မောင်စွမ်းရည် – ခုခေတ် ကျောင်းသားလူငယ်တွေကို အားကျ ဂုဏ်ယူလိုက်ပါတယ်

February 4, 2015

မောင်စွမ်းရည် – ခုခေတ် ကျောင်းသားလူငယ်တွေကို အားကျ ဂုဏ်ယူလိုက်ပါတယ်
(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝမှာ ကျောင်းသားလှုပ်ရှားမှုတွေ အများကြီးကြုံခဲ့ရပါတယ်။ ကျောင်းသား အခွင့်အရေးတိုက်ပွဲတွေ၊ ပညာရေးဆိုင်ရာတောင်းဆိုမှုတွေ မကြာခဏ ပါဝင်ဆင်နွှဲကြရပါတယ်။ တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တ.က.သ )က ဦးဆောင်ပါတယ်။ တကသမှာ ပါဝင်ဦးဆောင်တဲ့ ကျောင်းသားကြီးတွေကတော့ ကျောင်းသားထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ တရားဝင်သမဂ္ဂအမှုဆောင်တွေ ဖြစ်ကြပါတယ်။ ရွေးချယ်ခံရတဲ့ အမှုဆောင်တွေကတော့ “ ကျောင်းသားညီညွတ်ရေးတပ်ဦး ” အဖွဲ့ခေါင်းဆောင်တွေဖြစ်ပါတယ်။ အတိုကောက် “ တပ်ဦး ” အဖွဲ့လို့ ခေါ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမှုဆောင်ကော်မတီစတင်ဖွဲ့စည်းစက ပါဝင်ကြတဲ့ ဦးတင်ရွှေ(မုံရွာ )၊ ဦးမိုးသူ ခေါ်ဦးစိန်မြင့်၊ ဦးတင်မိုး ခေါ် ဦးဘဂျမ်း၊ ရခိုင်ဦးသာဘန်း(ရန်ကုန်တကသ) စတဲ့ ပုဂ္ဂိုလ်များဟာ ရန်ကုန်၊ မန္တလေး တကသအမှုဆောင်ဟောင်းတွေပေါ့ ။ ဦးကိုယုတို့ ဒေါ်မြင့်မြင့်ခင်တို့လဲ တပ်ဦးအဖွဲ့သားတွေပါပဲ။ မောင်သာနိုးတို့၊ မောင်သာရတို့ဆိုတာလဲ အစောဆုံး အထိန်းအသိမ်း အဖမ်းအဆီးခံခဲ့ကြရတဲ့ ကျောင်းသားခေါင်းဆောင်ကြီးတွေပါပဲ။ ကျွန်တော်ကတော့ မုံရွာဦးတင်ရွှေ၊ ဦးသာနိုး၊ ဦးမိုးသူတို့ တကသအမှုဆောင် လုပ်တဲ့ကာလတွေမှာ အတူ ပါဝင်ခဲ့ရဖူးပါတယ်။ တက္ကသိုလ်ရောက်စကတည်းက ကျောင်းသားသမဂ္ဂရုံးခန်း( ဝါးကပ်ကာ၊ ထီးကပ်မိုး တဲကြီးထဲ )က ထွက်ရတယ် မရှိပါဘူး။

ကျွန်တော်တို့ခေတ်မှာ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ် နှစ်ခုပဲရှိခဲ့ပြီး နောက်မကြာခင်မှာ မကွေးကောလိပ် နဲ့ မုံရွာကောလိပ်တို့ပေါ်ပေါက်လာခဲ့ပါတယ်။ အဲဒီကောလိပ်တွေမှာလဲ ကျောင်းသားညီညွတ်ရေးတပ်ဦးကပဲ ရှေ့ဆောင်နေရာကို အမြဲတမ်းရရှိနေခဲ့ပါတယ်။  တက္ကသိုလ်၊ ကောလိပ်ပေါင်းစုံ ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းပြီး ကျောင်းသားအရေးကိစ္စတွေကို ဆောင်ရွက်ကြပါတယ်။ ကျောင်းသားအခွင့်အရေးကာကွယ်မှု၊ ပညာရေးစနစ်ချွတ်ယွင်းမှုတို့ အတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြခြင်းပါပဲ။ ပညာရေးစနစ်က အင်္ဂလိပ်အစိုးရရဲ့ ကျွန်ပညာရေးစနစ် မလိုချင်ဘူး။ ဒီမိုကရေစီပညာရေးစနစ် လိုချင်တယ်လို့ တောင်းဆိုကြတယ်။ ဒီလိုတောင်းဆိုမှုတွေကို အဲဒီတုန်းက ရန်ကုန်တက္ကသိုလ်ကျောင်းသားဖြစ်တဲ့ ကိုမြတ်လေး၊ ကိုလေးညွန့်၊ ကိုသစ္စာ စသူတို့ကလဲ တေးဖွဲ့ကြတဲ့အခါ ကျွန်တော်တို့က အားတက်သရော သီဆိုခဲ့ကြပါတယ်။ ဒီတောင်းဆိုမှုတွေဟာ ဒီနေ့ထိလဲ မပြီးသေးဘူးဆိုတော့ ဦးသာဘန်းတို့၊ ဦးမိုးသူတို့၊ ဦးလှရွှေတို့လို ကျောင်းသားခေါင်းဆောင်ဟောင်းတွေက ကျောင်းသားလူငယ်တွေ၊ အဖွဲ့ချုပ်လူငယ်တွေကို တေးသီချင်း လက်ဆင့်ကမ်းပေးကြရမယ် ထင်ပါတယ်။

ကျွန်တော်တို့တုန်းက ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာလဲ ပါဝင်ခဲ့ကြပါတယ်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ “ သူမနာ ကိုယ်မနာ ” သင်ပုန်းချေရေးဖြစ်ပါတယ်။ တချို့က “မင်းတို့ကျောင်းသားတွေက အပြင်လော နိုင်ငံရေးကိစ္စတွေမှာ ဘာဖြစ်လို့ ၀င်ပါကြသလဲ” တဲ့။ အပြစ်တင်ကြပါတယ်။ ကျောင်းသားတွေကလည်း – “ ငြိမ်းချမ်းစွာ ပညာသင်ကြားလိုကြတဲ့ အချို့ဒေသတွေမှာ (ဒီနေ့အထိ) အစိုးရစစ်တပ်နဲ့ သူပုန်တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေလို့ ငြိမ်းချမ်းစွာ ပညာသင်ယူနိုင်မှု မရှိသေးပါဘူး။ တပ်ရင်းတရင်းရဲ့ တနှစ်အသုံးစာရိတ်ဟာ မကွေးကောလိပ်လို ကောလိပ်တခုရဲ့ တနှစ်အသုံးစာရိတ်ထက် ပိုလွန်ပါသတဲ့။ တပ်ရင်းတရင်းဆိုတာ တပ်သား ၇၀၀နဲ့ ၁၀၀၀ ကြား ရှိပါသတဲ့။ စစ်တပ်တွေပ တိုးချဲ့နေတော့ စစ်သုံးစာရိတ်ဟာ အမျိုးသားဝင်ငွေရဲ့ ၅၀% ကို ကျော်ခဲ့ပြီး ပညာရေးနဲ့ ကျန်းမာရေးအသုံးစာရိတ်ဟာ ၃ % လောက်ပဲ ရှိပါသတဲ့။…” ။ ဒီလိုကျောင်းသားတွေက တွက်ပြတော့ လူကြီးမိဘတွေက အံ့သြကြပါတယ်။ ကျောင်းသားတွေ ဘာကြောင့် ငြိမ်းချမ်းရေးကို တောင်းဆိုရသလဲဆိုတာလဲ သဘောပေါက်သွားပြီး မိဘပြည်သူတွေက ကိုယ်တိုင် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမယ့် စစ်တပ်က တနေ့တခြား ကြီးထွားလာပြီး ဦးနု၊ ဦးကျော်ငြိမ်းစတဲ့ ဖဆပလအစိုးရအဖွဲ့ဟာ ကိုယ်မွှေးတဲ့မီး ကိုယ်မွေးမိတဲ့ တစ္ဆေသရဲကြီးကို မနိုင်တော့ဘဲ စစ်တပ်က အာဏာသိမ်းတာ ခံလိုက်ရတော့တာပါပဲ။

ကျနော်တို့ခေတ်က ဦးနုခေတ်ပါ။ ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီခေတ်ပါ။ ဒီမိုကရေစီ ရှိတန်သလောက် ရှိခဲ့ပါသေးတယ်။ ကျောင်းသားတွေနဲ့ အတိုက်အခံနိုင်ငံရေးသမားတွေကို ဖဆပလ၀န်ကြီး ဆိုရှယ်လစ်ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်လေးတို့ အုပ်စုက ဖမ်းဆီးထောင်ချ၊ တကျွန်းပို့ စသည်ဖြင့် နှိပ်စက်ညှင်းပန်း ခဲ့တာတွေ ရှိခဲ့ပါတယ်။ ဦးနုကတော့ သူကိုယ်တိုင်က ကျောင်းသားသမဂ္ဂသပိတ်ခေါင်းဆောင်ကြီး ဖြစ်ခဲ့လေတော့ ကျောင်းသားသမဂ္ဂကို သံယောဇဉ်ရှိခဲ့ပါတယ်။ ၁၉၅၈ မှာ တက္ကသိုလ်ကောလိပ်ပေါင်းစုံ ပညာရေးနှီးနှောဖလှယ်ပွဲကြီး ပြုလုပ်စေခဲ့ပါတယ်။ ပြီးလဲပြီးရော ဗိုလ်နေ၀င်းရဲ့ ပထမအကြိမ် အာဏာသိမ်းတာနဲ့ ကြုံတွေ့လိုက်ရလို့ ပညာရေးစနစ်သစ် အကောင်အထည် မဖော်လိုက်ရပါဘူး။ ၁၉၆၂ မှာတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦကိုပါ မိုင်းခွဲဖြိုချခံရပြီး ကျောင်းသားခေါင်းဆောင်တွေလည်း ပြေးနိုင်မှ လွတ်မဟေ့ဆိုတဲ့အတိုင်း တောရောက်၊ တောင်ရောက်၊ ထောင်ရောက် တန်းရောက် ဖြစ်ခဲ့ကြရပါတယ်။ ဗိုလ်နေ၀င်းရဲ့ အကြီးဆုံးအောင်ပွဲတရပ်ပါပဲ။ လက်နက်မဲ့ကျောင်းသား လူငယ်တွေကို ‘တုတ်တုတ်ချင်း၊ ဓားဓားချင်း” လို့ မိုက်မိုက်ရိုင်းရိုင်း အရှက်မဲ့စိန်ခေါ်ခဲ့သေးပါသကော။ သူတို့ကိုင်တဲ့ သေနတ်တွေ သူတို့ဝတ်တဲ့ စစ်ယူနီဖောင်းတွေဟာ ကျောင်းသားမိဘတွေရဲ့ ငွေ၊ ပြည်သူလူထုရဲ့ ငွေနဲ့ ပြည်ပက ၀ယ်ယူတင်သွင်းခဲ့ရတယ် ဆိုတာ ဒင်းတို့ မေ့သွားခဲ့ပါပြီ။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပါတီအဖွဲ့အစည်းတွေ အားလုံးကို ဖြိုခွင်းဖျက်သိမ်းခဲ့ရာမှာ ကျောင်းသားသမဂ္ဂလဲ ပါခဲ့ပါတယ်။ တပါတီအာဏာရှင်စနစ်ကို ထူထောင်ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကြီးကို ထူထောင်ခဲ့ပါတယ်။ အစိုးရဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ အစိုးရဝန်ထမ်းတွေ၊ နိုင်ငံရေးမလုပ်ရဆိုပေမဲ့ မဆလနိုင်ငံရေးပါတီထဲကိုတော့ ဝင်ကြရပါတယ်။ ကျောင်းသားလူငယ်တွေအတွက် လမ်းစဉ်ပါတီကို ကွန်မြူနစ်ပျက်၊ ဆိုရှယ်နီပျက်တွေနဲ့ထူထောင်ပေးပြီး ချုပ်ကိုင်လိုက်ပါတယ်။ ကျောင်းတွေမှာ လမ်းစဉ်လူငယ်တွေကို ဆရာတွေက ဖွဲ့ပေးရပါတယ်။ လူငယ်တွေရဲ့ ဆောင်ပုဒ်သီချင်းက“ အများအကျိုးဆောင်၊ ကိုယ့်အကျိုးအောင်” တဲ့။ “အေး – မင်းတို့တတွေ ကိုယ့်အကျိုး မအောင်ရင် ၊ အများအကျိုးမဆောင်ကြနဲ့ပေါ့ကွာ …” လို့ ကျောင်းဆရာ မောင်စွမ်းရည်က “ ရိ” လေ့ရှိပါတယ်။

ကျနော်က “ အာရှလူငယ်” အဖွဲ့အစည်းကို ကိုယ်တိုင်ပါဝင်ခဲ့ရလောက်အောင် အသက်အရွယ်က မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကိုယ့်ဦးလေး၊ ကိုယ့်အကို အရွယ်တွေက အာရှလူငယ်တွေပါ။ ကျနော်တို့က မန္တလေးမှာ နေခဲ့တာဆိုတော့ အထက်ဗမာနိုင်ငံ အာရှလူငယ်ခေါင်းဆောင် လူထုဦးလှနဲ့ တွေ့ဆုံရင်းနှီးခွင့်ရလိုက်တော့ အာရှလူငယ်အကြောင်းကို တော်တော်လေးသိခွင့်ရလိုက်ပါတယ်။ အာရှလူငယ်တွေဟာ အထက်ဗမာနိုင်ငံ ဖက်ဆစ်တော်လှန်ရေးကို စောစောစီးစီးထပြီး လုပ်လိုက်တဲ့ ဗိုလ်ဗထူးရဲ့တပ်သားတွေ ဖြစ်လာပါတယ်။ လူထုဦးလှတို့က လူအား၊ ရိက္ခာအားလိုသမျှ ဖြည့်ဆည်း ပေးခဲ့ရပါတယ်။ ငယ်စဉ်ကရခဲ့ဖူးတဲ့ အာရှလူငယ်သီချင်းကိုလဲ အလေးအနက်ပြုမိလာခဲ့ပါတယ်။ ဒီသီချင်းက အသင်းရဲ့ဆောင်ပုဒ်လဲဖြစ်ပါတယ်။ “တို့ တကိုယ်ကောင်းစိတ်ထား ပယ်၊ အများအကျိုးအတွက် ထမ်းရွက်မယ် ” တဲ့။ လမ်းစဉ်လူငယ်တွေရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ အများအကျိုးဆောင် – ကိုယ့်ကျိုးအောင် ” ဆိုတာနဲ့ မကွာဘူးလား။ အောင်ဆန်း၊ ဗထူးလမ်းကြောင်းနဲ့ ဗိုလ်နေဝင်းလမ်းကြောင်း တို့မကွာပေဘူးလား။

“ဒီခေတ်လူငယ်တွေ” ဟာ လမ်းစဉ်လူငယ်ကျောင်းဆင်း “ လမ်းစဉ်လူလည်” တွေ မဟုတ်ကြပေဘူး၊ ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ ခေတ်သစ်သမိုင်းစိတ်ဓါတ်အပြည့်အဝရှိကြပါပေတယ်။ ကျနော်တို့ခေတ်ထက် သတ္တိအရာမှာရော၊ စိတ်ဓါတ်အရာမှာရော၊ နိုင်ငံရေးအမြင်မှာရော သာလွန်ကြပါတယ်။ ဒါဟာ သမိုင်းပေးစိတ်ဓါတ်ပါ။ သူတို့ဟာ တကသ၊ ဗကသတွေ ဖြစ်ကြလေတော့ အာရှလူငယ်စိတ်ဓါတ်လဲ အမွေခံကြပါတယ်။ “ ဒို့တကိုယ်ကောင်းစိတ်ထား ပယ် ” ကြပါတယ်။ ခု သူတို့က ခေတ်သမိုင်းကို ရှေ့ဆောင်နေကြပြီ။ ပုဆိုးဝတ်စစ်အစိုးရရဲ့ အမျိုးသားပညာရေးစနစ်ကို “ အလိုမရှိ ” ဆိုပြီး အပြတ် ငြင်းပယ်နေကြပါပြီ။ ရေနံမြေအလုပ်သမားအရေးတော်ပုံကြီးတုန်းကလို အထက်ဗမာနိုင်ငံကနေ ရန်ကုန်၊ရွှေတိဂုံခြေတော်ရင်းဆီကို ဦးတည်ချီတက်နေကြပါပြီ။ လမ်းတလျှောက်မြို့ရွာတွေက ကျောင်းသားကျောင်းသူတွေကလဲ ပူးပေါင်း ဆန္ဒပြကြပါတယ်။ ကိုယ်တိုင် အစအဆုံး မလိုက်ပါနိုင်ကြတောင်မှ ကိုယ့်မြို့ဆီ နီးကပ်လာတဲ့အခါ သွားရောက် ဆီးကြိုကြ၊ ရေပူရေချမ်း ဆွမ်းကမ်းလှမ်းကြ၊ ကျွေးကြ မွေးကြပါတယ်။ ကိုယ့်မြို့ထွက်သွားတော့ လိုက်ပို့လိုက်ကြပါသေးတယ်။ တိုက်ပုံဝတ်စစ်အစိုးရက သေနတ်ခါးထိုးပြီး အမျိုးမျိုး ခြိမ်းခြောက်တားဆီးတဲ့ကြားက ကွင်းရှောင် နင်းကျော်ပြီး ဆက်လက်ချီတက်နေကြပါပြီ။ ရောက်ရာအရပ်က ဘုန်းတော်ကြီးကျောင်းတွေက အရိပ်ပေး၊ အစာကျွေးကြပါတယ်။ စစ်အစိုးရက ဘုန်းကြီးကျောင်းတွေကို ပိတ်ဆို့တားမြစ်တဲ့အခါ မိဘပြည်သူတွေက သူတို့အိမ်တွေမှာ နားနေစေပါတယ်။ သံဃာတော်များကလဲ လိုက်လံ စောင့်ရှောက်ကြတာကို မြင်ရတော့ မျက်ရည်လည်ရပါတယ်။

ဘုရားသားနဲ့ ကျောင်းသား သားနှစ်သား ပေါင်းစည်းနေကြပါတယ်။“ စစ်သား ” ဆိုတဲ့ သားတယောက်က သစ္စာဖောက်ပြားနေဆဲပါ ။ မိဘပြည်သူတွေရဲ့ ငွေနဲ့ ဝယ်တဲ့ သေနတ်တွေ ခါးထိုးပြီး “ လမ်းမတော်ဖိုးတုတ် ” လို အလောင်းကစားသမား၊ လမ်းပေါ်ကလူ အငှားရိုက်တဲ့ လူမိုက်ဇာတ်ကို ခင်းဆဲပါ။ စစ်အစိုးရ စိတ်ဓါတ်အတိုင်း “ တုတ်နဲ့ ဓါး မပါသူတွေကို သေနတ်ခါးထိုးပြီး စိန်ခေါ်ဆဲပါပဲ။ ဗိုလ်အောင်ဆန်းမွေးထုတ်တဲ့ တပ်မတော်သားတွေ၊ ဗိုလ်လက်ျာ၊ ဗိုလ်ကျော်ဇောတို့သင်တန်းပေးခဲ့တဲ့ တပ်မတော်သားတွေ မရှိကြတော့ဘူးလား။ ဘေးရောက်၊ နောက်ရောက်ကုန်ကြပြီလား။ ဗိုလ်နေဝင်း စစ်တပ်က စစ်သား၊ ကြေးစားလူမိုက်တွေလို ဟာမျိုးတွေ၊ အရပ်ဝတ်နဲ့ သေနတ်မချွတ်ဘဲ ပြည်သူ့သားသမီးတွေကို အတားအဆီးလုပ်နေကြသလား။

အောင်ဆန်းစိတ်ဓါတ်၊ တကသ၊ ဗကသ သမိုင်းစိတ်ဓါတ်နဲ့ ရှစ်လေးလုံးစိတ်ဓာတ်တွေနဲ့ စွန့်စားချီတက်လာကြတဲ့ ကျောင်းသား ကျောင်းသားလူငယ်တွေကို မိဘပြည်သူတွေ၊ ရဟန်းသံဃာတွေက စောင့်ရှောက်နေကြပါတယ်။ ကျောင်းသားတွေဟာ သူတို့ရည်မှန်းချက်များ မရမချင်း ဆက်လက်ချီတက်နိုင်ကြပါစေ။ တကသ ၊ ဗကသ စိတ်ဓာတ် အောင်ပွဲခံနိုင်ပါစေ။ ရှစ်လေးလုံး စိတ်ဓါတ်၊ နိုင်ငံဖြန့်၊ လွှမ်းပတ်ကမ္ဘာတည်စေသော်။

မောင်စွမ်းရည် (တကသ အမှုဆောင်ဟောင်းတစ်ဦး)
၂၀၁၅ ဇန်နဝါရီ ၃၀


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်