ၊ ဆရာမတွေနဲ့ မြန်မာပြည်က အလုပ်လာလုပ် ကြသူတွေကို သင်တန်းပေးနေပါတယ်။ စောလှငွေကို ကျနော်တို့ ကျောင်းသားဘ၀ ကျောင်းသားအရေးအခင်းကာလမှာ ရင်းနှီးခဲ့ ပါတယ်။ သူငယ်ချင်းတွေအဖမ်းခံရပြီး ကျနော်ဝရမ်းပြေးဖြစ်တော့ စောလှငွေက သူ့ဇာတိမြို့ကလေးကိုပို့ပြီး ကျနော်ကို စောင့်ရှောက်ပါတယ်။ အနှစ် (၂၀) ကျော်အကြာမှာ စောလှငွေရဲ့အသံကို ပထမဆုံးပြန်ကြားရတော့ ကျောင်းသားဘ၀ကဖြစ်ရပ်တွေနဲ့ ပြေးလွှား ပုန်းအောင်းရင်း မာနယ်ပလောစခန်းကို လာခဲ့ရတဲ့ခရီးစဉ်တွေကို ပြန်လည်သတိရမိပါတယ်။

ကျနော်က စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပါတယ်။ သမိုင်းဝင်းထဲက ကျောင်းဆောင်တွေမှာ နေရပါတယ်။ ကျနော် တက္ကသိုလ်ဒုတိယနှစ် (၁၉၇၄) ဇွန်လမှာ ဂုန်နီစက်ရုံနဲ့ ချည်စက်ကအလုပ်သမားတွေ ဆန္ဒပြပါတယ်။ ကျနော်တို့ ကျောင်းဆောင်နဲ့ နီးတော့ သွားကြည့်ပါတယ်။ “ဆန်ရရှိရေး၊ လစာတိုးမြှင့်ရေး၊ လုပ်ငန်းခွင်သာယာရေး” စတာတွေကို တောင်းဆိုကြပါတယ်။ ဆန္ဒပြတဲ့ လူအုပ်ကြီးကို စစ်တပ်ကပစ်ခတ်တာ ကိုယ်တိုင်တွေ့မြင်ရပါတယ်။ ဒီဇင်ဘာလကျတော့ ဦးသန့်အရေးအခင်းဖြစ်ပါတယ်။ ဦးသန့် ဈာပနကို ကျနော်တို့ကျောင်းသားတွေ သွားကြပါတယ်။ ဈာပနကို ကျိုက္ကဆံကွင်းကနေ တက္ကသိုလ်ဝင်းထဲ သယ်ယူလာတော့ ကျနော်လည်း လိုက်ပါလာခဲ့ပါတယ်။ နောက်တနေ့မှာ ကျနော်တို့ ပဲခူးမြို့ကကျောင်းသားတွေ အိမ်ပြန်ကြတော့ ကျနော်လည်း ပဲခူးကိုပြန်ခဲ့ပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်တွေ ရင်မှာစွဲကျန်ခဲ့ပါတယ်။ အလုပ်သမားတွေ ပစ်သတ်ခံရတာ၊ ကျောင်းသားတွေ အဖမ်းခံကြရတာ မမေ့နိုင်စရာဖြစ်ခဲ့ပါတယ်။

၁၉၇၅ မှာ ကျောင်းပြန်ဖွင့်တော့ တက္ကသိုလ်ကို ပြန်လာခဲ့ပါတယ်။ ဇွန်လမှာ ပညာရေးဝန်ကြီးနဲ့ အစိုးရတာဝန်ရှိသူတွေဟာ စက်မှုတက္ကသိုလ်ကိုလာပြီး ကျောင်းသားတွေကို ဟောပြောပါတယ်။ သူတို့ရဲ့ဟောပြောချက်မှာ “တိုင်းပြည်စီးပွားရေး ကျဆင်းရတာ အလုပ်သမားတွေ အလုပ်မလုပ်ဘဲ ဆူဆူပူပူလုပ်လို့ဖြစ်တယ်။ လယ်သမားတွေ စပါးအပြည့်အ၀ မရောင်းလို့ဖြစ်တယ်” လို့ပြောပါတယ်။ ကျနော်ဟာ လယ်သမားသားတဦးဖြစ်ပါတယ်။ ကျနော်မိဘနဲ့ဆွေမျိုးတွေ ရွာမှာ ဘယ်လိုခက်ခဲကြတယ်ဆိုတာ ကျနော်သိတယ်။ မနှစ်က အလုပ်သမားတွေ ကျနော့်မျက်စေ့ရှေ့မှာ သတ်ဖြတ်ခံရတယ်။ ကျနော့်စိတ်တွေ နိုးကြားလာပြီး ပြန်ပြောခဲ့ပါတယ်။ “အလုပ်သမားတွေ ထမင်းမ၀လို့ ဆန်တောင်းတာ ခင်ဗျားတို့က ကျည်ဆံတွေပဲပေးခဲ့တယ်။ လယ်သမားတွေ ၀မ်းစာပါမကျန်အောင် အစိုးရကိုသွင်းရတာ ကျနော်သိတယ်။ မတရားတာ ခင်ဗျားတို့ပဲဖြစ်တယ်။” ဒီစကားဟာ ကျနော့်ကို ကျောင်းထွက်ဖို့ဖြစ်လာပါတယ်။ ၁၉၇၆ ခုနှစ်မတ်လမှာ သခင်ကိုယ်တော်မှိုင်းရာပြည့်ပွဲကို ကျောင်းသားတွေဦးဆောင်ပြီး ကျင်းပပါတယ်။ ရွှေတိဂုံဘုရား တောင်ဘက် မုခ်အနီးက သခင်ကိုယ်တော်မှိုင်းရဲ့ ဂူဗိမာန်ရှေ့မှာ ကျင်းပကြပါတယ်။ ကျနော်က ပရိသတ်အဖြစ် ပါဝင်တက်ရောက်ခဲ့ပါတယ်။ မှိုင်းရာ ပြည့်ပွဲအပြီးမှာ တက္ကသိုလ်တွေ ပိတ်လိုက်ပြီး အစိုးရက “ကျောင်းသားဆိုးများ” ကို တက္ကသိုလ်မှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း ကြေညာပါတယ်။ ပဲခူးမြို့နယ်ကောင်စီက ကျနော့်ကိုခေါ်ပြီး ကျောင်းထုတ်တဲ့စာ ပေးပါတယ်။ ကျနော့်အမေက “ငါ့သားမိုက်တယ်” လို့ ပြောပါတယ်။ ကျနော်မိုက်တာ မဟုတ်ပါ။ ကျောင်းသားတယောက်ဟာ စာသင်ခန်းပြင်ပမှာ ဖြစ်ပျက်နေတဲ့ အရာကိစ္စတွေနဲ့ ဆက်စပ်နေပါတယ်။ ပတ်ဝန်းကျင်သာယာရင် စာသင်ခန်းလည်း သာယာပါတယ်။ ပတ်ဝန်းကျင်ကို သာယာအောင်လုပ်ဖို့ ကျနော်တို့လည်း တာဝန်ရှိပါတယ်။

ကျောင်းထုတ်ခံရပြီးတဲ့အခါ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ကျနော်ပိုပြီး နီးကပ်လာပါတယ်။ (၁၉၇၇) ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျနော်တို့သူငယ်ချင်းတွေ “ဇူလိုင်ဆဲဗင်း” အထိမ်းအမှတ်အခမ်းအနားကို ကျောင်းသားသမဂ္ဂအဆောက်အဦးရှိတဲ့နေရာမှာ လုပ်ဖို့ စိုင်းပြင်းခဲ့ကြပါတယ်။ ၆၂ ခုနှစ်က ကျောင်းသားသမဂ္ဂ ကျောင်းသားဟောင်းကြီး တွေက ကျောင်းဆောင်တွေမှာ ဖြန့်ဝေပါတယ်။ အကြောင်းကြောင်းကြောင့် (၇၇၇၇) အခမ်းအနားမဖြစ်ခဲ့ပါ။ ဇူလိုင် (၇) ရက်မနက်မှာ မိုးအကြီးအကျယ်ရွာနေတာ၊ ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်က ကျောင်းသားတွေကို ဆရာတွေက အတန်းမရှိဘူးလို့ ပြောလိုက်တဲ့အတွက် မြို့ထဲကကျောင်းသားတွေ ကျောင်း မလာတာ၊ အဆောင်နေကျောင်းသားအချို့ အရေးအခင်းဖြစ်တယ်ထင်ပြီး အိမ်ပြန်သွားကြတာတွေကြောင့် ကျနော်တို့အခမ်းအနား မကျင်းပဖြစ်ခဲ့တာပါ။ (၁၉၇၈) မှာတော့ ကြိတင်လှုံ့ဆော်ခြင်းမပြုဘဲ ဇူလိုင် (၃) ရက်နေ့ စက်မှုတက္ကသိုလ်မှာ အရေးအခင်းကို စတင်ပါတယ်။ ရည်ရွယ်ချက်က ကျောင်းသားအရေးအခင်း အရှိန်ရလာရင် ဇူလိုင် (၇) ရက်နေ့မှာ အထိမ်းအမှတ်အခမ်းအနား ကျင်းပမှာဖြစ်ပါတယ်။ မမျှော်လင့်ဘဲ အရေးအခင်းကိုစတင်ခဲ့တဲ့ ကျောင်းသားတစု ဖမ်းဆီးခံရပါတယ်။ ကျနော်တိမ်းရှောင်ခဲ့ပြီး ၀ရမ်းပြေးဖြစ်ခဲ့ပါတယ်။

စောလှငွေတို့ညီအစ်ကိုတွေက ကျနော့်ကို ညောင်တုန်းမြို့မှာရှိတဲ့ သူတို့ရဲ့မိဘအိမ်ကို ပို့ထားပါတယ်။ ညောင်တုန်းနဲ့ ပန်းတနော်ကြား ဧရာဝတီမြစ်ကမ်းဘေးက ရွာသာအေးရွာကလေးက တွဲဖက်ကျောင်းမှာ ကျောင်းဆရာလိုတော့ ကျနော် ကျောင်းဆရာသွားလုပ်ပါတယ်။ ကျနော့်ရဲ့ကျောင်းဆရာဘ၀ဟာ ရွာသားအေးရွာမှာ စတင်ခဲ့ပါတယ်။ ကျောင်းဆရာဘ၀မှာ ပျော်ပေမဲ့ ကျနော့်ရဲ့ရည်ရွယ်ချက်က စာသင်ဖို့လာခဲ့တာမဟုတ်ဘဲ နိုင်ငံရေးအရ ခေတ္တတိမ်းရှောင်နေခြင်းသာ ဖြစ်ပါတယ်။ စောလှငွေရဲ့ စီစဉ် ပေးချက်အရ ဒုတိယနှစ် စာသင်နှစ်မှာ မာနယ်ပလောစခန်းကို ထွက်ခွာခဲ့ရပါတယ်။ ကျိုက်ထီးရိုးဘုရားတောင်ခြေကနေ သောင်းရင်းမြစ်ကမ်းရောက်တဲ့အထိ (၁၂) ရက်တိတိ တောင်တွေ၊ တောတွေဖြတ်ပြီး ခြေလျင်လျှောက်ခဲ့ရပါတယ်။ မာနယ် ပလောစခန်းရောက်တော့ ဗိုလ်ချုပ်မြ၊ စောသန်းအောင်၊ ဖူးစကောလယ်တော၊ ဗိုလ်ချုပ်မြမောင်၊ စောတာအယ်၊ စောစံလင်း၊ ဦးစိုးအောင်တို့နဲ့ တွေ့ဆုံစကားပြောခွင့်ရပါတယ်။ သနူးထူးစာစောင်မှာလည်း မြန်မာပြည်ပညာရေးစနစ်နဲ့ ကျောင်းသား အရေးအခင်း ဆောင်းပါးတွေ ရေးခဲ့ပါတယ်။ ကျနော့်ရည်ရွယ်ချက်က လက်နက်ကိုင်တိုက်ပွဲမှာ ပါဝင်ဖို့မဟုတ်ဘဲ လူထုလှုပ်ရှားမှုကို ဦးတည်တဲ့အတွက် ပြည်တွင်းကိုပြန်ခဲ့ပါတယ်။ ကျောင်းဆရာလုပ်ရင်း လူထုလှုပ်ရှားမှု၊ ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ဖို့ အခွင့်အခါစောင့်နေ ခဲ့ပါတယ်။

၁၉၈၀ မှာ အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ကြေညာတော့ ကျနော် ရန်ကုန်ပြန်လာခဲ့ပါတယ်။ ရန်ကုန်မှာ ကျူရှင်ပြရင်း စာပေးစာယူတက္ကသိုလ် တက်ရောက်ခဲ့ပါတယ်။ ၁၉၈၂ မှာ မမျှော်လင့်ဘဲ ကျနော်အဖမ်းခံရပါတယ်။ သူငယ်ချင်းတွေ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လွတ်ကြပြီးမှ ကျနော်က ထောင်ထဲပြန်ဝင်ရပါတယ်။ နှစ်နှစ်အကြာ ထောင်ကလွတ်ပြီး စာပေးစာယူတက္ကသိုလ် စဖြေပါတယ်။ မဟာသိပ္ပံစတက်တဲ့နှစ် ၁၉၈၈  မှာ အရေးအခင်းတွေဖြစ်တော့ ကျနော်ပါဝင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူထောင်တော့ ကျနော် ပဲခူးတိုင်းစည်းရုံးရေးလုပ်ငန်းမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ထပ်မံဖမ်းဆီးခံရပါတယ်။ ထောင်ကပြန်လွတ်လာပြီး ၁၉၉၃ မှာကျနော် မြန်မာပြည်က ထွက်ခွာလာခဲ့ပါတယ်။

ကျနော့်အတွေးများကို ပြန်လည်အဆုံးသတ်ရရင် “ကျောင်းသားဆိုး” တယောက်ဟာ ကျောင်းဆရာဖြစ်လာခဲ့ပါတယ်။ အခုအခါ ကျောင်းဆရာများကို လမ်းညွှန်တဲ့ဆရာ ဖြစ်နေပါပြီ။ ကျနော်တို့တတွေဟာ ပညာမလိုလားလို့ စာမသင်ချင်လို့ ဆူပူခဲ့ကြတာ မဟုတ်ပါ။ ကျနော်တို့ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာဖို့၊ တရားမျှတဖို့ ပါဝင်ဆောင်ရွက်ခဲ့ကြခြင်းသာ ဖြစ်ပါတယ်။ ဒီမိုကရေစီဝါဒ ထွန်းကားလာဖို့ တစိတ်တပိုင်း ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ခေတ်အဆက်ဆက် ကျောင်းသားအရေးအခင်းတွေမှာ ပါဝင်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူများကိုဂုဏ်ပြုရင်း ကျနော့်အတွေးကို နိဂုံးချုပ်လိုက်ပါတယ်။

ဒေါက်တာသိန်းလွင် (ဒီဇင်ဘာ ၂၀၀၅)

(လွတ်မြောက်ဒေသမှာ ထုတ်ဝေခဲ့တဲ့ “အရေးတော်ပုံ(၄)စောင်တွဲ” စာအုပ်မှ ဆောင်းပါး ဖြစ်ပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

One Response to ဒေါက်တာသိန်းလွင် ရေးခဲ့တဲ့ သူ့အကြောင်း တစိတ်တပိုင်း

  1. ko zaw on February 4, 2015 at 3:30 pm

    Dear Saya,
    Very good writing. Wish to read more article / your books.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)