မောင်မြတ်ထင် – သဘောတရားအသစ် (A New Politics)

February 6, 2015

မောင်မြတ်ထင် – သဘောတရားအသစ် (A New Politics)
(ချင်းတွင်းမဂ္ဂဇင်း၊ ဖေ့စ်ဘွတ်) ဖေဖော်ဝါရီ ၆၊ ၂၀၁၅

သဘောတရားလို့ ရေးပေတဲ့ ဝါဒလို့လည်း ပြောလို့ရမယ့် စိတ်ကူးစိတ်သန်းတစ်ခုကို တင်ပြချင်ပါတယ်။

အာဏာရရာရကြောင်း နီးစပ်တဲ့ လက်ဝဲနိုင်ငံရေးသမား (ဆိုရှယ်လစ်တွေနဲ့ ဆိုရှယ်ဒီမိုကရက်) တွေဟာ သဘာဝပတ်ဝန်းကျင်သမား (အစိမ်းရောင်ဝါဒသမားတွေ) နဲ့ ပူးပေါင်းသင့်တယ်တဲ့။ လန်ဒန်ယူနီဗာစီတီကောလိပ်က ပါမောက္ခတဦးလည်းဖြစ် ဘဏ္ဍာရေးဋ္ဌာန အထူးအကြံပေးပုဂ္ဂိုလ်လည်းဖြစ်တဲ့ မိုက်ကယ်ယာကော့ဘ်က အက်ဆေးတစ်ပုဒ် ရေးတယ်။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ ဖြေရှင်းဖို့ စိတ်ဝင်စားစရာကောင်းတဲ့ အိုင်ဒီယာတခုလို့ ထင်တာပါပဲဗျာ။ ဖတ်ရှုကြည့်တော်မူကြပါ။

အစိမ်းရောင်ဝါဒ (Green Politics)

အစိမ်းရောင်ဝါဒ ဆိုတာမှာ သူ့သဘောတရားနဲ့ သူရှိတယ်။ အောက်ပါ အဓိကလက္ခဏာတွေ ရှိပါတယ်။

(၁) သဘာဝကြီးရဲ့ အဖိုးတန်ပုံကို ယုံကြည်တယ်။ လူဟာ သဘာဝထဲမှာ ရှိနေတဲ့အရာသာလျှင် ဖြစ်တယ်လို့ အစိမ်းရောင်သမားတွေက ယူဆကြတယ်။

(၂) ပထမအချက်ကို ဆန့်ထုတ်ရင်၊ ကြွယ်ဝတဲ့ လူ့ဘဝဆိုတာ ရုပ်ဝတ္ထုပစ္စည်းတွေ သုံးစွဲခြင်းထက်ပိုတယ်လို့ ယူရမှာပါ။

(၃) အစိမ်းရောင်ဝါဒဟာ၊ သေးငယ်သောပမာဏ (Small scale)၊ သူ့ဒေသနဲ့သူ တန်ဖိုးတွေရှိနေခြင်း၊ ကိုယ်အားကိုယ်ကိုး၍ ဖူလုံခြင်း၊ သူ့သဘောသူ ဆောင်နိုင်ခြင်း (Self-organizing)၊ သမ၀ါယမ ပူးပေါင်းဆောင်ရွက်ကြသော အဖွဲ့အစည်း ပုံသဏ္ဌာန်များကိုလည်း ယုံကြည်ပါတယ်။

(၄) ကောင်းစွာ အလုပ်လုပ်ခြင်း (Good work) ကို တန်ဖိုးထားတယ်။ လူ့ဘ၀ရဲ့ ရည်မှန်းချက်များ ပြည့်အောင် ပိုကောင်းတဲ့ လူတွေ ဖြစ်လာအောင်၊ အလှနဲ့ လက်မှုပညာ ဖြစ်ထွန်းအောင် လုပ်နိုင်ခြင်းကို တန်ဖိုးထားပါတယ်။

(၅) အကြမ်းမဖက်ခြင်းကို အလေးအနက်ထားတယ်။ စစ်ကို ဆန့်ကျင်တယ်။ စစ်ဆန့်ကျင်ရုံမကဘဲ ငြိမ်းချမ်းသော အခြားသူများကို နားလည်သည်းခံသော အခြေအနေများကိုလည်း တန်ဖိုးထားပါတယ်။

(၆) အစိမ်းရောင်ဝါဒမှာ ဣတ္ထိယ(Feminist) သဘောလည်းပါ ပါတယ်။ အစိမ်းရောင်သမားတွေဟာ တန်းတူရည်တူ ဖြစ်ရေး သာမကဘဲ လူ့ဘဝရဲ့ မျက်နှာစာများဖြစ်တဲ့ တခြားသူတွေကို ဂရုစိုက်ခြင်း မွေးမြူခြင်း(အမျိုးသမီးများ ဆောင်ရွက်ကြတဲ့ ကိစ္စများ) ကို အလေးအနက် တန်ဖိုးထားတယ်။

အထက်ပါ တန်ဖိုးတွေဟာ သူတို့ရဲ့ အဓိကတန်ဖိုးထားမှုတွေ ဖြစ်သော်လည်း အစိမ်းရောင်သမားတွေဟာ တခြားတန်ဖိုးတွေကိုလည်း ယုံကြည်ကြပါတယ်။ လူမှုရေးတရားမျှတမှု ဒီမိုကရက်သဘောထားများ စသည်ဖြင့်လည်း သူတို့မှာ ရှိပါတယ်။ အစိမ်းရောင်ဝါဒ ဆိုတာဟာ တခြားသဘောထားတွေနဲ့ အထက်ပါအချက် သိသိသာသာ ကွဲပြားတယ်လို့ ဆိုလိုရင်းသာ ဖြစ်ပါတယ်။

***
ဆိုရှယ်လစ် သဘောတရား
လက်ဝဲဆိုရှယ်လစ်ဝါဒမှာ အဓိက တန်ဖိုးသဘောထား သုံးခု ရှိပါတယ်။

(၁) ပထမအချက်ဟာ တရားမျှတမှုအပေါ်အခြေခံတဲ့ တန်းတူရည်တူခြင်း (Equality)ပါ။ လူတွေမှာ တန်ဖိုးတန်းတူ
ရှိတယ်။ အာဏာ၊ ဥစ္စာ၊ ဝင်ငွေကို မျှမျှတတ ခွဲဝေမှ၊ လူ့အဖွဲ့အစည်းရဲ့ အထက်လွှာနဲ့ အောက်ခြေ ကွာဟမှု ကျဉ်းမှ လူ့လောက သာယာမယ် ဆိုတဲ့ အယူအဆဟာ ဆိုရှယ်လစ်တွေရဲ့ အခြေခံသဘောထား ဖြစ်ပါတယ်။ ဒါကြောင့် ဆိုရှယ်လစ်တွေဟာ အောက်ခြေက လူတွေ ဆင်းရဲသူဆင်းရဲသားတွေနဲ့ အဏာမဲ့တွေဘက်က ရပ်တည်တယ်။

(၂) လက်ဝဲသမားတွေဟာ သမဂ္ဂတွေ သမဝါယမတွေ စတဲ့ စုပေါင်းအားထုတ်ခြင်း (Collective action)ကို ယုံတယ်။ လူတွေဟာ တဦးကိုတဦး ထောက်ပံ့ကြရင် စည်းလုံးကြရင် (Solidarity)၊ အလုပ်သမားသမဂ္ဂ၊ ပရဟိတ၊ သမဝါယမ၊ နိုင်ငံတော်(State) စသည်ဖြင့် အတူအားထုတ်ကြသော် တဦးချင်း လုပ်ဆောင်ခြင်းထက် လူမှုရေးရာ ရလဒ်ကောင်းတွေ ရမယ်။ အတူပူးပေါင်းဆောင်ရွက်ခြင်းဟာ လူ့သဘာဝမှာ ပဓာနလည်းဖြစ် တန်ဖိုးထားအပ်တဲ့ ကိစ္စလည်း ဖြစ်တယ်လို့ သဘောထား ရှိကြပါတယ်။

(၃) ဆိုရှယ်လစ်တွေဟာ အရင်းရှင်ဝါဒကဖြင့် လူမှုရေးမှာ မလိုလားအပ်တဲ့ ရလဒ်တွေ ဖြစ်စေတယ်လို့ ယုံကြတယ်။ ဒါကြောင့် အရင်းရှင်စနစ်ကို အထိန်းအကွပ်တွေ လုပ်သင့်တယ်။ စီးပွားရေး အင်အားရှိသူတွေ အကျိုးရှိ ရုံတင်မှာ မရပ်ဘဲ လူ့ဘောင်တခုလုံး အကျိုးရှိတဲ့ ဘုံအကျိုးရှိတဲ့ စီးပွားရေး ဖြစ်ဖို့ စီမံရမယ်လို့ ယုံကြတယ်။ ဒါပေတဲ့ လက်ဝဲ အယူအဆတွေဟာ အရင်းရှင်စနစ်ကို ဘယ်လို စီမံထိန်းကွပ်ရမယ် ဆိုတဲ့အချက်မှာ ကွဲပြားကြပါတယ်။ အရင်းရှင်စနစ်ကို အခြားစနစ်နဲ့ အစားထိုးဖို့ လိုတယ်လို့ ဆိုကြတယ်။ ဒါပေတဲ့ အစားထိုးဖို့ ကြိုးစားခဲ့တာတွေကတော့ မအောင်မြင်ခဲ့ဘူး။ အဲသလို ကြိုးစားခဲ့လို့ ကြောက်စရာကောင်းတဲ့အထိ ဖြစ်ခဲ့ ပျက်ခဲ့တာတွေလည်း သမိုင်းမှာ အထင်အရှား ဖြစ်ခဲ့ပါတယ်။

***

အစိမ်းရောင်ဝါဒနဲ့ ဆိုရှယ်လစ် လက်ဝဲဝါဒမှာ ဆုံတာတွေ (Convergences) ရှိတယ်။ ကွဲပြားသွားတာတွေ (Divergences) လည်းရှိတယ်။ ယခု ကွဲပြားတာတွေ စဉ်းစားကြည့်ရအောင် –

သမိုင်းမှာ လက်ဝဲသမားတွေ ဆိုရှယ်လစ်တွေရော ဆိုရှယ်ဒီမိုကရက်တွေရောဟာ သမာရိုးကျ လူ့အဖွဲ့အစည်း ပုံသဏ္ဌာန်က လွတ်မြောက်လိုကြပါတယ်။ ဆင်းရဲခြင်းက လွတ်မြောက်လိုကြတယ်။ ဒါကြောင့် စက်မှုထွန်းကားရေး အစဉ်ကြီးနဲ့၊ စက်မှုထွန်းကားခြင်းနှင့်အတူ ယဉ်ကျေးမှုထုံးစံတွေ ပြောင်းရေးကို လုပ်ကြတယ်။

သဘာဝပတ်ဝန်းကျင်အပေါ်တော့ သတိမရှိကြဘူး။ တိုးတက်ခြင်းဆိုတာ စက်မှုထွန်းကားခြင်းပဲလို့ ယူတာ။ သဘာဝကို ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ အသုံးချခြင်းထောင့်ကပဲ ချဉ်းကပ်တယ်။ ဆင်းရဲသားတွေ ချမ်းသာလာဖို့ လုပ်ရာမှာလည်း ရုပ်ပစ္စည်း ရှုဒေါင့်ကပဲ ကြည့်ပြီး ရုပ်ပစ္စည်းမဟုတ်တဲ့ တခြားအကြောင်းအရာတွေကို တန်ဖိုးထားမှု နည်းတယ်။ လက်ဝဲဆိုပေတဲ့ စားသုံးခြင်းဝါဒ (Consumerism) (များများသုံးနိုင်ရင် ချမ်းသာတာပဲဆိုတဲ့ အယူအဆ)မှာ အရင်းရှင်သမားတွေနဲ့ မကွာဘူး။

အဲဒီ လမ်းကြောင်းကြောင့်၊ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ တရုတ်မှာ ဆင်းရဲသား အလုပ်သမား လူတန်းစားတွေရဲ့ အခြေအနေ တိုးတက်လာတာကို မငြင်းပါဘူး။ ဒါတွေက ငြင်းလို့လည်း မရပါဘူး။

ဒါပေတဲ့ အဲဒီ တိုးတက်မှုဟာ သဘာဝပတ်ဝန်းကျင်ကြီးကို ပြင်လို့မရအောင် ပျက်သွားစေတာ၊ ဂလိုဘယ်စီးပွားရေးရဲ့ အစွန်အဖျားက သန်းရာပေါင်းများစွာသော လူတွေကို ချန်ထားခဲ့တာကိုလည်း ငြင်းလို့ မရဘူး။

***

သမိုင်းမှာ သဘာဝကို လေးစားပြီး ကိုယ့်အားကိုယ်ကိုးတဲ့ ကွန်မြူနတီတွေ တည်ဆောက်ကာ ယူတိုပီယန်း လူ့အဖွဲ့ (Utopian society) ကြိုစားကြတဲ့ လက်ဝဲတွေ ရှိခဲ့တယ်။ ရောဘတ်အိုဝင်၊ ဂျွန်ရပ်စကင်၊ ဝီလျံမောရစ် စသည်ဖြင့်။ သူတို့ ဝါဒက associational socialism လို့ခေါ်ရမယ်။ သူတို့ဝါဒက နိုင်ငံတော်အာဏာကို သိမ်းဖို့ မဟုတ်ဘူး။ နိုင်ငံတော် ဦးဆောင်တဲ့ ဆိုရှယ်လစ်ဝါဒ (State-led Socialism) တော့လည်း မဟုတ်ဘူး။

ပစ္စုပ္ပန်မှာတော့ လက်ဝဲဆိုရှယ်လစ်တွေကြားမှာ တတိယလှုပ်ရှားမှုတခု စပေါ်နေပြီ။ ရာသီဥတု ပြောင်းလဲမှုကြီး ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် အကြပ်အတည်း ဖြစ်လာတော့ ဆိုရှယ်ဒီမိုကရက်တွေအနေနဲ့ အဲဒီ ရာသီဥတုကိစ္စကို စဉ်းစားလာရတယ်။ ဒီလှုပ်ရှားမှုဟာ နိုင်ငံတော် (State) ကို သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးမှာ ကရိယာအနေနဲ့ အသုံးချဖို့ စဉ်းစားတယ်။ အရင်းရှင်စနစ်ကို လူမှုရေးတရားမျှတမှုအတွက်သာမက သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုအတွက် သုံးတာလို့ ယူနိုင်ပါတယ်။

ဆိုရှယ်ဒီမိုကရက်တွေအတွက် အရေးကြီးတဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပါတယ်။ ဆိုရှယ်ဒီမိုကရေစီဟာ နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲနည်းနဲ့ ရအောင်လုပ်တယ်၊ ပြီးတော့မှ အရင်းရှင်ဈေးကွက် အင်အားစုတွေကို ထိန်းကွပ်ဖို့ လုပ်တယ်။ ဝင်ငွေရယ် ဓနရယ် မျှမျှတတ ခွဲဝေဖို့ အလုပ်သမားနဲ့ စားသုံးသူအပေါ် ခေါင်းပုံဖြတ်တာကို ကန့်သတ်ဖို့ လူမှုဖူလုံရေး (Welfare state) လုပ်ဖို့ပဲ။ မာက္စတွေက ဒီနည်းဟာ အရင်းရှင်စနစ်ကို ကယ်တာပဲလို့တော့ ဆိုကြတာပ။ ဒါပေတဲ့ အရင်းရှင်စနစ်ဟာ အလုပ်သမားတွေရဲ့ ထုတ်လုပ်မှုအပေါ်မှာပဲ တည်မီတာ မဟုတ်ဘဲ သဘာဝသယံဇာတနဲ့ မြေပထဝီရဲ့ ဂေဟအကျိုးဆောင်မှု (Ecological services)တွေ အပေါ်မှာလည်း တည်နေတာမို့ အရင်းရှင်စနစ်ရဲ့ ဒိုင်းနမစ်ကို တိုးရင်၊ သဘာဝသယံဇာတနဲ့ ဂေဟက မခံနိုင်ဘူး။

***

“ဆိုရှယ်ဒီမိုကရက်တစ်အစိမ်း” (Green Social Democratic Project) ဟာ အရင်းရှင်စနစ်ကို လူတွေရဲ့ အကျိုးငှာ ထိန်းကွပ်ရုံသာ မဟုတ်ဘူး သဘာဝကြီးအကျိုးအတွက်လည်း ထိန်းကွပ်တာ ထိန်းညှိတာ ဖြစ်ပါတယ်။

အင်္ဂလန်မှာ Blue Labour Movement ရယ်လို့ ပေါ်လာတယ်။ ကွန်မြူနတီတွေ ရိုးရာဓလေ့တွေကို ပိုတန်ဖိုးထားတဲ့ ပါတီပေါ့။ ဈေးကွက်ထဲမှာ ဖလှယ်တဲ့ ပစ္စည်းတွေထက် ရပ်ရွာအသိုက်အဝန်းတွေက ထွက်လာတဲ့ ပစ္စည်းတွေကို ကာကွယ်ဖို့ ပျိုးထောင်ဖို့တဲ့။

လူထုကို ဖြစ်တည်မှု (Identity) ပေးတဲ့၊ ကမ္ဘာကြီးကို တည်ငြိမ်မှု ရစေတဲ့ အရာတွေ ရှိတယ်။ အဲဒီ အရာတွေကတော့ ရိုးရာဓလေ့တွေ၊ ပြည်သူ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဘုံဆိုတဲ့ နေရာ၊ စိမ်းလန်းတဲ့နေရာ (Green spaces, commons)၊ တမူခြားတဲ့ ဒေသတွေ၊ အနုပညာရပ်တွေနဲ့ ရပ်ရွာအသိုက်အ၀န်းတွေပါပဲ။ အရင်းရှင်စနစ်နဲ့ ရုပ်ဝါဒက အဲသလိုဟာတွေကို တန်ဖိုးသိပ်မထားဘူး။ အရင်းရှင်စနစ်က ဈေးကွက်ရဲ့ အလဲအလှယ်တန်ဖိုး (Exchange values) မရှိတဲ့ အရာ မှန်သမျှကို ဖျက်ဆီးပစ်တာ များတာပဲ။ “ဆိုရှယ်ဒီမိုကရက်တစ်အစိမ်း” ဝါဒလို့ ဆိုကြပါစို့။

လက်ဝဲတွေရဲ့ သမိုင်းမစ်ရှင်ဟာ အရင်းရှင်စနစ်ကို ထိန်းဖို့ ကွပ်ဖို့ ဆိုရင် (ဝါ) စီးပွားရေးစနစ်ကို ပြင်ဖို့ ဆိုရင် လက်ဝဲတွေဟာ အယူအဆအားဖြင့် အစိမ်းတွေနဲ့ ပိုပြီးနီးဖို့ လိုပါတယ်။ လက်ဝဲတွေဟာ အစိမ်းတွေဆီ လှမ်းလာဖို့ လိုတယ် ဆိုပါစို့။ အစိမ်းတွေကကော လက်ဝဲတွေကို လိုပါသလား။

***
အစိမ်းတွေကလည်း လက်ဝဲတွေကို လိုပါတယ်။

ပထမအချက်က နိုင်ငံတော် (State) မပါဘဲနဲ့ သဘာဝပတ်ဝန်းကျင်ကို မကာကွယ်နိုင်လို့ ဖြစ်ပါတယ်။ နိုင်ငံတော်မှာပဲ ပုဂ္ဂလိကလုပ်ငန်းတွေနဲ့ ဈေးကွက်ကို ထိန်းနိုင်တဲ့ ပါဝါရှိလို့ပါ။ လူမှုအဖွဲ့အစည်းတွေက ဒေသန္တရ ပတ်ဝန်းကျင်ကို ကာကွယ်နိုင်တာ မရှိ မဟုတ်ပါဘူး။ ဒါပေတဲ့ ယခုကာလမှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု အများစုဟာ အင်မတန်ကြီးတဲ့ ဂလိုဘယ် ကော်ပိုရေးရှင်းကြီးတွေကြောင့် ဖြစ်နေတာပါ။ အစိုးရကပဲ ကော်ပိုရေးရှင်းတွေရဲ့ အပြုအမူကို သဘာဝပတ်ဝန်းကျင်ဘောင်ထဲမှာပဲ ရှိနေအောင် လုပ်နိုင်တာပါ။ ပြန်လည် ပြည့်တဲ့ စွမ်းအင်၊ သဘာဝ သယံဇာတကို အကျိုးရှိအောင် အသုံးချခြင်း၊ ကာဘွန်လျှော့ချခြင်း စတဲ့ နည်းပညာတွေမှာ သုတေသနလုပ်ဖို့ အစိုးရကလဲ လမ်းညွှန်နိုင်တာပါ။

အစိမ်းရောင်သမားတွေက စားသုံးမှုကို လျှော့ဖို့ နေပုံထိုင်ပုံ လိုက်ဖ်စတိုင်တွေကို ပြုပြင်ဖို့ ကြိုးစားကြပေတဲ့ အချိန်က အဲသလောက် မရဘူး။ လူထုက “အလိုအလျောက် ရိုးရိုးရှင်းရှင်း နေခြင်း (Voluntary simplicity)” ကို မပြောင်းနိုင်မီမှာပဲ သဘာဝပတ်ဝန်းကျင် အကြပ်အတည်းက ဆိုက်မှာ။ ကမ္ဘာကြီးရဲ့ လူဦးရေက အလွန်များ ရုပ်ဝတ္ထုတွေ အလျှံပယ်နဲ့ နေချင်စိတ်ကိုလည်း ထိန်းမရ၊ ကော်ပိုရေးရှင်းတွေကလည်း အမြတ်ရဖို့ လုပ်နေကြတော့၊ အစိုးရ (ဝါ) နိုင်ငံတော်ရဲ့ ထိန်းကွပ်မှု (Regulation)နဲ့မှ ရတဲ့အချိန်တိုအတွင်း ပတ်ဝန်းကျင် ပျက်စီးမှုကို ကာကွယ်နိုင်မှာပါ။ နိုင်ငံတော်ဆိုတာက ခြစားပြီး အောင်အောင်မြင်မြင် မလုပ်နိုင်တဲ့ အဆောက်အအုံ ဆိုတာ မှန်ပေတဲ့ နိုင်ငံတော် မပါဘဲနဲ့လည်း ကျွန်တော်တို့အနေနဲ့ မအောင်မြင်နိုင်ဘူး။

ဒုတိယအချက်၊ လက်ဝဲတွေကို အစိမ်းတွေ လိုအပ်တဲ့အကြောင်းက နှစ်ခုလုံးက ဝင်ငွေ၊ ဓနနဲ့ အာဏာကို မရတဲ့သူတွေ ရစေချင်တဲ့ အချက်ကြောင့်ပဲ။ နှစ်စု ပူးပေါင်းအားထုတ်ရင် တစုတည်း အားထုတ်တာထက် အောင်မြင်ဖို့ အကြောင်း ပိုများလို့ပဲ။ အရင်းရှင်စနစ်ကြောင့် အလွန်မမျှမတ ဖြစ်နေတာကိုး။

အစိုးရဟာ ဥပဒေတွေထုတ် အခွန်တွေကောက်၊ လူမှုဖူလုံရေးအတွက် ငွေတွေသုံးပြီ မညီမျှတာတွေကို လျော့အောင် လုပ်နိုင်တယ်။ အလုပ်သမားသမဂ္ဂနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကို ကူညီနိုင်ပါတယ်။

တတိယအချက်ကတော့ ဆိုရှယ်ဒီမိုကရက်တွေအနေနဲ့ အာဏာ ရနိုင်တာကိုး။ ဒီနည်းနဲ့ အစိုးရကို သဘာဝပတ်ဝန်းကျင်ကို ကြည့်တဲ့ လူမှုရေးတရားမျှတမှု ပေါ်လစီကို ကျင့်သုံးလာအောင် ညွှန်ကြားနိုင်တာကိုး။ အစိမ်းရောင်ပါတီတွေကျတော့ အရင်ကထက် မဲတွေပိုရလာတာ မှန်ပေတဲ့ ဂျာမနီလို နိုင်ငံမှာတောင် အနည်းစု ဖြစ်နေသေးတာ။ အစိမ်းရောင်ပါတီတွေ ရွေးကောက်ပွဲမှာ နိုင်ဖို့က အလွန်ကြာဦးမယ်၊ အချိန်က မရှိဘူး။

***
အာဏာရဖို့ နီးစပ်တဲ့သူနဲ့ ပတ်ဝန်းကျင်သမား (ဝါ) အစိမ်းရောင်သမား ပေါင်းပြီး လူ့လောက တိုးတက်အောင် လုပ်ဖို့ လိုပါတယ်။ ကျွန်တော် တင်ပြခဲ့တဲ့ “နိုင်ငံရေးရာ ဒဿနများ ပေါင်းစပ်ဖွဲ့စည်းခြင်း” ဟာ စတင် ဖြစ်ပေါ်နေပါပြီ။ အစိမ်းရောင်သမားတွေရဲ့ ပတ်ဝန်းကျင်ဝါဒ၊ လက်ဝဲတွေရဲ့ လူမှုရေးတရားမျှတရေးဝါဒနဲ့၊ ရပ်ရွာအသိုက်အဝန်းတွေရဲ့ သမဏိရှည်ကြာခဲ့တဲ့ တန်ဖိုးတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ ကွန်ဆာဗေးတစ် အယူအဆတွေရဲ့ ပေါင်းစည်းမှုပါပဲ။

လူဟာ ဈေးကွက်ရဲ့ ဖလှယ်မှုတန်ဖိုးတွေထဲမှာပဲ လွင့်မျောနေတဲ့ တဦးချင်းဖြစ်မှုတွေ မဟုတ်။ လူဟာ သဘာဝနဲ့ ဆက်နွှယ်နေမှု၊ တယောက်နဲ့တယောက် ဆက်နွှယ်နေမှု၊ အတိတ်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ဆက်နွှယ်နေတဲ့ သူတွေ ဖြစ်ပါတယ်။ အဲဒါပဲ လူရဲ့ ဖြစ်တည်မှု(identity) အမှန်ပါ။

လူဟာ အထက်ပါ တန်ဖိုးတွေကို ဖေါ်ပြနိုင် မွေးမြူနိုင်တဲ့ နေရာ စပေစ့်တွေကို ကာကွယ်ရမှာပါ။ ပုဂ္ဂလိက တဦးချင်းက ဖြစ်စေ၊ ပြည်သူ့အဖွဲ့အစည်းတွေက ဖြစ်စေ အားထုတ်ရမှာပါ။ အစိုးရ (နိုင်ငံတော်) ကတော့ အရင်းရှင်ဈေးကွက်ရဲ့ ဒိုင်းနမစ်တွေကို ကာကွယ်ပေးရမှာပါ။ ဒုက္ခတွေ ပင်လယ်ဝေနေတဲ့ ကမ္ဘာကြီးအတွက် သဘောတရားအသစ်၊ နိုင်ငံရေးသစ်ပါ ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်