ဖိုးထက် – တစ်ယောက်တည်း ပြောမယ့် ဘာသာစကား

February 8, 2015

 

ဖိုးထက် – တစ်ယောက်တည်း ပြောမယ့် ဘာသာစကား

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၅

 

လူနဲ့ တိရစ္ဆာန်တွေရဲ့ ကြားက တိုးတက်ဖြစ်ထွန်းမှုကွာခြား ရတာရဲ့ ပင်မရင်းမြစ်ကို ပညာရှင်တွေက အမျိုးမျိုး ပြောကြတာ ကျွန်တော် ဖတ်ဘူးတယ်။ အသိဥာဏ်ပညာတဲ့။ လိုက်လျောညီထွေဖြစ်အောင် နေတတ်တာတဲ့။ ကွယ်လွန်သူ ဆရာကြီး ဦးအောင်သင်းဆိုရင် သူ့စာတွေ၊ ဟောပြောပွဲတွေမှာ လူသည် နေရာတိုင်းမှာ တိရစ္ဆာတွေထက် မသာဘူးဆိုတာ အမြဲလိုလို ပြောတယ်။ ဆင်လောက် အားမကြီးဘူးတဲ့။ ငှက်လို ပျံနိုင်လားတဲ့။ ငါးလောက်ရေကူးတတ်လို့လားတဲ့။ ဒါပေမယ့် လူက စဉ်းစားဆင်ချင်တတ်တဲ့ ဥာဏ်သာလို့ ဆင်ကို ခိုင်းတယ်။ လေယာဉ်ပျံထွင်တယ်။ သဘောင်္၊ ရေငုပ်သဘောင်္ ရှိလာတာတဲ့။

ကျွန်တော်ကတော့ လူနဲ့ အဟိ တိရစ္ဆာန်တွေကြားက ကွာခြားမှုဟာ ဘာသာစကားလို့ဘဲ မြင်မိတယ်။ 

 

“မင်းနှယ်ကွာ…ဒါတော့ မင်းပြောမှလား” ဆိုရင် ကျွန်တော်ပြောချင်တာက မာဂဓဘာသာစကားတွေ ဘာတွေကို ပြောချင်တာ မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ လူအချင်းချင်း ဘာသာစကားက အပြည့်အ၀၊ စုံစုံလင်လင်ရှိတယ်။ ၀မ်းနည်းတာ၊ အားငယ်တာ၊ ပျော်တာ၊ အားရတာ၊ ရွံ့ရှာတာ၊ ကြောက်ရွံ့တာ၊ ကြည်နူးတာ၊ မုန်းတီးတာ စတဲ့ စိတ်ခံစားမှုတွေ အကုန်လုံးကို လူဆိုတဲ့ အကောင်ကြီးတွေက ကဗျာရေးတယ်။ ပန်းချီဆွဲတယ်။ သီချင်းဆိုတယ်။ စာအုပ်တွေ ရေးတယ်။ ကျမ်းကြီးတွေ ပြုစုတယ်။ စစ်ပွဲတွေ ဖြစ်တယ်။ ပါတီပွဲတွေ လုပ်တယ်။

 

နယ်ဘက်က ဘုန်းကြီးကျောင်းတွေမှာ နေ့ခင်း ဆွမ်းစားချိန် တုံးခေါက်ရင် ခွေးတွေ ထပြီး အူတယ်။ ဒါက စားရချည်သေးရဲ့ဆိုတဲ့ အသိနဲ့ ပျော်လို့ အသံပေးတာ။ “ဟေ့ကောင်တွေ ငါတို့ တွယ်ရတော့မယ်ကွ” လို့ တစ်ယောက်နဲ့ တစ်ယောက် အသံပေးတာ။ လူတွေမှာက “စားရအောင်” “သွားစားမယ်လေ” “ဘုန်းပေးရအောင်” “ခါနာခေါက်ရအောင်” အို…အများကြီးပါ။ “ကိုင်း…စားလိုက်ကြရအောင်” ဆိုတဲ့ စကားကိုတောင် တိုက်တွန်းတဲ့ သဘောပါအောင် ပြောမလား။ အလုပ်တစ်ခု ပြီးအောင် လုပ်လိုက်ကြစို့ဆိုတဲ့ သဘောပြောမလား။ ခပ်မြိန်မြိန်ကြီးတွယ်လိုက်ကြအောင်ဆိုတဲ့ သဘောပါအောင် ပြောမလား။ အသံ အနိမ့်၊ အမြင့်သုံးပြီး အဓိပ္ပါယ်ကွဲအောင် ပြောလို့ရသေးတာ။

 

တော်သလင်းလရောက်လို့ ခွေးတွေ အူပြီဆိုရင် ဒါက ချစ်သံပေးတာ။ ကြူသံပေးတာ။ တစ်ကောင်နဲ့ တစ်ကောင် ရင်တွင်းခံစားချက်တွေကို ဆွဲဆွဲငင်ငင် အသံကြီးတွေကလွဲပြီး သိပ်ကွဲသွားအောင် လုပ်တတ်ကြတာ မဟုတ်ဘူး။ လူမှာက။ အများကြီးပါ။ ငှက်တွေ၊ ဝေလငါးတွေ၊ ကျားတွေ၊ ဆင်တွေ၊ မျောက်တွေ စတဲ့ သတ္တ၀ါတွေမှာလဲ ဘာထူးသလဲ။ တစ်ကောင်နဲ့ တစ်ကောင် အချက်ပြ ဆက်ဆံဖို့ ဘာသာစကား အများကြီး ရှိလှတာ မဟုတ်ပါဘူး။ လူမှာက …

 

အခုခေတ်ကြီးမှာ လူတွေရဲ့ နယ်ပါယ်မှာ ကွန်ပြူတာဆိုတဲ့ ပစ္စည်းကို နယ်ပါယ်အစုံမှာ အသုံးချနေပြီ။ ကုန်ထုတ်လုပ်ရေး။ ဆေးပညာ။ အင်ဂျင်နီယာ။ ဆက်သွယ်ရေး။ သယ်ယူပို့ဆောင်ရေး စတဲ့ နယ်အစုံမှာ အသုံးချနေပြီ။ ဥပမာအားဖြင့် ကုန်ထုတ်လုပ်ရေးမှာ ဆိုပါစို့။ အလုံး အရင်း ကုန်ထုတ်လုပ်ဖို့ လူတွေက ကွန်ပြူတာတွေကို အသုံးချနေတာ အသားတောင် ကျနေပြီ။ အမှတ် A က ပစ္စည်ကို အမှတ် B ကို ပို့ဖို့ စက်ရုပ်လက်တံတွေ အသုံးချတယ်။ အဲဒီစက်ရုပ် လက်တံကို ခိုင်းစေ မောင်းနှင်ဖို့ ကွန်ပြူတာကနေ အမိန့်ပေးတယ်။ စက်လက်တံနဲ့ ကွန်ပြူတာကြားက နားလည်ဖို့ ဘာသာစကား ကြားခံကို လူက ဖန်တီးပေးတယ်။ ကွန်ပြူတာမှာ လူက လိုချင်တဲ့ အချက်အလက်တွေကို ရေး၊ ထည့်သွင်းတယ်။ စက်လက်ဆီကို ခိုင်းတော့ စက်နားလည်တဲ့ ဘာသာစကားနဲ့ ပြောင်းပြီး ခိုင်းတယ်။ ခိုင်းစေတဲ့ ကြားခံ ဘာသာစကားက ရှင်းလင်း လွယ်ကူရင် စက်လက်တံကြီးက ဘာ Error မှ မပြဘဲ အလုပ် ကောင်းကောင်းလုပ်တယ်။ ကြားခံ ဘာသာစကားကို မရှင်း မလင်း လုပ်ထားရင် အမျိုးမျိုး error တွေ တက်ပြီး ပြဿနာတွေ တက်ရတယ်။ 

 

လေယာဉ်တွေ၊ သဘောင်္တွေကို Auto Pilot လို့ ခေါ်တဲ့ အလိုအလျောက် မောင်းနှင်ဖို့ လူတွေ လုပ်လာနိုင်ကြတယ်။ ဖန်တီးနိုင်လာကြတယ်။ ကွန်ပြူတာထဲကို လိုချင်တဲ့ အချက်အလက်တွေ လူက ထည့်သွင်းပေးတယ်။ လောင်ဂျီတွတ် ဘယ်လောက်၊ လတ္တီကျု့ ဘယ်လောက်၊ အရှိန်ဘယ်လောက် နဲ့ သွား စတဲ့ အမိန့်တွေကို ကွန်ပြူတာကနေ ခိုင်းလိုက်တယ်။ ကွန်ပြူတာက စက်ကြီးတွေ နားလည်အောင် ဘာသာပြန်ပြီး စက်အားကြီးတွေ တင်တာ၊ ချတာ လုပ်တယ်။ ဘယ်ကွေ့ ညာကွေ့ လုပ်တယ်။ လူဖြစ်စေချင်တဲ့ ဆန္ဒကို ဘာသာစကားကြားခံပြီး စက်ကြီးတွေကို ခိုင်းလို့ရတယ်။ ဒါက ကျွန်တော် နားလည်သလောက် ပြန်တွေးမိတာပါ။ ပြောချင်တာက စက်နဲ့ လူနဲ့ ကြားမှာတောင် နားလည်မှု ရှိစေဖို့ ဘာသာစကားကြားခံပြီး အလုပ်တွေ လုပ်လို့ ရနေပြီလို့ ပြောချင်တာ။

 

အဲ…လူအချင်းချင်း ဘာသာစကားကျတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်ဖို့ ထင်သလောက် မလွယ်ဘူး။ ကျွန်တော် ပြောချင်တဲ့ ဘာသာစကားက အင်္ဂလိပ်ဘာသာစကား၊ ပြင်သစ် ဘာသာစကား။ မြန်မာ ဘာသာစကား။ ရှမ်းဘာသာစကား။ စတဲ့ ဘာသာစကားတွေကို ဆိုလိုချင်တာ မဟုတ်ဘူး။ တစ်ဦးနဲ့ တစ်ဦး တန်ဖိုးထားတာ တူသလား၊ တွေးခေါ်ပုံ၊ စဉ်းစားပုံတွေ တူသလား။ ရင်ဘတ်ချင်း နီးစပ်ကြသလား။ စတဲ့ ဘာသာစကားတွေကို ပြောချင်တာ။

 

တစ်ချို့မိတ်ဆွေတွေများ ညီအစ်ကို၊ မောင်နှမ သံယောဇဉ်ထက်တောင် ပိုမိုခင်တွယ်ပြီး ချစ်ကြတယ်။ ခင်ကြတယ်။ သံယောဇဉ်တွယ်ကြတယ်။ အခြေခံ ဘာသာစကားသွားပြီး တူနေတတ်ကြတယ်လို့ ထင်တယ်။ သီချင်းတွေ ကြိုက်တာ တူတယ်။ စာအုပ်တွေ ကြိုက်တာတူတယ်။ ဈေးဝယ်ထွက်ရတာကို ကြိုက်တာခြင်းတူတယ်။ ဒီလို ဘာသာစကား တူတဲ့ လူတွေ ရှိတော့ ရှိတယ်။ နည်းတယ်။ အစမှာတော့ ဘာသာစကားတွေ တူသယောင်ယောင်ရှိတတ်ကြတယ်။ ဒါပေမယ့် တကယ် ပေါင်းကြ သင်းကြပြီဆိုရင် တစ်ယောက် ပြောတာ တစ်ယောက် နားမလည်ကြတော့ဘဲ Error တွေ တက်လာတတ်ကြတယ်။ စက်ရုပ်လက်တံကြီးတွေ ထိုးထိုးရပ်သွားသလို ဆက်ဆံရေးတွေ ထိုးရပ်ကုန်တယ်။ 

 

ကျွန်တော်က လူအချင်းချင်းကြားက ဘာသာစကားကိုဘဲ ပြောချင်တာ မဟုတ်ဘူး။ နိုင်ငံတွေရဲ့ နိုင်ငံသားတွေကြားမှာလဲ ဘာသာစကား တူခြင်း မတူခြင်း၊ ကွဲပြား ခြားနားခြင်းက အဲဒီနိုင်ငံ ဘယ်ကို ဦးတည်သွားမလဲဆိုတာ အများကြီး စကားပြောတယ်လို့ ထင်ပါတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးတော့ ဂျပန်တွေ ဘာသာစကား တူတူညီညီနဲ့ ၀ိုင်းဝန်း ကြိုးစားကြတာ အခု ဂျပန် ဘယ်ရောက်နေသလဲ အားလုံး အသိ။ 

ကျွန်တော်တို့ ရွှေပြည်ကြီးမှာက ဘာသာစကားတွေ သိပ်ကွဲတယ်။ လူမျိုး တစ်ရာ့တစ်ပါးရဲ့ ပါးစပ်ကထွက်တဲ့ ဘာသာစကားတွေတင် မကဘဲ စံနှုန်း ဘာသာစကားတွေ သိပြီး ကွဲတယ်။ 

 

စစ်တပ်ကြီးက အရာရာကို လုံခြုံရေး အမြင်ဆိုတဲ ဘာသာစကားနဲ့ ကြည့်တယ်။ တိုင်းရင်းသားတွေက မြန်မာဆိုရင် သိပ်မယုံရဘူးဆိုတဲ့ ဘာသာစကားတွေ ရှိတတ်ကြတယ်။ ပြည်သူလူထုက အစိုးရဆိုတာ ဖွတ်နဲ့ သူခိုးကြီးဘဲလို့ ထင်တဲ့ ဘာသာစကားရှိတယ်။ ဒီ ဘာသာစကားတွေကို တစ်ဖွဲ့နဲ့ တစ်ဖွဲ့ နားလည်ဖို့ ကြိုးစားချင်ကြတဲ့ သူတွေလဲ ရှိတယ်။ ငါတို့ ပြောတဲ့ ဘာသာစကားမှ လိုက်မပြောရင် စကားမပြောဘူးဆိုတဲ့ လူတွေလဲ အများကြီး။ Facebook ပေါ်လာတော့ ဘာသာစကားတူသူတွေ ကို သပ်သပ်စီခွဲထုတ်သလိုတောင် ဖြစ်သွားကြတယ်။ တူရာ တူရာစုသွားကြတယ်။ ငါတို့နဲ့ ဘာသာစကားမတူရင် နည်းနည်းမှ သောက်သုံးမကျသူလို့ ၀ိုင်းပြီး ပြောကြတယ်။ ကျီးကန်းတွေက အာဘဲ အာတတ်တယ်။ လူတွေက “အာ” တာထက်ပိုပြီး ထိရောက်တဲ့ ၀ိုင်းဝန်း သမတဲ့ နည်းတွေနဲ့ အပြန်အလှန်တွယ်ကြတယ်။ “အာ” ကြတယ်။

 

ကျွန်တော် မသိပါဘူး။ လူသာသလား။ တိရစ္ဆာန်သာသလား။ တကယ် ကျွန်တော် မခွဲတတ်ပါဘူး။ တစ်ခါတစ်ရံ ကိုယ့်ဘာသာစကားပေါ်မှာ ကျောက်ချရပ်ပြီး ငါနဲ့ မတူ ငါ့ရန်သူ လုပ်ချင်ကြတဲ့ လူတွေကို ကျွန်တော်တွေ့ရရင် ရွာဘုန်းကြီးကျောင်းက ကျောင်းခွေးကြီးတွေလို ထမင်းဆာရင်လဲ အူ။ တော်သလင်းလ လိင်စိတ်ဖြစ်လာပြီ ဆိုရင်လဲ အူ။ ညနက်သန်းခေါင်လဲ အူ။ “အူ” ခြင်း တစ်မျိုးတည်းသာ တတ်တဲ့ အကောင်ကြီးတွေဘဲ ဖြစ်ချင်မိတဲ့ စိတ်က တစ်ခါတစ်ရံ သိပ်သိပ်ဖြစ်တယ်။ 

 

ဘာသာစကား မတူဘဲ အလွန်ကွဲပြားခြားနားကြတဲ့ နိုင်ငံရဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော် အားရပါးရ အူချင်စိတ် ဖြစ်တယ်။ “ဒီလိုသာ ဆက်သွားကြရင် ခွေးဖြစ်ကြတော့မယ်” ဆိုတဲ့ လူအမြင်ကတ်ခံရမယ့် စိတ်ခံစားချက် ဘာသာစကားကို လူကြားထဲမှာ မပြောရဲလို့ ညနက်သန်းခေါင် လူခြေတိတ်ချိန် တစ်ယောက်တည်း ကြိတ်ထပြီး ဆွဲဆွဲငှင်ငှင်ကြီးကို ထပြီး အော်ပြစ်ချင်တယ်။ “အူ……..” လို့လေ။ ကျွန်တော့်ဘာသာစကားက လူနားမလည်လေ ပိုကောင်းလေဘဲ ဖြစ်မှာပါ။

 

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်, ဖိုးထက်, အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်